မာတိကာသို့ ခုန်သွားရန်

နေမိဇာတ်တော်ကြီး/အခန်း-၃၄

ဝီကီရင်းမြစ် မှ
1968သုဝဏ္ဏသာမဇာတ်တော်ကြီး — ၃၄။ နေမိမင်းကြီး တောထွက်တော်မူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

နေမိမင်းကြီးသည် နှစ်ပေါင်း အသိန်းမကသော ထီးနန်းစည်းစိမ်၌ စံပျော်တော်မူ၍ တတိယအရွယ်သို့ ရောက်တော်မူသောအခါ တစ်နေ့သ၌ ဆံမုတ်ဆိတ်တော်တို့ကို ဆတ္တာသည်ပြုပြင်သည်ကာလ ဦးခေါင်းတော်၌ ဆံဖြူရောက်သည်ကိုမြင်လျှင် အထက်နန်းစဉ် အမိန့်တော်ရင်းအတိုင်း မင်းကြီးအားလျှောက်ကြားပြီးလျှင် ရွှေမွေးညှပ်ဖြင့်နုတ်ယူ၍ မင်းကြီးအား ပြဆက်လေ၏။ နေမိမင်းကြီးသည်လည်း ထိုဆတ္တာသည်အား ခမည်းတော်, ဘိုးတော်, ရှေးမင်းအဆက်ဆက်တို့ ပြုရိုးထုံးရှိသည့်အတိုင်း ကျေးစားရွာတစ်ရွာ ဆုပေးပြီးလျှင် ဆံဖြူတော်ကို လက်ဝါးပေါ်၌တင်လျက် “ငါကား ယခု ပထမ၊ ဒုတိယအရွယ်နှင့်မတူ၊ အိုမူအိုရုပ်ပေါက်သဖြင့် ရဟန်းပြုအံ့သော အရွယ်ရောက်ပြီ”ဟု ရဟန်းအဖြစ်သို့ ညွတ်သောနှလုံး ရှိတော်မူ၏။

ထိုနေမိမင်းကြီး၌ ထီးနန်းဆက်ခံလတ္တံ့ဖြစ်သော သားတော်အိမ်ရှေ့မင်းကား “ကာလရဋ္ဌ”အမည်ရှိ၏။ ထိုသို့ “ရဟန်းပြုအံ့” ဟု ကြံတော်မူသောအခါ နေမိမင်းကြီးသည် သားတော်အိမ်ရှေ့မင်းကို ခေါ်တော်မူ၍ “ချစ်သား။ ယခု ခမည်းတော် ရဟန်းပြုမည် အကြံရှိသည်။ ချစ်သားသည် ငါကဲ့သို့ တရား ၁၀-ပါးနှင့်အညီ ဤမိထိလာပြည်စည်းစိမ်ကို သိမ်းမြန်းဆက်ခံလျက် တိုင်းနိုင်ငံသူ လူအပေါင်းတို့၏ အစီးအပွားကိုလည်းကောင်း၊ ဆွေတော်မျိုးတော်တို့၏ အစီးအပွားကိုလည်းကောင်း ဆောင်ရွက်စောင့်ရှောက်ရစ်”ဟု အပ်နှင်းမှာထား မိန့်ကြားဆုံးမတော်မူ၏။

နေမိမင်းကြီးစကားကို ကြားလေလျှင် သားတော်အိမ်ရှေ့မင်းသည် “ခမည်းတော်ဘုရား။ အကျွန်ုပ်၌လည်းကောင်း၊ မယ်တော်၌လည်းကောင်း၊ မှူးတော်မတ်တော် ပြည်သားပြည်သူတို့၌လည်းကောင်း တစ်စုံတစ်ခု မနှစ်လိုဖွယ်သောအပြစ်ကို မြင်တော်မူသောကြောင့်တည်း ဤအကြံကို ကြံတော်မူဘိသလော။ အဘယ်အကြောင်းကြောင့် ရဟန်းပြုတော်မူမည် ကြံဘိသနည်း”ဟု မေးလျှောက်၏။

အိမ်ရှေ့မင်းစကားကိုကြားလျှင် ဘုရားလောင်းသည် “ဥတ္တမင်္ဂရုဟာမယှံ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သားအိမ်ရှေ့မင်း။ ယခု ခမည်းတော် ရဟန်းပြုမည်ကြံသည်မှာ ချစ်သား၌လည်းကောင်း၊ မောင့်မယ်တော်၌လည်းကောင်း၊ မှူးတော်မတ်တော်,. ပြည်သူပြည်သားတို့၌လည်းကောင်း မနှစ်လိုဖွယ် တစ်စုံတစ်ခုသောအပြစ်မျှ မထင်။ ငါ၏ကိုယ်၌သာလျှင် မနှစ်လို့ဖွယ်သောအပြစ်ကို မြင်၏။ ထိုအပြစ်ကား တစ်ပါးမဟုတ်။ ဦးခေါင်းဟူသော ကိုယ်အင်္ဂါအမြတ်ဆုံး၌ နှလုံးမနှစ်လို့ဖွယ် အရွယ်ယုတ်လျော့ခြင်း, မရဏမင်း၏တမန်ဆံဖြူ၊ ယခုအမှုရှာ၍ ထင်စွာပေါက်ရောက်ခြင်းကြောင့် လူမင်းစည်စိမ်နှင့် မတန်ပြီ။ ဈာန်သမာပတ် မြတ်သောစရိယ သီလသမာဓိ ဧကောဒိဘာဝ သုခရွှင်လန်း ရဟန်းပြုချိန် တော်သည်ဖြစ်၍ ချစ်စွာသော သားသမီး,မိဖုရား ပြည်သားပြည်သူတို့ကို ဆံဖြူဝဋ်ဆင်းရဲ ငင်ဆွဲထုံးဖွဲ့သဖြင့် မငဲ့ကွက် မခင်မင်သာပြီ”ဟု ဆိုတော်မူပြီးလျှင်၊ ကာလရဋ္ဌ အမည်ရှိသောသားတော်အိမ်ရှေ့မင်းအား ကြီးစွာသော ရာဇဘိသေကမင်္ဂလာဖြင့် အဘိသိက်သွန်း၍ ထီးနန်းအပ်နှင်းလေ၏။

ထိုသို့ အိမ်ရှေ့မင်းကို ထီးနန်းအပ်နှင်းပြီးသော် ခပ်သိမ်းသောသူအပေါင်းတို့အား အဆုံးအမကိုပေး၍ ရှေးခမည်းတော် ဘိုးတော်တို့ကဲ့သို့ ရဟန်းပရိက္ခရာကိုယူလျက် သရက်ဥယျာဉ်သို့ပင်လျှင် ထွက်သွားတော်မူသဖြင့် ရဟန်းပြု၍၊ ထိုသရက်ဥယျာဉ်၌နေတော်မူလျက် ဗြဟ္မဝိဟာတရား ၄-ပါးတို့ကို ပွားစေတော်မူသဖြင့် ဈာန်,အဘိညာဉ်, သမာပတ်တို့ကိုပြည့်စုံစေလျက် အသက်အာယုကပ်ပတ်လုံး ဈာန်၏စံပယ်ခြင်းဖြင့် စံပယ်ပျော်ပါးလျက် အသက်အဆုံး၌ ဗြဟ္မာ့ပြည်သို့ ပြောင်းလဲ၍စံတော်မူလေ၏။