ဗိလာရကောသိယဇာတ်
ဒသကနိပါတ်
၁၂။ ဗိဠာရကောသိယဇာတ်
ပစ္စည်းဥစ္စာကို လှူပြီးမှ သုံးဆောင်သင့်ကြောင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပစန္တာပိ ဒိစ္ဆန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗိဠာရကောသိယဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အလှူပေးလေ့ရှိသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် မြတ်စွာဘုရား၏ တရားတော်ကို နာရလျှင် သာသနာတော်၌ ရဟန်းပြုသဖြင့် ရဟန်းပြုသော ကာလမှစ၍ အလှူပေးလေ့ရှိသည်။ အလှူပေးခြင်း၌ အလွန်အလိုရှိသည် ဖြစ်၏။ သပိတ်အတွင်း၌ရှိသော ဆွမ်းကို သူတစ်ပါးအး မလှူမူ၍မစား၊ အယုတ်သဖြင့် သောက်ရေမျှကိုလည်းရ၍ သူတစ်ပါးအား မလှူမူ၍မသောက်၊ ဤသို့ လှူဒါန်းပေးကမ်းခြင်း၌ လွန်စွာမွေ့လျော်သည် ဖြစ်သတတ်။
လှူချင်စိတ် ပါလာပုံ
ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုကြကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်စေတော်မူ၍ ရဟန်း သင်သည် လှူဒါန်းပေးကမ်းခြင်း၌ အလွန် အလိုရှိသတတ်ဟု ငါကြားရသည်ကား မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ရှေး၌ ဤရဟန်းသည် သဒ္ဓါခြင်းမရှိသည် အလှူခံတို့ကိုမြင်၍ ကြည်ညိုခြင်းမရှိသည် ဖြစ်၏။ မြက်ဖျားဖြင့် ဆီပေါက်မျှကိုလည်း ထုတ်၍ တစ်စုံတစ်ယောက်သောသူအားမပေး၊ ထိုအခါ ထိုသူကြွယ်ကို ငါသည်ဆုံးမ၍ ငါမှ တစ်ပါး မှီဝဲရာမရှိသည်ကိုပြု၍ အလှူ၏အကျိုး၌ တည်စေ၏။ ထို့ကြောင့် အလှူကို လှူလိုသောစိတ်ကို ဘဝတစ်ပါး၌ မစွန့်ဟု မိန့်တော်မူ၍ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သူဌေးမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ဥစ္စာကိုဖြစ်စေ၍ အဖလွန်သဖြင့် သူဌေးအရာကိုရ၍ တစ်နေ့သ၌ ဥစ္စာတိုက်ကိုကြည့်လျှင် ဥစ္စာသည်သာလျှင် ထင်၏။ ထိုဥစ္စာကို ဆည်းပူးသူတို့သည် မထင်ကုန်၊ ဤဥစ္စာကို စွန့်ကြဲ၍ အလှူကြီးကို ပေးခြင်းငှာ သင့်၏ ဟု နှလုံးသွင်း၍ အလှူတင်းကုပ်ကို ဆောက်စေ၍ အသက်ထက်ဆုံး အလှူကြီးကိုဖြစ်စေ၍ အသက်၏အဆုံး၌ ဤအလှူဝတ်ကို မပြတ်လင့် ဟု သားအား အဆုံးအမကို ပေး၍ တာဝတိံသာ နတ်ပြည်၌ သိကြားမင်းဖြစ်၏။
အဆက်ဆက် နတ်ဖြစ်ကြပြီ
ထိုဘုရားလောင်း၏ သားသည်လည်း ထို့အတူလျှင် ဒါန ဝတ္ထုကိုလှူ၍ သားကိုဆုံးမ၍ အသက်၏ အဆုံး၌ စန္ဒနတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌေးသားသည် သူရိယ နတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌ၏ သားသည်လည်း ချီးမြှောက်တတ်သော မာတလိနတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌေးသားသည် ဂန္ဓဗ္ဗနတ်မင်း၏ သားဖြစ်သော ပဉ္စသိခနတ်သး၏ အဖြစ်ဖြင့်ဖြစ်၏။
အလှူဖြတ်သူ
ခြောက်ယောက်မြောက်ဖြစ်သော သားသည်ကား သဒ္ဓါခြင်း မရှိ။ ခက်ထန်သော စိတ်ရှိသည်။ အလှူခံတို့အား ချစ်ခြင်းမရှိသည်။ ဝန်တိုခြင်းရှိသည် ဖြစ်၏။ အလှူတင်းကုပ်ကို ဖျက်ဆီးပြီးလျှင် မီးတိုက်၍ အလှူခံတို့ကို ပုတ်ခတ်ရိုက်နှက်၍ နှင်ထုတ်စေ၏။ တစ်စုံ တစ်ယောက်သောသူအား မြက်ဖျားဖြင့်ထုတ်၍ ဆီပေါက်မျှကိုလည်း မပေး။
သိကြားမင်း လာပြီ
ထိုအခါ စတုမဟာရာဇ် တာဝတိံသာ နတ်တို့၏ မင်းဖြစ်သော သိကြားမင်းသည် မိမိ ရှေးကောင်းမှုကံကို ပညာမျက်စိဖြင့်ကြည့်၍ ငါ၏ အလှူဝတ်မည်သည် ဖြစ်၏လော၊ မဖြစ်၏ လော ဟု စူးစမ်း ဆင်ခြင်သည်ရှိသော် ငါ၏ သားသည် အလှူဝတ်ကိုဖြစ်စေ၍ စန္ဒနတ်သား ဖြစ်၏။ ထိုသူ၏သားသည် သူရိယနတ်သားဖြစ်၏။ ထိုသူ၏သားသည် မာတလိနတ်သားဖြစ်၏။ ထိုသူ၏သားသည် ဂန္ဓဗ္ဗနတ်မင်း၏သားဖြစ်သော ပဉ္စသိခနတ်သားဖြစ်၏။ ခြောက်ယောက်မြောက်သော သူသည်ကား ထိုအနွယ်ကို ဖြတ်၏ ဟု မြင်၏။ ထိုအခါ သိကြားမင်းအား ဤသို့သော အကြံသည် ဖြစ်၏။ ဤယုတ်သောသူကို ဆုံးမ၍ အလှူဒါန၏ အကျိုးကိုသိစေပြီးလျှင် လာအံ့ ဟု အကြံသည်ဖြစ်၏။ ကြံပြီး၍ ထိုသိကြားမင်းသည် စန္ဒနတ်သ, သူရိယနတ်သာ, မာတလိနတ်သား, ပဉ္စသိခ နတ်သားတို့ကိုခေါ်စေ၍ အမောင်နတ်သားတို့ ငါတို့၏အနွယ်၌ ခြောက်ယောက်မြောက် ဖြစ်သောသူသည် မိဘဘိုးဘေးတို့၏ လှူမြဲအစဉ်ကိုဖြတ်၍ အလှူတင်းကုပ်ကို မီးတိုက်၍ အလှူခံတို့ကို ရိုက်ပုတ်နှင်ထုတ်၏။ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော ဥစ္စာကိုမပေး၊ လာကြကုန်၊ ထိုသူကို ဆုံးမအံ့ ဟု ထိုနတ်သား လေးယောက်တို့နှင့်တကွ ဗာရာဏသီသို့ သွား၏။ ထိုခဏ၌ သူဌေးသည် မင်းအား ခစားခြင်းငှာသွား၍ ခုနစ်ခုမြောက်ဖြစ်သော တံခါးမုခ်၌ ခရီးမကိုကြည့်၍ စင်္ကြံသွား၏။
သိကြာမင်း အလှူခံပုံ
သိကြားမင်းသည် သင်တို့အား ငါဝင်ပြီးသော ကာလ၌ နောက်မှ အစဉ်အတိုင်း လာခဲ့ကြကုန် ဟုဆို၍ သွားလေ၍ သူဌေး၏ အထံ၌ ရပ်ပြီးလျှင် အို သူဌေးကြီး ငါ့အား ထမင်းကို ပေးလော့ ဟု ဆို၏။ ပုဏ္ဏား ဤအိမ်၌ သင့်အား ပေးအပ်သော ထမင်းသည်မရှိ၊ တစ်ပါးသော အိမ်သို့ သွားလေကုန် ဟု ဆို၏။ အို သူဌေးကြီး ပုဏ္ဏားတို့သည် ထမင်းကို တောင်းကုန်သည်ရှိသော် ပေးခြင်းငှာ မရသည်ကား မဟုတ်၊ ရသည်သာလျှင်ကတည်း ဟု ဆိုလတ်သော် ပုဏ္ဏား ငါ့အိမ်၌ ချက်ပြီးသော ထမင်းသည်လည်းကောင်း၊ ချက်လတ္တံ့သော ထမင်းသည်လည်းကောင်း မရှိ၊ တစ်ပါးအိမ်သို့ သွားလော့ဟု ဆို၏။ သူဌေးကြီး သူဌေးကြီးအား တစ်စုံတစ်ခုသော ချီးမွမ်းခြင်းနှင့်စပ်သော ဂါထာကိုဟောအံ့၊ ထိုဂါထာကို နာလော့ ဟုဆို၏။ ငါ့အား သင်၏ ဂါထာဖြင့် အလိုမရှိ၊ ဤငါ့အိမ်၌ မရပ်လင့် ဟု ဆို၏။ သိကြားမင်းသည်လည်း ထိုသူဌေး၏ စကားကို မကြားသကဲ့သို့-
ကိမေဝ တွံ ပစမာနော၊ ယံ န ဒဇ္ဇာ န တံ သမံ။
ပုညံ အာကင်္ခမာနေန၊ ဒေယျံ ဟောတိ ဝိဇာနတာ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၂၅။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ သန္တော၊ သူတော်ကောင်းတို့သည်။ အပစန္တာပိ၊ မချက်ရကုန်သော်လည်း။ လဒ္ဓါန ဘောဇနံ၊ ဆွမ်းခံဝတ်ဖြင့် ရအပ်သော ထမင်းကို။ ဣစ္ဆန္တိ၊ လှူခြင်းငှာ အလိုရှိကုန်၏။ တွံ၊ သင်သည်။ ပစမာနော၊ ချက်ရပါလျက်။ ကိမေဝ၊ အဘယ့်ကြောင့်လျှင်။ ယံ၊ အကြင်ဝတ္ထုကို။ န ဒဇ္ဇာ၊ မလှူသနည်း။ တံ၊ ထိုဒါနဝတ္ထုကို။ အဒါနံ၊ မလှူခြင်းသည်။ န သမံ-န အနုစ္ဆဝိကံ၊ မလျောက်ပတ်။
ပညာရှိများ လှူကြသည်
မဟာသေဋ္ဌိ၊ သူဌေးကြီး။ တံဒါနံ၊ ထိုအလှူမည်သည်ကို။ မစ္ဆေရာ စ၊ ဝန်တိုခြင်းကြောင့်လည်းကောင်း။ ပမာဒါ စ၊ မေ့လျော့ခြင်းကြောင့်လည်းကောင်း။ ဣမေဟိ၊ ဤနှစ်ပါးကုန်သော အကုသိုလ်တရားတို့ကြောင့်။ န ဒီယတိ၊ မလှူ။ ပုညံ့၊ ကောင်းမှု အကျိုးကို။ အာကင်္ခမာနေန၊ တောင့်တသော။ ဝိဇာနတာ၊ ပညာရှိသည်။ ဒေယျံ၊ လှူ အပ်သည်သာလျှင်။ ဟေတိ၊ ဖြစ်၏။
ထိုသူဌေးကြီးသည် သိကြားမင်း၏ညစကားကိုကြ၁၍ ထိုသို့တပြီးတကား အိမ်သို့ဝင်၍နေလော့၊ အနည်းငယ်သော ထမင်းကို ရလတ္တံ့ ဟု ဆို၏။ သိကြားမင်းသည် အိမ်သို့ဝင်၍ ထိုနှစ်ဂါထာတို့ကို သရဇ္ဈာယ်လျက် နေ၏။
စန္ဒနတ်သား အလှူခံပုံ
ထို့နောင်မှ သူဌေးကို စန္ဒနတ်သားသည် လာ၍ ထမင်းကို တောင်း၏။ သင့်ဖို ထမင်းမရှိ၊ သွားလော့ ဟု ဆိုသော်လည်း သူဌေးကြီး အိမ်တွင်း၌ ပုဏ္ဏားတစ်ယောက်သည် နေ၏။ ပုဏ္ဏားတို့အား ဆွမ်းကျွေးလတ္တံ့ယောင်တကား ဟု ဆို၍-
တဒေဝါဒဒတော ဘယံ။
ဇိဃစ္ဆာ စ ပိပါသာ စ၊ ယဿ ဘာယတိ မစ္ဆရီ။
တမေဝ ဗာလံ ဖုသတိ၊ အသ္မိံ လောကေ ပရမှိ စ။
ပုညာနိ ပရလောကသ္မိံ၊ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ။
ဟူသော ဤနှစ်ဂါထာတို့ကို ရွတ်၏။
၁၂၇။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ မစ္ဆရီ၊ ဝန်တို့သော သူသည်။ ယဿေဝ၊ အကြင်ငတ်မွတ်ခြင်းမှသာလျှင်။ ဘီတော၊ ကြောက်သည်ဖြစ်၍။ န ဒဒါတိ၊ မလှူ။ ဇိဃစ္ဆာစ၊ ငတ်မွတ်ခြင်းသည်လည်းကောင်း။ ပိပါသာ စ၊ ဆာမွတ်ခြင်းသည်လည်းကောင်း။ ဣတိ၊ ဤသို့။ တဒေဝဘယံ၊ ထိုငတ်မွတ်ခြင်း, ဆာမွတ်ခြင်း ဘေးသည်သာလျှင်။ အဒဒတော၊ မလှူသေ သူအား။ ဖုသတိ၊ နှိပ်စက်၏။ မစ္ဆရီ၊ ဝန်တိုသော သူသည်။ ယဿ၊ အကြင်ငတ်မွတ်ခြင်းမှ။ ဘာယတိ၊ ကြောက်၏။ အသ္မိံ လောတေစ၊ ဤပစ္စုပ္ပန်လောက၌ လည်းကောင်း။ ပရမ္ပိ စ၊ တမလွန်လောက၌ လည်းကောင်း။ တဒေဝ၊ ထိုငတ်မွတ်ခြင်းဘေးသည်လျှင်။ ဗာလံ၊ ဝန်တိုမစ္ဆေရ မောဟနှိပ်စက်သော သူမိုက်ကို။ ဖုသတိ၊ နှိပ်စက်၏။
ကောင်းမှုသည် ဘဝ၏တည်ရာ
၁၂၈။ တသ္မာ၊ ထို့ကြောင့်။ မစ္ဆေရံ၊ ဝန်တိုလောဘ မစ္ဆေရကို။ ဝိနေယျ၊ ဖျောက်၍။ မလာဘိဘူ၊ မစ္ဆေရစသော အညစ်အကြေးကို နှိပ်နင်းလျက်။ ဒါနံ၊ အလှူကို။ ဒဇ္ဇာ၊ လှူ ရာ၏။ ပုညာနိ၊ ဒါန သီလစသော ကောင်းမှုတို့သည်။ ပရလောကသ္မိံ၊ တမလွန်လောက အဆက်ဆက်၌။ ပါဏိနံ၊ အလှူဒါနနှင့်ပြည့်စုံသော သတ္တဝါတို့၏။ ပတိဋ္ဌာ၊ တည်ရာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ထိုစန္ဒနတ်သား၏ စကားကိုလည်း ကြား၍ ထိုသို့တပြီးကား အိမ်သို့ဝင်၍နေလော့၊ အနည်းငယ်သော ထမင်းကို ရလတ္တံ့ ဟု ဆို၏။ ထိုစန္ဒနတ်သားသည်လည်း ဝင်၍ သိကြားမင်းအထံ၌ နေ၏။
သူရိယနတ်သား အလှူခံပုံ
ထို့နောင်မှု အတန်ငယ်သော ကာလကို လွန်စေ၍ သူရိယနတ်သားသည် လာလတ်၍ ထမင်းကို တောင်းလိုရကား-
အသန္တော နာနု ကုဗ္ဗန္တိ၊ သတံ ဓမ္နော ဒုရန္နယော။
နာနာ ဟောတိ ဣတော ဂတိ။
အသန္တော နိရယံ ယန္တိ၊ သန္တော သဂ္ဂ ပရာယနာ။
ဟူသော ဤနှစ်ဂါထာတို့ကို ရွတ်၏။
သူတော်ကောင်းများ လှူကြသည်
၁၂၉။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ အသန္တော၊ သူတော်မဟုတ် သူယုတ်တို့သည်။ ဒုဒ္ဒဒံ၊ လှူနိုင်ခဲသော အလှူဒါနကို။ ဒဒမာနာနံ၊ လှူကုန်သော။ ဒုက္ကရံ၊ ပြုနိုင်ခဲသော။ ကမ္မံ၊ အလှူဒါနကောင်းမှုကို။ ကုဗ္ဗတံ-ကုဗ္ဗန္တာနံ၊ ပြုကုန်သော။ တေသံ၊ ထိုသူတော်ကောင်းတို့ကို။ နာနု ကုဗ္ဗန္တိ၊ အတုလိုက်၍ မပြုကုန်။ သတံဓမ္မော၊ သူတော်ကောင်းတို့၏ အကျင့်ကို။ ဒုရန္နယော၊ သူယုတ်တို့သည် လိုက်နိုင်ခဲ၏။
၁၃၀။ တသ္မာ၊ ထိုသူတော်ကောင်းတို့၏ အကျင့်သို့ လိုက်နိုင်ခဲသောကြောင့်။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ သတဉ္စဂတိ၊ သူတော်ကောင်းတို့၏ အလားသည်လည်းကောင်း။ အသတဉ္စဂတိ၊ သူတော်မဟုတ် သူယုတ်တို့၏ အလားသည်လည်းကောင်း။ နာနာ၊ ထူးသည်။ ဟောတိ၊ ဖြစ်၏။ အသန္တော၊ ဝန်တိုလောဘ မစ္ဆေရကြောင့် အလှူဒါနမရှိသော သူယုတ်တို့သည်။ နိရယံ၊ ချမ်းသာကင်းသော ငရဲသို့။ ယန္တိ၊ လားရကုန်၏။ သန္တော၊ ဝန်တို့လောဘ မစ္ဆေရကို နှိပ်နင်း၍ အလှူဒါနရှိသော သူတော်ကောင်းတို့သည်။ သဂ္ဂပရာယနာ၊ နတ်ပြည်သို့ လားရကုန်၏။
သူဌေးကြီးသည် စွဲလမ်းအပ်သော အယူကို မမြင်သည်ဖြစ်၍ ထိုသို့တပြီးကား ဝင်၍ ပုဏ္ဏားတို့၏အထံ၌ နေလော့၊ အနည်းငယ်သော ထမင်းကို ရလတ္တံ့ ဟု ဆို၏။
မာတလိနတ်သား အလှူခံပုံ
ထို့နောင်မှ အတန်ငယ်သော ကာလကို လွန်စေ၍ မာတလိနတ်သားသည် လာလတ်၍ ထမင်းကိုတောင်းလျှင် မရှိဟူ၍ ဆိုကာမျှသော ကာလ၌သာလျှင်-
အပ္ပသ္မာ ဒက္ခိဏာ ဒိန္နာ၊ သဟဿေန သမံ မိတာ။
ဟူသော ခုနှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
နည်းသော်လည်း အကျိုးကြီး၏
၁၃၁။ မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ ဧကေ၊ အချို့ကုန်သော ပညာရှိတို့သည်။ အပ္ပသ္မိံ ပိ၊ အနည်းငယ်သော ဒါနဝတ္ထုကိုသော်လည်း။ ပဝစ္ဆန္တိ၊ လှူကိန်သည်သာတည်း။ ဧကေ၊ အချို့ကုန်သော မစ္ဆေရရှိကုန်သောသူတို့သည်။ ဗဟုနာ၊ များစွာသော လှူဖွယ်ဝတ္ထုနှင့်။ သမန္နာဂတာပိ၊ ပြည့်စုံပါကုန်လျက်လည်း။ န ဒိစ္ဆရေ၊ မလှူကုန်။ ဒိန္နာ၊ ကံ ကံ၏အကျိုးကို ယုံကြည်၍ လှူအပ်သော။ အပ္ပသ္မာ၊ အနည်းငယ်မျှသော။ ဒက္ခိဏာ၊ အလှူဒါနမည်သည်ကို။ သဟဿေန၊ တစ်ထောင်သော အသပြာကိုစွန့်၍ လှူအပ်သော အလှူဒါနနှင့်။ သမံ မိတာ၊ အတူအမျှ နှိုင်းယှဉ်အပ်၏။
ထိုမာတလိနတ်သားကိုလည်း သူဌေးကြီးသည် ထိုသို့ တပြီးကား ဝင်၍နေလော့ဟု ဆို၏။
ပဉ္စသိခနတ်သား အလှူခံပုံ
ထိုနောင် အတန်ငယ်သောကာလကို လွန်စေ၍ ပဉ္စသိခနတ်သားသည် လာလတ်၍ ထမင်းကိုတောင်းလျှင် မရှိ၊ သွားလေလော့ ဟု ဆိုသည်ရှိသော် ငါသည် မရောက်ဘူးပါ။ ဤအိမ်၌ ပုဏ္ဏားတို့အား ဆွမ်းကျွေးသည် ဖြစ်လတ္တံ့ ယောင်တကား ဟု ဆို၍ ထိုသူဌေးကြီးအား တရားစကားကို အားထုတ်လိုရကား-
ဒါရဉ္စ ပေါသံ ဒဒမပ္ပကသ္မိံ။
သတံသဟဿာနံ သဟဿယာဂိနံ၊
ကလမ္ပိ နာဂ္ဃန္တိ တထာ ဝိဓဿ တေ။
ဟူသော ရှစ်ခုမြောက်သော ဤဂါထာကိုဆို၏။
ဆင်းရဲသားအလှူ ပိုမြတ်
၁၃၂။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ ယော၊ အကြင်သူသည်။ ဓမ္မံ၊ သုစရိုက်ဆယ်ပါးတရားကို။ စရေ၊ ကျင့်၏။ ယောပိ၊ အကြင်ရဟန်းသည်လည်း။ သမုဉ္ဆကံ၊ ရွာ၌ အစိမ်းအကျက်ကို တရားနှင့်အညီ ရှာမှီးခြင်းတည်းဟူသော ဆွမ်းခံအကျင့်, တော၌ သစ်သီးကြီးငယ်ကို ဆောင်ခြင်းဟုဆိုအပ်သော ဆွမ်းခံအကျင့်ကို။ စရေ၊ ကျင့်၏။ ယော၊ အကြင် သူသည်။ ဒါရဉ္စ၊ မိမိသားမယားကိုလည်း။ ပေါသံ-ပေါသန္တောဝ၊ မွေးလျက်လျင်။ အပ္ပကသ္မိံ၊ အနည်းငယ်သော လှူဖွယ်ဝတ္ထုသည်။ သန္တေပိ၊ ရှိသော်လည်း။ ဒဒံ-ဒဒန္တော၊ အလှူခံတို့အား လှူလျက်။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်၏။ သဟဿယာဂိနံ၊ သူတစ်ပါးတို့ကို နှိပ်စက်ညှဉ်းဆဲ၍ ရအပ်သော တစ်ထောင်တစ်ထောင်သော ဥစ္စာကို စွန့်လှူကုန်သော။ သတံသဟဿာနံ၊ တစ်သိန်းသော သူတို့၏။ တေ ယာဂါ၊ ထိုလှူဒါန်းပူဇော်ခြင်းတို့သည်။ တထာဝိဓဿ၊ ထိုသို့သဘောရှိသော တရားနှင့်အညီ ရသောဥစ္စာကို လှူသော သူဆင်းရဲအလှူ၏။ ကလမ္ပိ၊ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှလည်း။ နာဂ္ဃန္တိ၊ မထိုက်ကုန်။
အဘယ့်ကြောင့်မထိုက်သနည်း
သူဌေးကြီးသည် ပဉ္စသိခနတ်သား၏ စကားကိုမှတ်၍ ပဉ္စသိခနတ်သားကို မထိုက်သောအကြောင်းကို မေးလိုရကား-
သမေန ဒိန္နဿ န အဂ္ဃမေတိ။
ကထံ သတံ သဟဿာနံ သဟဿယာဂိနံ၊
ကလမ္ပိ နာဂ္ဃန္တိ တထာဝိဓဿ တေ။
ဟူသာ ကိုးခုမြောက်သော ဤဂါထာကို ဆို၏။
၁၃၃။ ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။ ဝိပုလော၊ တစ်သိန်းသော ဥစ္စာကို စွန့်ခြင်း၏အစွမ်းဖြင့် များသော အကျိုးရှိကောင်းပါလျက်။ မဟဂ္ဃတော၊ အဖိုးများစွာ ထိုက်ကောင်းပါလျက်။ ဧသ-ဧသော ယညော၊ ဤတစ်သိန်းထိုက်သော အသပြာကို စွန့်ကြဲသော အလှူဒါနသည်။ ကေန-ကရဏေန၊ အဘယ်အကြောင်းဖြင့်။ သမေနဒိန္နဿ၊ တရားနှင့်ညီစွာရ၍ လှူအပ်သော အနည်းငယ်သော အလှူ၏။ အဂ္ဃံ၊ အဖိုးကို။ န ဧတိ၊ မထိုက်သနည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သဟဿယာဂိနံ၊ သူတစ်ပါးတို့ကို နှိပ်စက်ညှဉ်းဆဲ၍ ရအပ်သော တစ်ထောင် တစ်ထောင်သော ဥစ္စာကို စွန့်လှူကုန်သော။ သတံသဟဿာနံ- သတံ သဟဿ သင်္ခါတာနံ၊ တစ်သိန်းအရေအတွက်ရှိကုန်သော ယောက်ျားတို့၏။ တေ ယာဂါ၊ ထိုအလှူတို့သည်။ တထာဝိဓဿ၊ ထိုသို့သဘောရှိသော လူဆင်းရဲတစ်ယောက် အလှူ၏။ ဒါနံ၊ အလှူကို။ ကလမ္ပိ၊ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှလည်း။ ကထံ ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ နာဂ္ဃန္တိ၊ မထိုက်ကုန်သနည်း။
ပစ္စည်းစင်ကြယ်၍
ထိုသို့မေးသောအခါ၌ သူဌေးကြီးအား ပြောဆိုလိုသော ပဉ္စသိခနတ်သားသည်-
ဆေတွာ ဝဓိတွာ အထ သောစယိတွာ။
သာ ဒက္ခိဏာ အဿုမုခါ သဒဏ္ဍာ၊
သမေန ဒိန္နဿ န အဂ္ဃမေတိ။
ဧဝံ သတံသဟဿာနံ သဟဿယာဂိနံ၊
ကလမ္ပိ နာဂ္ဃန္တိ တထာ ဝိဓဿ တေ။
ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။
၁၃၄။ မဟာသဋ္ဌိ၊ သူဌေးကြီး။ ဝိသမေ၊ မညီမညွတ်သော ကာယကံ စသည်၌။ နိဝိဋ္ဌာ၊ တည်ကုန်သော။ ဧကေ၊ အချို့ကုန်သော သူတို့သည်။ ဆေတွာ၊ သူတစ်ပါးကို ပင်ပန်းစေ၍။ ဝဓိတွာ၊ သူတစ်ပါးကိုသတ်၍။ အထ၊ ထိုမှတစ်ပါး။ သောစယိတွာ၊ သူတစ်ပါးတို့ကို စိုးရိမ်စေ၍။ ဒဒန္တိ ဟိ၊ လှူကုန်သည်သာလျှင်တည်း။ အဿုမုခါ၊ သူတစ်ပါးတို့ကို မျက်ရည်ယိုစေတတ်သော။ သဒဏ္ဍာ၊ သူတစ်ပါးတို့ကို ဥစ္စာဒဏ် လက်နက်ဒဏ်ပေးခြင်းနှင့်တကွဖြစ်သော။ သာ ဒက္ခိဏာ၊ ထိုသို့ တရားနှင့်မညီသော အလှူသည်။ သမေနဒိန္နဿ၊ တရားနှင့်ညီစွာရ၍ လှူအပ်သော အနည်းငယ်သော အလှူဒါန၏။ အဂ္ဃံ၊ အဖိုးကို။ န ဧတိ၊ မမီနိုင်။ မဟာသေဋ္ဌိ၊ သူဌေးကြီး။ ဧဝံ၊ ဤသို့လျှင်။ သဟဿယာဂိနံ၊ သူတစ်ပါးတို့ကို နှိပ်စက်ညှဉ်းဆဲ၍ ရအပ်သော တစ်ထောင် တစ်ထောင်သော ဥစ္စာကို စွန့်လှူကုန်သော။ သတံ သဟဿာနံ၊ တစ်သိန်းသော ယောကျ်ားတို့၏။ တေ ယာဂါ၊ ထိုအလှူဒါနတို့သည်။ တထာဝိဓဿ၊ ထိုသို့သဘောရှိသော လူဆင်းရဲတစ်ယောက် အလှူ၏။ ကလမ္ပိ၊ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုလည်း။ နာဂ္ဃန္တိ၊ မထိုက်ကုန်။
ထိုသူဌေးကြီးသည် ပဉ္စသိခနတ်သား၏ တရားစကားကို ကြား၍ ထိုသို့တပြီးကား သွားချေ၊ အိမ်သို့ဝင်၍ နေလော့၊ အနည်းငယ်သော ထမင်းကို ရလတ္တံ့ ဟု ဆို၏။ ထိုပဉ္စသိခနတ်သားသည်လည်း ထိုလေးယောက်သော နတ်တို့၏အထံ၌ နေ၏။
နွားစာထမင်း ကျွေးစေခြင်း
ထို့နောင်မှ ကြောင်မျက်စိကဲ့သို့ မျက်စိရှိသောကြောင့် ဗိဠာရ ကောသိယမည်သော ထိုသူဌေးသည် ကျွန်မကိုဆို၏။ အိမ်ကျွန်မ ထိုပုဏ္ဏားတို့အား တစ်ကွမ်းစားသော စပါးနှံကို ပေးလိုက်ပါလော့ ဟု ဆို၏။ ထိုကျွန်မသည် မနင်းမနယ်သော စပါးနှံတစ်ကွမ်းစားကို ယူပြီးလျှင် ပုဏ္ဏားတို့သို့ ကပ်၍ ဤစပါးတစ်ကွမ်းစားတို့ကို ယူ၍ အမှတ်မရှိသော အရပ်၌ ချက်စေ၍ စားလေကုန်လော့ဟု ဆို၏။ ပုဏ္ဏားတို့သည် ငါတို့အား စပါးနှံကို အလိုမရှိ၊ ငါတို့သည် စပါးကို မသုံးသပ်ကုန်ဟု ဆိုကုန်၏။ ထိုစကားကိုကြား၍ ကျွန်မသည် အရှင်သူဌေးကြီး ထိုပုဏ္ဏားတို့သည် စပါးတို့ကို မကိုင်ကုန်သတတ် ဟု ဆို၏။ ထိုသို့တပြီးကား ထိုပုဏ္ဏားတို့အား ဆန်တို့ကိုပေးလော့ဟု ဆို၏။ ထိုကျွန်မသည် ဆန်တို့ကိုယူ၍ သွားပြီးလျှင် အရှင်ပုဏ္ဏားတို့ ထိုဆန်တို့ကို ယူကုန်လော့ဟု ဆို၏။ ငါတို့သည် ဆန်စိမ်းကို မခံကုန် ဟု ဆိုကုန်၏။ အရှင်သူဌေးကြီး ဆန်စိမ်းကို မခံကုန်သတတ် ဟု ဆို၏ အိမ်ကျွန်မ... ထိုသို့ ဆန်စိမ်းကိုမယူမူ ထိုပုဏ္ဏားတို့အား နွားစာအလို့ငှာ ချက်သောထမင်းကို ထမင်းပွဲ၌ ခူး၍ပေးလော့ ဟု ဆို၏။ ထိုကျွန်မသည် ထိုပုဏ္ဏားယောင်ဆောင်သော ငါးယောက်သော သိကြားနတ်တို့အား နွားအပေါင်းတို့၏ အကျိုးငှာ ချက်အပ်သော ထမင်းကို ထမင်းပွဲ၌ ခူးပြီးလျှင် ဆောင်၍ပေး၏။
ပုဏ္ဏားတို့ လဲကုန်ပြီ
ငါးယောက်ကုန်သော ပုဏ္ဏားယောင်ဆောင်သော နတ်တို့သည် အလုပ်အလွေးပြု၍ ခံတွင်း၌ ထည့်၍ လည်၌နင်စေ၍ မျက်လုံးတို့ကို ပြူးပြူးထွက်စေလျက် မိန်းမောကုန်သည်ဖြစ်၍ သေကုန်သကဲ့သို့ လျောင်းကုန်၏။ ကျွန်မသည် ထိုပုဏ္ဏားတို့ကိုမြင်၍ သေသည် ဖြစ်ကုန်လတ္တံ့ ဟု ကြောက်သည်ဖြစ်၍ သွား၍ သူဌေးကြီးအား အရှင်သူဌေး ပုဏ္ဏားတို့သည် နွားစာထမင်းကို မျိုခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ သေကုန်၏ ဟု ကြားလျှောက်ကုန်၏။ ထိုသူဌေးကြီးသည် ယခုအခါ၌ ယုတ်မာသောအကျင့်ရှိသော သူဌေးသည် သိမ်မွေ့နူးညံ့ကုန်သော ပုဏ္ဏားတို့အား နွားစာထမင်းကို ပေးစေ၏။ ထိုပုဏ္ဏားတို့သည် နွားစာထမင်းကို မမျိုနိုင်ကုန်သည်ဖြစ်၍ သေကုန်ပြီ ဟု ငါ့ကို ကဲ့ရဲ့ကုန်လတ္တံ့ ဟု ကြံ၏။ ထိုသို့ ကြံပြီးသည်မှ ကျွန်မကို အိမ်ကျွန်မ လျင်မြန်စွာသွား၍ ထိုထမင်းပွဲတို့၌ နွားစာထမင်းကိုပယ်၍ အထူးထူးသော မြတ်သော အရသာရှိသော သလေးထမင်းကိုခူး၍ ထည့်ချေလော့ ဟု ဆို၏။ ထိုကျွန်မသည် သူဌေးကြီး ဆိုတိုင်းပြု၏။
အရပ်ကို သက်သေထူ
သူဌေးကြီးသည် ခရီးမ၌သွားကုန်သော လူအပေါင်းတို့ကိုခေါ်စေ၍ အချင်းတို့ ငါသည် ငါစားသောနည်းဖြင့် ထိုပုဏ္ဏားတို့အား မြတ်သောအရသာရှိသော သလေးထမင်းကို ပေးစေ၏။ ထိုပုဏ္ဏားတို့သည် လောဘကြီးသောကြောင့် ကြီးစွာသော ထမင်းလုတ်ကိုပြု၍ စားကြကုန်သည်ဖြစ်၍ လည်၌နင်၍ သေရကုန်၏။ ငါ့အား အပြစ်မရှိသော အဖြစ်ကို သိကြပါကုန်လော့ ဟု ဆို၍ ပရိသတ်ကို စည်းဝေးစေ၏။
ပုဏ္ဏားတို့ အန်၍ပြ
လူများအပေါင်းသည် စည်းဝေးကုန်သည်ရှိသော် ပုဏ္ဏားတို့သည် ထကုန်ပြီးလျှင် လူအပေါင်းကိုကြည့်၍ အိုလူများတို့ သူဌေး၏ မဟုတ်မမှန်သော စကားကို ရှုကြပါကုန်လော့၊ ငါစားသော ထမင်းကိုပေးစေ၏ဟူ၍ မုသားစကား ဆိုဘိ၏။ ရှေးဦးစွာ နွားစာထမင်းကို ငါတို့အား ပေးပြီး၍ ငါတို့သည် သေကုန်သကဲ့သို့ လျောင်းသည်ရှိသော် ဤသလေးထမင်းကို ခူး၍ ထည့်လာစေ၏ ဟုဆို၍ မိမိတို့၏ ခံတွင်းတို့ဖြင့် အန်သောထမင်းကို မြေ၌ ထွေး၍ ပြကုန်၏။
လူတို့အကဲ့ရဲ့ ခံရပြီ
လူအပေါင်းသည် သူဌေးကိုကဲ့ရဲ၍ သူဌေးမိုက် သင်သည် မိမိ၏ အဖ အဘိုး အဘေး အစရှိသောသူတို့၏ လှူမြဲအစဉ် အမျိုးအနွယ်ကိုလည်း ဖျက်ဆီး၏။ အလှူတင်းကုပ်ကို မီးတိုက်စေ၏။ အလှူခံတို့ကို လည်၌ကိုင်၍ နှင်ထုတ်စေပြီး၍ ယခုလည်း ဤသိမ်မွေ့နူးညံ့သော ပုဏ္ဏားတို့အား ထမင်းကို ပေးသည်ရှိသော် နွားစာထမင်းကို ပေးစေ၏။ တမလွန်သို့ သွားရသည်ရှိသော် သင့်အိမ်၌ရှိသော ဥစ္စာစည်းစိမ်ကို လည်၌ဆွဲ၍ သွားရလတ္တံ့လော ဟု ကဲ့ရဲ့ကုန်၏။
သိကြားမင်း ရှင်း၍ပြ
ထိုခဏ၌ သိကြားမင်းသည် လူအပေါင်းကို အိုလူအပေါင်းတို့ ဤအိမ်၌ရှိသမျှသော ဥစ္စာသည် အဘယ်သူ၏ ဥစ္စာနည်း၊ သင်တို့ သိကုန်၏လော ဟုမေး၏။ မသိပါကုန်ဟု ဆိုသည်ရှိသော် အချင်းတို့ ဤမြို့၌ ဤမည်သောမင်းလက်ထက် ဗာရာဏသီပြည်၌ မဟာသူဌေးကြီး အမည်ရှိသော သူဌေးကြီးသည် အလှူတင်းကုပ်ကို ဆောက်လုပ်၍ အလှူကြီးကို ဖြစ်စေ၏ဟူ၍ သင်တို့သည် ကြားဖူးကြကုန်သလောဟု မေး၏။ ကြဖူးပါကုန်၏ဟု ဆိုသည်ရှိသော် ထိုအလှူကြီးကို ပေးသောသူဌေးသည် ငါပင်တည်း၊ ထိုသို့သော အလှူကိုလှူ၍ သိကြားမင်းဖြစ်၍ ငါ၏သားသည်လည်း ထိုအလှူကို မဖျက်မူ၍ အလှူပေး၍လျှင် စန္ဒနတ်သားဖြစ်၏။ ထိုသူ၏ သားသည်လည်း သူရိယနတ်သား ဖြစ်၏။ ထိုသူ၏သားသည်လည်း မာတလိနတ်သားဖြစ်၏။ ထိုသူ၏သားသည်လည်း ဂန္ဓဗ္ဗနတ်မင်း၏ သားဖြစ်သော ပဉ္စသိခနတ်သားဖြစ်၏။ ဤသူကား စန္ဒနတ်သား, ဤသူကား သူရိယနတ်သား, ဤသူကား ချီးမြှောက်တတ်သော မာတလိနတ်သား, ဤသူကား ဤသူဌေးယုတ်၏ အဖဖြစ်သော ဂန္ဓဗ္ဗနတ်မင်း၏ သားဖြစ်သော ပဉ္စသိခနတ်သားတည်း။ ဤသို့လျှင် အလှူဒါနမည်သည်ကား များစွာသော အကျိုးအာနိသင်ရှိ၏။ ပညာရှိသောသူတို့သည် ကောင်းကျိုးချမ်းသာကို ပေးတတ်သော ဒါန သီလအစရှိသော ကုသိုလ်ကို ပြုအပ်သည်သာလျှင်တည်း ဟု ဆိုလျက် လူအပေါင်း၏ ယုံမှားသင်္ကာကို ဖျောက်ခြင်းငှာ ကောင်းကင်သို့ပျံတက်၍ ကြီးစွာသော နတ်၏ အာနုဘော်ဖြင့် ကောင်းကင်၌ ထွန်းတောက်ပသော ကိုယ်ရောင် ကိုယ်ဝါ ရှိသည်ဖြစ်၍ တည်ကုန်၏။ မြို့အလုံးသည် ထွန်းတောက်သကဲ့သို့ ဖြစ်၏။
တရားဟော
သိကြားမင်းသည် လူအပေါင်းကိုခေါ်၍ ငါတို့သည် မိမိတို့၏ နတ်စည်းစိမ်စွန့်၍ လာကုန်သည်ရှိသော် အမျိုးအနွယ်ကိုဖျက်ဆီးတတ်သော ဤဗိဠာရကောသိယ သူဌေးယုတ်ကိုမှီ၍ လာကုန်၏။ ဤယုတ်မာသော အကျင့်ရှိသော သူဌေးသည် မိမိ၏အမျိုးအနွယ်ကို ဖျက်ဆီး၍ အလှူတင်းကုပ်ကို မီးတိုက်ပြီးလျှင် အလှူခံတို့ကိုလည်း လည်၌ကိုင်၍ နှင်ထုတ်စေလျက် ငါတို့၏ အနွယ်ကိုဖြတ်၍ ဤသူဌေးယုတ်သည် ဒါန သီလဟူသော ကောင်းမှုမှ ကင်းသည်ဖြစ်၍ ငရဲ၌ ဖြစ်ရာ၏ဟူ၍ ဤသူဌေးယုတ်အား သနားကုန်သည်ဖြစ်၍ လာကုန်၏ဟု ဆို၍ အလှူ ဒါန၏ အကျိုးဆက်ကိုပြလျက် လူအပေါင်းအား တရားဟော၏။
ကပ်စေးနှဲသူဌေး ဝန်ခံ
ဗိဠာရကောသိယ သူဌေးသည်လည်း ဦးခေါင်းထက်၌ လက်အုပ်ကိုထား၍ အရှင်သိကြားမင်း ကျွန်ုပ်သည် ဤနေ့မှစ၍ ရှေးရှေး၌ဖြစ်သော ဆွေစဉ်မျိုးဆက်ကို မဖျက်မူ၍ အလှူကိုဖြစ်ပါစေအံ့၊ ယနေ့ကို အစပြု၍ အယုတ်သဖြင့် ရေတံပူမျှကိုလည်း အစပြု၍ မိမိသည် ရအပ်သော အာဟာရကို သူတစ်ပါးအား မပေးလှူမူ၍ မစားပါအံ့ဟု သိကြားမင်းအား ဝန်ခံခြင်းကို ပေး၏။
သိကြားမင်းသည် ထိုဗိဠာရကောသိယ သူဌေးကို ဆုံးမ၍ ဥစ္စာ၌ မက်မောတတ်သော လောဘဟူသော အဆိပ်မရှိသည်ကိုပြု၍ ငါးပါးသောသီလတို့၌ တည်စေပြီးလျှင် လေးယောက်ကုန်သော နတ်သားတို့ကိုယူ၍ မိမိနေရာ တာဝတိံသာ နတ်ရွာသို့သာလျှင် သွား၏။ ထိုဗိဠာရကောသိယ သူဌေးသည်လည်း အသက် ထက်ဆုံး အလှူပေး၍ တာဝတိံသာ နတ်ပြည်၌ ဖြစ်၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် ဤရဟန်းသည် ရှေးဗိဠာရကောသိယ သူဋ္ဌေးဖြစ်သောအခါ၌ သဒ္ဓါခြင်း မရှိသည်ဖြစ်၏။ တစ်စုံ တစ်ခုသော ဥစ္စာကို မပေးမလှူ၊ ထိုသို့ မပေးမလှူသော်လည်း သိကြားမင်းဖြစ်သောငါသည် ထိုသူဌေးကို ဆုံးမ၍ အလှူ၏အကျိုးကို သိစေ၏။ ထိုလှူလိုသောစိတ်ကို ဘဝတစ်ပါးသို့ ရောက်သော်လည်း မစွန့် ဟု မိန့်တော်မူ၍ ရဟန်းတို့ ယခု အလှူပေးလေ့ရှိသော ဤရဟန်းသည် ထိုအခါ ဗိဠာရကောသိယ သူဌေးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စန္ဒနတ်သား ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ သူရိယနတ်သား ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ မာတလိနတ်သား ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပဉ္စသီခနတ်သား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
တရားဥစ္စာ၊ လှူဒါန်းရာ၊ များစွာအကျိုးရှိ
တစ်ဆယ့်နှစ်ခုမြောက်သော ဗိဠာရကောသိယဇာတ်သည် ပြီး၏။
*****