ဘွိုင်းကောက်ဋီကာ ကာလပေါ် စာထောင့်လေးချိုးကြီး
တဇေယျုံ ချောင်တွေ မြှောင်ဘွေ မြန်းခဲ့ရပါတော့၊ ရွှေတိဂုံ တောင်ခြေခပန်းတွင်မှ၊ ညောင်သပြေပန်းတွေနှင့်-သွန်းသနဲ့ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) “အောင်မြေဗဟန်းဆီသို့ -လွန်းရဲ့ မှိုင်းရွှေကိုယ်”။
အော် ... ဇရပ်အမတို့ကိုလ၊ အမှတ်ရမိတဲ့ပြင်၊ ကဿပထေရ် အရှင်ဆရာစံတဲ့၊ သာလာယံ အထိကရ ကျောင်းရဲ့ပြင်၊ စာဝါတညံညံ တပည့်မအပေါင်းတွေနှင့်၊ မဂ်ကြောင်း-ဖိုလ်ဝင်လှည့်ပေမဲ့၊ အရိယာ လင်္ကာခေါ်သည့်၊ မင်္ဂလာ အကျော်အမော်-အရာမ်တွင်းရဲ့ပြင်၊ မှန်ကင်းနေရဒင်သို့၊ မြေပလ္လင် ရွှေကျင် တိုက်ဆီသို့၊ ဦးခိုက်ကာ ပဏာလှုံလို့မို့၊ အညာရဂုံ-တောဟိတ် ဝါသနာမသေးသူက၊ တအာရုံ-မနောစိတ်မှာ မအေးသော်လဲ၊ တွေးဆ-ကြည်ညိုတယ်နော်ကွယ် ..၊ “ဝေးကမှီခို”။
စိန်စမုခ် အဆောင်ဆောင်-အလျှံမနော် ပတ္တမြားတွေနဲ့၊ သိင်္ဂုတ်တောင် ဆံတော်ဘုရားကိုလ၊ အော် ... အများသော တပည့်တွေနဲ့ ကတိတောင်းဆုဆို၊ ကောင်းမှုထိုထိုရယ်နှင့် ဓမ္မရွှေဗျာကျွေး၊ ၎င်း “ကုသိုလ်တွေကိုဖြင့် အမျှ အမျှ ဝေကာပေး”။
ကောလိပ်အပျက်တွင်၊ ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် လှည့်ခဲ့ပြီး၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ တနွေကြာတော့၊ ဇေယျာသူ ကေသာတို့ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညာစွယ်-တောင်ခပန်းတွင်မှ၊ အောင်ပန်း ကဗျာဂီတာတို့နဲ၊ ရှောင်မလမ်း ယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ ပါရမီမာလာ ကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ နှစ်ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော် ဒကမတွေ စုံညီညာနှင့်၊ ယမုံသီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျှောက်-တဂိုဏ်း တဂိုဏ်း မထောက်တဲ့၊ ကြောက်ဖွယ့် ပြည်ရွာ အရေးပေမို့၊ အော် ... မှိုင်းတယောက် အနှီတဝါဖြင့် မအေးရပေဘု၊ (စန္ဒာရယ်) “စစ်ကိုင်းချောက်ဆီက-ဘွိုင်းကောက်ဋီကာရေး”။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |