မာတိကာသို့ ခုန်သွားရန်

နေမိဇာတ်တော်ကြီး/အခန်း-၃၁

ဝီကီရင်းမြစ် မှ
သုဝဏ္ဏသာမဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၃၁။ တာဝတိံသာဘုံ စိတ္တကုဋ်တံခါးမုခ်သို့ ရောက်ခန်း
1965သုဝဏ္ဏသာမဇာတ်တော်ကြီး — ၃၁။ တာဝတိံသာဘုံ စိတ္တကုဋ်တံခါးမုခ်သို့ ရောက်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ မာတလိနတ်သားသည် စာတုမဟာရာဇ်နတ်ပြည်ကို နေမိမင်းကြီးအားပြပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ရှေးရှုနှင်လေသော် သုဒဿနမြို့အရှေ့မျက်နှာ စိတ္တကုဋ်အမည်ရှိသော တံခါး,မုခ်,ပြ,တန်ဆောင်း၌ ထက်ဝန်းကျင်ရံ၍ထားအပ်သော သိကြားရုပ်တို့ကို နေမိမင်းကြီးအား ပြပြန်လေ၏။

ထိုအခါ နေမိမင်းကြီးသည် အလွန်တရာ ရတနာမျိုးတို့ဖြင့် ဆန်းကြယ်စွာသော ပြ, တန်ဆောင်း, တံခါးမုခ်၌ သိကြားရုပ်တို့ကိုမြင်လျှင် အလွန်ရွှင်ပျ နှစ်သက်သောနှလုံး ရှိသည်ဖြစ်၍ မာတလိနတ်သားအား “အနေကရူပံ ရုစိရံ” အစရှိသော ၂-ဂါထာဖြင့်မေး၏။

အဓိပ္ပာယ်ကား-

“နတ်ရထားမှူး မာတလိ။ မျက်စိအာရုံဖြင့် ယူ၍မကုန်နိုင်အောင် အထောင်အရာမက တောက်ပသောရောင်ခြည်ရောင်နွယ် ဆန်းကြယ်ခြင်းအထူးထူးအပြားပြားနှင့် သိကြာမင်းအရုပ်အသွင် အရှင်သဏ္ဌာန်လို ထိုရှေ့တူရူတွင် ခြင်္သေ့, ကျားအပေါင်းလည်း ဦးခေါင်းမျက်နှာပြင်သို့လှည့်၍ အပြည့်အနှက် ထက်ဝန်းကျင်ရံအပ်သော မဟာဝုန်တောကြီးကဲ့သို့ မြို့နန်း မုခ်တံခါး, ပြ, တန်ဆောင်းအဆောင်၌ အထောင်မက ဝန်းကျင်ပြွမ်း၍ လျှမ်းလျှမ်းတက်မျှ ကျက်သရေအသွယ်သွယ်နှင့် တင့်တယ်စွာ ငါ၏မျက်စိ၌ မကြည့်နိုင်အောင် ထင်ပြန်ဘိ၍ ပီတိနှံ့သောဇောဖြင့် အံ့သြမကုန်ဖြစ်ပြန်တုံသော ငါ့အား နတ်ရထားမှူး ပြောပါဦး။ အထူးအဆန်းသော တံခါးမုခ်နန်းကို အဘယ်အမည်ဖြင့် ခေါ်ဝေါ်ကြသနည်း”ဟု မေး၏။

နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းကြားလို၍ “စိတြကူဋောတိ ယံ အာဟု” အစရှိသော ၂-ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“လူအပေါင်းကို အစိုးရတော်မူသော နေမိမင်းကြီး။ ညီးညီးလျှံထိန်စွာ တာဝတိံသာ နတ်မင်းရုပ်တုသဏ္ဌာန် အရာအထောင်မကများစွာဖြင့် ရံကာစောင့်ထားအပ်သော ဤတံခါးမုခ်ကို စိတ္တကုဋ်ဟူသောအမည်ဖြင့် နတ်ပြည်ဘုံသားတို့ ထင်ရှားစွာခေါ်ဝေါ်ကုန်၏။ ဤအလုံးစုံမျိုး အခင်းအကျင်းသည် အကျွန်ုပ်တို့သခင် အရှင်သိကြားမင်းလက်ထက်တွင်မှ ဖြစ်သည်မဟုတ်။ ဖော်ထုတ်၍အမွန်အစကို ပြန်လျှောက်ပါမည်။ နာတော်မူဦး။ ကျူးလေပြီးသော ရှေးအဓွန့်ရှည်စွာကာလက လူ့ပြည်မဂဓရာဇ်တိုင်း မစလရွာတွင် “မာဃ”အမည်ရှိသောလုလင်သည် သင်းဝင်အဖော် ၃-ကျိပ် ၂-ယောက်နှင့် ဝမ်းမြောက်ရွှင်လန်းစွာ ခရီးလမ်းစောင်းတန်း လှေကား တံခါးမုခ် ဆောက်လုပ်ပြင်ဆင်ခြင်း၊ ရေတွင်း ရေကန်၊ အာရမ် ဥယျာဉ်စိုက်ပျိုးပြုစုခြင်း၊ ဇရပ်, တန်ဆောင်းဆောက်လုပ်ခြင်း စသောကောင်းမှုတို့ကို အသက်ထက်ဆုံးပြု၍-

“ထိုကောင်းမှုအကျိုးအားဖြင့် လက်သား ၃-ကျိပ် ၂-ယောက်နှင့်တကွ အစုံအညီ ဤတာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်လာလျှင် နတ်ဘုရားဟောင်းနှင့် ဤ ၁-သောင်းယူဇနာ ကျယ်စွာသော သုဒဿနမြို့ကို ၂-ဖို့ပြု၍ တစ်ခုစီစိုးအုပ်ကြသည်နှင့် ကာလမကြာမီပင် ဘုန်းကြီးသူရောက်က ဘုန်းနည်းသူပျောက်မြဲ ဖြစ်ချေသောကြောင့် မဖြောင့်သောအယူ မသူတော်ဆန္ဒနှင့် ရသကာမဂုဏ်၌ အစုံအမက်ကြူး၍ ယစ်မူးမေ့လျော့သော သိကြားဟောင်းကို အပေါင်းသဘောတူ နတ်ပရိသတ်နှင့်တကွ မာဃနတ်ဘုရင်က ဆွဲငင်တွန်းပစ်စေသဖြင့် မသေမပျောက်ဘဲ ရေထဲ မြင်းမိုရ်တောင်ခြေအဆုံး ၃-လုံးသောအထွတ်ကြား၌ ကံထားသောနေရာမှာ အသုရာပြည်ဟု တည်ထောင်ပြန်၍ စိတ်ခုစိတ်ခံနှင့် ရန်မီးစဖြစ်ကြ၍ ရှိပါသည်ကို ထိုမာဃသိကြားသစ်တွင် လူဖြစ်သောအခါက သုဇာတာ, သုဓမ္မာ, သုနန္ဒာ, သုစိတ္တာ ဟူသော ခင်ပွန်း ၄-ယောက်ရှိသည်တွင် အငယ်၃-ယောက်မှာ ဥယျာဉ်, ဇရပ်, တန်ဆောင်း ကောင်းမှုဒါယိကာမချည်းဖြစ်ခြင်းကြောင့် နတ်မင်းနှင့်အတူ မရှေးမနှောင်းပင် တာဝတိံသာနတ်ပြည်၌ နတ်မိဖုရား ဖြစ်လာကြသည်။ သုဇာတာမိဖုရားကြီးမူကား ကောင်းမှုမှ မေ့လျော့ချေသောကြောင့် ထိုအဖြစ်မှစုတေ့လျှင် ဥဗျိုင်းမဖြစ်သည်နှင့် သိကြားမင်းစောင်မ၍ ဥဗျိုင်းအဖြစ်မှစုတေ့ပြန်၍၊ လူ့ပြည်၌ သူဆင်းရဲမဖြစ်ပြန်သည်ကို သိကြားမင်းသိ၍ စောင်မပြန်သဖြင့် ထိုအဖြစ်မှစုတေ့လေသော် ချစ်ကျွမ်းဖော်ရှိရာ တာဝတိံသာသို့ကား မလား၊ ရန်ပွားအောင်လောင်းဆင့်ပြန်၍ ရန်သူဖြစ်သောအသုရာပြည်မှာ အသုရာနတ်မင်းသမီး ဖြစ်လေသည်တွင် တာဝတိံသာနတ်ဘုရင်က မထင်မရှား အသုရာပြည်သို့သွား၍ မိမိမြောက်သားတော် သုဇာတာနတ်သမီးကို ဆောင်ယူခဲ့ပြီးလျှင် မိဖုရားကြီးတင်ထားလေသည်နှင့် ဝေပစိတ္တိအသုရာနတ်သည် ဆင့်ထပ်ပွားကြီး သမီးနှင့်ပြည် ၂-တည်သောရန်စဖြစ်၍ နှစ်စဉ်မချွတ် သခွတ်ပွင့်ချိန်တိုင်လျှင် နိုင်နိုးပိုင်နိုး အားကိုးအန်တက် နှောင့်ယှက်လာသောကြောင့် အစောင့်အရှောက်ဖြစ်စေခြင်းငှာ ကြီးစွာသော တောဝစုံအဖျား၌ ကျားခြင်္သေ့အများ မြူးစားလျက်နေသည်ကိုမြင်လျှင် မဝင်ဝံ့သောမုဆိုးကဲ့သို့ ရှိစေလို၍ ထိုအသုရာစစ်သည်တို့ မချဉ်းဝံ့စေကြောင်း ကောင်းစွာဖန်ဆင်း၍ မာဃသိကြားမင်း၏ရုပ်သွင်တော် များစွာအစီစီကို ဤစိတ္တကုဋ်တံခါး, မုခ်, ပြ, တန်ဆောင်း၌ လုပ်ထားစီရင်ခဲ့သည်ဖြစ်၍ ယခုတိုင်အောင် စကားဥဒါန်း မော်ကွန်းစဉ်ဆက် မပျက်မစီးတည်သည်။

“ဤသာလည်း မဟုတ်။ သုဓမ္မာဇရပ်, သုနန္ဒာရေကန်, သုစိတ္တာရေကန်, ဥယျာဉ်တို့သည်လည်း သုဓမ္မာဒေဝီ, သုနန္ဒာဒေဝီ, သုစိတ္တာဒေဝီ နတ်မိဖုရားတို့၏ ကုသိုလ်ကံအသီးသီးကြောင့် ဖြစ်ပေါ်လာသည်ဖြစ်၍ အတိုင်းထက်အလွန် ဤတာဝတိံသာနတ်ပြည်၏ တင့်တယ်ခြင်းသည် ယခုတိုင်ဖြစ်လေသည်။ ရှေးရှေးသောကာလက “ဒေဝလောက” ဟူသောအမည်, “ဒိဝေါသဂ္ဂ” ဟူသောအမည်, “ဒေဝေါကာသ” ဟူသောအမည်, “အမရာဒေဝ” ဟူသောအမည်, “တာဝတိံသာ” ဟူသောအမည် စသည်တို့ဖြင့် ထင်ရှားသော အမည်ဟောင်းတွင် ဆင့်လောင်း၍ မာဃသိကြားမင်းလက်ထက်တွင် “တိဒသ”ဟူသောအမည်, “သုဓာသိန” ဟူသောအမည်, “အယုဇ္ဈပုရ”ဟူသော အမည်တို့ဖြင့် တံဆိပ်မော်ကွန်း ပေါ်ထွန်းပြန်သည်။ နတ်မင်းတို့၏အမည်မှာလည်း “သက္က” ဟူသောအမည်၊ “ဒေဝိန္ဒ” ဟူသောအမည် “ဣန္ဒ” ဟူသောအမည်, “ပုရိန္ဒဒ” ဟူသောအမည်, “ဒေဝရာဇာ” ဟူသောအမည်, “ဝဇိရပါဏီ” ဟူသောအမည်, “ဝဇိရာဝုဓ' ဟူသောအမည်, “သဟဿက္ခိ” ဟူသောအမည်, “ဝါသဝ” ဟူသောအမည်, “ဘူတပတိ" ဟူသောအမည်မှ “ဝတြဘူ” ဟူသောအမည် စသည်တို့ဖြင့် တွင်ဟောင်းတွင် ဆင့်လောင်း၍ ထိုမာဃသိကြားမင်း လက်ထက်တွင်မှ “မာဃ” ဟူသောအမည် “သုဇမ္ပတိ” ဟူသောအမည်, “သုရနာထ” ဟူသောအမည်, “တိဒိဝါဓိဘူ” ဟူသောအမည်တို့ဖြင့် နောက်နောက်သော သိကြားမင်းအဆက်ဆက် ယခုလက်ထက်တိုင်အောင် အမည်ဘိသိက် တံဆိပ်ရွှေဘွဲ့ ခံယူတော်မူကြသည် မှတ်တော်မူလော့။ အရှင်မင်းကြီးသည် ဤစိတ္တကုဋ်တံခါးဖြင့် သုဒဿနမြို့တွင်းသို့ ဝင်တော်မူမိလျှင် ၇-အင်သော ရတနာအဖြာဖြာအသွယ်သွယ် အံ့သြဖွယ်ပြိုးပြောင်အရောင်ချင်းကူးလျက် အထူးထူးအဆန်းဆန်းသော ဘုံနန်းဗိမာန် ရေကန်ဥယျာဉ် စပ်ယှဉ်ဆက်ကာနှင့် ရတနာရွှေမြေအပြင်ကို မြင်တော်မူရလတ္တံ့။ ရဲဝံ့ရွှင်ပြုံး နှလုံးငြိမ်းချမ်း စိတ်ဝမ်းပျော်ပါးလျက် ဤရထားမှဆင်းသက်၍ နုညက်သော ရွှေဖန်မြေအပြင်ကို အရှင်မင်းကြီးဖဝါးဖြင့်ချသွားတော်မူရအံ့သည်”ဟု ညွှန်ကြားပြောဆိုပြီးလျှင် မာတလိနတ်သားသည် ထိုစိတ္ထကုဋ်တံခါးဖြင့် မြို့တွင်းသို့ ရထားနှင့်ဝင်လေ၏။

(ဤအရာ၌ “ဧကကနိပါတေ ကုလာဝကဇာတကေန ကထေတဗ္ဗော”ဟု အဋ္ဌကထာ စကားရှိသောကြောင့် အဓိပ္ပာယ်ထုတ်လိုက်သည်။)

ထိုအခါ သုဓမ္မာသဘင်၌ စည်းဝေးလျက်နေကုန်သော နတ်ပရိသတ်အပေါင်းတို့သည် နေမိမင်းကြီးကို ဖူးမြင်လိုသောဆန္ဒနှင့် မာတလိနတ်သား၏ ရထားလာရာလမ်းကိုသာ မျှော်လင့်လျက်နေစဉ် စိတ္တကုဋ်တံခါးဝသို့ရထားနှင့် နေမိမင်းကြီးရောက်ကြောင်းကို သိမြင်ကြလေသော် ပင်လယ်ကသစ်ပွင့် စသည်တို့ဖြင့် နတ်၌ဖြစ်သော ပန်းနံ့သာလက်စွဲလျက် သုဓမ္မာသဘင်မှသည် စိတ္တကုဋ်တံခါးမုခ်တိုင်အောင် ယူဇနာအကျယ် ၆၀-ရှိသော ရထားလမ်း၂-ဘက် အပြည့်အနက် စဉ်ကာဆက်၍ စုံမက်မြတ်နိုး ရှိခိုးဖူးမြော်ပူဇော်ခြင်းအသီးသီးဖြင့် ခရီးဦးကြိုဆိုလာကြကုန်၏။

မာတလိနတ်သားသည်လည်း သိန္ဓောမြင်း၁၀၀၀ က,အပ်သောရထား၌ သိကြားမင်း၏တင့်တယ်ခြင်းဖြင့်စီးသော နေမိမင်းကြီးအား ပျော်ကြောင်းပျော်ဖွယ် ဖျော်ဖြေညွှန်ကြားလျက် များစွာသောနတ်ပရိသတ်အပေါင်း ခြံရံအပ်သော ထိုမင်းလမ်းခရီးဖြင့် သုဓမ္မာသဘင်သို့ ရှေးရှုနှင်လေ၍ ရွှေငွေဖန်ပုလဲ ကျောက်မျက်ရွဲစသည်တို့ဖြင့် တောက်ပလျက်တည်သော သုဓမ္မာသဘင် နေမိမင်းကြီးမြင်ပြန်လျှင် အလွန်နှစ်သက် ကြည်လင်ရွှင်လန်းခြင်းဖြင့် မာတလိနတ်သားအား မေးလေသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် “သဟဿယုတ္တံ ဟယဝါဟိံ” အစရှိသော ဂါထာတို့ဖြင့် ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ၏တပည့်သားတော် အပေါင်းတို့။ ငါ နေမိမင်းကြီး ဖြစ်တော်မူသောအခါ အာဇာနည် သိန္ဓောမြင်း၁၀၀၀-ကအပ်သော ဝေဇယန္တာရထားထက် ထီးဖြူစိုက်ဆောင်း ဖြန့်မိုးအပ်သော ပလ္လင်ပေါ်၌စီးလျက် မာတလိနတ်သား၏ချီးပင့်ခြင်းဖြင့် တာဝတိံသာသို့တက်၍ သုဒဿနမြို့အဝင် မင်္ဂလာပြုရာတံခါးမှ ရထားလမ်းခရီးဖြင့် နတ်သဘင်သို့ရှေးရှုသွားစဉ် ပေါင်းယှဉ်အပ်သော ရတနာမျိုးတို့ဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပသော သုဓမ္မာသဘင်ကိုမြင်လျှင် ဝမ်းမြောက်ရွှင်ပျခြင်းဖြင့် မာတလိနတ်သားအား ဤသို့မေး၏။

“အချင်းမာတလိ၊ ဝင်းဝင်းညိတောက်ပသော ဤဗိမာန်ကား အဘယ်အမည် ရှိသနည်း။ ကြတ္တိကာ, အဿဝဏီ, ပုဏ္ဏမီ ကြိုက်သောလ မုန်တိုင်းလေရိုင်းမထ မြူမှုန်မကြွသောအခါတွင်းဝယ် တိမ်တိုက်ဆီးနှင်း လွတ်ကင်းသောရက်တွင် စင်ကြယ်သန့်ရှင်းသော ကောင်းကင်အသွေးသည် အဝေးကအမြင် ညိုလွင်ထွန်းတိတ် လင်းရိပ်ရောင်ထင်သကဲ့သို့ ယခုမြင်ရသော ဗိမာန်ရောင်လည်း ကျောက်မျက်ရွဲရတနာကို အရာသင့်ခြယ်လှယ် စီမံဖန်ဆင်းလေသည်မသိ ငါထင်မိလေသည်နှင့် ပီတိဖိတ်ယို ကိုယ်စံရပြီးလောက် ဝမ်းမြောက်ခြင်းရှိ၍ သိရအောင် မေးမြန်းရတော့သည်။ “ထူးလည်ထွေပြား မှတ်သားဖွယ်အကြောင်းများကို သင်နတ်သား ကြားပါဦး”ဟုဆိုလျှင်

ထိုရထားမှူးမာတလိသည် သိမြင်တိုင်းနှစ်လိုစွာ ဤသို့ ညွှန်ကြားပြန်၏။

“လူအပေါင်းတို့၏သခင် ဖြစ်တော်မူသော နေမိမင်းမြတ်။ လူနတ်တို့အား အစီးအပွား များအံ့သောအကြောင်းကို သိကြားနတ်ကောင်းအပေါင်း စည်းဝေးလျက် ၃-၄လအဖို့ လူတို့အရေအတွက် ရက်လကြာအောင် အခါပြုသဖြင့် လူ့ပြည်သို့အလွှတ်အစေ ရွှေပုရပိုက်ထက် မှတ်ချက်မတင်ထိုက် ဒုစရိုက်မကောင်းမှုပြုကျင့်သူ လူမစင်မသန့်များကိုသာ ခြွင်း၍၊ အလှူသီတင်း,ဘာဝနာ ၁၀-ဖြာသောကုသိုလ်ကို ကြည်ညိုရွှင်လန်း ကြိုးပမ်းကျင့်ဆောင်သူ လူစင်လူသန့်ဟူသမျှကို မကြွင်းစေရဘဲ ရွှေပုရပိုက်ထက် မှတ်ချက်တင်လျက် သဘင်ဇရပ် ဖတ်ကြားနာသိ ပီတိစိတ်ချမ်း ရွှင်လန်းအံ့ချီး ကောင်းချီးသာဓု အနုမောဒနာ နတ်တကာတို့ခေါ်ရာဟူ၍ လူနှင့်နတ်ကို နှံ့စပ်ဖောက်ထွင်းလျက် သတင်းကျော်စောစွာသော သုဓမ္မာဇရပ်ဆိုသည် ဤဗိမာန်ကြီးမဟုတ်လော။ အပြန့်အပြော ယူဇနာ၃၀၀ ကျယ်စွာသောဇရပ်တွင်း၌ အခင်းဖန်မြေ စောင်းတန်းလှေကား တံခါးမုခ်အကွေ့အထောင့်တို့၌ အစောင့်အရှောက်ထားသော သားရဲရုပ်အထူးထူးမှာလည်း ၇-ဦးသော ရတနာမျိုးသည် တိုင်ကွန်းစင်၈-မြှောင့်ချိုး အမိုးလည်သီးတို့၌ ကျောက်မျက်ရွဲဝမ်းဘဲတောင်, ခေါင်အုပ်ကပတ်တို့၌ ရွှေစင်ခြင်ပိတ်, ယနယ်လည်ညှပ် ထုပ်လျောက်တို့၌လည်း ဣန္ဒနီလာ, ထုပိကာဘုံထွတ်ဖူးမှာ ၇-ဦးသောရတနာ, ကြာသွတ်အိုးကြာခံမှာ ငွေစင်, တုရင်မှန်ကင်း အမွှမ်းတန်ဆာတို့၌ ရတနာ ၇-ပါး အခြားခြားအသွယ်သွယ် ခြယ်လှယ်အပ်၏။ နတ်အရေအတွက် တစ်ရက်မလစ် ကသစ်ပွင့်အခင်း သဘင်တွင်းနေရာမှာ သုရာနာထ နတ်များတမွတ်သည် နတ်မှူးနတ်မတ် ပရိသတ်နှင့် လူနတ်တို့အစီးအပွား များအံ့သောအကြောင်း ကောင်းသောတရားစကားဖြင့် ဟောကြားနာခံ ကြံစည်တိုင်ပင်ခြင်းကို ပြု၏။

သုဓမ္မာဟူသော နာမပညတ် သတ်မှတ်ဖွဲ့ချည် အမည်တွင်ခြင်းအကြောင်းမှာ ကောင်းစွာ အစီးအပွားတရားကို တိုင်ပင်ကြံစည်ရာ ဖြစ်၍လည်းကောင်း၊ အလောင်းမင်းတရား သိကြားမာဃ၏ မြောက်သားတော် ချစ်ကျွမ်းဖော် ၄-ပါးတွင် မိဖုရားလတ် သုဓမ္မာဒေဝီ၏ ကောင်းမှုအာနိသင်ကြောင့် ဤသဘင်ဖြစ်ပေါ်လာသည်ကို အစွဲပြု၍လည်းကောင်း သုဓမ္မာသဘင် ဟု အမည်ခေါ်ညွှန်း မော်ကွန်းစိုက်ထူအပ်၏။