မာတိကာသို့ ခုန်သွားရန်

ဗောဓိရာဇကုမာရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၂ - အတ္တဝဂ်

၁ - ဗောဓိရာဇကုမာရဝတ္ထု

၁၅၇။ အတ္တာနဉ္စေ ပိယံ ဇညာ၊ ရက္ခေယျ နံ သုရက္ခိတံ။
တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဘေသဠာကပဲစင်းငုံတော၌ သီတင်းသုံးနေတော်မူစဉ် သူတပါးနှင့်မတူအောင် ကောကနုဒမည်သော နေအိမ်အဆောက်အအုံကိုပြု၍ သားသမီးမရသော ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ဗောဓိမင်းသား သောတာပန်ဖြစ်သည်။

အနက်

အတ္တာနံ၊ မိမိကိုယ်ကို။ ပိယံ၊ ချစ်အပ်၏ဟု။ စေ ဇညာ၊ အကယ်၍သိကြအံ့။ နံ အတ္တာနံ၊ ထိုမိမိကိုယ်ကို။ သုရက္ခိတံ၊ ကောင်းစွာစောင့်ရှောက်အပ်သည်မည်လောက်အောင်။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တိဏ္ဏံ၊ အရွယ်သုံးပါးတို့တွင်။ အညတရံ ယာမံ၊ တပါးပါးသောအရွယ်၌။ ပဋိဇဂ္ဂေယျ၊ လုံ့လပြု၍ စောင့်ရှောက်သုတ်သင်ရာ၏။

စကားပြေ

မိမိကိုယ်ကို တကယ်ချစ်ခဲ့လျှင် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏။ အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ လုံ့လပြု၍ ကုသိုလ်ကောင်းမှုတို့ကို ဖြစ်စေပြီးလျှင် အကုသိုလ်တို့ကို သုတ်သင်ဖယ်ရှားရာ၏။

ရက္ခေယျ နံ သုရက္ခိတံ

- လူဖြစ်သောပုဂ္ဂိုလ်သည် မိမိကိုယ်ကိုစောင့်ရှောက်အပ်၏ဟု ပြာသာဒ်အထပ်ထပ်၌ လုံခြုံစွာပိတ်အပ်သောအခန်းသို့ဝင်၍ စောင့်ရှောက်နေသော်လည်း မိမိကိုယ်ကို စောင့်ရှောက်သည်မဟုတ်။
- ရဟန်းဖြစ်သောပုဂ္ဂိုလ်သည် လုံခြုံစွာပိတ်အပ်သော တံခါးရှိသောလိုဏ်ဂူ၌နေ၍ မိမိကိုယ်ကို စောင့်ရှောက်သော်လည်း စောင့်ရှောက်သည်မဟုတ်။
- လူဖြစ်သောပုဂ္ဂိုလ်သည် ခွန်အားကြီးသလောက် ဒါန သီလစသော ကောင်းမှုတို့ကိုပြုပါက မိမိကိုယ်ကို မိမိစောင့်ရှောက်သည်မည်၏။
- ရဟန်းစသော သာသနာဝင်ပုဂ္ဂိုလ်တို့သည် ဝတ်ကြီးဝတ်ငယ်တို့ကိုပြုခြင်း စာပေပရိယတ္တိကိုသင်ခြင်းတို့၌လုံ့လပြုပါက မိမိကိုယ်ကိုမိမိ စောင့်ရှောက်သည်မည်၏။
- လူဖြစ်သော ပုဂ္ဂိုလ်သည် ပထမအရွယ်၌ ပျော်ရွှင်မှုများခြင်းကြောင့် ကုသိုလ်ကိုပြုခြင်းငှါ မစွမ်းနိုင်သော် မဇ္ဈိမအရွယ်၌ ကုသိုလ်ကိုပြုအပ်၏။ မဇ္ဈိမအရွယ်၌ သားမယားကို ကျွေးမွေးရသဖြင့် ကုသိုလ်ကိုမပြုနိုင်ပါက ပစ္ဆိမအရွယ် ကုသိုလ်ကိုပြုအပ်၏။ ဤသို့ အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ ကုသိုလ်ကိုပြုလျှင် မိမိကိုယ်ကို သုတ်သင်သည်မည်၏။
- သာသနာဝင်ပုဂ္ဂိုလ်သည် ပထမအရွယ်၌ စာသင်ခြင်း၊ အာဂုံဆောင်ခြင်း စာပို့ချခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုခြင်းဖြင့် ကမ္မဋ္ဌာန်းတရားကို မေ့လျော့နေငြားအံ့။ မဇ္ဈိမအရွယ်၌ မမေ့မလျော့သဖြင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်အပ်၏။ မဇ္ဈိမအရွယ်၌ ပထမအရွယ်က သင်တားခဲ့သော ပါဠိတော်၏ အဋ္ဌကထာ အဆုံးအဖြတ် စသည်ကို လေ့လာနေသဖြင့် ကမ္မဋ္ဌာန်းတရားကို မေ့လျော့နေငြားအံ့။ ပစ္ဆိမအရွယ်၌ မမေ့မလျော့သဖြင့် ကမ္မဋ္ဌာန်းကို အားထုတ်အပ်၏။ ဤသို့အရွယ်သုံးပါးတို့တွင် တပါးပါးသောအရွယ်၌ ကမ္မဋ္ဌာန်းတရားကို အားထုတ်လျက် နေသောသူသည် မိမိကိုယ်ကို သုတ်သင်သည်မည်၏။

ယာမ— အရွယ်သုံးပါးတွင် တပါးပါးရ၏။
သားသမီး မထွန်းကားကြောင်း— ရှေးဘဝက ငှက်ဥ ငှက်ငယ်စသည်တို့ကို ကြော်စားခဲ့ဖူးသဖြင့် ဗောဓိမင်းသားနှင့်ဇနီးတို့၌ သားသမီး မထွန်းကားခြင်းဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၈၇)

ပါဠိသဒ္ဒါခက်ဆစ်

ယာမံ— ယာတိ ဂစ္ဆတိတိ ယာမော။ ယာ + မ။ (ဏွာဒီ-၁၃၆)

ဗောဓိရာဇကုမာရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၂-အတ္တဝဂ်

၁-ဗောဓိရာဇကုမာရဝတ္ထုပါဠိဂါထာ

၃၂၉။ အတ္တာနေဉ္စ ပိယံ ဇညာ, ရက္ခေယျ နံ သုရက္ခိတံ၊
တိဏ္ဏံ အညတရံ ယာမံ, ပဋိဇဂ္ဂေယျ ပဏ္ဍိတော။

အတ္တာနံ၊ ဘဝဖန်ခါ, သံသရာက, ငါဟုစွဲဆို, မိမိကိုယ်ကို။၂ ပိယံ၊ အရင်းစစ် လျှင်, ပြစ်မတင်ဖို့, နှစ်စဉ်မမုန်း, အချစ်ခင်ဆုံးဟူ၍။ စေ ဇညာ၊ အခါအခါ, အရာရာ ဝယ်, စာနာထောက်ထား, အကယ်၍နားလည်ငြားအံ့။ (ဧဝံ သတိ၊ ကိုယ့်ကိုယ်သာလျှင်, အခင်မင်ဆုံး, အချစ်ဆုံးဟု, လုံးလုံးခွဲခြား, နားလည်ငြားသည်ရှိသော်။) နံ (အတ္တာနံ)၊ ခုလည်းကိုယ့်ကိုယ်, နောင်ကိုယ့်ကိုယ်ဟု, သို့ကလိုသိရှိ, ထိုမိမိကို။ သုရက္ခိတံ၊ တရား ကြောင်းရာ, မစောင်းပါဘဲ, ကောင်းစွာမပြတ်, စောင့်ရှောက်အပ်သည်မည်လောက် အောင်။ ရက္ခေယျ၊ သတိတရား, ကောင်းစွာထား၍, မမှားပုံသေ, စောင့်ရှောက်လေ ရာ၏။ ပဏ္ဍိတော၊ ပြုသမျှအသစ်, ဖြစ်သမျှအကြောင်း, မကောင်းလည်းငါ, ကောင်း လည်းငါဟု, ကောင်းစွာမြင်သိ, ပညာရှိသည်။ တိဏ္ဏံ၊ နှစ်ဆယ့်ငါးနှစ်, သင့်အောင်ဆစ် ၍, သုံးရစ်ပိုင်းခြား, အရွယ်သုံးပါးတို့တွင်။ အညတရံ ယာမံ၊ ယုတ်စွအဆုံး, နောက်ပိတ် တုံးဟု, ခေါ်ထုံးအရ, ပစ္ဆိမအရွယ်ကို။ ပဋိဇဂ္ဂေယျ၊ အပြစ်မနှော, စင်းလုံးချောအောင်, ဆေးကြောသုတ်သင်ရာသတည်း။ (ပါ-၁၅၇)

၂။ အတ္တာနံ။ ။ အတ္တသဒ္ဒါ၏ အနက်များစွာတို့တွင် ဤ၌ ကိုယ်အနက်ကို ဟော၏၊ “ဘဝါဘဝံ ဓာဝန္တော ဇာတိဇရာဗျာဓိမရဏာဒိဘေဒံ အနေကဝိဟိတံ သံသာရဒုက္ခံ အတတိ သတတံ ဂစ္ဆတိ ပါပုဏာတိ အဓိဂစ္ဆတီတိ အတ္တာ၊ [အတ+အ၊-နီတိဓာတု-၄၈။] အာဟိတော အဟံမာနော ဧတ္ထာတိ အတ္တာ၊ [အာ+ဓာ+တ၊-ဒီ၊ဋီ၊၃, ၁၆၀။] သုခဒုက္ခံ အဒတိ ဘက္ခတီတိ အတ္တာ၊ ဇာတိဇရာဗျာဓိမရဏာဒီဟိ သံသာရဒုက္ခေဟိ အဒီယတေ ဘက္ခီယတေတိ အတ္တာ၊ [အဒ+မန်၊-ကစ္စည်း-၆၂၇။]” ဟုပြု။ (ဓမ္မ-ဋီ-၁၇၁)။

ဗောဓိရာဇကုမာရဝတ္ထုဂါထာနိဿယပြီးပြီ။