ဗန်းမော်ဆရာတော် ကဗျာများ
ဗန်းမော်ဆရာတော်ကဗျာများ
ဗန်းမော်ဆရာတော်ဖြစ်လာခြင်း နှင့် ကဗျာဉာဏ်
ဦးပဏ္ဍိတသည် ပုဂံမင်းတရား၏ သာသနာပိုင် ဗားကရာဆရာတော် ဘုရားကြီးထံတွင် ပညာရှာမှီးရန် ရောက်ရှိလာသည်။ ဗားကရာဆရာတော်သည် ဝိနည်းအဆုံးအဖြတ်တွင် နာမည်ကျော်လှသည်။ ဗားကရာဆရာတော်၏ ဝိနည်းအဆုံးအဖြတ်များကို ဖြတ်ထုံးများအဖြစ် ရေးသားရန် ရှိသည့်အခါတိုင်း ဦးပဏ္ဍိတကိုပင် ဆရာတော်ကခိုင်းသည်။ ဤအချက်ကိုထောင့်ချင့်၍ ဗန်းမော်ဆရာတော်လောင်းဦးပဏ္ဍိတသည် လက်ရေးလက်သားလှသည်။ ပုရပိုက်အရေးအသား မြန်ဆန်သည်ဟု ယူဆရမည်ဖြစ်သည်။
ထိုမျှသာမက စာဆိုရဟန်းအဖြစ်လည်း ဗားကရာဆရာတော်ကရွေးချယ်သည်။ စာဆိုရဟန်းဆိုသည်မှာ စာသင်သားသံဃာပေါင်းများစွာတို့အနက်မှ တပါးသားလျှင်ရွေးချယ်ခံရခြင်းဖြစ်သည်။ စာဆိုသည့်နေရာတွင် ဉာဏ်ရည်အလွန်ရွှင်ပြီး အသံကြည်လင်ပြတ်သားလှသောကြောင့် စာလိုက်၊ စာနာ သံဃာတော်များမှာ အလွန်သဘောတွေ့ကြသည်။
(မှတ်ချက်။ ။ ရဟန်းတော်များ စာတက်စာသင်ပြုလုပ်ရာတွင် စာဆိုဟူ၍၎င်း၊ စာနာဟူ၍၎င်း နှစ်မျိုးရှိသည်။ စာချဘုန်းကြီး နောက်မှတပါးတည်းလိုက်ဆိုရသူကို စာဆိုဟုခေါ်ပြီး၊ စာဆိုရဟန်း၏စာသံကိုစိတ်ထဲက မှတ်ရုံသာမှတ်နေရာသော အခြားသံဃာတော်များကို စာနာသံဃာ၊ စာလိုက်သံဃာတော်များဟု ခေါ်ဆိုလေသည်။)
ဗန်းမော်ဆရာတော်လောင်းဦးပဏ္ဍိတသည် ဤအချိန်အခါကပင် ထူးချွန်၍ဗားကရာဆရာတော် ဘုရားကြီး၏လက်စွဲဖြစ်သည်။ ဗန်းမော်မြို့စား (ဘိုးတော်မင်းတရား၏မိဖုရား ) ဝေသာလီမင်းသမီးက ကျောင်းဆောက်လှူဒါန်းရာ "ဗန်းမော်ကျောင်း"ဟု အမည်တွင်သည်။ ထိုဗန်းမော်ကျောင်းတွင် ဦးပဏ္ဍိတကျောင်းထိုင်ဆရာတော်ဖြစ်လာသောအခါ "ဗန်းမော်ဆရာတော်" ဟုတွင်သည်။
ဗန်းမော်ဆရာတော်သည် သာသနာရေး၊ တိုင်းပြည်ရေးတို့တွင် အမှုမဲ့ အမှတ်မဲ့နေလေ့မရှိ၊ တပါးသူတို့၏ ကောင်းကျိုး ဆိုးပစ်များကို အမြဲဆင်ခြင် သုံးသပ်လေ့ရှိသည်။
စိတ်ထဲမှန်သည်ထင်လျှင် ပြတ်ပြတ်သားသား ပြောချတတ်သောကြောင့်လည်း၊ သုဓမ္မာဆရာတော်များစာရင်းတွင် ဗန်းမော်ဆရာတော်မပါဝင်ခဲ့ပေ။
ဗန်းမော်ဆရာတော်အား မင်းတုန်းမင်းသည် မပစ်ပယ်ပေ။ ဗန်းမော်ဆရာတော်၏ ဝေဖန်စာ၊ ပစ်စာများ သောင်းကျန်းသောအခါ၊ ဆရာတော်အား ဗန်းမော်မြို့သို့ မင်းမိန်ဖြင့်ပို့လိုက်ရသည်။ နောင်တွင် ပြန်၍ပင့်သော်လည်း မင်းနေပြည်တော်တွင် မနေ၊ တဘက်ကမ်း မင်းကွန်းနှင့် စစ်ကိုင်းမှာပင် နေလေသည်။ ပညာမာန လွန်ကဲသော ပုဂ္ဂိုလ်ဖြစ်၍ ဘုရင်ကိုးကွယ်မခံရသည်ကို မမှုသောဆရာတော်ဖြစ်သည်။ ရှေ့အခဏ်းများတွင် ဆက်လက်ရှုပါလေ။
*****
သေဘေးတွင်းမှ ကဗျာဉာဏ်
တနေ့တွင် မြစ်ကမ်းနဖူးကျောင်းတကျောင်း၌ ရဟန်းခံပွဲတခုရှိသည်။ ပဋိသန္ဓေတည်နေသည့်နေ့မှစ၍ အသက်၂၀ဖွားပြီးနောက် ၁၉နှစ်၃လ ရဟန်းခံနိုင်သည့် အရွယ်ရောက်နေသည့် ရှင်သာမဏတပါးကို ရဟန်းခံပေးရမည့် ဥပသမ္ပဒကံဆောင်ပွဲ၊ ရဟန်းခံပွဲဖြစ်သည်။ ထိုကံဆောင်ပွဲမှာ အနည်းဆုံး ရဟန်းတော်ငါးပါးရှိမှ ကံမြောက်သည်။ ရဟန်းခံပွဲပြီးမြောက်သည်။ ဗန်းမော်ဆရာတော်အပါအဝင် သင်္ဂဇာဆရာတော် ဦးအဂ္ဂနှင့် အခြားဆရာတော်ဦးဂန္ဓမာ၊ ဆရာတော်ဦးသောဘိတ၊ ဆရာတော် ဦးဩဘာသတို့လည်းပါဝင်သည်။
အဆိုပါ မြစ်ကမ်းနဖူးကျောင်းတွင် မြေပေါ်၌သမုတ်(သတ်မှတ်)ထားသော သိမ်မရှိပဲ၊ မြစ်ကမ်းစ ကျောက်ချ ရပ်တန့်ထားသည့် ဝါးဖောင်ကို ရေသိမ်အဖြစ် သတ်မှတ်ကာ ရဟန်းခံပွဲကျင်းပသည်။ ရဟန်းခံပွဲ (ဥပသမ္ပဒကံဆောင်ပွဲ) စတင်ကျင်းပနေပြီဖြစ်၍ ဗန်းမော်ဆရာတော်အပါအဝင် ဆရာတော်ငါးပါးနှင့် ရဟန်းလောင်း ရှင်သာမဏေကြီးပါ ဝါးဖောင် (ရေသိမ်) ပေါ် သို့ ရောက်ရှိနေကြပြီးဖြစ်သည်။
ဆရာတော်များက ရှင်သာမဏေကြီးအား ရဟန်းမဖြစ်မြောက်နိုင်သည့် ရောဂါများနှင့်တကွ ကြွေးမြီ ဘေးရန်တို့ ရှိ၊ မရှိ ထုံးစံအတိုင်းမေးပြီး ဥပသမ္ပဒကံဆောင်ရန် ကမ္မဝါစာချပ်များကို ကိုင်ဆောင်နေကြသည်။ ကမ္မဝါဖတ်ထားရန် ဆရာတော်များက "နမောတဿ" သုံးခေါက်ရွတ်ဖတ်ပြီး အဆုံးတွင် မမြှော်လင့်ဘဲ အရပ်လေးမျက်နှာမှ တိုက်ခိုက်လာသည့် မိုးသက်လေပြင်းဒဏ်ကို အပြင်းအထန်ခံလိုက်ရတော့သည်။ ဤတွင် ဝါးဖောင်မှာ လေဒဏ်လှိုင်းဒဏ်ကြောင့်ပျက်စီးသွားရသည်။ ကမ္မဝါဆရာတော်များမှာ မြစ်လယ်တွင် လက်ပြစ်ကူး၍ အသက်ကိုလုနေကြရတော့သည်။
ဗန်းမော်ဆရာတော်သည် အသက်ကိုလုနေရသည့်အတွင်း ခံစားချက်တခု ပေါ် ထွက်လာပြန်သည်။ ကဗျာဆရာတို့သည် ခံစားချက်တွေ့ထိတိုင်း ကဗျာဖြစ်ပေါ်လေ့ရှိသည့်အတိုင်း ဗန်းမော်ဆရာတော်သည် သူ့ခံစားချက်ကို အသက်ဘေးကြားထဲမှ အောက်ပါကဗျာအချိုးကို ရွတ်ဆိုလိုက်လေသည်။
ဒို့သားအမိ ကံတော်ဆိုး၊
ရေရိုးမှာတဲ့ မျောတော့မယ်၊
ကျန်ရစ်သူ မိတ်ဆွေများရယ်၊
တားကြနှင့်ကွယ်၊
အဂ်-ဂန်-သော နှင့် ဩဘာတသွယ်၊
ဒီတခါ သည်ရေမြစ်တွင်၊
သေဖြစ်ရှာတော့မယ်။
ဟုရွတ်ဆိုလိုက်လေသည်။ ကမ်းနဖူးပေါ်မှ ပရိတ်သတ်များရုတ်ရုတ်သဲသဲ ရှိနေစဉ်မှာပင် တံငါလှေများက ဆရာတော်များကို အသက်ဘေးမှ ကယ်ဆယ်လိုက်ရတော့သည်။
*****
မင်းတုန်းမင်း နှင့် ဝန်ကြီးလေးပါးသို့ ဝေဘန်ချက်
ဗန်းမော်ဆရာတော်သည် ပြောစရာရှိလျှင် မည်သူ့မျက်နှာကိုမှ မထောက်ထား၊ မိမိအား ကိုးကွယ်ဆည်းကပ်နေသည့် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်း၏ မျက်နှာကိုပင်မငဲ့ညှာခဲ့ပေ။ မင်းတုန်းမင်းသည် ကာမဂုဏ်ခံစားရာတွင် နှစ်ယောက်မရှိသော မင်းဖြစ်ခဲ့သည်။ မိဖုရားပေါင်း ၆၀ကျော်နှင့်ခံစားသည်။
တဖက်ကမိဖုရား "များသည်"ဟု ဆိုရသော်လည်း သာသနာရေးဘက်တွင် အလွန်အကျူး အားပေးတော်မူသော မင်းတပါးဖြစ်သည်။
တနေ့သောအခါ မင်းတုန်းဘုရင်မင်းမြတ်က ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်ပြီး ဆွမ်းကပ်တော်မူသည်။ သင်္ကန်းစသော ပရိက္ခရာပစ္စည်းများကိုလည်း လှူဒါန်းပူဇော်လေသည်။ တရားမနာမီ ဆွမ်းဘုန်းပေးအပြီး မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့ အလ္လာပ-သလ္လာပ ပြောဆိုလျှောက်ထားနေကြစဉ် မင်းတုန်းမင်းက "တပည့်တော်တို့ လူ့လောက ဝတ်ကြောင်ပုဆိုးတွေ ကောင်းကျိုးမပေးပါလားဘုရား။ အဖေါ်မမှီး တကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်သို့ တောထွက်ရ ကောင်းမလားပင် တွေးတောမိပါသည်ဘုရား" ဟုလျှောက်ထားလိုက်ရာ ...
ဗန်းမော်ဆရာတော်က ကွမ်းဝါးရင်းပြုံးတော်မူသည်။ နောက်အတန်ငယ်ကြာမှ မင်းတုန်းမင်းဘက်လှည့်ပြီး "ဒကာတော်က စိတ်ကဘုန်းကြီး၊ (ရီး) က ဒမြဖြစ်နေတယ်၊ တောထွက်နိုင်ပါ့မလား" ဟု ဗန်းမော်ဆရာတော်က ကွမ်းဝါး၍ ပြုံးရင်းက ပြန်လှန်မေးခွန်းထုတ်လိုက်ရာ မင်းတနု်းမင်းမှာ အတော်မျက်နှာပျက်သွားလေသည်။ နန်းတွင်းသူ နန်းတွင်းသားများလည်း မျက်နှာပျက်သွားကြလေသည်။ မင်းတုန်းဘုရင်ကြီးသည် ဗန်းမော်ဆရာတော်က အမှန်သဘာဝကို ပြောဆိုခြင်းသာဖြစ်သည်ဟု အောင်မေ့ပြီး မချိတင်ကဲ ပြုံးတော်မူရသည်။ အခြား နန်းတွင်းသူ နန်းတွင်းသားများမှာလည်း ဘုရင့်မျက်နှာတော်ကို ကြည့်၍ ပြုံးလာကြရသည်။
ဗန်းမော်ဆရာတော်သည် ဤသို့ပင် မိမိအား ကိုးကွယ်ဆည်းကပ်သည့်မင်းဟု မျက်နှာမထောက်ပဲ စိတ်ထဲ ထင်လာမြင်လာသည်ကို မချန်မထိန် ဒဲ့ဒိုး ပြောဆို မိန့်ကြားခဲ့လေသည်။
*****
ဝန်ကြီးလေးပါးသို့ ဝေဘန်ချက်ကဗျာ
တိုင်းပြည်ရေးရာနှင့် ပါတ်သက်၍လည်း ဗန်းမော်ဆရာတော်သည် အမှုမဲ့ အမှတ်မဲ့မနေ၊ လျစ်လျူရှု၍မထား၊ ဝေဘန်သင့်သည်ကိုဝေဘန်၊ သတိပေးသင့်သည်ကို သတိပေးသည်။ သို့သေည်ဆရာတော်သည် မင်းပေါင်စိုးပေါက်မဟုတ်၍ ထိုဝေဖန်ချက်ကဗျာကို နန်းတော်ရင်ပြင်ထဲ၌ ပစ်ချထားလေသည်။
မင်းတုန်းမင်းလက်ထက်တွင် ဝန်ကြီးလေးပါးရှိလေသည်။ လွှတ်တော်ဝန်ကြီးများဖြစ်သော ပုခန်းမြို့စား ဝန်ရှင်တော်မင်းကြီးသည် လေနာရောဂါ စွဲကပ်နေသောကြောင့် အမှုအခင်းများကို ကောင်းစွာမဆုံးဖြတ်နိုင်။
လောင်းရှည်မြို့စား ဝန်ရှင်တော်မင်းကြီးမှာကား မြင်ကွန်း မြင်းခုန်တိုင်အရေးတွင် ဓါးဒဏ်ရာရရှိ၍ ကောင်းစွာမသန်စွမ်းချိနဲ့နေသဖြင့် အမှုကိစ္စများကို ကောင်းစွာမဆောင်ရွက်နိုင်။
ခမ်းလတ်မြို့စား ဝန်ရှင်တော်မင်းကြီးကလည်း နားထိုင်းနေ၍ အမှုကိစ္စဆောက်ရွက်ရာတွင် များစွာအခက်အခဲရှိသည်။
ရေနံချောင်းမြို့စားမင်းကြီးတပါးသာလျှင် ကျန်းကျန်းမာမာ ရှိသည်ကို ဗန်းမော်ဆရာတော်တွေ့မြင်သည်။ ပြည်ရေးပြည်ရာကို စီရင်ဆုံးဖြတ်ရသော တိုင်းပြည်၏ကြိုးကိုင် ဝန်ကြီးလေးပါးတွင် သုံးပါးမှာ ရောဂါသည်များဖြစ်နေ၍ တိုင်းရေးပြည်မှုများတွင် အင်အားချိနဲ့နေသည်ကိုမြင်၍ ဤသို့ သတိပေးဟန်တူပေသည်။ ထိုကဗျာမှာ...
ပုခန်းမှာ....လေ၊
လောင်းရှည်မှာ....ဓါး၊
ခမ်းလတ်မှာ....နား၊
ရေနံတတိုင်ချင်း လင်းပါ့မလား။
ဤကဗျာမှာ အတိုဆုံးနှင့် အဓိပ္ပါယ် အထိရောက်ဆုံး တာအသွားဆုံး တိုင်းပြုပြည်ပြု ကဗျာတပုဒ်ပင်ဖြစ်သည်။ သို့သော် ဗန်းမော်ဆရာတော်သည်ကား တိုင်းပြည်အတွက်စေတနာရှိ၍ သတိပေးသော်လည်း မျက်နှာကောင်းမရပေ။ တိုင်းပြည်ထိပ်သီး လေးဦးရှိသည့်အနက် သုံးဦးတို့၏ အငြိုအငြင်ကို ခံခဲ့ရသည်။ ဆရာတော်ကား မည်သူကပင်မုန်းစေ၊ ဂရုမစိုက်သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။ သို့သော် ဗန်းမော်ဆရာတော်သည် ပစ်စာသဖွယ်ရေးပေးသည့်အတွက် အဘိုးတန်သော်လည်း တန်ဘိုးမရှိဖြစ်လေသည်။ ထိုကဗျာနှင့် ထိုပစ်စာကို မြင်ကတည်းက ဗန်းမော်ဆရာတော်ဟု သိကြလေသည်။
*****
သုဓမ္မာဆရာတော်များသို့ ဝေဘန်ချက်ကဗျာ
ဗန်းမော်ဆရာတော်သည် ဘုရင်နှင့်ဝန်ကြီးများကိုသာ ဟုတ်တိုင်းမှန်တိုင်း ဟောဟောဒိုင်းဒိုင်းနှင့်ရေးတတ် ပြောတတ်သည်မဟုတ်သေး။ သာသနာတော်ပိုင်ဆရာတော်များကိုပင်လျှင် ချမ်းသာပေးတတ်သူမဟုတ်။ သုဓမ္မာဆရာတော် စာတတ် ပေတတ် အကျော်အမော်များကိုလည်း ချမ်းသားပေးခဲ့သူမဟုတ်ပေ။ သုဓမ္မာဆရာတော်များမှာ ရှစ်ပါးရှိသည်။ သုဓမ္မာဆရာတော်ရှစ်ပါး၏ စည်းဝေးဆုံးဖြတ်ချက်များသည် သာသနာရေးကိစ္စတွင် အတည်ဖြစ်ရသည်။ ထိုသုဓမ္မာဝင် ဆရာတော်ရှစ်ပါးမှာ...
၁။ ပြည်ဆရာတော်၊ မဏ္ဍလာရာမတိုက်
၂။ မတ္တရာဆရာတော်၊ အရှေ့မတ္တရာတိုက်
၃။ မောင်းထောင်ဆရာတော်၊ မင်္ဂလာရာမတိုက်
၄။ သက်ပန်းဆရာတော်၊ သက်ပန်းတိုက်
၅။ စလင်းဆရာတော်၊ အရှေ့စလင်းတိုက်
၆။ စံကျောင်းဆရာတော်၊ စံကျောင်းတိုက်
၇။ သင်္ဂဇာဆရာတော်၊ အရှေ့သင်္ဂဇာတိုက်
၈။ ပုခန်းဆရာတော်၊ မဟာဝိသုဒ္ဓါရာမတိုက်
ဤသို့လျှင် သုဓမ္မာဆရာတော်ရှစ်ပါးရှိရာ လျော့သွားလျှင် ထပ်မံဖြည့်စွက်ရသည်။
ဗန်းမော်ဆရာတော်မှာလည်း အထက်ပါဆရာတော်ကြီးများကဲ့သို့ပင် ဘွဲ့ရဆရာတော်တပါးဖြစ်သော်လည်း မဟုန်လျှင်မခံမှန်ရာကို ဒဲ့ဒိုးပြောတတ်၍ မည့်သူ့ကိုမျှမညှာ အမှန်တရားကိုလိုလားသော ပုဂ္ဂိုလ်ဖြစ်ရာ၊ သုဓမ္မာတွင် ထည့်သွင်းပါက အကော်အကပ်များနှင့် ဆုံးဖြတ်ချက်တခုကျရန် အတော်ပင်ကြိုးပမ်းယူရမည်ဟု ထင်မြင်ကြသောကြောင့် သုဓမ္မာအဖွဲ့တွင် မထည့်သွင်းခြင်းဖြစ်ဟန်တူသည်။
ဤတွင် အလျဉ်းသင့်သဖြင့် ဝိဝါဒတရပ်ကိုဖေါ်ပြလိုပေသေးသည်။ ဤအချက်မှာ
ဗန်းမော်ဆရာတော်၏ ဘွဲ့တော်မှာ "ပဏ္ဍိတဝံသာဘိ ဓဇမဟာဓမ္မရာဇာဓိ ရာဇဂုရု" ဖြစ်ကြောင်းကို မှတ်တမ်းအသီးသီးတွင် တူညီပေသည်။ သို့သော်ဤဘွဲ့တံဆိပ်တော်ကို မင်းတုန်းမင်းဆက်ကပ်သည်ဟူ၍၎င်း၊ ပုဂံမင်းဆက်ကပ်သည်ဟူ၍၎င်း၊ ဝိဝါဒကွဲပြားခဲ့ကြသည်။ ဤအချက်ကိုပြန်လည်သုံးသပ်လျှင် မင်းတုန်းမင်းနန်းတက်ချိန်တွင်
ဗန်းမော်ဆရာတော်သည် ပုဂံမင်း၏မိဖုရား ဥပေါတရာဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ဖြစ်၍နေပေသည်။ မင်းတုန်းမင်းခေတ်တွင် ဗန်းမော်မင်းသမီး၏ ကျောင်းတိုက်ကိုအမှီပြု၍ ဗန်းမော်ဆရာတော်ဟူ၍လည်း တွင်နေခဲ့လေသည်။ သို့ဖြစ်၍ မင်းတုန်းမင်းက ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်လော၊ ပုဂံမင်းက ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်လောဟု ဆန်းစစ်သုံးသပ်လျှင် ပုဂံမင်းဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်မည်က ပို၍နီးစပ်ပေသည်။
သာသနာရေးကိစ္စတွင် ထိပ်တန်းကနေသော သာသနာ့အာဏာပိုင် ဆရာတော်များဖြစ်ကြ၍ သုဓမ္မာဆရာတော်ကြီးများကိုပင် မလွတ်တန်းဝေဘန်၍ စာချိုးခဲ့ဘူးလေသည်။
မောင်သက်ပန်းက တသန်းဝေဝေ၊
မောင်လှထွေမှာ စာပေနတ္တိ၊
မောင်စလင်းမှာတော့ ပျင်းလွန်းလို့ စာမကြည့်၊
မင်းနန်မှာလူနှင့်နှောတယ် သောသောညံ၏၊
မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါ၏၊
ဤကဗျာ၏အဓိပ္ပါယ်မှာ "မောင်သက်ပန်းက တသန်းဝေဝေ" ဟုဆိုသည်မှာ သက်ပန်းဆရာတော်ဘုရား တရားသဘင် စီရင်သောအခါ၌ တရားသဘင်၌ စိတ်မဝင်စား၊ ထိနမိဒ္ဓများ၍ တသန်းသန်း ဝေဝေနှင့် ငိုက်မြည်းလေ့ရှိကြောင်း။
မောင်လှထွေမှာ စာပေနတ္တိ ဟူသည်မှာ လှထွေဆရာတော်သည် စာပေမတတ်ကြောင်းကို အတိအလင်းဖေါ်ပြထားလေသည်။
မောင်စလင်းမှာတော့ ပျင်းလွန်းလို့ စာမကြည့် ဟူသည်မှာ စလင်းဆရာတော်သည် တရားသဘင်စီရင်ရာ၌ ဝိနည်းအထောက်အထား၊ ကျမ်းဂန် အကိုးအကားတို့ကို ရှာဖွေတိုက်ဆိုက်ကြည့်ရှူရာ၌ အခြားဆရာတော်များကိုသာလွှဲအပ်၍ စလင်းဆရာတော်က ဝိနည်းပိဋကတ် ကျမ်းဂန် အထောက်အထားကို ရှာဖွေကြည့်ရှူရမှာ အလွန်ပျင်းလှကြောင်း။
မင်းနန်မှာလူနှင့်နှောတယ် သောသောညံ၏ ဟူသည်မှာ ပုခန်းဆရာတော် ဦးနန္ဒကို မင်းနန်ဟုတင်စား၍ ထိုပုခန်းဆရာတော်မှာ လူဒါယကာများနှင့် အရောတဝင်နေ၍ စကားကိုဖေါင်လောက်အောင် ပြောတတ်ကြောင်း။
မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါ၏ ဟူသည်မှာ မဏ္ဍလာရာမဆရာတော်သည် အမှုအခြင်းအရာကို မစုံစမ်းသေးဘဲ ကြိုတင် ငေါက်ငန်းတတ်ကြောင်းဟူ၍ဖြစ်သည်။
ဤကဗျာကို သုဓမ္မာဇရပ်တွင်ကပ်ထားသည်ကိုတွေ့ကတည်းက ဗန်းမော်ဆရာတော်၏ လက်ချက်မှန်းကို သိလိုက်ကြသည်။ သုဓမ္မာဆရာတော်တို့မှာ အဘယ်မျှမခံချင်စရာဖြစ်ချေမည်နည်း။ ကဗျာ၏ "ရသ' အားဖြင့် အပေါ်လွင်ဆုံးနှင့်ထိထိမိမိ ရှိလှသည်။ ပုဂ္ဂိုလ်တပါးစီ၏ စရိုက်ကို ကွင်းကွင်းကွက်ကွက်မြင်နိုင်သည်။ သို့သော်ဗန်းမော်ဆရာတော်ကား မျက်နှာကောင်းရမည်မဟုတ်ဘဲ အငြို အငြင် ခံရမည်မှာ သေချာသည်။
*****
ဗန်းမော်သို့ အပို့ခံရသည့်ကိစ္စကြီး
ဗန်းမော်ဆရာတော်သည် ကြီးစွာသော အကြပ်အတည်းတခုနှင့်ရင်ဆိုင်လာရပြန်သည်။ ဆရာတော်သည် သူ၏အထုံဝါသနာအတိုင်း မည်သည့်တိုင်းရေးပြည်ရေး၊ သာသနာရေးကိစ္စမဆို ထေ့လုံး ငေါ့လုံးများဖြင့် ရေးလေ့ရေးထ ချိုးလေ့ချိုးထ ရှိသည်။ ဗန်းမော်ဆရာတော် အကြပ်တခုနှင့်ရင်ဆိုင်လာရသည်မှာ မင်းတုန်းဘုရင်မင်းမြတ်သည် ပိဋကတ်သုံးပုံနှင့် ဝိနိစ္ဆယတို့၌ အထူးကျွမ်းကျင်သော ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒအား ရဟန်းသာမဏေများ ဝိနည်းတော်နှင့်အညီ ကျင့်ကြံနိုင်ရန် အမိန့်ပြန်တမ်းတခု ရေးသွင်းစေလေသည်။
ရှမ်းကလေးကျွန်းဆရာတော်က နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်အပါအဝင်သေခိယကျင့်စဉ် "န ဥပါဟန" "န ဆတ္တ" သိက္ခာပုဒ်များအရ ရဟန်းတော်နှင့် သာမဏေများ ရွာတွင်းမြို့တွင်းဝင်ရောက်ရာတွင် ထီးမဆောင်းရ၊ ဘိနပ်မစီးရကြောင်း "အမိန့်ပြန်တမ်း" တစောင်ကို ဘုရင်မင်းမြတ်ထံ ရေးသွင်းဆက်ကပ်လေသည်။
ထိုအမိန့်ပြန်တမ်းကို မင်းတုန်းဘုရင်မင်းမြတ်က သုဓမ္မာဆရာတော်ရှစ်ပါးအား ပင့်ဖိတ်ပြီးဆက်ကပ်အတည်ပြုစေသည်။ သုဓမ္မာဆရာတော်များကလည်း အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး ဝိနည်းတော်များနှင့်ညီညွတ်၍ ထိုအမိန့်ပြန်တမ်းကိုအတည်ပြုစေတော့သည်။
မဟာဒဏ်ဝန်က သာသနာပိုင်ဆရာတော်ထံ ဆက်ကပ်ပြီး လေးခွင် လေးရပ်နှင့်တကွ တိုင်းလုံးပြည်လုံးအနှံ့ ထိုအမိန့်ပြန်တမ်းကို ထုတ်ဆင့်လေသည်။
ဗန်းမော်ဆရာတော်သည် ထိုအမိန့်ပြန်တမ်းကို တွေ့ရှိဖတ်မိတော့သည်။ ဗန်းမော်ဆရာတော်၏စိတ်ထဲတွင်လည်း ရိုးတိုးရွတ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ရှမ်းကလေးကျွန်းဆရာတော်မှာ "ကသည်း"လူမျိုးဖြစ်သည်။ "ကသည်း"လူမျိုးများသည် နေဒဏ်လေဒဏ်နှင့်တကွ အပင်ပမ်းဆင်းရဲအမျိုးမျိုးကို ခံနိုင်စွမ်းရှိသည်။ ဒါကြောင့် မပြောပလောက်သည့် လဟုက အာပတ်လေးကို ရေးကြီးခွင့်ကျယ်လုပ်၍ "ထီးမဆောင်းရ၊ ဘိနပ်မစီးရ" ဟူသော အမိန့်ပြန်တမ်းကို ထုတ်ဆင့်ခြင်းဖြစ်သည်ဟု ဗန်းမော်ဆရာတော်ကယူဆသည်။
နောက်ပြီး ဗန်းမော်ဆရာတော်က မြန်မာလူမျိုး ရဟန်းသာမဏေများသည် "ကသည်း"လူမျိုး ရဟန်းသာမဏေများလောက် အပင်ပမ်း အဆင်းရဲ ခံနိုင်စွမ်းမရှိ "ဂရုက အာပတ်" ကြီးလေးသည့် ဝိနည်းပညတ်ချက်များကိုသာ မကျိုးမပေါက်အောင်အလေးဂရုပြုသင့်ကြောင်း၊ ထီး၊ ဘိနပ်မစီး မဆောင်းမူ၍ မြို့တွင်းရွာတွင်းသွားမိပါက ဥတုသပ္ပါယ မမျှပဲ ရောဂါဘယထူပြောနိုင်ကြောင်း၊ သာသနာတော်အရှည်လေးမြင့်စွာ ထမ်းရွက်နိုင်မည်မဟုတ်ကြောင်း သဘောတော်ရရှိလေသည်။
ထို့ကြောင့်ပင် ဗန်းမော်ဆရာတော်သည် နန်းတော်တွင်းရှိ လှေသင်းအတွင်းဝင် ဦးချိန်၏ အိမ်အနီးသို့ အောက်ဖေါ်ပြပါ အဆုံးသတ်ပါရှိသော ပြန်တမ်းသိမ်းအမှုငြိမ်း "ဝိနစ္ဆယဩဝါဒ" စာချိုးတပုဒ်ကို ပစ်ခဲ့လေသည်။
ရာဇဝင်ထုံးတမ်း၊ လှမ်းလိုက်သည့် ပြန်တမ်းတော်မှာ၊
စာမှားတွေဗလချာနှင့်၊ အရာရာပြဆိုချက်ဒို့ရှက်ပါဘိ၊
စာစပ်တဲ့ဝိနည်းကျယ်၊ လယ်ချင်လှမောင်ရှမ်း၊
ထွက်ခဲ့နော် ဘက်ပေါ်လျှင် အမြန်ဖြုတ်မယ်၊
ရှုံးထိပ်ပုတ်တမ်း။။
ဤသို့ဖြင့်ဗန်းမော်ဆရာတော်သည် နန်းတွင်းသိအောင် ပစ်စာကိုပစ်သည့်အပြင် ရှမ်းကလေးကျွန်းဆရာတော် သီတင်းသုံးသည့် ကျောင်းဝန်းအတွင်းသို့လည်း အောက်ပါရှည်လျားသည့် စာချိုးတပုဒ်ကိုပစ်ခဲ့လေသည်။
တောတွင်းကနကျစ်သိုး၊ ချိုကျိုးမနော်
တော်ရုံတွင်မတွန်ဘဲ၊ ရဲဇာနည် တောဆီကကျော်မလား။
နိုင်ငံတော်တလွှားမှာ ပြိုင်ဘက်ကရှား၊
တက်မယ်လား၊
ထွက်ပါတော့လား၊
မထွက်ဝံ့ ဒို့အနားမှာ၊
ဘာပြုလို့ တွန်သလား၊
မြစ်ကမ်းယံ ရေနားက၊
လူ့ပြည်မှာ ငါတကားဟု
စိတ်ထားကြီးတဲ့တောရဝါ၊ မှားချက်ကနာ၊
မောင်တို့အဖြစ်ကား ကိုယ်စားရှက်လှပါ။
နောက်များကိုပါ လူ့ဘုံကိုမသီလာချင်နဲ့၊
ခင်တို့ဟာနေရာမြဲမို့၊
နောက်တော်ပါ ဖေါ် သဟဲနှင့်၊
ပြေးရော့တကတဲ။
ဆရာတော်ဆိုလိုသည့်အဓိပ္ပါယ်မှာ ရှမ်းကလေးကျွန်းဆရာတော်ကို နွားနှင့်နှိုင်း၍ ကိုယ်နှင့်တန်ရာတန်ရာမတွန်ပဲ ဤအမိန့်တော်ပြန်တမ်းကို အဘယ်ကြောင့် အဝေးမှနေပြီး တွန်နေပါသလဲ။
ငါနှင့် ရဲဝံ့စွာ ပြိုင်လိုလျှင် အမြန်ထွက်လာပါ၊ မြစ်ကမ်းယံရေနားကလူ့ပြည်မှာ ငါတကားဟု စိတ်ထားကြီးတဲ့တောတွင်းက ရဟန်း သင်မှားနေပြီ၊ သင်တို့ကိုယ်စားရှက်လှသည်။ နောက်များကို လူ့ပြည်လူ့ရွာ မလာချင်ပါနှင့်၊ ဒို့ဒီမှာအမြဲရှိနေတယ်၊ သင့်အဖေါ်အပေါင်းတွေနှင့် ပြောပေရော့ဟု ဆိုလိုပေသည်။
မင်းတုန်းမင်းကြီးသည် ဤကိစ္စမှာသေးငယ်သောကိစ္စမဟုတ်၊ မိမိကိုယ်တိုင်မှာ သုဓမ္မာ ဆရာတော်များနှင့် တိုင်ပင်၍ပြုလုပ်ထားသောပြန်တမ်းဖြစ်သည်။ မိမိကိုယ်တိုင်က မလျှောက်ထားလို၊ သာသနာပိုင်ထံလျှောက်ထား၍ ဤစာများရေးမရေးကို သာသနာပိုင်ဆရာတော်က မေးမြန်းပါရန် မင်းတုန်းမင်းကလျှောက်ထားလေသည်။
သာသနာပိုင်ဆရာတော်က ဗန်းမော်ဆရာတော်အား ခေါ်ယူစစ်မေးသောအခါ ဗန်းမော်ဆရာတော်ဖြေကြားပုံမှာ...
ပဏ္ဍိတံ-ပညာရှိကို ညေယျ-သိရာ၏ ဟူ၍ဖြစ်သည်။ သာသနာပိုင် ဆရာတော်၏ဘွဲ့မှာ ဦးညေယျဖြစ်သည်။
သာသနာပိုင်ဆရာတော်က သုဓမ္မာက လက်ခံထားသောဝိနိစ္ဆယစာတမ်းကို ဗန်းမော်ဆရာတော် မကျေမချမ်းဖြစ်၍ စာချိုးရေးပြီးကပ်ထားသည်မှာ ဗန်းမော်ဆရာတော်ပင် မဟုတ်ပါလောဟု မေးလေလျှင် ဗန်းမော်ဆရာတော်က....
ပဏ္ဍိတမရေး ဟူ၍ ငုံးတိတိဖြေသည်။
သာသနာပိုင်ဆရာတော်က ဗန်းမော်ဆရာတော်၏စကားကို အချက်ပိုင်ပိုင် မရနိုင်သေး၍ လက်ဆုတ်လက်ကိုင် မိစေရန်...
ပဏ္ဍိတမရေးရင် နှုတ်နဲ့ကော ပြောပေးတာမဟုတ်လား ဟုမေးသည့်အခါ...
ပဏ္ဍိတ မသိ ဟူ၍ငုံးတိတိဖြေကြားတော်မူသည်။ သာသနာပိုင် ဆရာတော်လည်း ညစ်ကျယ်ကျယ်လုပ်နေသော ဗန်းမော်ဆရာတော်အား လက်လျှော့လိုက်ရလေသည်။
*****
ထပ်၍စာချိုးပြန်ခြင်း
ဗန်းမော်ဆရာတော်သည် ကျောင်းသို့ပြန်ရောက်လျှင် ရောက်ခြင်း ကဗျာတပုဒ်ကို ချက်ခြင်းရေးကာ နန်းတော်ထဲသို့ သွား၍ချထားစေလေသည်။
"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ကိုမိပြီမှတ်လို့၊ ညာလက်ခတ်တီး၊ ဝှေးစေ့ကိုလှန်၊ အဆံကိုတူနဲ့ထုလို့၊ သေလုအောင် ဘယ်လိုစစ်တော့၊ ပစ်စာရှင်ပညာကြီးကို (-)မှမိဘူး။"
ဟူ၍ ပစ်ပစ်ခါခါ နှစ်နှစ်ကာကာကြီး ရေးလိုက်လေသည်။ ထိုမျှသာမက နောက်ထပ်တပုဒ်လည်း စပ်ဆိုသေးသည်။
"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ဖမ်းလို့စစ်တယ်၊ သည်ခေတ်ဝယ် ကမ္ဘာဆုံးစေတော့၊ သီကုံးသူ ပစ်စာရင်းကို မင်းတို့သိဘူး။"
ဟူ၍ဖြစ်သည်။
မင်းတုန်းမင်းလည်း သာသနာပိုင်ပင် မနိုင်သော ဗန်းမော်ဆရာတော်အတွက် ရှည်ရှည်ဝေးဝေး တွေး၍ တွေး၍ မနေတော့ပေ။
ဗန်းမော်မြို့သို့ လှေနှင့်ပို့စေ ဟု အမိန့်တော်ချမှတ်သည်။ မဟာဒဏ်ဝန်တို့လည်း အမိန့်တော်အရ ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ ပို့ရမည့်အကြောင်း လျှောက်ထားလေရာ၊ လျှောလျှောရှူရှူပင် လက်ခံတော်မူသည်။ အကြောင်းမူကား ဗန်းမော်ဆရာတော်သည် သာသနာပိုင်ဆရာတော်ဘုရားနှင့် သုဓမ္မာဆရာတော်များပင် လက်လျှော့ထားရသောသတင်းသည် မြို့တွင်းမြို့ပြင် ဟိုးလေးတကျော် ပျံ့နှံ့ နေသောကြောင့် ဗန်းမော်ဆရာတော်၏အထံသို့ ဝင်ထွက်သွားလာဝံ့သူများ နည်းပါးလာတော့သည်။ ဗန်းမော်ဆရာတော်ဆိုလျှင် ဘုရင်ငြိုငြင်သောပုဂ္ဂိုလ်တဦးအနေနှင့် အဝေးမှ ရှောင်ရှားကြတော့သည်။ မှန်ရာကိုမှန်သည့်အတိုင်းရေးသည် ပြောသည်ဆိုစေကာမူ ဟုတ်တာဆို နာလိုခံခက် အမျက်ထွက်ကြသဖြင့် ဗန်းမော်ဆရာတော်အတွက် ထောက်ခံဝံ့သည့် ဘက်တော်သားများမရှိသလောက် ဖြစ်သွားရလေသည်။ ထို့ကြောင့်ပင် ဗန်းမော်သို့ လှေနှင့် စုန်ခါနီး၌ စာချိုးတပုဒ်ရေးသားစပ်ဆိုလိုက်သေးသည်။
"ငါ့ကံနှယ်ဆိုးပါဘိ၊ နင့်အမေ( - )တဲ့ကံရယ်၊ ငါ့ (လဆီး ) ပါမှ... ငါ့ချည့်သာကျန်တော့တယ"
နောက်ဆုံးတွင်ကား ဗန်းမော်ဆရာတော်သည် ဗန်းမော်မြို့သို့ နယ်နှင်ဒဏ်ခံရလေတော့သည်။
*****
လှေပေါ်မှ ကဗျာတပုဒ်
ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ မင်းတုန်းမင်းဘုရင်က နယ်နှင်ဒဏ်ပေးလိုက်သည်တွင် ဘုရင်မင်းမြတ်အမိန့်တော် သတ်မှတ်သည့်အတိုင်း လှေသင်းအတွင်းဝန် ဦးချိန်က အစစ အရာရာ လိုလေးသေးမရှိရအောင် စီမံခန့်ခွဲရလေသည်။
ရွက်တိုက်လှေကြီးတစင်း၊ လှေထိုးသား ၃ဦး၊ ကပ္ပိယ ၂-ဦး၊ လမ်းတွင် ချက်ပြုတ်ဆက်ကပ်ရန် ဆွမ်း၊ ဆန်၊ ဆီ၊ ငရုတ်၊ စသည့် ရိက္ခာများကို လိုလေသေးမရှိအောင် လှေသင်းအတွင်းဝန် ဦးချိန်က အသင့်စီမံထားလေသည်။
မဟာဒဏ်ဝန်နှင့် မဟာဒဏ်ဝန်စာရေးတို့က အစီအစဉ်ရှိသည့်အတိုင်း နာရီစောင့်ပြီး ဗန်းမော်ဆရာတော်ကို ပင့်ဆောင်ခဲ့ကြလေသည်။
ဆရာတော်၏တပည့်တပန်းများဖြစ်ကြသည့် ရဟန်းသာမဏေများ၊ ဗန်းမော်ဆရာတော် ဗန်းမော်မြို့သို့ ကြွရတော့မည်ဟု ကြားသိကြရသည့် ဆွမ်း ကွမ်း "ဂေါစရဂါမ်" တပည့် တကာ တကာမများ ကျမျက်ရည်များ သိမ်းဆီးကာ ဆရာတော်၏ နောက်မှ လိုက်ပါပို့ဆောင်ကြလေသည်။
ထိုခေတ်တွင် မြင်းရထားယာဉ် အနည်းငယ်ရှိသော်လည်း ဆရာတော်သည် မြင်းရထားယာဉ်စီးတော်မမူပဲ မြို့လူထု တကာ တကာမများ အကြည်ညိုခံပြီး ဘုရင်မင်းမြတ်၏ နယ်နှင်ဒဏ်ကို ပြုံးရွှင်စွာခံယူတော်မူပြီး မဟာဒဏ်ဝန်နှင့် မဟာဒဏ် စာရေးတို့ပင့်ဆောင်ရာသို့ လိုက်ပါကြွချီခဲ့လေသည်။
ဗန်းမော်ဆရာတော် ကြွလာသည်ကို မြင်လျှင် လှေသင်းအတွင်းဝန်ဦးချိန်က မိမိအပြည့်အစုံစီမံထားသည့် လှေကြီးပေါ် သို့ လက်အုပ်ကလေးချီကာ "ဆရာတော် ကြွတော်မူပါဘုရား... အားလုံး အပြည့်အစုံစီမံပြီး ဖြစ်ကြောင်းပါဘုရား" ဟု လျှောက်ထားပြီး ပင့်ဆောင်လေသည်။
ဆရာတော်သည် ပင့်ဆောင်ရာ လှေကြီးပေါ် သို့ ပြုံးရွှင်စွာတက်ရောက်ခဲ့လေသည်။ လိုက်ပါပို့ဆောင်ကြသည့် တပည့်သံဃာတော်များနှင့် တကာ တကာမများ၏ မျက်နှာမှာ ညိုးငယ်နွမ်းလျ မရွှင်ပြသလောက် ဆရာတော်၏မျက်နှာမှာ ကြည်လင်ရွှန်းပလျက် ရှိလှသည်။ ဆရာတော်၏မျက်နှာမှာ အခါတိုင်းထက်ပင် ပြုံးရွှင်နေသည်ဟု ထင်ရသည်။
လှေထွက်ရန် နာရီစေ့ပြီဖြစ် လှေသင်းအတွင်းဝန် ဦးချိန်က စိုက်ထားသည့် ဝါးတိုင်မှ လှေကြိုးကိုအသာဖြေပြီး လှေပေါ် သို့ ပစ်တင်လိုက်သည်။ လှေထိုးသားတို့သည် တက်မကိုယ်စီကိုင်၍ လှုပ်ရှားအားယူနေကြတော့သည်။ လှေထွက်စတွင် ဆရာတော်က လှေသင်းအတွင်းဝန်အား "မင်းတို့မင်းမြတ်က ဘာများသတ်မှတ်မှာလိုက်သေးသလဲ" ဟုမေးရာ...
မှန်ပါ... လမ်းခုလပ်ဆိုက်ကပ်မည့်မြို့များက တန်ခိုးကြီးဘုရားများ ဆရာတော်ဖူးလိုပါက လှေထိုးသားများ ဆိုက်ကပ်ပေးရန်မှာကြားလိုက်ကြောင်းပါဘုရား ဟုလျှောက်ထားလေသည်။
ဆရာတော်က "ငါ့ပြောတာမှမဟုတ်ပဲ လှေထိုးသား ပြောတာပဲကွာ" ဟုမိန့်ခဲ့လေသည်။
မိုးလအကုန် ဆောင်းလအကူး တန်ဆောင်မုန်းလထူး၏ နံနက်ခင်းမှာ နှင်းမှုန်ရည်မပျောက်တပျောက်နေရောင် မရောက်တရောက် အချိန်ဖြစ်သည်။ လှေကြီးကား ကမ်းနားမှရွေ့လျား၍ ထွက်ခွါနေပေပြီ။
ဗန်းမော်ဆရာတော်သည် လှေထွက်၍ မလှမ်းမကမ်းအရောက်တွင် စာချိုးတပုဒ်ပါရှိသည့် ပေလိပ်ကလေးကိုလှေသင်းအတွင်းဝန်အနီးသို့ ပစ်ချခဲ့လေသည်။
ထိုစာချိုးမှာ...
ဗန်းမော်ကိုနှင်
မောင်လွင်လူမိုက်က
မုန်းလိုက်ပါဘိ၊
နေရစ်ကြနော်
နောင်ခါသော်
မှားပီဘုရားလို့
ကြားယောင်ပါ၏၊
ဟူသတည်း။
မင်းတုန်းဘုရင်၏ ငယ်နံမည်မှာ မောင်လွင်ဖြစ်သည်။ ဗန်းမော်ဆရာတော် လှေပေါ်မှာ စပ်သော ကဗျာတွင်ပင် ဘုရင်ကို ငယ်နာမည်ခေါ်၍ နှက်လိုက်သော သတ္တိကား အာဂသတ္တိပင်တည်း။
*****
ငယ်ပါလိုမနေတတ်လို့ပုံပြင်
ဗန်းမော်ဆရာတော်သည် လှေထိုးသားများအား တဆက်ထည်းပင်မိန့်ကြားသည်မှာ...
အေး.. ငါ့မလဲ သူများတွေသာ ဆုံးမနေရတာ၊ ငါ့ဟာငါကျတော့ ငယ်ပါလို မနေတတ်လို့ အခုလို ဗန်းမော်အပို့ခံရတာပေါ့ကွာ ဟု ရယ်ရယ်မောမော ပြောဆိုလေသဖြင့် ပဲ့နင်းကြီးနှင့်တကွ လှေထိုးသားများမှာ ဆရာတော်အပေါ် ပြောရဲဆိုရဲ ရှိလာကြသဖြင့်...
မှန်လှပါ၊ ငယ်ပါလိုမနေတတ်လို့ ဆိုတဲ့ အကြောင်း တပည့်တော်တို့ မှတ်သားရအောင် အမိန့်ရှိပါဘုရား
ဟ..ဘာခက်လို့လဲ၊ မင်းတို့ စဉ်းစားကြည့်ပါလား၊ ငယ်ပါများကိုကြည့်စမ်း... ထိုင်နေနေ၊ ထနေနေ၊ အိပ်နေနေ၊ ပြေးနေနေ၊ ဂျွမ်းထိုးနေနေ၊ သူ့ကိုမထိမခိုက်အောင်နေတတ်တယ် မဟုတ်လား
အေး..ငါကတော့ ငယ်ပါလို မနေတတ်လို့ ဗန်းမော်အပို့ခံရတာပေါ့ကွာဟု ပြောပြလေရာ ပဲ့နင်းကြီးနှင့် လှေထိုးသမားများမှာ သဘောပေါက်စွာဖြင့် တဟားဟား ရယ်မောရလေတော့သည်။
*****
ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသောပုံပြင်
ဆရာတော်က ဆက်လက်၍မိန့်တော်မူသည်မှာ “မင်းတို့ ရှင်ဘုရင် မသေမချာလုပ်တိုင်း ငါပြောနေရတော့ ငါ့ကို လူဆိုးလို့ ထင်ကြတယ်။ လွှတ်တော်ဝန်ကြီးလေးပါးမှာ ချိုကျိုးနားရွက်ပဲ့တွေထားတာ၊ သုဓမ္မာဆရာတော်တွေကို သူထင်ရာခန့်တာ၊ ရှမ်းကလေးကျွန်းဆရာတော် ဝိနိစ္ဆယစာတမ်းကို ထုတ်ပြန်တာတို့၊ သူမသေချာသမျှ ငါပြောရတာ ငါအဆိုးကျတယ်၊ အခုလဲကြည့်ပါလား၊ ပညာကိုအယူမှားလို့ ရှမ်းမယားဖြစ်ရသလို မင်းတို့ကိုပေးလိုက်တဲ့ အမိန့်အတိုင်းသာ ငါလုပ်ရရင် ငါလဲလူဆိုးဖြစ်၊ မင်းတို့လဲ ရာဇဒဏ်သင့်မှာ အမှန်ဘဲ” ဟု ညွှန်ကြားရာ ပရိတ်သတ်များက...
အရှင်ဘုရား အမိန့်ရှိတဲ့ ပညာကို အယူမှားလို့ ရှမ်းမယား ဖြစ်ရတဲ့ ပုံပြင်ကို တပည့်တော်တို့ကို မှတ်သားရန် မိန့်တော်မူပါဘုရား ဟုလျှောက်ထားပြန်ရာ ဆရာတော်က စိတ်ရှည်လက်ရှည် အောက်ပါပုံပြင်ကို မိန့်တော်မူလေသည်။
ရှေးအခါက ရွာတရွာတွင် နေထိုင်ကြသော လင်မယားနှစ်ယောက်ရှိလေသည်။ အခါတပါးတွင် လင်သားသည် စီးပွားရေးအတွက် အောက်ပြည်အောက်ရွာသို့ ခရီးထွက်ရမည်ရှိသောအခါ မယားအား တကြိမ်တခါမှ ခွဲ၍ မသွားဘူးသဖြင့် အစစမှာကြားနေလေသည်။
မှာကြားသောစကားများမှာ များပြားလွန်းသဖြင့် မယားမှာ မမှတ်မိနိုင်လောက်အောင်ဖြစ်နေသည်။ မမှတ်မိတိုင်း လင်သားကိုမေး၍ မေး၍နေရာ ခရီးထွက်မည့် အာရုံတက်အချိန်သို့ပင် တိုင်လေသည်။
လင်သားမှာ မကြာခဏ ရှင်း၍ရှင်း၍ပြနေရသဖြင့် စိတ်မရှည်နိုင်တော့ဘဲ လိုရင်းကို တိုတိုပင်မှာခဲ့သည်။
ကဲ...ကဲ... အတိုချုပ်မှတ်ထား၊ ပညာနဲ့သာ အမြဲနေ ဟု ခတ်တိုတိုပင် မှာခဲ့တော့သည်။
လင်ယောက်ျား ခရီးထွက်သွားပြီးနောက် လင်၏စကားကို မြေဝယ်မကျ နားထောင်လိုသော မယားက (ပညာနဲ့သာ အမြဲနေ ) ဟူသော မှာစကားအတိုင်း မိမိလင်ယောက်ျား ပြန်လာလျှင် မှာကြားသည့်အတိုင်း ပညာနဲ့မနေပါလျှင် မိမိအပေါ် အပြစ်တင်တော့မည်ကိုစိုးရိမ်သဖြင့် အိမ်နီးနားချင်းဖြစ်သည့် ရှမ်းလူမျိုးကိုပညာကို တောင်းတောင်းပန်ပန် အိမ်ပေါ်သို့ ခေါ်ထားပြီး ရှမ်းလူမျိုး ကိုပညာနှင့် သွားအတူ၊ လာအတူ၊ စားအတူမျှမက အိပ်အတူပင် ဖြစ်နေကြတော့သည်။ လင်သား၏အတိုချုပ်စကားမှတ်သားမိသောမယားမှာ ပညာကို အယူမှားလို့ ရှမ်းမယားဖြစ်ရလေတော့သည်။
ဆရာတော်၏ပုံပြင်ဆုံးသဖြင့် ပရိတ်သတ်မှာ ပြုံးရယ်ကြရတော့သည်။ ဆရာတော်က ဆက်လက်၍အမိန့်ရှိသည်မှာ....
မင်းတို့ဘုရင် မသေမချာမှာတဲ့ စကားအတိုင်း ငါလိုက်လုပ်ရရင် မင်းတို့ဘဲ ရှမ်းမယားဖြစ်မလား၊ ငါဘဲ ရှမ်းမယား ဖြစ်မလားတော့ မသိဘူး ဟု ရယ်မောရင်းမိန့်တော်မူသည်။
*****
ဆုတဆယ့်ငါးပါးရသော တကာမကြီး
ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...
များများကုသိုလ်ရအောင် များများစားရတာပ
ဟုအမိန့်ရှိပြီး အားပါးတရ ဘုဉ်းပေးတော်မူလေသည်။ ဆရာတော် အားပါးတရ ဘုဉ်းပေးသည်ကို မြင်ရသော ဒါယကာမကြီးမှာ များစွာကျေနပ်၍...
အရှင်ဘုရား... များများဘုဉ်းပေးတော့ တပည့်တော်မ ဝမ်းသာတာဘဲဘုရား၊ နက်ဖြန် ဆွမ်းအုပ်လာပို့ပါဦးမယ်၊ ဒီထက်များများကြီး ချက်ခဲ့မယ်ဘုရား များများကြီးသုံးဆောင်ပါဘုရား
အေး... များများလှူတော့ များများကုသိုလ်ရတာပေါ့
နောက်တနေ့တွင် ဒါယကာမကြီးပင် ဆွမ်းနှင့် ဆွမ်းဟင်းများကို များများကြီးချက်ခဲ့ရာ ဆရာတော်မှာ ကုန်အောင်ပင် ဘုဉ်းပေးတော်မူသဖြင့် ဗန်းမော်သူ ဒါယကာမကြီးက "တပည့်တော်မ ကုသိုလ်များများ လိုချင်လို့ များများကြီးချက်ခဲ့တာ၊ ဆရာတော် အားပါးတရ ဘုဉ်းပေးတော့ တပည့်တော်မ သိပ်ပြီးဝမ်းသာတာဘဲဘုရား၊ တပည့်တော်မကို ဆုတွေ များများကြီးပေးတော်မူပါဘုရား"
ဆရာတော်မှာ ဒီတခါမှ မျက်လုံးပြူးချေပြီး...
အင်း... တကာမကြီး ဆွမ်းတွေများများ ဘုန်းပေးထားတော့ ဆုတွေ များများကြီးပေးစေချင်တာလဲ ဟုတ်ပါရဲ့၊ ကျုပ်ကလဲ များများကြီးပေးချင်ပါရဲ့၊ ဒါပေမဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဆွမ်းအကျိုးက ငါးပါးဘဲရှိတော့ ကျုပ်ကပိုပေးချင်လို့ မရဘူး တကာမကြီးရဲ့၊ အဲဒီတော့ ဘုရားဟောခဲ့တဲ့ ဆွမ်းအကျိုး ငါးပါးကို တကာမကြီး ရမှာက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊ ဥစ္စာပစ္စည်းများခြင်း စတဲ့ အကျိုးငါးပါးနဲ့ တလုံးတဝတည်း ပြည့်စုံစေဗျား
ဗန်းမော်သူဆွမ်းအမကလည်း ဆုငါးပါးကို အားရကျေနပ်စွာပင် ဆွမ်းအုပ် ဆွမ်းအိုးတို့ကို တောင်း၌ထည့်ပြီး ကျောင်းအောက်ထပ်၌ တအောင့်တနား နားနေလေသည်။
မကြာမှပင် အခြားတကာမတဦးသည် ရေအိုးတလုံးရွက်လာပြီး ဆရာတော်အားလာရောက်၍ လှူဒါန်းပြန်သည်။ ဆရာတော်က ရေလှူရသောအကျိုးမှာ ဆယ်ပါးသောအကျိုးကို မတောင်းဘဲနှင့်ရသည်။ ရေသည် အရေးကြီးသော ပစ္စည်းဖြစ်၍ အကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ရသည်။
၁၊ စင်ကြည်ခြင်း
၂၊ လျှင်မြန်ခြင်း
၃၊ ကျော်စောခြင်း
၄၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅၊ အခြံအရံများခြင်း
၆၊ အသက်ရှည်ခြင်း
၇၊ အဆင်းလှခြင်း
၈၊ ခွန်အားကြီးခြင်း
၉၊ ပညာကြီးခြင်း
၁၀၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း
စသော အကျိုးဆယ်ပါး ရ ရှိ ကြောင်း ဟောကြားတော်မူလိုက်လေသည်။
ဗန်းမော်သူဆွမ်းတကာမသည် ရေလှူသူဆင်း၍အသွား ကျောင်းပေါ် သို့ပြန်တက်လာပြီး ဆရာတော်ရှေ့၌ ဆောင့်ကြီးအောင့်ကြီးထိုင်၍...
ဆရာတော်ဘုရား မတရားဘူးဘုရား
ဗန်းမော်ဆရာတော်မှာ ဘာများဖြစ်လာပါလိမ့်ဟု အံ့ဩ၍ နေသည်။
တပည့်တော်မမှာ ချက်လိုက်ရတဲ့ဆွမ်း၊ ချက်လိုက်ရတဲ့ဆွမ်းဟင်း၊ များများလှူရင် များများရတယ်ဆိုလို့ များများကြီးချက်လာတော့လဲ ဆရာတော်ဘုရားက ဆုငါးပါးထဲပေးတယ်။ တပည့်တော်မ ကျေနပ်ပါတယ်ဘုရား။ ဒါပေမဲ့ မပင်မပန်း ငွေမကုန်ပဲ ကန်ထဲက အလကားရတဲ့ရေခပ်ပြီးလှူတာတော့ အရှင်ဘုရားက ဆုတွေဆယ်ပါးတောင် ပေးလိုက်တယ်၊ ဒါ တရားသလား ဘုရား
ဆရာတော်မှာ ထိုအခါမှ သဘောပေါက်ကာပြုံးနိုင်ရယ်နိုင်လာတော့သည်။
တကာမကြီး ရေအကျိုးဆယ်ပါးက မတောင်းဘဲနှင့်ရတာ၊ တကာမကြီး ဆွမ်းချက်တော့ ရေနဲ့မချက်ရဘူးလား
ရေနဲ့ချက်မှ ဆွမ်းဖြစ်မှာပေါ့ဘုရား
ဆွမ်းဟင်းချက်တော့ ရေမပါဘူးလား
ရေပါရတာပေါ့ဘုရား
တကာမကြီး ရေနွေးကြမ်းကပ်တော့ကော ရေကိုဘဲ ကြိုချက်ပြီး လှူရတာဘဲ မဟုတ်လား
မှန်ပါ့ဘုရား
အဲဒီတော့ တကာမကြီး ဆွမ်း၊ ဆွမ်းဟင်းချက်တုန်းက ရေပါခဲ့တာရယ်၊ ရေကို ကြိုချက်ပြီးကပ်တာရယ်၊ အဲဒီ ရေအကျိုးဆယ်ပါးက မတောင်းဘဲနဲ့ ရပြီးသားဘဲ၊ ဆွမ်းအကျိုးငါးပါး ထပ်ပေါင်းလိုက်တော့ တကာမကြီးမှာ အကျိုး တဆယ့်ငါးပါးတောင်ရနေပြီဘဲ
ဗန်းမော်သူ တကာမမှာ ထိုအခါမှ သဘောကျစွာ ပြုံးရယ်လာပြီး...
ဒီလိုဆို တော်သေးတာပေါ့ ဘုရား
ဟုကျေနပ်စွာ ပြောဆိုရင်း ဝတ်ပြု၍ ကျောင်းပေါ်မှ ဆင်းသွားတော့သည်။ နေပြည်တော်တွင် စွာခဲ့သမျှ ဗန်းမော်ကျမှ ဆုဆယ့်ငါးပါးရအောင် ကြံဖန်၍ပေးလိုက်ရသော မိမိ၏အဖြစ်ကို မိမိတွေးမိရင်း တပါးတည်း ပြုးမိလေသတည်း။
*****
ဗန်းမော်ဆရာတော် ပုဂံဘုရားများဖူးလိုခြင်း
ဗန်းမော်ဆရာတော်သည် ဗန်းမော်မြို့သို့ ဆန်တက်ခဲ့ရာတွင် မင်းတုန်းမင်းက ဆရာတော် အစားအသောက်ကောင်းကြောင်းနှင့် အလွန်ဘုန်းပေးနိုင်ကြောင်း ကြိုတင်သိပြီးတဲ့အတိုင်း လိုလေးသေးမရှိအောင် စီမံစေခဲ့ရာ ဆရာတော်မှာ လမ်းခရီး၏ ရှုခင်းများကိုကြည့်၍ ကြည်နူးခြင်းများစွာ ကျေနပ်နှစ်သိမ့်တော်မူသည်။
ဤသို့ အေးချမ်းငြိမ်သက်လှသော ခရီးတွင် ဆရာတော်သည် ကဗျာဉာဏ် ကွန့်မြူးမိမှာမလွဲပေ။ သို့သော် ဤသို့သာယာသော ရှုခင်းများကို စပ်ဆိုသောကဗျာများသည် မှတ်တမ်းအဖြစ်မရှိခဲ့ပေ။ ဆရာတော်၏အတိုက်အခိုက် အနောက်အပြောင် ကဗျာများသာ ထင်ရှားနေခဲ့သည်မှာ အံ့ဩစရာကောင်းလှသည်ထက် စဉ်းစားဘွယ်တရပ်ဖြစ်ပေသည်။
ဤသို့နှင့် စိတ်ချမ်းမြေ့ဘွယ်ရာသော ရေလမ်းခရီးကို ၁၀ညအိပ်မျှ ဆန်တက်မိသည်နှင့်ပဲ့နင်းကြီးက ဆရာတော်အား လျှောက်ထားသည်။
ဆရာတော်ဘုရား ညောင်းညာတော်မူသလားဘုရာ့
မညောင်းပါဘူးကွာ၊ အလွန်ပဲစိတ်ချမ်းသာလှတယ်။ နေပြည်တော်မှာဆိုရင် ဟိုအကြောင်းကြားရ၊ သည်အကြောင်းကြားရနဲ့ စိတ်မချမ်းသာဘူးကွ၊ အခုတော့ နားလဲ ချမ်းသာတယ်၊ စိတ်လဲချမ်းသာတယ်
မှန်လှပါဘုရား... နက်ဖြန်ညနေဆိုရင် ဗန်းမော်မြို့ကိုရောက်တော့မှာပါဘုရား
ဟေ...ဟုတ်လား၊ ဒီလိုဆို ဗန်းမော်မရောက်ခင် ဘုရားဖူးချင်သေးသကွာ
မှန်ပါဘုရား အမိန့်တော်ပါပါတယ်။ ဗန်းမော်မရောက်ခင် ဆရာတော် ဖူးချင်တဲ့ ဘုရားကို ဖူးခွင့်ပြုဘို့ပါဘဲဘုရား
အေး... ဟန်ကျတယ်ကွ၊ ငါကလဲ တခေါက်မှ မရောက်ဘူးလို့မို့ ပုဂံဘုရားတွေ ဖူးချင်နေတာကြာနေပြီ၊ ငါ့ကို ပုဂံဘုရားဖူးရအောင်ပို့ပေးစမ်းကွာ
ပဲ့နင်းကြီးသည် မျက်လုံးများပင် ပြူးသွားလေသည်။
မှန်လှပါ၊ ပုဂံဘုရားများမှာ မန္တလေးအောက်ဘက်ကို စုန်ဆင်းရမှာပါဘုရား၊ အလွန်ဝေးကွာလှပါတယ်
ဗန်းမော်ဆရာတော်က မျက်နှာတင်းမာစွာဖြင့်....
ငါ့ကို ပုဂံဘုရားဖူးရအောင် ပို့မှာသာပို့ကွာ
ပဲ့နင်းကြီးသည် မျက်စေ့မျက်နှာ ပျက်ပျက်နှင့်...
မှန်လှပါဘုရား၊ နေပြည်တော်ကို ဖြတ်ကျော်စုန်ဆင်းသွားရင် တပည့်တော်တို့ ရာဇဒဏ်ထိမှာ သနားတော်မူပါဘုရား
ဗန်းမော်ဆရာတော်သည် ပို၍ဒေါသဖြစ်လာဟန်ဖြင့်....
ဟေ့...တကာ၊ မင်းတို့ဘုရင်က ဘယ်လိုအမိန့်ပေးလိုက်သလဲ
မှန်လှပါ၊ ဗန်းမော်မရောက်ခင် ဆရာတော်ဘုရား ဖူးမျှော်ချင်တဲ့ ဘုရားများကို ဖူးမျှော်ခွင့်ပေးပါလို့ အမိန့်တော်ပါပါတယ်ဘုရား
အေး... ငါ ဗန်းမော်ရောက်ပြီလား
ပဲ့နင်းကြီးသည် တုန်လှုပ်စွာဖြင့် "နက်ဖြန်ရောက်ပါတော့မယ်ဘုရား"
ဆရာတော်သည် ပို၍ဒေါသဖြစ်ဟန်ဖြင့် အော်ငေါက်ကာ...
ရှင်းရှင်းဖြေစမ်းပါကွာ၊ အခု ငါ ဗန်းမော်ရောက်ပြီလား
မရောက်သေးပါဘုရား
မင်းတို့ ဘုရင့်အမိန့်ကဘာတဲ့
ဗန်းမော်မြို့ကိုမရောက်မီအတွင်းပါဘုရား
ဘယ်ဘုရားကိုပို့ရမယ် သတ်မှတ်သေးသလား
ဘယ်ဘုရားကိုမှ သတ်မှတ်မပေးပါဘုရား၊ အရှင်ဘုရား ဖူးချင်တဲ့ဘုရားလို့ အမိန့်တော်ပေးပါတယ်ဘုရား
အေး... ငါ အခု ဗန်းမော်မရောက်သေးဘူး၊ ငါဖူးချင်တဲ့ ဘုရားက ပုဂံဘုရား၊ မင်းတို့ဘုရင့်အမိန့်အရ ငါပြောတာဘဲ၊ ငါ့ကို ပုဂံလိုက်ပို့ ဒါဘဲ
ဆရာတော်သည် ဤသို့ မိန့်တော်မူပြီး သပ်ရပ်စွာ ပြုပြင်ထားသော အိပ်ဆောင်သို့ ဝင်သွားလေသည်။ ပဲ့နင်းကြီးသည် ဆရာတော်ထံမှ ထွက်လာခဲ့ပြီး လှေထိုးသားများအား အကျိုးအကြောင်းပြောပြရာ၊ လှေထိုးသားများမှာ ရာဇဝတ်ဘေးနှင့် မုချတွေ့ရတော့မည်။ ဆရာတော်ကို အသနားခံ လျှောက်ထားမည်ဟု တိုင်ပင်ကြကာ ဆရာတော်ဘုရား၏ အိပ်ခန်းဆောင်အနီးတွင် စုရုံးစုရုံးစုနှင့် ဆရာတော် အိပ်ရာမှ ထမည့်အချိန်ကို စောင့်မျှော်နေကြသည်။ ဆရာတော်သည် လူသံသူသံများကြားသဖြင့် အိပ်ဆောင်မှထွက်လာပြီး...
ဟေ့..ဘာဖြစ်နေကြတာလဲကွ
မှန်လှပါ၊ တပည့်တော်တို့ ရာဇဝတ်ဘေးကို သနားသဖြင့် ကယ်တင်တော်မူပါဘုရား
ဘာဖြစ်လို့ ရာဇဝတ်သင့်ရမှာလဲကွ၊ မင်းတို့ဘုရင့်အမိန့်အတိုင်းလုပ်ရတာဘဲ
မှန်လှပါ၊ နေပြည်တော်ကိုဖြတ်ကျော်ပြီး စုန်ဆင်းရင် အမှန်ပင် ရာဇမာန်ရှမှာ ကြောက်ရပါတယ်ဘုရား။ တပည့်တော်တို့ကို သနားတော်မူပါဘုရား ဟု အလွန်ထိတ်လန့်သော မျက်နှာများနှင့် ဝိုင်းဝန်းလျှောက်ထားလေလျှင် ဆရာတော်သည် အတန်ငယ်တွေဝေနေပြီးမှ...
အေး... မင်းတို့ကို သနားလို့ ငါအလျှော့ပေးလိုက်မယ်။ ရှင်ဘုရင့်အမိန့်ဆိုတာ တိတိကျကျရှိရတယ်ကွ၊ ပေါ့ပေါ့ဆဆ မလုပ်ရဘူး၊ ငါလဲ အဲဒီလိုပြောမိလို့ ဗန်းမော်အပို့ခံရတာဘဲ ဟု ပြုံးရွှင်စွာပြောလေသဖြင့် ပဲ့နင်းကြီးနှင့်တကွ လှေထိုးသားများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ကြလေသတည်း။
*****
ဗန်းမော်ဆရာတော်ကို အရေးယူရသည့်အကြောင်းရင်း
မင်းတုန်းမင်းတရားကြီးသည် သာသနာရေး ဘက်တွင်၎င်း၊ ပညာရှိများကိုဆည်းကပ်ကိုးကွယ်မှုတွင်၎င်း၊ အလွန်ချီးကျူးဘွယ်သော မင်းတပါးပင်ဖြစ်သည်။ ဗန်းမော်ဆရာတော်နှင့် မင်းတုန်းမင်းတို့သည် သက်တော်မတိမ်းပင်ရှိကြလေသည်။ ဗန်းမော်ဆရာတော် (၁၁၆၈ -၁၂၃၉) နှင့် မင်းတုန်းမင်း (၁၁၇၆-၁၂၄၁) တို့ ဖြစ်ကြသည်။
မင်းတုန်းမင်းသည် ဗန်းမော်ဆရာတော်၏အကြောင်းကိုငယ်သိ၊ အစင်းသိဖြစ်သည်။ နော်တော်ပုဂံမင်းလက်ထက်သာသနာပိုင်ဆရာတော်ဘုရား၏ ဖြတ်ထုံးရေးရဟန်း၊ စာဆိုရဟန်းဖြစ်၍ ဗန်းမော်ဆရာတော်သည် ရဟန်းပျိုဘဝကပင် ထူးခြားသောပုဂ္ဂိုလ်ဖြစ်၍ ထင်ရှားသောကိုယ်တော် ဖြစ်ရသည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏တိကျပြတ်သားစွာ ဆန့်ကျင်တတ်သော သဘောကြောင့်၊ သုဓမ္မာဆရာတော်များ အဖွဲ့တွင် မထည့်သွင်းဝံ့၍သာ မထည့်သွင်းခြင်းဖြစ်ပေလိမ့်မည်။
ဗန်းမော်ဆရာတော်အားကိုးကွယ်မှု၊ ဗန်းမော်ဆရာတော်အပေါ် သည်းခံမှုတို့ကိုကြည့်ရှုလျှင် ဗန်းမော်ဆရာတော်က ကိုယ်ရေးကိုယ်တာ၊ လူကဘုန်းကြီး (-) ကဓါးပြဟူ၍ ပြစ်ပြစ်နှစ်နှစ် ဆိုလိုက်ခြင်းကိုလည်း ပြုံးပြုံးကြီးသာ ခံခဲ့သည်။ လွှတ်တော်ဝန်ကြီးများအား ချိုကျိုးနားရွက်ပဲ့ များဖြစ်အောင်ဖေါ် ထုတ်မှုတွင်၎င်း၊ သုဓမ္မာဆရာတော်များကို ပျက်ရယ်ပြုရာတွင်၎င်း၊ မင်းတုန်းမင်းသည် ခတ်မဆိတ်နေခဲ့ခြင်း၊ ဗန်းမော်ဆရာတော်အား ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း မလျော့ပါးကြောင်းကိုထောက်၍ သိသာပေသည်။
*****
အဘယ်ကြောင့် ဗန်းမော်သို့ ပို့ရသနည်း
သို့ဖြစ်လျှင် ဗန်းမော်ဆရာတော်အား အဘယ်ကြောင့်နယ်နှင်ဒဏ်ပေးလိုက်သနည်း။ ဤအချက်သည် အရေးကြီးပေသည်။ မင်းတုန်းမင်းကိုယ်တိုင်က ရှမ်းကလေးကျောင်း ဆရာတော်အား ပြုစုစေခဲ့သောဝိနိစ္ဆယစာတမ်းကို သုဓမ္မာဆရာတော်များ စစ်ဆေးကြည့်ရှုအတည်ပြု၍ သာသနာပိုင်ဆရာတော်၏ အတည်ပြုချက် ထပ်မံရယူပြီး တိုင်းပြည်ရှိ ရဟန်းသံဃာအားလုံးကိုလိုက်နာရန် ထုတ်ပြန်လိုက်သော အချိန်ကျခါမှ ဗန်းမော်ဆရာတော်က ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းမှာ မင်းတုန်းမင်း၏ဂုဏ်သိက္ခာကို၎င်း၊ သုဓမ္မာဆရာတော်များ၏ ဂုဏ်သိက္ခာကို၎င်း၊ များစွာကျဆင်းစေသည့် ကိစ္စဖြစ်လာသည်။ ထိုကိစ္စအတွက် မင်းတုန်းမင်းတွင် သော်၎င်း၊ သုဓမ္မာဆရာတော်များတွင် သော်၎င်း၊ ဂုဏ်သိက္ခာကျဆင်းမှုအတွက် အဖတ်ဆယ်ရန် ဗန်းမော်ဆရာတော်အား ဝန်ခံတောင်းပန်စေရလျှင် ဗန်းမော်ဆရာတော်မှာလည်း ဂုဏ်သိက္ခာကျဆင်းသွားမည်မဟုတ်ဘဲ၊ မင်းတုန်းမင်းနှင့်တကွ သုဓမ္မာဆရာတော်များ၏ သိက္ခာကိုဆယ်နိုင်ပေလိမ့်မည်။ သာသနာပိုင် ဆရာတော်အား တွေ့ဆုံ စစ်ဆေးမေးမြန်း၍ မိမိရေးကြောင်း ဝန်ခံစေရန် စီမံခဲ့သော်လည်း ဗန်းမော်ဆရာတော်သည် ဝန်မခံရုံမျှမက သာသာနာပိုင်ဆရာတော်အားလျှင်ပင်...
"တိုင်းလုံးငယ်ကျော်၊ ဗန်းမော်ကိုမိပြီမှတ်လို့၊ ညာလက်ခတ်တီး၊ ဝှေးစေ့ကိုလှန်၊ အဆံကိုတူနဲ့ထုလို့၊ သေလုအောင် ဘယ်လိုစစ်တော့၊ ပစ်စာရှင်ပညာကြီးကို (-)မှမိဘူး။"
ဟူ၍ပင် သာသနာပိုင်ဆရာတော်ဘုရားအား ပြန်လှန်၍ကော်လိုက်သောအခါ မင်းတုန်းမင်း၊ သုဓမ္မာဆရာတော်များသာမကတော့ပဲ၊ သာသနာပိုင် ဆရာတော်ဘုရားပင်လျှင် ဂုဏ်သိက္ခာ ကျဆင်းရပေတော့သည်။
ဤသို့ပင်မည်သူမျှ မနိုင်နိုင်အောင် မည်သူမျှပင် မကြောက်၊ ဂရုမစိုက်၊ ရိုသေမှု၊ လေးစားမှု၊ ဂါဝရမရှိတော့သော ဗန်းမော်ဆရာတော်ကို နေပြည်တော်တွင် ဆက်လက်ရှိနေပါက ရှေ့အဘို့သာသနာရေးကိစ္စ၊ တိုင်းပြည်ကိစ္စတို့တွင် ဘာမျှလုပ်၍ ရနိုင်တော့မည် မဟုတ်တော့ချေ။ ဤအချက်မှာ မင်းတုန်းမင်းဘက်မှနေ၍ တွက်ကြည့်ရသောအချက်ပင်ဖြစ်သည်။
သာသနာပိုင်ဆရာတော်ဟူသည်မှာ သံဃာ့ရာဇာ သံဃာတို့၏ ဘုရင်ပင် ဖြစ်ရပေမည်။ မင်းတုန်းဘုရင်သည် လူပုဂ္ဂိုလ်တို့အား ဥပဒေအမိန့်ဖြင့် ကွတ်ညှပ်ထုတ်ဆင့် အပြစ်ဒဏ်ပေးသော် သင့်လျှော်၏၊ ရဟန်းသံဃာများအား မင်းသည် မအုပ်ချုပ်ထိုက် ဟူ၍ သံဃာတော်တို့၏မင်းအဖြစ် သာသနာပိုင်ဆရာတော်တပါးရွေးချယ်ခန့်ထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းရှိလျှင် တိုင်းပြည်အုပ်ချုပ်သော မင်းသည်ပင်လျှင် သာသနာပိုင် ဆရာတော်၏ ဩဝါဒကိုနာခံရပေမည်။ သေပြစ်၊ သေမိန့် ကျပြီးသော ရာဇဝတ်သားများကိုပင် သာသနာပိုင် ဆရာတော်၏ အမိန့်ဖြင့် သေပြစ်၊ သေမိန့်မှ ကင်းလွတ်ခွင့် ပေးနိုင်ပေသည်။
ဤသို့ပင် သံဃာ့ရာဇာဖြစ်သော သာသနာပိုင်ဆရာတော်ကိုပင် ပျက်ရယ်ပြုရုံမျှမက ရုန့်ရင်းသောစာချိုးဖြင့် သရော်ပြောင်လှောင်ခြင်းခံရသည့်အခါတွင် သံဃာတို့အား အုပ်ချုပ်မှု ပျက်ပြားစရာ အကြောင်းတပါး ဖြစ်လာတော့သည်။ ထို့ကြောင့်သာလျှင် ဗန်းမော်ဆရာတော်အား နေပြည်တော်မှ ဝေးရာသို့ နယ်နှင်ဒဏ် ပေးလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ဗန်းမော်ကိုပို့လိုက်ရသော်လည်း အစစ၊ အရာရာ လိုလေသေးမရှိ ဆွမ်း၊ ကွမ်းမှစ၍ ပြည့်စုံအောင် စီမံပြီးမှ ပို့လိုက်ခြင်းဖြစ်သည်ကိုထောက်၍ ရာဇဝတ်ပြစ်ဒဏ်ဖြင့် ဗန်းမော်သို့ ပို့ခြင်းမဟုတ်၊ သာသနာပိုင်ဆရာတော်၏ ဂုဏ်သိက္ခာနှင့် အခြားသံဃာများအပေါ် ဩဇာမကျဆင်းစေခြင်းငှာသာလျှင် ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ ပို့ခြင်းဖြစ်ဟန်တူသည်။ သို့ဖြစ်၍ ဗန်းမော်ဆရာတော်အား ဗန်းမော်သို့ပို့ခြင်းမှာ ပြစ်ဒဏ်အနေနှင့် ပို့ခြင်းမဟုတ်ဘဲ၊ နေပြည်တော်အတွင်းရှိ သံဃာတော်များကိုထိန်းသိမ်းမှုရစေရန်နှင့် ခဏတဖြုတ်မျှ နားအပူသက်သာစေရန် ရည်ရွယ်ဟန်တူပေသည်။
*****
နေပြည်တော်သို့ပြန်ပင့်ခြင်း
ဗန်းမော်ဆရာတော်သည် လောကဓံကိုလည်းမကြောက်၊ ကြံ့ကြံ့ခံနိုင်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဗန်းမော်မြို့သို့ရောက်သည့်အခါ၌လည်း ဗန်းမော်မြို့ရှိ ဒါယကာ၊ ဒါယိကာမများနှင့် ပျော်ရွှင်စွာပင်နေခဲ့ကြောင်း ရှေ့ပိုင်းမှ အရိပ်အမြွက်မျှ ဖေါ်ပြခဲ့ပေပြီ။
မင်းတုန်းမင်းလည်း ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့သို့ပို့ခဲ့သည့်ကာလမှာ တန်လောက်ပေပြီဟု သဘောတော်ရရှိ၍ လှေသင်းအတွင်းဝန်အား အစီအစဉ် ပြုလုပ်စေပြီးကာ လှူဒါန်းဘွယ်ရာများနှင့်တကွ နေပြည်တော်သို့ ပြန်လည်ပင့်ခဲ့ရန် စေလွှတ်လိုက်လေသည်။
လှေသင်းအတွင်းဝန်လည်း ကိုယ်တိုင်ပင်လျှင်ဗန်းမော်မြို့သို့ သွားရောက်ခါ ဗန်းမော်ဆရာတော်အား ဘုရင်မင်းမြတ်က နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရန် အမိန့်တော်ရှိ၍ ရောက်လာခဲ့ရပါကြောင်း လှေတော်များဖြင့်ကြွရောက်ပါရန် လျှောက်ထားသည်။ ဗန်းမော်ဆရာတော်သည် ရှောရှောရူရူပင် လှေပေါ် သို့လိုက်ပါခဲ့သည်။
သို့သော်ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းအား အခဲကျေဟန်မတူ။ မင်းတုန်းမင်းနှင့် မျက်နှာချင်းမဆိုင်လို။ မန္တလေးသို့ရောက်ခါမှ လှေပေါ်မှမဆင်းဘဲ စစ်ကိုင်းဘက်သို့ ပို့ပေးရန် လှေသင်းအတွင်းဝန်အား အမိန့်ရှိတော်မူသည်။
လှေသင်းအတွင်းဝန် အခက်ကြုံပေပြီ။
“ဘုရင်မင်းမြတ်က နေပြည်တော်သို့ပင့်ဆောင်လာခဲ့ရန်အမိန့်တော်မြတ်ကို ဦးထိပ်ရွက် ပန်ဆင်ထားရပါသောကြောင့် ဂေါဝန်ဆိပ်မှသာ တက်ကြွတော်မူပါရန်” လျှောက်ထားရသည်။
ဗန်းမော်ဆရာတော်က “ဟေ့ မင်းတို့ဘုရင်က မင်းတို့ကိုသာ မန္တလေးပင့်ခဲ့ဘို့ အမိန့်ပေးတာ ငါ့ကိုပင့်တာမဟုတ်ဘူး။ ဒါကြောင့်ငါမလိုက်နိုင်ဘူး။ ငါ့ကို စစ်ကိုင်းဘက်ရောက်အောင်ပို့” ဟု ခတ်ပြတ်ပြတ်ပင် အမိန့်ရှိလိုက်သည်။
ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်းအပေါ်တွင် ချစ်ခင်ဟန်၊ လေးမြတ်ဟန်တူပေသည်။ အဘယ်ကြောင့်ဆိုသော် မင်းတုန်းမင်း၏မှားယွင်းချက်များ ရှိသည့်အခါတိုင်း အမြဲတန်း သတိပေးလေ့ရှိသည်။ ဥပမာအားဖြင့် မင်းတုန်းမင်းသည် သာသနာရေး၌ အလွန်ပင်အားထုတ်တော်မူသော်လည်း ကာမဂုဏ်ဘက်၌ မိဖုရား၆၀ကျော်ထားရှိခြင်းကြောင့် မင်းတုန်းမင်း၏နမူနာကိုယူ၍ သားတော်၊ ဝန်ကြီး၊ မူးမတ်များနှင့် မင်းဆွေ၊ မင်းမျိုးများသည် တလင်တမယားစနစ်ကို လျှစ်လျှူရှု၍ သားမယားများအပြိုင်အဆိုင်ယူကြသော ခေတ်ကြီးဖြစ်နေသည်ကို သတိပေးလို၍ အခွင့်သာသည်နှင့်တပြိုင်နင် မင်းတုန်းမင်းအား “လူကဘုန်းကြီး (-)က ဓါးပြ” ဟူ၍ သတိပေးခဲ့သည်။
ထို့ပြင် သုဓမ္မာ ဆရာတော်များ ခန့်ထားရာတွင် အရည်အချင်းမပြည့်စုံသော ပုဂ္ဂိုလ်များ ရှိနေကြောင်းကို...
မောင်သက်ပန်းက၊ တသန်းသန်းတဝေဝေ၊
မောင်လှထွေမှာ စာပေမသိ၊
မောင်စလင်းမှာတော့ ပျင်းလို့ စာမကြည့်၊
မင်းနန်မှာလူနှင့်နှောတယ် သောသောညံဘိ၊
မဏ္ဍလာ မှုချင်းရာမစုံစမ်းခင်က ငေါက်ငန်းပါဘိ။
ဟူ၍သက်ပန်းဆရာတော်သည် တရားစီရင်ရာ၌ သန်းဝေတတ်ကြောင်း၊ လှထွေဆရာတော် စာမတတ်ကြောင်း၊ စလင်းဆရာတော် စာမကြည့်ကြောင်း၊ ပုခန်းဆရာတော် ဦးနန္ဒမှာ လူဒါယကာတို့နှင့် အရောတဝင်နေ၍ သောသောညံအောင် စကားပြောလေ့ရှိကြောင်း၊ မဏ္ဍလာရာမ ဆရာတော်မှာ အမှုအကျိုးအကြောင်းကို မစစ်ဆေးမီကပင် ငေါက်ငန်းလေ့ရှိကြောင်း မင်းတုန်းမင်း သိအောင် ပြောပြခဲ့ပေသည်။
ထို့နောက် လွှတ်တော်ဝန်ကြီးလေးပါးနှင့်ပတ်သက်၍လည်း၊
ပုခန်းမှာ....လေ၊
လောင်းရှည်မှာ....ဓါး၊
ခန်းလတ်မှာ....နား၊
ရေနံတတိုင်ချင်း လင်းပါ့မလား။
ဟူ၍ သတိပေးခဲ့ပြန်သေးသည်။ မင်းတုန်းမင်းသည် တိုင်းပြည်အုပ်ချုပ်ကြရမည့် လွှတ်တော်ဝန်ကြီးလေးပါးရှိရာတွင် ပုခန်းမြို့စားဝန်ရှင်တော်မင်းကြီးမှာ လေနာရောဂါသည်ကြီး ဖြစ်သည်။ လောင်းရှည်မြို့စားဝန်ရှင်တော်မင်းကြီးမှာမြင်ကွန်း မြင်းခုန်တိုင် အရေးတော်ပုံတွင် ဓါးဒဏ်ရာရှိပြီး မစွမ်းမသန်သူဖြစ်သည်။ ခန်းလတ်မြို့စားဝန်ရှင်တော်မင်းကြီးသည် နားထိုင်းသူဖြစ်၍ လွှတ်တော်ဝန်ကြီးလေးပါးရှိသည့်အနက် သုံးပါးစလုံး တိုင်းပြည်အုပ်ချုပ်မှုတွင် တင်းပြည့်ကျပ်ပြည့် တိုင်းပြည့်တာဝန်ကိုထမ်းဆောင်နိုင်မည်မဟုတ်၊ ရေနံချောင်းမြို့စား ဝန်ရှင်တော်မင်းကြီးတဦးတည်းနှင့် တိုင်းပြည်ကိစ္စများ ဆောင်ရွက်နိုင်ပါ့မလားဟု သတိပေးခဲ့သည်။
ယခုလည်း မင်းတုန်းမင်းသည် ဗန်းမော်ဆရာတော်ကိုပင့်ရာတွင် အကယ်ပင်နေပြည်တော်သို့ ကြွရောက်လိုပါက မင်းတုန်းမင်းကိုယ်တိုင် ပင့်လျှောက်လွှာတစောင်ရေးသား၍ လှေသင်းအတွင်းဝန်မင်းနှင့် ပေးအပ်ထိုက်သည်။ ယခုမူ လှေသင်းအတွင်းဝန်အား ဗန်းမော်ဆရာတော်ကို ပင့်ချေဟုစေခိုင်းလိုက်ခြင်းမှာ မင်းတုန်းမင်းဘုရင်၏ ပေါ့ဆမှုဖြစ်ကြောင်းကို ထင်ရှားစေလို၍...
“ဟေ့ မင်းတို့ဘုရင်က မန္တလေးကိုပင့်ခဲ့ဘို့ မင်းတို့ကိုမှာတာ၊ ငါ့ကို မန္တလေးကြွဘို့ ပင့်တာမဟုတ်ဘူး၊ ဒါကြောင့် ငါသွားချင်တဲ့ဆီသွားမယ်၊ ငါ့ကိုစစ်ကိုင်းသာပို့” ဟုမိန့်တော်မူသဖြင့် လှေသင်းအတွင်းဝန်မှာ ရှင်ဘုရင်ပင်ကြောက်နေရသော ဗန်းမော်ဆရာတော်၏အမိန့်ကို မလွန်ဆန်ဝံ့၍ စစ်ကိုင်းဘက် ဆိပ်ကမ်းသို့ ပို့ဆောင်ရတော့သည်။ ဗန်းမော်ဆရာတော်သည် စစ်ကိုင်းတောင်ရိုးတွင်ပင် ပျော်မွေ့စွာ သီတင်းသုံးတော်မူသည်။
*****
စစ်ကိုင်းဘက်သို့ မဟာဒဏ်ဝန် သွားရောက်ပင့်ခြင်း
ဗန်းမော်ဆရာတော်သည် စစ်ကိုင်းဘက်သို့ ကြွရောက်သီတင်းသုံးလိုသဖြင့် စစ်ကိုင်းဘက်သို့ပို့ပေးရန် အမိန့်ရှိ၍ လှေသင်းအတွင်းဝန်မှာ အလွန်ဆန်နိုင်ဘဲ စစ်ကိုင်းဆိပ်ကမ်းသို့ ပို့ပေးရကြောင်း မင်းတုန်းဘုရင်နှင့်မိဖုရားကြီးတို့သိရှိရလျှင် များစွာစိတ်မကောင်းကြပေ။
ဗန်းမော်ဆရာတော်သည် တိုင်းပြည်အကျိုးကို ဒိုးဒိုးဒေါက်ဒေါက် တိတိကျကျ ပြတ်ပြတ်သားသား ခပ်ကြမ်းကြမ်းပင် ဝေဖန်ပြောဆိုတတ်ကြောင်းကိုသိသည်။ ဘုရင်နှင့်မိဖုရား အပေါ်တွင် စေတနာထားရှိ၍ ပြောဆိုခြင်းဖြစ်ကြောင်းကိုလည်း ဘုရင်နှင့်မိဖုရား နှစ်ပါးစလုံးသိကြသည်။
မိမိတို့က မန္တလေးမြို့သို့ ပင့်ဆောင်သော်လည်း မကြွလာဘဲ စစ်ကိုင်းဘက်သို့ ကြွသွားခြင်းမှာ မိမိတို့ ဗန်းမော်သို့ ပို့သည်ကို အခဲမကြေဖြစ်နေသေးသည်ထင်ပြီး ကိုယ်တိုင်လည်း သွားရောက်မပင့်ရဲကြပေ။ တစုံတရာ ပက်ပက်စက်စက် ပြောလိုက်မှာကို စိုးရွံ့ဟန်တူသည်။ သို့ဖြစ်၍ မဟာဒဏ်ဝန်ကို ပင့်ဆောင်ရန် စေလွှတ်ရသည်။
*****
အာဏာပါးကွက်သား ဥပမာနှင့် ထင်ဟတ်၍ မိန့်ကြားပုံ
မင်းတုန်းမင်း၏အမိန့်အရ မဟာဒဏ်ဝန်သည် လှူဘွယ်တန်းရန်ပစ္စည်းများနှင့်တကွ ဗန်းမော်ဆရာတော်ထံသို့ ဝင်ရောက်ဖူးမျှော်သည်။ ဗန်းမော်ဆရာတော်က အလ္လာပ သလ္လာပ စကားများပြောကြားပြီးနောက် မဟာဒဏ်ဝန်က လျှောက်ထားသည်။
“ဘဝရှင်မင်းတရားကြီးနှင့်မိဖုရားကြီးက ဆရာတော်၏ဆုံးမဩဝါများကိုနာကြားလိုပါ၍ ဆရာတော်အား ဖူးမျှော်လိုပါသောကြောင့် မန္တလေးသို့ ကြွရောက်သီတင်းသုံးခါ အဖူးအမျှော်ခံစေလိုပါသတဲ့ဘုရား”
ဗန်းမော်ဆရာတော်က ရုတ်တရက်မိန့်ကြားသည်မှာ...
“အေးကွဲ့... မင်းပြစ်မင်းဒဏ်နဲ့ ဗန်းမော်ကို အပို့ခံရတဲ့ ရာဇဝတ်သားပေကိုးကွ၊ အခုတော့ မင်းပြစ်မင်းဒဏ်က အလွှတ်ခံရတော့ အစဉ်အလာအတိုင်းဆိုရင် အာဏာပါးကွက်သား ဖြစ်ရပေမပေါ့ ဟုတ်ရဲ့လား”
မဟာဒဏ်ဝန်သည် ဘာကိုမျှမလျှောက်ရဲ၊ ငြိမ်သက်၍သာနေသည်။ ဆရာတော်ကဆက်၍...
“ပြောစမ်းပါဦး မဟာဒဏ်ဝန်ရဲ့၊ မင်းပြစ်မင်းဒဏ် သင့်တဲ့သူများ မင်းပြစ်မင်းဒဏ်က လွှတ်တော်မူပါဘုရား၊ ကောင်းမွန်စွာနေပါ့မယ်၊ ခိုင်းစေရာလုပ်ပါ့မယ်လို့ ကတိခံလို့ အပြစ်ဒဏ်က လွှတ်ပေးရင် ဘာလုပ်ရသလဲကွဲ့”
“အာဏာပါးကွက်သား အလုပ်တာဝန်ကို ဆောင်ရွက်ရပါတယ်ဘုရား”
“အေး... အဲဒီရာဇဝတ်အာဏာပါးကွက်သားများဟာ မြို့ဝန်ရဲ့နောက်နားက ဓါးဆွဲပြီး အမြဲလိုက်နေရတယ် မဟုတ်လား”
မဟာဒဏ်ဝန်သည် ဗန်းမော်ဆရာတော် ဤမျှစကားချီနေခြင်းမှာ ရှင်ဘုရင်အားနှက်လို၍ အကွက်ဆင်နေခြင်းဖြစ်ကြောင်းကို ကြိုတင်ရိပ်မိသော်လည်း မည်သည့်အချက်တွင် အကွက်ဆင်၍ နှိပ်လိုက်မည်ကို ကြိုတင်မရိပ်မိနိုင်သဖြင့် ဗန်းမော်ဆရာတော်၏ စကားပရိယာယ်ထဲတွင် မိမိတရားခံအဖြစ် ငြိစွန်းပါဝင်နေမည်ကို စိုးရိမ်ကာ ခတ်ဆိုင်းဆိုင်းပင် ဖြစ်နေသဖြင့် ဗန်းမော်ဆရာတော်က...
“အာဏာပါးကွက်သားဟာ မြို့ဝန်မင်းနောက်နားက ဓါးဆွဲပြီးလိုက်နေရတယ်မဟုတ်လား”
ဟု ထပ်မံမေးမြန်းပြန်သဖြင့်...
“မှန်ပါ့ဘုရား”ဟု ခတ်လေးလေး လျှောက်ထားလိုက်သည်။
ဗန်းမော်ဆရာတော်ကဆက်၍...
“အာဏာပါးကွက်သားများ၊ မင်းမိဖုရား၊ မင်းဆွေ၊ မင်းမျိုးတွေရဲ့ အရိပ်ကို မတော်တဆနင်းမိရင် ဘာလုပ်ရသလဲကွဲ့”
“မှန်ပါ.. ဖျဉ်ဖြူ ဖျဉ်နီ ကန်တော့ပွဲနဲ့ ကန်တော့ရပါတယ်ဘုရား”
ဗန်းမော်ဆရာတော်က ခတ်ပြုံးပြုံးမိန့်တော်မူသည်။
“အေး..မင်းတို့ ရှင်ဘုရင်ကိုပြောလိုက်စမ်းကွယ်၊ ငါက နယ်နှင်ဒဏ်ခံရပြီး၊ အပြစ်ဒဏ်ကလွတ်လာတဲ့ ရာဇဝတ်သားလကွဲ့၊ ငါနေပြည်တော်ပြန်နေရင် မင်းညီမင်းသားတွေရဲ့ အရိပ်ကိုနင်းမိလို့ ဖျဉ်ဖြူ ဖျဉ်နီကန်တော့ရမှာစိုးလို့ နေပြည်တော်ကို မလာချင်တော့ဘူးလို့ ပြောလိုက်ပါလကွယ်”
မဟာဒဏ်ဝန်လည်းတစုံတရာ ပြန်လည်မလျှောက်ထားဝံ့ဘဲ ဝတ်ဖြည့်၍သာပြန်လာခဲ့ရသည်။
မင်းတုန်းဘုရင်နှင့် မိဖုရားခေါင်ကြီးတို့သည် မဟာဒဏ်ဝန်ထံမှ ထိုစကားကို ကြားရသောအခါအသဲမာလှသော ဗန်းမော်ဆရာတော်အတွက် များစွာ စိတ်မကောင်းဖြစ်ကြရတော့သည်။
*****
ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှပုံ
မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာတင်မင်းအဖြစ်ကျော်ဇောထင်ရှားသည်မှာ သာသနာရေးတွင် အလွန်ဦးစားပေးသည်။ ရဟန်းသံဃာတော်များကို အလွန်ကြည်ညိုလေးမြတ်သည်။ မင်းတုန်းမင်း၏မိဖုရားခေါင်ကြီးမှာ ပုဂံမင်း၏နှမတော် “သီရိပဝရမဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီ” ဘွဲ့ခံမိဖုရားခေါင်ကြီးဖြစ်သည်။ ပိဋကတ်ဗေဒင် ကျွမ်းကျင်လိမ္မာတော်မူသည်ဖြစ်၍ ရဟန်းသံဃာတော်များကို အလွန်လေးမြတ်တော်မူသည်။ ၁၂၃၃-ခုနှစ်တွင် ပိဋကတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉-ချပ်ပေါ်တွင် ကမ္ဗည်းအက္ခရာတင်၍ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် စိုက်ထား ကိုးကွယ်သည်။ ပထမပြန် စာမေးပွဲများကိုလည်း မင်းတုန်းမင်းတြားကြီး လက်ထက်တွင် ကျင်းပပေးခဲ့သည်။
ပိဋကတ်သုံးပုံကျောက်ချပ်ရေ ၇၂၉-ချပ်ကို အရှည်တည်တန့်စေရန်အတွက် အုဋ္ဌ်ဂူ ၇၂၉-ခု ပြုလုပ်ထားသည်။ မင်းတုန်းမင်းသည် သက္ကရာဇ် ၁၁၇၆-ခုနှစ်တွင်ဖွားမြင်သည်။ ဗန်းမော်ဆရာတော်သည် ၁၁၆၈-ခုနှစ်တွင် ဖွားမြင်သည်။ သို့ဖြစ်ရာ ဗန်းမော်ဆရာတော်က အသက်၁၂-နှစ်ကြီးသည်။
ဗန်းမော်ဆရာတော်သည် မင်းတုန်းမင်း၏နောင်တော် ပုဂံမင်းလက်ထက် သာသနာပိုင်ဆရာတော် ဗားကရာဆရာတော်ထံတွင် စာဆိုပဉ္စင်း ဝိနည်းဖြတ်ထုံးရေး တာဝန်ယူနေစဉ်ကာလတွင် ဗန်းမော်ဆရာတော်လောင်း ဦးပဉ္စင်းသည် သာသနာပိုင်ဆရာတော်၏ အတွင်းရေးမှူးရာထူးတမျှ ရရှိနေသောကြောင့် ၁၀နှစ် ၁၅နှစ်သားအရွယ် မင်းတုန်းမြို့ကို မစားရသေးမီက မင်းညီမင်းသားဘဝကပင် ဗန်းမော်ဆရာတော်အား ရိုသေလေးစားမည်မှာ မလွဲပေ။
ထိုနည်းတူစွာ မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီး ရတနာဒေဝီသည်လည်း ပုဂံမင်း၏နှစ်မတော်အဖြစ် ပိဋကတ်သုံးပုံဗေဒင်အရာ၌ ကျွမ်းကျင်လှသည်ဟု ရာဇဝင်များအဆိုအရ၎င်း၊ မင်းတုန်းမင်း၏ အသက်တော်နှင့် ခန့်မှန်းရလျှင် မိဖုရားခေါင်ကြီးပညာသင်ယူချိန်၌ ဗန်းမော်ဆရာတော်သည် ပဉ္စင်းပျိုဘဝ သာသနာပိုင်ဆရာတော်၏ အတွင်းရေးမှူးတမျှ တွင်ကျယ်နေသည့်ကာလတွင် ပညာသင်ယူချိန်နှင့် တိုက်ဆိုင်နေ၍ ဗန်းမော်ဆရာတော်အား ကြည်ညိုရင်းစွဲရှိမည်မှာ မလွဲပေ။ သို့ဖြစ်၍ ဗန်းမော်ဆရာတော်အပေါ် မင်း မိဖုရား နှစ်ပါးစလုံးပင် ငယ်စဉ်က ကြည်ညိုခဲ့ရသော ကိုယ်တော်ဖြစ်၍ သံယောဇဉ် ကြီးမားလှသည်မှာ သဘာဝကျလှပေသည်။
သို့ကြောင့်လည်း ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့မှ သွားရောက်ပင့်ခေါ် သည်တွင် မိဖုရားခေါင်ကြီး၏ လျှောက်ထားမှုကြောင့် ပင့်ခေါ်ရသည်ဟု အဆိုရှိကြသည်။ ဗန်းမော်မြို့သို့ မပို့မီကာလကလည်း မင်းတုန်းမင်းကြီးကိုယ်တိုင် ဗန်းမော်ဆရာတော်အားကိုယ်တိုင်ပင့်ဘိတ်ပြီး တရားရေအေးတိုက်ကျွေး၍ အဆုံးအမ ဩဝါဒပေးရန် လျှောက်ထားခံရသော ပုဂ္ဂိုလ်ဖြစ်သည်။
မင်းတုန်းမင်းနှင့်မိဖုရားခေါင်ကြီး နှစ်ပါးစလုံးပင် ဗန်းမော်ဆရာတော်အား ဗန်းမော်မြို့မှ ပြန်လည်ပင့်ဆောင်လာသော်လည်း မင်းတုန်းဘုရင်ကို စိတ်နာ၍ စစ်ကိုင်းမြို့မြောက်ဘက် ပိတောက်ချောင်သို့ (အချို့မှတ်တမ်းများ၌ မြင်းကွန်းဘက်ကမ်း ဗန်းမော်ချောင်ဟုအဆိုရှိသည်။) ကြွရောက်သီတင်းသုံးနေသဖြင့် များစွာစိတ်ချမ်းမြေ့ကြဟန်မတူပေ။
သို့ဖြစ်၍ ဆရာတော်အား မန္တလေးသို့ကြွပါရန် မဟာဒဏ်ဝန်အားစေလွှတ် ပင့်ဆောင်စေရာတွင် (အရိပ်ကို နင်းမိမှာစိုးလို့) ဟူသော ခနဲ့တဲ့တဲ့ ဥပမာစကားဖြင့် ငြင်းပယ်တော်မူခဲ့သည်။ ထိုမျှသာမက ဗန်းမော်ဆရာတော်အထံသို့ ဝန်ကြီးများ၊ အမတ်လိမ္မာများကိုစေလွှတ်၍ အကြိမ်ကြိမ် ပရိယာယ်ဆင်ကာ ပင့်ဆောင်ပါသော်လည်း မန္တလေးဘက်သို့ ကြွလာခြင်းမရှိရုံမျှမက၊ မင်းတုန်းမင်းတြားကြီး၏ မကောင်းသတင်းများကိုသာ မိန့်ကြားလျက်ရှိနေကြောင်း မင်းတုန်းမင်းကိုယ်တိုင်ကြားသိရ၍လည်း များစွာ စိတ်မချမ်းမြေ့ဟန် တူပေသည်။
*****
ဘယ်မအေ့လင်တွေကပြောသလဲ
မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော် မိမိအပေါ်တွင် မည်မျှပင် မကောင်းပြောခဲ့သော်လည်း စိတ်ဆိုးခြင်း ရှိဟန်မတူ။ ဗန်းမော်ဆရာတော် မန္တလေးသို့ ကြွလာရေးအတွက် ဇွဲလုံ့လမလျော့ဘဲ ကြံစည်မြဲကြံစည်လျက်ရှိနေသည်။
တနေ့သော် မင်းတုန်းမင်းတွင်အကြံတခုရလာသည်။ ကဗျာ့ပါရဂူ၊ ကဗျာ့ဝိဇ္ဇာဓိုရ်အဖြစ် ယနေ့ခေတ်တွင် ကျော်ဇောထင်ရှားလှသော စလေဦးပုညသည် ဗန်းမော်ဆရာတော်ထံတွင် ကဗျာနှင့်ပတ်သက်၍ ပညာဆည်းပူးခဲ့သည်။ ဗန်းမော်ဆရာတော်သည် စလေဦးပုညအား များစွာလိုလားချစ်ခင်တော်မူသည်ကို မင်းတုန်းမင်းတြားသိရှိတော်မူသည်။ သို့ဖြစ်၍ စလေဦးပုညအား ဗန်းမော်ဆရာတော်ထံ စေလွှတ်၍ ဥပါယ်တမည်ဖြင့် လျှောက်ထားပင့်ဆောင်ရန်နှင့် အကယ်၍ နေပြည်တော်သို့ ကြွရောက်လိုခြင်း မရှိပါကလည်း မင်းတုန်းမင်းတြား၏မကောင်းသတင်းများကို ပြောကြားခြင်းမပြုပါရန် လျှောက်ထားပေးဘို့ စေလွှတ်လိုက်လေသည်။
စလေဦးပုညသည် စစ်ကိုင်းဘက်သို့ကူး၍ ဆရာတော်ထံပညာဆည်းပူးရန်နှင့် ဝတ်ကြီး ဝတ်ငယ်ပြုရန် အကြောင်းပြ၍ လှူဘွယ်တန်းရန်များနှင့်သွားရောက်လေသည်။ ဆရာတော်ဘုရားထံတွင် ၄-၅ရက်မျှနေ၍ ဝတ်ကြီး ဝတ်ငယ်ပြုနေသည်။
ထိုစဉ်အတွင်း စကားအလျဉ်းသင့်သလို နေပြည်တော်သို့ ကြွရောက်သီတင်းသုံးရန် အကြိမ်ကြိမ်လျှောက်ထားသော်လည်း စကားကိုလက်မခံ ငြင်းပယ်တော်မူရုံမျှမက မင်းတုန်းမင်းအား ထိပါးပုတ်ခတ် ပြောဆို၍သာ နေလေသဖြင့် ဦးပုညလည်း လက်လျှော့ရလေတော့သည်။
သို့ဖြင့် ၄-၅ရက်ကြာပြီး နောက်တနေ့တွင် မန္တလေးဘက်ကမ်းသို့ ကူးတော့မည်ဟု လျှောက်ထားရင်း...
“အရှင်ဘုရား... တကာတော် မင်းတုန်းမင်းဘုရားက ဆရာတော်အား လျှောက်ကြားရန်မှာကြားပါသေးသည်။ မန္တလေးမြို့သို့မကြွလိုသော် စိတ်ချမ်းမြေ့ရာစံတော်မူပါ။ သို့ရာတွင် ဘဝရှင်မင်းတြားအပေါ် မကောင်းသတင်း ပြောကြားနေခြင်းများ ရပ်စဲတော်မူပါရန်လျှောက်တင်ခဲ့ဘို့မှာကြားလိုက်ပါသည်ဘုရား”
ဗန်းမော်ဆရာတော်က မျက်ခုံးကိုပင့်ကာ ကွမ်းပတ်ကိုထွေးရင်း...
“ဟေ့... မင်းတို့ရှင်ဘုရင်က ငါဒီဘက်ကမ်းက သူ့အကြောင်းမကောင်းပြောတာ ဟိုဘက်ကမ်းကနေ ကြားသတဲ့လား”
“မှန်လှပါ... ကြားသိရကြောင်းပါဘုရား”
“နေပါအုံးကွ၊ မင်းတို့ဘုရင်ရဲ့ မိဖုရားခေါင်ကြီး မကျန်းမာတုံးက ခွေးအူသံတွေကြားရတာ နားငြီးတယ်ဆိုပီး၊ ဟိုဘက်ကမ်းကခွေးတွေ ဒို့စစ်ကိုင်းဘက်ကမ်းပို့ခဲ့ဘူးတယ် မဟုတ်လား”
“မှန်ပါ... ပို့ထားခဲ့ဘူးကြောင်းပါဘုရား”
“အေး.. အဲဒီတုံးက ဘိုးသူတော်ဦးမင်းစာစပ်ခဲ့တာ မင်းမှတ်မိရင် ဆိုပြစမ်း”
“ဒီနှစ်တွင် ကြုံပြန်ရ၊ ကျားမ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွဲ့... ဝူး။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို ...ရှင်) လှိုင်းတိတ်မှကူး။
ပါတဲ့ ဘုရား...”
“အေး..ဟုတ်ပြီ၊ အဲဒီလို သူ့မိဖုရားခေါင်ကြီး မကျန်းမာလို့ ခွေးတွေကို စစ်ကိုင်းပို့ထားခဲ့တော့ ဒီဘက်ကမ်းက ခွေးဟောင်သံကို မင်းတို့ ဘုရင်ရော မိဖုရားခေါင်ကြီးပါ ကြားရသလားကွဲ့”
“မှန်ပါ...မကြားရကြောင်းပါဘုရား”
“အေး.. အဲဒီတုံးက ဒီဘက်ကမ်းကခွေးဟောင်သံကိုမှ မကြားဘဲနဲ့ အခုငါပြောမှ ကြားတယ်ဆိုတော့၊ မင်းတို့ဘုရင်ကို ဘယ်အမေ့လင်တွေက သွားပြီး သံတော်ဦးတင်လို့လဲ” ဟု မိန့်တော်မူလေရာ၊ ဦးပုညသည် ဆက်လက် မလျှောက်ထားရဲတော့ဘဲ ငြိမ်သက်၍သာနေတော့သည်။
*****
မိန်းမတွေပေါင်ခြားထဲကရှင်ဘုရင်
စလေဦးပုညသည် ဆက်လက်မလျှောက်ထားရဲတော့သဖြင့် ငြိမ်သက်၍နေစဉ်ပင် ဗန်းမော်ဆရာတော်က ဆက်လက်၍...
“မင်းတို့ဘုရင်က ဒါတင်ဘဲမှာလိုက်သလားကွ၊ ဘာတွေများ မှာလိုက်သေးသလဲ”
ထိုအခါမှ စလေဦးပုညသည် ဦးခေါင်းကိုဖေါ်နိုင်ပြီး မော်၍ဖူးမျှော်ပြီး လျှောက်ထားပြန်သည်။
“ဘုရင်မင်းမြတ်က ဆရာတော်ဘုရား နေပြည်တော်ကြွရောက်၍ ပရိယတ္တိသာသနာ ဖွံ့ဖြိုးအောင် ဆောင်ရွက်တော်မူပါ။ အကယ်၍ နေပြည်တော်သို့ မကြွလိုဘဲ စစ်ကိုင်းတောင်ရိုးတွင်သာ သီတင်းသုံးမည်ဆိုပါကလည်း ပဋိပတ္တိသာသနာ ကမ္မဌာန်း ဘာဝနာများ အားထုတ်၍ တရားအလုပ်နှင့် ပျော်မွေ့တော်မူပါလျှင် တကာတော်တို့များစွာ အားရရွှင်လန်း ရှိပါမည်ဘုရားဟု သတင်းစကားလျှောက်ထားခဲ့ရန် မှာကြားလိုက်ပါသည်ဘုရား...”
ထိုအခါဗန်းမော်ဆရာတော်ကဒေါပွ၍သွားပြန်သည်။ မင်းတုန်းဘုရင်က မိမိအပေါ် ဆရာလုပ်သည်ကို မခံချင်သောစိတ်ထားဖြင့် မိန့်ကြားတော်မူလေသည်မှာ...
“အံမာ... ကြီးကျယ်လိုက်တာကွာ မိန်းမတွေ ပေါင်ခြားထဲနေတဲ့ မင်းတို့ဘုရင်က တောင်ခြားထဲနေတဲ့ ငါ့ကိုများ တရားအားထုတ်ခိုင်းတာများ အံ့ပါ့ကွာ၊ အဲဒီအတိုင်းငါပြောလိုက်တယ်လို့သာ လျှောက်လိုက်ပေတော့” ဟုမိန့်တော်မူလိုက်ရာ စလေဦးပုညမှာ ဘာကိုမျှ မလျှောက်ရဲတော့ဘဲ ဝတ်ချကာ ပြန်လာခဲ့ရလေတော့သတည်း။
*****
သင်္ဂဇာဆရာတော်ကိုချီးကျူးခြင်း
ဗန်းမော်ဆရာတော်အားမဟုတ်မခံ ဇတ်ဇတ်ကြဲနှံတတ်သောပုဂ္ဂိုလ်ဟုထင်ရသော်လည်း နေရာတကာတွင် နှံသူမဟုတ်၊ သည်းခံသောအခါတွင်လည်း သည်းခံတတ်သေးကြောင်းတွေ့ရသည်။
စကားအရာတွင် ဥပမာ၊ ဥပမေယျ ထုံးတမ်းပုံပြင် စုံလင်စွာဖြင့် ဟောကြားတတ်သော သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်ထံပညာရင်နို့ သောက်စို့ခဲ့ရဘူးသည်။ တနေ့တွင် သုဓမ္မာဇရပ်၌ ဆရာတော်များစုံညီခိုက် သင်္ဂဇာဆရာတော် အဖူးအမျှော်ရောက်ရှိ၍ ဆရာတော်များအား ကန်တော့လေသည်။ ထိုစဉ်အခိုက် မောင်းထောင်ဆရာတော်ကြီးက အမိန့်ရှိသည်မှာ...
“သင်္ဂဇာတို့များ စကားအရာ ကျွမ်းကျင်လိမ္မာတယ်လို့နာမည်ကြီးနေလိုက်တာ ဗန်းမော်ဆရာတော်ရဲ့ တပည့်ပီသပါပေတယ်”
ထိုအခါ သင်္ဂဇာဆရာတော်က လျှောက်ထားသည်မှာ...
“မှန်လှပါ... တပည့်တော် ဗန်းမော်ဆရာတော်၏ ကျေးဇူးတော်ဂုဏ်ကြောင့် ဤမျှပင် ထုံးတမ်းပုံပြင်များကို ပြောဟောခြင်းပြုနိုင်ခဲ့ရပါသည်။ သို့ဖြစ်၍လည်း နေ့စဉ်ပင် ဗန်းမော်ဆရာတော်ရှိရာ အရပ်ကိုရည်မှန်းလျက် ကန်တော့ပါသည်။”
သင်္ဂဇာဆရာတော်သည်၊ ဗန်းမော်ဆရာတော်အား လက်အုပ်ချီပြီး ဗန်းမော်ဆရာတော် အရှေ့အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အရှေ့အရပ်သို့ ရည်မှန်း၍ ကန်တော့ပါသည်။ ဗန်းမော်ဆရာတော် အနောက်အရပ်တွင် သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော်သည် အနောက်အရပ်သို့ ရည်မှန်း၍ ဦးချပါသည်။ ဗန်းမော်ဆရာတော် တောင်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် တပည့်တော် တောင်အရပ်သို့ ရည်မှန်း၍ ကန်တော့မြဲဖြစ်ပါသည်။ ဗန်းမော်ဆရာတော် မြောက်အရပ်၌ သီတင်းသုံးသည်ဟု သိရပါလျှင် မြောက်အရပ်သို့ ရည်ရုန်း၍ ကန်တော့ပါသည်။
သင်္ဂဇာဆရာတော် ဤသို့ရှည်လျားစွာ စကားကိုချီနေသည်နှင့် စလင်းဆရာတော်၊ သစ်ဆိမ့်ဆရာတော်၊ ခင်မကန်ဆရာတော်တို့သည် နားစွင့်၍ နေကြပေသည်။
သင်္ဂဇာဆရာတော်က ဆက်လက်၍...
“ဗန်းမော်ဆရာတော် ဘဝနတ်ထံစံလွန်လျှင် တပည့်တော်သည် အောက်အရပ်မြေကြီးကိုသာ ရည်မှန်း၍ ကန်တော့ရပါတော့မည်” ဟုပြုံးရွှင်စွာ လျှောက်ထားလိုက်သည့်အတွက် ဆရာတော်အားလုံး သဘောတော်တွေ့ကာ ပြုံးရွှင်စွာ ရယ်မော်တော်မူကြလေသည်။
ဆရာတော်များသည် ဗန်းမော်ဆရာတော်က မည်သို့များ ပြန်၍ နှက်လေမည်နည်းဟု ဗန်းမော်ဆရာတော်သို့လှမ်း၍ ကြည့်ကြရာ၊ ဗန်းမော်ဆရာတော်သည် ပြုံးရယ်၍သာ နေတော်မူသဖြင့် မောင်းထောင်ဆရာတော်က ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးလိုသဖြင့်...
“ဒီလိုဆို သင်္ဂဇာက မင်းဆရာဗန်းမော် ပျံလွန်တော်မူရင် မဟာအဝီစိငရဲကျမှာဘဲလို့ ဆိုလိုသပေါ့” ဟု ဗန်းမော်ဆရာတော်၏စိတ်ကို ဆွပေးသော်လည်း ပြုံးရယ်မြဲသာ ပြုံးရယ်၍ သည်းခံတော်မူလေမှ သင်္ဂဇာဆရာတော်က...
“တပည့်တော်၏ဆရာကို ဤသို့ မဆိုရဲပါ၊ တပည့်တော်ပညာရင်နို့ သောက်စို့ခဲ့ရသော ဆရာဖြစ်ပါ၍ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးတမျှ ကြီးမားလှသော ကျေးဇူးတော်ကိုရည်မျှော်၍ အောက်အရပ် မြေကြီးကို ကန်တော့ခြင်းသာ ဖြစ်ပါသည်ဘုရား” ဟုလျှောက်ထားလေသည်။
ထိုအခါမှ ခပ်မဆိပ်နေခဲ့သော ဗန်းမော်ဆရာတော်သည် သင်္ဂဇာဆရာတော်အား ပြုံးပြုံးကြီးကြည့်ကာ...
“အင်း.. သင်္ဂဇာတို့များ စကားမရှားလှဘူးဗျ”
ဟု ကျေနပ်စွာပင် ချီးကျူးတော်မူလေသည်။
*****
ဗန်းမော်မရောက်မှီက ဖြစ်ရပ်၂ခု
ဗန်းမော်ဆရာတော်အပေါ် သံယောဇဉ်ကြီးလှ၍ အကြိမ်ကြိမ်ပင့်စေသော်လည်း မကြွရောက်ရုံမျှမက မင်းတုန်းမင်းအပေါ်တွင် အမျိုးမျိုး အဖုံဖုံ ပြောဆို၍နေလေသဖြင့် မင်းတုန်းမင်းနှင့်မိဖုရားခေါင်ကြီးတို့မှာ များစွာပင် စိတ်မချမ်းမြေ့စွာ နေထိုင်၍ လက်လျှော့ကာ သွားကြလေသည်။
ဗန်းမော်ဆရာတော်သည် အလွန်“ထက်”သော ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။ နေပြည်တော်ရှိ ပညာကျော်ပုဂ္ဂိုလ် ဂုဏဝန်၊ သီလဝန် မထေရ်ကျော်တို့အလယ်တွင် မျက်နှာမငယ်ဘဲ တင့်တယ်စွာရှိပေသည်။ သာသနာရေးကိစ္စနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်မပါလျှင်မပြီး ပင့်ဘိတ်ရသည်ချည့်ပင် ဖြစ်သည်။
ဗန်းမော်ဆရာတော်ကလည်း မဟုတ်တာမြင်လျှင် စာချိုးချင်သည်။ သို့သော် တပည့်ရင်း သင်္ဂဇာဆရာတော်၏ ပျက်ရည်ပြုခြင်းကိုမူ သည်းခံ၍ သဘောကျတော်မူသည်။
ထိုစဉ်ကာလကပင် သင်္ဂဇာဆရာတော် ခေါင်းဆောင်သည့် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဆရာတော်ခေါင်းဆောင်သည့် ရွှေကျင်ဂိုဏ်းနှင့် အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသခေါင်းဆောင်သည့် ဒွါရဂိုဏ်းတို့ ဂိုဏ်းကွဲများအဖြစ် ပေါ်ပေါက်လာရန် အခြေခံအစပျိုးနေပြီဖြစ်သည်။ သုဓမ္မာဂိုဏ်း၏ ဦးစီးဦးဆောင်ဖြစ်သည့် သင်္ဂဇာဆရာတော်ဦးအဂ္ဂမှာလည်း ဗန်းမော်ဆရာတော်၏တပည့်ဖြစ်သည်။ ဒွါရဂိုဏ်းကို စတင်တည်ထောင်သော အုတ်ဖိုဆရာတော် ဦးဥဂ္ဂံသမှာလည်း ဗန်းမော်ဆရာတော်ထံ ပညာဆည်းပူးခဲ့ဘူးလေသည်။ ရွှေကျင် ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ ပရိဝါသ်ပြုမှု၊ မာနတ်ပြုမှု အကျင့်စသော ဝတ်ပြုမှုတို့တွင် စတင်၍ သဘောထားကွဲလွဲကြရာမှ တဘက်နှင့်တဘက် အငြင်းအခုန် ဖြစ်ခဲ့သည်။
ဤသည်တို့မှာ ဗန်းမော်ဆရာတော်ကို ဗန်းမော်မြို့သို့ မပို့မှီကပင် သုဓမ္မာနှင့် ရွှေကျင်ဂိုဏ်းကွဲကြမည့် အခြေအနေများ ဖြစ်သည်။ ဗန်းမော်ဆရာတော်သည် ဤအချက်ကိူလည်း ကြိုတင်၍ စာချိုးဖြင့် သတိပေးခဲ့သည်။
*****
ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ကို စာချိုးခြင်း
ဤခေတ်တွင် သင်္ဂဇာဆရာတော် ဦးအဂ္ဂနှင့် ရွှေကျင်ဆရာတော်တို့နှစ်ပါးမှာ ပရိဝါသ်-မာနတ် ဝတ်ပြုမှုကိစ္စနှင့် ပတ်သက်၍ အယူအဆသဘောထားကွဲလွဲနေကြသည်။ ဘုရားကြီးဆရာတော်၊ စလင်းဆရာတော်၊ သက်ပန်းဆရာတော် စသည်ဖြင့် ဆရာတော်ကြီးများက ဝင်ရောက်ဖြန်ဖြေကြသည်။
ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့မှာ နှစ်ပါးစလုံး စာတတ်အကျော်အမော်များ ဖြစ်ကြလေရာ၊ နှစ်ဘက်စလုံးကမိမိတို့ အယူအဆမှန်ကန်ကြောင်း အကိုးအကား အထောက်အထား ခိုင်လုံစွာတင်ပြကြလေသည်။ နှစ်ဘက်စလုံးမှာလည်း အခိုင်အမာများဖြစ်သော်လည်း တပါး၏တင်ပြချက်ကို တပါးကလက်မခံ၊ တပါး၏အကိုးအကားကို တပါးကမကြိုက်ဖြင့် အညီအညွတ်မဖြစ်ဘဲ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်းဟူ၍ ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့ နှစ်ဘက်သံဃာများ ဂိုဏ်းကွဲလုမတတ်ရှိနေတော့သည်။
ဗန်းမော်ဆရာတော်သည် ဤအချက်ကိုမြင်ပြင်းကပ်လှသည်နှင့် စာတပုဒ်ချိုး၍ ဘုရားကြီးဆရာတော်ထံ အပို့လွှတ်လိုက်လေသည်။ ရွှေကျင်ဆရာတော်မှာ မန္တလေးတောင် မြောက်ဘက်၌ သီတင်းသုံးတော်မူသည်။ သင်္ဂဇာဆရာတော်၏ဘွဲ့အမည်မှာ ဦးအဂ္ဂဖြစ်သည်။ ထို့ကြောင့်ပင်...
မန်းတောင်တော် မြောက်စောင်း၌၊
ခိုအောင်းတဲ့ ထိုဆရာနှင့်၊
သင်္ဂဇာ မောင်ရွှေအဂ်ကယ်တို့၊
မှားချက်ကနာ၊
ဝတ်နေမှုငယ်နှင့်၊
အခြေပြု သမောဓာန်မှာ၊
ဉာဏ်ဗလချာက ရှုပ်စပ်ပြဲ၊
ယူမမှန်၊
ဆူသံကအလွန်ပြင်းတယ်၊
ကွဲချက်ကကြီး။
ဟူ၍စာစပ်ပေးလိုက်ရာ ဘုရားကြီးဆရာတော်က ပြုံးရယ်တော်မူပြီး “ဗန်းမော်တို့များ ဘယ်ဟာမှ ချန်မထားဘူး မြင်မြင်သမျှ စာချိုးတော့တာဘဲ” ဟု မိန့်တော်မူလေသည်။
*****
စစ်ကိုင်းချောင်မှ စာချိုးများ
ဗန်းမော်ဆရာတော်သည် စစ်ကိုင်းသို့ ရောက်နေသော်လည်း စာချိုးမှုတွင် ဝါသနာအရ အလျှော့ပေးသည်မရှိပေ။
တချိန်တွင် ဆရာတော်သည် ဦးပဉ္စင်းနှစ်ပါးနှင့်အတူ ပိတောက်ချောင်မှ ဆင်း၍လာရာ သီလရှင်များနေထိုင်သော ဇရပ်များကို တွေ့လေသည်။ ထိုဇရပ်များပေါ်တွင် ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကျောင်းတိုက်မှ သီလရှင်တို့ နေထိုင်ကြလေသည်။
ထိုစဉ်ကာလက စစ်ကိုင်းချောင်မှာ လူသူစည်ကားခြင်းမရှိသေးပေ။ တောရမှီသော ပုဂ္ဂိုလ်များသာလျှင်ရှိကြလေသည်။ သို့ဖြစ်၍ လူအသွားအလာနီးသော ဇရပ်များပေါ်တွင် နေထိုင်ကြသည့် သီလရှင်များမှာ လူတို့သဘာဝ လွတ်လွတ်လပ်လပ် နေကြဟန်တူသည်။ အိပ်သူကအိပ်၊ အလုပ်လုပ်သူကလုပ်၊ စကားပြောသူကပြောနှင့် ရှိနေကြသည်ကို ဗန်းမော်ဆရာတော်သည် အဝေးမှလှမ်းမြင်မိပေသည်။ ကဗျာရှင် စာရှင် ပုဂ္ဂိုလ်ကြီးဖြစ်၍ စာချိုးလိုက်ချင်သည်မှာ အူယား၍နေတော့သသည်။ ထို့ကြောင့်လည်း ဦးပဉ္စင်းနှစ်ပါးကိုစောင့်၍ သစ်ပင်အောက်မှ ရပ်ကာ ...
“ဟေ့... ဟိုမှာကြည့်စမ်း၊ ထွဋ်ခေါင်ရဲ့ ကြက့်ဖြူမတွေ” ဟုမိန့်ကြားလိုက်ပြီး...
“နားထောင်ကြအုံးကွာ၊ ငါစာတပုဒ် ချိုးလိုက်အုံးမယ်”
ဟုဆိုကာ အောက်ပါစာတပုဒ်ကို ရေးလိုက်သဖြင့် ဗန်းမော်ဆရာတော်၏သမိုင်းမှတ်တမ်းဝင် စာတပုဒ်ဖြစ်၍ လာလေသတည်း။
ဒူးနှစ်ဘက် အပေါ်ထောင်၊
တော်ပေါင်ကွဲ့ တနဲ၊
ဘဝင်စိတ်ကယ်တုံ၊
နင်အိပ်ပုံ အလွန်ဆိုးတယ်၊
ဂျိုကင်လိုဘဲ။
ဤကဗျာမှာ ဟာသရသ ကဗျာ ဖြစ်သည်။ ကြားရသူတို့ အတွက် ရွှင်မြူးစေရသော ကဗျာမျိုးဖြစ်သည်။
*****
တောထွက်ကြီး စာမပီ၍ ဖွဲ့ဆိုသောကဗျာ
စစ်ကိုင်းပိတောက်ချောင်တွင် သီတင်းသုံးနေခိုက် ဗန်းမော်ဆရာတော်၏ကျောင်းသို့ တောထွက် ဦးပဉ္စင်းကြီးတပါး ရောက်ရှိနေလေသည်။ ထိုဦးပဉ္စင်းကြီးအမည်မှာ ဦးကဲဟူ၍ လူဘဝကအမည်ကိုပင် ခေါ်ကြသည်။ ဦးကဲသည် လူဘဝတွင်ရှိစဉ်က စာပေပရိယတ္တိ သင်ကြားဘူးခြင်းမရှိပေ။ ထို့ကြောင့်လည်း အသက်ကြီးမှ ရဟန်းပြုသောအခါ၊ ပုဒ်-ပါဋ္ဌ် အက္ခရာများကို မှန်အောင်မရွတ်နိုင်ဘဲ ရှိလေသည်။ အထူးအားဖြင့် ရ-ကောက်သံကိုပီအောင် မရွတ်နိုင်ဘဲ ယ-ပက်လက်အသံသာ ထွက်နေသည်။ (တိသရဏေန)ကို အကြိမ်ကြိမ်သင်ပေးသော်လည်း (တိသဏေန) ဟူ၍ ယပက်လက်သံချည့်သာဖြစ်နေသည်။
ဗန်းမော်ဆရာတော်ကိုယ်တိုင်မရလျှင် မနေဟု ထို (တိသရဏေန) ကိုပင် ထပ်ခါတလဲလဲ ရွတ်ဆိုစေ၍ သင်ကြားပေးရာ သင်ကြားစဉ်ကအခါက ရ-ကောက်သံနှင့်ရွတ်နိုင်သော်လည်း နောက်တနေ့တွင် ယ-ပလက်အသံနှင့်သာ ဖြစ်လာပြန်သည်။ ငယ်စဉ်ကပင် နှုတ်ကြိုး၍ ယပလက်အသံကိုသာ စွဲ၍နေရာ ဗန်းမော်ဆရာတော်သည်ပင်လျှင် လက်လျှော့ရတော့သည်။
သို့သော် ဝါသနာကြီးလှသော စာချိုးခြင်းဖြင့် တောထွက်ဦးပဉ္စင်းကြီး ဦးကဲအား မှတ်တမ်းတင်လိုက်သည်။
တိသရဏကို (သယဏ) လို့ သူကဆို၊
နဂိုက ဟုတ်ပါဘဲ၊
နံနက် တကျော်ကျော်နှင့်၊
ကျောင်းပေါ်မှာ အခံခက်တယ်၊
တောထွက်ခင်ကြီး။။
(ဦးကဲနှင့်ပါတ်သက်၍ ဆရာတော်ဟောကြားသော ပုံပြင်ကို နောက်ပိုင်း ပုံပြင်အခဏ်းတွင် ရှုပါ)။
*****
ထွဋ်ခေါင်ဆရာတော်သို့ စာချိုးခြင်း
ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ပရိယတ္တိ ပဋိပတ္တိနှင့် ပြည့်စုံ၍ မင်းတုန်းဘုရင်ကြီးက အလွန်ပင် ကြည်ညို ကိုးကွယ်ထားသော်လည်း မန္တလေးနေပြည်တော်တွင် နေတော်မမူဘဲ စစ်ကိုင်းတောင်ရိုးရှိ ပိတောက်ချောင်တွင် အရညဝါသီ တောမှီ ကျင့်သုံးတော်မူသည်။
ထွဋ်ခေါင်ဆရာတော်မှာ ကမ္မဋ္ဌာန်းတရား ဟောကြား ပြသရာတွင် အလွန်နာမည်ကြီးလှ၍ တောရမှီသည့် ယောဂီများနှင့် သီလရှင်များပါ ထွဋ်ခေါင်ဆရာတော်နှင့် နီးရာတွင် ဇရပ်များ ဆောက်လုပ်၍ ဆည်းကပ်ကိုးကွယ်နေကြသည်။
ဗန်းမော်ဆရာတော်လည်း ထွဋ်ခေါင်ဆရာတော်နှင့် မနီးမဝေးပိတောက်ချောင်တွင်ပင် သီတင်းသုံးသည်ဖြစ်ရာ ထွဋ်ခေါင်ဆရာတော်ထံ မကြာခဏ အဖူးအမျှော် ရောက်ခဲ့လေသည်။ ထွဋ်ခေါင်ဆရာတော်မှာ ဗန်းမော်ဆရာတော်ထက် ဝါတော်ကြီးသည်ဖြစ်၍ ဗန်းမော်ဆရာတော်က ဆည်းကပ်ကိုးကွယ်ခြင်းပင်ဖြစ်သည်။
သို့သော်လည်းဗန်းမော်ဆရာတော်၏ အမြင်တွင် သီလရှင်များဝိုင်းရံနေသော အဖြစ်ကို မမြင်လို မကြည့်လိုပေ။ သို့သော် သက်ကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်၍ အောင့်အီး၍နေရပေသည်။ ဝါသနာဆိုသည်ကားစွန့်ခဲလှပေသည်။ ဗန်းမော်ဆရာတော်၏ ဝါသနာကို သိခဲ့ပြီးအတိုင်းပင် မျက်စိထဲ အမြင်မတည့်လျှင် စာချိုးချင်သောဝါသနာ၊ ပစ်စာပစ်လိုသော ဝါသနာမှာ ဒွန်တွဲ၍ နေလေသည်။
ထို့ကြောင့်ပင် တနေ့တွင် ဗန်းမော်ဆရာတော်က အောက်ပါအတိုင်း စာချိုး၍ ထွဋ်ခေါင်ဆရာတော်၏ ကျောင်းဝင်းအတွင်းသို့ ညအခါ တိတ်တဆိတ် စာပစ်၍ထားခဲ့သည်။
စိတ်ပုတီးနှင့် ရိပ်မှီးတဲ့ထွဋ်ခေါင်၊
ဦးရွှေညို သီလချောရယ်နှင့်၊
တောခိုသည့်ချောင်။
ခန္ဓာကောင်၊
ရုပ်ဆောင်တဲ့ရှင်ထွဋ်၊
သီလဆို ဖြူဖြူဆွတ်ကို၊
အားရအောင်ချွတ်။
ထွဋ်ခေါင်ဆရာတော်၏ကျောင်းအနီးသို့ ချထားသောစာချိုးကို နံနက်စောစော တံမြက်လှဲသော ကိုရင်ကြီးက ကောက်ရသဖြင့် ဖတ်ကြည့်ပြီး ဆရာတော်အားဆက်ကပ်လေသည်။
ထွဋ်ခေါင်ဆရာတော်သည် ထိုစာချိုးကို ဖတ်ရှုပြီး ကိုရင်ကြီးအား...
“ဗန်းမော်ဆရာတော်ကို ငါက ဆွမ်းစားပင့်တယ်လို့ လျှောက်ချေပါကွယ်” ဟု မိန့်တော်မူလိုက်သည်။
ကိုရင်ကြီးသည် ဗန်းမော်ဆရာတော်ထံ သွားရောက်လျှောက်ထားရာ “အေး..အေး...ငါ အခုလာခဲ့မယ်” ဟုပြောဆိုလိုက်ပြီး ချက်ခြင်းပင် နောက်ကလိုက်၍သွားလေသည်။ ထွဋ်ခေါင်ဆရာတော် ကျောင်းပေါ် သို့ ရောက်လေလျှင် ဗန်းမော်ဆရာတော်က ဝတ်ဖြည့်၍ ရိုသေစွာထိုင်သည့်အခါ ထွဋ်ခေါင်ဆရာတော်က...
“ဘယ်နှယ်လဲ ကိုဗန်းမော် ကျုပ်ကို သီလရှင်တွေနဲ့ ပြောင်လှောင်ပြီး စာချိုးတာလား”
ဗန်းမော်ဆရာတော်က...
“သီလရှင်တွေနဲ့ စွပ်စွဲတာ မဟုတ်ပါဘုရား၊ ဆရာတော်အပေါ် အကြည်ညို သဒ္ဓါပွား၍ စာချိုးမိကြောင်းပါ ဘုရား”
“သယ်... မင်းက စကားလွှဲပြောပြန်ပြီ၊ ဦးရွှေညို သီလချောရယ်နဲ့ဆိုတာ ငါ့နံမည်က ဦးရွှေညိုဆိုတော့ ငါ့ကိုသီလရှင်ချောချောနဲ့ ပေးစားပြီး စာချိုးတာ မဟုတ်လား”
“မဟုတ်ရပါဘုရား... သီလချောဆိုတာ အရှင်ဘုရား၏ သီလတော် စင်ကြယ်ချောမွတ်ခြင်းကို ရည်ရွယ်စပ်ဆိုခဲ့တာပါဘုရား”
ထွဋ်ခေါင်ဆရာတော်က ပြုံးတော်မူ၍ “တန်စမ်းပါ ဗန်းမော်ရယ်.. မင်းဆိုလိုတာ ဒါ မဟုတ်ပါဘူး၊ မင်း ငါ့ကို နှစ်စွယ်နှစ်ဝ အဓိပ္ပါယ်ရတဲ့ စကားနဲ့ စပ်ထားတာ မဟုတ်လား” ဟု မေးမြန်းလေမှ ဗန်းမော်ဆရာတော်လည်း ခတ်ပြုံးပြုံးလုပ်၍ နေလေတော့သတည်း။
*****
ဗန်းမော်ဆရာတော်၏ သဘာဝကဗျာ
ဗန်းမော်ဆရာတော်သည် သီလရှင်များနှင့်ပါတ်သက်၍ သဘာဝ ကဗျာတပုဒ်ကို စပ်ဆိုထားခဲ့သေးသည်။ ထိုကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
မကျွမ်းတဲ့မကျင်၊
ဇရပ်ပေါ် မယ်သီလကို၊
ခွန်းစလိုက်ချင်၊
အသွေးငယ်ယဉ်၊
အသွင်ကပျော့ပြောင်း၊
သူဝတ်လေ ဖြူဆွတ်ကယ် လျှော်တေပ၊
တောင်ခြေမှာ ကျင့်တရားငယ်နှင့်၊
ဖွားသီလကျောင်း။
*****
ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်း
မြန်မာစာပေသမိုင်းတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့၏ အကြောင်းမှာ အထင်ရှားဆုံးသော စာဆိုနှစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဦးနှင့်တဦး စာချိုးကြရာမှာ အညှာမပေးတတ်သော ကဗျာပဂေးနှစ်ဦးဖြစ်၍၎င်း၊ “ဂမ္မဒေါသ” သင့်အောင်ပင် စာစပ်ကြသောကြောင့်၎င်း၊ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ သတင်းမှာ ယနေ့တိုင်ထင်လင်းနေပေသေးသည်။
ဗန်းမော်ဆရာတော်သည် ဘုန်းကြီးလောကတွင် ထင်ရှားခဲ့သလောက် သီလရှင်မယ်ကင်းမှာလည်း သီလရှင်လောကတွင် အလွန်ထင်ရှားသော ဆရာတဆူအဖြစ် ဂုဏ်ရှိန်ကြီးမားသော ပုဂ္ဂိုလ်တဦးပင်ဖြစ်သည်။ သီလရှင်မယ်ကင်းဟု အဖျားဆွတ်၍ လွယ်လွယ်ပင်ခေါ်ခဲ့ကြသော်လည်း အမှန်မှာ ဆရာကြီး ဆရာကင်းပင်ဖြစ်သည်။ ကစ္စည်းသဒ္ဒါကြီး၊ သင်္ဂဟနှင့် ဋီကာကျော်များ၊ အဋ္ဌသာလိနီ အဋ္ဌကထာနှင့်၊ သမ္မောဟ ဝိနောဒနီ အဋ္ဌကထာများ၊ ညဝါနှင့် အဋ္ဌကထာများ သင်ကြားတတ်မြောက်ခဲ့သူဖြစ်ပေသည်။
သီလရှင်မယ်ကင်းမှာ ကသည်းလူမျိုးဖြစ်သည်။ ငယ်ဖြူဖြစ်၍လူမှုကိစ္စအဝဝတို့နှင့် ကင်းကွာခဲ့လေသည်။ ငယ်စဉ်ကပင် စာပေပရိယတ် လေ့လာလိုက်စားမှုကိုသာ အစဉ်မပြတ် အချိန်ရှိသမျှ သင်ကြားခဲ့ခြင်းကြောင့် ထိုခေတ်ထိုအခါတွင် စာတတ်ပေတတ်စာရင်းတွင် ပေါ်လွင်ထင်ရှားခြင်းဖြစ်လေသည်။
စစ်ကိုင်းတောင် ဂူတလုံးချောင်တွင် တောရဆောက်တည်နေထိုင်၍ ထွဋ်ခေါင်ဆရာတော်ထံတွင် ညဝါနှင့် အထကဋ္ဌာများ သင်ကြားခဲ့သည်။ ထို့ကြောင့်လည်းဆရာကင်းသည် မိမိသင်ကြားတတ်မြောက်သည့် ပညာများကို သီလရှင်တပည့်များနှင့် ဝါသနာပါသူ လူဝတ်ကြောင်မိန်းကလေးများကို သင်ကြားပို့ချ၍ပေးခဲ့လေသည်။ ပရိယတ္ထိစာပေ သင်ကြားပို့ချသည့်အတွက်လည်း ကျောက်ထီးကန္တု အလေးပြုအပ်သည့် ဆရာကြီးတဆူအနေဖြင့် စာတတ်ပေတတ်သီလရှင်အများအပြားကို မွေးထုတ်ပေးခဲ့ပြီး သီလရှင်လောကကြီး စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဖြစ်ပေသည်။
ထိုမှတပါးလည်း သုဓမ္မာဝင်ဖြစ်သည့် ရှမ်းကလေးကျွန်းဆရာတော်သည် ဆရာကင်း၏မောင်အရင်းဖြစ်သည်။ ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒမှာ သုဓမ္မာဝင်ဆရာတော်များထည်းတွင် ကျော်ဇောထင်ရှားသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ လေးစားကြည်ညိုမှုကို ခံယူရသည်။ ထိုရှမ်းကလေးကျွန်းဆရာတော်၏ ဝိနိစ္ဆယပြန်တမ်းအတွက် ဗန်းမော်ဆရာတော် ဗန်းမော်မြို့သို့ အပို့ခံရခြင်းဖြစ်သည်။
ဆရာကင်းသည် မင်းတုန်းဘုရင် ကြည်ညိုလေးစားသောရှမ်းကလေးကျွန်းဆရာတော်၏ အစ်မအရင်းဖြစ်၍တကြောင်း၊ ကိုယ်တိုင်ကလည်း စာတတ်ပေတတ် ပုဂ္ဂိုလ်အကျော်ဖြစ်၍တကြောင်း သီလရှင်သာသနာကို ကြီးမားပြန့်ပွားအောင် ဆောင်ရွက်နေသူဖြစ်၍တကြောင်း မင်းတုန်းမင်းသည် ဆရာကင်းကို အလွန်ပင်လေးစားလေသည်။
စစ်ကိုင်းချောင်တွင် ကျော်ဇောထင်ရှားသည့် သီလရှင်ကြီးတပါးရှိသေးသည်။ ထိုသီလရှင် ဆရာကြီးမှာ ဆရာမယ်နတ်ပေးဖြစ်သည်။ ဆရာမယ်နတ်ပေးသည် ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာဘက်၌ ကြိုးပမ်းအားထုတ် တရားပြသမှုတွင် ထင်ရှားကျော်ကြားသည်။ ၁၂၂၁-ခုနှစ်တွင် ဆရာကင်းနှင့် ဆရာမယ်နတ်ပေးတို့ကို နေပြည်တော်သို့ ပင့်ဆောင်လေသည်။ မင်းတုန်းမင်းကြီး ပင့်ဆောင်သည့်အခါတွင် ဆရာကင်းတို့က မင်းတုန်းမင်းထံ ကတိသုံးချက်တောင်းခံသည်။
၁။ မိမိသည် မိန်းမသားဖြစ်၍ ဆရာတော် သံဃာတော်များကို ရိုသေလေးစားရပါမည်။ သို့ဖြစ်၍ ပြဿာဒ်၊ ဘုံဆောင်အဆင့်ပါသည့် ကျောင်းဇရပ်များ ဆောက်လုပ်လှူဒါန်းခြင်းမပြုပါရန်။
၂။ မည်သည့်ဘွဲ့တံဆိပ်တော်မှ ဆက်ကပ်လှူဒါန်းခြင်းမပြုပါရန်။
၃။ ဆွမ်းဝတ် ဆွမ်းအုပ်များ မလှူဒါန်းရန်တို့ ဖြစ်သည်။
ဤကတိသုံးချက်ရသဖြင့် နေပြည်တော်သို့ လိုက်ပါခဲ့လေသည်။ နန်းတွင်းရှိ မိဖုရားများ၊ သမီးတော်များ၊ နန်းတွင်းသူများကို စာပေပရိယတ္ထိ ပို့ချပေးလေသည်။ ဆရာကင်းသည် နန်းတွင်းနန်းပြင်၌ ထင်ရှားသည့် ရှမ်းကလေးကျွန်း ဆရာတော်နှင့် ဆရာကင်းတို့မှာ မောင်နှမလည်းဖြစ်၍ မင်းတုန်းဘုရင်အပေါ် ဩဇာသက်ရောက်၍ မင်းနှင့်အကျွမ်းတဝင်နေကြသဖြင့် အချို့သော ဆရာတော် သံဃာတော်များမှာ လိုလား နှစ်သက် ကြဟန်မရှိပေ။ ထိုအထဲတွင် ဗန်းမော်ဆရာတော်က ထိပ်တန်းက ပါနေမည်မှာ မလွဲပေ။ ဗန်းမော်ဆရာတော်၏ ပင်ကိုယ်သဘောကပင်လျှင် အခွင့်ထူးခံသူများ၊ ဘုရင့်အနီးတွင်နေပြီး ဘုရင့်စိတ်ကြိုက် လိုက်၍နေသူများကို ရွံရှာမုန်းတီးသည့်သဘော ရှိပေသည်။ ထို့ကြောင့်လည်း ဆရာကင်းနှင့်ပတ်သက်လာလျှင် ဗန်းမော်ဆရာတော်သည်အညှာမပေး။ ပက်ပက်စက်စက် ရက်ရက်စက်စက် တွယ်လေ့ရှိပေသည်။ မြန်မာစာပေတွင် ဗန်းမော်ဆရာတော်နှင့် သီလရှင် မယ်ကင်းတို့၏ အပြန်အလှန်စာချိုးများမှာ ထင်ရှားလှပေသည်။
တခါတွင် သီလရှင်ဆရာကင်းက သံဝေဂတေးထပ် တပုဒ်ကိုရေးစပ်လေသည်။ ထိုတေးထပ်မှာ...
ဘိက္ခူနီဆရာကင်းက တဏှာကွင်းပစ်ပယ်၊
ဗလာကျင်းခေတ်နှယ် ချစ်စဖွယ်ဟန်နွဲ့၊
ဂူမွေ့လို့ လူတွေ့ရှောင်တယ်၊
မြူရွေ့တောင် အားသစ်လို့ခဲ။
ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်၊
တက်လမ်းမူ တနဲ၊
မထိတ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ၊
ဘာဝနာဘိညာဉ်ကွန် တိမ်ယာဉ်ညွန့်စီးတော့မည့်ခါ
ပုတီးနှင့် အပြီးပါတယ်၊ မညည်းရာစျာန်ရိပ်နှင့်၊
ပန်စိတ်တဲ့သီလသယ် ထူးတဲ့အံ့ဘွယ်၊
တောခလို့ လောဘပယ်တယ်၊
မောဟကွယ် ရှိဘူးထင့်လေး။
*****
မယ်ကင်းတေးထပ် သုံးသပ် ဝေဖန်ချက်
ဤတေးထပ်နှစ်ပုဒ်ကို ပြန်လည်သုံးသပ်ကြည်ံပါလျှင် ပထမတေးထပ်သည် ဆရာကင်းစစ်ကိုင်းချောင် တွင်နေစဉ်က ရေးသောတေးထပ်၊ သို့မဟုတ် စစ်ကိုင်းတောင်တွင် နေစဉ်က ရေးသောတေးထပ်ဖြစ်ဖွယ်ရှိသည်။ တေးထပ်ပါ အချက်အလက်တို့ကို ပြန်လည်သုံးသပ်လျှင် ဆရာကင်း၏တေးထပ်၌ (ဂူမွေ့လို့ လူတွေ့ရှောင်တယ်) ဟူသောအချက် (ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းချူတယ်) ဟူသောအချက် (မထိပ်သာ စိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအချက် (တောခလို့ လောဘပယ်တယ် မောဟကွယ် ရှိဘူးထင့်လေး ) ဟူသောအချက် တို့ကို ထောက်ထားလျှင် ဆရာကင်းသည် မင်းတုန်းဘုရင်က နေပြည်တော်သို့ ပင်ြ့ပီးမှရေးသော တေးထပ်မဟုတ်နိုင်၊ တောသံ တောင်သံ ဂူအောင်းသံတွေပါနေသဖြင့် ဆရာကင်းအဖြစ် ထင်ရှားပြီးမှ ရေးသောတေးထပ် မဟုတ်နိုင်။
ထို့အပြင် စစ်ကိုင်းတောင်တွင် ဆရာကင်းအဖြစ် ထင်ရှားသည့်အခါ စာပေပရိယတ္ထိပို့ချနေစဉ်ကာလတွင် သို့မဟုတ် ဗန်းမော်ဆရာတော် စစ်ကိုင်းချောင်သို့ ရောက်ပြီးမှ ရေးသောစာ မဖြစ်နိုင်ပေ၊ အကြောင်းမူကား ဆရာကင်း၏တေးထပ်နှင့် ဆရာကင်းအဖြစ် ထင်ရှားနေသော လက်တွေ့ဘဝမှာ ကွာဟ ကွဲလွဲနေသောကြောင့်ဖြစ်သည်။ ဆရာကင်း၏တေးထပ်သည် (လူများကိုမတွေ့လို ဂူထဲတွင် ပျော်မွေ့လိုသည်) ဟူ၍၎င်း၊ (ကမ္မဋ္ဌာန်း ဘာဝနာ ပွားများ၍ မဂ်လမ်းကို တက်လှမ်းရန် ရည်ရွယ်သည်) ဟူ၍၎င်း၊ (အဖေါ်မပါဘဲ စိတ်ကို ရဲဆေးတင်၍ မထိပ်သာ မလန့်သာ ဘာဝနာ ပွားများတော့မည်) ဟူ၍၎င်း တွေ့ရပေရာ ဆရာကင်း၏ လက်တွေ့ဘဝမှာ ပဋိပတ္တိ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှုထက် ပရိယတ္ထိ စာပေပို့ချမှုဘက်ကိုသာ အားထုတ်၍ သီလရှင် တပည့်တပန်းများစွာနှင့် စည်ကားသိုက်မြိုက်စွာ စစ်ကိုင်းချောင်တွင် နေထိုင်ကြောင်း တွေ့ရပေမည်။ (ဆရာကင်း၏ တေးထပ်ကို တဖန်ပြန်လည်ဖတ်ရှု၍ သုံးသပ်ကြည့်စေလိုပါသည်။)
ထိုအချက်များထက် (မထိပ်သာစိတ်ရဲလို့ မိတ်ဖေါ်လဲမပါ) ဟူသောအပိုဒ်သည် အားငယ်သံပါနေ၍ ငယ်စဉ်က ရေးသော တေးထပ် ဖြစ်ဘို့ဘက်က များလေသည်။
*****
ဆရာကင်း၏အထက်ပါတေးထပ်ကို ဗန်းမော်ဆရာတော်တွေ့သောအခါတွင် အောက်ပါအတိုင်း အရွဲ့တိုက်၍ ရေးလိုက်လေသည်။
ဘိက္ခူနီဆရာကင်းက တဏှာကွင်းစွတ်ဖယ်၊
ဗလာကျင်းဝတ်ထည်ကို ချွတ်မယ်လို့ ကုန်ဖွင့်၊
ကူပွေ့လို့ လူတွေ့ခံတယ်၊
မြူရွေ့ဟန် ဆိုတဲ့ အကျင့်။
ပြာတဆုပ်နှင့် မဂ်သုတ်သင်တယ်၊
စက်ဆုပ်ချင်သထင့်၊
မန်းသေလာတောင်မြင့်မှ ဖေါ်မလင့် ဧကစာ၊
လင်မြှော်ခါ ဖန်ရည်ရိပ်ကယ်နှင့်၊
ကြံစည်စိတ်များလှတော့တာ၊
ပုတီးသုံးလို့ လူပုန်းရှာတယ်၊
သူနုံးခါငြိမ်သက်နှင့်၊
ကြံရက်တဲ့သီလသယ် ထူးပေ့အံ့ဘွယ်၊
လောဘနှင့် မောဟတွယ်သည်၊
တောခတယ် မယ်ကင်းတဲ့လေး။။
အထက်ပါတေးထပ်နှစ်ပုဒ်မှာ အချိန်ကာလ ဖေါ်ပြထားခြင်းမရှိပေ။ အချို့ကဆိုကြသည်။ ဤတေးထပ်နှစ်ပုဒ်အကြောင်းမှာ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ပျိုရွယ်စဉ်က အပြန်အလှန် ရေးခဲ့ကြသည်ဟု ဆိုသည်။ ဗန်းမော်ဆရာတော်နှင့် သီလရှင်မယ်ကင်းတို့ ငယ်စဉ်က ပညာသင်ဘက်ဖြစ်ခဲ့ကြသည်။ တဦးနှင့်တဦး ရည်ငံခဲ့ကြဟန်တူသည်။ ဗန်းမော်ဆရာတော်လောင်းက ပဉ္စင်းတက်မည်ရှိသောအခါ သီလရှင်မယ်ကင်းထံ “ဘယ်နှယ်လဲ ပဉ္စင်းတက်ရတော့မှာလား” ဟုမေးသည်ဆိုသည်။ ထိုအခါ သီလရှင်မယ်ကင်းက အထက်ပါတေးထပ်ဖြင့် အကြောင်းပြန်လိုက်သည်ဟု ဆိုသည်။ ထိုအခါ ဗန်းမော်ဆရာတော်လောင်း မောင်ပဉ္စင်းလောင်းက စိတ်နာနာနှင့် ပြန်လည်ချေပသော တေးထပ်ဖြစ်သည်ဟု အဆိုရှိခဲ့သည်။
*****
ဗန်းမော်ဆရာတော်၏ တေးထပ် သုံးသပ်ချက်
ဗန်းမော်ဆရာတော်၏ ပြန်လည်ချေပထားသော တေးထပ်ကို ဝေဘန် သုံးသပ်ကြည့်လျှင် (မန်းသေလာတောင်မြင့်မှာ ဖေါ် မလင့် ဧကစာ) ဟူသော အပိုဒ်တပိုဒ်တည်းကိုသာ ဝေဘန်သုံးသပ်လျှင် အဖြေတခု သို့မဟုတ် ဗန်းမော်ဆရာတော်က ပြန်လည်ချေပသည့် တေးထပ် ရေးစပ်သည့်ကာလကို ခန့်မှန်းနိုင်လိမ့်မည် ထင်ပါသည်။
“မန်းတောင်ရိပ်သေလာမှာ ဧကစာ ကျင့်သုံးလို့ ” ဟူသော အပိုဒ်အရ ဆရာကင်းသည် စစ်ကိုင်းတောင်ရိုးသို့ မရောက်သေး၊ သို့မဟုတ် ဆရာကင်းကို မင်းတုန်းမင်း မန္တလေးသို့ ပင့်ဆောင်ပြီးနောက်မှ ရေးသောတေးထပ်ဖြစ်ရပေမည်။ ဗန်းမော်ဆရာတော်၏ ချေပချက် တေးထပ်တွင် (မန္တလေးတောင်) ဟူ၍၎င်း “ဖေါ်မလင့် ဧကစာ” ဟူသောအပိုဒ်အရ အဖေါ်မပါဘဲ မန္တလေးတောင်တွင် တဦးတည်း ကျင့်ကြံ အားထုတ်မှုဟူသော အဓိပ္ပါယ်ကို ဖေါ်ပြနေပေရာ ဗန်းမော်ဆရာတော်၏ တေးထပ်အရတွင်လည်း ဆရာကင်းငယ်ရွယ်စဉ်ကာလတွင် ချေပရေးသားထားသောတေးထပ်ဖြစ်ကြောင်း ယူဆရန်ဘက်က အလေးသာနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကင်း မန္တလေးတွင် ရှိနေကြောင်း ထင်ရှားသည့်အချက်က တချက်၊ ထို့နောက် မင်းတုန်းမင်း ပင့်ပြီးမှ နန်းတွင်းသူများကို စာပေပို့ချနေစဉ်ကာလ၊ တပည့်တပန်း မြောက်များစွာ ရှိနေသောကာလမဟုတ်ဘဲ (အဖေါ်မပါ ဧကစာ) ကျင့်သည့်အကြောင်း ဗန်းမော်ဆရာတော်၏ တေးထပ်က ဖေါ်ပြနေပေသည်။
*****