ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၃
ထိုအခါ ဗာရာဏသီပြည်တံခါးအနီး ရွာ၌နေသော ပုဏ္ဏားတစ်ယောက်သည် သောမဒတ္တ အမည်ရှိသော သားငယ်ပုဏ္ဏားနှင့်တကွ တောသို့သွား၍ တံသင်းကျော့ကွင်း, ပိုက်ကွန် စသည်တို့ဖြင့်ထောင်၍ သမင်သားကိုသတ်လျက် အသက်မွေးသတတ်။ ထိုပုဏ္ဏားသည် တစ်နေ့သ၌ ဖွတ်, ပတတ်ကိုမျှ မရသည်ဖြစ်၍ “ချစ်သား သောမဒတ်။ လက်ချည်း အနည်းငယ်မျှမပါ အိမ်သို့ပြန်ချေသော် သင်၏အမိသည် စိတ်ဆိုးလတ္တံ့။ တစ်စုံတစ်ခုယူ၍ သွားကြအံ့”ဟု သားကိုဆိုလျက် ဘုရားလောင်းနေရာ တောင်ပို့သို့ ရှေးရှုသွားလေသော် ရေသောက်အံ့သောငှာ ယမုနာမြစ်သို့ဆင်းလာကုန်သော သမင်တို့၏ခြေရာကိုမြင်၍ ဤသို့ဆိုလေ၏။
“ချစ်သား သောမဒတ်။ သမင်ခြေရာကို မြင်သည်။ သင် ဖယ်၍နေဦး။ ငါသည် ရေကျသောသမင်ကို ပစ်အံ့”ဟု ဆို၍ လေးကိုယူလျက် သမင်ကျမည့်လမ်းကိုကြည့်လျက် သစ်ပင်ရင်း၌ ရပ်နေလေ၏။
ထိုအခါ သမင်တစ်ကောင်သည် ညချမ်းသော အချိန်ရောက်သဖြင့် မြစ်ကို ရေသောက်ဆင်းလာ၏။ ပုဏ္ဏားလည်း ထိုသမင်ကိုပစ်လေသော် သမင်သည် ပစ်ရာအရပ်၌ မလဲမူ၍ မြားအဟုန်ဖြင့် ကြောက်လန့်တကြား ယိုစီးသောသွေးဖြင့် ပြေးလေ၏။ ပုဏ္ဏားမုဆိုး သားအဖလည်း ထိုသမင်ကိုလိုက်၍ရလျှင် တောမှထွက်ခဲ့ကုန်သော် နေဝင်သည့်အချိန်၌ ဘုရားလောင်း၏နေရာ တောင်ပို့အနီး ညောင်ပင်ကြီးသို့ ရောက်လေ၏။ “ယခုကား သွားအံ့သောအချိန်အခါ မဟုတ်ပြီ။ ဤအရပ်၌ပင် ယနေ့အိပ်ကုန်အံ့”ဟု သင့်တင့်ရာ၌ သမင်သားကိုထား၍ သစ်ပင်ထက်သို့ တက်ပြီးလျှင် သစ်ခွကြားတွင် အိပ်ကြ၏။
ပုဏ္ဏားသည် မိုးသောက်၍နိုးလတ်သော် သမင်၏အသံကို နာခံလျက်နေ၏။ ထိုအခါ နဂါးမတို့သည် လာလတ်၍ ဘုရားလောင်းအား ပန်းမွေ့ရာကို ခင်းကုန်၏။ ဘုရားလောင်းသည် မြွေ၏ကိုယ်ကိုကွယ်စေ၍ တန်ဆာဆင်သော နတ်၏ကိုယ်ကို ဖန်ဆင်း၍ သိကြားမင်း၏တင့်တယ်ခြင်းဖြင့် ပန်းမွေ့ရာ၌ နေလေ၏။ နဂါးမတို့လည်း စည်,စောင်း, ငြင်း တီးမှုတ်ကုန်လျက် ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်၍ ဘုရားလောင်းအား ခစားကုန်၏။
ထိုအသံကို ပုဏ္ဏားကြားလျှင် “ဤအသံကား အကြောင်းအသို့နည်း။ ထိုအသံကို သိအောင်ပြုအံ့။” ဤသို့ကြံလျက် “ချစ်သား ထ,ထ”ဟု သားကိုနိုးသော် မနိုးနိုင်ဖြစ်၍ “ငါ့သား ပင်ပန်း၍ အိပ်သည်။ အိပ်စေတော့။ ငါသာ သွား၍စုံစမ်းအံ့” ဟု သစ်ပင်မှဆင်းသက်၍ ဘုရားလောင်းထံသွားလျက် “အချင်း။ သင်ကား မျက်စိလည်း နီ၏။ ရင်ဝလည်း ကျယ်၏။ လက်ရုံးလည်း ကြီး၏။ ပန်းတို့ဖြင့်ထုံအပ်သော ဤတောအလယ်၌ ရွှေတို့ဖြင့်တန်ဆာဆင်လျက် ကောင်းသောအဝတ်ကိုဝတ်လျက် မိန်းမအပေါင်းတို့သည် ခြံရံကုန်၏။ အဘယ်သူနည်း”ဟု မေး၏။ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အကယ်၍ “ငါကား သိကြား, နတ်တည်း စသည်ဖြင့် တစ်ယောက်ယောက်ကို ညွှန်၍ ပြောဆိုအံ့။ ပုဏ္ဏားလည်း ယုံကြည်လိမ့်သတတ်။ ယင်းသို့သော်လည်း ပျက်စကားကို မဆိုမူ၍ ဟုတ်မှန်ရာကိုသာ ဆိုအံ့” ဟုကြံလျက် မိမိနဂါးအဖြစ်ကိုဆိုလိုရကား-
“နာဂေါဟမသ္မိ ဣဒ္ဓိမာ၊ တေဇဿီ ဒုရတိက္ကမော။
ဍံသေယျံ တေဇသာ ကုဒ္ဓေါ၊ ဖီတံ ဇနပဒံ အပိ။”
“သမုဒ္ဒဇာ ဟိ မေ မာတာ၊ ဓတရဋ္ဌော စ မေ ပိတာ။
သုဒဿန ကနိဋ္ဌောသ္မိ၊ ဘူရိဒတ္တောတိ မံ ဝိဒူ။”
ဟူသော ၂-ဂါထာတို့ကို ရွတ်လေ၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ပုဏ္ဏား။ ငါကား တန်ခိုးကြီးသော နဂါးတည်း။ ပြင်းထန်သော အဆိပ်၏အဟုန်ဖြင့် သူတစ်ပါးတို့ လွန်နိုင်ခဲ၏။ ငါတို့အမျက်ထွက်သဖြင့် ကျော်စောသာယာစွာသော ဇနပုဒ်ကိုပေါက်အံ့။ ငါ၏အစွယ် မြေသို့ကျကာမျှလျှင် မြေနှင့်တကွ အလုံးစုံသောဇနပုဒ်သည် ဖွဲပြာဖြစ်ရာ၏။ ငါကား ယူဇနာ ၅၀၀-ရှိသော နဂါးပြည်ကိုအစိုးရသော ဓတရဋ္ဌနဂါးမင်း၏ သားတော် ၄-ယောက်တို့တွင် ဘူရိဒတ်အမည်ရှိသော သားတော်အလတ်တည်း။ သုဒဿန အမည်ရှိသောနဂါးမင်းကား ငါ၏နောင်တော်တည်း။ သုဘောဂ, ကာဏာရိဋ္ဌ မင်းသားတို့ကား ငါ၏ ညီတော်တို့တည်း။ ငါတို့နဂါးပြည်အလုံး “ဘူရိဒတ် နဂါးမင်း” ဟု သိကြကုန်၏။”
ဤသို့ဆိုပြီးလျှင် “ဤပုဏ္ဏားကား ရုန့်ရင်းကြမ်းတမ်း၏။ အကယ်၍ မြွေသမားအား ငါ့ကိုပြချေသော် ဥပုသ်အန္တရာယ် ဖြစ်ရာဘိ၏။ ထိုသို့ဖြစ်ရာသောကြောင့် ဤပုဏ္ဏားကို နဂါးပြည်သို့ဆောင်၍ ကြီးစွာသောစည်းစိမ်ကို ပေးသည်ရှိသော် ငါလည်း ဥပုသ် ကောင်းမွန်စွာသုံးရလတ္တံ့” ဤသို့ကြံ၍ “အဆွေပုဏ္ဏား။ သင့်အား ကြီးစွာသောစည်းစိမ်ကို ပေးအံ့။ နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသော ငါတို့နဂါးပြည်သို့ လိုက်ခဲ့”ဟု ဆို၏။
ပုဏ္ဏားလည်း “အရှင်။ ငါ၏ကိုယ် မဟုတ်။ သစ်ပင်ထက်၌ သား ရှိသေးသည်။ ငါ့သား လိုက်လိုပါလျှင် ငါလိုက်မည်”ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် “အဆွေ ပုဏ္ဏား။ သားကို ခေါ်ချေ”ဟုဆို၍ မိမိနေရာ နဂါးပြည်ကို ကြားလိုရကား-
“ယံ ဂမ္ဘီရံ သဒါဝဋ္ဋံ၊ ရဟဒံ ဘိသ္မံ ပေက္ခသိ။
ဧသ ဒိဗ္ဗော မမာဝါသော၊ အနေကသတပေါရိသော။”
“မယူရကောဉ္စာဘိရုဒံ၊ နီလောဒံ ဝနမဇ္ဈတော။
ယမုနံ ပဝိသ မာ ဘီတော၊ ခေမံ ဝတ္တဝတံ သိဝံ။”
ဟူသော ၂ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“အစောက်နက်စွာသော ဝဲရှိထသော အကြင်အိုင်ကို သင် ရှုလော့။ ဤအိုင်ကား နတ်တို့နေရာဖြစ်သော ငါတို့ အရပ်တည်း။ အသူတရာမက အနက်ရှိ၏။ ကမ်း၂-ဘက်တို့၌ တောအုပ်တို့ဝယ် စံပယ်မြူးထူးကုန်သော ဥဒေါင်း, ကြိုးကြာသံတို့ဖြင့် တင့်တယ်ထသော ညိုသောရေအလျဉ်တို့သည် တောအလယ်သို့ စီးကုန်၏။ ဤယမုနာမြစ်တွင်းသို့ မကြောက်မရွံ့သည်ဖြစ်၍ သွားကြကုန်အံ့” ဟုဆိုပြီး၍၊
ပုဏ္ဏားသားကို ခေါ်စေ၍ ဘုရားလောင်းထံရောက်လျှင် ဘုရားလောင်းလည်း ထိုသားအဖတို့ကိုဆောင်ယူ၍ ယမုနာကမ်းနား၌ ရပ်လျက် “ပုဏ္ဏား။ သင်သည် သားနှင့်တကွ ငါတို့နေရာ နဂါးပြည်သို့ရောက်သည်ရှိသော် ငါသည် ချီးမြှောက်အပ်သော ကာမဂုဏ်တို့ဖြင့် နေရလတ္တံ့”။ ဤသို့ဆို၍ ပုဏ္ဏားသားအဖတို့ကို နဂါးပြည်သို့ ဆောင်လေ၏။
ပုဏ္ဏားသားအဖတို့ကား နဂါးပြည်သို့ရောက်လျှင် လူ၏သဏ္ဌာန်ကွယ်၍ နတ်လုလင်အဆင်းသဏ္ဌာန် ရှိကုန်၏။ ဘုရားလောင်းလည်း ပုဏ္ဏားသားအဖတို့အား နတ်၏စည်းစိမ်ကို ပေးအပ်နှင်းပြီးလျှင် ၄၀၀-ကုန်သော နဂါးသမီးတို့ကို ပေး၏။ ပုဏ္ဏားသားအဖတို့သည်လည်း ကြီးစွာသောစည်းစိမ်ကို ခံစားရကုန်၏။
ဘုရားလောင်းလည်း မမေ့မလျော့ ဥပုသ်ဆောက်တည်ခြင်းကို ပြု၏။ လခွဲ ၁-ကြိမ် မယ်တော်, ခမည်းတော်တို့အား ခစား၍ တရားစကားပြောဆိုပြီးလျှင်၊ ထိုနောက် ပုဏ္ဏားသားအဖထံသွား၍ ကျန်းမာခြင်းစသည်တို့ကို မေးလျက် “သင်တို့အလိုရှိသည့် ဝတ္ထုကို ဆိုလော့။ ငါ ဆောင်ရွက်အံ့။ မစိုးရိမ်လင့်။ ကာမဂုဏ်စည်းစိမ်ဖြင့်သာ မွေ့လျော်လော့” ဟုဆို၍ တစ်ဖန် သောမဒတ်နှင့်တကွ စကားပြောဟောခြင်းကိုပြုပြီးလျှင် မိမိနေရာသို့ သွားလေ၏။
ပုဏ္ဏားကား နဂါးပြည်၌နေ၍ နှစ်လည်လတ်သော် ဘုန်းနည်းသောကြောင့် နဂါးပြည်၌ မပျော်။ လူ့ပြည်သို့ သွားလိုသည်ဖြစ်၍ နဂါးပြည်ကို လောကန္တရိက်ငရဲပြည်ကဲ့သို့ လည်းကောင်း, တန်ဆာဆင်သော ပြာသာဒ်ကို နှောင်အိမ်ကဲ့သို့လည်းကောင်း, နတ်တန်ဆာဆင်သော နဂါးသမီးတို့ကို ဘီလူးမတို့ကဲ့သို့လည်းကောင်း ထင်၏။
ဤသို့ထင်ပြီးသည့်နောက် “ငါသည် ယခု နဂါးပြည်၌ မပျော်မွေ့။ ငါ၏သား သောမဒတ်ကား အသို့ စိတ်ရှိမည်နည်း။ သားကို မေးအံ့”ဟု ကြံ၍၊ သောမဒတ်ထံသွားလျှင် “ချစ်သား သောမဒတ်။ ဤနဂါးပြည်၌ ပျော်မွေ့ပါ၏လော”ဟုမေး၏။ သောမဒတ်လည်း “ဖခင်။ အဘယ့်ကြောင့် မပျော်ပါအံ့နည်း”ဟု ဆိုပြီး၍၊ “ဖခင်လည်း ပျော်မွေ့ပါ၏လော”ဟု ပြန်မေး၏။ “ချစ်သား။ ငါကား မပျော်”ဟုဆို၏။ “အဘယ့်ကြောင့် မပျော်သနည်း”ဟု သားကမေးသော်၊ “ချစ်သား။ သင့်အမိ, သင့်ညီ, သင့်နှမတို့ကို မမြင်ရသည်မှာ အလွန်ကြာလတ်ပြီ။ ယခု ငါတို့ သွားကြအံ့”ဟုဆိုလျှင် သောမဒတ်လည်း “အကျွန်ုပ် မသွားအံ့”ဟု ဆိုသော်လည်း အဖန်တလဲလဲ အဖတောင်းပန်သောကြောင့် “ကောင်းပြီ”ဟု ဝန်ခံရလေ၏။
ထိုအခါ ပုဏ္ဏားသည် “ငါ့၏နှလုံးအလို့ငှာ ရပြီ။ အကယ်၍ ဘူရိဒတ်နဂါးမင်းအား မပျော်မွေ့ကြောင်းကို ဆိုငြားအံ့။ အတိုင်းထက်အလွန် စည်းစိမ်ကို ပေးလတ္တံ့။ ထိုသို့ပေးသည်ရှိသော် ငါ လူ့ပြည်သို့ မသွားရလတ္တံ့”ဟု တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ဘူရိဒတ်နဂါးမင်း၏ စည်းစိမ်ကို ချီးမွမ်း၍ “သင်သည် ဤစည်းစိမ်ကို စွန့်ပြီးလျှင် အဘယ့်ကြောင့် လူ့ပြည်၌ ဥပုသ်သုံးသနည်း”ဟု မေးအံ့။ နတ်ပြည်အလို့ငှာဆိုလျှင် သင်သည် ရှေးဦးစွာ ဤစည်းစိမ်ကိုစွန့်၍ နတ်ပြည်အလို့ငှာ ဥပုသ်ဆောက်တည်ခြင်းကိုပြု၏။ ငါတို့ကား သူတစ်ပါးဥစ္စာဖြင့် အသက်မွေးရကုန်၏။ ဆိုဖွယ်မရှိပြီ။ လူ့ပြည်သို့သွား၍ မယား, သားသမီး, ဆွေမျိုးတို့ကို ခွင့်ပန်ပြီးလျှင် ရဟန်းပြု၍ တရားကျင့်ကုန်အံ့။ ဤသို့ဆိုလျှင် ဘူရိဒတ်နဂါးမင်းသည် ငါ့စကားကို မပယ်ရာ။ လူ့ပြည်သို့သွားခွင့်ကို ပေးလတ္တံ့”။
ဤသို့ကြံလျက် တစ်နေ့သ၌ ဘူရိဒတ် နဂါးမင်းလာ၍ “အဆွေပုဏ္ဏား။ အသို့နည်း။ နဂါးပြည်၌ ပျော်မွေ့ပါ၏လော”ဟု မေးလျှင် “သင်တို့အထံမှ ငါတို့အလို မပြည့်သောမည်သည် မရှိ”ဟု သွားရမည့်အခွင့်နှင့် စပ်သည့်စကားကိုမဆိုမူ၍ ဘူရိဒတ်နဂါးမင်း၏စည်းစိမ်ကို ချီးမွမ်းလိုရကား- “သမာ သမန္တပရိတော၊ ” အစရှိသော ၅ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ထက်ဝန်းကျင် ခပ်သိမ်းကုန်သော အရပ် ၈-မျက်နှာအဖို့တို့၌ ဤမြေကား ရွှေ,ငွေ,ပုလဲသွယ်တို့ဖြင့် ပြွမ်း၏။ အပြင်လည်း ညီညွတ်၏။ များစွာကုန်သော တောင်ဇလပ်ချုံ အစရှိသည်တို့ဖြင့် ပြည့်၏။ ရွှေပိုးပရံတို့သည်လည်း ဖုံးလွှမ်းကုန်လျက် တင့်တယ်၏။ စိမ်းသောအဆင်းရှိသော နေဇာမြက်တို့ဖြင့် ဖုံးလွှမ်း၏။ ပန်းတို့ဖြင့်ထုံအပ်သော တောနှင့်လည်း ပြည့်စုံ၏။ ရေအပေါ်အပြင်၌ ကြာတို့ဖြင့်ဖုံးလွှမ်းအပ်သော ရေကန်နှင့်လည်း ပြည့်စုံ၏။ သင်နေသော ပြာဿဒ်တို့၌ ၈-မြှောင့်သော ကြောင်မျက်ရွဲသည်တိုင်တို့ဖြင့် တိုင်ပေါင်း ၁၀၀၀-ခန့် ရှိကုန်၏။ နဂါးမင်းသမီးတို့ဖြင့် ပြည့်စုံလျက် ထွန်းပကုန်၏။ ဤသို့သော ဘုံပြသာဒ်၌ စံပျော်သော သင်၏တန်ခိုးကား အလွန်ပြန့်ပြော၏။ ထိုသို့ ပြန့်ပြောသာယာလှသောကြောင့် သိကြားမင်း ဗိမာန်သော်လည်း ထူးမည်မထင်ရာ။ သင်စောင့်သော ဥပုသ်အစွမ်းအမှုဖြင့် သိကြားမင်းဗိမာန်ကို အလိုမရှိရာပေ။ သိကြားဗိမာန်ထက် အလွန်လို၍သာ ဥပုသ်စောင့်သည် ဖြစ်မည်”ဟု ငါအောက်မေ့၏” ဟူလိုသည်။
ထိုစကားကို ဘုရားလောင်းကြားလျှင် “အဆွေပုဏ္ဏား။ ဤစကားကို မဆိုလင့်။ သိကြားမင်း၏ စည်းစိမ်အောက် ငါတို့စည်းစိမ်သည် ယုတ်နိမ့်၏။ ယူဇနာ ၈-သောင်း ၄-ထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်မင်းကို မုန်ညင်းစေ့နှင့် နှိုင်းယှဉ်သကဲ့သို့ ငါတို့စည်းစိမ်သည် မုန်ညင်းစေ့ခန့်မျှသာတည်း။ ငါတို့သည် သိကြားမင်း၏ အလုပ်အကျွေးမျှသာတည်း။ မနှိုင်းယှဉ်ထိုက်ပေ၏”ဟု ဆို၍-
“မနသာပိ န ပတ္တဗ္ဗော၊ အာနုဘာဝေါ ဇုတိမတော။
ပရိစာရယမာနာနံ၊ သဣန္ဒာနံ ဝသဝတ္တိနံ။”
ဟူသော ဂါထာကိုရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အဆွေပုဏ္ဏား။ သိကြားမင်း၏ စည်းစိမ်သည်ကား ၃-ရက် ၄-ရက် ဆက်၍ ဤမျှအရေအတွက် ရှိကုန်၏ဟု စိတ်ဖြင့် ရေတွက်ငြားသော်လည်း မရေမတွက်နိုင်ရာ။ သိကြားမင်း၏ အလုပ်အကျွေးဖြစ်သော စာတုမဟာရာဇ်နတ်မင်းကြီးတို့၏ စည်းစိမ်ကို ၁၆-စိတ် စိတ်၍ ၁-စိတ်ကိုမျှ တိရစ္ဆာန်ဖြစ်သော ငါတို့၏စည်းစိမ်ကို မတူချေ”ဟု ဆို၍၊
ငါသည် ဝေဇယန္တာပြသာဒ်ကို တောင့်တ၍ ဥပုသ်သုံးသည်”ဟု ပြလိုရကား-
“တံ ဝိမာနံ အဘိဇ္ဈာယ၊ အမရာနံ သုခေသိနံ။
ဥပေါသထံ ဥပဝသန္တော၊ သေမိ ဝမ္မိကမုဒ္ဓနိ။”
ဟူသောဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အဆွေပုဏ္ဏား။ ငါကား ချမ်းသာ၌တည်ကုန်သော နတ်တို့၏ဗိမာန်ကိုတောင့်တ၍ ဥပုသ်သုံးလျက် တောင်ပို့ထိပ်၌ နေသည်”ဟုဆို၏။
ထိုစကားကို ပုဏ္ဏားကြားလျှင် “ငါ့အား အခွင့်ရတော့မည်”ဟု ဝမ်းမြောက်ဝမ်းသာ လူ့ပြည်သို့ ပြန်လိုရကား-
“အဟဉ္စ မိဂမေသာနော၊ သပုတ္တော ပါဝိသိံ ဝနံ။
တံ မံ မတံ ဝါ ဇီဝံ ဝါ၊ နာဘိဝေဒန္တိ ဉာတကာ။”
“အာမန္တယေ ဘူရိဒတ္တံ၊ ကာသိပုတ္တံ ယသဿိနံ။
တယာ နော သမနုညာတာ၊ အပိ ပဿေမု ဉာတကေ။”
ဟူသော ၂-ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ဘူရိဒတ်နဂါးမင်း၊ အကျွန်ုပ်သည် သမင်သားအလို့ငှာ တောသို့ဝင်လျက် သားနှင့်တကွ အသင်တို့ ပြည်သို့ ငါရောက်သည်မှာ အလွန်ကြာလတ်ပြီ။ ငါတို့ သေကြောင်း ရှင်ကြောင်း သားမယား, ဆွေမျိုးတို့သည်လည်း မသိကြကုန်။ ကာသိကရာဇ်မင်းကြီးသမီးတော်၏ သားဖြစ်သော ဘူရိဒတ်နဂါးမင်း။ သင့်ကို တောင်းပန်ပါ၏။ သင် အနူးအညွတ်လွှတ်ပါမူကား ငါတို့သည် သား,မယား, ဆွေမျိုးတို့ကို ဖူးမြင်ရပါကုန်အံ့”ဟု ဆို၏။
ထိုအခါ ဘုရားလောင်းလည်း-
“ဧသော ဟိ ဝတ မေ ဆန္ဒော၊ ယံ ဝသေသိ မမန္တိကေ။
န ဟိ ဧသာဒိသာ ကာမာ၊ သုလဘာ ဟောန္တိ မာနုသေ။”
“သစေ တွံ နိစ္ဆသေ ဝတ္တုံ၊ မမ ကာမေဟိ ပူဇိတော။
မယာ တွံ သမနုညာတော၊ သောတ္ထိံ ပဿာဟိ ဉာတကေ။”
ဟူသော ၂-ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“အဆွေပုဏ္ဏား။ ငါ၏ အထံ၌ သင်နေရခြင်းသည်ကား အလွန်ချမ်းသာ၏။ ဤစည်းစိမ်ကဲ့သို့ စည်းစိမ်တို့ကို သင်တို့လူ့ပြည်၌ ရခဲ၏။ သင့်ကို ကာမဂုဏ်တို့ဖြင့် ချီးမြှောက်လျက် သင် မပျော်မွေ့သော် လူ့ပြည်သို့သွားလေတော့”ဟုဆို၏။
“ဤပုဏ္ဏားသည် ပတ္တမြားကိုမှီ၍ ချမ်းသာစွာ အသက်ရှည်မူကား တစ်စုံတစ်ယောက်သောသူအား ငါဥပုသ်စောင့်ရာအရပ်ကို မညွှန်ကြားလတ္တံ့။ ထိုပုဏ္ဏားအား ခပ်သိမ်သောအလိုကို ပေးတတ်သော ပတ္တမြားရှင်ကို ပေးအံ့”ဟု ကြံ၍ ပတ္တမြားကို ပြလိုရကား-
“ဓာရယိမံ မဏိံ ဒိဗျံ၊ ပသုံ ပုတ္တေ စ ဝိန္ဒတိ။
အရောဂေါ သုခိတော ဟောဟိ၊ ဂစ္ဆေဝါဒါယ ဗြာဟ္မဏ။”
ဟူသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“အဆွေပုဏ္ဏား။ နတ်၏ဥစ္စာဖြစ်သော ဤပတ္တမြားကို ဆောင်သောသူအား ကျွဲ,နွား, စသည်တို့ကိုလည်းကောင်း, သားသမီးတို့ကိုလည်းကောင်း, အလိုရှိတိုင်းသော ဥစ္စာကိုရတတ်၏။ အနာမရှိ ချမ်းသာစေတတ်၏။ ဤပတ္တမြားကိုယူ၍ သွားလေတော့”ဟု ဆိုလေ၏။
ထိုနောက်မှ ပုဏ္ဏားလည်း-
“ကုသလံ ပဋိနန္ဒာမိ၊ ဘူရိဒတ္တ ဝစော တဝ။
ပဗ္ဗဇိဿာမိ ဇိဏ္ဏောသ္မိ၊ န ကာမေ အဘိပတ္ထယေ။”
ဟူသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ဘူရိဒတ်နဂါးမင်း။ သင်၏ စကားသည် ကောင်း၏။ အပြစ်မရှိ။ နှစ်လို၏။ ငါမပယ်။ သို့ရာတွင်မူကား အကျွန်ုပ်သည် အိုမင်းခဲ့ပြီ။ လူ့ပြည်သို့ရောက်လျှင် ရဟန်းပြုပါအံ့။ ကာမဂုဏ်တို့ဖြင့် အလိုမရှိ။ ထိုသို့ ရဟန်းပြုသဖြင့် အကျွန်ုပ်အား ပတ္တမြားဖြင့် အဘယ်အကျိုးရှိတော့မည်နည်း”ဟု ပုဏ္ဏားဆိုလေ၏။
ဘုရားလောင်းလည်း “အဆွေပုဏ္ဏား။ ရဟန်းအဖြစ်မည်သည် အလွန်ပြုနိုင်ခဲ၏။ ရဟန်းအဖြစ်မှ မကျင့်နိုင်၍ လူထွက်သည်ရှိသော် ဥစ္စာကို အလိုရှိသည်ဖြစ်အံ့၊ ထိုသို့ အလိုရှိသောအခါ မကြောက်မရွံ့ ငါ၏အထံသို့ လာခဲ့လော့။ ဥစ္စာသပြာများစွာ ပေးအံ့”ဟုဆို၏။ ပုဏ္ဏားလည်း “ဘူရိဒတ်နဂါးမင်း။ သင့်စကားသည် အပြစ်မရှိ နှစ်လိုဖွယ်ရှိ၏။ အကယ်၍ အကျွန်ုပ် အလိုရှိသည်ဖြစ်အံ့၊ အလိုရှိသောအခါ လာပါမည်”ဟု ဆို၏။ ဘုရားလောင်းသည် နဂါးပြည်၌ ပုဏ္ဏား မပျော်မွေ့သည်အဖြစ်ကိုသိလျှင် နဂါးလုလင် ၄-ယောက်တို့ကိုခေါ်၍ “ပုဏ္ဏားသားအဖကို သင်တို့ ယခုလူ့ပြည်သို့ ပို့ချေ”ဟု စေလို၏။ နဂါးလုလင် ၄-ယောက်တို့သည်လည်း ပုဏ္ဏားသားအဖကိုဆောင်၍ ယမုနာမြစ်မှ သက်ခဲ့၍ ဗာရာဏသီခရီးသို့ရောက်လျှင် “သင်တို့သွားကြလေကုန်လော့”ဟု ပုဏ္ဏားသားအဖကို လွှတ်လိုက်၍ မိမိတို့နေရာ နဂါးပြည်သို့ ပြန်ခဲ့ကြကုန်၏။
ပုဏ္ဏားလည်း “ချစ်သား သောမဒတ်။ ဤအရပ်ကား ငါတို့ သမင်ကို သတ်သောအရပ်၊ ဤအရပ်ကား ဝက်ကို သတ်သောအရပ်” ဤသို့စသည်ဖြင့် ထိုးခတ် ပစ်သတ်ဖူးသောအရပ်ကို ပြညွှန်လျက် အစဉ်အတိုင်း သွားကြလေသော် ခရီးအကြား၌ ရေကန်တစ်ခုကိုမြင်၍ “ရေချိုးကြကုန်အံ့”ဟု သားအဖ ၂-ယောက်တို့သည် နတ်တို့၏ ဝတ်စားတန်ဆာကိုချွတ်၍ ထုပ်ပိုးလျက် ရေကန်နား၌ထားပြီးလျှင် ရေကန်တွင်းသို့ ဆင်းသက်၍ ရေချိုးကြကုန်၏။ ထိုခဏ၌ ထိုဝတ်စားတန်ဆာတို့သည် ထားရာအရပ်မှ ကွယ်ပျောက်ခဲ့၍ နဂါးပြည်သို့ ပြန်ရောက်လေ၏။ ပုဏ္ဏားသားအဖတို့လည်း ထိုနတ်ဝတ်တန်ဆာပျောက်ခဲ့လျှင် မိမိတို့အိမ်ကပါရင်းတိုင်း ဖန်ရည်ဆိုးသော ပုဆိုးညစ်သည် မိမိတို့ကိုယ်၌ ရောက်လာစွပ်လာ၏။ ပါရင်းတိုင်း လေး, မြား, လှံ စသည်တို့လည်း ပြကတေ့ဖြစ်လာကုန်၏။ သားသောမဒတ်ကား “ဖခင် သင်သည် မြတ်သောစည်းစိမ်မှ ဆုံးရှုံးလျက် ပျက်စီးခဲ့ပြီတကား”ဟု ငိုကြွေးမြည်တမ်း၏။ ထိုအခါ၌ ပုဏ္ဏားလည်း မိမိသားကို “ချစ်သား။ မစိုးရိမ်လင့်။ တော၌ သမင်ရှားသည်မဟုတ်။ သမင်တို့ကိုသတ်၍ အသက်မွေးကုန်အံ့”ဟု နှစ်သိမ့်စေလျက် အိမ်သို့ ပြန်ကြလေ၏။
သောမဒတ်အမိ ပုဏ္ဏေးမသည် လင်နှင့်သား လာပြီကြား၍ ခရီးဦးကြိုဆိုလင့်လျက် အိမ်သို့ဆောင်၍ ထမင်းအဖျော်တို့ဖြင့် ရောင့်ရဲစေ၏။ ပုဏ္ဏားသည် ထမင်းစားပြီးလျှင် ပင်ပန်းသည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ပုဏ္ဏားအိပ်စဉ် ပုဏ္ဏေးမသည် သား သောမဒတ်ကို “ချစ်သား သောမဒတ်။ သင်တို့ သားအဖသည် ဤမျှလောက်ကြာလတ်သည်မှာ အဘယ်မှာသွား၍ နေကြကုန်သနည်း”ဟု မေး၏။ “မိခင်။ ဘူရိဒတ်အမည်ရှိသော နဂါးမင်းသည် အကျွန်ုပ်တို့ သားအဖကို နဂါးပြည်သို့ ဆောင်ကြဉ်းပြီးလျှင် အလွန်သော စည်းစိမ်ဥစ္စာနှင့်တကွ ချမ်းသာစွာ ထားသော်လည်း အကျွန်ုပ်တို့ မပျော်မွေ့သဖြင့် ယခု ပြန်လာကြသည်”ဟုဆိုလျှင် “သင်တို့သည် နဂါးပြည်မှ ပြန်လာသည်ဟုဆိုသော် တစ်စုံတစ်ခုသော ရတနာတို့ကို ဆောင်ခဲ့ပါသလော”ဟု မိခင်မေးပြန်၏။ “မိခင်။ မဆောင်ခဲ့ပါ” ဟုဆိုသော် “ထိုဘူရိဒတ် နဂါးမင်းသည် သင်တို့ပြန်မည်ဟု ဆိုသော်အခါ တစ်စုံတစ်ခုသော ဥစ္စာကိုမျှ မပေးသလော”ဟု မေး၏။ “မိခင်၊ ဘူရိဒတ်နဂါးမင်းသည် ခပ်သိမ်းသောအလိုကို ပေးတတ်သော ပတ္တမြားရတနာကို အကျွန်ုပ်အဖအား ပေး၏။ ကျွန်ုပ်အဖကား မယူ”ဟုဆို၏။ “အဘယ့်ကြောင့် မယူသနည်း”ဟု မေးပြန်သော် “လူ့ပြည်သို့ရောက်လျှင် ရဟန်းပြုမည်ဖြစ်သောကြောင့် မယူဟု နဂါးမင်းနှင့် ဆိုပြောသောအခါ ကျွန်ုပ်ကြားသည်”ဟု ဆိုလျှင် ပုဏ္ဏေးမလည်း “ဤမျှလောက်အခါပတ်လုံး သားသမီးငယ်နှင့် အိမ်ထောင်ပရိကံကို ပစ်သွားသည်မှာ နှစ်ရှည်လများရှိခဲ့ပြီ။ ငါသာ ကိုးကွယ်ရာမဲ့လုပ်ကျွေးဆောင်ရွက်ရသည်။ မိမိကား နဂါးပြည်သို့ရောက်လျှင် ငါတို့ကို သားမှန်း မယားမှန်းမသိ၊ နှစ်ရှည်လများနေပြီးမှ ယခုရဟန်းပြုတော့မည်လော”ဟု အမျက်ထွက်ပြီးလျှင် အိပ်ပျော်နေသော ပုဏ္ဏား၏ကျောက်ကို စပါးမွှေသော ယောက်မဖြင့် ရိုက်ပုတ်လျက် “ဟယ် ပုဏ္ဏား။ အလွန်တရာ စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသော ဘူရိဒတ်နဂါးမင်းကပေးသော ခပ်သိမ်းသောအလိုကို ပေးတတ်သော ပတ္တမြားရတနာကို မယူ။ လူ့ပြည်သို့ရောက်လျှင် အကျွန်ုပ်ရဟန်းပြုမည်”ဟုဆိုလျက် အဘယ့်ကြောင့် ငါ့အိမ်ကို ပြန်လာသနည်း။ ငါ့အိမ်မှ နင် ယခုထွက်လေ”ဟု ဆဲရေးမောင်းမဲ၏။ ထိုအခါ ပုဏ္ဏားလည်း “အဘယ်ပုဏ္ဏေးမ။ အမျက်မထွက်လင့်၊ တောမှာ သမင်ရှားသည်မဟုတ်။ မုဆိုးလုပ်၍ သင့်ကို မွေးမည်”ဟု ဆိုပြီးလျှင် သားနှင့်တကွ တောသို့သွား၍ ရှေးနည်းအတူ မုဆိုးလုပ်လျက် အသက်မွေးမြဲ မွေးကြကုန်၏။
ထိုအခါ တောင်သမုဒ္ဒရာ လက်ပံတောတစ်ခု၌နေသော ဂဠုန်တစ်ကောင်သည် အတောင်ခတ်သော လေအဟုန်ဖြင့် သမုဒ္ဒရာရေကိုကွဲစေလျက် သမုဒ္ဒရာအောက်၌ရှိသော နဂါးတို့ ဦးခေါင်းကို ယူ၏။ ထိုအခါ ဂဠုန်တို့သည် နဂါးကို ဖမ်းယူအံ့သောငှာ အဆစ်အပိုင်းကို မသိသေးသည်ဖြစ်၍ ဦးခေါင်းကို ဖမ်း၏။ နောက်ကာလမှ ပဏ္ဍရဇာတ်၌ ရှင်ရသေ့ကိုမှီ၍ နဂါးတို့ကို အမြီးကသာ ဖမ်းကုန်၏။ ဤဂဠုန်ကား နဂါးကိုဖမ်းသည်တွင် အဆစ်အပိုင်းကို မသိသည်ဖြစ်၍ ဦးခေါင်းကိုဖမ်းလျက် သမုဒ္ဒရာ ရေအလျဉ်မစပ်မီ ချီ၍ တွဲရရွဲဆွဲလျက် ဟိမဝန္တာတောအပေါ်သို့ ပျံသွားလေ၏။ ထိုအခါ ကာသိကရာဇ်တိုင်း၌နေသော ပုဏ္ဏားတစ်ယောက်သည် ရသေ့ရဟန်းပြု၍ ဟိမဝန္တာတော၌ နေရာသင်္ခမ်းဖန်ဆင်းလျက် နေသတတ်။
ထိုရသေ့၏ စင်္ကြံဦး၌ ကြီးစွာသော ပညောင်ပင်ကြီးရှိ၏။ ထိုပညောင်ပင်ရင်း၌ တစ်နေ့သောအခါ ရသေ့နေ၏။ ဂဠုန်သည် ပညောင်ပင်၏အထက် ကောင်းကင်ဖြင့် နဂါးကိုဆောင်လေသော် နဂါးသည် တွဲရရွဲပင် လွတ်ခြင်းငှာ မြီးထူးဖြင့် ပညောင်ပင်ခွကို ရစ်လေ၏။ ဂဠုန်သည် ခွန်အားကြီးလှသောကြောင့် ထိုသို့ရစ်ခြင်းကိုမျှ မသိ။ မိမိအဟုန်ဖြင့် ကောင်းကင်သို့ ပျံလေ၏။ ပညောင်ပင်ကား အမြစ်ဖရိုဖရဲ နဂါးရစ်ခွေလျက် ပါလေ၏။ ဂဠုန်သည် နဂါးကို လက်ပံပင်သို့ဆောင်၍ နှုတ်သီးဖြင့်ပေါက်လျက် ဝမ်းကိုခွဲ၍ နဂါးဆီကို စားပြီးလျှင် နဂါး၏အလောင်းကောင်ကို သမုဒ္ဒရာသို့ ပစ်ချလေ၏။ ပညောင်ပင်သည် သည်းစွာသောအသံဖြင့် ဖရိုဖရဲကျလေ၏။ ဂဠုန်သည် “ဤအသံကား အဘယ်အသံနည်း”ဟု အောက်သို့ကြည့်လိုက်သော် ပညောင်ပင်ကိုမြင်၍၊ “အဘယ်အရပ်မှ ဤပညောင်ပင်ကို ငါနုတ်မိသနည်း” ဟုကြံမိလျှင် ဤပညောင်ပင်သည် ရှင်ရသေ့စင်္ကြံဦး၌ ပေါက်ရောက်သော ပညောင်ပင်ဖြစ်သည်ကို အမှန်သိ၍၊ “ဤပညောင်ပင်ကား ရှင်ရသေ့နေတော်မူသော ပညောင်ပင်ဖြစ်သည်။ ရှင်ရသေ့အား ကျေးဇူးများပေ၏။ ရှင်ရသေ့နေသော ပညောင်ပင်ကိုနုတ်မိသော ငါ့အား အပြစ်ရှိသလော၊ မရှိသလောဟု ရှင်ရသေ့အား မေး၍ သိအောင်ပြုအံ့” ဟု ကြံပြီးလျှင် လုလင်အသွင်ဆောင်၍ ရှင်ရသေ့ထံ လာဘိ၏။
ထိုခဏ၌ ရှင်ရသေ့သည် ပညောင်ပင်ပါရာအရပ်ကို တလင်းညီညွတ်စွာ ညှိလျက်နေ၏။ ဂဠုန်သည် ရှင်ရသေ့ကိုရှိခိုးလျက် တင့်အပ်သောအရပ်၌နေပြီးသော် မသိသကဲ့သို့ “အရှင်ဘုရား။ ဤယခု ပြင်သောအရပ်ကား အဘယ်အရပ်နည်း”ဟု မေး၏။
“ဒါယကာ။ ဂဠုန်တစ်ကောင်သည် အစာအလို့ငှာ နဂါးကို ဆောင်ခဲ့လေ၏။ ထိုဆောင်သော ခဏတွင် နဂါးသည် မိမိလွတ်ခြင်းငှာ ပညောင်ပင်ကို မြီးထူးဖြင့် ရစ်လေ၏။ ဂဠုန်သည်လည်း မိမိခွန်အားကြီးသောကြောင့် ပညောင်ပင်ပါမှန်းမသိ ကောင်းကင်သို့ ဆောင်သွားလေ၏။ ထိုသို့သွားသောအခါ ဤအရပ်၌ ပညောင်ပင်သည် ပါလေ၏။ ဤငါပြင်သောအရပ်ကား ပညောင်ပါရာ အရပ်တည်း”ဟုဆိုသော်၊ “အရှင်ဘုရား။ ထိုဂဠုန်အား အပြစ်ရှိရာသလော၊ မရှိရာသလော”ဟု မေး၏။ “ဒါယကာ။ အကယ်၍ ပါစေလိုသော စေတနာ မရှိအံ့။ အပြစ်မရှိ”ဟု ဆို၏။
“အရှင်ဘုရား။ ထိုနဂါး၌လည်း အပြစ်မရှိလော”ဟု မေး၏။ “ထိုနဂါးသည် ဤပညောင်ပင်ကို ပျက်စီးစိမ့်သောငှာမရစ်၊ လွတ်စိမ့်သောငှာ ရစ်၏။ ထိုသို့ရစ်သောကြောင့် နဂါး၌လည်း အပြစ်မရှိ”ဟုဆိုလျှင်၊ ဂဠုန်လည်း “အရှင်ဘုရား။ အကျွန်ုပ်ကား ဂဠုန်တည်း။ အကျွန်ုပ်၏ ပြဿနာကို အရှင်ဘုရားဖြေသောအားဖြင့် နှစ်သက်ဖွယ်ရှိ၏။ အရှင်ဘုရားတို့သည် တော၌နေကုန်သည် မြွေနဂါးဘေးတို့ကို တားမြစ်စေခြင်းငှာ တစ်ခုသော အလမ္ပာယ်အတတ်ကို အကျွန်ုပ်တတ်၏။ အကျွန်ုပ်၏မန္တရားကား အဖိုးများစွာ ထိုက်၏။ ထိုမန္တန်ကို အရှင်ဘုရားအား ဆရာတစ်ဆူပြု၍ ပေးပါအံ့။ ထိုမန္တန်ကို ယူတော်မူလော့”ဟု ဂဠုန်ဆို၏။
“ငါသည် န္တန်ကို မလို၊ သင့်နေရာသို့သာ သွားလေလော့”ဟုဆိုလျှင် ဂဠုန်သည် ယူတော်မူမည့်အကြောင်းကို အဖန်တလဲလဲတောင်းပန်၍၊ ဝန်ခံပြီးလျှင် ဆေးနှင့်တကွ မန္တန်ကိုပေး၍ မိမိနေရာသို့ ပြန်သွားလေ၏။
ထိုအခါ ဗာရာဏသီပြည်၌နေသော ဆင်းရဲသား ပုဏ္ဏားတစ်ယောက်သည် သူ့မြီတင်၍ မြီရှင်တို့က တောင်းလတ်သော် “ဤလူ့ပြည်၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ တောသို့ဝင်၍သေသော် မြတ်၏”ဟုကြံပြီးလျှင် မြို့မှထွက်ခဲ့၍ တောသို့ဝင်လေသော်၊ အစဉ်သဖြင့် ရှင်ရသေ့နေသောသင်္ခမ်းသို့ ရောက်လေ၏။
ထိုပုဏ္ဏားဆင်းရဲသားသည် ရှင်ရသေ့အား ဝတ်ကြီးဝတ်ငယ်ဖြည့်လျက် နေ၏။ တစ်နေ့သ၌ ရှင်ရသေ့သည် “ငါ့အား ဤသူသည် အလွန်ကျေးဇူးကြီးပေ၏။ ဂဠုန်ပေးသော နတ်၏မန္တန်ကို ထိုသူအား ပေးအံ့”ဟု ကြံပြီးလျှင်၊ “ပုဏ္ဏား။ အလမ္ပာယ်အတတ်ကို ငါတတ်၏။ ထိုအတတ်ကို သင့်အား ငါပေးအံ့၊ ယူလော့”ဟုဆို၏။
“အရှင်ဘုရား။ အကျွန်ုပ်အလိုမရှိ”ဟု ဆိုသော်လည်း၊ အဖန်တလဲလဲ တိုက်တွန်းဖန်များလျှင် ငြီးငွေ့၍ ဝန်ခံရလေ၏။ ရှင်ရသေ့လည်း ထိုမန္တန်ကိုလည်းကောင်း၊ ထိုနှင့်လျော်သော ဆေးကိုလည်းကောင်း၊ မန္တန်၏ ဥပစာကိုလည်းကောင်း အလုံးစုံကို ပုဏ္ဏားအား သင်၏။ ပုဏ္ဏားသည်ကား “အသက်မွေးရာ ရပြီ" ဟု ၁-ရက်, ၂-ရက် နေပြီးလျှင် “အရှင်ဘုရား။ အကျွန်ုပ်အား လေနာသည် နှိပ်စက်ဘိ၏။ ဆေးအလို့ငှာ အရပ်တစ်ပါးသို့ သွားပါအံ့”ဟုဆိုလျှင် ရှင်ရသေ့လည်း ခွင့်ပြုသဖြင့် ပုဏ္ဏားသည် ရှင်ရသေ့ကိုရှိခိုး၍ တောမှထွက်ပြီးလျှင်၊ အစဉ်သဖြင့် ယမုနာမြစ်နားသို့ ရောက်လေ၍ ထိုမန္တန်ကို သရဇ္ဈာယ်လျက် ခရီးမသို့ သွားလေ၏။
ထိုသို့သွားသောအခါ ၁၀၀၀-မျှလောက်သော ဘူရိဒတ် နဂါးမင်း၏ အလုပ်အကျွေး နဂါးမတို့သည် ခပ်သိမ်းသောအလိုကို ပေးတတ်သော ပတ္တမြားရှင်ကိုယူ၍ နဂါးပြည်မှထွက်၍ ယမုနာမြစ်နား၌ သဲပေါ်အပြင်ဝယ်ထား၍ ထိုပတ္တမြား၏အရောင်ဖြင့် ညဉ့် ၃-ယံပတ်လုံး ရေကစား၍ နေကြ၏။ အရုဏ်တက်သောအခါ၌ အဝတ်တန်ဆာဆင်ပြီးလျှင် ထိုပတ္တမြားရတနာကိုရံ၍ အသရေသွန်းလျက် နေကုန်၏။ ပုဏ္ဏားလည်း မန္တန်ကိုသရဇ္ဈာယ်လျက် ထိုအရပ်သို့ ရောက်၏။ နဂါးမတို့သည် မန္တန်ရွတ်သံကိုကြားလျှင် “ဤသူကား ဂဠုန်ဖြစ်ရာ၏”ဟု သေအံ့သောဘေးမှ ကြောက်လန့်သောကြောင့် ပတ္တမြားကိုမယူဘဲ မြေ၌ငုပ်ပြီးလျှင် နဂါးပြည်သို့ ပြေးကြလေ၏။
ပုဏ္ဏားသည် ပတ္တမြားကိုမြင်လျှင် “ငါသည် ယခုအလိုပြည့်ပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ပတ္တမြားကိုယူ၍ သွားလေ၏။
ထိုခဏ၌ နေသာဒပုဏ္ဏားသည် သားသောမဒတ်နှင့် သမင်အလို့ငှာ တောသို့ဝင်လေသော် ထိုပုဏ္ဏားလက်၌ ပတ္တမြားကိုမြင်လျှင် “ချစ်သား သောမဒတ်။ ဤပတ္တမြားသည် ငါတို့အား ဘူရိဒတ် နဂါးမင်းပေးသော ပတ္တမြား မဟုတ်တုံလော”ဟု မေ၏။ “ဖခင်။ ဟုတ်၏”ဟုဆိုသော် ထိုသို့တပြီးကား ပတ္တမြား၏ ကျေးဇူးမရှိသည်ကိုဆို၍ ဤပုဏ္ဏားကိုလှည့်ပတ်၍ ပတ္တမြားကို ငါတို့ ယူကုန်အံ့”ဟုဆို၏။
“ဖခင်။ ထိုပတ္တမြားကို ရှေး၌ ဘူရိဒတ်နဂါးမင်းသည် အကျွန်ုပ်တို့အား ပေး၏။ ပေးသောအခါ မယူဘဲပယ်ပြီးမှ ယခုအဘယ့်ကြောင့် အလိုရှိပြန်သနည်း။ ဤပုဏ္ဏားသည် ဖခင်ကိုသာ လှည့်ပတ်လတ္တံ့။ မဆိုလင့် ဆိတ်ဆိတ်နေ”ဟုဆို၏။
နေသာဒပုဏ္ဏားလည်း “ချစ်သား သောမဒတ်။ ထိုသို့တစ်မူလည်း ဖြစ်စေ။ ဤပုဏ္ဏားနှင့် ငါသည် မည်သူက လှည့်ပတ်မိသည်ကို သင်ရှုလော့”ဟု ဆို၍ အလမ္ပာယ်ပုဏ္ဏားနှင့် စကားပြောလိုရကား-
“မဏိံ ပဂ္ဂယှ မင်္ဂလျံ၊ သာဓုဝိတ္တံ မနောရမံ။
သေလံ ဗျဉ္ဇနသမ္ပန္နံ၊ ကော ဣမံ မဏိမဇ္ဈဂါ။”
ဟူသောဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“ပုဏ္ဏား။ “မင်္ဂလာရှိ၏”ဟု သမုတ်အပ်သော, ဥစ္စာမြတ်လည်းဖြစ်ထသော လက္ခဏာနှင့် ပြည့်စုံသည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိထသော ဤပတ္တမြားကိုယူ၍ သင် လာ၏။ အဘယ်အရပ်မှ သင် ရသနည်း”ဟု ဆိုလေ၏။
ထိုနောက်မှ အလမ္ပာယ်ပုဏ္ဏားသည်-“လောဟိတက္ခသဟဿာဟိ” ဟူသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“နေသာဒပုဏ္ဏား။ နီသောမျက်စိရှိကုန်သော အထောင်မကသော နဂါးမင်းသ္မီးတို့သည် ထက်ဝန်းကျင်မှ ပတ္တမြားကိုရံလျက် နေကြသောအခါ ခရီးမ၌သွားသော ငါ့ကိုမြင်လျှင် ထိုနဂါးမတို့သည် ဘေးကိုကြောက်လန့်သည်ဖြစ်၍ ဤပတ္တမြားကိုစွန့်ပစ်ပြီးလျှင် ပြေးကြကုန်သောကြောင့် ပတ္တမြားကို ငါရလေသည်”ဟု ဆိုလေ၏။
နေသာဒပုဏ္ဏားသည် ထိုအလမ္ပာယ်ပုဏ္ဏားကို လှည့်ပတ်လိုသည်ဖြစ်၍ “သုပစိဏ္ဏော”အစရှိသောဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အလမ္ပာယ်ပုဏ္ဏား။ အကြင်သူသည် ပတ္တမြားကို ကောင်းစွာလုပ်ကျွေးခြင်း, ပူဇော်ခြင်း, မိမိအသက်ကဲ့သို့ မြတ်နိုးခြင်း, ကောင်းစွာဆောင်ခြင်း, ကောင်းစွာသိုမှီးခြင်းငှာ တတ်နိုင်မူကား ကောင်းသောအကျိုးကို ပေးတတ်၏။ ထိုသို့ မတတ်နိုင် မရိုမသေ မသန့်မရှင်းရှိမူကား ကြီးစွာသောအပြစ်ကို ပေးတတ်၏။ သင်သည် ဤပတ္တမြားကို ဆောင်ခြင်းငှာ မထိုက်။ ရွှေအချိန် ၁၀၀-နှင့် ငါ့အား ရောင်းလော့။ ငါမူကား ထိုပတ္တမြားရတနာ၏ ဆောင်ရမည့်အစီအရင်ကို သိ၏”ဟု ဆိုလေ၏။
“ထိုနေသာဒပုဏ္ဏားအိမ်၌ကား ရွှေအချိန် ၁၀၀-ကိုထား၍ တစ်ကျပ်မျှလည်း မရှိ။ ထိုသို့မရှိသော်လည်း ပတ္တမြား၏ ခပ်သိမ်းသောအလိုကို ပေးတတ်သောအကြောင်းကိုသိ၍ “ငါကား ဦးခေါင်းဆေးလျက် ပတ္တမြားကို ရေနှင့်ဖျန်း၍ ရွှေအချိန် ၁၀၀ ငါ့အားပေးလော့ဟုဆိုအံ့။ ထိုသို့ဆိုလျှင် ဤပတ္တမြားသည် ငါ၏အလိုအတိုင်း ပေးလတ္တံ့။ ထိုဥစ္စာကိုရပြီးလျှင် အချိန် ၁၀၀-သောရွှေကို အလမ္ပာယ်ပုဏ္ဏားအား ငါပေးမည်”ဟု ကြံလျက် ရဲရင့်စွာသောစကားကို ဆိုသတည်း။
ထိုအခါ အလမ္ပာယ်ပုဏ္ဏားသည်-“န စ မျာယံ”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“နေသောဒပုဏ္ဏား။ ငါ၏ဥစ္စာဖြစ်သော ဤပတ္တမြားရတနာကို တစ်စုံတစ်ခုသောဝတ္ထုဖြင့်လည်းကောင်း၊ ရတနာတို့ဖြင့်လည်းကောင်း မရောင်းအပ်။ ဤပတ္တမြားရတနာသည် မြတ်သောလက္ခဏာနှင့် ပြည့်စုံ၏”ဟုဆိုလေ၏။
ထိုစကားကို နေသာဒပုဏ္ဏားကြားလျှင်-“နော စေ တယာ”ဟူသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အလမ္ပာယ်ပုဏ္ဏား။ သင်သည် ပတ္တမြားကို တစ်စုံတစ်ခုသော ဝတ္ထုရတနာတို့ဖြင် မရောင်းအပ်ဟုဆိုသည်မှာ အဘယ်အကြောင်းဖြင့် ရောင်းပါမည်နည်း။ မေးသောငါ့အား ပြောလော့”ဟု ဆိုလျှင်၊
အလမ္ပာယ်ပုဏ္ဏားသည်-“ယော မေ သံသေ”ဟူသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“နေသာဒပုဏ္ဏား။ အကြင်သူသည် တန်ခိုးရှိသော သူတစ်ပါးတို့လွန်နိုင်ခဲသော နဂါးကို ငါ့အား ပြညွှန်နိုင်အံ့။ ထိုသူအား ဤပတ္တမြားကို ငါပေးမည်”ဟု ဆို၏။
နေသာဒပုဏ္ဏားလည်း-“ကော နု ဗြာဟ္မဏဝဏ္ဏေန”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ဤသူသည် နဂါးကို အစာအလို့ငှာ ပုဏ္ဏားအသွင်ဖြင့် ဆောင်၍ရှာသော ဂဠုန် ဖြစ်ရာသည်”ဟုကြံလျက် “အချင်း။ သင်သည် ပုဏ္ဏားအသွင်ဖြင့် နဂါးကို တောင့်တရှာမှီး၏။ သင်ကား အသူနည်း။ မိမိ၏အစာကိုရှာသော ဂဠုန်မင်းပေလော”ဟု မေး၏။
အလမ္ပာယ်ပုဏ္ဏားလည်း “ဂဠုန်မဟုတ်။ အလမ္ပာယ်တည်း”ဟုသိစေလို၍ “နာဟံ” အစရှိသောဂါထာကို ရွတ်၏။
အဓိပ္ပာယ်ကား-
“နေသာဒပုဏ္ဏား။ ငါကား ဂဠုန်မဟုတ်။ ဂဠုန်ကိုမျှ မမြင်စဖူး။ မြွေဆိပ်ကျမန္တန်တတ်သော အလမ္ပာယ်သမားတည်း”ဟု ဆိုလေ၏။
နေသာဒ ပုဏ္ဏားလည်း-“ကိံ နု တုယှံ ဗလံ အတ္ထိ”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“အလမ္ပာယ်ပုဏ္ဏား။ သင်သည် အဘယ်မျှ အားရှိသနည်း။ အဘယ်မည်သောအတတ်ကို ကိုးကွယ်ရသနည်း။ ဘုန်းတန်ခိုးနှင့် အလွန်တရာပြည့်စုံသော နဂါးမင်းကို သင် မလောက်မလေး ပြုဘိ၏တကား”ဟုဆိုလေ၏။
ထိုစကားကို အလမ္ပာယ်ပုဏ္ဏားကြားလျှင် မိမိအစွမ်းကို ပြလိုရကား-“အာရညိကဿ ဣသိနော”ဟူသော ၄-ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“နေသာဒပုဏ္ဏား။ ငါသည် ဟိမဝန္တာတော၌ ကောသိယအမျိုး ခြိုးခြံသောအကျင့်နှင့်ပြည့်စုံသော ရှင်ရသေ့အား ဂဠုန်မင်းသည် နဂါးဆိပ်ကျမန္တန်ကို ပေးခဲ့၏။ ထိုရှင်ရသေ့ကို ငါသည် နေ့ညပတ်လုံး ဝတ်ကြီးဝတ်ငယ်တို့ဖြင့် လုပ်ကျွေးပြုစုလျက် နေ၏။ ထိုရှင်ရသေ့သည် ငါ့အား နေ့ညမပြတ် လုပ်ကျွေးသသူဖြစ်သည်ဟု နတ်တို့မန္တရားဖြစ်သော ထိုနဂါးဆိပ်ကျ မန္တန်ကို ငါ့အားပေးသည်ဟု ဆို၏။ ငါသည် ဆရာပေးသော မန္တန်ရှိသောကြောင့် နဂါးကို မကြောက်။ ငါ့ကို အလမ္ပာယ် မြွေဖမ်းသမားဆရာဟူ၍ လူတို့သိကုန်၏”ဟုဆိုလေ၏။
ထိုစကားကို နေသာဒပုဏ္ဏားကြားလျှင် “ဤအလမ္ပာယ်ပုဏ္ဏားသည် နဂါးကို အလိုရှိ၏။ နဂါးကို ညွှန်ပြသောသူအား ပတ္တမြားကို ပေးလတ္တံ့။ ငါသည် ဘူရိဒတ်နဂါးမင်း ဥပုသ်စောင့်သုံးသောနေရာကို ပြပြီးလျှင် ပတ္တမြားကို ယူအံ့”ဟု ကြံလျက် သားသောမဒတ်လုလင်နှင့် တိုင်ပင်လိုရကား-“ဂဏှာမသေ မဏိံ တာတ”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ချစ်သား သောမဒတ်။ သင် ရှုလော့။ ဤပတ္တမြားကို ယူကုန်အံ့။ မိမိအိမ်သို့ ရောက်လာသော နတ်၏အသရေကို လှံတံဖြင့်ခတ်၍ အဘယ့်ကြောင့် စွန့်ကုန်ရမည်နည်း”ဟု ဆိုလေ၏။
ထိုစကားကို သောမဒတ်လုလင် ကြားလျှင်-“သကံ နိဝေသနံ ပတ္တံ”ဟူသော ၂-ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“ဖခင်။ အကြင်ဘူရိဒတ် နဂါးမင်းသည် မိမိအိမ်သို့ရောက်လာသော သင့်ကို နတ်၏ကာမဂုဏ်ဖြင့် ပူဇော်ချီးမြှောက်သည် မဟုတ်တုံလော။ ထိုကျေးဇူးရှင်ဖြစ်ဖူးသော ဘူရိဒတ်နဂါးမင်းအား အဘယ့်ကြောင့် ပြစ်မှားခြင်းကို အလိုရှိဘိသနည်း။ သင်သည် ဥစ္စာကို အလိုရှိအံ့, ဘူရိဒတ် နဂါးမင်းထံသွား၍ တောင်းလော့။ သင့်အား များစွာသော ဥစ္စာ,ရွှေ,ငွေတို့ကို ပေးလတ္တံ့။ ကျေးဇူးရှင်ကို မပြစ်မှားနှင့်”ဟု ဆိုလေ၏။
နေသာဒ ပုဏ္ဏားလည်း-“ဟတ္ထဂတံ ပတ္တဂတံ”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ချစ်သား သောမဒတ်။ သင်ကား ငယ်သေး၏။ လူမှုကို မသိသေး။ အကြင်အစာသည် လက်တွင်းသို့မူလည်း ရောက်လာအံ့၊ ရှေ့တွင်မူလည်း တည်လာအံ့၊ ထိုအစာကို စားခြင်းငှာ လျောက်ပတ်၏။ အဝေး၌ရှိသောဥစ္စာဖြင့် အဘယ်ပြုအံ့နည်း”ဟု ဆိုလေ၏။
ထိုစကားကို သောမဒတ်လုလင် ကြားလျှင် အဖအားတားမြစ်လို၍-“ပစ္စတိ နိရယေ ဃောရေ”ဟူသော ၂-ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“ဖခင်။ အကျိုးစီးပွားကိုဆောင်တတ်သော အဆွေခင်ပွန်းအား ပြစ်မှားသောအမှုကို သင်ပြုသည်ရှိသော် သင်သည် ကြီးစွာသောငရဲ၌ ခံရလတ္တံ့။ မြေကြီးသည်မူလည်း မျိုလတ္တံ့။ အသက်ရှင်သော်လည်း ချမ်းသာခြင်းကိုမရ၊ ခြောက်ကပ်လတ္တံ့။ အကယ်က သင် ဥစ္စာကိုလိုမူ ဘူရိဒတ်နဂါးမင်းထံ သွားလော့။ ဤခင်ပွန်းပြစ်မှားခြင်းကို သင်ပြုသည်ရှိသော် သင်၌ မကြာမြင့်မီ အပြစ်ရောက်မည် ငါထင်၏”ဟုဆို၏။
ထိုအခါ နေသာဒပုဏ္ဏားသည် သား၏စကားကိုကြားလျှင် ပယ်လို၍-“မဟာယညံ ယဇိတွာန”ဟူသော ဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ချစ်သား သောမဒတ်။ ပုဏ္ဏားတို့မည်သည်ကား မကောင်းမှုကို ပြုမိသည်ရှိသော် ကြီးစွာသော ယစ်ပူဇော်ခြင်းကို ပြုရ၏။ ထိုသို့ ပြုပြီးသည်ရှိသော် ထိုမကောင်းမှုမှ လွတ်ကုန်အံ့”ဟု ဆိုလေ၏။
ထိုအခါ သားသောမဒတ်သည် “ငါ ပြေးတော့အံ့။ မကောင်းမှုကိုပြုသော သင်နှင့် တစ်ဖဝါးမျှ အတူမသွားပြီ” ဟုဆို၍၊ ပညာရှိသော သောမဒတ်လုလင်သည် မိမိစကားကို အဖမနာယူသောကြောင့် သည်းစွာသောအသံဖြင့် “မကောင်းမှုကိုပြုသော အဖယုတ်နှင့် အတူမသွားပါ”ဟု နတ်များကို တိုင်ကြားကြွေးကြော်လျက် အဖမြင်စဉ်ပင် ပြေး၍၊ ဟိမဝန္တာတောသို့ဝင်ပြီးလျှင် ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကို ပွားသဖြင့် အသက်အတိုင်းနေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။
ထိုအခါ နေသာဒပုဏ္ဏားသည် “သားသောမဒတ်သည် အိမ်မှတစ်ပါး အဘယ်အရပ်သို့ သွားလိမ့်မည်နည်း”ဟု ကြံစည်လျက် အလမ္ပာယ်ပုဏ္ဏား နှလုံးမသာသည်ကိုမြင်၍ “အဆွေ အလမ္ပာယ်ပုဏ္ဏား။ မပူဆွေးလင့်။ ဘူရိဒတ်နဂါးမင်းကို သင့်အား ငါ ညွှန်ပြအံ့” ဟုဆိုပြီးလျှင် အလမ္ပာယ်ပုဏ္ဏားကိုခေါ်၍ နဂါးမင်း ဥပုသ်စောင့်သုံးသောနေရာသို့ သွားကြလေ၏။ ထိုအခါ တောင်ပို့ထက်၌ ခွေ၍နေသော ဘူရိဒတ်နဂါးမင်းကိုမြင်လျှင် မနီးမဝေးသောအရပ်က ရပ်လျက် လက်ညှိုးညွှန်၍-“ဂဏှာဟေတံ မဟာနာဂံ”ဟူသော ၂-ဂါထာတို့ကို ရွတ်ဆို၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“အဆွေပုဏ္ဏား အလမ္ပာယ်။ အကြင်နဂါးမင်း၏အရောင်ကား ပိုးပရန်အဆင်းကဲ့သို့ ရှိ၏။ ဦးခေါင်းချင်းချင်းနီ၏။ ထိုနဂါးကို သင်ဖမ်းပြီးလျှင် ငါ့အား ပတ္တမြားကို ပေးလော့။ ထိုနဂါး၏ကိုယ်သည် ဝါဂွမ်းစုကဲ့သို့ ထင်၏။ တောင်ပို့ထက်၌ အိပ်၍နေသောနဂါးကို သင် ဖမ်းလော့”ဟုဆိုလေ၏။
ဘုရားလောင်းနဂါးမင်းသည် ထိုအသံကိုကြားလျှင် မျက်စိကိုဖွင့်လှစ်၍ကြည့်သော် နေသာဒပုဏ္ဏားကို မြင်လေ၏။
“ဤသူကား ဥပုသ်သုံးသောငါ၏ အန္တရာယ်ကို ပြုရာ၏”ဟု ငါသည် ဤသူသားအဖတို့ကို နဂါးပြည်သို့ဆောင်၍ ကြီးစွာသောစည်းစိမ်ကိုပေး၏။ လူ့ပြည်သို့ သွားလိုလျှင်လည်း ပတ္တမြားကို ငါပေး၏။ ထိုပုဏ္ဏားသည် ငါပေးသောပတ္တမြားကို မယူ။ ယခုကား မြွေသမားကို ခေါ်၍လာခဲ့၏။ အကယ်၍ ငါသည် ခင်ပွန်းပြစ်မှားသော နေသာဒပုဏ္ဏားအား အမျက်ထွက်မိအံ့။ ငါ၏သီလ ပျက်ခဲ့ရာသည်။ စင်စစ်ကား ငါသည် ရှေးမဆွကပင် အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသော ဥပုသ်ကို ဆောက်တည်၏။ ထိုဆောက်တည်သည့်အတိုင်း မြွေသမားသည် ငါ့ကို ဖြတ်လိုလည်းဖြတ်စေ၊ ချက်လိုလည်း ချက်စေ၊ တစို့ဖြင့်ထိုးလိုလည်း ထိုးစေ၊ အလမ္ပာယ်ပုဏ္ဏားအား ငါသည် အမျက်မထွက်အံ့”ဟုကြံ၍၊ “ငါသည် ထိုသူ ၂-ယောက်တို့ကို အမျက်ဖြင့် ကြည့်စေအံ့။ ထိုသူတို့သည် ပြာမှုန့်ကဲ့သို့ ညက်ညက်ကြေရာ၏။ ထိုသို့ တန်ခိုးနှင့် ပြည့်စုံသော်လည်း ငါ မပြုပြီ။ ပုတ်ခတ်သော်လည်း အမျက်မထွက်ပြီ။ ထိုသူတို့ကို မကြည့်ပြီ”ဟု မျက်စိမှိတ်၍ အဓိဋ္ဌာန်ပါရမီကို ရှေ့သွားပြု၍ အခွေကြား၌ ဦးခေါင်းကိုသွင်းပြီးလျှင် မတုန်မလှုပ် အိပ်၍နေ၏။
ထိုအခါ နေသာဒပုဏ္ဏားသည် “အဆွေအလမ္ပာယ် ပုဏ္ဏား။ ဤနဂါးကို ဖမ်းလော့။ ငါ့အားလည်း ပတ္တမြားကို ပေးလော့” ဟုဆို၏။ အလမ္ပာယ်ပုဏ္ဏားသည် နဂါးကိုမြင်လျှင် အလွန်နှစ်သက်၍ အဖိုးများစွာထိုက်သော ပတ္တမြားကို မရေမတွက်ဘဲ “အဆွေပုဏ္ဏား။ ယူလော့”ဟု ပတ္တမြားကို နေသာဒပုဏ္ဏားလက်သို့ ပစ်၍ပေးလိုက်လေ၏။ ပတ္တမြားသည်လည်း နေသာဒပုဏ္ဏားလက်မှ လျှောကျ၍ မြေတွင်းသို့ဝင်ပြီးလျှင် နဂါးပြည်သို့ သွားလေ၏။
နေသာဒပုဏ္ဏားသည် ပတ္တမြားရတနာမှလည်းကောင်း၊ ဘူရိဒတ်နဂါးမင်းနှင့် အဆွေခင်ပွန်းအဖြစ်မှလည်းကောင်း၊ သား သောမဒတ်မှလည်းကောင်း၊ ဤ၃-ပါးတို့မှ ယုတ်ခဲ့၏။ ကိုးကွယ်ရာမဲ့ဖြစ်ခြင်းသို့ ရောက်လျှင် “ငါသည် သားစကားကို နားမထောင်မိသည်မှာ အလွန်မှားယွင်းသည်”ဟု ဆိုပြီးလျှင် ငိုကြွေးမြည်တမ်းလျက် အိမ်သို့ပြန်လေ၏။
ထိုအခါ အလမ္ပာယ်မြွေသမားသည် နတ်၏ဆေးမြစ်ဖြင့် မိမိတစ်ကိုယ်လုံးကို လိမ်းကျံပြီးလျှင် အတန်ငယ်စဉ်းစား၍ မိမိကိုယ်ကိုရံတားလျက် မန္တန်စိပ်ပြီးလျှင် ဘုရားလောင်းနဂါးမင်းထံ ချဉ်းကပ်၍ အမြီးကိုကိုင်ပြီးလျှင် ဦးခေါင်း၌ မြဲစွာကိုင်လျက် နဂါးမင်းခံတွင်းကိုဖွင့်၍ ဆေးသွတ်ပြီးလျှင် မိမိတံတွေးဖြင့် နဂါးမင်းခံတွင်းကို ထွေး၏။ နဂါးမင်းသည် သီလပျက်အံ့သည်မှ ကြောက်သောကြောင့် အမျက်မထွက် မျက်စိမဖွင့်ဘဲ နေ၏။ ထိုအခါ မန္တန်စိပ်သဖြင့် ဘုရားလောင်းကို အမြီးကကိုင်ပြီးလျှင် ဦးခေါင်းတွဲရရွဲလှုပ်ရှားလျက် စားသောအစာကိုအန်စေ၍ အလျားလိုက်အိပ်စေပြီးမှ သားရေနယ်ကို ကိုင်သကဲ့သို့ ခြေဖြင့် တစ်ကိုယ်လုံးနင်းလေသော် အရိုးတို့သည် မှုန့်မှုန့်ညက်ညက် ကြေမည်ကဲ့သို့ ဖြစ်၏။ တစ်ဖန် မြီးထူးကိုကိုင်၍ ပုဆိုးဖွပ်သကဲ့သို့ ရိုက်ပြန်၏။ ဘုရားလောင်းနဂါးမင်းသည် ဤသို့ ဆင်းရဲကိုခံရသော်လည်း မြွေသမားအား အမျက်မထွက်။ ထိုအခါ အလမ္ပာယ်ပုဏ္ဏားသည် နဂါးမင်းကို အားနည်းအောင်ပြုပြီးလျှင် ဝါး, ကြိမ်,နွယ်တို့ဖြင့် ပချုပ်ရက်၌ ထည့်၏။ နဂါးမင်းကိုယ်သည် ကြီးသောကြောင့် ပချုပ်၌ မဆံ့။ ဘုရားလောင်းကိုယ်ကို ခြေဖနောင့်ဖြင့်ကျောက်၍ ပချုပ်တွင်းသို့သွင်းပြီးမှ ဆောင်ယူလေသော်၊ ရွာတစ်ရွာသို့ ရောက်လေ၏။
ထိုရွာအလယ်၌ချ၍ “နဂါးက, သည်ကို ကြည့်လိုသောသူလာကြကုန်” ဟု ဟစ်၏။ ရွာသူအများ စည်းဝေးကုန်ကြသော် ထိုခဏ၌ အလမ္ပာယ်ပုဏ္ဏားသည် “နဂါးကြီးထွက်လော့”ဟုဆို၏။ ဘုရားလောင်း နဂါးမင်းသည်လည်း “ငါသည် ယခု ပရိသတ်အလယ်၌ နှစ်သက်အောင် က,ခြင်းငှာ အပ်၏။ ဤသို့ က,သည်ရှိသော် အလမ္ပာယ်အား ဥစ္စာများစွာရ၍ နှစ်သက်သဖြင့် ငါ့ကို လွှတ်ရာ၏။ အလမ္ပာယ်ဆိုတိုင်း ငါပြုအံ့” ဟုကြံလျက် ပခြုပ်မှထွက်၍၊ “ကြီးစွာသောကိုယ်ကို ဖြစ်စေလော့”ဟု ဆိုလျှင် အလမ္ပာယ်ဆိုတိုင်းဖြစ်စေ၏။
“ဝပ်သည်, ပြားသည်, ပါးပျဉ်း ၁-ခုရှိသည်, ပါးပျဉ်း၂-ခုရှိသည်, ပါးပျဉ်း ၃-ခုရှိသည်၊ ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ပါးပျဉ်း ၁၀-ခုရှိသည် ဖြစ်စေလော့။ မြင်စေလော့။ ထင်သောကိုယ် ရှိသည်, မထင်သောကိုယ် ရှိသည်, ထက်ဝက်ထင်သော ကိုယ်ရှိသည်, ညိုသောကိုယ်, ရွှေသောကိုယ်, နီသောကိုယ်, ဖြူသောကိုယ်, မောင်းသောကိုယ် ရှိသည် ဖြစ်စေလော့၊ အလျှံလွှတ်လော့၊ အခိုးလွှတ်လော့။”
ဤသို့သောအရာတို့၌ အလမ္ပာယ် ပုဏ္ဏားဆိုတိုင်းလျှင် ကိုယ်ကိုဖန်ဆင်း၍ က,၏။ လူအများတို့သည် ထိုသို့ က,ခြင်းကို မြင်လျှင် မျက်ရည်မထွက်သော သူမည်သည် မရှိ။ ထိုအခါ ရွာသူရွာသားတို့သည် အလမ္ပာယ်ပုဏ္ဏားအား များစွာသော ရွှေ,ငွေ,အဝတ်တန်ဆာ စသည်တို့ကို ပေး၏။ ထိုရွာ၌ ၁၀၀၀-မျှသောဥစ္စာကို ရ၏။
ထိုအလမ္ပာယ်ပုဏ္ဏားသည် ဘုရားလောင်းနဂါးမင်းကို ဖမ်းသောအခါ “သင့်ကိုကစား၍ ဥစ္စာ ၁၀၀၀-ရလျှင် သင့်ကို ငါလွှတ်မည်” ဟု ဆိုဖူး၏။ ထိုအလမ္ပာယ်သည် ဥစ္စာရမ္မက်နှိပ်စက်၍ ဘုရားလောင်း နဂါးမင်းကို မလွှတ်။ ထိုရွာ၌ရသော ဥစ္စာ ၁၀၀၀-ကို ရတနာဖြင့်ပြီးသော ပခြုပ်ကိုရက်၍ ထိုပခြုပ်၌ နဂါးမင်းကိုထည့်လျက် ဖြည်းညှင်းသာယာ ယာဉ်ထက်စီး၍ များစွာသောအခြံအရံနှင့် ထိုရွာကသည် ရွာငယ်,ရွာကြီး တစ်ပါးအရပ်တို့၌ က,စေလျက် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လေ၏။ အလမ္ပာယ်သည် နဂါးမင်းအား ပျားရည်ဖြင့်နယ်သော ပေါက်ပေါက်ကိုလည်းကောင်း၊ ဖားကိုသတ်၍လည်းကောင်း ပေး၏။ ဘုရားလောင်း နဂါးမင်းသည် မလွတ်အံ့သည်ကို ကြောက်သဖြင့် အစာမစား။ ထိုသို့မစားသော်လည်း မြတ်သော သီလအဟုန်ဖြင့် မမွတ်သိပ်နိုင်၊ မြို့တံခါးပြင်ရှိသောရွာကို အစပြု၍ ထိုထိုသောအရပ်တို့၌ က,စေ၏။ ၁၅-ရက်မြောက်သော ဥပုသ်နေ့၌ကား “ယနေ့ အရှင်မင်းကြီးထံ က,စေအံ့”ဟု မင်းကြီးအား လျှောက်ကြားစေ၏။ ဗာရာဏသီမင်းကြီးသည် စည်လည်စေ၍ ပြည်သူပြည်သားအပေါင်းတို့ကို စည်းဝေးစေ၏။ မင်းရင်ပြင်၌ ခုံအဆင့်ဆင့် ဖွဲ့စေကုန်၏။
အလမ္ပာယ်ပုဏ္ဏားသည် ဘုရားလောင်းကို ဖမ်းသောနေ့၌ မယ်တော် သမုဒ္ဒဇာမိဖုရား အိပ်မက်မြင်မက်၏။ အိပ်မက်ကား “နီသောမျက်စိရှိသော, ယောကျာ်းတစ်ယောက်သည် သန်လျက်ဖြင့် လက်ယာလက်ရုံးကိုဖြတ်၍ သွေးယိုစီးလျက်ဆောင်လေသည်” ကိုမြင်မက်၏။ ထိုခဏ၌ မိဖုရားသည် ကြောက်လန့်တကြားထ၍ လက်ဝဲလက်ဖြင့် လက်ယာလက်မောင်းကိုစမ်းလျက် ပြကတေ့ရှိသောကြောင့် အိပ်မက်သည်ဟုသိ၏။ ထိုအခါ ဘုရားလောင်းမယ်တော်သည် “ငါကား မကောင်းသော အိပ်မက် မြင်၏။ ငါ့သား ၄-ယောက်တို့အားလည်းကောင်း၊ ဓတရဋ္ဌနဂါးမင်းအားလည်းကောင်း၊ ငါ့အားလည်းကောင်း ဘေးရန်ရှိသည် ဖြစ်ရာ၏”ဟုကြံ၏။ စင်စစ်ဖြင့်ကား ဘုရားလောင်းကိုသာ အတိုင်းထက်အလွန် စိုးရိမ်၏။ အဘယ့်ကြောင့်နည်းဟူမူကား ဘုရားလောင်းမှ ကြွင်းကျန်သောသူတို့သည် နဂါးပြည်တွင်း၌သာ နေကုန်၏။ ငါ့သား ဘူရိဒတ်ကား သီလကို အလိုရှိသောကြောင့် လူ့ပြည်သို့သွား၍ ဥပုသ်စောင့်၏။ ထိုကြောင့် ငါ့သားကို မြွေသမားသည် လည်းကောင်း၊ ဂဠုန်သည်လည်းကောင်း ဖမ်းလေသလောဟု ဘုရားလောင်းကိုသာလျှင် အတိုင်းထက်အလွန်စိုးရိမ်၏။ ထိုအိပ်မက် မြင်မက်သည်မှ ၁၅-ရက်ရောက်လတ်သော် “ဘူရိဒတ်ကား လခွဲလွန်သဖြင့် ငါ့ကို ကင်း၍ မနေရာ။ မချွတ်လျှင် ငါ့သားအား တစ်စုံတစ်ခုသောဘေး ဖြစ်ရာသည်” ဟုကြံလျက် နှလုံးမသာခြင်းသို့ ရောက်လေ၏။
တစ်လလွန်သဖြင့် မယ်တော်အား စိုးရိမ်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ မျက်ရည်မယိုသောအခါ မရှိ။ နှလုံးခြောက်ကပ်လျက် မျက်စိ ကျိန်းစပ်၏။ မယ်တော်သည် “ယနေ့ ငါ့သား လာလတ္တံ့”ဟု လာလမ်းကို ကြည့်လျက်နေ၏။
ထိုအခါ သားတော်အကြီးဖြစ်သော သုဒဿနသည် တစ်လလွန်သဖြင့် များစွာသော ပရိသတ်နှင့်တကွ အမိအဖတို့အား ဖူးမြင်အံ့သောငှာ လာလတ်၍ ပရိသတ်ကို အပ၌ထား၍၊ ပြာသာဒ်ထက်သို့ တစ်ယောက်တည်း တက်ပြီးလျှင် မယ်တော်ကိုရှိခိုးလျက် တင့်အပ်သောအရပ်၌ နေလေ၏။ မယ်တော်သည် ဘူရိဒတ်ကို အစဉ်စိုးရိမ်သဖြင့် သုဒဿနအား တစ်ခွန်းသောစကားကိုမျှ မဆို။ ထိုအခါ သုဒဿနက “ငါ၏အမိသည် အခါတစ်ပါး၌ ငါလာသည်ရှိသော် နှစ်လို့ဝမ်းမြောက်စွာ စကားပြောဟောခြင်းကို ပြု၏။ ယခုမူကား နှလုံးမသာဖြစ်၏။ အကြောင်း အသို့ရှိမည်နည်း”ဟု ကြံလျက် မယ်တော်ကို မေးလိုရကား-“မမံ ဒိသွာန အာယန္တံ”ဟူသော ၂-ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“မိခင်။ ခပ်သိမ်းသောအလိုနှင့် ပြည့်စုံလျက်လာသော အကျွန်ုပ်ကို မြင်လတ်သော် မိခင်မျက်နှာသည် လက်ဖြင့်ဆုပ်နယ်သော ပဒုမ္မာကြာကဲ့သို့ ညှိုးနွမ်းခဲ့၏တကား”ဟု ဆိုလေ၏။
ထိုသို့ သုဒဿနဆိုသော်လည်း မယ်တော်သည် စကားမပြောမဆိုသောကြောင့် သုဒဿနသည် “ငါ၏ မယ်တော်၌ တစ်စုံတစ်ယောက်သောသူနှင့် အမျက်ခိုက်ရန် ဖြစ်ကြ၍လည်းကောင်း၊ တစ်စုံတစ်ခုသော ဘေးအန္တရာယ်ရှိ၍လည်းကောင်း ဤသို့သောအကြောင်းကြောင့် စကားမဆို နေဘိသလော”ဟု ကြံလျက် မယ်တော်ကို မေးလိုရကား-“ကစ္စိ နု တေ ”ဟူသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား
“မိခင်။ သင့်အား တစ်စုံတစ်ယောက်သောသူသည် ညှဉ်းဆဲသလော။ အသို့နည်း။ ဝေဒနာရှိသလော။ အကျွန်ုပ်လာသည်ကို မြွက်၍စကားမဆို၊ မိခင်၏မျက်နှာသည် မည်းခဲ့၏။ ဤအကြောင်းကို အကျွန်ုပ်အား ကြားဘိလော့”ဟု ဆိုလေ၏။
ထိုစကားကို သမုဒ္ဒဇာမိဖုရားကြားလျှင် အိပ်မက်ကို ကြားလိုရကား-“သုပိနံ တာတ အဒ္ဒက္ခိံ”ဟူသော ၂-ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ချစ်သား သုဒဿန။ ငါသည် ဤသို့ အိပ်မက်မြင်၏။ ယောက်ျားတစ်ယောက်သည် ငါ၏လက်ယာမောင်းကိုဖြတ်၍ သွေးအလိမ်းလိမ်းကပ်လျက် ငါလည်းငိုစဉ်ပင် ဆောင်ယူသွားခဲ့၏။ ထိုအိပ်မက်မြင်သည်နေ့မှ၍ နေ့ညဉ့်ပတ်လုံး ငါ့အား ချမ်းသာမရ၊ ဒုက္ခရောက်၏။ ချစ်သားသုဒဿန။ သင်၏ညီ ဘူရိဒတ်သည် လခွဲတစ်ကြိမ် နှစ်လိုဖွယ်သော နဂါးသမီးအပေါင်းခြံရံလျက် မဟာလှေကားပန်းကဲ့သို့ များစွာသော ဓား,သန်လျက်စွဲကုန်သော နဂါးလုလင်တို့နှင့်တကွ ရှေး၌ ငါ့ထံ ရောက်မြဲဖြစ်၏။ ထိုသို့ဖြစ်လျက် ယခု ငါထံမလာ ကြာမြင့်လေစွာ့။ ငါ့သား ဘူရိဒတ်အား တစ်ခုသောဘေး ဖြစ်ရာသည်လည်းမသိ” ဟု
ငိုမြည်တမ်းလျက် ဆိုပြီးမှ “ငါ၏ချစ်သား သုဒဿန။ ဘူရိဒတ်၏အိမ်သို့ ယခုသွားကုန်အံ့။ တရားနှင့်တင့်တယ်သော, သီလနှင့်ပြည့်စုံသော သင်၏ညီတော်ကို ရှုချေကုန်အံ့”ဟု ဆို၍၊ သုဒဿနမင်းသားနှင့်တကွ ပရိသတ်အပေါင်းခြံရံလျက် မယ်တော်သမုဒ္ဒဇာသည် ဘူရိဒတ်အိမ်သို့ သွားလေ၏။
ဘူရိဒတ်မယား နဂါးမတို့သည် ဥပုသ်ဆောက်တည်ရာ တောင်ပို့၌ ဘူရိဒတ်နဂါးမင်းကို မမြင်လျှင် “ငါတို့သခင် မယ်တော်အိမ်၌သာ ရှိရာသည်”ဟု ကြောင့်ကြမဲ့ နေကြကုန်၏။ ထိုနဂါးမတို့သည် ဘုရားလောင်းမယ်တော် သားကိုမေးလာသည်ဟု ကြားလျှင်၊ ခရီးဦးကြိုဆိုလင့်၍ “အရှင်မ။ ကိုယ်တော်၏သားကို မမြင်ရသည်ကား တစ်လလွန်ခဲ့ပြီ။ မယ်တော်အိမ်၌ ရှိသည်ထင်မှတ်ပါသည်။ ယခု မရှိပါတကား”ဟု ပြင်းစွာငိုမြည်တမ်းကုန်လျက် သမုဒ္ဒဇာ မိဖုရားခြေရင်း၌ လဲကျကုန်၏။
ဘုရားလောင်းမယ်တော် သမုဒ္ဒဇာလည်း ချွေးမတို့နှင့်တကွ ငိုမြည်တမ်းလျက် သားတော် ဘူရိဒတ်နေရာ ပြာသာဒ်ထက်သို့တက်၍ သားတော်အိပ်ရာနေရာကို ကြည့်၍ ငိုကြွေးလျက်-“သကုဏီ ဟတပုတ္တာဝ”ဟူသော ၂-ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“သားငယ်ကို သူတို့သတ်ပြီး၍ သားငယ်မှဆိတ်သော မိမိအသိုက်ကိုမင်သော ငှက်မသည် စိုးရိမ်သကဲ့သို့ ငါ့သားဘူရိဒတ်ကို မမြင်ရသည်ရှိသော် ငါ၏ရင်တွင်း၌ ပြင်းစွာပူခဲ့၏တကား။ သားငယ်သေလေသော ဝန်လိုမသည် ပြင်းစွာစိုးရိမ်သကဲ့သို့လည်းကောင်း၊ သားဘူရိဒတ်ကို မမြင်ရသောငါသည် ရင်တွင်း၌ ပြင်းစွာစိုးရိမ်ဘိ၏တကား။ ငါ၏စိုးရိမ်ခြင်းသည် ငါ၏ရင်ထဲ၌ ပန်းပဲဖိုထိုးသကဲ့သို့ ရှိ၏တကား”
ဤသို့ မယ်တော်ငိုသည်ရှိသော် ဘူရိဒတ်နဂါးမင်း၏အိမ်သည် သမုဒ္ဒရာအဝန်းကဲ့သို့ တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက် အသံသည် ဖြစ်၏။ တစ်ယောက်သောမိန်းမမျှလည်း မိမိကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်။ အိမ်အလုံးသည် ယုဂန္ဓိုရ် လေခတ်၍လဲသော အင်ကြင်းပျိုတောကဲ့သို့ ဖြစ်ကုန်၏။
ထိုအခါ သုဘောဂ, အရိဋ္ဌ မင်းသားညီနောင် ၂-ယောက်တို့သည် မိဘတို့အား ခစားအံ့သောငှာ လာကုန်လတ်သော် ထိုသို့ငိုကြွေးသံကိုကြား၍ ဘူရိဒတ်နဂါးမင်းအိမ်သို့ သွားကြလျက် မယ်တော်ကို နှစ်သိမ့်စေ၏။ “မယ်တော် ခပ်သိမ်းသောသတ္တဝါတို့သည် သေခြင်းသဘောပျက်ခြင်းသဘောကို မလွန်နိုင်ကြကုန်။ သက်သာရာကို ရတော်မူပါ” ဟုဆိုကုန်၏။
မယ်တော် သမုဒ္ဒဇာမိဖုရားလည်း “ချစ်သားတို့။ သတ္တဝါတို့ဖြစ်ခြင်း, ပျက်ခြင်းကို ငါသိ၏။ ငါ့သားဘူရိဒတ်ကို မမြင်ရသဖြင့် ပြင်းစွာစိုးရိမ်ခြင်း ဖြစ်၏။ ချစ်သား သုဒဿန။ ငါ့သားဘူရိဒတ်ကို ယနေ့ညဉ့် မမြင်မတွေ့ရသည်ရှိသော် ငါ၏အသက် ဆုံးရတော့မည်”ဟုဆိုလေ၏။
သားတော် ၃-ယောက်တို့သည်လည်း “မယ်တော်။ စိုးရိမ်တော်မမူပါလင့်။ ညီတော်ဘူရိဒတ်ကို တော, တောင်, မြှောင်, ချောက်ကြား, ရွာ, နိဂုံး, မင်းနေပြည် အစရှိသောအရပ်တို့သို့ သွား၍ရှာကုန်အံ့။ ယခုနေ့မှ ၇-ရက်မြောက်သောနေ့၌ သားတော် ဘူရိဒတ်ကို ရှုတော်မူပါလော့”ဟုဆို၍၊ သုဒဿနမင်းသားသည် “အကယ်၍ ငါတို့ ညီနောင် ၃-ယောက်ရှာသည် ဖြစ်အံ့၊ ကြာမြင့်သည်ဖြစ်ရာ၏။ အသီးအသီး ၃-ကွဲခွဲ၍ရှာသော် ကောင်း၏”ဟုကြံလျက်-
တစ်ယောက်ကား နတ်ပြည်ကို, တစ်ယောက်ကား ဟိမဝန္တာကို, တစ်ယောက်ကား လူ့ပြည်သို့ သွား၍အံ့။ ထိုသို့ရှာရာတွင်ကား ကာဏာရိဌ်ကို လူ့ပြည်သို့ အရှာထည့်ချေသော် အကြင်အရပ်၌ ဘူရိဒတ်ကိုတွေ့အံ့။ ထို တွေ့ရာအရပ် ရွာ,နိဂုံး,မင်းနေပြည်တို့ကို မှုန့်မှုန့်ညက်ညက် ဖျက်ဆီး၍လာလတ္တံ့။ ငါ့ညီကာဏာရိဌ်သည် ရုန့်ရင်းကြမ်းတမ်းလှ၍ လူ့ပြည်နှင့် မတန်။ နတ်ပြည်သို့ ရှာစေအံ့” ဟုကြံ၍၊ “ညီထွေး။ ကာဏာရိဌ်၊ သင် နတ်ပြည်သို့ သွားလေ။ နတ်တို့သည် တရားနာလိုသည်ဖြစ်၍ ဘူရိဒတ်ကို နတ်ပြည်သို့ အကယ်၍ ဆောင်အံ့။ ထိုဘူရိဒတ်ကို သင် ဆောင်ချေလော့”ဟု စေလိုက်၏။
တစ်ဖန် ညီတော် သုဘောဂကိုခေါ်ပြန်၍-“ငါ့ညီသုဘောဂ၊ သင်သည် ဟိမဝန္တာသို့ သွား၍ မြစ်ကြီး ၅-စင်းတို့၌ ဘူရိဒတ်ကို ရှာချေ”ဟု စေလိုက်၏။ မိမိကား လူ့ပြည်သို့ သွားလိုသည်ဖြစ်၍ ဤသို့ အကြံဖြစ်၏။ “အကယ်၍ လုလင်အသွင်ဖြင့် လူ့ပြည်သို့ သွားအံ့။ လူတို့သည် ငါ့ကို ချစ်ခင်ကြည်ညို မြတ်နိုးခြင်းကို မပြုကုန်ရာ။ ရသေ့အသွင်ဆောင်၍ သွားရသော်ကား ကောင်း၏။ လူ့တို့သည် ရဟန်းတို့ကို ချစ်ခင်မြတ်နိုးတတ်ကုန်၏”။ ဤသို့အကြံပြု၍ ရသေ့အသွင်ဖန်ဆင်းလျက် အမိကိုရှိခိုးပြီးလျှင် ထွက်ခဲ့၏။
ထိုအခါ ဘုရားလောင်း၏ မိထွေးသမီးဖြစ်သော အဇမုခီ အမည်ရှိသော နဂါးမသည် ရှိသတတ်။ ထိုအဇမုခီ နဂါးမင်းသမီးသည် ဘူရိဒတ်နဂါးမင်းကို မောင်တကာတို့ထက် ထူး၍ချစ်၏။ ထိုအဇမုခီသည် သုဒဿန သွားသည်ကိုမြင်လျှင် “မောင်ကြီး၊ အကျွန်ုပ်ကား အလွန်ပင်ပန်း၏။ သင်နှင့်အတူလိုက်၍ မောင်တော်ဘူရိဒတ်ကို ရှာပါမည်” ဟုဆို၏။
“အမိငယ်။ ငါကား ရဟန်းအသွင်ဖြင့် သွားခဲ့၏။ သင်ကား မိန်းမဖြစ်၍ လိုက်ခြင်းငှာ မလျောက်ပတ်”ဟု သုဒဿန ဆိုလျှင်၊ “အကျွန်ုပ်ကား မိန်းမအသွင်ဖြင့် မလိုက်။ ဖားမငယ်ဟန် ဖန်ဆင်း၍ သင်၏ဆံကျစ်ကြား၌ လိုက်ပါအံ့”ဟု ဆို၏။ “ထိုသို့တပြီးကား ကောင်းပြီ။ လိုက်ခဲ့တော့” ဆိုလျှင်၊ အဇမုခီသည် ဖားငယ်မဟန် ဖန်ဆင်း၍ သုဒဿနဆံကျစ်ကြား၌ လိုက်လေ၏။
သုဒဿနကား “ဥပုသ်စောင့်ရာ တောင်ပို့မှစ၍ စူးစမ်းအံ့” ဟု ဘုရားလောင်းမယား နဂါးမတို့ကို ဘုရားလောင်း ဥပုသ်စောင့်ရာအရပ်ကို ညွှန်ပြစေ၍၊ ထိုအရပ်သို့ရောက်လေသော် အလမ္ပာယ်သည် ဘုရားလောင်းကို ယူရာအရပ်၌ သွေးကိုလည်းကောင်း၊ ဝါး,ကြိမ်,နွယ်တို့ဖြင့် ပခြုပ်သွင်းရာ အရပ်ကိုလည်းကောင်း မြင်၍ “ငါ့ညီဘူရိဒတ်ကို မြွေသမား ဖမ်းယူသည်”ဟုသိ၍၊ စိုးရိမ်ခြင်းနှိပ်စက်သဖြင့် ငိုကြွေးလျက် အလမ္ပာယ်သွားရာခရီးဖြင့် ခြေရာခံ၍ ရှေးဦးစွာကစားသော ရွာသို့ ရောက်လေ၏။
ထိုရွာ၌ ရွာသားတို့ကို “ဤသို့သောနဂါးကို မြွေသမားတစ်ယောက် ကစားသည်ကို မြင်ကြပါ၏လော” ဟုမေးလျှင် “မြွေသမားသည် ဤရွာတွင် ယမန်လက ကစား၏”ဟုဆိုသော်၊ “ထိုမြွေသမားသည် တစ်စုံတစ်ခုသော ဥစ္စာကို ရ၏လော” ဟု မေးပြန်၏။ “ဪ၊ ရ၏။ ဤရွာ၌ပင် ၁၀၀၀-မျှသောဥစ္စာကိုရ၍ သူကြွယ်ဖြစ်၏။” “ယခု အဘယ်အရပ်သို့ သွားသနည်း”ဟု မေးပြန်၏။ “ဤမည်သောအရပ်သို့သွားသည်”ဟု ညွှန်းလေသော် သုဒဿနသည် ထိုရွာမှစ၍ အစဉ်အတိုင်းမေးလျက် လိုက်လေလျှင် မင်းအိမ်တံခါးသို့ ရောက်လေ၏။
ထိုခဏ၌ အလမ္ပာယ်သည် ကောင်းစွာ ရေချိုးပြီးသော် နံ့သာလိမ်းကျံလျက် ပုဆိုးကောင်းကိုဝတ်၍ မြွေထည့်သော ရတနာပချုပ်ကိုယူပြီးလျှင် မင်းအိမ်တံခါးသို့ သွားလေ၏။ ပြည်သူပြည်သားအပေါင်းတို့သည်လည်း စည်းဝေးလာကုန်လတ်သော် ဗာရာဏသီမင်းကြီးလည်း နန်းတော်တွင်း၌ရပ်လျက် “နဂါးက,တတ်သော အလမ္ပာယ်သမား။ ဝင်စေ။ နဂါးက က,စေ”ဟု စေတော်မူလိုက်၏။ အလမ္ပာယ်လည်း ဆန်းကြယ်သောအခင်း၌ ရတနာပခြုပ်ကိုထား၍ ဖွင့်လှစ်ပြီးလျှင် နဂါးကြီးထွက်လှည့်ဟု လက်ဖျစ်တီး၏။
ထိုအခါ သုဒဿနကား ပရိသတ်၏အကြား၌ နေ၏။ ဘုရားလောင်း နဂါးမင်းသည် ဦးခေါင်းကိုဖော်၍ ပရိသတ်ကိုကြည့်၏။ နဂါးတို့သည်ကား ၂-ပါးသောအကြောင်းတို့ဖြင့် ကြည့်ကုန်၏။ ၂-ပါးသော အကြောင်းဟူသည်ကား ဂဠုန်ဘေးကိုလည်းကောင်း၊ အဆွေအမျိုးတို့ကိုလည်းကောင်း ရှုအံ့သောငှာ ကြည့်ကုန်၏။ ထို၂-ပါးတို့တွင် ဂဠုန်မြင်သော် ကြောက်သောကြောင့် မက,ကုန်။ အဆွေအမျိုးကိုမြင်သော် ရှက်သောကြောင့် မက,ကုန်။ ဘုရားလောင်းနဂါးမင်းသည် ထို၂-ပါးသောအကြောင်းတို့ကြောင့် ကြည့်လေသော် ပရိသတ်အကြား၌ ရသေ့အသွင်ဖြင့် အစ်ကိုသုဒဿနကို မြင်လေ၏။
ဘုရားလောင်း နဂါးမင်းသည် မျက်စိ၂-ဘက်မှ အသွယ်သွယ် မျက်ရည်ယိုစီးလျက် ပခြုပ်မှထွက်၍ အစ်ကိုသို့ ရှေးရှုသွားလေ၏။ လူများတို့သည် နဂါးလာသည်မြင်လျှင် ကြောက်လန့်တကြား ရှောင်လွှဲ၍ ပြေးကြကုန်၏။ သုဒဿနတစ်ယောက်သာ ရပ်လျက်နေ၏။ နဂါးမင်းသည် သုဒဿနခြေဖမိုးပေါ်၌ ဦးခေါင်းတင်၍ ငို၏။ သုဒဿနသည်လည်း ငို၏။ ထို့နောင်မှ နဂါးမင်းသည် ပခြုပ်သို့ပြန်၍ ဝင်ပြန်လေ၏။ ထိုအခါ အလမ္ပာယ် မြွေသမားကား “ငါ့နဂါးသည် ရှင်ရသေ့ကို ကိုက်သည်ဖြစ်မည်”ဟု သုဒဿနထံချဉ်း၍၊ “ဟတ္ထမုတ္တော” အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ နဂါးသည် အကျွန်ုပ်လက်မှ လွတ်ခဲ့၏။ ရှင်ရသေ့ခြေဖမိုးပေါ်ကို တက်၍နေသည်။ ရှင်ရသေ့ကို နဂါး ကိုက်သလော။ မကြောက်လင့်။ ကိုက်လျှင် နဂါးဆိပ်ကျမန္တန်ဖြင့် ရှင်ရသေ့ကို ချမ်းသာစိမ့်မည်”ဟု ဆို၏။
သုဒဿနကား မြွေသမားနှင့် စကားပြောဟောလို၍ “နေဝမယှံ” အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“ဒကာ အလမ္ပာယ်သမား၊ သင့်မြွေကား ငါ့ကို မကိုက်ဝံ့။ မြွေသမားတို့တွင် ငါ့ထက်တတ်သော မြွေသမားမည်သည် မရှိ”ဟု ဆို၏။
အလမ္ပာယ်သမားကား “ဤသူသည် အဘယ်သူနည်း”ဟု မသိဘဲလျက်လျှင် အမျက်ထွက်၍ “ကော နု ဗြာဟ္မဏ ဝဏ္ဏေန”အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“ဤသူသည် ရုန့်ရင်းကြမ်းတမ်း၏။ ရသေ့ရဟန်းအသွင်ဖြင့် ငါမြွေပြရာ ပရိသတ်အလယ်သို့လာ၍ ချုပ်ခြယ်စောင်းမြောင်းဘိ၏။ သင်ကား အဘယ်သူနည်း။ ငါ့စကားကို ပရိသတ်များ နာကြကုန်” ဟုဆို၏။
ထိုအခါ အလမ္ပာယ်မြွေသမားကို သုဒဿနသည် “တွံ မာ နာဂေန”အစရှိသောဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား
“အလမ္ပာယ်မြွေသမား။ သင် ငါ့ကို မြွေဖြင့်တိုက်လော့။ သင့်ကို ငါ ဖားမငယ်ဖြင့်တိုက်မည်။ ထိုသို့တိုက်ရာ၌ ရှုံးလျှင် အသပြာ-၅၀၀၀ လောင်းတမ်းဖြစ်စေ”ဟု ဆို၏။
ထိုစကားကို ကြားလျှင် မြွေသမားသည် “အဟဉှိ” အစရှိသော ဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“လုလင် ငါကား ဥစ္စာကြွယ်၏။ သင်ကား လူဆင်းရဲသာဖြစ်လျက် အဘယ်မှာ ဥစ္စာရနိုင်အံ့နည်း။ သင် လောင်းတမ်းပြုမည်မှန်လျှင် ဝန်ခံသူ ရှိပါ၏လော။ ငါကား ဥစ္စာလည်း ရှိ၏။ ဝန်ခံသူလည်းရှိ၏။ သင်ဆိုတိုင်း လောင်းတမ်းဖြစ်စေလော့”ဟု မြွေသမား ဆိုလေ၏။
ထိုစကားကို သုဒဿနကြား၍ “ကောင်းပြီ။ ဖြစ်စေလော့” ဟု မကြောက်မရွံ့ မင်းအိမ်ပေါ်သို့တက်၍ အရှင်မင်းကြီးထံ၌ ရပ်လျက် “သုဏောဟိ” အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အရှင်မင်းကြီး။ သင်မင်းကြီးအား ပြည်စည်းစိမ်သည် တိုးတက်ပြန့်ပွားများသည် ဖြစ်ပါစေသတည်း။ ငါ့စကားကိုလည်း အရှင်မင်းကြီး နာတော်မူပါ။ ငါ့အား အသပြာ-၅၀၀၀ အလိုရှိ၏။ အရှင်မင်းကြီး ဝန်ခံစေချင်ပါသည်”ဟုဆို၏။
ထိုစကားကို မင်းကြီးကြားလျှင် “ဤရသေ့သည် ငါ့ကို ဥစ္စာများစွာ တောင်း၏။ အဘယ် ပြုလိုသနည်း”ဟုကြံ၍ “ပေတ္တိကံ ဝါ”အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အရှင်ရသေ့။ သင်တို့၏ ဘေးဘိုးဥစ္စာကို ငါ ငင်ယူစားသောက်သကဲ့သို့ ငါ့ကို ဥစ္စာများစွာ တောင်းဘိ၏။ အကြောင်းအသို့နည်း”ဟု မင်းကြီးမေးလျှင်၊
“အလမ္ပာယ နော” အစရှိသော ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏ အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အလမ္ပာယ်သည် ငါ့ကို နဂါးဖြင့် တိုက်လတ္တံ့။ ငါကလည်း ဖားဖြင့် အလမ္ပာယ်ကို တိုက်လတ္တံ့။ ထိုငါတို့ ၂-ယောက် နဂါးနှင့်ဖား တိုက်၍ လောင်းတမ်းကစားသည်ကို အရှင်မင်းကြီး ရှုတော်မူလော့” ဟုဆို၏။
မင်းကြီးသည် “ထိုသို့တပြီးကား သွားကုန်အံ့”ဟု ရှင်ရသေ့နှင့်အတူ ထွက်ခဲ့လေ၏။
ထိုအခါ ရှင်ရသေ့နှင့်မင်း အတူလာသည်ကို အလမ္ပာယ်မြင်လျှင် “ဤရသေ့သည် သာမညမဟုတ်။ မင်းဆရာဖြစ်ဟန် ထင်သည်”ဟု ကြောက်ရွံ့လျက်၊ သုဒဿနနောက်သို့ အစဉ်လိုက်၍ “နေဝ”အစရှိသော ဂါထာကို ရွတ်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ အကျွန်ုပ်သည် အတတ်ဂုဏ်ကိုကိုး၍ ရှင်ရသေ့ကို မလောက်မလေး မပြု။ ရှင်ရသေ့သာ အဆိပ်ထန်သော နဂါးကိုပင် မိမိမာန်ယစ်၍ မလောက်မလေးပြုသည်တကား” ဟုဆို၏။
ထို့နောက်မှာ သုဒဿနသည် “အဟမ္ပိ” အစရှိသော ဂါထာတို့ကို ရွတ်၏။
ထိုဂါထာ၏ အဓိပ္ပာယ်ကား-
“အလမ္ပာယ်။ ငါကား အတတ်ဂုဏ်ကိုကိုး၍ မလောက်မလေး မပြု၊ သင်သာ အဆိပ်မရှိသောနဂါးဖြင့် လူကိုလှည့်ပတ်၍ ဥစ္စာရှာဘိ၏။ အလမ္ပာယ် သင့်နဂါးအကြောင်းကို ငါသိသကဲ့သို့ လူအပေါင်းတို့သည် ဤနဂါးအဆိပ်မရှိသောအဖြစ်ကို အကယ်၍သိအံ့။ သင်သည် ဥစ္စာကို မဆိုထားဘိဦး၊ ဖွဲတစ်ဆုပ်ကိုမျှ မရလတ္တံ့”ဟု ဆို၏။
ထိုအခါ အလမ္ပာယ်သည် အမျက်ထွက်၍ “ခရာဇိနော” အစရှိသောဂါထာတို့ကို ရွတ်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ သင်သည် ကြမ်းတမ်းသော သစ်နက်ရေကိုဝတ်၍ ဆံကျစ်ထုံးလျက် ပရိသတ်အလယ်သို့လာ၍ ပြင်းထန်စွာအဆိပ်ရှိသော ငါ၏နဂါးကို အဆိပ်မရှိဟု မလောက်မလေးပြုဘိ၏။ ရှင်ရသေ့ သင့်ထက် ထက်သောတန်ခိုးနှင့်ပြည့်စုံသော ငါ၏နဂါးသို့ ကပ်လော့။ ထိုအခါ သိရလတ္တံ့။ ဤနဂါးသည် သင့်ကို ဖွဲပြာကဲ့သို့ ဖြစ်စေလတ္တံ့” ဟုဆို၏။
ထိုစကားကို သုဒဿနကြားလျှင် အလမ္ပာယ်ကို ပြက်ရယ်မှုပြုလိုရကား “သိယာ ဝိသံ” အစရှိသောဂါထာကို ရွတ်ပြန်၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“အလမ္ပာယ်။ ကျိုင်းကောင်, မြက်လျှော ရေမြွေ မြွေစိမ်းတို့၏ အဆိပ်ရှိသည်ရှိသော် မှန်ရာ၏။ ဦးခေါင်းနီသောနဂါးသည် အဆိပ်မရှိ” ဟုဆို၏။
ထိုအခါ သုဒဿနကို အလမ္ပာယ်သည် “သုတမေတံ”အစရှိသော ၂-ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ ကိုယ်, နှုတ်,နှလုံးစောင့်သော ရသေ့ရဟန်းတို့အား ဤလူ့ပြည်၌ အလှူပေး၍ ဒါယကာတို့သည် နတ်ပြည်သို့ လားရဖူး၏ဟူသော စကားကို ငါကြားရဖူး၏။ ရှင်ရသေ့။ သင်ကား ပေးစရာဥစ္စာ အကယ်၍ ရှိအံ့။ သင်အသက်ရှင်စဉ် အလှူပေးလေလော့။ ငါ့နဂါး တန်ခိုးကြီး၏။ ထိုနဂါးဖြင့် သင့်ကို ကိုက်စေအံ့။ ငါ့နဂါးသည် သင့်ကို ဖွဲပြာကဲ့သို့ ပြုလတ္တံ့။ နဂါးပေါက်၍မသေမီ နတ်ရွာသို့ရောက်ကြောင်းကောင်းမှု ရှေးဦးစွာ ပြုလေဦး” ဟုဆို၏။
ထိုစကားကို သုဒဿနကြားလျှင် “မယာပေတံ” အစရှိသောဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“အလမ္ပာယ်။ ကိုယ်နှုတ်နှလုံးသုံးသော ရသေ့ရဟန်းတို့အား အလှူပေး၍ ဒါယကာတို့ နတ်ရွာလားရကြောင်းကို ငါသိ,ကြား၏။ အကယ်၍ သင့်အားပေးစရာ ဒါနဝတ္ထု ရှိအံ့။ အသက်ရှင်စဉ် သင်သာ ပေးလေလော့။ အချင်းအလမ္ပာယ်။ ဤငါ၏ဖားမငယ်ကား အဇမုခီ အမည်ရှိ၏။ ပြင်းထန်သောအဆိပ်လည်း ရှိ၏။ ထိုဖားမဖြင့် သင့်ကို တိုက်အံ့။ ဖားမငယ်သည် သင့်ကို ဖွဲပြာကဲ့သို့ဖြစ်အောင် ပြုလတ္တံ့။ အချင်းအလမ္ပာယ်။ ငါ၏ဖားမငယ်သည် ဓတရဋ္ဌနဂါးမင်းကြီး၏ သမီးတော်တည်း။ ငါ့မိထွေးတော် သမီးတည်း။ ငါ၏ နှမတည်း။ အဆိပ်ပြည့်လျက် ထက်သောအစွယ်လည်း ရှိ၏။ ထိုအဇမုခီ ဖားမငယ်ဖြင့် သင့်ကို ယခု ခဲစေတော့မည်”ဟု
သုဒဿနဆို၍ “နှမအဇမုခီ ငါ့ဆံကျစ်ကြားမှထွက်၍ ငါ၏ လက်ဝါးပြင်၌ တည်လော့”ဟု လူများ၏အလယ်တွင် နှမကိုခေါ်၍ လက်ဝါးဖြန့်၏။
အဇမုခီလည်း ထိုအသံကိုကြားလျှင် ဆံကျစ်ကြားမှ ဖားမ၏မြည်သံဖြင့် ၃-ကြိမ်မြည်၍ ပခုံးပေါ်၌ ဆွေ့ဆွေ့ခုန်လျက် လက်ဝါးပြင်၌ ၃-ခုသောအဆိပ်ပေါက်တို့ကို ချခဲ့၍ တစ်ဖန် ဆံကျစ်ကြားသို့ ပြန်လေ၏။
သုဒဿနသည် အဆိပ်ကိုယူ၍ ရပ်လျက် “ဤဗာရာဏသီတိုင်းကားသည် ပျက်စီးလတ္တံ့”ဟု ဟစ်အော်လေ၏။ ထိုသုဒဿနအသံသည် ၁၂-ယူဇနာရှိသော ဗာရာဏသီပြည်ကို လွှမ်း၍ တည်၏။
ထိုအခါ ထိုအသံကို မင်းကြီးကြား၍ “ရှင်ရသေ့။ အဘယ်အကြောင်းကြောင့် ဗာရာဏသီပြည် ပျက်မည်နည်း”ဟု မေး၏။ “အရှင်မင်းကြီး ဤအဆိပ်သွန်စရာအရပ်ကို မမြင်”ဟုဆိုသော် “ရှင်ရသေ့ မြေပြင် ကျယ်ပါ၏တကား။ မြေကြီး၌ သွန်လော့”ဟု ဆို၏။
ထိုစကားကို ရှင်ရသေ့ပယ်လို၍ “ဆမာယံ”အစရှိသော ဂါထာတို့ကို ရွတ်ပြန်၏။
ထိုဂါထာတို့၏အဓိပ္ပာယ်ကား-
“ဗြဟ္မဒတ်မင်းကြီး။ ဤအဆိပ်ကို အကယ်၍ မြေ၌သွန်အံ့။ မြက်နွယ်ဆေးပင်တို့သည် မချွတ်လျှင် သွေ့ခြောက်ကုန်အံ့”ဟုဆို၏။
ထိုသို့တပြီးကား “ရှင်ရသေ့။ ကောင်းကင်သို့ ပစ်လော့”ဟုဆိုသော် “ဗြဟ္မဒတ်မင်းကြီး။ အကယ်၍ ကောင်းကင်သို့ ပစ်အံ့။ မိုး ၇-နှစ် ခေါင်ရာ၏။ နှင်းတစ်ယောက်မျှ မကျလတ္တံ့”ဟုဆို၏။
“ထိုသို့တပြီးကား ရှင်ရသေ့။ ရေ၌ သွန်ဘိလော့”ဟု ဆိုသော်၊ “ဗြဟ္မဒတ်မင်းကြီး။ ဤအဆိပ်ကို အကယ်၍ ရေ၌ သွန်အံ့၊ ရေ၌ကျက်စားကုန်သော ရေသတ္တဝါများစွာ သေလတ္တံ့”ဟုဆို၏။
ထိုစကားကို မင်းကြီးကြားလျှင် “ရှင်ရသေ့။ သင် အဆိပ်သွန်ရာအရပ်ကို ငါတို့ မသိနိုင်ကုန်ပြီ။ ငါ့ပြည်ကို မပျက်ရအောင် ရှင်ရသေ့ ကြံ၍သာ သွန်ပါလော့”ဟု ဆိုလျှင်၊ ဗြဟ္မဒတ်မင်းကြီး ထိုသို့တပြီးကား ဤအရပ်၌ အစဉ်အတိုင်းဖြင့် တွင်း၃-ခု တူးလော့”ဟု ဆိုသော်၊ မင်းကြီးလည်း ရှင်ရသေ့ဆိုတိုင်း တူးစေ၏။
ထိုအခါ သုဒဿနသည် ရှေးဦးစွာတွင်း၌ အထူးထူးသောဆေးတို့ဖြင့် ပြည့်စေ၏။ အလယ်တွင်း၌ကား နွားချေးတို့ဖြင့် ပြည့်စေ၏။ အဆုံးတွင်း၌ကား နတ်တို့၏ဆေးဖြင့် ပြည့်စေ၏။ ထိုသို့ စီရင်ပြီးမှ ရှေးဦးစွာသောတွင်း၌ အဆိပ်ပေါက် ၃-ခုတို့ကို ချလေ၏။ ထိုခဏ၌ အခိုးထွက်၍ အလျှံတက်၏။ ထိုအလျှံသည် နွားချေးတွင်း၌စွဲ၏။ နွားချေးတွင်းမှ အလျှံထပြန်၍ နတ်ဆေးတွင်းသို့ဝင်ပြီးလျှင် နတ်ဆေးတို့ကို ကြေစေလျက် ပျောက်စေ၏။
ထိုအခါ အလမ္ပာယ်သည် တွင်းနား၌တည်ရှိစဉ် အဆိပ်နှင့်တကွ အခိုးအငွေ့သင့်၍ အလမ္ပာယ်၏ ကိုယ်အရေပေါက်သဖြင့် ကွက်၏။ ထိုအခါမှ တစ်ကိုယ်လုံး နူဖြူဖြစ်လျှင် အလမ္ပာယ်ကား ကြောက်လန့်သည်ဖြစ်၍ ဘုရားလောင်းနဂါးမင်းကို “လွှတ်၏ လွှတ်၏”ဟု ၃-ကြိမ်ဟစ်၏။
ထိုအသံကို ဘုရားလောင်းနဂါးမင်းကြားလျှင် ရတနာပခြုပ်မှထွက်၍ တန်ဆာဆင်အပ်သောကိုယ်ကို ဖန်ဆင်းလျက် သိကြားမင်း၏တင့်တယ်ခြင်းဖြင့် ရပ်၏။ သုဒဿန၊ အဇမုခီတို့လည်း ထို့အတူဖန်ဆင်း၍ နေကြကုန်၏။ ထို့နောက်မှာ သုဒဿနသည်-
“အရှင်မင်းကြီး၊ အကျွန်ုပ်တို့ကို သိ၏လော။ ဤသူတို့သည် ဤသူ၏ သမီးသာတည်းဟု အရှင်မင်းကြီး မသိသေး။ ကာသိကရာဇ်မင်းကြီး၏ သမီးတော်ဖြစ်သော သမုဒ္ဒဇာကို ဓတရဋ္ဌနဂါးမင်းအား ပေးသောအဖြစ်ကို မှတ်မိပါ၏လော”ဟု မေးလျှင်၊ “ဪ၊ မှတ်မိ၏။ ထိုသမုဒ္ဒဇာကား ငါ့နှမတည်း”ဟု မင်းကြီးဆိုလျှင် သုဒဿနလည်း “အရှင်မင်းကြီး၊ အကျွန်ုပ်တို့ကား အရှင်မင်းကြီး၏နှမတော် သမုဒ္ဒဇာ သားတို့တည်း။ သင်မင်းကြီးကား အကျွန်ုပ်တို့ ဦးရီးတော်တည်း”ဟုဆို၏။
ထိုစကားကိုကြားလျှင် မင်းကြီးသည် သုဒဿန၊ ဘူရိဒတ်နဂါးမင်းတို့၏ လည်ကိုဖက်ပြီးလျှင် ဦးခေါင်းကိုနမ်းလျက် ငိုကြွေး၍ ပြာသာဒ်ထက်သို့တင်ပြီးသော် ကြီးစွာသော ပူဇော်သက္ကာကိုပြု၍ ဘူရိဒတ်နဂါးမင်းနှင့် စကားပြောဟောခြင်းကို ပြုလျက် “ချစ်သားဘူရိဒတ်။ သင်သည် ဤသို့သောဘုန်းတန်ခိုးနှင့် ပြည့်စုံပါလျက် အလမ္ပာယ် အဘယ့်ကြောင့် ဖမ်းလေသနည်း”ဟု မေးလျှင်၊ ဘုရားလောင်းသည် အလမ္ပာယ် ဖမ်းဟန်အကြောင်းကို အကုန်အစင်ပြန်ပြောပြီးမှ ဦးရီးတော်မင်းကြီးအား မင်းကျင့်တရားကို ပြညွှန်ဟောပြောလေ၏။
ထိုအခါ သုဒဿနသည် “ဦးရီးတော်မင်းကြီး၊ အကျွန်ုပ်တို့မယ်တော်သည် ဘူရိဒတ်ကို လခွဲတစ်ကြိမ် မြင်မြဲမမြင်ရသဖြင့် ပင်ပန်းလှ၏။ အကျွန်ုပ်တို့ ကြာမြင့်စွာ မနေသာ။ သွားလိုပါပြီ”ဟု ဆို၏။ မင်းကြီးလည်း “တူတော်တို့။ ငါ၏နှမ သမုဒ္ဒဇာကို သင်တို့အဖ ဆောင်ယူသည်မှစ၍ ခမည်းတော်မင်းကြီးသည် ပြင်းစွာစိုးရိမ်ခြင်းရှိသောကြောင့် ငါ့အား ပြည်ကိုနှင်းပြီးလျှင် ရဟန်းပြုပြီးသော် ဤမည်သော တောအုပ်၌နေသည်”ဟု ဆိုလေ၏။
“ဦးရီးတော်မင်းကြီး။ အကျွန်ုပ်တို့မယ်တော်သည် ဦးရီးတော်တို့ကိုလည်းကောင်း၊ ဘိုးတော်ကိုလည်းကောင်း၊ ဖူးမြင်လို၏။ ဦးရီးတော်သည် ဘိုးတော်ထံ နေ့ရက်ချိန်းချက်၍ ကြွတော်မူပါကုန်။ အကျွန်ုပ်တို့သည်လည်း မယ်တော်ကိုဆောင်၍ ဘိုးတော်ထံလာပါမည်။ ထိုအခါ ဆွေတော်မျိုးတော်တို့သည် အချင်းချင်း ဖူးမြင်ကြကုန်အံ့”ဟု ဦးရီးတော်မင်းကြီးအား နေ့ရက်ချိန်းချက်၍ မင်းအိမ်မှ သက်ခဲ့ကုန်၏။
မင်းကြီးလည်း တူတော်တို့ကို ပို့လိုက်၍ ငိုကြွေးလျက် ပြန်လာခဲ့လေ၏။ ထိုအခါ နဂါးညီနောင် မောင်နှမတို့လည်း မြေ၌ငုပ်၍ နဂါးပြည်သို့ သွားလေကုန်၏။