ဘုရားဆု ပန်တော်မူခြင်း
သင်ခန်းစာ (၂)
ဘုရားဆုပန်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရားရှင် လက်ထက်တော်၌ အမရဝတီ မင်းနေပြည်တော် တွင် သုမေဓာဟူသော သူဌေးသားတစ်ဦး ဖြစ်ခဲ့၏။ သူ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွားခဲ့သည်။ သုမေဓာ သူဌေးသားလေး ၁၆ နှစ်အရွယ် ရောက်သောအခါ အတတ်ပညာမျိုးစုံကို သင်ယူ တတ်မြောက် လေ၏။ ထိုအခါ သူ၏ မိဘများထားခဲ့သော ပစ္စည်းဥစ္စာများကို ပစ္စည်းထိန်းက သူ့ထံ အပ်နှင်းလေသည်။ သူသည် ပစ္စည်းဥစ္စာများကို ကြည့်ပြီး “ငါ၏ မိဘဘိုးဘွားများသည် ပစ္စည်းဥစ္စာများကို ရှာရုံသာ ရှာတတ်ကြ၏၊ ကိုယ့်နောက် ပါအောင် မယူတတ်ကြ၊ ငါသည်ကား ကိုယ့်နောက် ပါအောင် ယူသွားမည်”ဟု ဆုံးဖြတ်လိုက်၏။ ထို့နောက် သူပိုင်ဆိုင်သမျှသော ပစ္စည်းဥစ္စာတို့ကို အလိုရှိသူတို့အား လှူဒါန်းပြီး ရသေ့ ဝတ်လိုက်လေသည်။ ရသေ့ဝတ်ပြီး ခုနစ်ရက်အကြာတွင် ဈာန်ရ၍ ကောင်းကင်၌ လှည့်လည်သွားလာနိုင်၏။ တစ်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရားသည် ရဟန်းများစွာ ခြံရံလျက် ရမ္မာဝတီ နေပြည်တော်သို့ ကြွတော်မူလာ၏။ ဘုရားရှင် ကြွတော်မူလာမည့် လမ်းကို မြို့သူမြို့သားများက ပြင်ဆင်နေကြသည်။ သုမေဓာ ရှင်ရသေ့သည် ကောင်းကင်၌ ဈာန်ဖြင့် သွားနေစဉ် လမ်းပြင်နေသူများကို တွေ့မြင်လေ၏။
မြေပြင်သို့ ဆင်းသက်၍ အကျိုးအကြောင်းမေးသောအခါ ဘုရားရှင်ကြွလာတော်မူမည်ကို သိရသဖြင့် သူ့ကို လည်း လမ်းပြင်ရာ၌ ကုသိုလ်ပါဝင်ခွင့်ပေးရန် တောင်းဆိုလေ၏။ လူများသည် သုမေဓာရှင်ရသေ့၏ တန်ခိုးကိုသိ၍ ပြင်ဆင်ရန်ခက်ခဲသည့် ရွံ့ဗွက်အိုင်နေရာကို သူ့အား ပေးလိုက်ကြ၏။ သုမေဓာရှင်ရသေ့ သည် လမ်းကို တန်ခိုးဖြင့် ပြင်နိုင်သော်လည်း မိမိလုပ်အားဖြင့်သာ ကြိုးစားပမ်းစား ပြင်ပါသည်။ သို့သော် ပြင်မပြီးသေးမီပင် ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော်တို့ ကြွလာတော်မူကြ၏။ ထိုအခါ ဒီပင်္ကရာဘုရားရှင်နှင့် သံဃာတော်တို့ ရွံ့ညွန်ထဲ နင်းတော်မမူကြစေရန် သုမေဓာရှင်ရသေ့သည် မိမိခန္ဓာကိုယ်ကို ဝမ်းလျားမှောက် ကာ တံတားသဖွယ် ခင်းလှူလိုက်၏။
ထိုအခါ သုမိတ္တာအမည်ရှိ အမျိုးကောင်းသမီးသည် သုမေဓာရှင်ရသေ့၏ အံသြဖွယ် ပြုမူပုံကို ကြည့် ကာ နှစ်သက်ကြည်နူးသွား၏။ ထို့ကြောင့် သူယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်မှ ငါးခိုင်ကို ဘုရားရှင်အား ကပ်လှူရန် သုမေဓာရှင်ရသေ့အား ပေးလိုက်ပြီး ကျန်ကြာပန်းသုံးခိုင်ကို သူကိုယ်တိုင် ဘုရားရှင်အား ပူဇော်လိုက်၏။ သုမေဓာရှင်ရသေ့လည်း ကြာပန်းငါးခိုင်ဖြင့် ဘုရားရှင်အား ပူဇော်ကာ ဘုရား ဖြစ်ရန် ဆုပန်ခဲ့၏။ ဒီပင်္ကရာ ဘုရားရှင်ကလည်း “ဤရသေ့သည် နောင်တစ်ချိန်တွင် ငါကဲ့သို့ ဘုရား တစ်ဆူ ဖြစ်လိမ့်မည်ဟု ဗျာဒိတ် ပေးတော်မူ၏။ ။ သုမေဓာရှင်ရသေ့သည် ထိုအချိန်မှစ၍ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါးတို့ကို ဖြည့်ကျင့်ဆည်းပူးပြီး ဘုရားဖြစ်ရန် ကြိုးပမ်းအားထုတ်တော်မူခဲ့လေသည်။
ပါရမီ ဆယ်ပါး
[ပြင်ဆင်ရန်]၁။ ဒါနပါရမီ (အလှူဒါနပြုခြင်း)
၂။ သီလပါရမီ (ကိုယ်ကျင့်သီလ ဆောက်တည်ခြင်း)
၃။ နေက္ခမ္မပါရမီ (တောထွက်ခြင်း)
၄။ ပညာပါရမီ (အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်း)
၅။ ဝီရိယပါရမီ (ကြိုးစားအားထုတ်ခြင်း)
၆။ ခန္တီပါရမီ (သည်းခံခွင့်လွှတ်ခြင်း)
၇။ သစ္စာပါရမီ (မှန်ကန်စွာ ပြောဆိုခြင်း)
၈။ အဓိဋ္ဌာန (အဓိဋ္ဌာန်) ပါရမီ (အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ခြင်း)
၉။ မေတ္တာပါရမီ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)
၁၀။ ဥပေက္ခာပါရမီ (မချစ်မမုန်းဘဲ အသင့်အတင့် သဘောထားခြင်း)
စွန့်ခြင်းကြီးငါးပါး
[ပြင်ဆင်ရန်]၁။ တိုင်းပြည်နိုင်ငံ၊ ထီးနန်းစည်းစိမ်၊ ဥစ္စာပစ္စည်းတို့ကို စွန့်လွှတ်ခြင်း၊
၂။ သားသမီးတို့ကို စွန့်လွှတ်ခြင်း၊
၃။ ဇနီးမယားကို စွန့်လွှတ်ခြင်း၊
၄။ မိမိ၏ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို စွန့်လွှတ်ခြင်း၊
၅။ မိမိ၏အသက်ကို စွန့်လွှတ်ခြင်း။