ဗာလောဝါဒဇာတ်
ဒုကနိပါတ်-သိင်္ဂါလဝဂ်
၆။ ဗာလောဝါဒဇာတ်
ကျွေးပြီး ပြစ်တင်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဟန္တွာ ဆေတွာ ဝဓိတွာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗာလောဝါဒဇာတ်ကို ဝေသာလီပြည်ကို အမှီပြု၍ စုလစ်မွန်းချွန်တပ်သော ဇရပ်၌ သီတင်းသုံး နေတော်မူစဉ် သီဟစစ်သူကြီးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုသီဟစစ်သူကြီးသည် မြတ်စွာဘုရားကို ကိုးကွယ်ခြင်းကိုပြု၍ ဘိတ်ပြီးလျှင် နက်ဖြန်နေ့၌ သားပြွမ်းဆွမ်းကို လှူ၏။ နိဂဏ္ဌတို့သည် ထိုစကားကိုကြား၍ အမျက် ထွက်၍ နှလုံးမသာယာသည်ဖြစ်၍ မြတ်စွာဘုရားကို ညှဉ်း ဆဲလိုသည်ဖြစ်၍ ရဟန်းဂေါတမသည် သိလျက် ရည်၍ ပြုအပ်သော အသားကိုစား၏ဟု ဆဲရေးကုန်၏။ ရဟန်းတို့သည် နာဋ၏သားဖြစ်သော နိဂဏ္ဌသည် ရဟန်းဂေါတမသည် သိလျက် ရည်၍ပြုအပ်သော အသားကို စား၏ဟု ပရိသတ်နှင့်တကွ ဆဲရေးလျက် လှည့်လည်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ယခုအခါ၌သာလျှင် ရည်၍ပြုအပ်သော အသားကို စားသောအားဖြင့် ငါ့ကို ကဲ့ရဲ့သည် မဟုတ်သေး၊ ရှေး၌လည်း ကဲ့ရဲ့ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ရသေ့ ရဟန်းပြု၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှ ဗာရာဏသီပြည်သို့သွား၍ နက်ဖြန်နေ့၌ မြို့သို့ဆွမ်းခံအံ့သောငှါ ဝင်၏။ ထိုအခါ တယောက်သော သူကြွယ်သည် ရသေ့ကို ညှဉ်းဆဲအံ့ဟူ၍ အိမ်တွင်းသို့ပင့်၍ ခင်းအပ်သောနေရာ၌ နေစေ၍ ငါးအမဲဖြင့် လုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးသော ကိစ္စအဆုံး၌ လျောက်ပတ်သော အရပ်၌နေ၍ ရှင်ရသေ့ သင်တို့ကိုသာလျှင်ရည်၍ သတ္တဝါတို့ကို သတ်၍ ဤအမဲကို ပြုအပ်၏။ ဤအကုသိုလ်သည် ငါတို့အားသာလျှင် မဖြစ်စေလင့်၊ သင်တို့အားလည်း ဖြစ်စေသတည်းဟု ဆို၍-
ဧဒိသံ ဘတ္တံ ဘုဉ္ဇာနော၊ သပါပေန ဥပလိပ္ပတိ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁၉၂။ တာပသ၊ ရှင်ရသေ့။ အသညတော၊ သီလမရှိသော သူသည်။ ဟန္တွာ စ၊ ပုတ်ခတ်၍၎င်း။ ဆေတွာစ၊ ဖြတ်၍၎င်း။ ဝဓိတွာ စ၊ သတ်၍၎င်း။ ဒါနံ၊ အလှူကို။ ဒေတိ၊ လူ၏။ ဧဒိသံ၊ ဤသို့သဘောရှိသော။ ဘတ္တံ၊ ဆွမ်းကို။ ဘုဉ္ဇာနော၊ စားသော သ သော သမဏော၊ ထိုရဟန်းသည်။ ပါပေန၊ မကောင်းမှုဖြင့်။ ဥပလိပ္ပတိ၊ လိမ်းကျံ၏။
ဘုရားလောင်းသည် ထိုစကားကို ကြား၍-
ဘုဉ္စမာနောပိ သပ္ပညော၊ န ပါပေန ဥပလိပ္ပတိ။
ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
၁၉၃။ ဥပါသက၊ ဒါယကာ။ အသညတော၊ သီလမရှိသောသူသည်။ ပုတ္တဒါရံပိ၊ သားမယားကိုသော်လည်း။ ဟန္တွာ၊ သတ်၍။ ဒါနံ၊ အလှူကို။ စေ ဒေတိ၊ အကယ်၍ လှူစေကာမူ။ သပ္ပညော၊ ပညာရှိသောပုဂ္ဂိုလ်သည်။ တံ၊ ထိုဆွမ်းကို။ ဘုဉ္စမာနောပိ၊ စားသော်လည်း။ ပါပေန၊ မကောင်းမှုဖြင့်။ န ဥပလိပ္ပတိ၊ မလိမ်းကျု။
ဤသို့ ထိုဒါယကာအား ဘုရားလောင်းသည် တရားကိုဟော၍ နေရာမှထ၍ ဖဲ၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နာဋ၏ သားဖြစ်သော နိဂဏ္ဌသည် ထိုအခါ သူကြွယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
သူများသက်သတ်၊ ပေးလှူလတ်၍၊ ခံအပ်သူများ၊ အပြစ်များ၊ မလားမကပ်ငြိ
ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗာလောဝါဒဇာတ်သည် ပြီး၏။
*****