မာတိကာသို့ ခုန်သွားရန်

ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ

ဝီကီရင်းမြစ် မှ
ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ (1943)
2271ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ1943
ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ။

ဥပဒေအမှတ် ၁။
ဗမာသက္ကရာဇ် ၁၃၀၅ ခုနှစ်

၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်။

အုပ်ချုပ်မှုစီမံရေးအဖွဲ့အဖြစ်ဖြင့်၊ ယခုစည်းဝေးလျက်ရှိသော ဗမာ့လွတ်လပ်ရေးစီစဉ်ရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်၊ နိုင်ငံသူနိုင်ငံသားတို့၏ ဥပဒေပြုရန် အချုပ်အခြာအာဏာကို နိုင်ငံသူနိုင်ငံသားတို့၏ကိုယ်စား အသုံးပြု၍၊ အောက်ပါအတိုင်းစည်းမျဉ် ဥပဒေတရပ်ကို အမိန့်ချမှတ်ပြု လုပ်လိုက်သည်။

အောက်ပါအစီအစဉ်တွင်ပါရှိသော စည်းမျဉ်းသည်၊ ဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေဖြစ်ရမည်။

အစီအစဉ်။

နိုင်ငံတော်။

[ပြင်ဆင်ရန်]

၁။ ။ ဗမာနိုင်ငံတော်သည်၊ လုံးဝလွတ်လပ်၍၊ အချုပ်အခြာအာဏာနှင့်ပြည့်စုံသော နိုင်ငံတော်ဖြစ်ရမည်။

၂။ ။ ဗမာနိုင်ငံတော်သည်၊ မဟာအရှေ့အာရှတိုက်အတူကြီးပွါးရေးနယ်ကြီး တည်ထောင်ကြသော အချုပ် အခြာအာဏာပိုင် နိုင်ငံအစုအသင်းတွင်၊ အခြားနိုင်ငံများနှင့် အခွင့်အရေးတန်းတူရရှိ၍ ပါဝင်သော နိုင်ငံတခုဖြစ်ရမည်။

၃။ ဥပဒေပြုနိုင်၊ အုပ်ချုပ်နိုင်၊ တရားစီရင်နိုင်သော တန်ခိုးအာဏာများနှင့်အစိုးရ၏ တန်ခိုးအာဏာ အားလုံးသည်၊ နိုင်ငံသားတို့ထံမှ သက်ဆင်းသဖြင့်၊ ရရှိသောတန်ခိုးအာဏာများဖြစ်သည်။ ထိုတန်ခိုး အာဏာများကို အောက်ပါစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်ရမည်။

နိုင်ငံတော် အဓိပတိ။

[ပြင်ဆင်ရန်]

၄။ ။ အချုပ်အခြာအာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ လုံးဝပြည့်စုံသောနိုင်ငံတော် အဓိပတိသည်၊ ဗမာ နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်ရမည်။

၅။ ။ အုပ်ချုပ်ရေးဥပဒေသစ်တခုအရ၊ ဆောင်ရွက်ခြင်းမပြုမီကာလ အတွင်းတွင်၊ နိုင်ငံတော်အဓိပတိ ရာထူးဆက်ခံသိမ်းပိုက်ရေးကိစ္စကို ရွေးကောက်သောနည်းဖြင့်၊ အကယ်၍တတ်နိုင်ပါက၊ ရာထူးလစ်လပ် သောနေ့မှစ၍ ရက်၃၀အတွင်းတွင်ပြီးမြောက်စေရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် အတိုင်ပင်ခံလွှတ် တော် ဥက္ကဋ္ဌကသော်၎င်း၊ ဒုတိယဥက္ကဋ္ဌကသော်၎င်း၊ အကယ်၍ထိုပုဂ္ဂိုလ်နှစ်ဦးမရှိခဲ့သော်၊ အတိုင်ပင်ခံ လွှတ်တော်က ထိုကိစ္စအတွက် ရွေးကောက်တင်မြှောက်သော လွှတ်တော်အမတ်တဦးကသော်၎င်း၊ နာယကပြုသော ဝန်ကြီးအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်နှစ်ရပ်၏ တွဲဘက်အစည်းအဝေးက ဆောင် ရွက် ရမည်။

ဝန်ကြီးများအဖွဲ့။

[ပြင်ဆင်ရန်]

၆။ ။ ဝန်ကြီးချုပ်ကြီးမှူးသော ဝန်ကြီးများအဖွဲ့တခု ရှိရမည်။

၇။ ။ နိုင်ငံတော် အဓိပတိသည်၊ ဝန်ကြီးချုပ်၏ ထောက်ခံချက်အရ ဝန်ကြီးများကိုခန့်ရမည်။

၈။ ။ ဝန်ကြီးများအဖွဲ့သည်၊ အဖွဲ့လိုက်လည်းကောင်း၊ တဦးစီလည်းကောင်း၊ နိုင်ငံတော်အဓိပတိအား တာဝန်ခံ၍ နိုင်ငံတော်အုပ်ချုပ်ရေးကို ဆောင်ရွက်ရမည်။

၉။ ။ နိုင်ငံတော်၏ဝန်ကြီးများသည်၊ နိုင်ငံတော်အဓိပတိ နှစ်ခြိုက်ကျေနပ်သမျှ ကာလပတ်လုံး ရာထူး လက်ရှိတည်နေရမည်။

၁၀။ ။ အုပ်ချုပ်ရန်အလို့ငှါ ကျနစွာပြုထားသော နည်းဥပဒေနှင့် စည်းကမ်းဥပဒေများအရ၊ အစိုးရ ကိစ္စတို့ကို ဆောင်ရွက်ရမည်။

အတိုင်ပင်ခံလွှတ်တော်။

[ပြင်ဆင်ရန်]

၁၁။ ။ အများပြည်သူအတွက် အရေးကြီးသော ကိစ္စများနှင့်စပ်လျဉ်း၍၊ အကြံဉာဏ်တောင်းဆိုခဲ့သော်၊ နိုင်ငံတော်အဓိပတိအား အကြံဉာဏ်ပေးရန် အတိုင်ပင်ခံလွှတ်တော်တခု ရှိရမည်။

အောက်ပါကိစ္စများတွင်ကား၊ အတိုင်ပင်ခံလွှတ်တော်၏ အကြံဉာဏ်ကိုတောင်းရမည်။

(က) အခွန်တော်ကိစ္စ။
(ခ) နှစ်စဉ်ငွေဝင်၊ငွေထွက်ခန့်မှန်းချက်။
(ဂ) နိုင်ငံတော်ချေးငွေများ။
(ဃ) သာမန်ဥပဒေပြုခြင်း။
(င) စစ်ပြေငြိမ်းရေး စာချုပ်များ၊ ထိုပြင်အတည်မပြုသေးမီ၊ အတည်ပြုချက်လိုသော အခြားစာချုပ်များ၊ သဘောတူညီချက်များနှင့် ပဋိညာဉ်ပြုချက်များ။

၁၂။ ။ အတိုင်ပင်ခံလွှတ်တော်အမတ်ဦးရေမှာ၊ ၂၀ထက်မနည်းရ၊ ၂၅ ထက်လည်းမများရ။

၁၃။ ။ အတိုင်ပင်ခံလွှတ်တော်သည်၊ အကြံဉာဏ်ပေးအဖွဲ့ဖြစ်ရမည်။

၁၄။ ။ နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက်၊ အတိုင်ပင်ခံလွှတ်တော်အမတ် များကိုခန့်ရမည်။

၁၅။ ။ ဝန်ကြီးများသည်၊ အတိုင်ပင်ခံလွှတ်တော်အမတ်များမဟုတ်သော်လည်း၊ အတိုင်ပင်ခံလွှတ်တော် အစည်းအဝေးများ၌၊ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိရမည်။

၁၆။ ။ အတိုင်ပင်ခံလွှတ်တော်၌၊ လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်သော ဥက္ကဋ္ဌတဦးနှင့် ဒုတိယဥက္ကဋ္ဌတဦးရှိရမည်။

၁၇။ ။ အတိုင်ပင်ခံလွှတ်တော်အမတ်များသည်၊ သက်ကြီးဝါရင့်၊ နိုင်ငံအုပ်ချုပ်ရေးသုခမိန်တို့၏ အရည်အချင်းမျိုးနှင့် ပြည်စုံသောသူများဖြစ်ရမည်။

(က) အသက်မှာအနည်းဆုံး ၄၀ ဖြစ်ရမည်။
(ခ) အများပြည်သူ၏ အကျိုးစီးပွါးကို ဆောင်ရွက်ဘူးရမည်။ သို့တည်းမဟုတ် လုပ်ရည်ကြံရည် သော်၎င်း၊ ပညာအရည်အချင်းသော်၎င်း၊ ထူးချွန်သောကြောင့်၊ တိုင်းပြည်နိုင်ငံ၏ အရေးကြီးသောလုပ် ငန်းများအတွက် ကိုယ်စားလှယ်အဖြစ်ဖြင့်၊ ဆောင်ရွက်နိုင်သောသူများဖြစ်ရမည်။

၁၈။ ။ အတိုင်ပင်ခံလွှတ်တော်သည်၊ လွှတ်တော်လုပ်ငန်းကို ဆောင်ရွက်ရန်နှင့်၊ အစီအစဉ်ကျနစွာရှိစေ ရန်၊ နည်းဥပဒေများကိုနိုင်ငံတော် အဓိပတိ၏ သဘောတူညီချက်ကို အထောက်အထားပြု၍ လုပ်ရမည်။

ဥပဒေပြုခြင်း။

[ပြင်ဆင်ရန်]

၁၉။ ။ ဥပဒေပြုရန်တာဝန်သည်၊ နိုင်ငံတော်အဓိပတိ၏ တာဝန်ဖြစ်ရမည်။ အဓိပတိသည်၊ သာမန်အား ဖြင့်ထိုတာဝန်ကို ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက် ဆောင်ရွက်ရမည်။

၂၀။ ။ သာမန်ဥပဒေပြုမှုကိစ္စတွင်၊ ဝန်ကြီးများအဖွဲ့သည် အဓိပတိအား၊ အကြံဉာဏ်မပေးမီ၊ အတိုင်ပင်ခံ လွှတ်တော်၏ ထင်မြင်ချက်များကို ရှေးဦးစွာတောင်းယူရမည်။

၂၁။ ။ သို့ရာတွင် သာမန်မဟုတ်သော ဥပဒေပြုမှုကိစ္စတွင် ဝန်ကြီးများအဖွဲ့သည် အတိုင်ပင်ခံလွှတ်တော် ကိုမတိုင်ပင်ဘဲ ဆောင်ရွက်နိုင်သည်။

ရှင်းလင်းချက်။ ။သာမန်မဟုတ်သော ဥပဒေပြုမှုသည် နိုင်ငံသူနိုင်ငံသားအများ၏ ဘေးရန်ကင်းမှုတည်တံ့အောင် စောင့် ရှောက်ရေးကိစ္စနှင့်သော်၎င်း၊ နိုင်ငံသူနိုင်ငံသားများ၏ ဘေးရန်အန္တရာယ်ကို ကာကွယ်ရေးကိစ္စနှင့်သော် ၎င်း၊ စစ်မက်ရေးရာကြောင့် သေရေးရှင်ရေးတမျှ အရေးကြီးလှသောကိစ္စများနှင့်သော်၎င်း သက်ဆိုင်စေ ရမည်။

၂၂။ ။ တိုင်းသူပြည်သားတို့၏ လွတ်လပ်မှုများကို ချုပ်ချယ်သောသာမန်မဟုတ်သည့် ဥပဒေအားလုံးကို စစ်ပြီးငြိမ်းသောအခါ မြန်နိုင်သမျှအမြန်ဆုံး ပြန်လည်စီစစ်ရမည်။

၂၃။ ။ ဤအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ၊ စတင်မဆောင်ရွက်မီ၊ ဗမာနိုင်ငံ၌ အတည်ဖြစ်လျက်ရှိနေ သောဥပဒေများအားလုံးသည်၊ ဤအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေနှင့်မဆန့်ကျင်သည့် ဆိုင်ရာအာဏာပိုင် များက ပြင်ဆင်ဖြည့်စွက် ပြောင်းလွဲခြင်းမပြုသမျှ ကာလပတ်လုံး၊ ဆက်လက်အတည်ဖြစ်လျက်ရှိရမည်။

ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ။

[ပြင်ဆင်ရန်]

၂၄။ ။ ကိုယ်ရေးလွတ်လပ်မှု၌ အတားအဆီးအနှောက်အရှက် မရှိစေရ။ ဥပဒေအရမဟုတ်လျှင်၊ မည်သည့် ဗမာအမျိုးသားမျှ မိမိ၏ကိုယ်ရေးလွတ်လပ်မှုကို မဆုံးရှုံးစေရ။

၂၅။ ။ ဥပဒေအရမဟုတ်လျှင်၊ မည်သည့်ဗမာအမျိုးသားမျှ မိမိပိုင်စည်းစိမ်ဥစ္စာကို မဆုံးရှုံးစေရ။

၂၆။ ။ ဗမာအမျိုးသားတိုင်း၏ နေအိမ်သည်အဖျက်အဆီး အနှောင့်အရှက်မှ ကင်းလွတ်စေရမည်။ ဥပဒေ အရမဟုတ်လျှင်၊ မည်သည့်နေအိမ်အတွင်းကိုမျှ အတင်းကျူးကျော် ဝင်ရောက်ခြင်းမပြုရ။

၂၇။ ။ ဗမာအမျိုးသားတိုင်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် လောကဝတ္တရားတို့ကို ထိခိုက်ပျက်ပြား ခြင်းမရှိစေဘဲ၊ မိမိယုံကြည်သောဘာသာ အယူဝါဒအတိုင်း ကိုးကွယ်ကျင့်ဆောင်နိုင်စေရမည်။

၂၈။ ။ ဗမာအမျိုးသားတိုင်းမှာ တရားဥပဒေအတွင်း လောကဝတ္တရားနှင့် မဆန့်ကျင်စေဘဲ မိမိသဘော ကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခြင်း၊ အကြမ်းမဖက်လက်နက်မပါဘဲ စုရုံးစည်းဝေးခြင်း၊ အသင်း အပင်း၊ အစည်းအရုံးဖွဲ့စည်းခြင်းတို့ကို ပြုနိုင်ခွင့်ရှိရမည်။

တရားရုံးတော်များ။

[ပြင်ဆင်ရန်]

၂၉။ ။ ယခုတည်လျက်ရှိသော ဗမာနိုင်ငံတော်၏ တရားလွှတ်တော်သည် ဆက်လက်တည်မြဲရမည်။ ထို့ပြင် ထိုတရားလွှတ်တော်သည် အမှုတွဲမှတ်တမ်း တရားရုံးချုပ်ဖြစ်ရမည်။ ထိုတရားလွှတ်တော်၌ တရားဝန်ကြီးချုပ်တဦးနှင့် နိုင်ငံတော်အဓိပတိက လိုအပ်သည်ထင်သလောက်ခန့်သော တရားဝန်ကြီး များ ပါဝင်ရမည်။

၃၀။ ။ ဥပဒေနှင့် တရားလမ်းမှန်အတိုင်း၊ တရားစီရင်ခြင်းနှင့် တရားရုံးများဖွဲ့စည်းခြင်းတို့သည် အတည် ဖြစ်လျက်ရှိသော ဥပဒေများအတိုင်းဖြစ်ရမည်။

၃၁။ ။ (က) နိုင်ငံတော်အဓိပတိသည် ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့်သော်၎င်း၊ တိုင်ပင်ပြီး နောက်တရားဝန်ကြီးချုပ်ကို ခန့်ရမည်။

(ခ) နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးချုပ်နှင့် တရားဝန်ကြီးချုပ်တို့ကိုသော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့် တရားဝန်ကြီးချုပ်တို့ကိုသော်၎င်း၊ တိုင်ပင်ပြီးနောက် အခြားတရားဝန်ကြီးများကို ခန့်ရမည်။

၃၂။ ။ ကျင့်ဝတ်ပျက်ပြားသည်၊ သို့မဟုတ်စိတ်သော်၎င်း၊ ကိုယ်သော်၎င်း၊ မစွမ်းမသန်သည်ဟူသော အကြောင်းထင်ရှားသည့်အတွက်မှတပါး၊ တရားဝန်ကြီးများကို ရာထူးမှနှုတ်ပယ်ခြင်းမပြုရ။

ရှင်းလင်းချက်။ ။ကျင့်ဝတ်ပျက်ပြားခြင်းဟူသော စကား၏အဓိပ္ပါယ်၌ နိုင်ငံတော်၏အပေါ်တွင် ကျင့်ဝတ်ပျက်ပြားခြင်း လည်းပါဝင်သည်။

၃၃။ ။ တရားဝန်ကြီးအားလုံးသည် အတည်ဖြစ်လျက်ရှိသော ဥပဒေများကိုသာလျှင်၊ လိုက်နာ၍ လွတ် လပ်စွာတရားစီရင်ပိုင်ခွင့်ရှိရမည်။

၃၄။ ။ တရားလွှတ်တော်၏ စီရင်ချက်သည် အမှုတိုင်း၌အယူခံမရှိသော အပြီးသတ်စီရင်ချက်ဖြစ်ရမည်။

၃၅။ ။ တရားမ တရားသူကြီးများနှင့် ရာဇဝတ်တရားသူကြီးများမှာ မိမိတို့တရားစီရင်ပိုင်ခွင့် အာဏာ ပြန့်နှံ့ရာ နယ်ပယ်အတွင်းရှိ လူများအားလုံး၏အပေါ်တွင်၊ အောက်ပါချွင်းချက်များမှတပါး၊ လူမျိုးမရွေး တရားစီရင်ပိုင်ခွင့် အာဏာရှိရမည်။

ချွင်းချက်များမှာ။
(က) နိုင်ငံတော်အတွင်းမှာနေသော်လည်း၊ ပြည်ထောင်အချင်းချင်း ဆက်ဆံရေးဥပဒေအရ နိုင်ငံတော် ၏ဥပဒေအာဏာအောက်သို့ မကျမရောက်သော ပုဂ္ဂိုလ်များ၊
(ခ) စစ်တပ်တရားရုံးမှ အပြစ်ပေးနိုင်သောပြစ်မှုမျိုးကို ကျူးလွန်သည့်လက်နက်ကိုင် ဗမာစစ်တပ်ဝင် များ၊ ထိုပြင်
(ဂ) ဗမာနိုင်ငံတော်အစိုးရနှင့် နိပွန်နိုင်ငံတော်အစိုးရတို့ ချုပ်ဆိုထားသောစာချုပ်အရ သော်၎င်း၊ ပဋိ ညာဉ်ပြုထားချက်အရသော်၎င်း၊ အခြားနည်းဖြင့်စစ်ဆေးရန် သတ်မှတ်ထားသော စစ်ဘက်ဆိုင်ရာ ပြစ်မှု များကိုကျူးလွန်သည့်လက်နက်ကိုင် မဟာမိတ်စစ်တပ်ဝင်များ။

၃၆။ ။ ဗမာဘာသာသည်၊ ဗမာနိုင်ငံတော်သစ်၏ ရုံးသုံးဘာသာဖြစ်ရမည်။

နိုင်ငံတော်ဝန်ထမ်းများ။

[ပြင်ဆင်ရန်]

၃၇။ ။ နိုင်ငံတော်ဝန်ထမ်းအတွက် ရာထူးဟူသမျှသည်၊ နိုင်ငံတော်အဓိပတိမှ သက်ဆင်းကြရောက်ရ မည်။

၃၈။ ။ နိုင်ငံတော်ဝန်ထမ်း ရာထူးဝန်အဖွဲ့တခု ရှိရမည်။ နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက်၊ အဖွဲ့ဥက္ကဋ္ဌနှင့်အခြားအဖွဲ့ဝင်များကို ခန့်ရမည်။

၃၉။ ။ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက် ပြုထားသောစည်းကမ်း ဥပဒေများအရ၊ နိုင်ငံတော် အဓိပတိသည်၊ အဖွဲ့ဝင်ဦးရေ၊ ရာထူး၊ သက်တမ်းနှင့်အမှုထမ်း၊ စည်းကမ်းတို့ကို သတ်မှတ်ရမည်။

၄၀။ ။ ဤအဖွဲ့သည် နိုင်ငံတော်အဓိပတိအား တာဝန်ခံရမည်။

၄၁။ ။ ဤအဖွဲ့က ဆောင်ရွက်ရန်ရှိသော ကိစ္စများမှာ၊ကျနစွာပြုထားသော နည်းဥပဒေများနှင့် စည်းကမ်းဥပဒေများအရ၊ လွှဲအပ်ခြင်းခံရသော နိုင်ငံတော်ဝန်ထမ်းနှင့် သက်ဆိုင်သည့်ကိစ္စများ ဖြစ်ရ မည်။

၄၂။ ။ ဤအဖွဲ့မှာ၊ အဖွဲ့လုပ်ငန်းနှင့် ဝတ္တရားတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိရမည်။

၄၃။ ။ လွတ်လပ်ရေးစတင် တည်ထောင်သောနေ့၌၊ နိုင်ငံတော်အစိုးရ၌သော်၎င်း၊ စည်ပင်ရေးအဖွဲ့များ၌ သော်၎င်း၊ အမှုထမ်းလျက်ရှိသော ဗမာအမျိုးသားအားလုံးသည်၊ ဗမာနိုင်ငံတော်သစ်တွင် ယခင်အခွင့် အရေးနှင့် စည်းကမ်းများအတိုင်း ခန့် ထားပြီးဖြစ်သူများဟူ၍ မှတ်ယူရမည်။ သို့ရာတွင် ထိုသူတို့သည်၊ လွတ်လပ်ရေးစတင်တည်ထောင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိက၊ သတ်မှတ်မည်ဖြစ်သောနေ့၌ နိုင်ငံ တော်သစ်၏ သစ္စာတော်ကို ခံယူရမည်။

စာရင်းစစ်နှင့် စာရင်းကိုင်။

[ပြင်ဆင်ရန်]

၄၄။ ။ ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့်သော်၎င်း၊ တိုင်ပင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိက ခန့်ထားသော ဗမာနိုင်ငံတော်စာရင်းစစ် အရာရှိချုပ် တဦးရှိရမည်။

၄၅။ ။ စာရင်းစစ်အရာရှိချုပ်၏ အမှုထမ်းစည်းကမ်းများသည်၊ ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီး နှင့်သော်၎င်း၊ တိုင်ပင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိ ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ရမည်။ အဓိပတိ၏ သဘောတူညီချက်မရှိဘဲ၊ စာရင်းရှိအရာရှိချုပ်သည်၊ မိမိ၏ရာထူးမှ ရပ်စဲပြီးသည်နောက်၊ ဗမာနိုင်ငံ အတွင်းတွင်၊ အခြားရာထူးတခုခုကို ထပ်မံလက်ခံနိုင်ခွင့်မရှိစေရ။

၄၆။ ။ ဗမာနိုင်ငံတော်အစိုးရ၏ ငွေစာရင်းများကို၊ အဓိပတိ၏ သဘောတူညီချက်နှင့် စာရင်းရှိအရာရှိ ချုပ်က သတ်မှတ်သောနည်းလမ်းအတိုင်း ထားရှိစေရမည်။

၄၇။ ။ ဗမာနိုင်ငံတော်အစိုးရ၏ ငွေစာရင်းများနှင့်သက်ဆိုင်သော စာရင်းစစ်အရာရှိချုပ်၏ အစီရင်ခံစာ များကို အဓိပတိထံသို့ တင်သွင်းရမည်။ အဓိပတိသည်၊ ထိုအစီရင်ခံစာများကို ဝန်ကြီးများအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်သို့ တင်ပြစေရမည်။

လက်နက်ကိုင်စစ်တပ်များ။

[ပြင်ဆင်ရန်]

၄၈။ ။ နိုင်ငံတော်အဓိပတိသည်၊ လက်နက်ကိုင်ဗမာစစ်တပ်အားလုံး၏ စစ်သေနာပတိချုပ်ဖြစ်ရမည်။

၄၉။ ။ လက်နက်ကိုင်စစ်တပ်များကို စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ သင်ပြလေ့ကျင့်ပေးရေးတို့တွင်၊ နိုင်ငံ တော်အဓိပတိသို့ တိုက်ရိုက်တာဝန်ခံရသော စစ်ဌာနဝန်ကြီးတဦးရှိရမည်။

၅၀။ ။ နိုင်ငံတော်အဓိပတိသည်၊ စစ်ဌာနဝန်ကြီး၏ ထောက်ခံချက်အရ လက်နက်ကိုင်ဗမာစစ်တပ်များ တွင် အရာရှိဗိုလ်အဆင့်အတန်းတင် အမိန့်တော်အားလုံးကို နှင်းအပ်ရမည်။

၅၁။ ။ စစ်သေနာပတိချုပ်အား၊ ဗဟိုစစ်အဖွဲ့ချုပ်ကြီးက စစ်ဘက်ဆိုင်ရာကိစ္စအဝဝတွင်၊ အကြံ​ဉာဏ်ပေး ရမည်။ ထိုအဖွဲ့ချုပ်ကြီးတွင် စစ်ဌာနဝန်ကြီးနှင့်သက်ဆိုင်ရာ စစ်ဦးစီးဌာနချုပ်မှူးများအပြင်၊ ဒုတိယစစ် ဌာနဝန်ကြီး၊ စစ်ဌာနရုံးချုပ်၊ စစ်ဦးစီးရေးဌာနခွဲမှူး၊ စစ်ပညာညွှန်ကြားရေးဌာနခွဲမှူးနှင့် အဖွဲ့ချုပ်ကြီး ကထပ်မံထည့်သွင်းလိုသော စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်စေရမည်။ ထိုအဖွဲ့ချုပ်ကြီးတွင် ဝန်ကြီး ချုပ်ဖြစ်စေ၊ ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးတဦးဦးဖြစ်စေ၊ ထိုပြင်ဘဏ္ဍာရေးဝန်ကြီး၊ ထိုပြင်အတိုင်ပင်ခံ လွှတ်တော်ဥက္ကဋ္ဌဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌဖြစ်စေ၊ ထိုပုဂ္ဂိုလ်တို့ပါဝင်ဆွေးနွေး ဆောင်ရွက်နိုင်ခွင့်ရှိရမည်။ သို့ရာတွင် မဲပေးနိုင်ခွင့်မရှိစေရ။

၅၂။ ။ သက်ဆိုင်ရာစစ်မှု ဦးစီးရေးဌာနချုပ်မှူးသည်၊ မိမိဆိုင်ရာလက်နက်ကိုင် စစ်တပ်-စစ်ရေး စီမံကွပ် ကဲမှုအတွက် တာဝန်ခံရမည်။

၅၃။ ။ စစ်ဌာနဝန်ကြီးမှာ စစ်ဦးစီးဌာနချုပ်ကိုဖြစ်စေ၊ စစ်ဦးစီးဌာနချုပ်များကိုဖြစ်စေ၊ ထို့ပြင် ထိုဌာန ချုပ်တို့၏ လက်အောက်ခံဖြစ်သော စစ်တပ်တို့ကိုဖြစ်စေ၊ စစ်ဆေးနိုင်သောအာဏာရှိရမည်။

၅၄။ ။ (က) နိုင်ငံတော်တည်တံ့စေခြင်းအလို့ငှါ စစ်တပ်များသည် နိုင်ငံရေး၏အပတွင်ရှိရမည်။

(ခ) စစ်ဌာနဝန်ကြီးကို လက်ရှိစစ်အမှုထမ်းစာရင်း၌ ပါဝင်သောအထက်တန်း စစ်အရာရှိကြီးများထဲမှ အစဉ်သဖြင့် ရွေးချယ်ခန့်ထားရမည်။

၅၅။ ။ စစ်ဘက်ဆိုင်ရာ စာရင်းများကို အဓိပတိ၏တိုက်ရိုက် လက်အောက်ခံဖြစ်သော အထူးစာရင်း စစ်အဖွဲ့က စစ်ဆေးရမည်။

အုပ်ချုပ်မှုစီမံရေးအဖွဲ့။

[ပြင်ဆင်ရန်]

၅၆။ ။ နိုင်ငံတော်အဓိပတိသည်၊ စစ်အခြေအနေ၊ အခွင့်သာခဲ့သော် လွတ်လပ်ရေးကို စတင်တည်ထောင် သည်မှစ၍ တနှစ်ထက်နောက်မကျစေဘဲ အုပ်ချုပ်မှုစီမံရေးအဖွဲ့တခုကို ဆင့်ခေါ်ရမည်။ အခွင့်မသာခဲ့ သော် မည်သည့်နည်းနှင့်မဆို စစ်ပြီးငြိမ်းသည်မှစ၍ တနှစ်ထက်နောက်မကျစေဘဲ ဆင့်ခေါ်ရမည်။

၅၇။ ။ ဤအဖွဲ့ကို တိုင်းသူပြည်သားအများနှင့် ထိုသူတို့၏အာသာဆန္ဒအတွက် ကိုယ်စားလှယ်အစစ် အမှန်ဖြစ်မည့် ပုဂ္ဂိုလ်များပါဝင်အောင် ဖွဲ့ရမည်။

၅၈။ ။ နိုင်ငံတော်အဓိပတိသည် ဝန်ကြီးများအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်တို့ကို တိုင်ပင်၍ အုပ်ချုပ်မှု စီမံရေး အဖွဲ့ဝင်များကို ခန့်ပြီးလျှင်ထိုအဖွဲ့နှင့် ပတ်သက်သောအခြားအကြောင်းအချက်တို့ကို သတ်မှတ်ရ မည်။

ရှင်းလင်းချက်။ ။ တိုင်ပင်၍၊ဟူသောစကားသည်၊ တိုင်ပင်ပြီးနောက် စကားနှင့်အောက်ပါချွင်းချက်မှတပါး၊ အဓိပ္ပါယ်တူ သည်ဟု ဗမာ့လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ကြီးက ရည်ရွယ်ရင်းရှိသည်။
ချွင်းချက်။ ။တိုင်ပင်၍၊ဟူသောစကားသည် ပိုမိုရေလည်အောင် အချင်းချင်းအညီအညွတ် တိုင်ပင်သည်ဟူသော၊ အဓိပ္ပါယ်သို့ သက်ရောက်သည်။

၅၉။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည် အဖွဲ့နာယကကိုရွေးကောက်ရမည်။ ထို့ပြင်၊ အဖွဲ့၏လုပ်ငန်းနှင့် အစီ အစဉ်တို့ကို ကျနစေရန် နည်းဥပဒေများပြုရမည်။

၆၀။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည်၊ လွတ်လပ်သောဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးဥပဒေနှင့် ပတ်သက် သော ကိစ္စအားလုံးကို ဆုံးဖြတ်ရမည်။ ထိုသို့ဆုံးဖြတ်ရာတွင်၊ အုပ်ချုပ်မှုစီမံရေးအဖွဲ့မျိုး၌ ရှိအပ်သောအာ ဏာနှင့် ဝတ္တရားအားလုံးရှိရမည်။ အထက်ပါအာဏာ၌ နိုင်ငံတော်၏အထွဋ်အထိပ်နှင့် သက်ဆိုင်သော ပြဿနာများအတွက် နိုင်ငံ၏ဆန္ဒကိုထောက်လှမ်းရန် စီမံနိုင်သည့်အာဏာလည်း ပါဝင်သည်။ ဤအဖွဲ့ မှာ အပြင်အပ၊ ပယောဂအားလုံးနှင့် ကင်းရှင်း၍၊ လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့် ရှိစေရမည်။

၆၁။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့၌ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိရမည်။ ဤအဖွဲ့၌ဖြစ်စေ၊ ဤအဖွဲ့၏အဖွဲ့ငယ် ၌ဖြစ်စေ၊ ပြောဆိုသောစကားကြောင့်သော်၎င်း၊ ပေးသောမဲဆန္ဒကြောင့်သော်၎င်း၊ မည်သည့်အဖွဲ့ဝင်ကိုမျှ တရားရုံးတော်တခုခု၌ တရားစွဲဆိုခြင်း မခံထိုက်စေရ။ ထို့ပြင်၊ အဓိပတိ၏အခွင့်အမိန့်အရ ပုံနှိပ်ထုတ်ဝေ သော အစီရင်ခံစာကြောင့်သော်၎င်း၊ စာရွက်စာတမ်းကြောင့်သော်၎င်း၊ မဲဆန္ဒကြောင့်သော်၎င်း၊ အဖွဲ့ မှတ်တမ်းကြောင့်သော်၎င်း၊ မည်သူမျှတရားစွဲဆိုခြင်း မခံထိုက်စေရ။

၆၂။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည်၊ မိမိတို့အုပ်ချုပ်ရေးဥပဒေ စတင်အတည်ဖြစ်ရမည့်ကာလနှင့် နိုင်ငံတော် အထွဋ်အထိပ် စတင်စိုးမိုးရမည့်ကာလတို့ကို သတ်မှတ်ရမည်။

၆၃။ ။ အထက်ပါပုဒ်မတွင်၊ ဖေါ်ပြသောအုပ်ချုပ်ရေး ဥပဒေသစ်တခု စတင်အတည်ဖြစ်သည့်အချိန်မှစ၍၊ နိုင်ငံတော်အဓိပတိ၏ စိုးမိုးအုပ်ချုပ်ခြင်း ရပ်စဲရမည်။ ထိုနည်းအတူ၊ ဝန်ကြီးများနှင့်အတိုင်ပင်ခံ လွှတ် တော်အမတ်များ၊ ရာထူးသက်တမ်းများလည်း ရပ်စဲရမည်။

၆၄။ ။ ဗမာနိုင်ငံတော်ကို အုပ်ချုပ်ရေးဥပဒေတခု စတင်အတည်ဖြစ်သည်အချိန်အထိ၊ ဤစည်းမျဉ်း ဥပဒေအရ စီမံအုပ်ချုပ်ရမည်။ သို့သော်ဤစည်းမျဉ်းဥပဒေကို-

(က) ဝန်ကြီးများအဖွဲ့၏ သဘောတူညီချက်နှင့်၊
(ခ) အတိုင်ပင်ခံလွှတ်တော်၌ ထိုအခိုက်အတံ့တွင်ပါဝင်သော အမတ်ဦးရေ၏အနည်းဆုံး ၄-ပုံ ၃-ပုံတက် ရောက်သော အထူးအစည်းအဝေးတွင် ၃-ပုံ ၂-ပုံသော မဲဆန္ဒအရ သဘောတူညီကြသော ဥပဒေပြုခြင်း ဖြင့် ပြင်ဆင်နိုင်သည်။


တမ်းပလိတ်:PD-EdictGov