ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/နိဒါန်း
အပိုင်း(၁)
ဘာသာစကားစနစ်၏အခြေခံများ
[ပြင်ဆင်ရန်]ဤအပိုင်းတွင် ပါရှိသည့်အကြောင်းအရာများသည် ဆရာများ သိရှိနားလည်ထားရန်နှင့် ကိုးကားရန်အတွက်သာ ဖြစ်ပြီး သူငယ်တန်းကလေးများကို တိုက်ရိုက် ရှင်းလင်း သင်ကြားပြသရမည့် အကြောင်းအရာများ မဟုတ်ပါ။
၁။ နိဒါန်း
[ပြင်ဆင်ရန်]မြန်မာဘာသာစကားသည် တိဗက်ဘာသာစကားအစုဝင် ဘာသာစကားဖြစ်ပြီး တက်ကျသံ (tone)ကို မူတည်ကာ အဓိပ္ပာယ် ကွဲပြားသည့် ဘာသာစကားမျိုးဖြစ်သည်။ စကားလုံး တစ်ခုနှင့် တစ်ခု အလွယ်တကူ ပေါင်းစပ်ကာ စကားလုံးသစ်များပွားနိုင်သောကြောင့် ပူးတွဲဘာသာစကားဟုလည်း သတ်မှတ်ကြသည်။ မြန်မာစာ အရေးအသားစနစ်မှာ အိန္ဒိယရှေးဟောင်း အက္ခရာဖြစ်သော ဗြာဟ္မီအက္ခရာမှ ပွားလာသော အက္ခရာများကို အခြေပြုထားခြင်းဖြစ်သည်။ အက္ခရာစာလုံးသက်သက်ကို အခြေပြု ရေးသားထားခြင်းမဟုတ်ဘဲ ဗျည်းသင်္ကေတကို အဓိကထားပြီး ထိုဗျည်းသင်္ကေတ၏ အထက်အောက် ဝဲယာတွင် အခြားသင်္ကေတငယ်များ ခြံရံကာ သရသံနှင့် တက်ကျသံများကို သတ်မှတ်ရေးသားဖော်ပြရသည်။ မြန်မာစာအရေးအဖတ်ကို အစပျိုးသင်ကြားကြသည့် သူငယ်တန်းဆရာ၊ ဆရာမများသည် မြန်မာဘာသာ စကား၏ ထူးခြားသည့်အခြင်းအရာများကို သိရှိနားလည်ပြီး သူငယ်တန်းကလေးများအတွက် ဘာသာစကား ဖွံ့ဖြိုးမှုနှင့် စာရေး စာဖတ် အစပျိုးလုပ်ငန်းများကို စီစဉ်လုပ်ကိုင်ရာတွင် အဆိုပါ ထူးခြားသည့်အချက်များကို ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါသည်။
စာရေးစာဖတ် သင်ကြားသည့်အခါ အရေးကြီးသည့်နယ်ပယ်(၅)ရပ်ကို ပညာရှင်များက ဖော်ထုတ် သတ်မှတ်ထားပါသည်။ ၎င်းတို့မှာ -
- (၁) စကားသံများကို နားလည်ခြင်း
- (၂) စကားသံများနှင့် အက္ခရာသင်္ကေတများ၏ အဆက်အစပ်ကို သိနားလည်ခြင်း
- (၃) သွက်လက်စွာဖတ်တတ်ခြင်း
- (၄) ဝေါဟာရကြွယ်ဝခြင်း
- (၅) နားလည်သဘောပေါက်ခြင်းတို့ ဖြစ်ပါသည်။
အဆိုပါနယ်ပယ်(၅)ရပ်လုံးတွင် ကလေးများကျွမ်းကျင်မှုရှိစေရန် သင်ယူမှုလုပ်ငန်းများ စီစဉ် ဆောင်ရွက်ရာ၌ မိမိသင်ကြားပေးမည့် ဘာသာစကား၏ စနစ်များကို သဘောပေါက်နားလည်ထားရန် အရေးကြီးပါသည်။ သို့ဖြစ်ရာ အဆိုပါနယ်ပယ်(၅)ရပ်အတွက် ထည့်သွင်းစဉ်းစားရမည့် ဘာသာစကား၏ စနစ်အမျိုးမျိုးနှင့် အသုံးပြုနိုင်သည့် ရင်းမြစ်အထောက်အကူများကို ဘာသာစကားမှတ်စုအဖြစ် အောက်တွင် စုစည်းဖော်ပြထားပါသည်။