မာတိကာသို့ ခုန်သွားရန်

ဘုရားရှိခိုးခြင်း

ဝီကီရင်းမြစ် မှ
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ (၁၉၇၅ ခုနှစ်)
by ဆရာသောင်းလွင်
ဘုရားရှိခိုးခြင်း
2390မိရိုးဖလာလွန် ဗုဒ္ဓဘာသာ — ဘုရားရှိခိုးခြင်း၁၉၇၅ ခုနှစ်ဆရာသောင်းလွင် (ဘီအေ)

ဘုရားရှိခိုးခြင်း

အခန်း (၈)

မေး။ ။ ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီးရင် ဘာလုပ်ရပါသလဲ။

ဖြေ။ ။ ငါးပါးသီလခံပြီးရင် ဘုရားရှိခိုးရပါတယ်။ ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာသုံးပါးကို ရှိခိုးကြပါတယ်။ ဒါကြောင့် ဘုရားရှိခိုးစကတည်းက ဗုဒ္ဓံပူဇေမိ = ဘုရားကို ပူဇော်ပါ၏၊ ဓမ္မံပူဇေမိ = တရားတော်ကို ရှိခိုးပူဇော်ပါ၏၊ သံဃံပူဇေမိ = သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေက များပါတယ်။ တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာ ဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။ ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူဇော်တာလို့ မှတ်နိုင်ပါတယ်။

မေး။ ။ ဘုရားရှိခိုးတယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ သုတ္တန် ဒေသနာတော်နည်းအရ ပြောရရင်တော့ တိကအင်္ဂုတ္တုရ်မှာ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း …

၁။ ပုဆစ်ဒူးတုပ် လက်အုပ်ချီမိုးပြီး ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးပြင်ဆိုတဲ့ အင်္ဂါငါးခုကို ကြမ်းပြင်မှာ ထိပြီး ရှိခိုးတဲ့ ကိုယ်ထိလက်ရောက် ရှိခိုးတာ။

၂။ အစိန္တေယျ၊ အပ္ပမေယျ စတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးစပ်ဆိုထားတဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပြီး နှုတ်ဖြင့် အသံထွက်ပူဇော်တာ။

၃။ ကိုယ်နှုတ်မပါ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့ပူဇော်တာ။

ဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးနဲ့ ရတနာသုံးပါးကို ကြည်ညိုလေးစားနေတာကို ရှိခိုးတယ်လို့ ခေါ်တယ်။

မေး။ ။ အဘိဓမ္မာနည်း၊ ပရမတ္ထနည်းအရ ဘုရားရှိခိုးအဖြစ်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဘုရားရှင်ရဲ့ ဂုဏ်တော် တရားတော်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ရှိခိုးဦးတိုက်လိုတဲ့ စေတနာကို ဘုရားရှိခိုးတယ်လို့ ခေါ်တယ်။

ဝန္ဒနာနာမ ပဏာမကြိယာဘိ နိပ္ဖာဒိကာ ကုသလ စေတနာ = ရှိခိုးတယ်ဆိုတာ ရှိခိုးမှုကို ပြီးစေတတ်တဲ့ ကုသိုလ်စေတနာသာ ဖြစ်တယ်ဆိုတဲ့ ဋီကာဆရာစကားအရ ကုသိုလ်စေတနာကို ရှိခိုးခြင်းအရ ကောက်ယူရတယ်။

မေး။ ။ ဘုရားရှိမခိုးခင် ဘာလုပ်ကြသေးလဲ။

ဖြေ။ ။ အချို့ ဗုဒ္ဓဘာသာတွေက ဘုရားရှိမခိုးခင်မှာ ဘုရားပင့်ကြတယ်။ အချို့ ဗုဒ္ဓဘာသာတွေကတော့ ဘုရားမပင့်ဘဲ ဘုရားရှိခိုးကို ဆက်ဆိုကြတယ်။

မေး။ ။ ဘုရားရှင်ကို ဘယ်လို ပင့်ကြသလဲ။

ဖြေ။ ။ ဘယ်ခေတ်က ဘယ်ဆရာတော် ရေးသားစီကုံးသွားတယ်လို့ မသိရတဲ့ အောက်ပါ ဘုရားပင့် ဂါထာဟာ မြန်မာပြည်အနှံ့အပြား ဗုဒ္ဓဘာသာဝင်တွေ ရရှိတဲ့ ဘုရားပင့်ဖြစ်တယ်။

ရောင်ခြည်တော် ဘုရားပင့်

[ပြင်ဆင်ရန်]

အင်္ဂီရသဿ ဘမုကန္တရေ သဉ္ဇာဘာယ ဥဏ္ဏာယစ၊ ဒါဌာဟိစ သေတရံသိယော။

ဝဇိရာဝ ဝိရောစန္တိ၊ သောဇိနော မေမမ ဌာတုသီသကေ။

အင်္ဂီရသဿ = အယုတ် အလတ် အမြတ် ပိုင်းခြား လွန်ကြိုးစား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျက် “အင်္ဂီရသ” ဆိုတဲ့ ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင် ဘက်မပြီုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ဘမုကန္တရေ = မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာဘာယ = နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍ လာတော်မူသော။ ဥဏ္ဏာယစ = ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်သွင် ငွေနန်းချည်မျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှလည်းကောင်း၊ ဒါဌာဟိစ = ပတ္တမြားခေါင်ရန်း၊ နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်ဖြင့် မပေါ်အောင် ဖုံးပိတ်၍ ထားအပ်သော သွားတော်လေးဆယ် စွယ်တော် လေးဆူ ဖြူရာရာ ဓာတ်တော်ထူးတို့မှလည်းကောင်း၊ သေတရံသိယော = ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေရောင်လွှမ်းဘိသကဲ့သို့ မြတ်လေးပန်း စံပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။ ဝဇီရာဝ = စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကြီးကဲ့သို့။ ဝိရောစန္တိ = ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာ ကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏၊ သောဇိနော = ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်၊ မေမမ = ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကယာစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏၊ သီသကေ = ဦးခေါင်းရတနာ မြတ်ထားရာတင် ဦးထိပ်ပြင်၌၊ ဌာတု = ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမှု မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် ရပ်တန့်တော်မူလှည့်ပါ။ (ဝါ) ရပ်တန့် ရွှင်ကြည် တည်နေ သီတင်းသုံးတော် မူလှည့်ပါ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုံးတော်သခင် အရှင်သူမြတ်ဘုရား။

မေး။ ။ ဘုရားကို ပင့်တဲ့အခါ ဘုရားရှင် ကြွလာပါသလား။

ဖြေ။ ။ အထက်ပါ ဘုရားပင့်ဂါထာကို ရွတ်ဆိုပြီး ပင့်လိုက်တဲ့အခါ ဘုရားရှင်ဟာ မကြွလာပါဘူး။ ဗုဒ္ဓဘာသာတွေရဲ့ ဘုရားက အခြားဘာသာ ဘုရားတွေလို အထက်ကောင်းကင်တစ်နေရာမှာ အသက်ရှင်လျှက် ရှိတာမဟုတ်ပါဘူး။ တစ်နေရာမှာ အသက်ရှင်လျှက် ရှိတာမဟုတ်တဲ့အတွက် ဘုရားရှိခိုးမယ့်လူရဲ့ ပင့်လျှောက်ချက်ကိုလည်း မကြားနိုင်ပါဘူး။ ဒါကြောင့် ဘုရားရှင်ဟာ ကြွလဲ မကြွရောက်ပါဘူး။ ဒီနေရာမှာ ပရိတ်ရွတ်ခါနီး နတ်ပင့်တာနဲ့ သွားမရောသင့်ပါဘူး။ နတ်တွေဆိုတာက အသက်ထင်ရှား ရှိနေတယ်။ အဝေးက ပြောသံ ဆိုသံ ပင့်သံကို ကြားနိုင်လောက်တဲ့ ဒိဗ္ဗသောတ နတ်နားကလဲ ရှိတော့ ပင့်တာကို ကြားပါတယ်။ ကြားတဲ့အတိုင်းလဲ ပရိတ်တရားတော်ကို နာလိုရင် လာပါတယ်။ ဘုရားရှင်ကတော့ သက်တော်ထင်ရှားကလဲ မရှိတော့တဲ့အတွက် ဘယ်သူက ဘယ်လိုပင့်လို့မှ မကြွနိုင်ပါဘူး။

မေး။ ။ ဘုရားဟာ အသက်မရှိလို့ မကြွရင် ဘုရားပင့်တာဟာ အဓိပ္ပာယ်မရှိတဲ့ အပိုအလုပ်ပဲလား။

ဖြေ။ ။ ဘုရားပင့်တာဟာ အဓိပ္ပာယ်မရှိ အပိုအလုပ်တော့ မဟုတ်ပါဘူး။ ရှေ့မှာ ပြခဲ့တဲ့အတိုင်း ဘုရားရှိခိုးတယ်ဆိုတာ ရုပ်ပွား၊ ဆင်းတု၊ စေတီ၊ ပုထိုးကို ရှိခိုးတာ မဟုတ်ပါဘူး။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းပြီး ရှိခိုးတာ ဖြစ်ပါတယ်။ အထက်ပါ ဘုရားပင့် ဂါထာနဲ့ ဘုရားကို ပင့်လိုက်တဲ့အခါ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးနေတဲ့ ဘုရားရှင်ဟာ ဘုရားရှိခိုးသူရဲ့ အာရုံထဲမှာ လာပေါ်ပါတယ်။ ဒီအခါမှာ ဆင်းတုစေတီလောက်ကိုသာ ရှိခိုးတာ မဟုတ်တော့ဘဲ သက်တော်ထင်ရှားဘုရားကို ရှိခိုးပါတယ်။ ဘုရားမပင့်ဘဲ စေတီ ဆင်းတုတော်ရှေ့မှာ ရှိခိုးတဲ့အခါ သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံမရောက်ပဲ ရှိနိုင်ပါတယ်။ မိမိရှိခိုးနေတဲ့အခိုက်မှာ ဘုရားရှင်ဟာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးပြီး မိမိရဲ့ ဦးခေါင်းထက်မှာ ကြွရောက် အပူဇော်ခံနေတယ်လို့ စိတ်အာရုံကို ဖြစ်ပေါ်စေတဲ့အတွက် ပိုပြီးကောင်းပါတယ်။ ဘုရားမပင့်ပေမယ့် သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အောက်မေ့ ရှိခိုးနိုင်ရင်တော့ ဘုရားမပင့်ဘဲ ရှိခိုးလို့လဲ ရပါတယ်။

မေး။ ။ ဘုရားရှင်က ရှင်ဝက္ကလိမထေရ်ကို ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီး ရှိခိုးကြည်ညိုနေလို့ တစ်မဂ် တစ်ဖိုလ် ရမလား။ တရားအားထုတ်ပါလားလို့ မာန်မဲခဲ့တဲ့အတွက် ဘုရားရှိခိုးဖို့ လိုပါသေးသလား။

ဖြေ။ ။ ရှင်ဝက္ကလိမထေရ်ကို ဘုရားရှင် ကိုယ်တော်တိုင်က ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီးကို ရှိခိုးနေလို့ တစ်မဂ် တစ်ဖိုလ် မရနိုင်ဘူးလို့ ဟောကြားခဲ့ပါတယ်။ ဟောကြားတဲ့အတိုင်း သက်တော်ထင်ရှား ဘုရားကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ ဘုရားရှင်ကို ရည်မှန်းနိုင်ဖို့ ကိုယ်စားထားခဲ့တဲ့ ဆင်းတု၊ ရုပ်ပွား၊ စေတီတော်တွေကိုဖြစ်ဖြစ် ရှိခိုးပူဇော်ရုံနဲ့တော့ တစ်မဂ် တစ်ဖိုလ်ကို မရနိုင်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ပါဘူး။

ရှင်ဝက္ကလိမထေရ်ဟာ ဘုရားရှင်ရဲ့ ၃၂-ပါးသော လက္ခဏာတော်ကြီးနဲ့ ၈၀ သော လက္ခဏာတော်ငယ်နဲ့ တင့်တယ်သပ္ပာယ်မှုကို ဖူးမြော်ပြီး ကြည်ညိုနေပါတယ်။ အဲဒီလို တစ်သက်လုံး ကြည်ညိုပြီး သေသွားခဲ့ရင် အပါယ်မလားဘူး။ လူချမ်းသာ နတ်ချမ်းသာကို ရမယ်။ ရှင်ဝက္ကလိဟာ တရားကို ကြိုးစားအားထုတ်လိုက်ရင် မဂ်ဖိုလ်ရမှာကို ဘုရားရှင် မြင်တော်မူတယ်။ ဒါကြောင့် ဘုရားရှင်က ရှင်ဝက္ကလိကို မာန်မဲထုတ်လိုက်ပါတယ်။ ရှင်ဝက္ကလိလဲ သတိတရားရပြီး အားထုတ်လိုက်တာ သောတာပန်ဖြစ်သွားတယ်။ နိဗ္ဗာန်ချမ်းသာ လောကုတ္တရာကုသိုလ်နဲ့ ဘုရားရှင်ကို ကြည်ညိုနေတဲ့ ပုထုဇဉ်အဖြစ်က ကာမာဝစရကုသိုလ်နဲ့ နှိုင်းယှဉ်ကြည့်ရင် အဆ ရာ ထောင် မက ကွာခြားတယ်။ အဆင့်မြင့်တဲ့ လောကုတ္တရာကုသိုလ် မဂ်ဖိုလ်တရား ရမှာကိုမြင်လို့ လောကီကုသိုလ်နဲ့ ကျေနပ်နေတဲ့ ရှင်ဝက္ကလိကို မာန်မဲထုတ်လိုက်တာ ဖြစ်တယ်။ ဘုရားရှင်ကို ကြည်ညိုနေတာဟာ လုံးဝအကျိုးမရှိလို့ မဟုတ်ဘူး။

ဒီလိုသေသေချာချာ မသိဘဲ ခုကာလ တချို့ပုဂ္ဂိုလ်တေက ဘုရားရှိခိုးလို့ အလကားပဲ။ တရားပဲအားထုတ်ကြလို့ ပြောဆိုကြတယ်။ တရားအားထုတ်တဲ့လူဟာ ဘုရားရှိခိုးဖို့ မလိုဘူးလို့ ပြောဆိုနေကြတယ်။ ကိုယ့်ကိုယ်ကို ရှင်ဝက္ကလိလို တစ်မဂ် တစ်ဖိုလ် ရမယ် မရဘူး မသေချာသေးတာ့ အပါယ်တံခါးပိတ်ပြီး လူနတ်ချမ်းသာကို ပေးနိုင်တဲ့ ဘုရားရှိခိုးမှုကိုလဲ ပြုလုပ်ကြရပါမယ်။ ဘုရားရှိခိုးမှု၊ သီလဆောက်တည်မှု၊ ဒါနပြုမှုဆိုတဲ့ လောကီကုသိုလ်နဲ့ အားရတင်းတိမ် မနေဘဲ တစ်မဂ် တစ်ဖို် ရရာရကြောင်း ကမ္မဋ္ဌာန်းတရားကိုလဲ တတ်နိုင်သမျှ အားထုတ်ကြရပါမယ်။

မေး။ ။ ဘုရားရှင်ဟာ ပရိနိဗ္ဗာန် စံသွားပြီ မဟုတ်လား။ ဘုရားရှင်ဟာ ကောင်းကင်ဘုံတစ်နေရာမှာ သက်တော်ထင်ရှား တည်ရှိနေတာ မဟုတ်တော့ ရှိခိုးကိုးကွယ်လို့ အကျိုးရပါ့မလား။

ဖြေ။ ။ ပရိနိဗ္ဗာန်က သုံးမျိုးရှိပါတယ်။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သဗ္ဗညုတဉာဏ်ကို ရတော်မူစဉ်က ကိလေသာ အပူမီးတွေကို အကြွင်းအကျန်မရှိ ငြိမ်းသတ်ခဲ့တဲ့အတွက် ကိလေသပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ ကုသိန္နာရုံပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာ ခန္ဓာကမ္မဇရုပ် ကင်းချုပ်ကုန်ဆုံးခဲ့ (သေလွန်ခဲ့)တာကို ခန္ဓပရိနိဗ္ဗာန်လို့ ခေါ်ပါတယ်။ သက်တမ်းတိုတဲ့ ကာလမှာ ပွင့်တော်မူကြတဲ့ ဘုရားရှင်တွေဟာ ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းပျောက်ကွယ်သွားပေမယ့် ဘုရားရှင်ရဲ့ အလောင်းတော်ကို မီးသင်္ဂြိုလ်တဲ့အခါ အရိုးတော်ဟာ ဓာတ်တော်တွေအဖြစ် ကြွင်းကျန်ရစ်ပါစေလို့ အဓိဋ္ဌာန်ပြုမြဲဓမ္မတာ ဖြစ်တယ်။ ဂေါတမဘုရားရှင်ဟာလဲ သက်တမ်းတိုတဲ့ခေတ်မှာ ဘုရားပွင့်လာရတော့ ၄၅ ဝါ တရားဟောရ ချွတ်ရရုံနဲ့ အားရကျေနပ်တော်မမူဘူး။ ဒါကြောင့် ခန္ဓပရိနိဗ္ဗာန် ပြုပြီးနောက်မှာ ဓာတ်တော်တွေ ကျန်ပါစေ။ အဲဒီဓာတ်တော်တွေကို ပူဇော်ပြီး ဘုရားရှင်နဲ့ တိုက်ရိုက်မတွေ့လိုက်ရ၊ တရားမနာရတဲ့ သတ္တဝါတွေ ကျွတ်ပါစေဆိုပြီး ဓာတ်တော်တွေကျန်ဖို့ အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်တဲ့အတိုင်း ဓာတ်တော်တွေ ကျန်ခဲ့လို့ အခု ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၅၀၀ ကျော်အထိ ဗုဒ္ဓသာသနာဟာ ထွန်းလင်းနေတယ်။ နောက် နှစ်ပေါင်းများစွာလဲ ဆက်လက် ထွန်းလင်းနေဦးမှာပဲ။

သာသနာတော် နှစ်ငါးထောင် ပြည့်တဲ့အခါ ဒါမှမဟုတ် သာသနာတော်ကို ကြည်ညိုကိုးကွယ်သူမရှိ။ သာသနာပ ကာလရောက်ချိန် ကျတဲ့အခါ လူ့ပြည်၊ နတ်ပြည်၊ နဂါးပြည်မှာ ရောက်နေတဲ့ ဘုရားရှင်ရဲ့ ဓာတ်တော်တွေဟာ ဗောဓိပင်နှင့် ရွှေပလ္လင်နေရာမှာ ပြန်စုပြီး ဓာတုပရိနိဗ္ဗာန် ပြုတော်မူလိမ့်မယ်။ အဲဒီအခါမှာ ဂေါတမဘုရားရှင်နဲ့ သာသနာဟာ အဆုံးသတ်သွားလိမ့်မယ်။ အဲဒီ ဓာတုပရိနိဗ္ဗာန် မစံခင်အတွင်းမှာတော့ ဓာတုစေတီ = ဓာတ်တော်တွေ၊ ဓမ္မစေတီ = ပိဋကတ်တော်တွေ၊ ဥဒ္ဒိဿစေတီ = ဆင်းတုတော်တွေ၊ ပရိဘောဂစေတီ = ဗောဓိပင်တွေ ဆိုတဲ့ စေတီလေးမျိုးဟာ ဂေါတမဘုရားရှင်ရဲ့ကိုယ်စား ကိုးကွယ်စရာတွေ ဖြစ်တဲ့အတွက် ဒီစေတီလေးမျိုး ရှိနေသမျှ ဘုရားပရိနိဗ္ဗာန် စံသွားပြီလို့ မဆိုနိုင်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ ကောင်းကင်ဘုံ တစ်နေရာမှာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်မှောက်မှာ ဘုရားကိုယ်စား စေတီ ၄-ပါးရှိတဲ့အတွက် ရှိခိုးကိုးကွယ်လို့ အကျိုးရှိပါတယ်။

မေး။ ။ ဘုရားရှင်ရဲ့ ရုပ်ကလာပ်အလောင်းတော်ကို ဘယ်လိုပူဇော် သင်္ဂြိုလ်ရမလဲလို့ ရှင်အာနန္ဒာက မေးတဲ့အခါ အာနန္ဒာ၊ သင်တို့ ငါဘုရားရဲ့ အလောင်းတော်ကို ပူဇော်မှု၌ ကြောင့်ကြမစိုက်ကြကုန်လင့်လို့ ဟောပြီး ပူဇော်ထိုက်တဲ့ ဘုရားရှင်ရဲ့ သရီရဓာတ်တွေကို ပူဇော်ကြလော့။ ပူဇော်မှုကြောင့် နတ်ပြည်သို့ ရောက်လတ္တံ့လို့ ဟောပြန်တော့ ဒေသနာနှစ်ခုဟာ ဆန့်ကျင်မနေဘူးလား။

ဖြေ။ ။ မဆန့်ကျင်ပါဘူး။ ရှင်ဝက္ကလိထေရ်ကို မိန့်တုန်းကလိုပဲ အထက်တန်းကျလာတဲ့ လောကုတ္တရာကုသိုလ်တွေရဖို့ ရဟန်းဝတ်နေကြတဲ့ ဘုရားသားတော်၊ သံဃာတော်တွေအဖို့ အလောင်းတော်ကို ပူဇော်ကာ လောကီကုသိုလ် ရှာမှီးရန်မဟုတ်။ သင်္ခါရတွေကို သုံးသပ်ဆင်ခြင် သတိပဋ္ဌာန်လေးပါး ရှုပွားပြီး အရဟတ္တဖိုလ်ရအောင် အားထုတ်မှုမျိုးဟာ ဘုရားသားတော်တွေရဲ့ အလုပ်ဖြစ်တယ်။ ပူဇော်သက္ကာရ ပြုတယ်ဆိုတာက ဘုရားသားတော်တွေမဟုတ်တဲ့ လူတွေ နတ်တွေရဲ့ အလုပ်ဖြစ်တယ်။ အရဟတ္တဖိုလ်ရအောင် အားမထုတ်နိုင်သေးတဲ့ လူတွေ နတ်တွေကတော့ ဓာတ်တော်တွေ စေတီလေးပါးတွေကို ပူဇော်ခြင်းဖြင့် အပါယ်တံခါးပိတ်ပြီး လူ့ပြည် နတ်ပြည်တံခါးကို ဖွင့်ကြလိမ့်မယ်လို့ ဆိုလိုတယ်။ ဒါကြောင့် အထက်မှာ ဟောခဲ့တဲ့ ဒေသနာနှစ်ခုဟာ မဆန့်ကျင်ပါဘူး။ ဒါကြောင့် ဘုရားရှင်ရဲ့ စေတီ (၄)မျိုးကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ် ပူဇော်ကြရမယ်။

မေး။ ။ ဘုရားရှင်ဟာ ဆင်းရဲကိုလည်း မကယ်နိုင်၊ ချမ်းသာကိုလည်း မပေးနိုင်ဘူးဆိုရင် ကိုးကွယ်နေဖို့ လိုပါသေးလား။

ဖြေ။ ။ ဘုရားရှင်က ဆင်းရဲသူကိုလည်း မကယ်နိုင်ဘူး။ ချမ်းသာအောင်လဲ မ မစနိုင်ဘူး။ ဗုဒ္ဓဘာသာတွေ ဘုရားရှိခိုးတာက အခြားဘာသာဝင်တွေ သူတို့ရဲ့ ဘုရားကို ရှိခိုးတာနဲ့ မတူဘူး။ အခြားဘာသာ ဘုရားတွေကတော့ ရှိခိုးသူရဲ့ အပြစ်ကိုလဲ ခွင့်လွှတ်တယ်။ အပြစ်ကလွတ်အောင် ကယ်တင်တယ်။ ချမ်းသာသုခရအောင်လဲ ဖန်တီးပေးတယ်လို့ သူတို့က ယုံကြည်တယ်။ ဂေါတမ ဘုရားရှင်ကတော့ ကယ်လဲ မကယ်ဘူး။ မ လဲ မ မဘူး။ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ သူတို့နဲ့လဲ မဆိုင်ဘူး။ ကာယကံရှင် လူသားနဲ့သာ ဆိုင်တယ်။ ကောင်းတာလုပ်ရင် အကျိုးခံစားရမယ်။ ဆိုးတာလုပ်ရင် အပြစ်ခံရမယ်။ ဘုရားရှင်ကတော့ လူသားကို အကောင်းနဲ့အဆိုး ညွှန်ပြရုံသာ ညွှန်ပြတယ်။ ဗုဒ္ဓဘာသာတွေက ဘုရားကို ရှိခိုးတာလဲ ဆင်းရဲကကယ်တင်ဖို့၊ နိဗ္ဗာန်ရအောင် လုပ်ပေးဖို့ ရှိခိုးတာမဟုတ်ဘူး။ အမှန်နဲ့ အမှားကို ညွှန်ပြတဲ့ ဆရာတစ်ဆူအနေနဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ပြီးသာ ရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ ဘုရားရှင်ကလဲ ငါဘုရားကို ရုပ်အဆင်း သပ္ပာယ်လှပလို့လဲ မမှီဝဲနဲ့။ ပစ္စည်းလေးပါး လွယ်လွယ်ကူကူရလို့လဲ မမှီဝဲနဲ့။ လမ်းမှားနဲ့ လမ်းမှန်ကို ခွဲခြားညွှန်ပြနိုင်တဲ့ ဆရာတစ်ဆူဖြစ်တယ်လို့ ယုံကြည်မှ ကိုးကါယ်ဆည်းကပ်ကြလို့ မူလပဏ္ဏာသမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆင်းရဲက ကယ်တင်ဖို့ ချမ်းသာသုခကို ပေးဖို့ ရှိခိုးတောင်းပန်တာ မဟုတ်ပါဘူး။ လမ်းမှန်ကို ညွှန်ပြပေးတဲ့ ဆရာအနေ၊ ကျေးဇူးရှင်အနေနဲ့သာ အရိုအသေပြုခြင်း၊ ရှိခိုးပူဇော်ခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရား မကယ်တင်နိုင်ဘူးဆိုတဲ့အတွက် ဘုရားရှိခိုးတာ အကျိုးမရှိဘူးလို့ မဆိုလိုဘူး။ ဓမ္မပဒ အာယဝဎုနဝတ္ထုမှာ အသက်ရှည်၊ အဆင်းလှ၊ ကိုယ်စိတ်ချမ်းသာ၊ ခွန်အားဗလ ကောင်းမယ်လို့ ဟောထားတယ်။ ဂုဏ်အားဖြင့် ကြီးသူတွေထဲမှာ ဘုရားရှင်လောက် ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်မရှိဘူး။ ဒါကြောင့် ရတနာသုံးပါးရဲ့ဂုဏ်က ယုံယုံကြည်ကြည်နဲ့ ပွားများအောက်မေ့ ရှိခိုးတဲ့လူဟာ အသက်ရှည်မယ်။ သူတစ်ပါး လေးစားလောက်အောင် တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်မျိုး ရှိမယ်။ အလုပ်အကိုင် ရောင်းရေးဝယ်တာ အဆင်ပြေပြီး လာဘ်လာဘ ပေါများ၍ ကိုယ်ရောစိတ်ပါ ချမ်းသာမယ်။ ကာယဗလ ကျန်းမာရေးကောင်းမယ်။ ဉာဏဗလ စိတ်ကြည်လင်ပြီး စာသင်လို့ အကြံထုတ်လို့ ကောင်းမယ်။ မိတ္တဗလ လူချစ်လူခင် များမယ်။ စာရိတ္တဗလ အကျင့်ကောင်းမယ်။ ဘောဂဗလ ဝင်ငွေကောင်းပြီး ချမ်းချမ်းသာသာနေနိုင်၊ စားနိုင်မယ်။ ဒီဓမ္မပဒမှာ ဘုရားရှင် ဟောတဲ့အတိုင်း ကြီးပွားချမ်းသာချင်ရင်၊ အကြံအစည်အောင်ချင်ရင် ဘုရားဂုဏ်တော်ကို များများ ပွားပေးကြပါ။ လက်တွေ့အကျိုးရပါလိမ့်မယ်။

မေး။ ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဘုရားရှင် ဟောထားတာ ရှိပါသလား။

ဖြေ။ ။ အဂ္ဂိဒတ္တရသေ့ဟာ တပည့်တွေကို တောတောင် သစ်ပင် ဥယျာဉ်ခြံ နတ်ကွန်းတွေကို ရှိခိုးပူဇော်ဖို့ တိုက်တွန်းနေတယ်။ ဒါကို ဘုရားသိတော့ ဒီလို သစ်ပင်တောတောင်တွေကို ရှိခိုးကိုးကွယ်နေတာ မှန်ကန်တဲ့ ဘေးရန်မှကင်းတဲ့ ကိုးကွယ်မှုမျိုး မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်မှ ဘေးကင်းတယ်။ မွန်မြတ်တယ်။ ဆင်းရဲခပ်သိမ်းကလဲ ကင်းလွတ်မယ်လို့ ဘုရားရှင်က ဓမ္မပဒမှာ ဟောထားပါတယ်။

မေး။ ။ မြတ်စွာဘုရားရဲ့ ကုန်မျိုးစုံဆိုင်ဆိုတာ ဘာလဲ။ အဲဒီဆိုင်မှာ ဘာကုန်တွေ ရောင်းသလဲ၊ ဘာငွေနဲ့ ဝယ်ရသလဲ။ (မိလိန္ဒမင်းကြီး အမေး)။

ဖြေ။ ။ ဓာတု ဓမ္မ ဥဒ္ဒိဿနဲ့ ပရိဘောဂဆိုတဲ့ စေတီ ၄-မျိုးနဲ့ သံဃာတော်တွေဟာ ဘုရားရှင် ဖွင့်ထားတဲ့ ကုန်မျိုးစုံဆိုင်ကြီး ဖြစ်တယ်။ အဲဒီဆိုင်ကြီးမှာ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း၊ အမျိုးမြတ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ နတ်ပြည်ရောက်ခြင်း၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ကုန်မျိုးစုံကို ဖြန့်ခင်းရောင်းချတယ်။ အဲဒီ အဖိုးတန် ကုန်တွေကို ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံဆိုတဲ့ အဖိုးငွေတွေပေးပြီး ဝယ်ယူနိုင်တယ်လို့ ရှင်နာဂသေနက ဖြေထားတယ်။ ဒါကြောင့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆိုတဲ့ ငွေတွေ များများစုဆောင်းပြီး စေတီ ၄-ပါးနဲ့ သံဃာတော်များဆိုတဲ့ ဘုရားရှင်ရဲ့ ကုန်ပဒေသာစတိုးဆိုင်ကြီးမှာ လူနတ်နိဗ္ဗာန် ချမ်းသားသုံးပါး ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးနိုင်ကြဖို့ အထူးလိုပါတယ်။

အနန္တငါးပါး ဘုရားရှိခိုး

[ပြင်ဆင်ရန်]

(၁) ဗုဒ္ဓဂုဏော, အနန္တောဟု, ကျော်စောထင်ရှား, သုံးပါးရပ်သူ, နတ်လူဗြဟ္မာ, သတ္တဝါကို, ခေမာသာခေါင်, နိဗ္ဗာန်သောင်သို့, ရွှေဖောင်မဂ္ဂင်, သဘောင်္ယာဉ်ဖြင့်, ကယ်တင်ဆောင်ယူ, ပို့တော်မူသည့်, နတ်လူထိပ်ပန်း, ရဟန်းတို့ဆရာ, အစိန္တေယျာ, မဟာအမိတ, အနန္တဂုဏ်အင်, ကျေးဇူးရှင်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါညွှတ်ကျိုး အလွန်မြတ်နိုးလျက် ရှိခိုးပါ၏ အရှင်ဘုရား။

(၂) ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တဝါလူနတ် အထပ်ထပ်ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့် တဏှာသံယော ကိလေတောမှ ဆေးကြောသုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားတော်မြတ်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါညွှတ်ကျိုး လွန်မြတ်နိုးလျက် ရှိခိုးပါ၏ အရှင်ဘုရား။

(၃) သံဃဂုဏော အနန္တောဟု လောဘ ဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သည့် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနတ္တကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ သဒ္ဓါရွှင်မြူး ဂုဏ်ရည်စူးလျက် ကြည်နူးကြည်သာ ရှိခိုးပါ၏ အရှင်ဘုရား။

(၄) မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတ မိနှင့်ဘတို့ ရေကြည်ကလလ တည်ဦးစပင် ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာနှင့် အစာဆိမ့်အေး နို့ချိုပေး၍ ကျွေးသည့်မိခင် မွေးဘရှင်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ ဂုဏ်တော်ရည်စူး စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

(၅) အာစရိယဂုဏော အနန္တောဟု မိန့်ဟောအရ ကောက်ယူပြသော် နယနည်းနာ အဖြာဖြာကို လိမ်မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရာယှဉ်လျက် နှုတ်မြွက်သံချို ဆုံးမဆိုသား အတိုများစွာ သံသရာဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရင်ပြစ် ဆိုးညစ်ယုတ်မာ ပယ်စွန့်ခွာ၍ ခေမာဘုမ္မိ ဘေးမရှိသည့် သန္တိသုခ မုချဧကန် နိဗ္ဗာန်အရောက် ညွှန်ပြသွန်သင် ပဲ့ပြင်ပေးတတ် ဆရာမြတ်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒာမိ၊ စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ကြီးဖျော်၏ ဝါစာအစိန္တေယျ ဘုရားရှိခိုး

[ပြင်ဆင်ရန်]

ဝါစာ ဝါစာ ဝိလာသဂ္ဂ - ဝါစာစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ဝါစာ ဝါစာ ဝိလာသဂ္ဂ ဝါစာ စိန္တေယျ သံယုတ္တံ- ပကတိသောစကား၊ အလွန်တင့်တယ်သော စကား၊ မကြံစည်နိုင်သော စကားနှင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ- ကျေးဇူးတော်အစစ် ဂုဏ်တော်အနှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ဝန္ဒေ- ဝန္ဒာမိ- ရှိခိုးပါ၏၊ တေန- ထိုသို့ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလဝါစကော- အတုမရှိသော စကားနှင့် ပြည့်စုံရသည်၊ အမှိ- ဖြစ်ရပါလို၏ အရှင်ဘုရား။

ရူပအစိန္တေယျ ဘုရားရှိခိုး

[ပြင်ဆင်ရန်]

ရူပ ရူပ ဝိလာသဂ္ဂ - ရူပါစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ရူပ ရူပ ဝိလာသဂ္ဂ ရူပါစိန္တေယျ သံယုတ္တံ- ပကတိသောအဆင်း အလွန်တင့်တယ်သောအဆင်း၊ မြတ်သောအဆင်း၊ မကြံစည်နိုင်သော အဆင်းနျင့် ပြည့်စုံတော်မူသော၊ သာရဂုဏောပေတံ- ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ “ဝန္ဒေ-ဝန္ဒာမိ”- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊ တေန- ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်၊ အတုလရူပါ- အတုမရှိသော အဆင်းနှင့် ပြည့်စုံရသည်၊ အမှိ- ဖြစ်ရပါလို၏ အရှင်ဘုရား။

ဉာဏအစိန္တေယျ ဘုရားရှိခိုး

[ပြင်ဆင်ရန်]

ဉာဏ ဉာဏ ဝိလာသဂ္ဂ - ဉာဏာစိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဝါစကော။

ဉာဏ ဉာဏ ဝိလာသဂ္ဂ ဉာဏာ စိန္တေယျ သံယုတ္တံ- ပကတိသောဉာဏ်, အလွန်တင့်တယ်သော ဉာဏ်, မြတ်သောဉာဏ်, မကြံစည်နိုင်သော ဉာဏ်နှင့် ပြည့်စုံတော်မူသော။ သာရဂုဏောပေတံ- ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ “ဝန္ဒေ- ဝန္ဒာမိ” ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ တေန- ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်။ အတုလဉာဏဝါ- အတုမရှိသော ဉာဏ်နှင့် ပြည့်စုံရသည်။ အမှိ- ဖြစ်ရပါလို၏အရှင်ဘုရား။

ဣဒ္ဓိအစိန္တေယျ ဘုရားရှိခိုး

[ပြင်ဆင်ရန်]

ဣဒ္ဓိ ဣဒ္ဓိ ဝိလာသဂ္ဂ - ဣဒ္ဓိ စိန္တေယျ သံယုတ္တံ။

ဝန္ဒေ သာရဂုဏောပေတံ၊ တေနမှာတုလဣဒ္ဓိမာ။

ဣဒ္ဓိ ဣဒ္ဓိ ဝိလာသဂ္ဂ- ဣဒ္ဓိ စိန္တေယျ သံယုတ္တံ- ပကတိသောတန်ခိုး, အလွန်တင့်တယ်သော တန်ခိုး, မြတ်သောတန်ခိုး, မကြံစည်နိုင်သောတန်ခိုးနှင့် ပြည့်စုံတော်မူသော။ သာရဂုဏောပေတံ- ကျေးဇူးတော်အစစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ “ဝန္ဒေ- ဝန္ဒာမိ”- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ တေန- ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့်။ အတုလဣဒ္ဓိ- အတုမရှိသော တန်ခိုးနှင့် ပြည့်စုံရသည်။ အမှိ- ဖြစ်ရပါလို၏ အရှင်ဘုရား။

ဗုဒ္ဓဝင်ဘုရားရှိခိုး

[ပြင်ဆင်ရန်]

လယ်တီဆရာတော်ရဲ့ ခုနှစ်နေ့ ဘုရားရှိခိုးနဲ့ စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ဘုရားရဲ့ ဗုဒ္ဓဝင်ဘုရားရှိခိုး နှစ်ပုဒ်ဟာ ဗုဒ္ဓဝင်ကျမ်းကြီးကို အကျဉ်းချုပ် ရေးထားတဲ့ ဘုရားရှိခိုးတွေ ဖြစ်တယ်။ ကျက်မှတ်ရှိခိုးလိုသူတွေအတွက် ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားတော်မူအပ်သော ခုနှစ်နေ့ ဘုရားရှိခိုး

၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။ (ကြာသပတေးနေ့)

၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။ (သောကြာနေ့)

၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရပ်ဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို။ (တနလာင်္နေ့)

၄။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။ (ဗုဒ္ဓဟူးနေ့)

၅။ ဘုရားဖြစ်ခါ၊ မိဂါဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။ (စနေနေ့)

၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကုတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ (အင်္ဂါနေ့)

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။ (တနင်္ဂနွေနေ့)

စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ဘုရား၏ ဗုဒ္ဓဝင် ဘုရားရှိခိုး

[ပြင်ဆင်ရန်]

အနန္တဂုဏသမ္ပန္နော- အရဟံအစ အနန္တအသင်္ချေ တွက်ရေမရ များလှသောင်းပြောင်း ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော။ ဂေါတမော- ဂေါတမနွယ်ဖွား ငါတို့မြတ်စွာဘုရားသည် ..

ဆုပန်

ဒီပင်္ကရာပါဒမူလေ- သာရမဏ္ဍ ကမ္ဘာမ၌ ပွင့်ကြထင်ရှား ရာလေးပါးတွင် တစ်ပါးဝင်သည့် ဒီပင်္ကရာ မြတ်စွာသနင်း ခြေတော်ရင်း၌။ နိယတမာလံ- ရသေ့သုမေဓာ ဖြစ်စဉ်ခါက သဒ္ဓါပိုမို လွန်ကြည်ညို၍ ကိုယ်ကိုဝပ်စင်း တံတားခင်းသဖြင့် ရှင်ရင်းမြတ်စွာ ဒီပင်္ကရာက ကမ္ဘာဘဒ္ဒ နောင်ကာလ၌ ဗုဒ္ဓတစ်ဆူ ဖြစ်လိမ့်ဟူ၍ ခွန်းကျူချိုမြ နှုတ်တော်ဟသည့် နိယဘခေါ် ဘွဲ့တံဆိပ် အောင်ပန်းတော်ကို။ ပိလန္ဓိတွာန- ယသော်လောင်းလျာ သုမိတ္တာနှင့် မကွာအတူ ပတ္တနာမူလျက် ကြည်ဖြူနှစ်သက် ဦးထိပ်ရွက် ပန်ဆင်တော်မူပြီး၍-

ပါရမီဖြည့်

ကပ္ပသတသဟဿဓိကာနိ- ကမ္ဘာတွက်ကိန်း တစ်သိန်းအလွန်ရှိကုန်သော။ စတ္တာရိအသချေင်္ယျာနိ- လေးသချေင်္တို့ ကာလပတ်လုံး။ သမတိံသပါရမိယော- ဒါနစသား များလှပေါယ် သုံးဆယ်အညီ ပါရမီတော်တို့ကို။ ပူရယိတွာန- အယုတ် အလတ် အမြတ်အားဖြင့် ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်ဖြည့်ကျင့်တော်မူပြီး၍-

ပဋိသန္ဓေနေ

အန္တိမဘဝေ- ဒီပင်္ကရာ မြတ်စွာကျူးနှိပ် ဗျာဒိတ်တော်လာ ကမ္ဘာဘဒ္ဒ အဆုံးစွန်သော ဘဝ၌။ ဒေဝိယာ- ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန နန်းမတောင်ညာ ခြောက်ပြစ်ကွာသည့် မာယာဒေဝီ မဟေသီထွတ်ထား သောင်းရွေဖျား၏။ ကုစ္ဆိမှိ- သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌။ ဝသိတွာန- ဘိုးတော်သကျ အဉ္စနမင်း ဖြိုကြွင်းတွက်စစ် သက္ကရာဇ်လွန် ခြောက်ဆယ့်ခွန်ဝယ် တိမ်စွန်ညိုညို မိုးလုံးစိုသည့် ဝါဆိုလပြည့် ကြွက်မင်းနေ့၌ ချမ်းမြေ့သန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူပြီး၍-

ဖွားမြင်

လုမ္ဗိနီဝနေ- သာကီဝင်တို့ ရွှင်ပျော်ပျို့သည့် နှစ်မြို့တော်လုံး ပိတုန်းကျေးငှက် ဝဲကာယှက်၍ ပျံတက်ရင့်ကျူး လွန်ပျော်မြူးသား မြင့်ထူးညီညီ ပွင့်ဖူးစီသည့် လုမ္ဗိနီသာမော အင်ကြင်းတော၌။ ဝိဇာယိတွာန- ခြောက်ဆယ့်ရှစ်ခု ရတုသာယာ ဝိသာခါနှင့် တံငါတိမ်ဘုံ စန်းတွေ့ကြုံသား ကဆုန်လပြည့် သောကြာနေ့၌ ချမ်းမြေ့ကြည်သာ နတ်ဗြဟ္မာနှင့် ဗိုလ်ပါအပေါင်း ရံခညောင်း၍ တစ်သောင်းလောကဓာတ် ပဲ့တင်ထပ်လျက် နှံ့စပ်ကျော်ကျူး သူ့ထက်ထူးအောင် မီးရှူးသန့်စင် ဖွားမြင်တော်မူပြီး၍-

ထီးနန်းစံ

သောဠသဝဿကာလေ- တစ်ဆယ့်ခြောက်နှစ် သက္ကရာဇ်ကို တွက်စစ်ပြီးမြောက် ရွယ်တော်ရောက်သောအခါ၌။ ရာဇသိရိံ- တစ်သိန်းခြောက်သောင်း ဆွေတော်ပေါင်းနှင့် မောင်းမမိဿံ လေးသောင်းရံလျက် ရမ္မသုဘ သုရမ္မဟု ထွန်းပြပြီုးပြောင် နန်းသုံးဆောင်ဝယ် ရွှေရောင်နှိုင်းဆ နတ်တမျှသို့ ဘဒ္ဒကဉ္စနာ ဗိမ္မာရွှေလှော် မင်းယသော်နှင့် နှစ်ဖော်သက်ဝေ မြနှင့်ရွှေသို့ ဂဟေတော်စပ် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ သိကြားတုလျှင် စိုးယူပိုင်နင်း ပွဲစုံခင်းလျက် မင်းမင်းတို့ထီး ဘုန်းမီးနေလ မရပြီုင်သော် မင်း၏အသရေတော်ကို။ အနုဘဝိတွာန- ဆယ့်သုံးနှစ်မျှ အားရရွှင်ပျော် စံစားတော်မူပြီး၍-

တောထွက်

ဧကနတိံသဝေဿ- တောထွက်ဖို့ရန် ချိန်တန်သင့်မြတ် ကရကဋ်ရာသီ ပါရမီဆော်နှိုး အရွယ်တော် နှစ်ဆယ့်ကိုးသို့။ ပတ္တေ- တရွေ့ရွေ့ကြီးမြောက် ရောက်တော်မူလတ်သည်ရှိသော်။ စတုရောနိမတ္တေ- သူအို။ သူနာ။ သူသေတစ်ခန်း ရဟန်းတခြား လေးပါးသော နိမိတ်ကြီးတို့ကို။ ဒိသွာ- ဥယျာဉ်ကစားရန် ထွက်စံတော်မူစဉ် တွေ့မြင်တော်မူသည်ရှိသော်။ နိဗ္ဗိန္ဒိတွာန- ထီးတော် နန်းတော် ကြငှာန်းတော်၌ မပျော်မမွေ့ ငြီးငွေ့တော်မူလှသည်ဖြစ်၍။ နိက္ခမန္တော- ကိုးဆယ့်ခုနှစ်ခု ရတုရွှန်းစို ဝါဆိုပုဏ္ဏမ ဗျဂ္ဃဒိနာ ဆွေကြင်ရာမှ သည်းချာမျက်ရှု ရဟုဘုန်းဟေ့ ဖွားသည့်နေ့တွင် မမွေ့နိုင်အောင် သံဝေဆောင်၍ သန်းခေါင်ကာလ တိုးတိုးမျှနှင့် ဆန္ဒမတ်ကျော် အပါခေါ်၍ စီးတော်ယာဉ်လှ ကဏ္ဍကနှင့် နန်းမှခွာရှောင် နော်မာသောင်သို့ ရောက်အောင်မပျက် ထွက်ကြီးထွက်တော်မူလျက်။ ပဗ္ဗဇိတွာန- ဘဒ္ဒကဉ္စန အလှမျက်ဖျော် ယသော်ကြင်ဆွေ နန်းလုံးမေသည် ရစ်ခွေတွယ်တာမထား ပယ်ကားရှားလျက် ထက်ဖျားဗြဟ္မာ လှူကပ်လာသည့် ရောင်ဝါတင့်ဆန်း ကြာသင်္ကန်းဖြင့် ထီးနန်းမူရာ စွန့်ပစ်ကာလျှင် ကြည်သာရွှင်လန်း တောမြိုင်တန်း၌ ရဟန်းပြုတော်မူပြီး၍-

ဒုက္ကရစရိယာကျင့်

ဆဗ္ဗဿာနိ- ဥရုဝေလ နာမတင့်ဆန်း နန်းနှင့်မနီး ထီးနှင့်ဝေးကွာ တောမြိုင်သာဝယ် သချင်္ာတွက်စစ် ခြောက်နှစ်တို့ ကာလပတ်လုံး။ ဒုက္ကရစရိယာနိ- ခန္ဓာညှိုးခွေ ကြွေလုခမန်း အားအင်ကုန်ခန်းအောင် ပင်ပန်းဆင်းရဲ ပြုနိုင်ခဲသည့် လွန်ကဲသော အကျင့်တော်မြတ်တို့ကို။ စရိတွာန- သွေးသားခန်းခြောက် အသက်ပင်ပျောက်ပျောက် မကြောက်မရွံ့ နောက်မတွန့်ဘဲ သက်စွန့်ကြိုးပမ်း ဖြည့်စွမ်း ကျင့်ကြံတော်မူပြီး၍-

ဘုရားဖြစ်

ဗောဓိမဏ္ဍေ- အဝိဇဟိတ ဌာနသာစည် ရှေးတည်နှောင်းပျက် အချက်အချာ မင်္ဂလာဘူမိ အတုမရှိသည့် ဗောဓိမဏ္ဍိုင် မြေဦးကိုင်၌။ ပဉ္စမာရေ- ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးတို့ကို။ ဇိတွာန- ပါရမီတော်မြတ် အရဟတ္တမဂ် ဓားသန်လျက်ဖြင့် ပယ်ဖျက်ခုတ်ထွင် သုတ်သင်ရှင်းလင်း အောင်ပွဲခင်းလျက် အောင်သတင်းကြူကြူ အောင်လံတော်လွှင့်ထူပြီး၍။ ဗုဒ္ဓဘာဝံ- လေးပါးသစ္စာ ပုဒိအာကို ဆရာမကူ သယမ္ဘူဖြင့် ဏုမြူမကျန် မဖောက်ပြန်ဘဲ ဝေဖန်ပိုင်းခြား သိမြင်ငြားသည့် သုံးပါးလောက မကိုဋ်ထွတ်ဖူး အောင်ပွဲမှူးတစ်ဆူ နတ်လူတို့မျက်ရစ် ဘုရားရှင်အဖြစ်သို့။ သမ္ပတ္တော- ရာ့သုံးခုကြုံ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် ကြွေ့ကြွေ့လှိုက်ဆူ ရောက်ကြီး ရောက်တော်မူလေပြီ။ တံ ဗုဒ္ဓံ- ဘုရားအဖြစ်သို့ စင်စစ်ပြီးမြောက် ရောက်တော်မူသော ထိုမြတ်စွာဘုရားကို။ အဟံ- တပည့်တော်သည်။ ဝန္ဒာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

မှတ်ချက်

[ပြင်ဆင်ရန်]

၁။ ဘုရားရှင်တို့ ပွင့်တော်မူရာ ကမ္ဘာသည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ (၁) ဘုရားတစ်ဆူပွင့်သော သာရကမ္ဘာ၊ (၂) နှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ၊ (၃) သုံးဆူပွင့်သော ဝရကမ္ဘာ၊ (၄) လေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ၊ (၅) ငါးဆူပွင့်သော ဘဒ္ဒကမ္ဘာတို့ ဖြစ်ကြ၏၊ ဤကမ္ဘာငါးမျိုးကို ဘုရားရှင် ပွင့်တော်မူရာ ဖြစ်သောကြောင့် အသုညကမ္ဘာဟု ခေါ်သည်။ ဤကမ္ဘာများမှတစ်ပါး ဘုရားရှင်တို့ ပွင့်တော်မမူသော ကမ္ဘာများကို သုညကမ္ဘာများဟု ခေါ်သည်။

အဆိုပါ အသုညကမ္ဘာက ငါးမျိုးအနက် ၄ နံပါတ်ဖြစ်သော သာရမဏ္ဍကမ္ဘာကို ရည်ရွယ်၍ “သာရမဏ္ဍ ကမ္ဘာမ”ဟု ဆိုသည်။ ယင်းသာရမဏ္ဍ ကမ္ဘာ၌ တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရဏင်္ကရာ၊ ဒီပင်္ကရာ ဟု ဘုရားလေးဆူ ပွင့်တော်မူခဲ့၏၊ ဤအချက်ကို ရည်ရွယ်၍ “ရာလေးပါးတွင် တစ်ပါးပါဝင်သည့် ဒီပင်္ကရာ မြတ်စွာသနင်း”ဟု ဆိုသည်။

၂။ ပါရမီသုံးဆယ် ရေတွက်ပုံ။ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးကို အယုတ် (အညံ့)စား အလတ်စား၊ အမြတ်စားဟု သုံးမျိုးစီ မြှောက်ပွားလျှင် ပါရမီသုံးဆယ်ဖြစ်၏၊ ဥပမာ - ဒါနပါရမီ (အညံ့စား)၊ ဒါနဥပပါရမီ (အလတ်စား)၊ ဒါနပရမတ္ထပါရမီ (အမြတ်စား) စသည်ဖြင့် ပွားရာ၏၊ ယင်းကိုရည်ရွယ်၍ “အယုတ်၊ အလတ်၊ အမြတ် အားဖြင့် ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်ပြုကျင့်တော်မူပြီး၍” ဟု ဆိုသည်။

မေး။ ။ ဘုရား သို့မဟုတ် ရတနာသုံးပါးကို ရပ်ရင်း၊ အိပ်ရင်း၊ လမ်းလျှောက်ရင်း ရှိခိုးကောင်းပါသလား။

ဖြေ။ ။ အင်္ဂုတ္တိုရ်ပါဠိတော် ဝန္ဒနာသုတ်မှာ ရှိခိုးတာဟာ ကိုယ်နဲ့ရှိခိုးခြင်း၊ နှုတ်နဲ့ရှိခိုးခြင်း၊ စိတ်နဲ့ ရှိခိုးခြင်းဆိုပြီး (၃)မျိုး ရှိတယ်လို့ ဟောတယ်။ အဲဒီသုံးမျိုးထဲမှာ ကိုယ်နဲ့ ရှိခိုးတယ်ဆိုတာက ဘုရားရှင်ကို ရိုသေလေးစားကြောင်း ကိုးကွယ်ဆည်းကပ်ကြောင်းကို ကိုယ်ခန္ဓာနဲ့ ပြတာဖြစ်တဲ့အတွက် အိပ်ရင်း၊ လမ်းလျှောက်ရင်း လက်အုပ်ချီ ရှိခိုးမယ်ဆိုရင် ရိုသေမှုသဘောနည်းတဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း ကိုယ်နဲ့ မရှိခိုးသင့်ပါဘူး။ မတ်တပ်ရပ်လျက် လက်အုပ်ချီပြီး ထိုင်လျက်ဦးချပြီး ကိုယ်နဲ့ ရှိခိုးရပါမယ်။

ဂုဏ်တော်တွေကို နှုတ်နဲ့ရွတ်ဆို ပူဇော်တာကို နှုတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့လေးစားနေတာကို စိတ်နဲ့ရှိခိုးတာလို့ ခေါ်တယ်။ နှုတ်နဲ့ စိတ်နဲ့ ရှိခိုးတာကိုတော့ ရပ်ရင်း၊ ထိုင်ရင်း၊ သွားရင်း၊ အိပ်ရင်း၊ လျှောက်ရင်း ဣရိယာပုတ် လေးမျိုးစလုံးမှာ အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါကြောင့် အာဋာနာဋိယ ပရိတ်ကို စီစဉ်ပေးတဲ့ ရှေးဆရာတော်ကြီးတွေက …

ဝစသာ မနာသာစေဝ၊ ဝန္ဒာ မေ တေ တထာ ဂတေ။

သယနေ အာသနေ ဌာနေ၊ ဂမာနေစာပိ သဗ္ဗဒါ။

လျောင်းထိုင်ရပ်သွား အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးပါ၏လို့ ပြထားပါတယ်။

+++++++++++++++++++++++++++++++++++++++++++++++