ပဒုမောဝါဒ သံချိုလေးချိုးများ
(၁)သူ မတို့လေမှ၊
သူတို့လျှင် တကယ်မြည်တဲ့၊
မြို့မာန်လည် ရွှေစည်ကြီးပါကွဲ့၊
တီးသမျှ ဖိမ့်ဖိမ့်တုန်။
သူမာလျှင်-မာစိန်စောင်းပါတဲ့၊
သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊
မယုံလျှင် မအေနှင့် စစ်လှည့်တော့၊
စနစ်ကို ကုန်မလင်းသော်လဲ၊
အပြစ်ဆို ဂုဏ်သတင်းကိုလ၊
လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။
ဓာတ် မသိဟာမို့၊
ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊
ဟိုအောက်ခွင် ငစင်ရိုင်းဟာနှင့်၊
ငသိုင်းတွေ အညာဆန်တို့ကို၊
တံငါလန် ရွှေလည်ကွေ့တွင်ဖြင့်၊
တခါပြန် ဆန်မရွေ့ရအောင်၊
ဘေးတွေ့စိမ့် တက်တက်ကုန်၊
မစုန်ရသည့်တိုင်း။
ရိုးသိသိ၊
ငါးပိ-ငါးချဉ် သိပ်ပါလို့၊
ထောင်းကြိတ်ချေ ကြေအောင် ညက်စေမှ၊
နောင်ဆက်ကာ အရေစစ်သည့်ပြင်၊
ခွေးဖင် ချေးပင်ဖြစ်ရမယ်၊
ငါးညစ် တလိုင်း။ ။
(၂)မာန်မလုပ်ချင်ဘု၊
မာန်လုပ်လျှင် လွယ်သည်သာပ၊
ငယ်မည်မှာ န ကို သတ်ရုံပဲ၊
နေရပ်ကွယ် မာန်ရွှေလည်နှင့်၊
မာန်နှစ်လီ မာန်စုံကွန့်၊
ဖူးအညွန့် ခေါင်ကတင်။
သို့ကတဲ၊
လုပ်ဘဲ သမ္ပဇဉ်နှင့်၊
မာန်မယှဉ် ဉာဏ်ယဉ်အုပ်ပါလို့၊
ထိန်းချုပ်ကာ မာန်ကိုကင်းစေရ၊
ယင်းခုခေတ်တွင်။
တကယ်ဆို တကယ်လားပါတဲ့၊
အကျယ်ဆို ကျယ်မပွားပြီဘု၊
မြတ်ဖျားငယ် စိန္တေယျာမှ၊
လူပြိတ္တာ ပူရာဏ တို့ကို၊
ယူမိစ္ဆာ သကာကျအောင်လို့၊
မီးရေပြ တန်ခိုးဆင်၊
အရိုးပင်လာကျမ်း။
ထို့တူသာ၊
ပြိုင်လိုလျှင် ပြိုင်လာတော့၊
ပြိုင်လာလျှင် ကြာမနှေးစေနှင့်၊
ရှုံးသူဟာ နှမပေးပါလို့၊
လိုသေးလျှင် ကိုယ်တိုင်ယူမပ၊
နိုင်တဲ့သူ ယောက်ဖကြီးပါပဲ၊
ဇက်ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊
-ီးစုတ်ကြတမ်း။ ။
(၃)ပဒုမ၊
တုပကာ နင်မယောင်နှင့်၊
ဆင်ပြောင်ကို ခြင်ကောင်ဝါးသည်သို့၊
ယားရုံမျှသာ။
ဉာဏ်အသက်ကိုလဲ၊
စံဖက်ကာသင်မမျှော်ဘု၊
သင့်မယ်တော်ရှင်ဇလာနှင့်၊
ခင်ဆရာအိမ်ထောင်ကျလျှင်လ၊
ပဒုဆို မောင်ရွှေမ မှာ၊
သား ငယ်မျှသာ။
ပညာကို ယှဉ်ကာချင့်ရလျှင်၊
အခွင့်ငယ် အရာနှင့်၊
ယောဇနာ သမ္ဗန်မျိုးကိုလ၊
နည်းရိုးပင်ဘာမကျခင်က၊
မင်းရန်စ ငါ့ကိုရှာ၊
ငါဘာပြုဖြုန်မတုန်း။
နှစ်ဖက်ကန်း၊
မျက်ခမ်း နေကိုပြိုင်သို့၊
ခွင်လုံးယိုင် မင်းစာမှားပြီမို့၊
အလားငယ် ပါယ်မကျစေနှင့်၊
သာအယာ ခွင့်ကျေကျအောင်ပ၊
ငါဆရာ မင့်ဘေဘကိုကွယ် ... ဦးချလှဲ့အုန်း။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |