ပျော်စရာ ဓမ္မစကူးလ်
သင်ခန်းစာ (၁)
ပျော်စရာ ဓမ္မစကူးလ်
[ပြင်ဆင်ရန်]ဆေးဆရာကြီး ဘိုးလှအောင်သည် ခရီးသွားရင်း ရွာသာယာသို့ ရောက်လာ၏။ ဆရာ တော်ထံ ခွင့်တောင်းပြီး ကျောင်း၌ တစ်ညတည်းခိုသည်။ နံနက်မိုးလင်းသောအခါ ရွာထဲမှ ကလေးများ ဘုန်းကြီးကျောင်းသို့ ရောက်လာသည်။ သန့်ရှင်းရေး လုပ်ကြ၊ ဘုရားပန်းများ ကပ်လှူ ကြသည်။ ဆေးဆရာကြီးသည် ကလေးများကို ကြည့်၍ အံ့သြနေသည်။
“ကျောင်းကို အမြဲလာပြီး အခုလို ကုသိုလ်ပြုကြသလား”။ “ဟုတ်ပါတယ် ဘိုးဘိုး၊ တနင်္ဂနွေနေ့တိုင်း ကျောင်းမှာ ဓမ္မစကူးလ်ရှိတယ်။ ဓမ္မစကူးလ်နေ့တိုင်း အခုလို ကုသိုလ်ပြုကြတယ်။ ကုသိုလ်ပြုတတ်ဖို့ သင်ယူကြတယ်။ ကဗျာတွေလည်း ဆိုကြတယ်။ ပုံပြင်ဇာတ်လမ်းတွေကိုလည်း နားထောင်ကြပါတယ် ... ဘိုးဘိုး”
ထိုအချိန်တွင် ခေါင်းလောင်းသံ ကြားရသည်။ ကလေးများ စာသင်ခန်းထဲ ဝင်သွား ကြ၏။ ယဉ်ကျေးလိမ္မာသော ဓမ္မစကူးလ်ကျောင်းသူ၊ ကျောင်းသားလေးများကို ကြည့်၍ ဆေးဆရာကြီး နှစ်သက်ဝမ်းမြောက်နေလေသည်။
ဓမ္မစကူးလ်သွားကြမယ်
[ပြင်ဆင်ရန်]လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဘုန်းဘုန်းတွေ့မယ်...ဆရာလေးတွေ့မယ်..ကုသိုလ်တွေရမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်...သိမ်မွေ့ရမယ်...ပျော်ရွှင်သွားရမယ်...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဆေးရောင်ခြယ်မယ်..ပုံပြောပြမယ်...သီချင်းတွေဆိုကြမယ်..။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ်... သိမ်မွေ့ရမယ်..ပျော်ရွှင်သွားရမယ်...။ ။