ပုရေနိသင်-ချီ ရတု
ပုရေနိသင် ဆက်တိုင်းကြင်၍ အိမ်ရှင်အစစ် ငယ်ကျွမ်းချစ်နှင့် ထပ်ရစ်လက်သင် ထုံးစတွင်၌ သွေငင်ကြမ္မာ ဝါသနာကြောင့် ဆရာမိဘ ကွပ်ဆုံးမလည်း ချစ်စထုံးနှောင် ပျော်ရအောင်ဟု သန်းခေါင်မဟူ အတူယှဉ်နွှဲ သန်းလွဲမခန့် အသက်စွန့်၍ ဝေးဓွန့်ခရီး ချုံကြီးတောအုံ ဝါးရုံဝါးထွေး သစ်ကျားဘေးကို မတွေးဆံဖျား မလေးစားတည့် တရားသံဝေ အောက်မေ့ချေသော် ကြေးရွှေဂဟေ မစပ်ချေသို့ စာပေတတ်ပွန် ဓမ္မခန်နှင့် ကျမ်းဂန်သိမြောက် ပဉ္ဇင်းရောက်က ထပ်လှောက်ကြင်ဖွယ် ရှေးသောနယ်ကို အဘယ်ကြိုးရှာလေတော့မည် ။
လူ့မြေတိတွင် ဘက်မမြင်သား သန့်စင်ငယ်က လက်တော်လှနှင့် ချိန်ချစေ့ရေ မှာစာခွေကို ခင်းနှီးကွက်ကြယ် ပြောက်မျိုးခြယ်၍ ဆင်စွယ်ဝန်းယှက် မွေးမယ်ရက်သည် အသက်တို့က ဆက်လှာရသား မူလသိက္ခာ ဆုံးမစာနှင့် ငါးဖြာဝိနည်း စောင့်စည်းပညတ် အပ်တိတသွား ဆံတဖျားမျှ မမှားအာရုံ ကာမဘုံကို မမြုံရချေ ဖြတ်ငယ်သေစွ ကမ္ဗလွေရင်ပိုက် တကိုက်မချွတ် စာလက်လွတ်၍ ဖြစ်တတ်ဘိသည် သံသာရှည်ခဲ့ ဖန်လည်ရဟတ် တပတ်ပတ်လျှင် အနတ်ဒုက္ခ နိစ္စလည်းဟူ နှလုံးမူစွ ပေးလှူစွန့်ကြ ဤဘဝတွင် နှမလက်လျှော့ နေလေတော့ဟု ချစ်ပေါ့မကြုံ ညှိုးငယ်ရုံမျှ ရှက်ဟုံကြွေးကြုပ် ချမင်းတုပ်သို့ စိတ်ချုပ်မပွင့် ပျံ့လွင့်မေတ္တာ ဂရုဏာနှင့် တဏှာလောဘ ဒေါသမြှေးထူ ရမ္မက်မြူကို ဘယ်သူနှိုးရှာလေတော့မည် ။
ဆုဝေဘိချင် ငယ်ကွမ်းဝင်နှင့် သို့ပင်တာရှည် ပျော်ရမည်ဟု ညောင်စည်သားများ မြို့ရှေ့ပါးဝယ် ထင်ရှားကျော်ဟိုး ရုက္ခစိုး၌ ပုဆိုးကြာညွန့် ပိတ်လျှပ်တွန့်ကို ဖြန့်၍တထည် ရစ်ဖွဲ့ချည်၍ ငယ်မည်မြွက်ဟ နှုတ်သံမြနှင့် ခက်မတထောင် ပညောင်စောင့်တတ် ရှင်နတ်မြတ်ကို တိုင်မှတ်သက်သေ ပြုဖူးပေရှင့် မကွေသစ္စာ ဝါသနာကြောင့် ရုပ်ဝါပျိုရွယ် သနားဖွယ်တိ ရှေးနှယ်ကြိုးကုတ် ချမင်းတုပ်နှင့် ခွက်မြုပ်ခါညီ နာရီမောင်းချ ဒေသနိမိတ် သက်ကြီးဆိတ်လည်း မမှိတ်မျက်တောင် သည်းခေါင်ဆူလီ ရှိလိမ့်မည်ဟု လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာလေတော့မည် ။