ဘုရားဖြစ်တော်မူခြင်း ပဉ္စ
သင်ခန်းစာ (၁) ဘုရားဖြစ်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး လောကတ္ထ စရိယာ (သတ္တဝါများ ချမ်းသာရေးကျင့်စဉ်)၊ ဉာတတ္ထစရိယာ (မိမိ၏ ဆွေမျိုး၊ မိမိ၏ အမျိုးအနွယ် ချမ်းသာရေးကျင့်စဉ်)နှင့် ဗုဒ္ဓတ္ထစရိယာ (သတ္တဝါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော ဘုရား ဖြစ်ရေးကျင့်စဉ်)ဟူသော ရည်မှန်းချက်ကြီး သုံးရပ်ကို ဦးထိပ်ပန်ဆင်၍ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ဖြည့်ကျင့်တော်မူခဲ့သည်။
ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန် လပြည့်၊ သောကြာနေ့တွင် ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ အသက် ၁၆ နှစ်အရွယ် ရောက်သောအခါ ယသောဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်ခဲ့ပြီး ကပိလဝတ်ထီးနန်းကို ၁၃ နှစ်တိုင်တိုင် စိုးစံတော်မူခဲ့သည်။ အသက် ၂၉ နှစ် အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့တော်မူပြီး သံဝေဂရကာ တောထွက်တော်မူခဲ့သည်။
တောထွက်တော်မူပြီးနောက် ဘုရားအလောင်းတော်သည် အာဠာရနှင့် ဥဒကဆရာကြီးနှစ်ဦးထံ ချဉ်းကပ်၍ ကျင့်ကြံအားထုတ်ခဲ့ရာ လောကီဈာန်တရားများ ရရှိခဲ့သည်။ သို့သော် ထိုလောကီဈာန်တရား မျှဖြင့် ကျေနပ်မနေဘဲ ဘုရားဖြစ်ရေးအကျင့်ကို ကျင့်ရန် ဆက်လက်ထွက်ခွာလာခဲ့ပြီးနောက် ဒုက္ကရ စရိယာအကျင့် (လူသာမန်တို့ ကျင့်နိုင်ခဲသည့် ခက်ခဲပင်ပန်းသော အကျင့်)ကို ခြောက်နှစ်တိုင်တိုင် ကျင့် တော်မူခဲ့၏။ ထိုအကျင့်သည်လည်း ပင်ပန်းရုံသာဖြစ်ပြီး ဘုရားဖြစ်စေနိုင်သော အကျင့်မှန် မဟုတ် ကြောင်း သိရှိတော်မူခဲ့သည်။ နောက်ဆုံးတွင် မဇ္ဈိမပဋိပဒါအကျင့်မြတ် (အလယ်အလတ်လမ်းစဉ်)ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သတ္တဝါ အားလုံးတို့၏ ကိုးကွယ်အားထားရာ မြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။