မာတိကာသို့ ခုန်သွားရန်

နေမိဇာတ်တော်ကြီး/အခန်း-၁၉

ဝီကီရင်းမြစ် မှ
1953သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁၉။ အဝံသိရပတ ဥဿဒရက် ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် ဦးစောက်ကျငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ထိုငရဲ၌ခံရကုန်သော ငရဲသားယောက်ျားတစ်တွေတို့ကို နေမိမင်းကြီးအား ပြလေ၏။ ထို ငရဲသားယောက်ျားတို့ကို နေမိမင်းကြီးမြင်လျှင် ကိုယ်တိုင်ခံရဘိသကဲ့သို့ ပြင်းစွာထိတ်လန့်သည်ဖြစ်၍ မာတလိနတ်သားအား “ပါဒေ ဂဟေတွာ ကိဿ ဣမေ ပုနေကေ”အစရှိသော ဂါထာဖြင့်ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤငရဲလည်း တစ်ကွဲတခြား နွားအပေါင်းကို နွားကျောင်းသားတစ်စုရံ၍ ခြံသို့သွင်းသကဲ့သို့ ဝင်းဝင်းလျှံလတ်သော လက်နက်အထူးထူးစွဲကိုင်လျက် ငရဲထိန်းအပေါင်းတို့သည် ထောင်းထောင်းတက်မျှ ရိုက်နှက်ရံဝန်း တွန်းထိုးယူဆောင်သဖြင့် ပြောင်ပြောင်ဦးဦး အရှိန်ကြီးသော မီးကျီးစုငရဲသို့ရောက်လျှင် ဇောက်ထိုးဦးခေါင်းဖြင့် ခြေ ၂-ချောင်းကိုကိုင်ညှစ်၍ ပစ်ချလိုက်ခြင်းဒုက္ခကြောင့် ကိုးကွယ်ရာမရ ဟစ်အော်မြည်တမ်းလျက် ခံရကုန်၏တကား။ ထိုငရဲသားတစ်စုတို့သည် အဘယ်မည်သော မကောင်းမှုကို ပြုခဲ့ဖူးကြသနည်း”ဟု မေးတော်မူ၏။

ထိုအခါ မာတလိနတ်သားသည် နတ်မျက်စိဖြင့်သိမြင်တိုင်း လျှောက်ကြားလို၍ “ယေဝ ဇီဝလောသ္မိ အသာဓုကမ္မိနော” အစရှိသော ဂါထာဖြင့် ဆို၏။

ထိုဂါထာ၏အဓိပ္ပာယ်ကား-

“လူအပေါင်းတို့၏သခင်ဖြစ်သော နေမိမင်းမြတ်။ နာတော်မူဦးလော့။ ထိုငရဲသူတို့ကား ရှေးလူဖြစ်သောအခါက သူ့အိမ်ရာကိုပြစ်မှားတတ်သော ယောက်ျားတစေတို့ချည်းတည်း။ ထိုသူတို့သည် မသူတော်သဘော မကောင်းသောအလေ့အလာရှိသည်ဖြစ်၍ ကာမရာဂါနုသယကို အစိုးရခြင်း မကင်းသေးသော ကာမဂုဏ်ရှင်တို့မှာ ချစ်ခင်စုံမက် နှစ်သက်သောနှလုံးဖြင့် အမြတ်ဆုံးရတနာဟု အခါခါတပ်စွဲမိလျက် ပရဒါရတို့၏ ကိုယ်သန္တာန်၌ရောက်သော ဘဏ္ဍာထုပ်ကို ယုတ်မာသောအားဖြင့် ခိုးစားခိုးကြောင် ပြုမိသော ပရဒါရမိစ္ဆာစာရကံကြောင့် အလျှံကြီးသော ဤမီးခဲစုနရက်ချောက်၌ ဦးစောက်ကျ၍ ကာလမြင့်မြဲ ဆင်းရဲကြီးစွာခံကြရသည် မှတ်တော်မူလော့”ဟု လျှောက်ကြားလေ၏။

(ဤပါဌ်ဂါထာ၌ “ဥတ္တမဘဏ္ဍထေနကာ” ဟူသောပုဒ်ကို “မနုဿေဟိ ပိယာယိတဿ ဝရဘဏ္ဍဿ ထေနကာ”ဟု အဋ္ဌကထာဖွင့်သောကြောင့် ယောက်ျားတို့၏ ကာမစ္ဆန္ဒ စိတ္တုပ္ပါဒ်ဇော သဘောနှလုံး၏အနေမှာ ခြေဖမိုးမှ ဆံဖျားအစပ် အမြတ်ဘဏ္ဍာချည်းပင် ထင်မှတ်မြဲဖြစ်၍ အပြစ်ရကောင်းသောဌာန၌ သူတစ်ပါးတို့ဒါရကို တစ်စတစ်မြိတ်မျှ ထေယျစိတ်ဖြင့် ဆွဲငင်လွန်ကြူးချေလျှင် ဥတ္တမဘဏ္ဍထေနက ဖြစ်ရာ၏။ ထို့ကြောင့် လောကီပညာရှိတို့ဆုံးဖြတ်သော ဓမ္မသတ်တွင်လည်း ဆိတ်ကွယ်ရာ၌ ပြောဟောရုံမျှကိုပင် ပရဒါရထေနက အင်္ဂါအပြားမှာသွင်း၍ ဆုံးဖြတ်ချေသည်။

ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် အဝေးကကွင်း၍ လွတ်ကင်းအောင် ရှောင်ကြဉ်ရာသည်။ ပညာဆီမီးတောက်ကို ကာမဂုဏ်လေနှောက်သဖြင့် အဝိဇ္ဇာမှောင်ရောက်၍ အစောက်နက်စွာ သမုဒ္ဒရာမကသော လောဘဇော, မောဟဇောကို တဒင်္ဂဉာဏ် ခြေတစ်လံမျှလောက်နှင့် မထောက်မီနိုင်သည်ဖြစ်၍ မြှုပ်နစ်မျောပါး မှားမိခဲ့သော်လည်း လှော်ကူအားထုတ် မယုတ်သောသတိ, ပညာ, သမာဓိဖြင့် ဟရိတစရှင်ရသေ့တို့ကဲ့သို့ ထပ်ဖို့ဆင့်ပွား မများစေရ အာသဝအယဉ်ကို ခွာကြဉ်ဖြတ်တွန်း ကျွန်းစိပ်ရောက်လို ကုသိုလ်လှေကြီး ယှဉ်မှီးစီးတက်မှ နရက်သို့မရောက် မျက်မှောက်လည်း ချမ်းသာမည်ဟု မှတ်ကုန်ရာ၏။ ထို့ကြောင့် “န ဟိ ပါပကာရိဿ ဘဝန္တိ တာဏာ သကေဟိ ကမ္မေဟိ ပုရက္ခိတဿ” ဟု ဟောတော်မူသည်။

ပါပကာရိဿ၊ မကောင်းမှုကို ပြုလေ့ရှိသော။ သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော။ ကမ္မေဟိ၊ အကုသိုလ်ကံတို့သည်။ ပုရက္ခိတဿ၊ ထက်ဝန်းကျင် ခြံရံအပ်သောသူအား။ တာဏာ၊ ကိုးကွယ်ရာတို့သည်။ န ဟိ ဘဝန္တိ၊ မဖြစ်ကုန်။

ဤပါဌ်၌ န ဘဝန္တိဟူသော ဗျတိရိက်ကိုဆိုသဖြင့် ဤအရာဝယ် “ဤဘဝ, ရှေးဘဝတို့၌ ပြုဖူးသော်လည်း ထိုသို့ပြုဖူးသောအကုသိုလ်ကို ဝေးစေကွာစေ၍ သုစရိုက်ကိုပြုသဖြင့် ကုသိုလ်အခြံအရံရှိသောပုဂ္ဂိုလ်အား ကိုးကွယ်မှီခိုရာ ကျွန်းကြီးသဖွယ်ဖြစ်လေ၏”ဟူသော အနွယအနက် ရောက်သည်ဟု မှတ်အပ်၏။)