မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ

ဝီကီရင်းမြစ် မှ
2216ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ2010

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၁၅/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)

နိဒါန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော် အသီးသီးပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေ များကို ပြဋ္ဌာန်းရန်လိုအပ်လာပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ကအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

[ပြင်ဆင်ရန်]

၁။ (က) ဤဥပဒေကို ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ စတင်၍ အာဏာတည်ရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဥပဒေအရဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆိုသည်။
(ဃ) နေပြည်တော်ကောင်စီ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄ အရ သတ်မှတ်ထားသော နယ်မြေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅ အရ ဖွဲ့စည်းသော ကောင်စီကို ဆိုသည်။
(င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုဆိုသည်။
(စ) လွှတ်တော် ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့ကိုဆိုသည်။

အခန်း(၂) ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်အကြီးအကဲ

၃။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။

၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။

၅။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁) နိုင်ငံတော်သမ္မတ၊

(၂) ဒုတိယသမ္မတများ၊

(၃) ပြည်ထောင်စုဝန်ကြီးများ၊

(၄) ပြည်ထောင်စုရှေ့နေချုပ်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်သည် ရာထူးအလျောက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။

၇။ ပုဒ်မ ၆၊ ပုဒ်မခွဲ (က)ပါ ပြည်ထောင်စုအစိုးရအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးသည်-

(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော် သားသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (စျ)၊ (ည)၊ (ဋ) နှင့် ပုဒ်မ ၂၃၇၊ ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ)တို့ပါ ပြဋ္ဌာန်းချက်များ အတိုင်းဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသား တစ်ဦးဖြစ်လျှင်သော်လည်းကောင်း အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့်အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက် များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်း ကောင်း ဆောင်ရွက်ခွင့်ရှိသည်။

ပြည်ထောင်စုအစိုးရဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်း

၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်-

(က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ဖြည့်စွက်ခြင်း များပြု နိုင်သည်။

(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို သတ်မှတ်ခြင်း၊သတ်မှတ်ထားသည့် ဦးရေကိုတိုးခြင်းနှင့် လျှော့ခြင်း များပြုနိုင်သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း

၉။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေများအရသော်လည်းကောင်း အောက်ပါတို့ကို ဖွဲ့စည်းရမည်-

(က) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊

(ခ) ဘဏ္ဍာရေးကော်မရှင်၊

(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊

(ဃ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊

(င) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊

(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း

၁၀။ (က) နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်းပေးအပ်လာသည့် တာဝန်များကိုထမ်းဆောင်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်သည့် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်-

(၁) နိုင်ငံတော်သမ္မတ၊

(၂) ဒုတိယသမ္မတ၊

(၃) ဒုတိယသမ္မတ၊

(၄) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊

(၅) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊

(၆) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(၇) ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(၈) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊

(၉) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊

(၁၀) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊

(၁၁) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။

ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်း

၁၁။ (က) နိုင်ငံတော်သမ္မတသည် ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်-

(၁)


နိုင်ငံတော်သမ္မတ


-


ဥက္ကဋ္ဌ

(၂)


ဒုတိယသမ္မတ


-


ဒုတိယဥက္ကဋ္ဌ

(၃)


ဒုတိယသမ္မတ


-


ဒုတိယဥက္ကဋ္ဌ

(၄)


ပြည်ထောင်စုရှေ့နေချုပ်


-


အဖွဲ့ဝင်

(၅)


ပြည်ထောင်စုစာရင်းစစ်ချုပ်


-


အဖွဲ့ဝင်

(၆)


တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်များ


-


အဖွဲ့ဝင်များ

(၇)


နေပြည်တော်ကောင်စီဥက္ကဋ္ဌ


-


အဖွဲ့ဝင်

(၈)


ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး


-


အတွင်းရေးမှူး

(ခ) ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာရမည်။

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

၁၂။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်-

(၁) လွှတ်တော်တစ်ရပ်ရပ်၏ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် မဟုတ်သူ များထဲမှဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)ပါ အရည်အချင်းများနှင့် ပြည့်စုံသောသင့်လျော် သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်။

(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(၃) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ရွေးချယ်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အမည်စာရင်းကို စုစည်း၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။​

(ဂ) ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော် သည်နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။

(ဃ) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစားအမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။

(င) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ ခန့်အပ်တာဝန်ပေးရာတွင် ပြည်ထောင်စုဝန်ကြီးများ တစ်ဦးချင်းအလိုက်တာဝန် ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်။

၁၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ယင်းတို့အား တာဝန်ပေး အပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်။

၁၄။ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။

ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း

၁၅။ (က) နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များ ပေးအပ်နိုင်ရန် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်မဟုတ်သူများ ထဲမှ ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၇ အရ ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူ၍ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည်။

(ခ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ယူရမည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ခန့်အပ်တာဝန်ပေးခြင်း

၁၆။ နိုင်ငံတော်သမ္မတသည်-

(က) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်း ထားသည့် ဥပဒေများအရသော်လည်းကောင်း သက်ဆိုင်ရာ အရည်အချင်းများနှင့် ပြည့်စုံသည့် အောက်ပါပုဂ္ဂိုလ်များအား ခန့်အပ်တာဝန်ပေးရမည်-

(၁) ပြည်ထောင်စုတရားသူကြီးချုပ်၊

(၂) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊

(၃) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊

(၄) ပြည်ထောင်စုစာရင်းစစ်ချုပ်၊

(၅) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊

(၆) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊

(၇) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊

(၈) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊

(၉) ဒုတိယဝန်ကြီးများ၊

(၁၀) ဒုတိယရှေ့နေချုပ်၊

(၁၁) ဒုတိယစာရင်းစစ်ချုပ်၊

(၁၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ။

၁၇။ (က) နိုင်ငံတော်သမ္မတသည်-

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ အရ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် တပ်မတော် သားများအား ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရ မည်။ ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင်တာဝန်ယူရမည့် ဝန်ကြီးဌာန များကို သတ်မှတ် ပေးရမည်။

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၉၊ ၂၄၄ နှင့် ၂၄၆ တို့အရ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ် ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များခန့်အပ်တာဝန်ပေးရာတွင် တပ်မတော်သားများအား ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ) ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။

(ဂ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင် သော်လည်းကောင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဈ)၊ (ည) နှင့် (ဋ)တို့ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်။

(ဃ) ဒုတိယဝန်ကြီးများသည် ပုဒ်မခွဲ(ဂ)အရ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ် တာဝန် ပေးခြင်းခံခဲ့ရသည့် နိုင်ငံသားတစ်ဦးဖြစ်လျှင်သော်လည်းကောင်း အဆိုပါပုဂ္ဂိုလ်သည် နောင်လာ မည့်အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ရပ်တွင်ပါဝင် ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသား တစ်ဦးအား ဖွဲ့စည်းပုံအခြေခံပုဒ်မ ၃၈၊ ပုဒ်မခွဲ (က)အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနနှင့် ဝန်ကြီးဦးရေသတ်မှတ်ခြင်း

၁၈။ နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူ ညီချက်ဖြင့်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ဖြည့်စွက် ခြင်းများ ပြုနိုင်သည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို သတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် ဦးရေကို တိုးခြင်းနှင့် လျှော့ခြင်းများ ပြုနိုင်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ ခန့်အပ်တာဝန်ပေးခြင်း

၁၉။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါပုဂ္ဂိုလ်များ အားခန့်အပ် တာဝန်ပေးရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊

(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊

(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ၊

(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ။

၂၀။ နိုင်ငံတော်သမ္မတသည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့လည်းကောင်း အကြောင်းကြားရမည်။

(ခ) ထိုသို့ အကြောင်းကြားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ပေး အပ်မည့် ဝန်ကြီးဌာနများကို ဖော်ပြရမည်။

နေပြည်တော်ကောင်စီဖွဲ့စည်းခြင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များခန့်အပ်တာဝန်ပေးခြင်း

၂၁။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)နှင့် နေပြည်တော်ကောင်စီဥပဒေနှင့်အညီ နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌအပါအဝင် ကောင်စီဝင်ဦးရေကို ဥပဒေနှင့်အညီ သတ်မှတ်ပေးရမည်။

၂၂။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(က)ပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များကို ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂) နှင့် နေပြည်တော် ကောင်စီဥပဒေတို့အရ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။

အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း

၂၃။ (က) နိုင်ငံတော်သမ္မတသည် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရေးအတွက် အကြံပေးအဖွဲ့ကို သင့်လျော် သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော အကြံပေးအဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်ပြီး ယင်း၏ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။

ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၂၄။ (က) နိုင်ငံတော်သမ္မတသည် ယင်း၏ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို သင့်လျော် သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပြီး ယင်း၏ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။

အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်ကိစ္စများ

၂၅။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ-

(က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသ ဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကိုချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် စာချုပ်မှနုတ်ထွက်ခြင်းများပြုရမည်။

(ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည် ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် စာချုပ်မှ နုတ်ထွက်ခြင်းများ ပြုနိုင်သည်။

သံတမန်ဆိုင်ရာ ကိစ္စများ

၂၆။ နိုင်ငံတော်သမ္မတသည်-

(က) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ် ခြင်း၊ သံတမန် အဆက်အသွယ် ဖြတ်တောက်ခြင်း ပြုနိုင်သည်။

(ခ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ရန် ချက်ချင်းအရေးယူ ဆောင်ရွက်ရမည့်ကိစ္စမျိုးတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းလျက် သံတမန် အဆက်အသွယ်ဖြတ်တောက်နိုင်သည်။ သို့ရာတွင် မိမိအရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရ မည်။

(ဂ) မိမိနိုင်ငံ၏ သံတမန်များကို ခန့်အပ်ခြင်းနှင့် ပြန်လည်ခေါ်ယူခြင်းများ ပြုနိုင်သည်။

(ဃ) နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်းနှင့် နိုင်ငံခြားသံတမန်များအား ပြန်လည် ခေါ်ယူရန် အကြောင်းကြားခြင်းများပြုနိုင်သည်။

(င) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုနိုင်သည်။

နယ်နိမိတ်ဆိုင်ရာ ကိစ္စများ

၂၇။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၂၈။ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်နယ်၏နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။

၂၉။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ် များပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည် ပြောင်းလဲရန် ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၏ ထောက်ခံ တင်ပြချက်ဖြင့် လိုအပ်သလို ဆောင်ရွက်ပေးရမည်။

၃၀။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များ ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်။

စစ်ရေးဆိုင်ရာ ကိစ္စများ

၃၁။ နိုင်ငံတော်သမ္မတသည်-

(က) နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထား သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းလျက်စစ်ရေးအရ လိုအပ်သလိုဆောင်ရွက် ပိုင်ခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန် ဖြစ်လျှင်ယင်းအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြ အတည်ပြုချက် ရယူရမည်။

(ဂ) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်။ စစ်ပြေငြိမ်းနိုင်သည်။

ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ဆိုင်ရာ ကိစ္စများ

၃၂။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များမှအပချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ် သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခွင့်ရှိ သည်။

(ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က) အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀အတွင်း ကျင်းပသော အနီးကပ်ဆုံးပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆၀အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရန်မရှိလျှင် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးကို ခေါ်ယူကျင်းပ စေ၍ အတည်ပြုချက်ရယူရမည်။

(ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည် အတည်မပြုသည့်နေ့ရက်မှစ၍အာဏာတည်ခြင်းမှ ရပ်စဲရမည်။ အာဏာတည်ခြင်းမရပ်စဲမီ ယင်းအမိန့် အရ နိုင်ငံတော် သမ္မတ၏ ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။

(ဃ) နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်။

(င) နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန် ကြေညာသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီးဖြစ်စေကာမူ ထိုဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကိုအနီးကပ် ဆုံး ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။

(စ) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့် မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။

ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ ကိစ္စများ

၃၃။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော ဥပဒေ ကြမ်းများကိုလက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရမည်။

(ခ) နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေ ညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်သည်။

(ဂ) နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကမိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခြင်း မပြုလျှင်သော် လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း မပြုလျှင်သော်လည်း ကောင်း သတ်မှတ်ကာလပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေး ထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။

၃၄။ (က) ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ) အရ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လျှင် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များအပေါ် ဆွေးနွေး သုံးသပ် ပြီးနောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အား လက်ခံ၍ ဥပဒေကြမ်းကို ပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အား လက်မခံဘဲ ဥပဒေကြမ်း ကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ် နိုင်သည်။

(ခ) နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။

(ဂ) ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သောဥပဒေကြမ်းကို ပုဒ်မခွဲ (ခ) ပါ သတ်မှတ် ကာလ အတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင် ယင်းသတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကိုရရှိပြီးသကဲ့သို့ ဥပဒေဖြစ် လာရမည်။

ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ဆိုင်ရာ ကိစ္စများ

၃၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေများအရ-

(က) ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်။

(ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်

ရုပ်သိမ်းခြင်း ပြုနိုင်သည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးဆိုင်ရာ ကိစ္စများ

၃၆။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေများအရ-

(က) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်နိုင်သည်။

(ခ) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ထုတ်ပယ်ခြင်းပြုနိုင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကိစ္စများ

၃၇။ နိုင်ငံတော်သမ္မတသည်-

(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။

(ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

မိန့်ခွန်းပြောကြားခြင်းနှင့် သဝဏ်လွှာပေးပို့ခြင်းဆိုင်ရာ ကိစ္စများ

၃၈။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့်အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေး တွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံး သို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်နှင့် သဝဏ်လွှာပေးပို့ခွင့်များ ရှိသည်။

အခြားကိစ္စရပ်များ

၃၉။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အရေးပေါ်အစည်းအဝေးကို ဖြစ်စေ၊ အထူးအစည်း အဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

၄၀။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စရပ်များကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တိုက်ရိုက်တင်သွင်းခွင့် ရှိသည်။

၄၁။ နိုင်ငံတော်သမ္မတသည်-

(က) ဒုတိယသမ္မတများက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ပေးနိုင်သည်။ ခွဲဝေ သတ်မှတ်ထားသော တာဝန်များကို ပြောင်းလဲသတ်မှတ်နိုင်သည်။

(ခ) အကြောင်းတစ်စုံတစ်ရာကြောင့် ဒုတိယသမ္မတတစ်ဦး တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်လျှင် ကျန်ရှိ သည့် ဒုတိယသမ္မတတစ်ဦးကို ယာယီပူးတွဲတာဝန်ထမ်းဆောင်စေနိုင်သည်။

၄၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အခြား ဥပဒေများ က အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးထမ်းဆောင်ရမည်။

၄၃။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်​အနေဖြင့်ပြုခဲ့သော ပြုလုပ်မှုတို့အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ဒုတိယသမ္မတများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၄၄။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။

၄၅။ နိုင်ငံတော်သမ္မတ ပြည်ပသို့ခရီးသွားနေချိန်တွင် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါ က ဒုတိယဆန္ဒမဲ အများဆုံးရရှိသည့် ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတ၏ တာဝန်ဝတ္တရားများကို ယာယီပူးတွဲ ထမ်းဆောင်ရမည်။

၄၆။ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတတစ်ဦးသည် ပြည်ထောင်စု အစိုးရ ဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ဦးဆောင် စိစစ်၍ ယင်းတို့၏ အရအသုံးငွေစာရင်းလျာထားချက်ကိုလည်းကောင်း၊ ကျန်ဒုတိယသမ္မတ တစ်ဦး သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရ အသုံးငွေစာရင်းများကို ဦးဆောင်စိစစ်၍ ယင်း၏အရ အသုံးငွေစာရင်း လျာထားချက်ကို လည်းကောင်း ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်။

၄၇။ ဒုတိယသမ္မတသည် နိုင်ငံတော်သမ္မတက ခွဲဝေသတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

အခန်း(၄) ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]

ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ

၄၈။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။

၄၉။ ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်။

၅၀။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေ များအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်း ပေးအပ်သည်ဟုလည်း မမှတ်ယူရ။

၅၁။ (က) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်။

(ခ) နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရကဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက် လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်း ကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်း ကောင်း လိုအပ်သည့်နည်း​ဥပဒေများ ပြဋ္ဌာန်းခွင့် ရှိသည်။

(ဂ) နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သော အမိန့်များနှင့် ချုပ်ဆိုသောစာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့်နည်းဥပဒေများတွင် ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေ ရမည်။ ထိုသို့ဆောင်ရွက်ထားသည့်အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏ အမိန့် သို့မဟုတ် စာချုပ်စာတမ်းမဟုတ်သောကြောင့် မခိုင်လုံဟုငြင်းဆိုပိုင်ခွင့်မရှိစေရ။

(ဃ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ) တို့ရှိပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ မိမိ၏တာဝန် ဝတ္တရားများကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာန ဆိုင်ရာ လုပ်ငန်း အလိုက်ဖြစ်စေ ခွဲဝေအပ် နှင်းနိုင်သည်။

၅၂။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ် ပြင်ဆင် သတ်မှတ် ရေးဆိုင်ရာ အငြင်းပွားမှုများမှအပ-

(က) တိုင်းဒေသကြီးနှင့် ပြည်နယ်အကြားသော်လည်းကောင်း၊ တိုင်းဒေသကြီး အချင်းချင်းသော် လည်း ကောင်း၊ ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုအကြားသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်းသော်လည်း ကောင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ပေးခြင်းနှင့် လိုအပ်လျှင်အဆုံးအဖြတ်ပေးခြင်း များပြုရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအကြားသော်လည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု နှင့် ပြည်ထောင်စုနယ်မြေအကြားသော်လည်းကောင်း ဖြစ်ပွားသည့် အုပ်ချုပ်ရေး ဆိုင်ရာ အငြင်းပွားမှုများ နှင့် စပ်လျဉ်း၍ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်လျှင် အဆုံးအဖြတ် ပေးခြင်းများပြုရမည်။

၅၃။ ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့က လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က လည်း ကောင်းလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှု ရှိစေရေး အတွက် ပေါင်းစပ် ညှိနှိုင်းပေးရမည်။

၅၄။ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများသည် ယင်းတို့၏ လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများက လုပ်ငန်း တာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်း ကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့်စစ်ဆေးခြင်းများ ပြုရမည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ

၅၅။ ပြည်ထောင်စုအစိုးရသည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ် ရမည်။ ယင်းမူဝါဒများ နှင့်အညီ လိုအပ်သောစီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည်။

(ခ) ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏ နှစ်စဉ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို အခြေပြုလျက် နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းအတည်ပြုချက် ရယူရမည်။

(ဂ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အတိုင်း လိုအပ်သလို ဆောင်ရွက်ရမည်။

(ဃ) ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ လျာထားသော ရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ်ရငွေများ လျာထားရန် နှင့် သုံးငွေများခွင့်ပြုရန် လိုအပ်သည့်အခါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းအတည်ပြုချက်ရယူရမည်။

(င) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေပါအတိုင်း လိုအပ်သလို ဆောင်ရွက်ရမည်။

(စ) ပုဒ်မခွဲ(ခ)အရ တင်သွင်းသည့် နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိဘဏ္ဍာရေးနှစ်မကုန်ဆုံးမီအထိ ပြည်ထောင်စုလွှတ်တော်က အချိန်မီ ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် နောက်လာမည့် ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များအနက် သာမန် အသုံးစရိတ်များကိုသာ ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။

(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၅ ပါ အခွန်အခများမှအပ အခြားအခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍လည်းကောင်း၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန်သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အခအမျိုးအစား များကို ပြည်ထောင်စုနယ်မြေများအတွက် ကောက်ခံရန်ရှိပါက ဥပဒေနှင့်အညီ ကောက်ခံ၍ လည်း ကောင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းပြီး ယင်းပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကို ဥပဒေနှင့် အညီ သုံးစွဲခွင့်ရှိသည်။

(ဇ) (၁) နေပြည်တော်စည်ပင်သာယာရေးကော်မတီက သက်ဆိုင်ရာမြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိ၏ဘဏ္ဍာငွေနှင့် မလုံလောက်၍ ရန်ပုံငွေထပ်မံလိုအပ်သဖြင့် နိုင်ငံတော်မှ ထောက်ပံ့နိုင်ရန် နေပြည်တော်ကောင်စီမှ တစ်ဆင့် တင်ပြတောင်းခံလာသည့်အခါ ဥပဒေနှင့်အညီ ခွင့်ပြု နိုင်သည်။

(၂) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တို့က သက်ဆိုင်ရာမြို့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့၏ ဘဏ္ဍာငွေနှင့် မလုံ လောက်၍ ရန်ပုံငွေ ထပ်မံလိုအပ်သဖြင့် နိုင်ငံတော်မှ ထောက်ပံ့နိုင်ရန် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် တင်ပြတောင်းခံလာ သည့်အခါ ဥပဒေနှင့်အညီ ခွင့်ပြုနိုင်သည်။

(ဈ) ပြည်တွင်းပြည်ပချေးငွေများ၊ စီးပွားရေးအထောက်အပံ့များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များကို အဆုံးအဖြတ်ပေးနိုင်သည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ

၅၆။ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို နိုင်ငံတော်၏အကျိုးစီးပွားအလို့ငှာ-

(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ် လုပ်ကိုင် ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင် သည်။

(ခ) သမဝါယမအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်စေခွင့်ပြုနိုင် သည်။

ဥပဒေကြမ်းများ တင်သွင်းခြင်း

၅၇။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းနိုင်သည်။

လွှတ်တော်များနှင့် ဆက်သွယ်မှု

၅၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ယင်းတို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့များက ဖိတ်ကြားလျှင် ရှင်းလင်းတင်ပြရန် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးအား တာဝန်ပေးခြင်းနှင့် ယင်းကော်မတီများသို့ လိုအပ်သော အချက်အလက် ပေးပို့ခြင်းများ ပြုနိုင်သည်။

(ခ) လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို သတ်မှတ်ထားသည့် စည်းကမ်း၊ နည်းလမ်း များနှင့် အညီ ဖြေကြားနိုင်သည်။

(ဂ) ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။

(ဃ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။

အခြားကိစ္စရပ်များ

၅၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအ​ဝေးများသို့ ဖိတ်ကြားခြင်း ပြုနိုင်သည်။

(ခ) ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို ဥပဒေနှင့်အညီ လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးရမည်။ လိုအပ်သော ဝန်ထမ်း များကို ခန့်အပ်နိုင်သည်။

(ဂ) ဝန်ထမ်းလစာနှင့် လုပ်ခနှုန်းများ၊ အကောက်နှုန်းများ၊ အခွန်နှုန်းများနှင့်အခြား လိုအပ်သည့်နှုန်း များကို ဥပဒေနှင့်အညီ ဆုံးဖြတ်သတ်မှတ်ရမည်။

(ဃ) မိမိ၏ ဆုံးဖြတ်ချက်ရယူရန် လိုအပ်သည့် ကိစ္စရပ်များကို အခါအားလျော်စွာ သတ်မှတ်ရမည်။

(င) တည်ဆဲဥပဒေတစ်ရပ်ရပ်က ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများ

၆၀။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

၆၁။ နိုင်ငံတော်သမ္မတသည် အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။

၆၂။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေးသို့တက်ရောက်ရန် ခိုင်လုံသော အကြောင်း မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။ အစည်းအဝေးသို့ မတက်ရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက် ဖြင့် နိုင်ငံတော်သမ္မတထံ ကြိုတင်ခွင့်ပန်ရမည်။

၆၃။ (က) အစည်းအဝေးမှတ်တမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက မှတ်တမ်းတင်ထားရမည်။

(ခ) အစည်းအဝေးမှတ်တမ်းများကို နောက်တစ်ကြိမ် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ရယူ ရမည်။

(ဂ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော ပြည်ထောင်စုအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်များနှင့် အစည်း အဝေးမှတ်တမ်းများသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ဖြစ်သည်။

အခန်း(၅) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

[ပြင်ဆင်ရန်]

၆၄။ ပြည်ထောင်စုဝန်ကြီးသည် မိမိတာဝန်ယူရသော ဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ အောက်ပါတာဝန်နှင့် လုပ်ပိုင်ခွင့် များရှိသည်-

(က) ဒုတိယဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးများနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း၊

(ခ) စီမံကိန်းများနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်းကို ညှိနှိုင်းရေးဆွဲခြင်း၊

(ဂ) နိုင်ငံတော်၏ စီမံကိန်းများအရ ဆောင်ရွက်ရမည့် လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် စေရန် တာဝန်ယူခြင်း၊

(ဃ) တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်၍ ကြီးကြပ်ခြင်း၊

(င) လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(စ) ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ လုပ်ငန်းတာဝန်များကို အခါအားလျော်စွာ ပြန်လည်သုံးသပ်၍ လိုအပ်ပါက ပြင်ဆင် သတ်မှတ်ရန် အကြံပြုချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(ဆ) ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

၆၅။ ဒုတိယဝန်ကြီးများသည် မိမိတာဝန်ရှိသော ဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ အောက်ပါတာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသည်-

(က) သက်ဆိုင်ရာ ဝန်ကြီးအားလည်းကောင်း၊ ဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံ ခြင်း၊

(ခ) ဝန်ကြီးက အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ဂ) ဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့ သို့မဟုတ် အဖွဲ့များကို ဝန်ကြီး၏တာဝန်ပေးချက်အရ ဦးဆောင်ခြင်း၊

(ဃ) မိမိတာဝန်ယူသော လုပ်ငန်းများ၏ လိုအပ်ချက်များ၊ ပြဿနာများနှင့် ဆောင်ရွက်ချက်များကို ဝန်ကြီးအား တင်ပြခြင်း၊

(င) နိုင်ငံတော်၏ စီမံကိန်းများအရ ထမ်းဆောင်ရမည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည် ဖော်စေရန် ဝန်ကြီး၏ တာဝန်ပေးချက်နှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း၊

(စ) တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်၍ ကြီးကြပ်ခြင်း၊

(ဆ) ဝန်ကြီးက သတ်မှတ်ပေးသော အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၆) ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ စွပ်စွဲပြစ်တင်ခြင်းနှင့်လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

[ပြင်ဆင်ရန်]

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ ရာထူးသက်တမ်း

၆၆။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။

(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

(ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင် ခြင်း မပြုရ။

(ဃ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူးသက် တမ်းတစ်ခုဟု မသတ်မှတ်ရ။

(င) ဒုတိယသမ္မတရာထူးသက်တမ်းပြည့် နှစ်ကြိမ်အထိ ထမ်းဆောင်ပြီးသော ပုဂ္ဂိုလ်သည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ။ ဒုတိယသမ္မတရာထူးသက်တမ်းပြည့် တစ်ကြိမ်သာ ထမ်းဆောင် ခဲ့သော ပုဂ္ဂိုလ်သည် နောက်ထပ် ဒုတိယသမ္မတရာထူးသက်တမ်း တစ်ကြိမ်ကိုသော်လည်း ကောင်း၊ သမ္မတရာထူးသက်တမ်း နှစ်ကြိမ်ကိုသော်လည်းကောင်း ထမ်းဆောင်နိုင်သည်။

(စ) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ် သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ အသစ်၏ ရာထူးသက်တမ်းသည် မူလရာထူး သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

(ဆ) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်းသည် လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်းသည်လည်းကောင်း သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်းအတိုင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ခြင်းနှင့် တာဝန်မှစပ်စဲခြင်း

၆၇။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်းမကုန်ဆုံးမီ ဆန္ဒ အလျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့် ပြုရမည်။ ထိုသို့နုတ်ထွက်ကြောင်းကို ပြည်ထောင်စုလွှတ် တော်နာယကထံ အကြောင်းကြားရမည်။

၆၈။ (က) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ပြည်ထောင်စုရှေ့နေချုပ်သည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လို ကြောင်း နိုင်ငံတော် သမ္မတထံစာဖြင့် တင်ပြပြီးရာထူးမှ နုတ်ထွက်နိုင်သည်။

(ခ) ဒုတိယဝန်ကြီးသည် ပုဒ်မခွဲ (က)ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံစာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

(ဂ) ဒုတိယရှေ့နေချုပ်သည် ပုဒ်မခွဲ (က)ပါအတိုင်း ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လို ကြောင်း ပြည်ထောင်စုရှေ့နေချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက် နိုင်သည်။

၆၉။ နိုင်ငံတော်သမ္မတသည်-

(က) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီး သို့မဟုတ် ဒုတိယရှေ့နေချုပ်တစ်ဦးဦးအားရာထူးမှ နုတ်ထွက်ရန် ညွှန်ကြား နိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်။

(ခ) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း

၇၀။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁၊ ပုဒ်မခွဲ (က)ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုလျှင်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် တစ်ဦးဦး အား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃၊ ပုဒ်မခွဲ (က) ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင် လိုလျှင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)နှင့် (ဆ)တို့နှင့်အညီ ဆောင်ရွက်ရမည်။

၇၁။ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ပြည်ထောင်စုရှေ့နေချုပ်အား အမျိုးသားလွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စွပ်စွဲပြစ်တင်သောကြောင့် သက်ဆိုင်ရာလွှတ်တော်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၃ နှင့်အညီ ဆောင်ရွက်ပြီး လက်ရှိ ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ တင်ပြလျှင်နိုင်ငံတော်သမ္မတသည် ယင်းပုဂ္ဂိုလ်ကို ရာထူးမှ ရပ်စဲရမည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၇၂။ (က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးနေရာလစ်လပ်လျှင်သော်လည်းကောင်း၊ စွပ်စွဲပြစ်တင်ခံရသဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမပြုနိုင်လျှင် သော်လည်းကောင်း ဒုတိယ သမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင် မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲ အများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်။

(ခ) နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ နှင့် (င) တို့ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

၇၃။ ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူး နေရာလစ်လပ်လျှင် အစားထိုး ရွေးချယ်တင်မြှောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (စ) နှင့် (ဆ) တို့ပါ နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

၇၄။ (က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး ရာထူးနေရာသော် လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရာထူးနေရာသော်လည်းကောင်း လစ်လပ်လျှင် နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီး အသစ်ဖြစ်စေ၊ ပြည်ထောင်စုရှေ့နေချုပ် အသစ်ဖြစ်စေခန့်အပ်တာဝန်ပေးနိုင်သည်။ အစားထိုးခန့်အပ် တာဝန်ပေး ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အသစ်နှင့် ပြည်ထောင်စုရှေ့နေချုပ်အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်စေရမည်။

(ခ) ပြည်ထောင်စုဝန်ကြီးများအား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး လစ်လပ်ပါက အစားထိုးရွေးချယ် တင်မြှောက် လိုက်သည်။ နိုင်ငံတော်သမ္မတအသစ်က ပြည်ထောင်စုဝန်ကြီးအသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုဝန်ကြီးများသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်း ဆောင်ရမည်။

(ဂ) ပြည်ထောင်စုရှေ့နေချုပ်အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်ပါက အစားထိုးရွေးချယ် တင်မြှောက် လိုက်သည့် နိုင်ငံတော်သမ္မတအသစ်က ယင်းအားဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ်ကို ခန့်အပ် တာဝန်ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည်ဆိုပါက ပြည်ထောင်စုရှေ့နေချုပ်အသစ်ကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုရှေ့နေချုပ်အား ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်။

(ဃ) ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အသစ်နှင့် ပြည်ထောင်စုရှေ့နေချုပ်အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့်ရာထူး သက်တမ်း ကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။

၇၅။ (က) နိုင်ငံတော်သမ္မတသည် အောက်ပါပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စွပ်စွဲပြစ်တင်လိုလျှင် မိမိ၏ စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည်-

(၁) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး၊

(၂) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊

(၃) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်။

(ခ) ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်၍ စွပ်စွဲခံရသူသည် လက်ရှိရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်။

(ဂ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(ခ)အရ တင်ပြချက်ကို ရရှိလျှင် ယင်းပုဂ္ဂိုလ်ကို ရာထူးမှ ရပ်စဲရမည်။

၇၆။ (က) အမျိုးသားလွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အောက်ပါ ပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စွပ်စွဲပြစ်တင်လိုလျှင် မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းနိုင်သည်-

(၁) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး၊

(၂) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊

(၃) ပြည်ထောင်စုစာရင်းစစ်ချုပ်။

(ခ) သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အား စွပ်စွဲပြစ်တင်ခြင်းဖြစ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မခွဲ(ဂ) အရသော် လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်းဖြစ်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၃ အရသော်လည်းကောင်း ဆောင်ရွက်၍ စွပ်စွဲခံရသူသည် လက်ရှိရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်။

(ဂ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ(ခ) အရ တင်ပြချက်ကို ရရှိလျှင် ယင်းပုဂ္ဂိုလ်ကို ရာထူးမှ ရပ်စဲ ရမည်။

၇၇။ နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့ကို ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၇၈။ (က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ရာထူး နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သီးခြားပြဋ္ဌာန်းထား သည့် ဥပဒေများအရသော်လည်းကောင်း ယင်းရာထူးနေရာတွင် အသစ်ခန့်အပ်တာဝန်ပေးနိုင်သည်။

(ခ) အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ယင်း ပုဂ္ဂိုလ်တစ်ဦးဦး၏ ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ သီးခြားပြဋ္ဌာန်းထားသည့် ဥပဒေများ အရသော်လည်းကောင်း ယင်းရာထူးနေရာတွင် အသစ်ခန့်အပ် တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပုဂ္ဂိုလ်များ အနက် ပုဒ်မခွဲငယ် (၁)၊ (၃)၊ (၆) နှင့် (၈) တို့ပါ ပုဂ္ဂိုလ်များမှအပ ကျန်ပုဂ္ဂိုလ်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူး သက်တမ်း အတွက်သာ ဖြစ်စေရမည်-

(၁) ပြည်ထောင်စုတရားသူကြီးချုပ်၊

(၂) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊

(၃) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊

(၄) ပြည်ထောင်စုစာရင်းစစ်ချုပ်၊

(၅) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊

(၆) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊

(၇) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊

(၈) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊

(၉) ဒုတိယဝန်ကြီးများ၊

(၁၀) ဒုတိယရှေ့နေချုပ်၊

(၁၁) ဒုတိယစာရင်းစစ်ချုပ်၊

(၁၂) ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များအား တာဝန်မှရပ်စဲခြင်း

၇၉။ နိုင်ငံတော်သမ္မတသည်-

(က) ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော အောက်ပါပုဂ္ဂိုလ်များကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်-

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး၊

(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၊

(၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်။

(ခ) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

၈၀။ ပုဒ်မ ၇၉ ပါ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (က)ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးနောက် ယင်းပုဂ္ဂိုလ်အား လက်ရှိရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်တင်ပြလာပါက နိုင်ငံတော်သမ္မတသည် ယင်းပုဂ္ဂိုလ်ကို ရာထူးမှ ရပ်စဲရမည်။

၈၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးတစ်ဦးဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၁၊ ပုဒ်မခွဲ(က)ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၁၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ) နှင့် (ဈ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးနောက် ယင်းပုဂ္ဂိုလ်အား လက်ရှိ ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်တင်ပြလာပါက နိုင်ငံတော်သမ္မတသည် ယင်းပုဂ္ဂိုလ်ကို ရာထူးမှရပ်စဲရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့် ထားခြင်း

၈၂။ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ယင်းပုဂ္ဂိုလ်တစ်ဦးဦး၏ ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယင်းရာထူးနေရာတွင် ဖြည့်စွက်ခန့်အပ် တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပုဂ္ဂိုလ်များအနက် ပုဒ်မခွဲ (ခ) နှင့် (ဃ) တို့ပါ ပုဂ္ဂိုလ်များမှအပ ကျန်ပုဂ္ဂိုလ်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူး သက်တမ်း အတွက်သာ ဖြစ်စေရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊

(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊

(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ၊

(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်များအား တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်ရာထူး နေရာတွင်ဖြည့်စွက် ခန့်ထားခြင်း

၈၃။ နိုင်ငံတော်သမ္မတသည်-

(က) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရ မည်။

(ခ) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား နေပြည်တော်ကောင်စီဝင်နှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၈၄။ ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်ရာထူးနေရာ လစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။

အခန်း(၇) အရေးပေါ်အခြေအနေကြေညာခြင်း

[ပြင်ဆင်ရန်]

၈၅။ အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင် သည်-

(က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခု တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်းသိရှိခြင်း သို့မဟုတ် ယင်းသို့အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြခြင်း၊

(ခ) တိုင်းဒေသကြီးတစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေပေါ်ပေါက်ခြင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်း ရှိကြောင်းသိရှိခြင်း သို့မဟုတ် ယင်းသို့ အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့ အစည်းက တင်ပြခြင်း၊

(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက် ခြင်း သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိခြင်း။

၈၆။ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (က) ပါအခြေအနေကြောင့် အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော် သမ္မတသည်-

(က) သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေး အာဏာကို ရယူသုံးစွဲခွင့် ရှိသည်။

(ခ) ပုဒ်မခွဲ (က)ပါ အုပ်ချုပ်ရေးအာဏာကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ် ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ် တစ်ဦးဦးအားဖြစ်စေ အပ်နှင်းဆောင်ရွက်စေနိုင်သည်။

(ဂ) ယင်းသို့ ဆောင်ရွက်ရာ၌ လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများက ဥပဒေပြုပိုင်ခွင့်ရှိသော ကိစ္စရပ်များအနက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေပြုခွင့် အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်။ သို့ရာတွင် ဥပဒေပြုခွင့် အာဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည့်သည့် ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင် ရွက်စေခြင်းမပြုရ။

၈၇။ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ)ပါ အခြေအနေကြောင့် အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော် သမ္မတသည်-

(က) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင်များဖြစ်ကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်း၍ အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန်ကြေညာနိုင်ပြီး ယင်းထုတ်ပြန် ကြေညာချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အမြန်ဆုံးတင်ပြအတည်ပြုချက်ရ ယူရမည်။

(ခ) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလ အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်း အဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်း ဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

(ဂ) လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကိုလည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်များ ကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များ ကိုမိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကိုကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်သည်။

၈၈။ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ ပုဒ်မ ၈၅၊ ပုဒ်မခွဲ(က) နှင့် (ခ) တို့အရ အရေးပေါ် အခြေအနေ ကြေညာသောအခါ-

(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေဒေသနှင့် အချိန်ကာလ တို့ကို သတ်မှတ် ဖော်ပြရမည်။

(ခ) လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင် ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။

၈၉။ (က) နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (က) နှင့် ၈၆ တို့အရ အရေးယူဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ) နှင့် ၈၇ တို့အရ အရေးယူဆောင်ရွက်ချက်များကိုလည်းကောင်း ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (င) တို့နှင့်အညီ ဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြု သည့်အပြင် အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လျှင် ထိုဥပဒေကဲ့သို့ အာဏာတည်သော အမိန့်သည် တိုးမြှင့်သတ် မှတ်သည့်အချိန်ကာလ ကုန်ဆုံးသည်အထိ အာဏာတည်ရမည်။

၉၀။ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ ပုဒ်မ ၈၅၊ ပုဒ်မခွဲ(ဂ) အရ အရေးပေါ်အခြေအနေ ကြေညာသောအခါ-

(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံ တစ်ဝန်းလုံးဖြစ် ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့ရက်မှ တစ်နှစ် အထိဖြစ်ကြောင်းဖော်ပြရ မည်။

(ခ) နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာလိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်းကြေညာရမည်။ ယင်းသို့ ကြေညာသည့်နေ့ရက်မှစ၍ လွှတ်တော်အား လုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ် တော်များ၏ သက်တမ်း ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှဲအပ်ဆောင်ရွက် စေသည့် နေ့ရက်မှစ၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန် ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

၉၁။ ပုဒ်မ ၉၀၊ ပုဒ်မခွဲ(ခ) အရ နိုင်ငံတော်အာဏာလွှဲအပ်ခြင်း ခံရသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ လွှဲအပ် ကျင့်သုံးဆောင်ရွက်စေနိုင်သည်။

၉၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ်ကာလအတွင်း လိုအပ်သည့် နယ်မြေဒေသတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထား နိုင်သည်။

၉၃။ နိုင်ငံတော်သမ္မတသည်-

(က) ပုဒ်မ ၉၀၊ ပုဒ်မခွဲ (ခ) အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက် စေသည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်း အဝေး ခေါ်ယူစေ၍ဖြစ်စေ အစီရင်ခံစာတင်ပြရမည်။

(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက် ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက်တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့ တိုးမြှင့်ပေးသည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော် ​အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံတင်ပြရမည်။

၉၄။ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ဆုံး သေးပါက ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံတင်ပြပြီးသည့် နေ့ရက်မှစ၍ ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးပြီးဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ တင်ပြချက် ကိုလက်ခံရရှိသည့် နေ့ရက်မှစ၍ဖြစ်စေ ပုဒ်မ ၉၀၊ ပုဒ်မခွဲ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေ ခဲ့သည့် အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ပယ်ဖျက်ကြောင်း ကြေညာရမည်။

၉၅။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၉၄ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အစီရင်ခံစာကို ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်သက်တမ်း မကုန်ဆုံးသေးပါက လွှတ်တော်အားလုံး နှင့်ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေး ဆိုင်ရာ လုပ်ငန်းများအား ယာယီရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်ရမည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းအသစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန် ပေးအပ်ရမည်။ ယင်းအဖွဲ့အစည်းများသည် ကျန်ရှိသော လွှတ်တော်သက်တမ်းအတွက်သာ တာဝန်ထမ်းဆောင် ရမည်။

၉၆။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့သည်လည်းကောင်း ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံး စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ် တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအသစ် တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည် အထိဆက်လက်တည်ရှိသည်။

၉၇။ ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သည်-

(က) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။

(ခ) နိုင်ငံတော်သမ္မတက ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ဂ) နှင့် ၉၀ တို့အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ပုဒ်မ ၉၀၊ ပုဒ်မခွဲ (ခ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာရမည်။

(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များ ဖွဲ့စည်းခြင်းမပြုနိုင်သေးမီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်ရသည်။

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတအသစ်ကို ရွေးချယ်တင် မြှောက်ပြီး ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးသည့်အချိန်အထိ နိုင်ငံတော်အာဏာကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ရမည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့်များအတွက် သင့်လျော်သည့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင် သည်။

(င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင် အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော သက်ဆိုင်ရာ အရည်အချင်းနှင့် ညီညွတ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(စ) ပုဒ်မခွဲ (ခ) အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးရမည်။

(ဆ) ပုဒ်မခွဲ (င) အရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းသည့်ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာအဖွဲ့အစည်း များဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်ရမည်။

(ဇ) နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်ရမည်။

၉၈။ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ်ကာလအတွင်းဖြစ်စေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့်ကာလအတွင်းဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေလုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူ ဆောင်ရွက်မှုပြုနိုင်ရန် နိုင်ငံတော်သမ္မတကိုယ်စား လုပ်ပိုင်ခွင့်နှင့် တာဝန်များပေးအပ်ခြင်းခံရသည့် အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့ အစည်းဝင်တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့ အစည်းဝင်တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၏ တရားဝင်ဆောင် ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင်ဆောင်ရွက်ချက်များအပေါ် အကြောင်း ပြုလျက် တရားစွဲဆိုခွင့် မရှိစေရ။

အခန်း(၈) အထွေထွေ

[ပြင်ဆင်ရန်]

၉၉။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဤဥပဒေကို အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။

၁၀၀။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံပေးပို့ရမည်။

၁၀၁။ လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်း ဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရ မည်။

၁၀၂။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို ဖွဲ့စည်းထားရှိ ရမည်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဖွဲ့စည်းပုံနှင့် တာဝန်များကို သတ်မှတ်ပေးရမည်။

၁၀၃။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။

၁၀၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၀၅။ ဝန်ကြီးအဖွဲ့ဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၁) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက် သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ