နေမိဇာတ်တော်ကြီး/နိဒါန်း
ထိုဆိုအပ်ခဲ့ပြီးသော ဂုဏ်တော်တို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ လောက ၃-ပါးတို့၏ အထွက်အမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသခင်သည် ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ များစွာသောရဟန္တာ သံဃာတပည့်တော်အပေါင်းခြံရံလျက် အရှေ့ပုဗ္ဗဝိဒေဟကျွန်းမှ ကြယ်အပေါင်းခြံရံလျက် ထွက်လတ်သော လပြည့်ဝန်း၏တင့်တယ်ခြင်းကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဘထွေးတော် အမိတောဒနမင်းကြီး၏သားဖြစ်သော ညီတော်အရှင်အာနန္ဒာမထေရ်လျှင် ကိုယ်တော်၏နောက်တော်အနီး၌ အမြဲပါလျက် ထိုထိုသို့သော နိဂုံး,မြို့,ပြည်, တိုင်းနိုင်ငံတို့သို့ ဒေသစာရီ လှည့်လည်တော်မူလေသော် ဝိဒေဟရာဇ်တိုင်း မိထိလာပြည်သို့ ရောက်တော်မူလျှင် ထို၌ အတ္ထုပ္ပတ္တိထုတ်ဖော်၍ တရားဒေသနာ သဘင်ကြီးစွာဖြစ်မည်ကို မြင်တော်မူသဖြင့် ထိုမိထိလာပြည်ကိုအမှီပြု၍ မိထိလာပြည့်ရှင်မင်းတို့၏ မင်္ဂလာသဘင် ပျော်ရွှင်စံပယ်ရာဖြစ်သော သရက်ဥယျာဉ်၌ နေတော်မူစဉ်တွင် “အစ္ဆေရံဝတ လောကသ္မိံ” အစရှိသော ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော ဤနေမိဇာတ်တော်ကို ဟောတော်မူ၏။
အဘယ်ကဲ့သို့သော အတ္ထုပ္ပတ္တိရှိ၍ ဟောတော်မူသနည်းဟူမူကား တစ်နေ့သ၌ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရားသည် ရဟန္တာသံဃာတော်အပေါင်း ခြံရံလျက် ထိုသရက်ဥယျာဉ်တော်၌ ညချမ်းသောအခါ ရွှေစကြာဖြန့်ချီ လှည့်လည်လေသော် ရှေးသံသရာက မိထိလာပြည်၌ မင်းဖြစ်တော်မူ၍ အကျင့်သီလ ဗြဟ္မစိုရ်မေတ္တာဖြင့် ပွားစေတော်မူဖူးရာဖြစ်သော မြေအရပ်ကိုမြင်တော်မူလျှင် “ယခု အတ္ထုပ္ပတ္တိကိုရ၍ လောက၏အစီးအပွားကို ငါဆောင်ရအံ့တော့မည်”ဟု မဟာကရုဏာဉာဏ် ပြဋ္ဌာန်းသော မဟာကိရိယာ သောမနဿသဟဂုတ် ဇောစိတ္တုပ္ပါဒ်ဖြင့် ရွှင်ခြင်းရှိတော်မူသည်ဖြစ်၍ ပြကတေ့သော ရွှေနှုတ်ခမ်းတော် စဉ်းငယ်လှစ်ရုံမျှ ပြုံးတော်မူ၏။
(ပြုံးရယ်ခြင်းကား ပုဂ္ဂိုလ်အားဖြင့် အမြတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်း၊ အလတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်း၊ အယုတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်း ဟူ၍လည်း ၃-ပါး။ ပုထုဇဉ်ပုဂ္ဂိုလ်၏ ရယ်ခြင်း၊ သေက္ခပုဂ္ဂိုလ်၏ ရယ်ခြင်း၊ အသေက္ခပုဂ္ဂိုလ်၏ရယ်ခြင်း ဟူ၍လည်း ၃-ပါး။ ရယ်သောအခြင်းအရာကား ကာယဝိညတ်အားဖြင့် သိတ, ဟသိတ, ဝိဟသိတ, ဥပဟသိတ, အပဟသိတ, အတိဟသိတ အားဖြင့် ၆-ပါး အပြားရှိ၏။ ထို၆-ပါးတို့တွင် ရယ်ခြင်းကို ဖြစ်စေတတ်သော စိတ္တုပ္ပါဒ်အားဖြင့်လည်း လောဘမူ သောမနဿသဟဂုတ် ၄-ခု၊ မဟာကုသိုလ် သောမနဿသဟဂုတ် ၄-ခု, မဟာကိရိယာ သောမနဿသဟဂုတ် ၄-ခု, ဟသိတုပ္ပါဒ်စိတ် ၁-ခုအားဖြင့် ၁၃-ပါးတည်း။ စိတ်တို့၏ သရုပ်အကျယ်ကိုကား အရာမဟုတ်၍ မထုတ်လိုက်ပြီ။
ထို ရယ်ခြင်းအပေါင်းတို့ကို သင့်ရာယှဉ်၍ ဤသို့မှတ်အပ်၏။ အမြတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်းကား သိတ-မျက်လုံး,နှုတ်ခမ်း စဉ်းငယ်အနေပျက်ရုံ ပြုံးကာပြု၍ ရယ်ခြင်း ၁-ပါး, ဟသိတ- စဉ်းငယ်သွားပေါ်ရုံရယ်ခြင်း ၁-ပါး၊ ဤသို့အားဖြင့် ၂-ပါးတည်း။ အလတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်းကား ဝိဟသိတ-ပြကတေ့သော အသံညှင်းညှင်း ထွက်ရုံရယ်ခြင်း ၁-ပါး၊ ဥပဟသိတ-ပခုံး, ဦးခေါင်းလှုပ်အောင်ရယ်ခြင်း ၁-ပါး၊ ဤသို့အားဖြင့် ၂-ပါးတည်း။ အယုတ်ဖြစ်သောပုဂ္ဂိုလ်၏ ရယ်ခြင်းကား အပဟသိတ- မျက်ရည်ထွက်အောင် ရယ်ခြင်း ၁-ပါး၊ အတိဟသိတ-လက်ပစ်ခြေပစ် မရှိုက်နိုင်မရှူနိုင်အောင်ရယ်ခြင်း ၁-ပါး, ဤသို့အားဖြင့် ၂-ပါးတည်း။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ အယုတ်,အလတ်,အမြတ်သို့လိုက်၍ ထို ၆-ပါးသော ရယ်ခြင်းနှင့် ဆက်ဆံ၏။ အရိယာပုဂ္ဂိုလ်တို့၌မူကား အယုတ်ဖြစ်သောရယ်ခြင်း၊ အလတ်ဖြစ်သော ရယ်ခြင်း ၂-ပါး မရှိရာ။
စိတ္တုပ္ပါဒ်အားဖြင့် ၁၃-ပါးတို့တွင် လောဘမူသောမနဿ သဟဂုတ် ၄-ခု၊ မဟာကုသိုလ် သောမနဿသဟဂုတ်၄-ခု၊ ဤ ၈-ပါးသောစိတ်တို့တွင် တစ်ခုခုသည် ပုထုဇဉ်တို့၌ ရယ်ခြင်းကို ဖြစ်စေတတ်သောစိတ်တည်း။ လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ် သောမနဿသဟဂုတ်စိတ် ၂-ခု၊ မဟာကုသိုလ် သောမနဿသဟဂုတ်စိတ် ၄-ခု၊ ဤ ၆-ခုသောစိတ်တို့တွင် တစ်ခုခုသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်ဟုဆိုအပ်သော သေက္ခပုဂ္ဂိုလ် ၃-ယောက်တို့၌ ရယ်ခြင်းကိုဖြစ်စေတတ်သောစိတ်တည်း။ မဟာကိရိယာ သောမနဿသဟဂုတ်စိတ် ၄-ခု၊ ဟသိတုပ္ပါဒ်စိတ် ၁-ခု၊ ဤ ၅-ခုသောစိတ်တို့တွင် တစ်ခုခုသည် ဘုရားရဟန္တာဟု ဆိုအပ်သော အသေက္ခပုဂ္ဂိုလ်တို့၌ ရယ်ခြင်းကိုဖြစ်စေတတ်သော စိတ်တည်း။ ထို့ကြောင့် “တေရသာတိ ကုသလတော စတ္တာရိ အကုသလတော စတ္တာရိ ကိရိယာတော ပဉ္စာတိ တေရသ။ တေသု ဟိ ပုထုဇ္ဇနာ အဋ္ဌဟိ ကုသလာကုသလေဟိ ဟသန္တိ။ သေက္ခာ ဒိဋ္ဌိသဟဂတဝဇ္ဇိတေဟိ။ အသေက္ခာ ပန ပဉ္စဟိ ကိရိယစိတ္တေဟိ။”ဟူ၍ ဋီကာကျော်ကျမ်း၌ မိန့်အပ်၏။
တေရသာတိ၊ တေရသဟူသည်ကား။ ကုသလတော၊ မဟာကုသိုလ်စိတ်မှ။ စတ္တာရိ၊ သောမနဿသဟဂုတ်စိတ် ၄-ခုတို့လည်းကောင်း။ အကုသလတော၊ အကုသိုလ်စိတ်မှ။ စတ္တာရိ၊ လောဘမူ သောမနဿသဟဂုတ်စိတ် ၄-ခုတို့လည်းကောင်း။ ကိရိယတော၊ ကိရိယာစိတ်မှ။ ပဉ္စ၊ သောမနဿသဟဂုတ်စိတ် ၄-ခု, ဟသိတုပ္ပါဒ်စိတ် ၁-ခုအားဖြင့် ၅-ခုတို့လည်းကောင်း။ ဣတိ ဣမေ တေရသ၊ ဤ ၁၃ပါးတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ တေသု၊ ထို ၁၃-ပါးကုန်သော စိတ်တို့တွင်။ ပုထုဇ္ဇနာ၊ ပုထုဇဉ်တို့သည်။ ကုသလာကုသလေဟိ၊ ကုသိုလ်, အကုသိုလ်အားဖြင့်ပြားကုန်သော။ အဋ္ဌဟိ၊ သောမနဿသဟဂုတ်စိတ် ၈-ခုတို့ဖြင့်။ ဟသန္တိ၊ ပြုံးရယ်ကုန်၏။ သေက္ခာ၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်တို့သည်။ ဒိဋ္ဌိသဟဂတဝဇ္ဇိတေဟိ၊ ဒိဋ္ဌိဂတသဟဂုတ်သည် ကြဉ်အပ်ကုန်သော။ ဝါ၊ ၂-ခုသောစိတ်တို့သည် ကြဉ်အပ်ကုန်သော ကုသိုလ်,အကုသိုလ် သောမနဿ သဟဂုတ် စိတ် ၆-ခုတို့ဖြင့်။ ဟသန္တိ၊ ပြုံးရယ်ကုန်၏။ အသေက္ခာ ပန၊ ဘုရားရဟန္တာ ပုဂ္ဂိုလ်တို့သည်ကား။ ပဉ္စဟိ၊ အဟိတ်,သဟိတ်အားဖြင့် ၅-ပါး အပြားရှိကုန်သော။ ကိရိယစိတ္တေဟိ၊ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ် ကိရိယာစိတ်တို့ဖြင့်။ ဟသန္တိ၊ ပြုံးရယ်ကုန်၏။ ဤသည်ကား အနက်တည်း။
ဤစကားအပေါင်းတို့တွင် မြတ်စွာဘုရားတို့ကား အတိတ်, အနာဂတ်,ပစ္စုပ္ပန် ကာလ ၃-ပါး၌တည်သော ဉေယျဓမ္မတို့ကိုဖွင့်လှစ်၍ မြင်တတ်သော ဉာဏ်တော်နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်ဖြင့်ပြုအပ်သောအမှု, နှုတ်ဖြင့်ပြုအပ်သောအမှု, စိတ်ဖြင့်ပြုအပ်သောအမှုတို့သည် ဉာဏ်တော်သာလျှင် ပြဋ္ဌာန်းခြင်း၊ ဉာဏ်တော်သို့သာ အစဉ်လိုက်ခြင်း ရှိသောကြောင့် ဤရယ်ခြင်း, ပြုံးခြင်းသည်လည်း ကာယဝိညတ်သာလျှင်ဖြစ်၍ ဉာဏ်နှင့်မယှဉ်သော အဟိတ် ဟသိတုပ္ပါဒ်ဖြင့် ပြုံးတော်မမူ။ ၄-ပါးသော မဟာကိရိယာစိတ်ဖြင့်သာ ပြုံးတော်မူသည်ဟု ယူ၍။ တတ္ထာပိ ဗုဒ္ဓါ စတူဟိ သဟေတုက ကိရိယစိတ္တေဟေဝ ဟသန္တိ။ န အဟေတုကေန။ စသည်ဖြင့် ကေစိဆရာတို့ဆိုကြောင်းကို ဋီကာဆရာ ပြတော်မူသည်။ ထို ကေစိဆရာတို့၏စကားကိုပင် ယုံကြည်ရတော့မည်လောဟု စောဒနာပြန်သောကြောင့် ကေစိဆရာတို့ဆိုတိုင်း မယုံကြည်သင့်။ ဟသိတုပ္ပါဒ်စိတ်ဖြင့် ဘုရားပြုံးတော်မူ၏ဟု ပြတော်မူလို၍။ “ဟသိတုပ္ပါဒစိတ္တေန ပန ပဝတ္တိယမာနမ္ပိ တေသံ သိတကရဏံ”ဟု မိန့်ပြန်သည်။ အနက်ကား။ ပန ဝဒန္တေပိ၊ ထိုသို့ ကေစိဆရာတို့ ဆိုသော်လည်း။ တေသမ္ပိ၊ ထိုမြတ်စွာဘုရားတို့အားလည်း။ သိတကရဏံ၊ ပြုံးခြင်းသည်။ ပဝတ္တိယမာနံ၊ ဖြစ်သည်ရှိသော်။ ဟသိတုပ္ပါဒစိတ္တေနပိ၊ ဟသိတုပ္ပါဒ်စိတ်ဖြင့်လည်း။ ပဝတ္တတိ၊ ဖြစ်၏။
သမ္ဘာဝနာအနက်၌ ထွန်းတတ်သော ပနသဒ္ဒါဖြင့် ကေစိဆရာတို့၏စကားကို ဂရဟာပြုတော်မူသည်။ ကေစိဆရာတို့ကား မြတ်စွာဘုရားတို့၌ ဟသိတုပ္ပါဒ်စိတ် မရှိဟု အလွတ်မဆို၊ အကြောင်းနှင့်ပင် ဆိုပေသည်ဖြစ်လျက် အဘယ့်ကြောင့် မယုံကြည်သင့်မည်နည်း။ မယုံကြည်သင့်သည့်အကြောင်းနှင့်တကွဆိုမှပင် သင်္ကာကင်းထိုက်မည် မဟုတ်လောဟု စောဒနာရိပ်ကြွင်းသောကြောင့် ကေစိဆရာပြသော အကြောင်းကို ချေလိုပြန်၍၊ “ပုဗ္ဗေနိဝါသအနာဂတံသသဗ္ဗညုတဉာဏာနံ အနုဝတ္တကတ္တာ ဉာဏာနုပရိဝတ္တိယေဝါတိ။” ဟူသောပါဌ်ဖြင့် ဟသိတုပ္ပါဒ်စိတ်ကား ဉာဏ်ကင်းသည် မှန်၏။ ယင်းသို့မှန်သော်လည်း ဟသိတုပ္ပါဒ်ဇောသည် မိမိ၏ရှေး၌ ပုဗ္ဗေနိဝါသဉာဏ်, အနာဂတံသဉာဏ်, သဗ္ဗညုတဉာဏ်ဇောတို့သည် များစွာဖြစ်ခြင်းကြောင့် ထိုဉာဏ်သို့သာအစဉ်လိုက်ခြင်း, ထိုဉာဏ်သာလျှင် ပြဋ္ဌာန်းခြင်းရှိသည်ဖြစ်၍၊ ဟသိတပ္ပါဒ်စိတ်ဖြင့်ပြုံးခြင်းကို ဉာဏပုဗ္ဗင်္ဂမ ဉာဏနုပရိဝတ္တိဖြင့် ယူထိုက်၏ဟု ဋီကာဆရာ ချေဆိုတော်မူသည်။ ဤစကားကို ဆရာ့ဉာဏ်ဖြင့်တည်း ထိုးထွင်း၍ ဆုံးဖြတ်သလော။ အဋ္ဌကထာနှင့်အညီ ဆုံးဖြတ်သင့်သည်မဟုတ်လောဟု စောဒနာငုတ် မစင်သေး၍ ငါ၏စကားသည် အဋ္ဌကထာနှင့် တပြေးတည်း ညီ၏။ ငါ၏အသိဉာဏ်ဖြင့် ဆုံးဖြတ်သည်မဟုတ်။ ထို့ကြောင့် မြတ်စွာဘုရားတို့သည် ဟသိတုပ္ပါဒ်စိတ်ဖြင့် ပြုံးတော်မူကုန်၏ဟု သန္နိဋ္ဌာန်ကျကျ ယုံကြည်အပ်တော့သည်ဟု ပြလို၍။ “ဣတိ ဧဝဉ္စ ကတွာ အဋ္ဌကထာယံ တေသံ ဉာဏာနံ စိဏ္ဏပရိယန္တေ ဣဒံ စိတ္တံ ဥပ္ပဇ္ဇတီတိ ဝုတ္တံ။ တသ္မာ န တဿ ဗုဒ္ဓါနံ ပဝတ္တိ သက္ကာ နိဝါရေတုံ။”ဟု မိန့်တော်မူသည်။ ဣတိ ဧဝဉ္စ ကတွာ၊ ဤသို့ နှလုံးပြု၍လည်း။ အဋ္ဌကထာယံ၊ အဋ္ဌကထာ၌။ တေသံဉာဏာနံ၊ ထိုသဗ္ဗညုတဉာဏ် စသည်တို့၏။ စိဏ္ဏပရိယန္တေ၊ အလေ့အကျက် ပြုတော်မူပြီးသည်၏အဆုံး၌။ ဣဒံ စိတ္တံ၊ ဤဟသိတုပ္ပါဒ်စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ယသ္မာ၊ အကြင်ကြောင့်။ ဝုတ္တံ၊ မိန့်အပ်၏။ တသ္မာ၊ ထို့ကြောင့်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား။ တဿ၊ ထိုဟသိတုပ္ပါဒ်စိတ်၏။ ပဝတ္တိ၊ ဖြစ်ခြင်းကို။ နိဝါရေတုံ၊ မြစ်ခြင်းငှာ။ န သက္ကာ၊ မစွမ်းရာ။ ဤဇာတ်တော်၌ မြတ်စွာဘုရား၏ရယ်ခြင်းကား ၆-ပါးသောရယ်ခြင်းတို့တွင် သိတကမ္မံဟု လာသောကြောင့် သိတဖြစ်သောပြုံးခြင်းဖြင့် ပြုံးတော်မူသည်။ စိတ္တုပ္ပါဒ်အားဖြင့် ပြုံးရယ်ခြင်းကိုဖြစ်စေတတ်သော ကိရိယာစိတ် ၅-ခုတို့တွင် ပကာသေတုကာမော ဟူသောပုဒ်၌ ကမုဓာတ်၏အရဖြစ်သော မဟာကိရိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ္တုပ္ပါဒ်ဖြင့် ပြုံးတော်မူသည်။ သိတကမ္မံ ကတွာ ဟူသောပုဒ်၌လည်း အပ္ပဋ္ဌာနအားဖြင့် ခိုက်သောကြောင့် ဟသိတုပ္ပါဒ်စသော စိတ္တုပ္ပါဒ်ဖြင့် ပြုံးတော်မမူ။ မဟာကိရိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့် ပြုံးတော်မူသည်ဟု သိအပ်၏။)
ဤသို့ မြတ်စွာဘုရား ပြုံးတော်မူသည်ရှိသော် ခရုသင်းပွတ်သစ်ကဲ့သို့ ဖြူစင်စွာသောသွားတော်မှ ဖြူသောရောင်ခြည်တော်သည် ရှေ့တူရူအရပ်မျက်နှာသို့ ထွက်သွားလတ်၍၊ ချုံသစ်ပင် စသည်တို့၌စွဲကပ်သဖြင့် ဖွေးဖွေးဖြူစွာတောက်ပလျက် တည်သည်ကို နောက်တော်၌ အစဉ်တစိုက်ပါသော အရှင်အာနန္ဒာမထေရ်မြင်သဖြင့် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား။ အဘယ်အကြောင်းရှိ၍ ပြုံးတော်မူသနည်း”ဟု လျှောက်မေးလတ်လျှင်၊ မြတ်စွာဘုရားသည် အကျယ်ဟောတော်မူလိုသောကြောင့် အကျဉ်းဖြစ်သော ဥဒ္ဒေသဖြင့် “အာနန္ဒာ။ ဤမြေအရပ်သည် ရှေး မဃဒေဝမင်းဖြစ်တော်မူသောအခါ ဈာန်၏စံပယ်ခြင်းဖြင့် စံပယ်လျက် နေတော်မူသောအရပ်ဖြစ်သည်”ဟု မိန့်တော်မူပြီးလျှင် အရဟတ္တဖိုလ် ရွှေနန်းစည်းစိမ်၌ သက်ဝင်စံပယ်တော်မူလျက်နေတော်မူ၏။ ထိုအခါ နောက်တော်ပါ ရဟန်းသံဃာတော်အပေါင်းတို့သည် “ဤအရပ်၌ ဈာန်စည်းစိမ်ဖြင့် နေတော်မူဖူးကြောင်း ရှေးအတိတ်ကို ဟောကြားထုတ်ပြန်တော်မူပါမှ တပည့်သားတော်အပေါင်းတို့ အကျိုးစီးပွားများပါမည်”ဟု လျှောက်ထားတောင်းပန် ပြန်ကြားလတ်သော် မြတ်စွာဘုရားသည် ထိုအရပ်ဝယ်ခင်းအပ်သော ဘုရားနေရာတော်၌ ထက်ဝယ်စံပယ်တော်မူလျက် ဤ “နေမိရာဇ”ဇာတ်တော်ကို ပတ္တမြားရွှေကြုတ်နှင့်တူသော ရွှေအာလုတ်တော်မှ ဖွင့်လှစ်၍ဟောတော်မူ၏။
(ဤအရာ၌ ပြုံးတော်မူသောအခါ အရှင်အာနန္ဒာသာ နောက်တော်ကပါသကဲ့သို့ တစ်ပါးသော တပည့်သံဃာတို့သည် မလျှောက်မေးမူ၍ အရှင်အာနန္ဒာသာ အဘယ့်ကြောင့် လျှောက်မေးလေသနည်း။ ဤကဲ့သို့အမှုရှိလျှင် အာနန္ဒာသာ လျှောက်မေးစေဟု အမိန့်တော်အခွင့်ရသောကြောင့်တည်း။ မြတ်စွာဘုရား၌ အမှုအသေးအဖွဲ ကိစ္စကြီးငယ်ပေါ်ရှိလျှင် လုံ့လ,သတိ,ကတိဖြင့် မလစ်ဟင်းရအောင်ဆောင်ရွက်ခြင်း၌ အရှင်အာနန္ဒာနှင့်တူသောသူ မရှိ၊ မိမိကိစ္စကို ပမာဏမပြု။ မြတ်စွာဘုရား၏အမှုအခွင့်ကိုသာ ဆင်ခြင်ဖော်ရှုလျက် တစ်ခုမလပ် မပြတ်သတိထားတော်မူသောကြောင့် ပြုံးတော်မူခြင်း ဇောဝီထိတစ်ချက်၏အစွမ်းဖြင့် ယှက်သန်း၍ တစ်ခဏမျှထွက်သော ရောင်ခြည်တော်ကို သူတစ်ပါးအလျင် မြင်ရသည်ဖြစ်၍လည်းကောင်း၊ ကိုယ်တော်၌ အမြဲအလုပ်အကျွေးဖြစ်ခြင်းကြောင့် မြတ်စွာဘုရား၌ အကျွမ်းဝင်သည်ဖြစ်၍လည်းကောင်း၊ မြတ်စွာဘုရားဟောတော်မူအပ်သော ဒေသနာနည်းနာနယကို သူတစ်ပါးတို့ထက် အကြားအမြင် အဆောင်အရွက်များသဖြင့် မေးခွင့်ပြုခွင့် သင့်မသင့်ကို မြော်ချင့်နှိုင်းဆသော သုတမယဉာဏ်သာသည်ဖြစ်၍လည်းကောင်း၊ စကားအရာ၌ မြတ်စွာဘုရားမှတစ်ပါး တူသူမမြင် နှုတ်လျင်တော်မူသည်ဖြစ်၍လည်းကောင်း၊ အထက်အလုပ်အကျွေးအရာကို ခံဦးကပင်လည်း မည်သည့်အခါမဆို အကျွန်ုပ်၌ မေးခွင့်ရှိလျှင် လျှောက်မေးပါရစေဟု လျှောက်ထားတောင်းပန်ဖူးသည်နှင့်အညီ အလိုရှိတိုင်းလျှောက်မေးစေဟု အခွင့်ပြုတော်မူသည်ဖြစ်၍လည်းကောင်း၊ ဤကဲ့သို့ဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုံးတော်မူသောအခါ အရှင်အာနန္ဒာသာ လျှောက်မေးလေသတည်း။ တပည့်သားတော်ဖြစ်သော ရဟန်းသံဃာတော်အပေါင်းတို့ ရှိငြားသော်လည်း အရှင်အာနန္ဒာနှင့်တူသော လုံ့လ,သတိ မရှိခြင်းကြောင့် မြတ်စွာဘုရား ပြုံးတော်မူသည်ကို မြင်သည်လည်း ရှိရာ၏၊ မမြင်သည်လည်းရှိရာ၏။ မြင်ကြသော်လည်း အရှင်အာနန္ဒာကဲ့သို့ ဆိုခဲ့ပြီးသောဂုဏ်နှင့် မပြည့်စုံခြင်းကြောင့် လျှောက်မေးခြင်း၌ အလျင် မဦးနိုင်ကြသတည်း။
ထို့ကြောင့်သာလျှင် “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဂတိမန္တာနံ သတိမန္တာနံ ဓိတိမန္တာနံ ဥပဋ္ဌာကာနံ ယဒိဒံ အာနန္ဒော။” ဟူသော ဒေသနာတော်ဖြင့် အကြားအမြင်များခြင်း, နှုတ်လျင်ခြင်း, အမှတ်အသားသတိရှိခြင်း, လုံ့လရှိခြင်း, ငါဘုရားကိုလုပ်ကျွေးခြင်းတို့နှင့် ပြည့်စုံကုန်သော တပည့်သားတော်အပေါင်းတို့တွင် အာနန္ဒာသည်လျှင် အထွတ်အမြတ်တည်းဟု ၅-ကြိမ်သောဧတဒဂ်ဖြင့် အဘိသိက်သွန်းတော်မူ၏။)