မာတိကာသို့ ခုန်သွားရန်

ပေါက်ပင်

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၇။ ပေါက်ပင်
2167မောင်ခွေးဖို့ ကဗျာများ — ၃၇။ ပေါက်ပင်မင်းသုဝဏ်

ရွက်ဝိုင်းရှင်ရှင် ခက်လက်ခွင်
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်းနားလို့ ကိုင်းရတယ်။
ပေါက်ပင်ကိုင်းကိုင်း ညိုမှိုင်းမှိုင်း
ငွေဗျိုင်းဘာကြောင့် နားရတယ်။
ပေါက်ပင်မြစ်ဖျား ရေစပ်နား
ရွှေငါးပေါ်လို့ နားရတယ် ။
ပေါက်ပင်မြစ်ဖျား ရေစပ်နား
ရွှေငါး ဘာကြောင့် ပေါ်ရတယ်။
ရွှံ့ညွှန်မည်းမည်း ရေညိုထဲ
ငွေကျွဲလူးလို့ ပေါ်ရတယ်။
ရွှံ့ညွှန်မည်းမည်း ရေညိုထဲ
ငွေကျွဲဘာကြောင့် လူးရတယ်။
စုစုအုပ်အုပ် ပွေရှုပ်ရှုပ်
ရွှေဖြုတ်ကိုက်လို့ လူးရတယ်။
စုစုအုပ်အုပ် ပွေရှုပ်ရှုပ်
ရွှေဖြုတ်ဘာကြောင့် ကိုက်ရတယ် ။
မြည်ဟည်းထစ်ကြိုး သံစုံနှိုး
ငွေမိုးရွာလို့ ကိုက်ရတယ်။
မြည်ဟည်းထစ်ကြိုး သံစုံနှိုး
ငွေမိုးဘာကြောင့် ရွာရတယ်။
ရေအိုင်ကမ်းပါး မြေပပ်ကြား
ရွှေဖားအော်လို့ ရွာရတယ်။
ရေအိုင်ကမ်းပါး မြေပပ်ကြား
ရွှေဖားဘာကြောင့် အော်ရတယ်။
ဟိုမွှေသည်မွှေ ရပ်တိုင်းမွှေ
ရေမြွေကိုက်လို့အော်ရတယ်။
ဟိုမွှေသည်မွှေ ရပ်တိုင်းမွှေ
ရေမြွေဘာကြောင့် ကိုက်ရတယ်။
ငါ့ဝမ်းပူဆာ အစာရှာ
မနေသာလို့ ကိုက်ရတယ်။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။