မာတိကာသို့ ခုန်သွားရန်

ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/ပုံပြင်များ

ဝီကီရင်းမြစ် မှ
ဘာသာစကားမှီငြမ်းပြုလမ်းညွှန် (၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ)
by အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ
ပုံပြင်များ
2347ဘာသာစကားမှီငြမ်းပြုလမ်းညွှန် — ပုံပြင်များ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလအခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ

ပုံပြင်များ

၁။ ကျွန်တော့် အမေလားခင်ဗျာ

[ပြင်ဆင်ရန်]

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုထဲမှာ သစ်ပင်တွေ ယိမ်းထိုးပြီး အရွက်တွေကြွေကျအောင် လေတွေတိုက်နေတယ်။ အဲဒီအချိန်မှာပဲ တောင်ကုန်းမြင့်တစ်ခုပေါ်က သစ်ပင်ကြီးရဲ့ အပေါ်မှာ ရှိနေတဲ့ ငှက်သိုက်ထဲက ဥကလေးတစ်လုံး ကျလာတယ်။ အဲဒီ“ဥ”လေးက တောင်ကုန်းပေါ်ကနေ လိမ့်ဆင်း သွားတယ်။ အဲဒီကနေဆက်ပြီး သစ်တုံးတံတားကနေ မြစ်ကို ကျော်ဖြတ်ပြီး လိမ့်သွားတယ်။ “ဥ”ကလေးက မရပ်ဘဲ မြက်ပင်တွေကို ဖြတ်ပြီးလိမ့်သွားပြန်တယ်။ “ဥ”ကလေးဟာ မြက်ခင်းပြင်ကိုဖြတ်ပြီး တွင်းတစ်ခု နားရောက်တဲ့အခါ တွင်းထဲကို လိမ့်ဆင်းသွားတယ်။ တွင်းထဲရောက်တဲ့အခါ “ဥ”ကလေးဟာ ဆက်မလိမ့် တော့ဘဲ ယုန်လေးရဲ့ ရှေ့မှာရပ်သွားတယ်။ “ဥ”ကလေးဟာ အက်ကွဲလာပြီး “ဥ”ကလေးထဲက ငှက်ပေါက် စလေး ထွက်လာတယ်။ ဟိုကြည့် ဒီကြည့်နဲ့ ငှက်ပေါက်စလေးဟာ ယုန်ကလေးကို မြင်တဲ့အခါ “ကျွန်တော့် အမေလား ခင်ဗျာ”လို့ မေးလိုက်တယ်။

ယုန်ကလေးက “မင်းအမေ မဟုတ်ပါဘူး။ အပေါ်ကို တက်သွားပါ။ အဲဒီမှာမင်းအမေရှိတယ်” လို့ ပြန်ပြောလိုက်တယ်။

ငှက်ပေါက်စလေးတွင်းထဲကနေ မြေပြင်ပေါ်ကို ရောက်တဲ့အခါ မြက်ခင်းထဲမှာ သမင်လေးကို တွေ့ပြန်တယ်။ “ကျွန်တော့်အမေလား ခင်ဗျာ”လို့ မေးပြန်တယ်။“ “မင်းအမေ မဟုတ်ပါဘူး ဆက်ပြီး သွားလိုက်ပါ။ အဲဒီမှာ မင်းအမေရှိတယ်”လို့ ပြောပြတယ်။

ငှက်ပေါက်စလေးလည်း ဆက်ပြီးသွားလိုက်တာ သစ်တုံးတံတားလေးရှိတဲ့ မြစ်နား ရောက်လာတယ်။ အဲဒီနားမှာ လိပ်ကလေးတစ်ကောင်ကို တွေ့တော့ “ကျွန်တော့် အမေလား ခင်ဗျာ”လို့ မေးပြန်တယ်။ လိပ်ကလေးက “မင်းအမေမဟုတ်ပါဘူး။ မြစ်ကို ကျော်ဖြတ်ပြီး သွားလိုက်ပါ။ အဲဒီမှာမင်း အမေရှိတယ်” ဆိုပြီး ပြောလိုက်တယ်။

ငှက်ပေါက်စလေးလည်း မြစ်ကိုကျော်ဖြတ်လိုက်တဲ့အခါ မျောက်ကလေးကိုတွေ့တယ်။ “ကျွန်တော့် အမေလားခင်ဗျာ”လို့ မေးလိုက်တယ်။ “မင်းအမေမဟုတ်ပါဘူး ဆက်ပြီးတက်သွားလိုက်ပါ။ အဲဒီမှာ မင်းအမေ ရှိတယ်”လို့ မျောက်ကလေးက တောင်ကုန်းပေါ်ကို လမ်းညွှန်လိုက်တယ်။

ငှက်ပေါက်စလေး တောင်ကုန်းလေးပေါ်တက်သွားတယ်။ တောင်ကုန်းပေါ်က သစ်ပင်နားမှာ ရှဉ့်ကလေးကိုတွေ့တဲ့အခါ “ကျွန်တော့် အမေလား ခင်ဗျာ”ဆိုပြီးမေးတော့ “မင်း အမေ မဟုတ်ပါဘူး။ အပေါ်ကို တက်သွားပါ။ အဲဒီမှာ မင်းအမေရှိတယ်” လို့ပြောတယ်။

ငှက်ပေါက်စလေးက သစ်ပင်ပေါ်ကို မော့ကြည့်လိုက်ပြီး “အပေါ်ကို ဆက်မတက်နိုင်တော့ဘူး တက်ဖို့ သိပ်ခက်တယ်”ဆိုပြီး ပြောတဲ့အခါ “မပူပါနဲ့ ကူညီပါမယ်”လို့ ရှဉ့်ကလေးက ကျောပေါ်တင်ပြီး သစ်ပင်ပေါ် တက်သွားတယ်။ သစ်ပင်ပေါ်ရောက်တဲ့အခါ အသိုက်ထဲမှာ ငှက်မကြီးနဲ့ ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့တယ်။ “ကျွန်တော့် အမေလား ခင်ဗျာ”လို့ မေးလိုက်တဲ့အခါ “ဟုတ်ပါတယ် မင်းရဲ့အမေပါ။ ဒီမှာ မင်းရဲ့အစ်မပါ”လို့ ဝမ်းသာအားရပြောလိုက်တယ်။ ငှက်အမေက အစာရှာရာက ပြန်လာတဲ့ ငှက်အဖေကို ပြပြီး “ဟိုမှာ ကြည့်စမ်း။ မင်းရဲ့အဖေပေါ့။ မင်းကို ရှာနေတာ။ အခုမင်းအိမ်ပြန်ရောက်လာလို့ အားလုံး ပျော်နေကြတယ်”လို့ ပြောလိုက်တယ်။

၂။ ဆင်နှင့်မျောက်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက တောကြီးတစ်ခုထဲမှာ ဆင်ကလေးတစ်ကောင်နှင့် မျောက်ကလေး တစ်ကောင်ဟာ မိတ်ဆွေဖွဲ့ပြီး နေထိုင်ကြတယ်။

တစ်နေ့ကျတော့ သူတို့နှစ်ကောင်ဟာ တောထဲမှာ ဆော့ကစားရင်း ဗိုက်ဆာလာတာပေါ့။ ဒီလိုနဲ့ သူတို့ဟာ ကစားရင်း အစာရှာကြတယ်။ လမ်းမှာ ချောင်းတစ်ခုကို တွေ့တဲ့အခါ ဆင်ကလေးက မျောက် ကလေးကို ကျောပေါ်တင်ပြီး ဖြတ်ကူးလိုက်တာပေါ့။ ဖြတ်ကူးပြီးတဲ့အခါမှာ သရက်ပင်ကြီးတစ်ပင်ကို တွေ့တယ်။ အဲဒီသရက်ပင်ကြီးဟာ သရက်သီး အမှည့်တွေရော၊ သရက်သီးအစိမ်းတွေရော အများကြီး သီးနေတယ်။ သရက်သီးတွေ အများကြီးကို မြင်တော့ သူတို့ အရမ်းပျော်သွားကြတယ်။

ဒါပေမဲ့ ဆင်က မျောက်ကို ပြောတယ်။ “ငါသရက်သီးတွေချဉ်ရင် မစားချင်ဘူး”လို့ ပြောတယ်။ မျောက်ကလေးက “စိတ်မပူပါနဲ့၊ ငါအပင်ပေါ်တက်ပြီး သရက်သီးတွေကို စားကြည့်လိုက်ပါ့မယ်” လို့ပြောပြီး အပင်ပေါ်ကို မျောက်ကလေး တက်သွားတယ်။ မျောက်ကလေး အပင်ပေါ် ရောက်တာနဲ့ သရက် သီးကို ခူးပြီး စားကြည့်လိုက်တော့ အရမ်းကို ချိုပြီး မွှေးနေတာ တွေ့ရတယ်။

မျောက်ကလေး အရမ်းပျော်သွားပြီး ဆင်ကို အားရပါးရ အော်ပြောလိုက်တယ်။ “အသီးတွေက အရမ်းချိုပြီး မွှေးနေတာပဲကွ” ပြောပြီး ခူးချပေးတာပေါ့။ ဆင်လည်း မျောက်ကလေး ခူးချပေးတဲ့ သရက်သီးတွေကို ပျော်ပျော်ကြီး စားလိုက်ပါတော့တယ်။ အဲဒီလိုနဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ချစ်ခင်စွာနဲ့အတူ နေထိုင်သွားကြတော့တယ်။ (သူငယ်တန်းသင်ရိုးအဖွဲ့)

၃။ ဖိုးကဲတို့မိသားစု

[ပြင်ဆင်ရန်]

ဖိုးကဲတို့မိသားစုဟာ မြစ်ကမ်းပါးက ရွာလေးတစ်ရွာမှာ နေကြတယ်။ အစကတော့ အဘိုး၊ အဖေ၊ အမေနဲ့ ဖိုးကဲတို့ (၄)ယောက်ပဲ ရှိကြတယ်။ ခုတော့ ညီမလေးမွေးပြီး မိသားစု (၅)ယောက် ဖြစ်လာတယ်။ အဘိုးက အသက်အကြီးဆုံးဖြစ်ပြီး အားလုံးက ဘိုးဘိုးစကားကို နားထောင်ကြရတယ်။ ညတိုင်း မိသားစုအားလုံး ဘုရားရှိခိုးရတယ်။ ခြေလက်ဆေးပြီးမှ အိပ်ရာဝင်ရတယ်။

တစ်နေ့မှာ မေမေက “ဖိုးကဲရေ ... ညီမလေးကို ခဏကြည့်ထားနော်။ မေမေအဝတ်လျှော် လိုက်ဦးမယ်”လို့ ပြောပြီး အိမ်နောက်ဖေးမှာ အဝတ်လျှော်နေတယ်။ ဖိုးကဲလည်း ညီမလေးနဲ့ အိမ်က ခွေးပေါက်စလေးနဲ့ ကစားနေတယ်။ အဘိုးကတော့ ထမင်းစားပြီး တစ်ရေးအိပ်နေတယ်။

အဲဒီအချိန်မှာ ခွေးပေါက်စလေးဟာ ရေမြောင်းထဲ ပြုတ်ကျသွားတယ်။ ဖိုးကဲလည်း ခွေးပေါက်စ လေးကို ရေမြောင်းထဲက ဆယ်ယူဖို့ အလုပ်ရှုပ်သွားတယ်။ ဖိုးကဲ အလုပ်ရှုပ်နေတုန်း ညီမလေးဟာ လေးဖက် သွားပြီး ထွက်သွားတာ ဖိုးကဲ မသိလိုက်ဘူးပေါ့။

ခွေးပေါက်စလေးကို ဆယ်ယူပြီးတဲ့အချိန် ညီမလေးကိုကြည့်လိုက်တော့ မတွေ့တော့ဘူး။ ဖိုးကဲလည်း (ညီမလေးရေ)၃ လို့ အော်ခေါ်တယ်။ မေမေ ရေ ... လုပ်ပါဦး ညီမလေး ဘယ်ရောက်သွားမှန်း မသိဘူး ...ဟီး ဟီး ဆိုပြီး အော်ငိုသတဲ့။

ဖိုးကဲအော်ငိုသံကြောင့် အမေရော၊ အဘိုးရော အိမ်ရှေ့ကို ပြေးထွက်လာကြတယ်။ ဖိုးကဲက အကြောင်းစုံရှင်းပြနေတုန်း “ဝုန်း”ခနဲ အသံကြီးကြားလိုက်ရတယ်။ “ကမ်းပါးပြိုတယ်ဟေ့... ကလေးတွေ အနားမကပ်ကြနဲ့”လို့ ရွာကလူတွေအော်ပြီး ကမ်းပါးဘက်ကို ပြေးသွားကြတာတွေ့ လိုက်ရတယ်၊ အားလုံးလည်း ညီမလေးအတွက်စိုးရိမ်ပြီး ... ပြေးလိုက်သွားကြတယ်။ ဒါပေမဲ့ ညီမလေးကိုတော့ မတွေ့ကြဘူး အမေကလည်းငို ... ဖိုးကဲကလည်း ငိုပေါ့။

အဲဒီအချိန်မှာ ခွေးမကြီးမိဖြူက အဘိုးရဲ့ပုဆိုးကို အတင်းဆွဲခေါ် သတဲ့။ အားလုံးဟာ အဘိုးနဲ့အတူ မိဖြူခေါ်တဲ့ အိမ်နောက်ဘက်ကို လိုက်သွားကြတယ်။ အိမ်နောက်ဘက်က ကောက်ရိုးပုံမှာ ညီမလေးဟာ ခွေးပေါက်စလေးတွေနဲ့ အတူအိပ်နေတာကို တွေ့လိုက်ကြရတယ်။ အားလုံးလည်း ဝမ်းသာပျော်ရွှင်သွား ကြတယ်။ (သူငယ်တန်းသင်ရိုးအဖွဲ့)

၄။ ဘယ်သွားမလို့လဲ ဂျာဘောက်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ရွာသာယာဆိုတဲ့ ရွာကလေးမှာ ဂျာဘောက်တို့ မိသားစုဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ပြီး ပျော်ရွှင်စွာ နေထိုင်ကြသတဲ့။ ဂျာဘောက် အသက်(၅)နှစ်အရွယ်ရောက်တော့ ဂျာဘောက်ရဲ့ မိဘတွေဟာ ကျောင်းတက်ဖို့ ရွာမှာရှိတဲ့ မူလတန်းကျောင်းမှာ ကျောင်းသွားအပ်တာပေါ့ ဂျာဘောက်လည်း ကျောင်းတက်ရတော့မယ်ဆိုတော့ အရမ်းဝမ်းသာနေရှာတယ်။

ကျောင်းစတက်ရမယ့်နေ့ရောက်တော့ ဂျာဘောက်က နံနက်စောစောအိပ်ရာထ၊ ပြီးတော့ ရေချိုး၊ အဝတ်အစားလဲ၊ ထမင်းစားပြီးတော့ သူ့ အဖေဝယ်ပေးထားတဲ့ လွယ်အိတ်ကလေးကို လွယ်ကာ သူ့အမေကို ဖက်ပြီး “မေမေ ဂျာဘောက် ကျောင်းသွားတော့မယ်လို့” ပြောကာ နှုတ်ဆက်သတဲ့ကွယ်... သူ့အမေ ကလည်း “သမီး ကောင်းကောင်းသွားနော်”လို့ ပြောသတဲ့။

အဲလိုနဲ့ အိမ်ကနေ ထွက်လာပြီး ခြံဝရောက်တော့ သူ့ဒေါ်လေးနဲ့ တွေ့တဲ့အခါ သူ့ဒေါ်လေးက “ဘယ်သွားမလို့လဲ ဂျာဘောက်”လို့ မေးတယ်။

ဂျာဘောက်ကလည်း “ကျောင်းသွားမလို့”ပါလို့ ပြောလိုက်တယ် အဲလိုနဲ့ ရှေ့ဆက်ပြီး သွားတာ လမ်းရောက်တော့ သူအစ်ကိုဝမ်းကွဲနဲ့ တွေ့ပြန်တယ်။သူ့ အစ်ကိုကလည်း “ဘယ်သွားမလို့လဲ ဂျာဘောက်”လို့ မေးပြန်တယ်။

ဂျာဘောက်ကလည်း “ကျောင်းသွားမလို့ပါလို့” ပြောလိုက်တယ်။ အဲဒီလိုနဲ့ ဂျာဘောက်ဟာ ရှေ့ဆက်သွားတော့ သစ်ပင်ကြီးနားမှာ သူ့ဦးလေးနဲ့ တွေ့သတဲ့ကွယ်။ သူ့ဦးလေးကလည်း “ဘယ်သွားမလို့လဲ ဂျာဘောက်”လို့ မေးတယ်ကွယ်။

ဂျာဘောက်ကလည်း “ကျောင်းသွားမလို့ပါ”လို့ ပြောလိုက်တယ်။အဲဒီလိုနဲ့ ရှေ့ဆက်ပြီး သွားတာ တောင်ကုန်းပေါ်မှာ လယ်သမားကြီးတစ်ဦးနဲ့ တွေ့ပြန်တယ်။ လယ်သမားကြီးကလည်း “ဘယ်သွားမလို့လဲ ဂျာဘောက်”လို့ မေးသတဲ့ကွယ်။

ဂျာဘောက်ကလည်း “ကျောင်းသွားမလို့ပါ” လို့ ပြောလိုက်ပြန်သတဲ့ အဲလိုနဲ့ ရှေ့ဆက်သွားတော့ ရွာထဲ ဈေးဆိုင်က ဆိုင်ပိုင်ရှင်အဒေါ်ကြီးနဲ့ တွေ့သတဲ့ကွယ်။ အဒေါ်ကြီးကလည်း “ဘယ်သွားမလို့လဲ ဂျာဘောက်”လို့ မေးသတဲ့ကွယ်။

ဂျာဘောက်ကလည်း “ကျောင်းသွားမလို့ပါ”လို့ ပြောလိုက်တယ်။ အဲလိုနဲ့သွားလိုက်တာ ကျောင်း အဝင်ဝမှာ ကျောင်းအုပ်ကြီးနဲ့ တွေ့သတဲ့။

ကျောင်းအုပ်ကြီးက “မင်္ဂလာပါကလေးရေ။ ကလေးက သူငယ်တန်းကလား”လို့ ပြောတော့ ဂျာဘောက်ကလည်း “မင်္ဂလာပါဆရာကြီး။ သမီးက သူငယ်တန်းကပါ”လို့ ပြောလိုက်သတဲ့။

အဲဒီအခါမှာ ကျောင်းအုပ်ဆရာကြီးက “သူငယ်တန်းအခန်းက ဟိုနားမှာ သွားလိုက်ပါလို့”ပြောတော့ ဂျာဘောက်ကလည်း “ဟုတ်ကဲ့ပါ။ ဆရာကြီး”လို့ပြောကာ အခန်းကို လျှောက်လာသတဲ့။ သူငယ်တန်း အခန်းဝလည်းရောက်ရော ဆရာမက “သမီးရေ မင်္ဂလာပါ”လို့ ပြောတော့ ဂျာဘောက်ကလည်း “မင်္ဂလာပါ ဆရာမ။ သမီးက သူငယ်တန်းပါ။ ဒါက သူငယ်တန်းအခန်းလားရှင်”လို့ မေးလိုက်သတဲ့။ အဲဒီအခါမှာ ဆရာမက “ဟုတ်တယ် ဒါသူငယ်တန်းအခန်းပဲ၊ ဆရာမက ကလေးတို့ရဲ့ ဆရာမပါ။ သမီးနာမည် ဘယ်လို ခေါ်ပါသလဲ”လို့ မေးတယ်။

“ဂျာဘောက်ပါ ဆရာမ”လို့ ပြောလိုက်တယ်။ “အခန်းထဲကို ဝင်လာခဲ့ သမီးရေ”လို့ ဆရာမက ပြောလိုက်တဲ့အခါ ဂျာဘောက်က “ဟုတ်ကဲ့ပါ ဆရာမ။ ကျေးဇူးတင်ပါတယ်ရှင့်”ဆိုပြီး ဝမ်းသာစွာဖြင့် သူငယ်တန်းအခန်းထဲ ဝင်သွားပါတော့တယ်ကွယ်။

၅။ ယုန်ကလေး ဖြူဖြူ

[ပြင်ဆင်ရန်]

ဟိုရှေးရှေးတုန်းက ဖြူဖြူလို့ခေါ်တဲ့ အလွန်ချစ်စရာကောင်းတဲ့ ယုန်ကလေးတစ်ကောင်ရှိသတဲ့။ ဖြူဖြူဟာ ချစ်စရာကောင်းသလောက် အလွန်မာနကြီးသတဲ့ကွယ်။ အိမ်နီးချင်းတွေနဲ့လည်း စကား မပြောဘူးတဲ့။ ဖြူဖြူရဲ့ အိမ်ဘေးမှာတော့ ညိုညိုဆိုတဲ့ ရှဉ့်ကလေးရယ်၊ ဝတုတ်ဆိုတဲ့ ဝက်ဝံကလေးရယ်နဲ့ ဖိုးရှုပ်ဆိုတဲ့ မျောက်ကလေးတို့ နေကြသတဲ့။ ညိုညို၊ ဝတုတ်နဲ့ ဖိုးရှုပ်တို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။ သူတို့ဟာ ဖြူဖြူနဲ့လည်း သူငယ်ချင်းဖြစ်ချင်လို့ ခေါ်ကြပေမယ့် ဖြူဖြူက ပြန်မခေါ်ဘူးတဲ့ကွယ်။ ဒီလိုနဲ့ လေတွေတိုက်ပြီး မိုးတွေရွာတဲ့တစ်နေ့မှာတော့ ဖြူဖြူရဲ့အိမ်ကလေးဟာ ပြိုသွားသတဲ့ကွယ်။ ဖြူဖြူဟာ သူ့အိမ်ကလေး ပြိုသွားတော့ မိုးရေတွေထဲမှာ ဝမ်းနည်းနေတာပေါ့။ သူ့အိမ်ဘေးမှာရှိတဲ့ ညိုညို၊ ဝတုတ်နဲ့ ဖိုးရှုပ်တို့ကိုလည်း အကူအညီမတောင်းရဲဘူးတဲ့။ ဒါပေမဲ့ မိုးရေထဲမှာ ဖြူဖြူငိုနေတာကို ညိုညိုက မြင်သတဲ့။ အဲဒီအချိန်မှာ ညိုညိုဟာ သူငယ်ချင်းများဖြစ်တဲ့ ဝတုတ်နဲ့ ဖိုးရှုပ်တို့ဆီသွားပြီး “သူငယ်ချင်းတို့ရေ ဖြူဖြူအိမ်ကလေး လေတွေတိုက်လို့ ပြိုသွားတယ်။ ငါတို့ သွားကူရအောင်”လို့ ပြောတာပေါ့။ မျောက်ကလေး ဖိုးရှုပ်ကလည်း “ဟာ ဒါဆိုသွား ကူညီရမှာပေါ့”ဆိုပြီး ဖြူဖြူဆီကို သွားကြသတဲ့။ ပြီးတော့သူတို့ သူငယ်ချင်း တွေဟာ ဖြူဖြူရဲ့အိမ်ကလေးကို ပြန်ဆောက်ပေးကြတာပေါ့။ သူငယ်ချင်းအားလုံးဝိုင်းပြီး စုပေါင်းဆောက် လိုက်တော့ ဖြူဖြူအိမ်ကလေး ပြန်ကောင်းသွားတာပေါ့။

နောက်ဆုံးတော့ ဖြူဖြူဟာ သူငယ်ချင်းများကို တောင်းပန်တာပေါ့ကွယ် “သူငယ်ချင်းတို့ရယ် ငါမှားပါတယ် နောက်ဆိုငါမင်းတို့နဲ့ ချစ်ချစ်ခင်ခင်အတူတူနေပါတော့မယ်”လို့ ပြောသတဲ့။ ညိုညိုကလည်း “ရပါတယ် ... ငါတို့က သူငယ်ချင်းတွေပဲ။ သူငယ်ချင်းဆိုတာ တစ်ဦးနဲ့ တစ်ဦးကူညီရမှာပေါ့ဟာ”ဟု ပြောပြီး သူငယ်ချင်းများအားလုံး ချစ်ချစ်ခင်ခင်နေကြတာပေါ့ကွယ်။

မှတ်ချက် ။ ။ ဆရာက ပုံပြင်ပြောပြီးလျှင် သူငယ်ချင်းများ အချင်းချင်းချစ်ခင်စွာနေရမည့်အကြောင်းနှင့် အချင်းချင်း အကူအညီပေးရမည်ဖြစ်ကြောင်းကို ပေါ်လွင်အောင် ရှင်းပြပါ။ (သူငယ်တန်းသင်ရိုးအဖွဲ့)

၆။ ဝက်ကလေးသုံးကောင်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ဝက်ကလေးသုံးကောင်ရှိသတဲ့။ဝက်မေမေကြီးက“သားတို့ တောထဲမှာ ကျားဆိုးကြီး ရှိတဲ့အတွက် သတိထားဖို့တော့ လိုတယ်။ ကျားဆိုးကြီးမလာနိုင်အောင် ကိုယ့်အိမ်ကိုယ်ဆောက်ပြီးနေကြ”လို့ ပြောသတဲ့။ ပထမဝက်ကလေးက ကောက်ရိုးအိမ်လေး ဆောက်ပြီးနေထိုင်တယ်။ ဒုတိယဝက်ကလေး ကတော့ ဝါးအိမ်ကလေးဆောက်ပြီး နေထိုင်တယ်။ တတိယဝက်ကလေးကတော့ သစ်လုံးအိမ်ဆောက်ပြီး နေထိုင်တယ်။

တစ်နေ့တော့ ပထမဝက်ကလေးအိမ်ကို ကျားဆိုးကြီးရောက်လာတယ်။ “မင်းအိမ်ကို ဖျက်ပစ်မယ်။ မင်းကိုလည်း စားမယ်”လို့ ပြောသတဲ့။ ပြီးတော့ ကောက်ရိုးအိမ်လေးကို ဖျက်ပြီး အိမ်ထဲ ဝင်လာသတဲ့။ ဝက်ကလေးလည်း အိမ်နောက်ဖေးပေါက်ကနေပြီး ဒုတိယဝက်ကလေးဆီကို ထွက်ပြေးသွားတယ်။

ဒုတိယဝက်ကလေး အိမ်ကိုလည်း ကျားကြီးရောက်လာတယ်။ “မင်းအိမ်ကို ဖျက်ပစ်မယ်။ မင်းကို လည်း စားမယ်”လို့ ပြောသတဲ့။ ပြီးတော့ ဝါးအိမ်ကလေးကို ဖျက်ပြီး အိမ်ထဲ ဝင်လာသတဲ့။ ဝက်ကလေး နှစ်ကောင်လည်း အိမ်နောက်ဖေးပေါက်ကနေပြီး တတိယဝက်ကလေးဆီ ထွက်ပြေးသွားကြတယ်။

တတိယဝက်ကလေးအိမ်ကိုလည်း ကျားကြီးရောက်လာတယ်။ “မင်းအိမ်ကို ဖျက်ပစ်မယ်။ မင်းကို လည်း စားမယ်”လို့ ပြောသတဲ့။ အဲဒီအခါ ဝက်ကလေးသုံးကောင်က “ငါတို့အိမ်ကို မင်းဖျက်လို့ မရဘူး။ အိမ်ထဲဝင်ချင်ရင် ခေါင်မိုးပေါက်က ဝင်ခဲ့လို့ ပြောသတဲ့။ ဝက်ကလေးသုံးကောင်ဟာ ခေါင်မိုးပေါက်ကနေ ကျားကြီးခုန်ဆင်းလာမယ့် နေရာမှာ ရေနွေးအိုးကြီး ချထားသတဲ့။ ကျားကြီးလည်း “ငါလာပြီနော်” ဆိုပြီး ခေါင်မိုးပေါက်ကနေ အိမ်ထဲကို ခုန်ဆင်းလိုက်သတဲ့။ အဲဒီအခါ ကျားကြီးဟာ ရေနွေးအိုးထဲကို “ဝုန်း” ဆို ကျသွားတော့တာပေါ့။ ဝက်ကလေးသုံးကောင်လည်း ကျားကြီးရန်က လွတ်သွားလို့ ပျော်သွားကြတာပေါ့ကွယ်။ (နိုင်ငံရပ်ခြားပုံပြင်ကို မှီငြမ်းသည်)

၇။ ဆာလောင်နေသောဘီလူးကြီး

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ဘီလူးကြီးတစ်ကောင်ဟာ လူတွေနေတဲ့ရွာမှာလာပြီး နေနေတယ်။ လူတွေကတော့ ဘီလူးကြီး အခုလိုနေတာကို မကြိုက်ကြဘူး။ ဒါပေမဲ့ ဘီလူးကြီးမှာ တင်းပုတ်ကြီးရှိနေတာမို့ သူ့ကို ကြောက်ရွံ့နေကြတာပေါ့။

ဘီလူးကြီးဟာ အလွန့်အလွန်ဆာလောင်တတ်တယ်တဲ့။ နေ့တိုင်းနေ့တိုင်း သူစားဖို့ စားစရာအတွက် ရွာသားတွေကိုဟိန်းဟောက်ပြီး ရှာခိုင်းနေတာပဲ။ ရွာသားတွေဟာ ဘီလူးကြီးစိတ်ဆိုးမှာကို ကြောက်ကြတော့ ဘီလူးကြီးလိုချင်တာ မှန်သမျှ အပြေးအလွှားရှာပေးကြသတဲ့ကွယ်။

ဘီလူးကြီးဟာ ရွာထဲမှာနေလာတာ တစ်နှစ်ကျော်ကြာလာတာပေါ့ကွယ်။ တစ်နေ့မှာတော့ ဘီလူးကြီး အိပ်ရာက နိုးလာပြီး ဆာလောင်တဲ့အတွက် ထုံးစံအတိုင်း ဟိန်းဟောက်ပြီး ခိုင်းတော့တာပေါ့။ “ငါ ထမင်းစားချင်တယ် ထမင်းယူလာခဲ့ မယူလာခဲ့ရင် ငါ့တင်းပုတ်နဲ့ နင်တို့ကို ထုပစ်လိုက်မယ်”လို့ ဟိန်းဟောက် သတဲ့။ လူတွေဟာ အပြေးအလွှားနဲ့ ဆန်တွေရှာဖွေပြီး ဘီလူးကြီးကို ထမင်း အဝကျွေးရတာပေါ့ကွယ်။

နောက်တစ်နေ့မှာတော့ ဘီလူးကြီးက “ငါ ကြက်သားဟင်းစားချင်တယ်၊ ကြက်သားဟင်း ယူလာခဲ့ မယူလာခဲ့ရင် ငါ့တင်းပုတ်နဲ့ ထုပစ်လိုက်မယ်လို့” ဟိန်းဟောက်ပြန်သတဲ့။ လူတွေက အပြေးအလွှားနဲ့ ကြက်သားတွေရှာဖွေပြီး ဘီလူးကြီးကို ကြက်သားဟင်း အဝကျွေးမွေးရတာပေါ့ကွယ်။

နောက်တစ်နေ့မှာတော့ “ငါ လက်ဖက်ရည်သောက်ချင်တယ် လက်ဖက်ရည်ယူလာခဲ့ မယူလာခဲ့ရင် ငါ့တင်းပုတ်နဲ့ နင်တို့ကို ထုပစ်လိုက်မယ်”လို့ ထပ်ပြီး ဟိန်းဟောက်ပြန်သတဲ့။ လူတွေဟာ အပြေးအလွှားနဲ့ လက်ဖက်ရည်တွေကို ဖျော်ပြီး ဘီလူးကြီးကို လက်ဖက်ရည် အဝတိုက်ကြရပြန်တယ်။

နောက်တစ်နေ့မှာတော့ “ငါ ပျားရည် လိုချင်တယ်၊ ပျားရည်ယူလာခဲ့ မယူလာခဲ့ရင် ငါ့တင်းပုတ်နဲ့ နင်တို့ကို ထုပစ်လိုက်မယ်”လို့ ဟိန်းဟောက်ပြန်သတဲ့။ လူတွေဟာ ပျားရည်ကို နေရာအနှံ့ အပြေးအလွှား ရှာကြတာပေါ့ကွယ် ဒါပေမဲ့ ဘယ်မှာမှ ရှာမတွေ့ကြဘူးတဲ့။

အဲဒီအခါမှာ ဘီလူးကြီးက“ ငါ ပျားရည်လိုချင်တယ်၊ ပျားရည် ယူလာခဲ့ မယူလာခဲ့ရင် ငါ့တင်းပုတ်နဲ့ နင်တို့ကို ထုပစ်လိုက်မယ်”လို့ ထပ်ပြီး ဟိန်းဟောက်ပြန်တယ်။

လူတွေက ပျားရည်ကို ထပ်ပြီး အပြေးအလွှား ရှာဖွေပေမဲ့ ဘယ်မှာမှ ရှာလို့ မရဘူးတဲ့ကွယ်၊ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်က “ပျားရည်ရှိတဲ့ နေရာကို ကျွန်မသိတယ်”လို့ပြောပြီး ရွာသား အချို့ကို တောထဲက ပျားအုံရှိတဲ့နေရာကို ခေါ်ဆောင်သွားတယ်။

သူတို့ဟာ ပျားအုံကို သေသေချာချာ ခွာပြီး ဘီလူးကြီးဆီကို ယူခဲ့ကြတာပေါ့ကွယ်။ ဘီလူးကြီး ဆီလည်းရောက်ရော “ဒီမှာ မင်းအတွက် ပျားရည်ရပြီ”လို့ ရွာသားတွေက ပြောတယ် ဘီလူးကြီးက “ဒါ ပျားရည်မှ မဟုတ်ဘဲ”လို့ပြောပြီး သူ့ တင်းပုတ်ကြီးနဲ့ ပျားအုံကို ထုပစ်လိုက်တယ်။

အဲဒီအခါမှာ ပျားအုံထဲက ပျားတွေထွက်လာပြီး ဘီလူးကြီးဆီကို ပျံလာကြတယ်။ ဘီလူးကြီးကလည်း ထွက်ပြေးတာပေါ့။ ပျားတွေကလည်း ဘီလူးကြီးနောက်ကိုလိုက်ပြီး တုပ်ကြတာပေါ့။ အဲဒီအချိန်ကစပြီး ဘီလူးကြီးကို ရွာမှာ နောက်ထပ်ဘယ်တော့မှ မတွေ့ကြရတော့ဘူးတဲ့ကွယ်။

၈။ အထည်သည်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက အထည်သည်တစ်ယောက်ဟာ တိရစ္ဆာန်တွေနေတဲ့ ရွာကို ရောက်လာတယ်။ သူ့မှာရောင်းဖို့ အထည်တွေ အများကြီးပါလာလို့ အထည်ထုပ်ကြီးကို ထမ်းလာတော့ လေးနေတာပေါ့ကွယ်။ ယုန်ကလေးနဲ့ ကြွက်ကလေး သူငယ်ချင်း ၂ ယောက်ဟာ ကျောင်းသွားကြရင်း လမ်းမှာ အထည်သည်ကို တွေ့ကြတယ်။ ယုန်ကလေးက “ဦးလေးမှာ အင်္ကျီအဖြူနဲ့ ကျောင်းစိမ်းစကတ်ပါလား”လို့ မေးတယ်။ အထည် သည်က “ရှိပါတယ်။ ဒီမှာပါ” ဆိုပြီး ပေးလိုက်တယ်။ ကြွက်ကလေးက “ဘလောက်အင်္ကျီနဲ့ လုံခြည် အဝါရောင်ရောပါလား”လို့ မေးတယ်။ အထည်သည်က “ရှိပါတယ်။ ဒီမှာပါ”ဆိုပြီး ပေးလိုက်တယ်။ သူတို့က အထည်ဖိုး ပိုက်ဆံပေးလိုက်တော့ အထည်သည်ကလည်း “ကျေးဇူးတင်ပါတယ်”ဆိုပြီး ထွက်သွားတယ်။

ဆင်နဲ့မျောက်ဟာလည်း ဘောလုံးကန်ရင်း အထည်သည်ကို တွေ့လိုက်ကြတယ်။ သူတို့ ၂ ကောင် ဟာလည်း ဘောလုံးကန်ရင်ဝတ်ဖို့ အဝတ်အစား လိုချင်နေကြတယ်။ အဲဒါနဲ့ မျောက်က “ဦးလေးမှာ တီရှပ်နဲ့ ဘောင်းဘီတိုတွေပါလား” လို့ လှမ်းမေးလိုက်တယ်။ ဆင်ကလည်း “ကျွန်တော်က ဝတယ်။ တီရှပ်ပွပွကြီးနဲ့ ဘောင်းဘီတို ကြီးကြီးပါရဲ့လား”လို့ ထပ်မေးလိုက်တယ်။ အထည်သည်က “ရှိပါတယ်၊ ဒီမှာပါ”လို့ ဆိုပြီး ရှာပေးလိုက်တယ်။ အထည်ဖိုး ပိုက်ဆံပေးလိုက်တော့ အထည်သည်က “ကျေးဇူးတင်ပါတယ်”ဆိုပြီး ဆက်ထွက်သွားတယ်။

ဝက်ဝံနဲ့ မြွေတို့လည်း တောင်ပေါ်ကို တက်ဖို့ အနွေးထည်တွေ လိုချင်နေကြတယ်။ အထည်သည်နဲ့ လမ်းမှာတွေ့တော့ ဝက်ဝံက “ဦးလေးမှာ ကုတ်အင်္ကျီ၊ ဘောင်းဘီရှည်နဲ့ ဦးထုပ်တွေပါလာလား”လို့ မေးလိုက်တယ်။ အထည်သည်က “ရှိပါတယ်။ ဒီမှာပါ။ ဘာအရောင်လိုချင်လဲ”လို့ မေးတယ်။ ဝက်ဝံက “အညိုရောင် ကုတ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီရှည် လိုချင်တယ်”လို့ ပြောတယ်။ အထည်သည်က ရှာပေးလိုက်တော့ ပိုက်ဆံပေးလိုက်တယ်။ မြွေက“ကျွန်တော်က အရပ်ရှည်ပြီး ပိန်တော့ ရှည်ရှည်သေးသေး အင်္ကျီ မပါဘူးလား”လို့ မေးတယ်။ အထည်သည်က “ရှိပါတယ်။ ဒီမှာပါ”ဆိုပြီး ရှည်ပြီးသေးတဲ့ အနွေးထည်ကို ပေးလိုက်တယ်။ မြွေက ပိုက်ဆံပေးလိုက်တယ်။ အထည်သည်က “ကျေးဇူးတင်ပါတယ်”လို့ ပြောပြီး ထွက်သွားတယ်။

ဒီလိုနဲ့အထည်သည်လည်း အဲဒီရွာကထွက်လာတော့ အထည်တွေအများကြီး ရောင်းလိုက်ရတော့ အထုပ်ကြီးလည်း ပေါ့သွားပြီး သိပ်ပျော်သွားတော့တယ်။

ဦးမောင်ကြီးဟာ ဈေးထဲမှာ ပစ္စည်းတွေသယ်ပိုးပေးတဲ့ အလုပ်သမားတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ ဈေးဝယ်သူတွေစည်ကားတဲ့အချိန်ဖြစ်တဲ့အတွက် လူတွေ တိုးဝှေ့သွားလာနေကြတယ်။ အဲဒီအချိန်မှာ ဦးမောင်ကြီးက မုန့်ဟင်းခါးဟင်းရည်တွေ အပြည့်ထည့်ထားတဲ့ ပုံးကြီးနှစ်ပုံးကို လက်တစ်ဖက် စီမှာ ဆွဲပြီး(နည်းနည်းလောက်ဖယ်ပေးပါ)၂လို့အော်ပြီးသွားနေတယ်။ ဈေးဝယ်သူတွေကလည်း ဖယ်ပေး ကြတာပေါ့။

ဈေးဝယ်သူအဒေါ်ကြီးတစ်ယောက်ကတော့ “ကိုယ့်ဘာသာလွတ်အောင် ရှောင်ပေါ့။ မဖယ်ပေးနိုင် ပါဘူး”ဆိုပြီး လမ်းမဖယ်ပေးဘူး။ ဦးမောင်ကြီးကလည်း လွတ်အောင် ရှောင်ပြီးသွားတာတောင် အဲဒီ အဒေါ်ကြီးကို ပုံးနဲ့တိုက်မိသွားတော့တယ်။ ဟင်းရည်တွေအဒေါ်ကြီးရဲ့ လုံချည်ကိုပေကုန်တယ်။ အဲဒီအခါ အဒေါ်ကြီးက အရမ်းစိတ်ဆိုးသွားပြီး “ငါ့လုံချည်တွေ ပေကုန်ပြီ၊ အလျော်ပေးရမယ်၊ နင့်ကိုဈေးလူကြီးတွေနဲ့ တိုင်မယ်”လို့ ပြောတယ်။

ဦးမောင်ကြီးကတော့ “မတော်လို့ပါဗျာ၊ စိတ်မဆိုးပါနဲ့”လို့ တောင်းပန်တယ်။ သူ့အရှေ့မှာ ကလေး ချီထားတဲ့ မိန်းမတစ်ယောက်ကို တွေ့တော့ ဦးမောင်ကြီးက “နည်းနည်းလောက် ဖယ်ပေးကြပါခင်ဗျာ”လို့ အော်ပြီး မတိုက်မိအောင် မနည်းရှောင်သွားရတယ်။ ဒီလိုနဲ့ သူပို့ရမယ့်ဆိုင်ကို ရောက်တော့ ပုံး ၂ ပုံးကို ချလိုက်တဲ့အခါ ဆိုင်ရဲ့ထောင့်နားမှာ ပိုက်ဆံအိတ်တစ်အိတ်ကို တွေ့ လိုက်တယ်။ အဲဒါနဲ့ ဦးမောင်ကြီးက ဈေးရုံးခန်းက လူကြီးတွေဆီမှာ သွားအပ်ဖို့ ထွက်ခဲ့တယ်။ ရုံးခန်းမှာ သူ့ကို စိတ်ဆိုးပြီး တိုင်မယ်ဆိုတဲ့ အဒေါ်ကြီးကို တွေ့ရတယ်။ အဒေါ်ကြီးက ပိုက်ဆံအိတ်ပျောက်လို့ လာအကြောင်းကြားတာ ဖြစ်တယ်။ ဦးမောင်ကြီးက ပိုက်ဆံအိတ်တစ်အိတ် ကောက်ရလို့ လာအပ်တဲ့အကြောင်း ပြောလိုက်တော့ အဒေါ်ကြီးလည်း သူ့ပိုက်ဆံ အိတ်ကို တွေ့လိုက်တယ်။ အဒေါ်ကြီးလည်း သူ့ပိုက်ဆံအိတ်ကို ပြန်ရလို့ အရမ်းဝမ်းသာပြီး ဦးမောင်ကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ (သူငယ်တန်းသင်ရိုးအဖွဲ့)

၁၀။ ညီညွတ်ကြပါစို့

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ရွာတစ်ရွာမှာ စာသင်ကျောင်းလေးရှိတယ်။ အဲဒီစာသင်ကျောင်းလေးဟာ ချောင်းရဲ့ တစ်ဖက်ကမ်းမှာရှိပြီး ကျောင်းသူကျောင်းသားတွေဟာ သစ်သားတံတားလေးကိုဖြတ်ပြီး ကျောင်းသွား ကြရတယ်။

တစ်နေ့မှာ သူငယ်တန်းစာသင်ခန်းကို ကျောင်းသားသစ်သုံးယောက် ရောက်လာတယ်။ ကျောင်းသား တစ်ယောက်မှာ တခြားသူတွေထက်ပိုကြီးတဲ့ နှာခေါင်းအကြီးကြီးရှိသတဲ့။ နောက်ကျောင်းသားတစ်ယောက် မှာတော့ တခြားသူတွေထက်ပိုကြီးတဲ့ နားရွက်အကြီးကြီးရှိပြီး နောက်ဆုံးကျောင်းသားမှာတော့ လက်ဝါး အကြီးကြီးရှိသတဲ့။

နေ့လယ်ကစားချိန်ရောက်တဲ့အခါ ကစားကွင်းကိုသွားကြတယ်။ ကစားကွင်းကို ရောက်တဲ့အခါ အတန်းဖော်တွေက မောင်နှာခေါင်းကြီးကို မင်းနှာခေါင်းကအကြီးကြီးပဲ၊ ငါတို့နဲ့လာမကစားနဲ့လို့ ပြောသတဲ့။ နောက်တစ်ခါ မောင်နားရွက်ကြီးကိုလည်း မင်းနားရွက်ကအကြီးကြီးပဲ၊ ငါတို့နဲ့ လာမကစားနဲ့လို့ပြောသတဲ့။ အဲဒီလိုပဲ မောင်လက်ဝါးကြီးကိုလည်း မင်းလက်ဝါးက အကြီးကြီးပဲ၊ ငါတို့နဲ့လာမကစားနဲ့လို့ ပြောသတဲ့။

အတန်းဖော်တွေက အတူတူကစားဖို့ လက်မခံတဲ့အတွက် သူတို့ ၃ ယောက်ဟာ စိတ်ညစ်နေကြ တာပေါ့။ တစ်နေ့မှာ ကျောင်းမဆင်းခင် လေတွေမိုးတွေကြီးပြီး ကျောင်းသူကျောင်းသားတွေ ဖြတ်သွားနေကျ တံတားလေးဟာ ကျိုးပြီး ရေထဲကိုမျောပါသွားသတဲ့။ ကျောင်းသူကျောင်းသားတွေ အိမ်ကိုပြန်ဖို့ အခက်တွေ့ နေတော့တာပေါ့ကွယ်။ ချောင်းကိုဖြတ်ဖို့ လှေရှိပေမဲ့လည်း လှေမှာ အပေါက်တွေရှိနေတော့ ဘယ်သူမှ မသုံးရဲကြဘူး။

အဲဒီအချိန်မှာ မောင်နှာခေါင်းကြီး၊ မောင်နားရွက်ကြီးနဲ့ မောင်လက်ဝါးကြီးတို့က မင်းတို့အားလုံး အိမ်ပြန်နိုင်အောင် ငါတို့ကူညီပေးမယ်လို့ပြောပြီး သူငယ်ချင်းတွေကို လှေပေါ်တက်ခိုင်းလိုက်တယ်။

အားလုံးလှေပေါ်ရောက်တဲ့အခါ မောင်လက်ဝါးကြီးက သူ့ လက်ဝါးကြီးကိုသုံးပြီး လှေကို အပြင်း အထန် လှော်ခတ်တယ်။ ကျောင်းသူကျောင်းသားတွေကလည်း လှေထဲကို ဝင်လာတဲ့ရေတွေကို အတူတူ ခပ်ထုတ်ကြတယ်။ မောင်နှာခေါင်းကြီးက သူ့ရဲ့ နှပ်ချေးတွေနဲ့ လှေပေါက်တွေကို လိုက်ပိတ်တယ်။ မောင်နားရွက်ကြီးကလည်း သူ့ ရဲ့နားရွက်ကြီးနဲ့ လိုရာရောက်အောင် ရွက်လွှင့်ပေးတယ်။

နောက်ဆုံးတော့ အားလုံးအဆင်ပြေစွာနဲ့ တစ်ဖက်ကမ်းကို ရောက်သွားကြတယ်။ ကျောင်းသူ ကျောင်းသားတွေက မောင်နှာခေါင်းကြီး၊ မောင်နားရွက်ကြီးနဲ့ မောင်လက်ဝါးကြီးတို့ကို ကျေးဇူးတင်ကြပြီး ညီညွတ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်သဘောပေါက် သွားကြတယ်။ (သူငယ်တန်းသင်ရိုးအဖွဲ့)

၁၁။ ဆာလောင်နေသော ခူကောင်လေး

[ပြင်ဆင်ရန်]

လသာပြီး တိတ်ဆိတ်တဲ့ ညတစ်ညမှာ ဖြူဖွေးနေတဲ့ ဥလေးတစ်လုံးကို သစ်ရွက်တစ်ရွက်ပေါ်မှာ တွေ့ရတယ်။

ဒီလိုနဲ့ မနက်မိုးလင်းပြီး နေထွက်လာတဲ့အချိန်မှာ သစ်ရွက်ပေါ်မှာရှိနေတဲ့ ဥကလေးထဲကနေ ခူကောင်သေးသေးလေးတစ်ကောင် ထွက်လာတယ်။

အပြင်ကို ရောက်လာတဲ့ ခူကောင်ကလေးဟာ တဖြည်းဖြည်း သစ်ကိုင်းပေါ်မှာ တွားသွားရင်း ဟိုဟိုဒီဒီ လိုက်ကြည့်တာပေါ့။ နေ့လယ်ပိုင်းကို ရောက်တဲ့အခါမှာတော့ ခူကောင်ကလေးဟာ အစာရှာထွက် တာပေါ့ကွယ်။

တနင်္ဂနွေနေ့မှာ ခူကောင်လေးဟာ သင်္ဘောသီးအကြီးကြီးတစ်လုံးကိုတွေ့ပြီး ဖောက်စားလိုက်တယ်။

တနင်္လာနေ့မှာတော့ မင်းကွတ်သီးနှစ်လုံးကို ခူကောင်လေးက ထပ်စားလိုက်ပြန်တယ်။

အင်္ဂါနေ့ရောက်တဲ့အခါ လိမ္မော်သီးသုံးလုံးကိုတွေ့ တော့ အကုန်စားလိုက်သေးတယ်။

ဗုဒ္ဓဟူးနေ့မှာ ပန်းသီးလေးလုံးကို တွေ့တော့ အကုန်စားလိုက်ပြန်တယ်။

ခူကောင်လေးဟာ ကြာသပတေးနေ့မှာ သရက်သီးငါးလုံးကိုတွေ့တော့ အကုန်လုံးထပ်စားလိုက်ပြန်တယ်။

သောကြာနေ့မှာတော့ အရမ်းဆာလောင်နေတဲ့အတွက် ငှက်ပျောသီးတစ်လုံး၊ ရေခဲမုန့်တစ်ခု၊ စတော်ဘယ်ရီသီးတစ်လုံး၊ မုန်လာဥတစ်ဥ၊ ဖရဲသီးတစ်စိတ်နဲ့ ခရမ်းချဉ်သီးတစ်လုံး၊ ပြောင်းဖူးတစ်ဖူး၊ ရုံးပတီသီးတစ်တောင့်၊ သကြားသီးတစ်လုံးနဲ့ နာနတ်သီးတစ်လုံးကို စားလိုက်ပြီးတော့ ...

ဗိုက်မပြည့်သေးတဲ့ခူကောင်လေးဟာ စနေနေ့မှာ သစ်ရွက်စိမ်းကြီးတစ်ရွက်ကိုပါ ထပ်စားပစ်လိုက်တယ်။ အခုတော့ ခူကောင်လေးဟာ ဗိုက်မဆာတော့ဘူး၊ ခူကောင်အကြီးကြီးတစ်ကောင်ဖြစ်သွားပြီ။ ခူကောင်လေးဟာ ဗိုက်လည်း ပြည့်သွားတဲ့အတွက် သူ့ ရဲ့ အိတ်ထဲမှာ ပြန်ပြီးအိပ်ပျော်သွားတယ်တဲ့။

ပြီးတော့အိပ်ရာက နိုးလာတဲ့အခါ ခူကောင်လေးဟာ လှပတဲ့လိပ်ပြာကြီးတစ်ကောင် ဖြစ်လာတာ ပေါ့ကွယ်။

၁၂။ စကားနည်း၍ အလုပ်လုပ်သော ပင့်ကူလေး

[ပြင်ဆင်ရန်]

တစ်ခါတုန်းက နေမင်းကြီးထွက်လာပြီး လေတွေတိုက်နေတဲ့ နံနက်ခင်းလေးမှာပေါ့ကွယ်။ ပင့်ကူလေး တစ်ကောင်ဟာ လေနဲ့အတူ လွင့်ပါလာပြီး မွေးမြူရေး ခြံတစ်ခြံရဲ့ ခြံစည်းရိုးအနားကို ကျသွားတယ်။ အဲဒီ ခြံစည်းရိုးမှာ ပင့်ကူလေးဟာ သူ့ ရဲ့အိမ်ကို ပိုက်ကွန်ပုံစံမျိုး စတင်ရက်လုပ်တော့တယ်။

အဲဒီအချိန်မှာ မြင်းတစ်ကောင်ရောက်လာပြီး “ဟီးဟီး... မြင်းစီးမလား'လို့ မေးတယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ရဲ့အိမ်ကို ဆက်ပြီး ရက်လုပ်နေတယ်။ အဲဒီနောက် နွားမကြီး ရောက်လာပြီး 'ဘွတ်အဲ ဘွတ်အဲ ... မြက်စိမ်းစိမ်းနဲ့ ကောက်ရိုးစားမလား'လို့ မေးပြန်တယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ရဲ့ အိမ်ကိုပဲ ဆက်ပြီးရက်လုပ်နေတယ်။ အဲဒီနောက် သိုးတစ်ကောင် ရောက်လာပြီး “အဲ အဲ အဲ ..... မြက်ခင်းစိမ်းစိမ်းရှိတဲ့ဆီကို လိုက်မလား’ဆိုပြီး လာမေးပြန်တယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ရဲ့အိမ်ကိုပဲ ဆက်ပြီးရက်လုပ်နေတယ်။ အဲဒီနောက် ဆိတ်တစ်ကောင် ရောက်လာပြီး “ပဲပဲ... ကွင်းပြင်မှာ သွားခုန်ရအောင်လိုက်မလား'ဆိုပြီး လာမေးပြန်တယ်။ ပင့်ကူလေးက ဘာမျှ ပြန်မပြောဘဲ သူ့ ရဲ့ အိမ်ကိုပဲ ဆက်ပြီးရက်လုပ်နေတယ်။ အဲဒီနောက် ဝက်မကြီးရောက်လာပြီး “ငွတ် ပွတ် ငွတ်... ကျွန်မတို့နဲ့အတူ ရွှံ့ဗွက်လူးရအောင်’ဆိုပြီး လာခေါ်တယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ရဲ့အိမ်ကိုပဲ ဆက်ပြီးရက်လုပ်နေတယ်။ အဲဒီနောက် ခွေးတစ်ကောင်ရောက်လာပြီး “ဝုတ် ဝုတ် ဝုတ် ... ကြောင်သွားလိုက်ရအောင်”ဆိုပြီး လာခေါ်တယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ ရဲ့အိမ်ကိုပဲ ဆက်ပြီး ရက်လုပ်နေတယ်။ အဲဒီနောက် ကြောင်တစ်ကောင်ရောက်လာပြီး “ညောင် ညောင် ညောင် ... ခဏအိပ်ရအောင်’လို့ လာပြောတယ်။ ပင့်ကူလေးက ဘာမျှပြန်မပြောဘဲ သူ့ ရဲ့ အိမ်ကိုပဲ ဆက်ပြီး ရက်လုပ် နေတယ်။

အဲဒီနောက် ဘဲမကြီး ရောက်လာပြီး “ဂတ် ဂတ် ဂတ် ... ကန်ထဲရေသွားကူးရအောင်’လို့ လာပြော ပြန်တယ်။ ပင့်ကူလေးဟာ အိမ်ကိုဆက်မရက်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ ရဲ့ပိုက်ကွန်ထောင်ချောက် အိမ်လေးပြီးစီးသွားပြီကိုး။ နောက်ဆုံးတော့ ကြက်ဖကြီးရောက်လာပြီး ‘အောက်အီအီးအွတ်... အရမ်း ဆိုးတဲ့ ဒီယင်ကောင်လေးကို မဖမ်းချင်ဘူးလား”လို့ လာမေးတယ်။ ပင့်ကူလေးဟာ ငြိမ်ငြိမ်လေးပဲ နေနေပြီး ‘ရွှတ်’ဆို ယင်ကောင်လေးကို ထောင်ချောက်ထဲ ဖမ်းလိုက်ပါလေရောတဲ့ကွယ်။ ခဏကြာတော့ ညမှောင်လာပြီး ဇီးကွက်ရောက်လာတယ်။ “ကွက် ကွက်... ဒီလောက်လှတဲ့ ပင့်ကူအိမ်လေး ဘယ်သူလုပ်ထားတာလဲ” လို့ မေးတယ်။ ပင့်ကူလေးဟာ ငြိမ်နေတယ်။ ငြိမ်နေမှာပေါ့ကွယ် ပင့်ကူအိမ်လေးပြီးသွားပြီမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပေါ့ကွယ်။

၁၃။ လူဝံကြီးနှင့် မျောက်ကလေး

[ပြင်ဆင်ရန်]

ရှေးသရောအခါ လူဝံကြီးနဲ့ မျောက်ကလေးရှိကြသတဲ့ကွယ်။ လူဝံကြီးဟာ အကောင်အကြီးကြီး မျောက်ကလေးကအကောင်သေးသေးလေး ဖြစ်တယ်ကွယ်။ တစ်အိမ်တည်းမှာ အတူနေကြသတဲ့။ ဘယ်နေရာ သွားသွား အတူတူသွားကြတယ်။ တစ်ခါတော့ မျောက်ကလေးက ဒီညတော့ လူဝံကြီးကို ကျီစယ်မယ်လို့ စဉ်းစားတယ်ကွယ့်။ ညရောက်တော့ မျောက်ကလေးက -

“လူဝံကြီး၊ လူဝံကြီး နည်းနည်းလေးရွှေ့ပေးပါဦး ကျွန်တော်နေရာမဆံ့လို့ပါ” ပြောတယ်။ လူဝံကြီးက ရွှေ့ပေးလိုက်သတဲ့၊ ပြီးတော့မျောက်ကလေးက ထပ်ပြောလိုက်သတဲ့။

“လူဝံကြီး၊ လူဝံကြီး နည်းနည်းလေးရွှေ့ပေးပါဦး ကျွန်တော်နေရာမဆံ့လို့ပါ” ပြောတယ်။ လူဝံကြီးက ရွှေ့ပေးလိုက်သတဲ့၊ ဒီလိုနဲ့ မျောက်ကလေးက ထပ်ပြောလိုက် လူဝံကြီးက ထပ်ရွှေ့ပေးလိုက်နဲ့ နောက်ဆုံးမှာ လူဝံကြီးဟာ ခုတင်ပေါ်က ကျတော့သတဲ့။ လူဝံကြီးက အရမ်းစိတ်ဆိုးသွားတယ်ကွယ်။

နောက်နေ့ရောက်တော့ မျောက်ကလေးကို လူဝံကြီးက ငါလည်း သူ့ကိုပြန်ပြီး ကျီစယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့မှာ မျောက်ကလေးနဲ့ လူဝံကြီးက တောင်ယာသို့ သွားကြသတဲ့။ လူဝံကြီးဟာ မျောက်လေးမသိအောင် မီးခြစ်ကို ယူသွားသတဲ့။ မျောက်ကလေးထမ်းတဲ့ သက်ငယ်ကို လူဝံကြီးက သူ့ရဲ့မီးခြစ်နဲ့ မီးရှို့လိုက်သတဲ့။ သက်ငယ်ကတစ်ဆင့် မျောက်ကလေးရဲ့ ကျောကုန်းကို မီးက ကူးစက်သွားတယ်။ မျောက်ကလေးဟာ ငါ့ရဲ့ကျောကုန်း ဘာဖြစ်လို့ပူလောင်နေသလဲလို့ လက်နဲ့ ကိုင်ကြည့်တော့ မီးလောင်နေတာသိပြီး ရေထဲကို ခုန်ချလိုက်တယ်။ မျောက်ကလေးက လူဝံကြီးကို ငါ့အမှားပါ တောင်းပန်ပါတယ်။ နောက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မကျီစယ်တော့ဘူးနော်လို့ ပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး လူဝံကြီးနဲ့ မျောက်ကလေးဟာ ချစ်ချစ်ခင်ခင်နဲ့ နေသွားကြသတဲ့ကွယ်။

၁၄။ ကြောင်နှစ်ကောင်နှင့် မျောက်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက အလွန်ဗိုက်ဆာနေတဲ့ ကြောင်မိတ်ဆွေနှစ်ကောင်ဟာ စားစရာရှာဖို့ ထွက်လာကြ သတဲ့။ အချိန်အတော်ကြာအစာရှာပြီးတဲ့အခါ တံခါးပွင့်နေတဲ့ ကြောင်အိမ်တစ်ခုထဲမှာ မုန့်တစ်ခုကို တွေ့ကြပြီး စားဖို့ခိုးယူကြသတဲ့။ မုန့်ကို ခွဲဝေကြတဲ့အခါ တစ်ခြမ်းက နည်းနည်းကြီးပြီး နောက်တစ်ခြမ်းက နည်းနည်း ငယ်သတဲ့။ အဲဒီအခါ နှစ်ကောင်စလုံးက ကြီးတဲ့မုန့်ခြမ်းကို ရချင်စိတ်နဲ့ အငြင်းအခုံဖြစ်ကြသတဲ့။ သူတို့ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အဝေးတစ်နေရာမှာရှိတဲ့ မျောက်တစ်ကောင်ဆီကို သွားကြသတဲ့။ မျောက်ကလည်း သူကူညီနိုင်တယ်လို့ပြောလိုက်ပြီး ခြမ်းထားတဲ့မုန့် ၂ ခုကို သူ့ မှာရှိတဲ့ ချိန်ခွင်နဲ့ ချိန်ကြည့်တဲ့အခါ တစ်ဖက်က အလွန်လေးနေသတဲ့။ မျောက်ကလည်း အလေးချိန် တူညီအောင် လုပ်ပေးမယ်ဆိုပြီး ကြီးတဲ့မုန့်ခြမ်းကို တစ်ကိုက် ကိုက်လိုက်ပါသတဲ့။

အဲဒီနောက် မုန့်ကို ချိန်ခွင်နဲ့ ပြန်ချိန်ကြည့်တဲ့အခါ ကျန်တစ်ဖက်ခြမ်းက အလွန်လေးလွန်းပြန် တာကြောင့် အဲဒီအခြမ်းဘက်ကို တစ်ကိုက် ပြန်ကိုက်လိုက်ပြီး ဒီလောက်ဆိုရင် အတူတူဖြစ်လောက်ပြီလို့ ဆိုကာ ပြန်ချိန်ကြည့်လိုက်သတဲ့။ ဒါပေမဲ့ အလေးချိန်ကမတူညီဘဲ တစ်ဖက်ခြမ်းမှာ အလေးချိန် ပိုနေ ပြန်တယ်။ မျောက်ကလည်း “ဩော်အံ့ဩဖို့ ကောင်းလိုက်တာ”ဆိုပြီး တစ်ဖက်ခြမ်းကို ကိုက်လိုက်ပြန်သတဲ့။ အဲဒီအခါ ကြောင်နှစ်ကောင်က “ကိုမျောက်ရယ် ကျန်တဲ့အခြမ်းကလေးကိုပဲ ပြန်ပေးပါဗျာ၊ အလေးချိန် မတူလည်း နေပါစေတော့”လို့ ပြောကြသတဲ့။

မျောက်ကလည်း အသံကျယ်လောင်စွာနဲ့ “မဖြစ်နိုင်ဘူး မင်းတို့ပြဿနာဖြေရှင်းပေးဖို့ ငါ့ကို ခေါ်ထားကြပြီး အခုပြဿနာဖြေရှင်းလို့ မပြီးသေးဘူး”လို့ ပြန်ဖြေလိုက်သတဲ့။ မျောက်က ညီတူညီမျှဖြစ်အောင် ဆိုပြီး တစ်ဖက်ခြမ်းကိုကိုက်လိုက် နောက်တစ်ဖက်ခြမ်းကို ပြန်ကိုက်လိုက်နဲ့ မုန့်ခြမ်းလေးနှစ်ခုဟာ သေးသေးလေးသာ ကျန်တော့သတဲ့။ ကြောင်နှစ်ကောင်ကလည်း “အစ်ကိုကြီးမျောက်ရယ် ကျွန်တော်တို့ နှစ်ယောက်အတွက် အရမ်းပင်ပန်းပါပြီ ကျန်တဲ့မုန့်ကလေးကိုသာ ပြန်ပေးလိုက်ပါဗျာ”လို့ ထပ်တောင်းပန် ကြတဲ့အခါ မျောက်ကလည်း “ကောင်းပြီ မင်းတို့ပြဿနာကို ဖြေရှင်းပေးတဲ့အတွက် ငါ့ကို ဘာပေးကြမလဲ၊ နင်တို့မှာ ဘာမှမရှိကြောင်း ငါအကုန်သိတယ်”ဟုဆိုကာ မုန့်ခြမ်းတွေကို အကုန်စားပစ်လိုက်တယ်။ ဉာဏ်များတဲ့ မျောက်ကို ကြောင်နှစ်ကောင်ဟာ အလေးပြုကြပြီး အဝေးကို ထွက်သွားကြသတဲ့။ နောက်ဆုံးတော့ မိတ်ဆွေကောင်းဖြစ်တဲ့ ကြောင်နှစ်ကောင်ဟာ အနည်းငယ် လောဘစိတ်ဖြစ်မိတာကြောင့် သူတို့စားရမယ့် မုန့်ခြမ်းကို မစားရတော့ဘူးတဲ့ကွယ်။ လဲင်သဲစာပေ(ရိုးရာပုံပြင်)

၁၅။ မောင်အီးကွဲနဲ့ မအီးလွင့်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်အီးကွဲနဲ့ မအီးလွင့်တို့ ရှိတယ်။ သူတို့နှစ်ယောက်က အရမ်း အီးပေါက်ကြသတဲ့။ မောင်အီးကွဲ အီးပေါက်လိုက်ရင် သူ့နားမှာရှိတဲ့ ပစ္စည်းတွေ ပေါက်ကွဲကုန်ရောတဲ့။ မအီးလွင့် အီးပေါက်လိုက်ရင်လည်း သူ့နားမှာရှိတဲ့ ပစ္စည်းတွေ အကုန်လွင့်ထွက်သွားတာပဲတဲ့။ တစ်နေ့တော့ မအီးလွင့်က သူတို့အိမ်မှာ စပါးထောင်းနေကြတယ်။ သူထောင်းနေတဲ့ သစ်သား ဆုံကြီးဟာ အကြီးကြီးပဲတဲ့။ အဲဒီအချိန်မှာ မောင်အီးကွဲ ရောက်လာပြီး မအီးလွင့်နဲ့ ပညာပြိုင်ကြမယ်လို့ ပြောတယ်။

မောင်အီးကွဲက “ကွင်းပြင်ထဲမှာ ရေအိုင် ၂ အိုင်ရှိတယ်။ တောင် ၁ လုံး ရှိတယ်။ တောင်ရဲ့ ဘေးနှစ်ဖက်မှာ ဂူပေါက်တစ်ခုစီရှိတယ်။ ဂူပေါက်နှစ်ခုအောက်မှာ ချိုင့်အကြီးကြီး တစ်ခုရှိတယ်။ အဲဒါဘာလဲ” လို့ မေးတယ်။

မအီးလွင့်က “ရေအိုင် ၂ အိုင်က မျက်လုံး ၂ လုံးကို ပြောတာ။ တောင် ၁ လုံးဆိုတာ နှာခေါင်း၊ ဂူပေါက် ၂ ခုက နှာခေါင်းပေါက်၊ ဂူပေါက် ၂ ခုအောက်က ချိုင့်အကြီးကြီးဆိုတာက ပါးစပ်ပေါ့”လို့ ဖြေလိုက်တယ်။

တစ်ဖန် မအီးလွင့်က မောင်အီးကွဲကို ပြန်မေးတဲ့အခါ မဖြေနိုင်ဘူးတဲ့။ အဲဒီအခါ မအီးလွင့်က အော်ပြီးရယ်သတဲ့။ မောင်အီးကွဲဟာ အလွန်ရှက်ပြီး မထိန်းနိုင်ဘဲ အီးပေါက်လိုက်တာ မအီးလွင့် စပါး ထောင်းနေတဲ့ သစ်ဆုံကြီးက ဗြုန်းဆို နှစ်ခြမ်းကွဲသွားရောတဲ့။ မအီးလွင့်လည်း သူ့သစ်ဆုံကြီး ကွဲသွားတော့ စိတ်ဆိုးတာပေါ့။ ဒီတော့ သူကလည်း အီးပြန်ပေါက်လိုက်တာ အီးကွဲဟာ ဟိုး . . မိုးပေါ်ကို လွင့်ပါသွားပြီး ဘုရင့်နန်းတော်ထဲကို ဖုတ်ခနဲ ပြုတ်ကျသွားသတဲ့။

ရှင်ဘုရင်ကြီးနဲ့ မှူးမတ်ကြီးတွေလည်း လန့်သွားပြီး ဘယ်လိုဖြစ်တာလဲလို့ မေးသတဲ့။ မောင်အီးကွဲ ကလည်း အီးလွင့်ကြောင့် သူဒီလိုဖြစ်ရတာကို ပြောပြတဲ့အခါ ဘုရင်ကြီးက အီးလွင့်ကိုပါ နန်းတော်မှာ ခေါ်ထားသတဲ့။

တစ်နေ့တော့ ဘုရင်ကြီးရဲ့ တိုင်းပြည်ကို ရန်သူတွေ လာတိုက်ခိုက်ကြတယ်။ အဲဒီအခါ အီးကွဲနဲ့ အီးလွင့်ဟာ ရန်သူတွေဖက်ကို လှည့်ပြီးပြိုင်တူ အီးအကြီးကြီးပေါက်လိုက်သတဲ့။ ရန်သူတွေလည်း နှစ်ခြမ်းကွဲ၊ ကောင်းကင်ကို လွင့်ပြီး ထွက်ပြေးကုန်ကြသတဲ့။

ဘုရင်ကြီးလည်း ဝမ်းသာသွားပြီး အီးကွဲနဲ့ အီးလွင့်ကို ဆုလက်ဆောင်တွေ၊ ရတနာတွေ အများကြီး ပေးလိုက်သတဲ့။ (လူထုဦးလှ၏ တိုင်းခမ်းတီပုံပြင်)

၁၆။ ဒိတ်ဒိတ်နှင့် ကြက်ကလေး

[ပြင်ဆင်ရန်]

ဒိတ်ဒိတ်တို့ မိသားစုဟာ ကြက်တွေကို အလွန်ချစ်ပြီး မွေးထားကြတယ်။ ဒိတ်ဒိတ်ဟာ ကြက်တွေကို အလွန်ချစ်တာကြောင့် နေ့တိုင်း အစာကျွေးတယ်။ ညတိုင်းလည်း ကြက်တွေ စုံမစုံစစ်ဆေးတယ်။ တစ်နေ့မှာ ဒိတ်ဒိတ်ဟာ ကြက်တွေကို အစာကျွေးနေတုန်း ကြက်မကြီးက ကြက်ကလေးတွေကို ကတော်... ကတော်လို့ ခေါ်ပြီး ကြက်ကလေးတွေ အလွယ်တကူစားနိုင်ဖို့အတွက် အစာတွေချေပေးနေတာကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်မှာ ဒိတ်ဒိတ်ဟာ သူ ငယ်စဉ်က သူ့အမေ သူ့ကိုအစာတွေ ခွံ့ကျွေးခဲ့တာကို သတိရပြီး သူ့ အမေရဲ့ ချစ်ခြင်းကို ပိုမိုနားလည်လာတော့တယ်။

နောက်တစ်နေ့ ကြက်တွေကို အစာပြန်ကျွေးတဲ့အချိန်မှာ ကြက်မက ကြက်ကလေးတွေကို ကတော့်... ကတော့်လို့ ပြန်ခေါ်လေတယ်။ ဒါပေမဲ့ ကြက်ကလေးတစ်ကောင်ဟာ မိခင်ရဲ့ခေါ်သံကို ကြားသော်လည်း မိခင်ထံသို့မလာဘဲ အပြင်ထွက်သွားတယ်။ အဲဒီအချိန်မှာ ကြက်ကလေးရဲ့ အော်သံ ကြားလို့ ဒိတ်ဒိတ် ပြေးကြည့်လိုက်တော့ စွန်တစ်ကောင်ဟာ တစ်ကောင်တည်း ထွက်ပြေးနေတဲ့ ကြက်က လေးကို လိုက်အုပ်နေတာကို တွေ့ လိုက်တယ်။ ဒိတ်ဒိတ်လည်း အသံကုန်အော်ဟစ်ကာ မောင်းထုတ်လိုက်ရာ စွန်လည်း ကြောက်လန့်ပြီး ပျံပြေးတာနဲ့ ကြက်ကလေးကို ပြန်ကယ်တင်နိုင်ခဲ့တယ်။

အဲဒီအခါ ဒိတ်ဒိတ်ခေါင်းထဲမှာ နောက်ထပ်အတွေးတစ်ခု ပြန်ဝင်လာတယ်။ မိဘစကား နားမထောင်ရင် မကောင်းဘူးဆိုတာ သိရှိလာတယ်။ အဲဒီနေ့မှစပြီး မိဘစကား အမြဲနားထောင်ပါ့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်၊

(ဇိုမီး-ချင်းပုံပြင်)

၁၇။ ဉာဏ်အမြော်အမြင်ရှိတဲ့ ငှက်ဖေဖေ

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ငှက်မိသားစုလေးရှိသတဲ့ကွယ်။ ငှက်ဖေဖေ၊ ငှက်မေမေနဲ့ ငှက်ကလေးနှစ်ကောင် ရှိသတဲ့ကွယ်။ သူတို့မိသားစုဟာ သစ်ပင်လေးတစ်ပင်မှာ အသိုက်ဆောက်ပြီးနေသတဲ့။ သူတို့မိသားစုဟာ သိပ်ကိုပျော်ရွှင်ကြတယ်။ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့မိသားစုပေါ့။

တစ်နေ့မှာတော့ သူတို့အသိုက်ဆောက်တဲ့ သစ်ပင်ရဲ့ပင်စည်နားကို အင်မတန်ကြီးတဲ့ မြွေကြီး တစ်ကောင်လာသတဲ့။ တဖြည်းဖြည်းနဲ့ သစ်ပင်ပေါ် တက်လာတယ်။ အဲဒီအချိန်မှာ ငှက်ကလေးတွေဟာ သိပ်ကို ကြောက်လန့်နေကြတယ်။ ငှက်ဖေဖေနဲ့ ငှက်မေမေကလည်း အရမ်းစိုးရိမ်နေကြတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အကြံထုတ်ကြတယ်။ ဒီလိုနဲ့ ငှက်ဖေဖေဟာ ဟိုးအဝေးကြီးကို ပျံသန်းသွားသတဲ့။ ပြီးတော့ အနီရောင်သစ်ရွက်ကလေးတွေ ယူလာလိုက် ပြန်သွားလိုက်နဲ့ အရမ်းအလုပ်ရှုပ်နေတယ်။ အဲဒီအချိန်မှာ မြွေကြီးလည်း တဖြည်းဖြည်းနဲ့ ငှက်သိုက်ဆီကို ဦးတည်လာနေတယ်။ ဒီလိုနဲ့ ငှက်ဖေဖေဟာ အသိုက်ထဲမှာရှိတဲ့ ငှက်ကလေးတွေကို အနီရောင်သစ်ရွက်ကလေးတွေနဲ့ ဖုံးလိုက်သတဲ့။ အဲဒီအခါ မြွေကြီးဟာ လန့်ဖျပ်ပြီး အောက်ကို အမြန်ဆင်းသွားသတဲ့။ ဘာဖြစ်လို့ ပြေးဆင်းသွားသလဲဆိုတော့ ငှက်ဖေဖေယူလာတဲ့ အနီရောင် သစ်ရွက်ကလေးတွေဟာ မြွေကြီးအတွက် အဆိပ်ဖြစ်နေလို့ပေါ့။ နောက်ဆုံးတော့ ငှက်မိသားစုဟာ မြွေကြီးရဲ့ အန္တရာယ်က လွတ်မြောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြသတဲ့ကွယ်။ (တန့်ရှမ်းနာဂပုံပြင်)

၁၈။ အကြံကောင်းသော ကြက်မ

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ကြက်မကြီးနဲ့ ကြက်ကလေးတွေ တောထဲမှာ အစာရှာနေကြတယ်။ အဲဒီအချိန်မှာ ကြောင်တစ်ကောင်က ကြက်ကလေးတွေကိုစားချင်တော့ ကြက်မကြီးကို မေးလိုက်တယ်။ “ဒီည နင်တို့ ဘယ်မှာအိပ်မှာလဲ” “ဒီညငါတို့တောင်ပေါ်မှာအိပ်မယ်လို့” ကြက်မကြီးက ပြန်ပြောလိုက်တယ်။ ညမိုးချုပ်တော့ ကြောင်ကသူတို့ကို တောင်ပေါ်မှာ သွားရှာတာပေါ့။ အဲဒီအချိန်မှာ သူတို့က တောင်အောက်မှာ သွားအိပ် ကြတယ်။

နောက်တစ်ရက် ကြောင်က သူတို့ကို ထပ်မေးပြန်တယ်။ “ဒီညရောနင်တို့ ဘယ်မှာ အိပ်မှာလဲ” ကြက်မကြီးက “ငါတို့ တောင်အောက်မှာ အိပ်မယ်”လို့ ပြန်ပြောလိုက်တယ်။ မိုးချုပ်တော့ ညောင် ... ညောင်... ကြောင်ဟာ သူတို့ကို တောင်အောက်မှာ သွားရှာတော့ သူတို့က တောင်ပေါ်မှာ သွားအိပ် ပြန်တယ်။ ကြောင်က နောက်ဆုံးတစ်ကြိမ် ထပ်မေးပြန်တယ် “ဒီညရော နင်တို့ ဘယ်မှာ အိပ်မှာလဲ” ကြက်မကြီးက “တောင်ပေါ်ရော တောင်အောက်ရော သွားအိပ်မယ်”လို့ ပြောလိုက်တယ်။

ညအချိန်ရောက်ပြန်တော့ ကြောင်က သူတို့ကို တောင်ပေါ်ရော တောင်အောက်ရော လိုက်ရှာ တာပေါ့။ အဲဒီအချိန်မှာ သူတို့က ဘူးသီးခွံထဲမှာ သွားအိပ်လိုက်တယ်။ ညဉ့်နက်လာတဲ့အချိန်မှာ ကြက် အငယ်ဆုံးလေးတစ်ကောင်ဟာ “မေမေ သားသား အီးပေါက်ချင်တယ်”လို့ ပြောတယ်။ ကြက်မကြီးက “မပေါက်နဲ့ အပြင်မှာ ကြောင်ရှိတယ် သူကြားသွားရင် ငါတို့ကို အကုန်လုံး ဖမ်းစားသွားလိမ့်မယ်”လို့ ပြန်ပြော လိုက်တယ်။

“သားသားအောင့်ထားလို့ မရတော့ဘူး နည်းနည်းလေး ပေါက်လိုက်မယ်နော်” “အေး နည်းနည်း လေးပဲ ပေါက်နော် ကြက်ကလေးက အီးကို နည်းနည်းဆိုပြီး ပေါက်လိုက်တာ “ဘုန်း”ဆိုပြီး ဘူးသီးခွံ ကွဲသွားတော့ ကြောင်ကလန့်ပြီး ထွက်ပြေးသွားတယ်။ ကြက်မကြီးနဲ့ ကြက်ကလေးတွေလည်း ပျော်ရွှင်စွာနဲ့ အစာရှာ ထွက်သွားကြတော့တယ်။ (ကယားပုံပြင်)

၁၉။ ကျေးဇူးသိတတ်သော ပုရွက်ဆိတ်

[ပြင်ဆင်ရန်]

တစ်ခါက ပုရွက်ဆိတ်တစ်ကောင်ဟာ အစာရှာထွက်တုန်း သူ့ အဖော်နဲ့ ကွဲသွားတယ်။ သူဟာ အဖော်ကို လိုက်ရှာဖို့ သစ်ပင်ပေါ်ကို တက်လိုက်တယ်။ သစ်ပင်ဟာ ဆွေးမြည့်နေပြီဖြစ်တဲ့အတွက် သစ်ကိုင်းဟာ‘ဂျွတ်’ဆိုပြီး ရုတ်တရက်ကျိုးကျသွားတယ်။ ဒါနဲ့ပုရွက်ဆိတ်ဟာ သစ်ကိုင်းပေါ်က နေပြုတ်ကျပြီး ချောင်းထဲကျသွားတယ်။ ပုရွက်ဆိတ်ဟာ ရေနဲ့မျောပါပြီး ‘ကယ်ကြပါဦး၊ ကယ်ကြပါဦး'လို့ အော်တယ်။ ပုရွက်ဆိတ်ရဲ့အော်သံကို အခြားသစ်ပင်တစ်ပင်ပေါ်မှာ နားနေတဲ့ငှက်က ကြားသွားတယ်။ ငှက်က ပုရွက်ဆိတ်ကို ကူညီဖို့ သူ့ ရဲ့အသိုက်ကို ချီမပြီး ရေထဲပစ်ချပေးလိုက်တယ်။ ပုရွက်ဆိတ်လေးဟာ ငှက်ရဲ့ အသိုက်ကို ခိုစီးပြီး ရေဘေးကနေ လွတ်မြောက်သွားတယ်။ ပုရွက်ဆိတ်လေးဟာ ‘ကျေးဇူးတင်လိုက်တာ ငှက်ကလေးရယ်'လို့ ပြောလိုက်တယ်။

နောက်တစ်နေ့ရောက်တော့ ပုရွက်ဆိတ်ဟာ အစာရှာထွက်ပြန်တယ်။ မမျှော်လင့်ဘဲ လူတစ်ယောက် ဟာ သစ်ပင်ပေါ်မှာ အသိုက်အသစ်ပြန်ဆောက်နေတဲ့ ငှက်ကို လေးခွနဲ့ ပစ်ဖို့ချိန်နေတာကို တွေ့လိုက်တယ်။ ဒါနဲ့ ပုရွက်ဆိတ်ဟာ “ဒီငှက်ဟာငါ့အသက်ကိုကယ်ခဲ့ဖူးတာပဲ၊ ငါလည်းသူ့အသက်ကိုကယ်ရမယ်’ဆိုပြီး အဲဒီလူရဲ့ခြေထောက်ကို ပြေးကိုက်လိုက်တယ်။ ပုရွက်ဆိတ်အကိုက်ခံရတာကြောင့် အဲဒီလူဟာ ‘အား’လို့ အော်လိုက်တယ်။ အဲဒီလူရဲ့အသံကြောင့် ငှက်ဟာလန့်ပြီး ပျံသွားတယ်။ ဒါနဲ့ပဲ ပုရွက်ဆိတ်ဟာ ငှက်ကို ပြန်လည်ကူညီလိုက်ရတဲ့အတွက် အလွန်ဝမ်းသာပီတိ ဖြစ်ရတော့သတဲ့။ (ကယော-ကယားပုံပြင်)

၂၀။ အရိပ်လိုလျှင် အပင်မခုတ်နဲ့

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ရွာတစ်ရွာမှာ ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။ အဲဒီညောင်ပင်ကြီးရဲ့ အရိပ်မှာ သွားလာသူတိုင်းက အမောပြေအပန်းဖြေလေ့ရှိကြတယ်။

တစ်နေ့တော့ လူငယ်တစ်စုက အဲဒီညောင်ပင်ကြီးကိုခုတ်ပြီး ညောင်စေးတွေကို အများကြီးထုတ်ယူ ခဲ့ကြတယ်။ ကြာလာတဲ့အခါကျတော့ အဲဒီညောင်ပင်ကြီးဟာ ခြောက်ကပ်ပြီး သေသွားပါတယ်။ အဲဒီ ညောင်ပင်ခြောက်ကြီးပေါ်မှာ ပုရွက်ဆိတ်လေးတွေစုလာကြပြီး သစ်ပင်နားမှာ လာတဲ့ သူမှန်သမျှကို ဝိုင်းကိုက် လိုက်ကြတယ်။

အဲဒီအချိန်မှာ လူငယ်တစ်စုက စိတ်ဆိုးပြီး ညောင်ပင်ခြောက်ကြီးကို ခုတ်ပစ်ကာ “အကျိုးမရှိ၊ အသုံးမကျတဲ့ ညောင်ခြောက်ကြီး”လို့ ကျိန်ဆဲပြီး ပုဆိန်နဲ့ ခုတ်၊ လွှနဲ့ ဖြတ်လိုက်ကြတယ်။ အဲဒီအချိန်မှာ ညောင်ခြောက်ကြီးထလာပြီး “ငါ့အရိပ်မှာ ခိုနားတဲ့အချိန်တွေ နည်းနည်းလေးတောင် မမှတ်မိကြတော့ ဘူးလား”ဟု ပြန်ပြောလိုက်ပါတယ်။

“ငါ့ရဲ့အစေးတွေကို မထုတ်ဘဲ အကိုင်းအခက်တွေမခုတ်ရင် အမြဲစိမ်းပြီး ငါ့အရိပ်မှာ ခိုနားနိုင် မှာလေ”လို့လည်း ပြောလိုက်ပါတယ်။

ပြီးတော့ “အရိပ်လိုလျှင် အပင်မခုတ်နဲ့ပေါ့”လို့ ပြောလိုက်သတဲ့ကွယ်။ အဲဒီမှာတင် လူငယ်တစ်စု သူတို့ မဆင်မခြင် ညောင်ပင်ကြီးကို ခုတ်မိကြတာ နောင်တရတော့သတဲ့ကွယ်။ (ငေါန်-ချင်းပုံပြင်)

၂၁။ အောက်ချင်းငှက်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက်ရှိတယ်။ ငှက်တွေနေတတ်တဲ့ အသိုက်တွေကိုရှာဖို့ တောထဲ ထွက်လာတယ်။ ကျောက်တုံးကြီးအပေါ်ရှိ သစ်ပင်ထိပ်ဖျားပေါ်မှာ အောက်ချင်းငှက်တစ်သိုက်ကို တွေ့လိုက် တယ်။ ဒါနဲ့ အစ်ကိုကြီးက တက်ပြီး ငှက်သိုက်ကိုကြည့်လိုက်တော့ ငှက်ဥသုံးလုံး တွေ့ လိုက်တယ်။ သူ့ညီက ဥယူလာဖို့ ပြောတယ်။ ဒါနဲ့ ဥတစ်လုံးကို အိတ်ကပ်ထဲ ထည့်ပြီး ယူလာတယ်။ သစ်ကိုင်းနဲ့ ထိပြီး ကွဲသွားတယ်။ နောက်တစ်လုံးကို လွယ်အိတ်ထဲ ထည့်ပြီးယူလာတယ်။ ဒါပေမဲ့ သစ်ကိုင်းနဲ့ ထိပြီး ကွဲသွားပြန်တယ်။နောက်ဆုံး တစ်လုံးကို ပါးစပ်ထဲထည့်ပြီး ယူလာတော့ ပါးစပ်ထဲမှာကွဲပြီး မျိုချမိတယ်။ ချက်ချင်းပဲ အောက်ချင်းငှက် ဖြစ်သွားတယ်။ ညီလေးကတော့ ငိုတာပေါ့။ အစ်ကိုက သူ့ အရိပ်အတိုင်း လိုက်ဖို့မှာတယ်။ နောက်ဆုံးရွာ ပြန်ရောက်တယ်။

သူ့ညီလေးရဲ့ စားဝတ်နေရေးအတွက် အစ်ကိုဖြစ်တဲ့ အောက်ချင်းငှက်က သွန်သင်လမ်းပြတယ်။ နောက်ဆုံးမှာတော့ ညီက ပစ္စည်းဥစ္စာကြွယ်ဝတဲ့အပြင် သီးနှံတွေလည်း ကြွယ်ဝလာတယ်။ သုံးနှစ်ပြည့်တဲ့ အခါ အောင်ပွဲလုပ်ဖို့အတွက် သူ့ညီနဲ့ ရွာသားတွေက အောက်ချင်းငှက်တောင်ပံနဲ့ အမြီးကို တောင်းကြတယ်။ အစ်ကိုအောက်ချင်းငှက်က စေတနာထားပြီး သူ့ညီတို့ လိုချင်သလောက်ပေးလိုက်တော့ အစ်ကိုကြီးဟာ မပျံနိုင်တော့ဘူး။ ညီက သူပွဲလုပ်တဲ့အချိန်တွင်းသာမက အစ်ကိုအောက်ချင်းငှက် အမြီးအတောင် ပြန်စုံတဲ့ အထိ ပြုစုလိုက်တယ်။ အမွေးအတောင်တွေပြန်စုံလာတော့ ညီကိုနှုတ်ဆက်ပြီး ပျံသွားတော့တယ်။

ဒီအချိန်ကစပြီး အောက်ချင်းငှက်ဟာ ပြန်မလာတော့ပေမဲ့ အောက်ချင်းငှက်ရဲ့ နည်းပေးလမ်းပြ မှုကြောင့် ချင်းလူမျိုးတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို လုပ်တတ်လာကြတယ်။

ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်ကို အမြတ်တနိုးထားတဲ့အပြင် ချင်းလူမျိုးတွေရဲ့ အမှတ်အသားတစ်ခုအဖြစ်လည်း အသုံးပြုကြတယ်။ (စီယင်း-ချင်းပုံပြင်)

၂၂။ စာနာတတ်တဲ့ ဝက်ဝံကြီး

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကလေးတွေဟာ လွယ်အိတ်၊ လောက်စာလုံး၊ လေးခွကိုယ်စီနဲ့ သရက်သီးခူးဖို့ တောထဲထွက်လာကြသတဲ့။ အဲဒီအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် အိမ်ကို မပြန်နိုင်ကြဘဲ မိုးရေတွေနဲ့ တောထဲမှာ အချိန်အကြာကြီး နေကြရသတဲ့။ အိမ်မှာကျန်ခဲ့တဲ့ မိဘတွေလည်း အလွန်စိတ်ပူနေကြသတဲ့။ မိုးကလည်းဆက်တိုက်သာ ရွာသွန်းနေတာပေါ့။ မိုးရေတွေထဲမှာ ကလေးတွေဟာ အရမ်းချမ်းလာတာကြောင့် အအေးမိကုန်ကြပြီး အားလုံးသတိလစ်သွားကြတော့သတဲ့။

အဲဒီအချိန်မှာ ဝက်ဝံကြီးတစ်ကောင်ဟာ သတိလစ်ပြီးလဲနေကြတဲ့ ကလေးတွေနားကို ရောက်လာ သတဲ့။ ဝက်ဝံကြီးက သတိလစ်နေတဲ့ ကလေးတွေကို သနားတာကြောင့် ကလေးတွေအားလုံးကို သူ့ရဲ့ ရင်ခွင်ထဲမှာ ပွေ့ထားပြီး အနွေးဓာတ်လည်းရအောင် မိုးရေလည်းထပ်မစိုအောင် လုပ်ပေးသတဲ့။

မနက်မိုးလင်းလာတော့ ကလေးတွေလည်း ဝက်ဝံကြီးရဲ့ ရင်ခွင်ထဲက အနွေးဓာတ်ကြောင့် သတိရ လာကြပြီး ဝက်ဝံကြီးရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်နေကြတာကို အလွန်အံ့ဩဝမ်းသာကြသတဲ့ကွယ်။

ကလေးတွေဟာ အရမ်းဗိုက်ဆာကြပြီး ငိုကြတာပေါ့။ ဝက်ဝံကြီးက သရက်သီးခူးပြီး ကလေးတွေကို ကျွေးလိုက်သတဲ့။ ကလေးတွေလည်း အားပါးတရစားကြတာပေါ့။ ဒီလိုနဲ့ ဝက်ဝံကြီးနဲ့အတူ ကလေးတွေဟာ ပျော်ပါးနေကြသတဲ့။

နောက်နေ့ရောက်တဲ့အခါ ကလေးတွေရဲ့ မိသားစုတွေနဲ့ ရွာသူရွာသားတွေဟာ ကလေးတွေကို လိုက်ရှာကြသတဲ့။ ကလေးတွေကလည်း သူတို့မိဘတွေရဲ့ အသံကိုကြားတဲ့အခါ “ဖေဖေ မေမေ”လို့ အော်ခေါ်ကြသတဲ့။ မိဘတွေကလည်း ကလေးတွေရဲ့ အသံကိုကြားပြီး ကလေးတွေရှိရာကို လိုက်သွားတော့ သူတို့ကလေးတွေ ဘာမှမဖြစ်ဘဲ အသက်ရှင်နေတာကို တွေ့ကြသတဲ့။ အဲဒီလိုနဲ့ ကလေးတွေရယ်၊ သူတို့မိဘတွေရယ် ပျော်ရွှင်စွာနဲ့ ဝက်ဝံကြီးကို နှုတ်ဆက်ပြီး ရွာကိုပြန်သွားကြသတဲ့ကွယ်။ (လင်သဲစာပေ ပုံပြင်)

၂၃။ လီဆူ နှစ်သစ်ကူးသစ်ပင်

[ပြင်ဆင်ရန်]

ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သဘောကောင်းတဲ့ နိုနီးခေါ် အမျိုးသမီးတစ်ယောက်ရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိပြီး အကြီးက မွေးစားသားဖြစ်တယ်။ အငယ်ကတော့ နိုနီးရဲ့ သားအရင်းဖြစ်ပါတယ်။ တစ်နေ့တော့ နိုနီး တောင်ယာကအပြန်မှာ စစ်သူကြီးနှင့်တွေ့တော့ စစ်သူကြီးက အငယ်ကိုတော့ လမ်းလျှောက်ခိုင်းပြီး အကြီးကိုတော့ ဘာလို့ပိုးထားသလဲလို့ မေးတယ်။ နိုနီးက မွေးစားသားဖြစ်လို့ ပိုးထားတယ်လို့ပြောတဲ့အတွက် စစ်သူကြီးက သဘောကောင်းတဲ့ နိုနီးကို မင်းအခုအိမ်ပြန်ပြီး အိမ်ရှေ့မှာ သစ်ပင်စိုက်ထားပါ။ ဘုရင်ကြီးက တစ်ရွာလုံးဖျက်ဆီးဖို့ လွှတ်လိုက်လို့ ငါတို့လာတာ။ ဒါပေမဲ့ မင်းအိမ်ကိုတော့ ချန်ထားမယ်လို့ ပြောလိုက်တယ်။

နိုနီးလည်း အမြန်ပြန်လာရင်းနဲ့ တစ်ရွာလုံးမရှိရင်ငါ့တစ်အိမ်ပဲ ကျန်နေလို့မဖြစ်ဘူး။ တစ်ရွာလုံး ကျေးဇူးနဲ့ ငါတို့က အသက်ရှင်နေတာ။ ဒါကြောင့် ရွာကိုကူညီမယ်လို့စဉ်းစားတယ်။ အိမ်ကိုရောက်တော့ ကလေးနှစ်ယောက်ကို သိပ်ထားခဲ့ပြီး တစ်ညလုံး တောထဲက သစ်ပင်တွေကို ခုတ်တယ်။ ပြီးတော့ရွာထဲက အိမ်တွေရှေ့မှာ သစ်ပင်တွေ စိုက်ပေးတော့တာပေါ့။ တစ်ညလုံး သစ်ပင်တွေကိုခုတ်လိုက် အိမ်ရှေ့မှာ စိုက်လိုက်နဲ့ နိုနီးတစ်ယောက်တည်း လုပ်နေတာပေါ့။

မိုးလင်းတော့ နိုနီးလည်းပင်ပန်းနေတဲ့အတွက် သူအိမ်ရှေ့မှာ သစ်ပင်မစိုက်နိုင်တော့ဘူး။ စစ်သူကြီးက ရွာထဲကိုရောက်လာတော့ တစ်ရွာလုံးရဲ့အိမ်ရှေ့မှာ သစ်ပင်တွေ စိုက်ထားလို့ အံ့ဩသွားတယ်။ သေချာ လိုက်ကြည့်တော့ သစ်ပင်မစိုက်ထားတဲ့ အိမ်တစ်အိမ်တွေ့တယ်။ ဝင်သွားကြည့်တော့ နိုနီး အိမ်ဖြစ်နေ တယ်တဲ့။ စစ်သူကြီးကလည်း “ဒါဘယ်လိုဖြစ်တာလဲ... လို့မေးလိုက်တော့ နိုနီးကလည်း “စစ်သူကြီး ကျန်းမာပါစေ၊ တစ်ရွာလုံးမရှိလို့ မဖြစ်ဘူး။ သစ်ပင်မစိုက်ထားတဲ့ ကျွန်မအိမ်ကိုသာ ဖျက်လိုက်ပါ”လို့ ပြောလိုက်တယ်။ စစ်သူကြီးလည်း “မင်းက တစ်ရွာလုံးကိုကူညီတဲ့အတွက် မင်းကိုဆုချမယ်။ ဘုရင်ကြီးကိုလည်း တောင်းပန်ပေးမယ်”လို့ ပြောတယ်။ တစ်ရွာလုံးကလည်း နုနီးကို ကျေးဇူးတင်ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သစ်ပင်ကို ဝိုင်းပြီး ကကြတာပေါ့။ အဲဒီချိန်ကစပြီး လီဆူတိုင်းရင်းသားတွေက နှစ်သစ်ကူးရောက်တိုင်း အိမ်ရှေ့မှာ သစ်ပင်စိုက်ကြတာပေါ့။ (လီဆူ-ကချင်ပုံပြင်)

၂၄။ သူများမကောင်းကြံ ဘေးဒဏ်ထိ

[ပြင်ဆင်ရန်]

တစ်ခါတုန်းက ကြောင်ဖြူလေးတစ်ကောင်ဟာ အိမ်ဖြူလေးတစ်လုံးပိုင်တယ်။ အဲဒီအိမ်လှလှလေးကို ဆိတ်မကြီးတစ်ကောင်က လုယူလိုက်တယ်။ အဲဒီကြောင်ဖြူလေးဟာ အရမ်းကိုစိတ်ပျက်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတယ်ကွယ်။ ဒီချိန်မှာ ကြောင်ဖြူလေးကို ခြင်္သေ့က မြင်လိုက်တယ်။ ခြင်္သေ့ကလည်း ငါကယ်မယ်လို့ပြောပြီး အိမ်ဖြူလေးဆီကို ပြန်သွားကြတယ်။ အဲဒီအချိန်မှာ ဆိတ်မကြီးက ငါ့ချိုလည်း ရှည်တယ်။ အမြီးလည်း ရှည်တယ်။ ငါ့အမြီးတစ်ချက် လှုပ်လိုက်ရင် လူအများကြီး သေတယ်လို့ ပြောလည်း ပြောရော ခြင်္သေ့နှင့် ကြောင်ဖြူလေးက ကြောက်ပြီး ပြန်ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ကြောင်ဖြူလေးဟာ ခြေဦးတည် ရာလျှောက်သွားပြန်တော့ ကဏန်းကြီးတစ်ကောင်နှင့် တွေ့တယ်။ ကြောင်ဖြူလေးကလည်း သူ့ အခက်အခဲကို ပြောပြလိုက်တယ်။ ငါကယ်မယ်ဆိုပြီး ဆိတ်မကြီး ဆီကို ပြန်သွားကြတယ်။ ဆိတ်မကြီးကလည်း အရင်လိုကြွားပြီး ပြောလိုက်တယ်။ ကဏန်းကြီးကလည်း ငါမကြောက်ဘူး ထွက်ခဲ့စမ်းပါလို့ ပြောလိုက်တယ်။ ဆိတ်မကြီးလည်း တံခါးဖွင့်ပြီး ထွက်လိုက်တယ်။ ကဏန်းကြီးကလည်း ဆိတ်မကြီးရဲ့ အမြီးကို ညှပ်ပစ်လိုက်တယ်။

ဆိတ်မကြီးလည်း နာလွန်းလို့ ထွက်ပြေးသွားတယ်။ ကြောင်ဖြူလေးလည်း သူ့အိမ်ကို ပြန်သွား ရတယ်။ အဲဒီအချိန်ကစပြီး သူများကို မကောင်းကြံတဲ့ ဆိတ်မကြီးဟာ အမြီးတိုလေးဖြစ်သွားတယ်။ ဒီနေ့အထိ ဆိတ်တွေဟာ အမြီးတိုလေးနဲ့ပဲ နေရတော့တယ်။ (ငေါန်-ချင်းပုံပြင်)

၂၅။ ကြက်မနှင့် ဘောက်ကယ်ငှက်

[ပြင်ဆင်ရန်]

ဟိုးရှေးရှေးတုန်းက ဒေါ်ကြက်မနဲ့ မဘောက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တော်တော်ချစ်ခင်ကြတယ်။ အချင်းချင်း ကူညီကြ၊ အတူကစားကြ၊ အတူစားကြ၊ အတူ သွားကြတယ်။ မဘောက်ကယ်က ဒေါ်ကြက်မရဲ့ ဖင်က အမွေးနီနီ၊ လှလှလေးကို အလွန်လိုချင်တယ်။ တစ်နေ့တော့ မဘောက်ကယ်က “ဒေါ်ကြက်မကြီးရယ်၊ ကျေးဇူးပြုပြီး၊ အဒေါ်ရဲ့ ဖင်ပိုင်းက အမွေးနီနီကြီးကို ကျွန်မကိုပေးပါလား၊ အရမ်းလှလို့၊ ကျွန်မနဲ့ဆို အလွန်လိုက်ဖက်မှာပဲ”လို့ တောင်းပန်ရှာတယ်။ ဒေါ်ကြက်မ ကလည်း “ဟာ မဖြစ်နိုင်ဘူး၊ မပေးနိုင်ဘူး၊ ကျွန်မလည်းလှချင်တာပေါ့လို့ ပြန်ပြောတယ်။ မဘောက်ကယ်က အမွေးနီနီလေးကို နေ့တိုင်းလိုလို တောင်းတယ်။

တစ်နေ့တော့ ဒေါ်ကြက်မကလည်း သူ့ မိတ်ဆွေ မဘောက်ကယ်ကို သနားလာတယ်။ “ကဲ... မဘောက်ကယ်၊ တကယ်လို့ မင်းကို ငါ့အမွေးနီနီပေးရင် နင်က ငါ့ကိုဘာပြန်လုပ်ပေးမလဲ” လို့ ပြောတယ်။ မဘောက်ကယ် “အော်ဟုတ်ပြီ ဒေါ်ကြက်မ၊ ကျွန်မကို အမွေးနီနီလေးပေးရင် ကျွန်မက အဒေါ်ချက်ချင်း မမြင်တဲ့ အဒေါ်ရဲ့ရန်သူ သိန်းငှက်လာတာနဲ့ ကျွန်မ ချက်ချင်းအချက်ပေးမယ်။ ကျွန်မက တစ်သက်လုံး ကင်းစောင့်ပေးမယ်။ အဒေါ်ရဲ့ မျိုးဆက်အားလုံးကိုလည်း ကျွန်မတို့ အမျိုးတွေက စောင့်ရှောက် ပေးမယ်”လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် ကတိပေးကြတယ်။ ကတိပေးပြီး နောက်ပိုင်းတော့ ဒေါ်ကြက်မက သူ့အမွေးနီလေးကို နုတ်ပြီး မဘောက်ကယ်ကို ပေးလိုက်တယ်။

မဘောက်ကယ်ကလည်း အမွေးနီနီလေး သူ့ဆီမှာ တပ်လိုက်တဲ့အတွက် သိပ်ကိုလှသွားတယ်။ ပျော်လဲပျော်တာပေါ့၊ ဒေါ်ကြက်မကလည်း သူ့ အမွေးနီလေး ပေးလိုက်ရပေမဲ့၊ မဘောက်ကယ် ပျော်နေတာ၊ လှနေတာကို မြင်တော့ ကျေနပ်သွားတယ်။ ပျော်လဲပျော်သွားတယ်။ ဒါနဲ့ ဒီနေ့ထိ ဒေါ်ကြက်မရဲ့ ကလေး တွေကို ခိုးချီဖို့ သိန်းငှက်က တိတ်တိတ်လေး သစ်ပင်ပေါ်က ချောင်းနေတာပဲဖြစ်ဖြစ်၊ မိုးကောင်းကင်ပေါ်က ပျံဝဲနေတာကိုပဲဖြစ်ဖြစ် မဘောက်ကယ်က ချက်ချင်းမြင်တာနဲ့ “ကတ်... ကတ်... ကတ်... ကတ်... ကတ်.. နဲ့ အသံပေးတယ်။ အသံကြားတာနဲ့ ဒေါ်ကြက်မကလည်း သူ့ ကလေးတွေ ခေါ်သွားပြီး၊ လုံခြုံတဲ့နေရာကို ချက်ချင်းပြေးတော့ ရန်သူသိန်းငှက် လက်ကနေ လွတ်သွားတယ်။ ဒေါ်ကြက်မကလည်း မဘောက်ကယ်ကို ဒီနေ့ထိ ကတိတည်နေလို့ သိပ်ကိုကျေးဇူးတင်တယ်။ မဘောက်ကယ်ကလည်း ဒေါ်ကြက်မကို ဒီကနေ့ထိ သိပ်ကို ကျေးဇူးတင်လို့မဆုံးဘူး။ မိတ်ဆွေကောင်းတွေ အတူတူနေသွားကြတာပေါ့။ (မရာ-ချင်းပုံပြင်)

၂၆။ သူငယ်ချင်းတွေ ချစ်ကြမယ်

[ပြင်ဆင်ရန်]

ဟိုးရှေးရှေးတုန်းက သူငယ်ချင်း သုံးယောက်ရှိတယ်။ သူတို့ဟာ တောထဲမှာ ထင်းခုတ်ဖို့ ထွက်လာကြရင်း တောင်စောင်းကနေ လျှောပြီး တောင်အောက်ကို လိမ့်ဆင်းသွားကြတယ်။ တောင်အောက် ရောက်တဲ့အခါ တစ်ယောက်က မျက်လုံးစွေသွားတယ်။ တစ်ယောက်က ပါးရွဲ့သွားပြီး နောက်ဆုံးတစ် ယောက်က ခါးကုန်းသွားသတဲ့ကွယ်။ သူတို့လည်း တောထဲကို ဆက်ဝင်လာကြတာ တောစပ်နားရောက်တော့ ထွန်ခြစ်တစ်ချောင်းကို တွေ့တဲ့အခါ “ကိုပါးရဲ့” က ကောက်ကိုင်ပြီး ထမ်းလာတယ်။ ရေကန်နားရောက်တော့ လိပ်တစ်ကောင်ကို ထပ်တွေ့ပြန်ရော။ လိပ်ကိုတော့ “ကိုစွေ”က သူရဲ့ ပလိုင်းထဲ ကောက်ထည့်လာတယ်။ နောက်နေ့မနက် မိုးလင်းတော့ ရွာအဝင်နားမှာ ဗုံတိုလေးတစ်လုံးကို တွေ့တယ်။ “ကိုခါးကုန်း” က ဗုံတိုလေးကို သူ့ပလိုင်းထဲ ကောက်ထည့်လာတယ်။

ဒီလိုနဲ့ ခရီးဆက်လိုက်တာ တောအုပ်ကြီးတစ်ခုထဲကို ရောက်သွားတယ်။ အဲဒီတောအုပ်ကြီးမှာ ဘီလူးကြီးတစ်ကောင်ရှိသတဲ့။ သူတို့ကို ဘီလူးကြီးကမြင်တော့ “ဟေ့ ငါ့ပိုင်နက်ထဲကို ငါ့ခွင့်ပြုချက်မရဘဲ ဝင်လာတဲ့ မင်းတို့ကို ငါစားမယ်”လို့ ပြောသတဲ့၊ အဲဒီတော့ “ကိုခါးကုန်း”က “မရဘူး မင်းနဲ့ ငါတို့ ပြိုင်ကြမယ်”လို့ ပြောလိုက်တယ်။ ဘီလူးကြီးကလည်း “ကောင်းပြီ- ငါနိုင်ရင် မင်းတို့ကိုစားမယ်” ၊ “မင်းတို့ နိုင်ရင် ရွှေတွေ ငွေတွေ ပေးမယ်”လို့ ပြောလိုက်တယ်။

ပထမဆုံး “ဘီလူးကြီး”က “မင်းတို့မှာ ဒီလိုမျိုးရှိသလား”လို့ ပြောပြီး သူ့ခေါင်းပေါ်က သန်း တစ်ကောင်ကို ပစ်ချလိုက်တယ်။ အဲဒီတော့ “ကိုစွေ”ကလည်း ဒီမှာကြည့်ဆိုပြီး သူ့ပလိုင်းထဲက လိပ်ကြီးကို ထုတ်ပြလိုက်တော့ ဘီလူးကြီးရှုံးသွားတယ်။ နောက်တစ်ခါ “ဘီလူးကြီး” က “မင်းတို့မှာ ဒီလိုမျိုးရှိသလား”လို့ ပြောပြီး ဘီးတစ်ချောင်း ပစ်ချလိုက်တယ်၊ အဲဒီတော့ “ကိုရဲ့”ကလည်း ဒီမှာကြည့်ဆိုပြီး သူထမ်းလာတဲ့ ထွန်ခြစ်ကြီးကို ပစ်ချပေးလိုက်တော့ ဒုတိယအကြိမ် ဘီလူးကြီးရှုံးသွားပြန်တယ်။ နောက်ဆုံးအကြိမ် “ဘီလူး ကြီး”က “မင်းတို့မှာ ဒီလိုမျိုးရှိသလား”လို့ ပြောပြီး အီးပေါက်လိုက်တာ “ဘူး”လို့ အကျယ်ကြီးမြည်သွားတယ်။ “ကိုခါးကုန်း”က ဒီမှာကြည့်ဆိုပြီး ဗုံကို ထုတ်ပြီး “ဗုံ... ဗုံ”လို့ အကျယ်ကြီး မြည်အောင်တီးလိုက်တယ်။

အဲဒီတော့ ဘီလူးကြီး အရှုံးပေးလိုက်ရတယ်။ ရွှေတွေ ငွေတွေကိုလည်း ပေးလိုက်ရတာပေါ့။ ရွှေတွေငွေတွေကို ရပြီး ခွဲဝေယူကြတဲ့အခါ သုံးဦးသားစကားများ ရန်ဖြစ်ကြတော့တယ်။ ရန်ဖြစ်ကြရင်း “ကိုပါးရဲ့”က “ကိုစွေ”ရဲ့ မျက်လုံးကိုထိုးလိုက်တာ စွေနေတဲ့မျက်လုံး ပြန်တည့်သွားတယ်။ “ကိုစွေ”ကလည်း ဘေးနားမှာရှိတဲ့ “ကိုခါးကုန်း”ရဲ့နောက်ကျောကို ကန်ထည့်လိုက်တာ “ကိုခါးကုန်း”လည်း ခါးပြန်ဆန့်သွားတယ်တဲ့။ “ခါးကုန်းကြီး”ကလည်း သူ့ဘေးမှာရှိတဲ့ “ကိုပါးရွဲ့”ရဲ့ပါးကို စိတ်ဆိုးပြီး ရိုက်လိုက်တာ ပါးလည်း ပြန်တည့် သွားတယ်တဲ့။

“ဟေ့ ကြည့်စမ်း တို့အားလုံး ပြန်ကောင်းသွားကြပြီ

ငါလည်း မျက်လုံးမစ္စေတော့ဘူး”

“ငါလည်း ပါးမရွေ့တော့ဘူး။”

“ငါလည်း ခါးမကုန်းတော့ဘူး။”

ငါတို့သူငယ်ချင်းတွေလည်း ရန်မဖြစ်တော့ဘူး စည်းလုံးညီညွတ်လို့ တို့တွေဘီလူးကြီးကို နိုင်ခဲ့တာ နောက်လည်းပဲ အမြဲစည်းလုံးညီညွတ်ရမယ်ဆိုပြီး သူတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ခရီးအတူတူ ဆက်သွား ကြပါတော့တယ်။ (ကရင်ပုံပြင်)

၂၇။ လူသားနဲ့ ဆင်

[ပြင်ဆင်ရန်]

ရှေးရှေးတုန်းက ဆင်နဲ့ ခြင်္သေ့တို့ဟာ မိတ်ဆွေဖွဲ့ပြီး အတူနေထိုင်ကြသတဲ့။ တစ်နေ့မှာ သူတို့ နှစ်ကောင် ချောင်းထဲကို ရေသောက်ဆင်းအလာမှာ လှေလှော်လာတဲ့ လူသားနှစ်ဦးကိုတွေ့ သတဲ့။ “ကိုဆင်ကြီးရေ ကြည့်ပါဦး၊ ဦးခေါင်းမည်းတဲ့လူသားတွေ ဉာဏ်ကောင်းလိုက်ပုံကတော့ အသက် မရှိတဲ့ သစ်လုံးကြီးကိုတောင်စီးပြီး ခိုင်းစားနေတာတွေ့ ရဲ့လား'လို့ ပြောတယ်။

“တွေ့ပါတယ် ကိုခြင်္သေ့ရာ ... သူတို့ကို သိပ်အထင်မကြီးပါနဲ့’လို့ ဆိုသတဲ့။ ‘ငါကတော့ စိုးရိမ်တယ် ကိုဆင်ရာ..... တို့ကိုလည်း ဉာဏ်ဆင်ပြီး ခိုင်းစားမှာကို ကြောက်တယ်ကွာ' ဒီလိုနဲ့ ရေသောက် ပြီးလို့ ပြန်တက်လာတော့ တောစပ်လယ်တောနားမှာ လယ်ထွန်နေတဲ့ ကျွဲကြီးတစ်ကောင်နဲ့ တွေ့သတဲ့။ “တွေ့လားကိုဆင် ကိုကျွဲကြီးကိုလည်း ဦးခေါင်းမည်းတဲ့လူတွေက နှာခေါင်းမှာ ကြိုးတပ်ပြီး ခိုင်းစားနေပြန်ပြီ။

“မကြောက်ပါနဲ့ ကိုခြင်္သေ့ရာ ... လူခေါင်းမည်းရဲ့ ဦးခေါင်းဟာ ငါ့ချေးတုံးလောက်တောင် မကြီးတဲ့ဟာ.... ငါတော့ မကြောက်ဘူးဟေ့လို့ ဆိုသတဲ့။

“ကိုဆင်ကြီးရေ... ဒီလူဦးခေါင်းမည်းတွေဟာ တို့တွေထက် ကိုယ်ခန္ဓာငယ်ပေမဲ့ တွေးတော ဆင်ခြင်နိုင်တဲ့ အသိပညာ၊ ဉာဏ်ပညာပိုကြီးတဲ့သူတွေဖြစ်ကြတယ်၊ သူတို့နဲ့ ဝေးတဲ့ ဟိမဝန္တာတောကို ပြောင်းကြစို့”လို့ ပြောသတဲ့။

ဆင်ကြီးက ‘ငါကတော့ မကြောက်ဘူးဟေ့...မင်းကြောက်ရင်လည်း ပြေးပေါ့ ကိုခြင်္သေ့ရာ...” လို့ ပြောတော့ ခြင်္သေ့က ‘ငါကတော့ မနေရဲဘူး ပြောင်းတော့မယ်။ မင်းလည်း သတိထားပြီး နေရစ်ပါ' လို့ မှာသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ လူသားတွေဟာ ဆင်ကြီးကို ကြိုးတွေနဲ့ဖမ်းပြီး ရွာကိုခေါ်သွားသတဲ့။ ပြီးတော့ ယဉ်ပါးအောင်သင်ကြားပေးလို့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားခဲ့တာပေါ့။ တိုင်းခမ်းတီရှမ်းတွေဟာ ဆင်တွေကို လယ်ယာထွန်ယက်ခြင်း၊ သစ်ထုတ်လုပ်ခြင်း ပုခက်ဆင်၍ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းစတဲ့ လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးဝင်တဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်အောင် မွေးမြူလေ့ကျင့် ပေးခဲ့ကြပါတယ်။ (တိုင်းခမ်းတီ’ရှမ်းပုံပြင်)

၂၈။ ဆိတ်သုံးကောင်နှင့် ဘီလူးကြီး

[ပြင်ဆင်ရန်]

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုမှာ ကိုကြီး၊ ကိုလတ်၊ ကိုလေး ဆိုတဲ့ ဆိတ်ညီနောင် သုံးကောင်ရှိတယ်။ သူတို့ဟာ တံတားရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ မြက်ချိုချိုတွေကို စားချင်ကြတယ်။ တံတားရဲ့ အောက်မှာ ဘီလူးကြီးတစ်ကောင်နေပြီး တံတားပေါ်ကို ဖြတ်လျှောက်တဲ့သူတွေကို ဖမ်းစားလေ့ရှိတယ်။ တစ်နေ့မှာ ကိုလေးက “ကိုကြီးနဲ့ ကိုလတ်ရေ၊ ကျွန်တော်တော့ တံတားပေါ်က ဖြတ်လျှောက်ပြီး ဟိုဘက်ကမ်းက မြက်ချိုချိုတွေကို သွားစားချင်တယ်”လို့ ပြောလိုက်တယ်။ ဒါနဲ့ ကိုလေးဆိတ်က တံတားဆီကို လျှောက်သွားတာပေါ့။ တံတားပေါ်ကို “ဒေါက် ဒေါက် ဒေါက်”နဲ့ ဖြတ်လျှောက်လိုက်တယ်။ ဘီလူးကြီးက ကြားတော့ “ဟေ့... ငါ့တံတားပေါ်က ဖြတ်လျှောက်တာ ဘယ်သူလဲကွ”လို့ အော်ပြီး မေးလိုက်တယ်။

“ကျွန်တော် ကိုလေးဆိတ်ပါခင်ဗျာ”လို့ ပြန်ပြောလိုက်တယ်။ ဘီလူးကြီးက “မင်းကိုငါ ဖမ်းစားရ လိမ့်မယ်”လို့ ပြောသတဲ့ကွယ်။

“မလုပ်ပါနဲ့ခင်ဗျာ ကျွန်တော်က ဘီလူးကြီးစားဖို့ သေးငယ်လွန်းပါတယ်။ ခဏလေးနေရင် ကိုလတ် လာမှာမို့ သူ့ကိုစောင့်လိုက်ပါဦးခင်ဗျာ၊ သူက ကျွန်တော့်ထက် ပိုထွားတဲ့အတွက် ပိုစားလို့ကောင်းမှာပါ”လို့ ပြောလိုက်သတဲ့။

အဲဒီအခါမှာ ဘီလူးကြီးက “ဒါဖြင့် ကောင်းပြီ မင်းသွားတော့”လို့ပြောပြီး ဖြတ်ခွင့်ပြုလိုက်တာပေါ့။ ဒါနဲ့ ကိုလေးဟာ မြက်ခင်းစိမ်းလေးဆီကို ရောက်သွားတာပေါ့။ လာတယ်။

မကြာခင်မှာပဲ ကိုလတ်ဆိတ်လည်း တံတားပေါ်ကို “ဒေါက် ဒေါက် ဒေါက်”နဲ့ ဖြတ်လျှောက်လာတယ်။

အဲဒီအခါဘီလူးကြီးက “ဟေ့... ငါ့တံတားပေါ်က ဖြတ်လျှောက်တာဘယ်သူလဲကွ”လို့ အော်မေး လိုက်တယ်။ “ကျွန်တော် ကိုလတ်ဆိတ်ပါခင်ဗျာ”လို့ ပြန်ပြောသတဲ့ကွယ်။ “မင်းကို ငါ ဖမ်းစားရလိမ့်မယ်”လို့ ဘီလူကြီးက ပြောသတဲ့။ “မလုပ်ပါနဲ့ ခင်ဗျာ၊ ကျွန်တော့်အစ်ကိုကြီးကို စောင့်လိုက်ပါဦး။သူက ကျွန်တော့်ထက် ပိုထွားတော့ ပိုစားလို့ကောင်းမှာပါ”လို့ ပြောလိုက်သတဲ့ကွယ်။

အဲဒီအခါမှာ ဘီလူးကြီးက “ဒါဖြင့် ကောင်းပြီ၊ မင်းသွားတော့”လို့ပြောပြီး ဖြတ်ခွင့်ပြုလိုက်သတဲ့။ မကြာခင်မှာပဲ ကိုကြီးဆိတ်လည်း တံတားပေါ်ကို “ဒေါက် ဒေါက် ဒေါက်”နဲ့ ဖြတ်လျှောက်လာသတဲ့။

ဘီလူးကြီးက “ဟေ့ ငါ့တံတားပေါ်က ဖြတ်လျှောက်တာ ဘယ်သူလဲကွ”လို့ အော်မေးလိုက်တယ်။ အဲဒီအခါမှာ “ကျွန်တော် ကိုကြီးဆိတ်ပါခင်ဗျာ”လို့ ပြန်ပြောလိုက်တယ်။ ဘီလူးကြီးက “ငါ မင်းကို ဖမ်းစား ရလိမ့်မယ်”လို့ ပြောတယ်။

“ဖမ်းရဲရင်ဖမ်းကြည့်လေ”လို့ ကိုကြီးဆိတ်က ပြန်ပြောလိုက်တယ်။ ဘီလူးကြီးလည်း တံတားပေါ် တက်လာရော ကိုကြီးဆိတ်က သူ့ချိုကြီးနဲ့ တအားဝင်ရှေ့ပစ်လိုက်တဲ့အခါ ဘီလူးကြီးတံတားပေါ်က မြှောက်တက်သွားပြီး ရေထဲကို “ဗွမ်းခနဲ” ပြုတ်ကျသွားတယ်။ နောက်ဘယ်တော့မျှ ပြန်ပေါ်မလာတော့ဘူး တဲ့ကွယ်။

ဒီလိုနဲ့ ကိုကြီးဆိတ်၊ ကိုလတ်ဆိတ်နဲ့ ကိုလေးဆိတ်တို့ ဆိတ်ညီနောင်သုံးကောင်ဟာ မြက်စိမ်းစိမ်း လေးတွေကို အားပါးတရနဲ့ ပျော်ရွှင်စွာစားကြတော့တာပေါ့ကွယ်။

၂၉။ မှော်ငါးကလေး

[ပြင်ဆင်ရန်]

ဟိုးရှေးရှေးတုန်းက အဘိုးအိုတစ်ယောက်ရှိသတဲ့ကွယ်။

အဘိုးအိုဟာ နေ့တိုင်းမြစ်ထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ မျှားလို့ရတဲ့ငါးတွေကို ဈေးမှာ ရောင်းဖို့ မဟုတ်ဘဲ အိမ်မှာရှိတဲ့ အဘိုးနဲ့အဘွားစားဖို့ပဲ ဖမ်းတာဖြစ်တယ်။

တစ်နေ့မှာတော့ အဘိုးအိုဟာ အလွန်ထူးဆန်းတဲ့ ငါးတစ်ကောင်ကို ဖမ်းမိသတဲ့။ အဲဒီငါးလေးဟာ စကားပြောတတ်တယ်။ ငါးကလေးက “ကျွန်တော်ဟာ မှော်ငါးလေးဖြစ်ပါတယ်။ ကျွန်တော့်ကို လွှတ်ပေးရင် သင်အလိုရှိတာ ဘာမဆိုလုပ်ပေးပါ့မယ်”လို့ ပြောသတဲ့။

အဘိုးအိုကလည်း “သင်ဟာ မှော်ငါးလေးဖြစ်တဲ့အတွက် သင့်ကို ငါလွှတ်ပေးမယ် ငါဘာမျှ မလိုချင်ဘူး။ ငါ့မှာ အလုံအလောက်ရှိပါတယ်”လို့ပြောပြီး၊ အဘိုးအိုဟာ အိမ်ပြန်သွားတာပေါ့။ အိမ်လည်း ရောက်ရော အဘွားကို သူဖမ်းမိတဲ့ ငါးအကြောင်းပြောပြတယ်။ အဲဒီအခါမှာ အဘွားက “ဘာတောင်းလိုက် သလဲ” လို့ မေးလိုက်တယ်။ အဘိုးအိုက ဘာမျှမတောင်းလိုက်ပါဘူး၊ ငါတို့မှာ လိုမျှ မလိုဘဲလို့ ပြန်ပြော လိုက်တယ်။ အဲဒီအခါမှာ အဘွားက “ကျွန်မတို့မှာ လိုတာတွေ အများကြီးပဲလေ။ ဟင်းချက်တဲ့ အိုးတွေ ပေါက်ကုန်ပြီ။ ချက်စရာအိုးအသစ်တွေ လိုတယ်လို့ သွားပြောလိုက်ပါ”လို့ ပြောတယ်။ ဒါနဲ့ မြစ်ကို ပြန်သွားပြီး “မှော်ငါးလေး၊ မှော်ငါးလေး ဟင်းချက်ဖို့ အိုးအသစ်တွေ ငါလိုချင်တယ်”လို့ ပြောလိုက်တယ်။

အဲဒီအခါမှာ မှော်ငါးလေးပေါ်လာပြီး “အိမ်ကို ပြန်သွားပါ၊ ဟင်းချက်စရာအိုးအသစ်တွေ ရပါလိမ့်မယ်”လို့ ပြန်ပြောတယ်။

အဘိုးအိုကလည်း အိမ်ပြန်သွားတာပေါ့။ အိမ်လည်းပြန်ရောက်ရော ဟင်းချက်ဖို့အိုးအသစ်တွေ တွေ့ရတာပေါ့။

အဘွားက“ဒါ့အပြင် ဘာတွေတောင်းခဲ့သေးလဲ”လို့မေးတော့၊ အဘိုးအိုက “ဘာမျှမတောင်း လိုက်ပါဘူး၊ ငါတို့မှာလိုမျှ မလိုဘဲ”လို့ ပြောတယ်။

အဲဒီအခါ အဘွားက “ကျွန်မတို့မှာ လိုတာတွေ အများကြီးပဲလေ၊ ကျွန်မတို့အိမ်က သေးပြီး အိုနေပြီ၊ အိမ်အသစ်လိုတယ်လို့ သွားပြောလိုက်ပါဦး”လို့ ပြောလိုက်တယ်။

အဘိုးအိုက မြစ်ကို ပြန်သွားတယ်။ မြစ်ရောက်တော့ “မှော်ငါးလေး၊ မှော်ငါးလေး ငါအိမ် အသစ်တစ်လုံး လိုချင်တယ်”လို့ ပြောတော့ မှော်ငါးကလေးဟာ ပေါ်လာပြီး “အိမ်ကို ပြန်သွားပါ၊ အိမ်အသစ် တစ်လုံး ရပါလိမ့်မယ်”လို့ ပြန်ပြောတယ်။

အဘိုးအိုလည်း အိမ်ပြန်သွားတာပေါ့။ အိမ်လည်းပြန်ရောက်ရော အိမ်အသစ်တစ်လုံးကို တွေ့ရ တာပေါ့။ အဘွားက “ဒါ့အပြင် ဘာတွေတောင်းခဲ့သေးလဲ”လို့ မေးတော့၊ အဘိုးအိုက “ဘာမျှမတောင်း လိုက်ပါဘူး၊ ငါတို့မှာလိုမှ မလိုဘဲ”လို့ ပြောတယ်။

အဲဒီအခါအဘွားက “ကျွန်မတို့မှာ ပိုက်ဆံလိုတယ်လေ၊ ပိုက်ဆံတွေအများကြီးလိုတယ်လို့ သွားပြော လိုက်ပါဦး”လို့ ပြောလိုက်တယ်။

အဘိုးအိုက မြစ်ကို ပြန်သွားတယ်။ မြစ်ရောက်တော့ “မှော်ငါးလေး၊ မှော်ငါးလေး ပိုက်ဆံတွေ အများကြီးလိုချင်တယ်”လို့ ပြောတော့ မှော်ငါးကလေးဟာ ပေါ်လာပြီး “အိမ်ကို ပြန်သွားပါ၊ ပိုက်ဆံတွေ အများကြီး ရပါလိမ့်မယ်”လို့ ပြန်ပြောတယ်။ အဘိုးအိုလည်း အိမ်ပြန်ရောက်ရော အိမ်ထဲမှာ ပိုက်ဆံတွေ အများကြီး တွေ့ ရတာပေါ့။ အဘွားက ရှင်ဘာတွေ တောင်းခဲ့သေးလဲလို့ မေးပြန်တယ်၊ အဘိုးအိုက ဘာမျှ မတောင်းလိုက်ပါဘူး၊ ငါတို့မှာ လိုမျှ မလိုဘဲလို့ ပြောလိုက်တယ်။ အဲဒီအခါအဘွားက “ကျွန်မကို ငယ်ပြီး လှအောင် လုပ်ပေးပါလို့ သွားပြောလိုက်”လို့ ပြောလိုက်တယ်။ အဘိုးအိုက မြစ်ကို ပြန်သွားရတာပေါ့။ မြစ်ကိုလည်းရောက်ရော “မှော်ငါးလေး၊ မှော်ငါးလေး အဘွားကိုငယ်ပြီး လှအောင်လုပ်ပေးပါ”လို့ပြောတော့ မှော်ငါးကလေးဟာ ပေါ်လာပြီး “အိမ်ကို ပြန်သွား ပါ၊ အဘွားကငယ်ပြီး လှလာပါလိမ့်မယ်”လို့ ပြန်ပြောသတဲ့။

အဘိုးအိုလည်း အိမ်ပြန်ရောက်ရော သူ့မိန်းမ ငယ်ပြီးလှနေတာကို တွေ့ ရတယ်။ အဲဒီအခါမှာ အဘွားက “ဘာတောင်းခဲ့သေးသလဲ”လို့ မေးတော့၊ အဘိုးအိုက “ဘာမျှ မတောင်းလိုက်ပါဘူး၊ ငါတို့မှာ လိုမှ မလိုဘဲ”လို့ ပြောတယ်။

အဲဒီအခါအဘွားက “ကျွန်မကို ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးလူဖြစ်အောင် လုပ်ပေးပါလို့ သွားပြောလိုက်”လို့ ပြောလိုက်တယ်။

အဘိုးအိုက မြစ်ကို ပြန်သွားရတာပေါ့။ မြစ်ကိုလည်းရောက်ရော “မှော်ငါးလေး၊ မှော်ငါးလေး အဘွားကို ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးလူဖြစ်အောင် လုပ်ပေးပါ”လို့ပြောတော့ မှော်ငါးကလေးဟာ ပေါ်လာပြီး “သင်တောင်းတာတွေ များနေပြီ”လို့ ပြောပြီး အဝေးကို ကူးသွားတော့တယ်။

အဘိုးအို အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ဟင်းချက်စရာအိုးတွေလည်း ဟောင်းပြီး ပေါက်နေတယ်။ အိမ်ကလည်း သေးပြီးအိုနေတယ်။ နောက်ပြီးသူ့မိန်းမလည်း အိုနေတာကို တွေ့ရသတဲ့။ အဲဒီအခါမှာ အဘိုးအိုက ပြောလိုက်တယ်။ “ငါ့မှာ ဘာမျှမလို၊ အလုံအလောက်ရှိတယ်”လို့ ပြောလိုက် သတဲ့ကွယ်။

၃၀။ ခွေးနက်ကြီးနှင့် ဘဲမိသားစု

[ပြင်ဆင်ရန်]

တစ်ခါတုန်းက လယ်သမားကြီးတစ်ယောက်မှာ ဘဲမကြီးတစ်ကောင်ရှိတယ်။ ဘဲမကြီးက ဘဲကလေး (၄)ကောင် ပေါက်လာတယ်။ တစ်နေ့တော့ ဘဲကလေးတစ်ကောင်က သူ့အမေ အစာရှာတဲ့ နောက်ကို လိုက်ချင်လို့ ခွင့်တောင်းတယ်။ သူ့အမေက လမ်းမှာ အန္တရာယ်များတဲ့အတွက် မလိုက်ခဲ့ဖို့ ပြန်ပြောတယ်။ ဘဲကလေးက “ခြံအပြင်မှာ ဘာတွေရှိသလဲဆိုတာသိချင်လို့ပါ”လို့ ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ သူ့အမေက လိုက်ခွင့်ပြုလိုက်တော့တယ်။ ဘဲကလေးနဲ့ သူ့အမေဟာ အစာရှာဖို့ ခြံအပြင်ကို အတူထွက်ခဲ့ကြတယ်။ ဘဲကလေးက ပျော်နေတာပေါ့ကွယ်။ သူတို့ဟာ အစာရှာရင်း လျှောက်သွားနေတာပေါ့။ တစ်နေရာ ရောက်တော့ ခွေးနက်ကြီးတစ်ကောင်ဟာ သူတို့ကိုမြင်သွားတယ်။ ခွေးနက်ကြီးက “ဟေ့ ... ဘယ်သွား ကြမလို့လဲ”လို့ မေးလိုက်တယ်။သူတို့ဟာ ခွေးနက်ကြီးကို ကြောက်လို့ ထွက်ပြေးကြတယ်။ ခွေးနက်ကြီးက စိတ်ဆိုးပြီး သူတို့ကို “ဝုတ် ဝုတ်”လို့ အော်ပြီး လိုက်ဖမ်းတာပေါ့။ သူတို့တွေကလည်း “ တဂတ် ဂတ်”နဲ့ အော်ပြီး ထွက်ပြေးကြတယ်။

ခွေးသံကြားလို့ လယ်သမားကြီးက ထွက်ကြည့်လိုက်တော့ ခွေးနက်ကြီးက ဘဲတွေကို လိုက်ဖမ်း နေတာတွေ့ ရတာပေါ့။ လယ်သမားကြီးက “ဟဲ့ခွေး... ဟဲ့ခွေး”လို့ ခြောက်လိုက်ပြီး တုတ်နဲ့ လှမ်းပစ် လိုက်တယ်။ ခွေးနက်ကြီးက ကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒီတော့မှ ခွေးနက်ကြီးရန်က လွတ်သွားလို့ သူတို့လည်း အလွန်ပျော်သွားပြီး အိမ်ပြန်သွားကြတယ်။

၃၁။ ယုန်ကလေးဖြူဖွေးနှင့် ကြွက်မည်းကြီး

[ပြင်ဆင်ရန်]

ယုန်ကလေးက ဖြူဖြူဖွေးဖွေးမို့ ချစ်စရာကောင်းသည်။ ချစ်စရာကောင်းသော ယုန်ကလေးကို ဖြူဖွေးဟု အမည်ပေးကြသည်။ ယုန်ကလေးဖြူဖွေးသည် အဆင်းရူပါကသာ ဖြူဖွေးသည်မဟုတ်။ စိတ်ဓာတ် ကလည်း ဖြူဖွေးသည်။ အဆင်းရော အချင်းပါလှသည့် ဖြူဖွေးဖြစ်ပါသည်။

ယုန်ကလေးဖြူဖွေးက သနားကြင်နာမှုရှိသည်။ ထောက်ထားငဲ့ညှာမှုရှိသည်။ ရိုင်းပင်းကူညီမှုရှိသည်။ ပေးကမ်းစောင့်ရှောက်မှုရှိသည်။ ထို့ကြောင့်လည်း ဖြူဖွေးကို အားလုံးက ချစ်ခင်နေကြခြင်း ဖြစ်ပေသည်။ “အင်း... ငါကြိုက်တဲ့အစာရအောင် ငါ့ဘာသာဖန်တီးရမှာပဲ” ယုန်ကလေးဖြူဖွေးက သူ့စိတ်ကြိုက် အစာရရှိရေးအတွက် စဉ်းစားနေသည်။

“ငါ အင်မတန်ကြိုက်တာက မုန်လာဥပဲ။ ငါကြိုက်တဲ့ မုန်လာဥတွေ အများကြီးရှိနေအောင် ဘာလုပ်ရင်ကောင်းမလဲ”

အင်း မုန်လာဥစိုက်ခင်းကြီးဖြစ်အောင် လုပ်ထားလိုက်ရင် မုန်လာဥတွေ အများကြီးရှိနေမှာပဲ။ ငါကိုယ်တိုင်လည်း ဝဝလင်လင်စားလို့ရမယ်။ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း လက်ဆောင်ပေးလို့ ရမယ်။ ဒီတော့... မုန်လာဥတွေ အများကြီးရှိနေမည့် မုန်လာဥစိုက်ခင်းကြီးကို ငါဖန်တီးရမယ်”

မုန်လာဥစိုက်ခင်းကြီးဖြစ်အောင် စိုက်ပျိုးထားရန် ဖြူဖွေး ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ပြီးသည်နှင့် မုန်လာဥစိုက်ခင်းကြီးဖြစ်အောင် အကောင်အထည်ဖော်လေတော့သည်။ မြေသားကို နူးညံ့နေအောင်ပြုပြင် သည်။ ဘောင်တန်းလေးတွေ ဖြစ်အောင်လုပ်သည်။ မုန်လာဥမျိုးစေ့များကို ရှာယူပြီးစိုက်သည်။ မုန်လာဥ စိုက်ခင်းလေး ဖြစ်လာလေပြီ။ မုန်လာဥစိုက်ခင်းလေးကိုကြည့်ပြီး ဖြူဖွေးပျော်နေသည်။ နေ့စဉ်နေ့တိုင်း ပေါင်းသင် ရေလောင်းပေးနေရသည်။ ပင်ပန်းဆင်းရဲလွန်းလှ၏။ ဆင်းရဲပင်ပန်းလွန်းလှသော်လည်း ဖြူဖွေးက အမြဲတမ်းရွှင်လန်းနေသည်။ မကြာမီ မုန်လာဥတွေ အများကြီး ရလာတော့မည်ကို တွေးပြီး ဝမ်းသာ ကြည်နူးနေခြင်းဖြစ်သည်။

ဖြူဖွေး၏ မုန်လာဥခင်းကြီးထဲမှ မုန်လာပင်များသည် အရွက်များ ဖားဖားဝင်းနေပြီ။ ဥများလည်း ကြီးထွားလာပြီ။ ဖြူဖွေး၏ မုန်လာဥခင်းကြီးထဲက မုန်လာဥများသည် ထွားလည်းထွား၏။ သန်လည်း သန်၏။ အရည်လည်း ရွှမ်း၏။ အရသာလည်း ရှိ၏။

တစ်ခါစားဖူးလျှင် ထပ်ခါထပ်ခါစားချင်နေတော့သည်။ ဖြူဖွေး မုန်လာဥခင်းထဲက မုန်လာဥများ၏ အရသာကို စွဲစွဲလမ်းလမ်းဖြစ်နေကြပြီ။ စားဖူးသူတိုင်းက ဖြူဖွေးထံလာပြီးတောင်းကြသည်။လာပြီးတောင်း သူတိုင်းကိုလည်း ဖြူဖွေးက ပေးပါသည်။ အမြဲမပြတ် နေ့စဉ်နေ့တိုင်း ခဏခဏလာပြီး တောင်းသူမှာ ဖြူဖွေး၏ မိတ်ဆွေကြွက်မည်းကြီး ဖြစ်သည်။ ကြွက်မည်းကြီး လာတောင်းတိုင်းလည်း ဖြူဖွေးကပေးပါသည်။ တစ်နေ့သော ညနေခင်းလေး၌ ဖြူဖွေးထံသို့ ကြွက်မည်းကြီး ရောက်လာသည်။ “ဖြူဖွေးရေ... ငါ့ကို မုန်လာဥပေးပါဦးကွာ။ ငါရဲ့ဇနီးချောကြွက်ညိုမက မင်းရဲ့မုန်လာဥကိုပဲ ချင်ခြင်းတပ်နေလို့ပါ”

ဖြူဖွေးထံမှ မုန်လာဥကို လာတောင်းခြင်းဖြစ်ပါသည်။ “ကိုမည်းရေ... မုန်လာဥခင်းထဲက မုန်လာပင် တွေမှာ ပိုးဝင်နေလို့ ပိုးသတ်ဆေးဖျန်းထားရတယ်ကွာ။ ဒါကြောင့် ခုရက်ပိုင်းမှာတော့ သည်းခံပြီး စောင့်ပေး ပါဦး။ မကြာပါဘူးကွာ။ နောက်ထပ် သုံးလေးရက်ထက် မကြာပါဘူး။ နောက်ထပ် သုံးလေးရက်ရှိတော့ လာယူလှည့်ပါ။ မင်းလိုချင်သလောက်ပေးပါ့မယ်”

ဖြူဖွေး၏ မုန်လာပင်လေးတွေမှာ ရွက်လိပ်ပိုးတွေဝင်နေသည်။ ဖြူဖွေးက မုန်လာပင်များ အားလုံးကို ပိုးသတ်ဆေးရည်ဖျန်းထားသည်။ ကြွက်မည်းကြီး လာပြီးတောင်းသော အချိန်သည် ပိုးသတ်ဆေးရည် ဖျန်းထားပြီးခါစဖြစ်သည်။ ဖြူဖွေးထံမှ မုန်လာဥမရဘဲနှင့် ပြန်လာခဲ့ရသည်။

ဇနီးချောလေး ကြွက်ညိုမက လင်တော်မောင်ကြွက်မည်းကြီးပြန်အလာကို စောင့်ကြိုနေသည်။ ကြွက်မည်းကြီးပြန်လာသည်ကို မြင်နေရသဖြင့် ဝမ်းသာအားရဖြစ်နေသည်။

“ကျုပ်စားချင်တဲ့ မုန်လာဥတွေပါခဲ့ရဲ့လား ကိုမည်း”

“မရခဲ့ပါဘူး ညိုမရာ”

ကြွက်မည်းကြီးက ခေါင်းခါရင်း မုန်လာဥမရခဲ့သည့်အကြောင်းကို ရှင်းပြသည်။

“ဖြူဖွေးပြောတာကိုယုံပြီး ပြန်လာခဲ့တာလား ကိုမည်း”

“ဖြူဖွေးက မလိမ်တတ် မညာတတ်ပါဘူး ညိုမရဲ့။ စိတ်ကောင်းစေတနာကောင်းရှိပါတယ်။ ဘယ်အချိန်မဆို တို့တောင်းသလောက်ပေးနေတာပဲ။ သူပြောတဲ့ သုံးလေးရက်လောက်တော့ စောင့်လိုက်ပါဦး ညိုမရယ်။”

ကြွက်မည်းကြီးက ကြွက်ညိုမကို ချော့ပြီး ပြောပြသည်။နားဝင်အောင် ဖျောင်းဖျသည်။

“ကျုပ်ကတော့ မယုံပါဘူး ကိုမည်း။ နေ့တိုင်း ခဏ ခဏ လာတောင်းနေတာပဲဆိုပြီး မပေးချင် တော့လို့ ပြောလိုက်တာပဲဖြစ်ရမယ်။ ညိုမ မနေနိုင် မထိုင်နိုင်ဖြစ်အောင် စားချင်လွန်းနေတာက အဲဒီ မုန်လာဥကိုပါ ကိုမည်းရယ်။ ညိုမကို ချစ်တယ်ဆိုရင် ရအောင်ယူပေးပါနော် ကိုမည်း”

ကြွက်ညိုမက ဇွတ်အတင်းပူဆာနေလေပြီ။

“သူကမှ မပေးတာဘဲ ညိုမရယ်။ ဘယ်လိုလုပ်ယူလို့ရပါ့မလဲ”

ကြွက်မည်းကြီးမှာ ကြံရခက်နေသည်။

‘သူမပေးလည်း သူမသိအောင်သွားပြီး ယူပေးပါ ကိုမည်းရယ်။ ညိုမ စားချင်လွန်းလို့ပါ” ကြွက်ညိုမ၏ မျက်နှာလေးက ငိုမဲ့မဲ့ဖြစ်နေသည်။ ကြွက်မည်းကြီးကသနားနေသည်။ ကြွက်ညိုမ စားချင်လွန်းလှသော ဖြူဖွေး၏မုန်လာဥကို မရရအောင် ယူပေးမည်ဟု ဆုံးဖြတ်လိုက်လေပြီ။ ကြွက်မည်းကြီးမှာ ဖြူဖွေး၏မုန်လာခင်းနားသို့ ရောက်လာသည်။ ယုန်ကလေးဖြူဖွေး အိပ်မော ကျမည့်အချိန်ကို စောင့်ကြည့်နေသည်။ ညဉ့်နက်ချိန်သို့ ရောက်လာလေပြီ။

ခေါ...ခေါ...ခေါ...ခေါ...ခေါ...

ဖြူဖွေးလည်း တခေါခေါဖြင့် အိပ်မောကျသွားပြီ။ စောင့်ကြည့်နေသော ကြွက်မည်းကြီးက ဖြူဖွေး၏ မုန်လာဥခင်းကြီးထဲသို့ ကြွက်မည်းကြီးရောက်လာပြီ။ တွေ့သည့် မုန်လာပင်၏အရွက်များကို ကိုက်ဖြတ် သည်။ မြေကြီးထဲက မုန်လာဥကိုဖော်သည်။

အရွက်ကို ကိုက်ဖြတ်ရင်း အရွက်ပေါ်မှ ပိုးသတ်ဆေးရည်က ကြွက်မည်းကြီး၏ ဝမ်းဗိုက်သို့ ဝင်နေပြီ။ အရွက်များကို အဆက်မပြတ်ကိုက်ဖြတ်ပြီး ဥများကို ဖော်နေရင်းမှာပင် ကြွက်မည်းကြီး၏ရင်ထဲ ပူလောင် လာသည်။ မျက်လုံးများက ပြာမှိုင်းလာသည်။ မျက်ခွံများက လေးလံလာသည်။ ကြွက်မည်းကြီးခဗျာ အော့အန်ပြီး မေ့မြောနေရရှာလေသတည်း။ ရေနံ့သာမောင်ကျော်ညွန့်

၃၂။ တောပြောင်းတဲ့ သစ်တောက်ငှက်

[ပြင်ဆင်ရန်]

လက်ပံပင်တွေချည်းပေါက်နေတဲ့ လက်ပံတောကြီးထဲမှာ သစ်တောက်ငှက်တစ်အုပ် ကျက်စားနေ ကြတယ်။ သစ်တောက်ငှက်ဆိုတာ သူတို့ရဲ့နှုတ်သီးနဲ့ သစ်ခေါက်တွေကို တဒေါက်ဒေါက်မြည်အောင် ခေါက်ရ တယ်။ အဲသလိုခေါက်လိုက်တော့ သစ်ခေါက်တွေကြားမှာ ခိုအောင်းနေကြတဲ့ ပိုးလောက်တွေ ထွက်လာကြ တာပေါ့။ ထွက်လာတဲ့ ပိုးလောက်တွေဟာ သစ်တောက်ငှက်တို့ရဲ့အစာပါပဲ။

တစ်နေ့မှာတော့ လက်ပံတောထဲမှာနေတဲ့ သစ်တောက်ငှက် တစ်ကောင်ဟာ သူ့မိတ်ဆွေ သစ်တောက်ငှက်တွေကို ပြောသတဲ့။

“ငါတော့ သည်လက်ပံတောထဲမှာတွင်နေပြီး ရှာဖွေစားသောက်ရတာ အားမရဘူး။ တခြား တောကို သွားပြီး အစာရှာထွက်ချင်တယ်”

“မင်းကလည်းကွာ။ တို့လက်ပံတောအုပ်ကြီးထဲမှာ ရှာဖွေစားသောက်စရာတွေ အများကြီးပါပဲကွာ။ သည်လောက်စားသောက်စရာပေါတဲ့ မိခင်တောအုပ်ကြီးထက် ကောင်းတဲ့နေရာ မရှိနိုင်ပါဘူးကွာ။”

“ဟိုတစ်နေ့က တခြားသစ်တောက်ငှက်တစ်ကောင်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူက ရှားတောထဲမှာ နေတာတဲ့။ သူတို့နေတဲ့ ရှားတောထဲမှာရှိတဲ့ စားစရာတွေက အရသာသိပ်ရှိတာပဲတဲ့။ ငါ့ကိုလာလည် စားသောက်ဖို့ ဖိတ်ခေါ်နေတာကွ။ ဒါကြောင့် အဲဒီတောကိုသွားမလို့”

“ရှားတောထဲ မင်းရောက်သွားရင် ဒုက္ခအကြီးအကျယ်တွေ့ မှာပေါ့။ မင်းကျင်လည်ကျက်စား နေတာက လက်ပံတောပဲကွ။ လက်ပံပင်ဆိုတာ အခေါက်ကလည်းပွ၊ အသားကလည်းပွတယ်ဆိုတာ မင်းအသိ။ တို့နှုတ်သီးနဲ့အံကိုက်ပဲ။ ရှားတောထဲက ရှားပင်တွေရဲ့ အခေါက်ကလည်း မာတယ်။ အသား ကလည်း မာတယ်။ မင်းနှုတ်သီးကျိုးသွားမှာပေါ့။

သူငယ်ချင်းသစ်တောက်ငှက်တွေက ကျိုးကြောင်းပြတားမြစ်ကြပါရဲ့။ ဒါပေမဲ့ ဟိုသစ်တောက်ငှက် ကလေးက လက်မခံခဲ့ပါဘူး။

“သူတို့တောင်မှ ဒီတောထဲမှာ ရှာဖွေစားသောက်နိုင်သေးတာပဲ။ ငါလည်း ရှာဖွေနိုင်ရမှာပေါ့။ သူတို့လည်း သစ်တောက်ငှက် ငါလည်း သစ်တောက်ငှက်ပဲ။ ဘာပြုလို့စိုးရိမ်နေရမှာလဲ”

သူငယ်ချင်းတွေတားနေတဲ့ကြားကပဲ ရှားတောဘက်ဆီကို အတင်းပျံသွားပါလေရော။

ရှားတောထဲရောက်သွားတဲ့ သစ်တောက်ငှက်ဟာ နေရာဒေသအသစ်အဆန်းကို တွေ့ရလို့ ဝမ်းသာနေတယ်။ မိမိကိုယ်ကိုယ်လည်း ငါမှငါ မာနတစ်ခွဲသားနဲ့ ဝဲလိုက်ပျံလိုက် မြူးထူးလို့ပေါ့။

“ငါတဲ့ သစ်တောက်၊ ခြေဖျားနဲ့ထောက်ပြီး

သစ်ခေါက်ကြိုကြား၊ ခိုနေနားတဲ့

သေးမွှားပိုးလောက်၊ ငါ့နှုတ်သီးနဲ့များ ပေါက်လိုက်ရင်

ဒေါက်ခနဲ ဒေါက်ခနဲ

မှောက်ခနဲ မှောက်ခနဲ လဲကျမယ်။

ငနဲသားပိုးမွှား၊ ကောက်ကာကောက်ကာ ငါစားလိုက်မယ်။

လားလားမှမကြောက်၊

ငါသစ်တောက်တဲ့ဟေ့။”လို့တောင် ကြုံးဝါးကြွေးကြော်ပြီး နေလိုက်သေးတယ်။

အဲဒီလို ကြုံးဝါးပြီးတော့ ရှားပင်တစ်ပင်ရဲ့ ပင်စည်ကို ခြေဖျားနဲ့ ကုပ်တွယ် ထားလိုက်တယ်။ အရသာရှိတဲ့ အစားအစာတွေကို စားရတော့မှာပဲဆိုပြီး အင်မတန်မှလည်း ဝမ်းသာနေတယ်။ သွားရည် တွေတောင် ကျလို့ပေါ့။

သစ်တောက်ငှက်ဟာ သူ့ခြေဖျားနဲ့ ကုပ်တွယ်ထားတဲ့ ရှားပင်တစ်ပင်ရဲ့ ပင်စည်ကို ခြေဖျားနဲ့ ကုပ်တွယ် ထားလိုက်တဲ့ ရှားပင်ရဲ့အခေါက်ကို သူ့နှုတ်သီးနဲ့ ဒေါက်ခနဲ ဒေါက်ခနဲ မြည်အောင် ခေါက်လိုက်တယ်။ သူ့နှုတ်သီး ကျင်ခနဲ ဖြစ်သွားတဲ့ ဝေဒနာကို မသက်မသာ ခံစားလိုက်ရတယ်။ ကျင်ခနဲဖြစ်သွားပေ မမှုပါဘူး။ နောက်တစ်ခါ အားတင်းပြီး တအားခေါက်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ သူ့နှုတ်သီးဟာ ဖြောက်ခနဲ ကျိုးသွားတယ်။ ကျိုးရုံဘယ်ဟုတ်မလဲ။ သူ့နှုတ်သီးက သွေးတွေပါ စီးကျလာတော့တာပါပဲ။ နာလိုက်တာ ကတော့ တဆတ်ဆတ်ကို တုန်သွားတာပါပဲ။ နာကျင်လွန်းလို့ သူမျှော်မှန်းထားတဲ့ အစာတွေကို မစား နိုင်တော့ပါဘူး။

“သည်နေရာကို ငါနေလို့ မဖြစ်ပါလား”ဆိုတဲ့ အသိလည်း ဝင်လာပြီ။

“ငါ့ရဲ့ မိခင်လက်ပံတောကြီးကိုပဲ ပြန်တာကောင်းတယ်။ ငါပြန်မယ်”

သတိရပြီး မိခင်လက်ပံတောကြီးထဲ ပြန်လာခဲ့တယ်။ အမှန်မြင်သတိရပြီးပြန်လာတဲ့ သစ်တောက် ငှက်ကို သူ့ မိတ်ဆွေရင်း သစ်တောက်ငှက်တွေက ဝမ်းသာအားရကြိုတာပေါ့။

“ငါမှားသွားတယ် သူငယ်ချင်းတို့၊ သူတစ်ပါး နေရာဒေသဟာ ဘယ်လောက်ပဲ အစာရေစာပေါပေါ ပျော်စရာ ဘယ်လောက်ပဲကောင်းကောင်း မိခင်နေရာဒေသလောက် စိတ်ချမ်းသာကိုယ်ချမ်းသာ မဖြစ်နိုင်ဘူး ဆိုတာ ငါ့ကိုယ်တွေ့ ခံစားခဲ့ရတာပါပဲ။”

သူ့အမှားကို ဝန်ချတောင်းပန်နေတော့ မိတ်ဆွေတွေက စိတ်မကောင်းကြဘူး။ အကြင်နာ မျက်လုံး လေးတွေနဲ့ ကရုဏာသက်နေကြတယ်လေ။

“မကြာခင်မှာ မင်းရဲ့နှုတ်သီး ပြန်ကောင်းသွားမှာပါကွာ။ ခုအတောအတွင်း မင်းဘာမျှ အားမငယ် နဲ့၊ တို့ ရှာကျွေးမယ်။ မင်းနှုတ်သီးကောင်းသွားတဲ့အခါ တို့တွေပျော်ပျော်ပါးပါး မြူးထူးပျံသန်းကြသေးတာ ပေါ့ကွာ”

မိတ်ဆွေတွေက အားပေးကြ၊ ယုယကြ၊ ကြင်နာကြလေ နောင်တရရှက်ရလေသူကတော့ မိခင် လက်ပံတောထဲကနေပြီး တခြားတစ်နေရာ ရှားတောဘက်ကို အလည်ကျူးမိတဲ့ သစ်တောက်ငှက်မိုက် ကလေးပါကွယ်... ။ ရေနံ့သာမောင်ကျော်ညွန့်

၃၃။ မဆုံးတဲ့ ပုံပြင်

[ပြင်ဆင်ရန်]

တစ်ခါတုန်းက အဘိုးအိုတစ်ယောက်ဟာ သူ့မြေးတွေကို အိပ်ရာဝင်ပုံပြင် ပြောပြနေတယ်။ ပုံပြင်မပြောခင်မှာ အဘိုးအိုက သူ့မြေးတွေကို စကားတစ်ခွန်းဆုံးတိုင်း ဝါကျတစ်ကြောင်းဆုံးတိုင်း “အင်း”လို့ ပြောရမယ်။တကယ်လို့ လိုက်ပြီးမပြောရင် ပုံပြင်ကို ဆက်မပြောဘဲ ရပ်လိုက်မယ်လို့ မှာထားတယ်။ ပြီးတော့ အဘိုးက “ရှေးက လယ်သမားတစ်ယောက်ရှိတယ်”လို့ အစချီပြီး ပြောလိုက်တယ်။

ဒီတော့နားထောင်နေတဲ့ မြေးတွေက “အင်း”လို့ ပြန်ပြောလိုက်တယ်။ တစ်ခါအဘိုးက “အဲဒီ လယ်သမားဟာ လယ်ထဲမှာပဲ တဲထိုးပြီးနေတယ်”လို့ ဆက်ပြောတယ်။ နားထောင်တဲ့မြေးများကလည်း “အင်း”လို့ သူတို့နားထောင်နေကြောင်း သိအောင်ပြန်ပြောလိုက်တယ်။ နောက်ဆက်ပြီးပြောလိုက်ပုံကတော့... အဘိုးက

“ဒီလယ်သမားရဲ့ လယ်ဟာ မြစ်နဲ့လည်း သိပ်မဝေးဘူးတဲ့” နားထောင်သူများက “အင်း”

“ဒါကြောင့် လယ်ကလေးက သာယာတယ်။”

“အင်း”

“ငှက်ကလေးတွေကလည်း ကမ်းစပ်က သစ်ပင်တွေမှာ နားလေ့ရှိတယ်။”

“အင်း”

“ကမ်းနားမှာက လမုပင်လည်း ရှိတယ်၊ လမဲ့ပင်လည်း ရှိတယ်။”

“အင်း”

“ကမ်းစပ်မှာ အများဆုံး ပေါက်နေတာကတော့ ကိုင်းပင်တွေပဲ။”

“အင်း”

“ဒီကိုင်းပင်တွေမှာတော့ စာကလေးတွေက စာဘူးတောင်း လုပ်ပြီးနေကြတယ်”

“အင်း”

“တချို့ကလည်း စာဘူးတောင်း မလုပ်တတ်လို့ မလုပ်ကြဘူး၊ ဒီလိုပဲ ကိုင်းပင်တွေရဲ့ အရွက်ခွတွေ ကြားထဲမှာ ထိုးအိပ်ကြတယ်။”

“အင်း”

“တစ်နေ့တော့ လယ်သမားရဲ့ မယားက ငှက်သားစားချင်တယ်လို့ သူ့ယောက်ျားကို ပူဆာတယ်”

“အင်း”

“ဒီတော့တစ်ညမှာ သူ့ယောက်ျားက ကွန်တစ်လက်ကိုဆွဲပြီး ချောင်းကမ်းစပ်က ကိုင်းတောဘက်ကို ထွက်သွားတယ်”

“အင်း”

“စာကလေးတွေကို ဖမ်းရတာက ကိုင်းပင်မှာ အိပ်နေတဲ့ စာကလေးတွေကို ကွန်နဲ့ပစ်ပြီး ငါးဖမ်းသလို ဖမ်းရတာမျိုး”

“အင်း”

“ဒါနဲ့ လယ်သမားက ကွန်ကိုအသာဖြန့်၊ ကိုင်းပင်တွေပေါ်ကို အုပ်ပြီး ပစ်ချလိုက်တယ်။”

“အင်း”

“ဒီလိုကွန်နဲ့ အုပ်မိအောင် ပစ်ဖမ်းလိုက်တော့ စာကလေးတွေ အများကြီး ကွန်ထဲမှာမိရော ”

“အင်း”

“ဒါနဲ့ လယ်သမားက ကွန်ကို အသာကလေးမပြီး စာကလေးတစ်ကောင်ကို ဖမ်းလိုက်တယ်။”

“အင်း”

“ဒါပေမဲ့ မမိဘူး၊ စာကလေးက ဖရူးဆို ပျံထွက်သွားတယ်။”

“အင်း”

“နောက်တစ်ကောင်ဖမ်းလိုက်ပြန်ရော”

“အင်း”

“စာကလေးက ဖရူးဆို ပျံသွားပြန်ရော”

“အင်း”

“နောက်တစ်ကောင်ဖမ်းပြန်တော့လည်း”

“အင်း”

“စာကလေးက ဖရူးဆို ပျံထွက်သွားပြန်တာပဲ”

“အင်း”

“ဒါနဲ့ လယ်သမားက စိတ်မရှည်ဘဲ နောက်တစ်ကောင်ကို ဖမ်းလိုက်ပြန်တယ်”

“အင်း”

“စာကလေးက ဖရူးဆို ပျံသွားတယ်”

“အင်း”

“နောက်တစ်ကောင်ကို ဖမ်းလိုက်တယ်”

“အင်း”

စာကလေးက ဖရူးဆို ပျံသွားတယ်

“အင်း”

“နောက်တစ်ကောင်”

“အင်း”

“ဖရူးဆို ပျံသွားတယ်”

“အင်း”

“နောက်ထပ်ပြီးဖမ်းတော့လည်း”

“အင်း”

စာကလေးက ဖရူးဆို ပျံရော”

“အင်း”

“ဒီလိုနဲ့ ဖမ်းလိုက်တာ”

“အင်း”

“တစ်ခါဖမ်းလိုက်”

“အင်း”

“ဖရူးဆို ပျံသွားလိုက်”

“အင်း”

“နောက်တစ်ခါ ဖရူးဆို ပျံသွားလိုက်”

“အင်း”

“ဖရူးဆို ပျံလိုက်”

“အင်း”

“ဖရူး”

“အင်း”

“ဖရူး”

“အင်း”

အဲဒီမဆုံးတဲ့ပုံပြင်ဟာ ဘယ်တော့မျှ မဆုံးဘဲ စာကလေးပျံသွားတဲ့ ဖရူးဆိုတဲ့ အသံကို အဘိုးက ဆိုပြလိုက် နားထောင်တဲ့ ကလေးက “အင်း” လိုက် လိုက်နဲ့...

နောက်ဆုံးတော့ ...

“ဖရူး”

“အင်း”

“ဖရူး”

“အင်း”နဲ့ အင်းလိုက်တဲ့ ကလေးတွေလည်း “အင်း” မလိုက်နိုင်တော့ဘဲ အိပ်ပျော်သွားကြသတဲ့ကွယ်။

(လူထုဦးလှ၏ မွန်ပုံပြင်)