မဃဒေဝဇာတ်
ဧကကနိပါတ်-အပဏ္ဏကဝဂ်
၉။ မဃဒေဝဇာတ်
ဆံဖြူကိုမြင်၍ တောထွက်ခြင်း အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥတ္တမင်္ဂရုဟာ မယှံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဃဒေဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမြတ်သော တောထွက်ခြင်းကို အောက် နိဒါန်းစကား၌ ဆိုအပ်ပြီးသည်လျှင်တည်း၊ ထိုကာလ၌ကား ရဟန်းတို့သည် မြတ်စွာဘုရားတို့၏ တောထွက်တော်မူခြင်းကို ချီးမွမ်းလျက် နေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ မြတ်စွာဘုရားတို့၏ နေရာ၌ နေတော်မူလျက် ရဟန်းတို့ကို မိန့်တော်မူ၏။ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ အရှင်ဘုရား တပါးသောစကားဖြင့် အကျွန်ုပ်တို့သည် မစည်းဝေးကုန်၊ အရှင်ဘုရားတို့၏သာလျှင် တောထွက်တော်မူခြင်းကို ချီးမွမ်းကုန်လျက် နေကုန်၏ဟု လျှောက်ကုန်၏။ ရဟန်းတို့ ငါဘုရားသည် ယခုသာလျှင် တောထွက်သည်မဟုတ်သေး။ ရှေး၌လည်း တောထွက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ မဃဒေဝမင်းသည် မင်းပြု၏။ ထိုမဃဒေဝမင်းသည် တရားစောင့်၏။ တရားသဖြင့်မင်းပြု၏။ ထိုမင်းသည် အနှစ်ရှစ်သောင်းလေးထောင် ကာလပတ်လုံး မင်းသားငယ်တို့၏ ကစားခြင်းကိုပြု၍ အနှစ်ရှစ်သောင်းလေးထောင် ကာလပတ်လုံး အိမ်ရှေ့မင်းအဖြစ်ကို ပြု၍ အနှစ် ရှစ်သောင်း လေးထောင် ကာလပတ်လုံး မြတ်သောမင်း၏အဖြစ်ကို ပြု၍ ရှည်စွာသော ကာလကို ကုန်စေ၍ တနေ့သ၌ ဆတ္တာသည်ကို အချင်းဆတ္တာသည် အကြင်အခါ၌ ငါ၏ဦးခေါင်း၌ ဆံဖြူကို မြင်ငြားအံ့၊ ထိုသို့ မြင်သည်ရှိသော် ငါ့အား ကြားလျှောက်ဟုဆို၏။ ဆတ္တာသည်လည်း ရှည်စွာသော ကာလကို ကုန်စေ၍ တနေ့သ၌ မင်း၏ မျက်စဉ်းညိုအဆင်းနှင့်တူကုန်သော ဆံတို့၏ အကြား၌ ဆံဖြူတပင်ကိုမြင်၍ အရှင်မင်းကြီး အရှင်မင်းကြီးအား ဆံဖြူတပင်သည် ထင်၏ဟု ကြားလျှောက်၏။ ထိုသို့တပြီးကား အချင်းဆတ္တာသည် ငါ၏လက်၌ ထိုဆံဖြူကိုနုတ်၍ တင်လောဟု ဆိုသည်ရှိသော် ရွှေမွေးညှပ်ဖြင့် နုတ်၍ မင်း၏ လက်၌ တင်၏။
ထိုအခါ မင်း၏အသက်သည် ရှစ်သောင်းလေးထောင် ကြွင်းသည် ဖြစ်၏။ ထိုသို့ဖြစ်သော်လည်း ဆံဖြူကိုမြင်၍ သေမင်း လာလတ်၍ အနီး၌ တည်ဘိသကဲ့ သို့၎င်း မိမိကိုယ်သည် ပြောင်ပြောင်တောက်သော သစ်ရွက်မိုးအိမ်သို့ဝင်၍ နေရဘိသကဲ့သို့၎င်း ထင်မှတ်လျက် ထိတ်လန့်ခြင်းသို့ရောက်၍ အိုမိုက်သော မဃဒေဝမင်း သင်သည် ဆံဖြူသည့်တိုင်အောင် ဤကိလေသာတို့ကို စွန့်ခြင်းငှါ မတတ်နိုင်တကားဟု ကြံ၏။ မဃဒေဝမင်း၏ ဤဆံဖြူရောက်သည်၏ အဖြစ်ကို ဆင်ခြင်သည့်အတွင်း၌ ပူခြင်းသည်ဖြစ်၍ ကိုယ်မှ ချွေးတို့သည် ယိုကုန်၏။ ပုဆိုးတို့သည် ညှစ်၍ ပစ်အပ်သော အခြင်းအရာသို့ ရောက်ကုန်၏ မဃဒေဝမင်းသည် ယနေ့ပင်လျှင် ငါသည် တောထွက်၍ ရဟန်းပြုသင့်၏ဟု ကြံ၍ ဆတ္တာသည်အား အခွန်တသိန်းထွက်သော ရွာကို ဆုပေး၍ သားကြီးကိုခေါ်စေ၍ ချစ်သား ငါ၏ ဦးခေါင်း၌ ဆံဖြူသည် ထင်ရှားဖြစ်၏။ ငါသည် အိုမင်းပြီ၊ ငါသည် လူ၌ဖြစ်သောကာမဂုဏ်တို့ကို ခံစားအပ်ပြီးသာလျှင်ကတည်း၊ ယခုအခါ နတ်၌ဖြစ်သော ကာမဂုဏ်တို့ကိုရှာအံ့၊ ငါ့အား တောထွက်ခါတန်ပြီ၊ သင်သည် ဤမင်းအဖြစ်ကို ယူလော၊ ငါကား ရဟန်းပြု၍ မဃဒေဝဥယျာဉ်၌ နေလျက် တရားကို ကျင့်အံ့ဟု ဆို၏။
ဤသို့ ရဟန်းပြုလိုသော မဃဒေဝမင်းကို အမတ်တို့သည် ကပ်၍ အရှင်မင်းကြီး အရှင်မင်းကြီးတို့၏ ရဟန်းပြုခြင်းအကြောင်းသည် အသို့နည်းဟု လျှောက်ကုန်၏။ မင်းသည် ဆံဖြူကို လက်ဖြင့်ယူ၍ အမတ်တို့အား-
ပါတုဘူတာ ဒေဝဒူတာ၊ ပဗ္ဗဇ္ဇာသမယော မမ။
ဟူသော ဤဂါထာကို ဆို၏။
၉။ ဘော အမစ္စာ၊ အိုအမတ်တို့။ ဒေဝဒူတာ၊ သေမင်း၏ တမန်ဖြစ်ကုန်သော။ ဝါ-ဒေဝဒူတာ၊ နတ်နှင့်တူသော တမန်ဖြစ်ကုန်သော။ ဝါ-ဒေဝဒူတာ၊ ဝိသုဒ္ဓိနတ်ဖြစ်ကုန်သော ဘုရားလောင်း၏ တမန်ဖြစ်ကုန်သော။ ဝယောဟရာ၊ အရွယ်သုံးပါးတို့ကို ဆောင်ကုန်သည်။ ဇာတာ၊ ဖြစ်ကုန်သော။ မယှံ၊ ငါ့အား။ ဣမေ ဥတ္တမင်္ဂရုဟာ၊ ဤဆံဖြူတို့သည်။ ပါတုဘူတာ၊ ထင်ရှားဖြစ်ကုန်၏။ မမ၊ ငါ့အား။ ပဗ္ဗဇ္ဇာ သမယော၊ ရဟန်းပြုခါတန်ပြီ။
မဃဒေဝမင်းသည် ဤသို့ဆို၍ ထိုနေ့သာလျှင် မင်းအဖြစ်ကိုစွန့်၍ ရသေ့ရဟန်းပြု၍ မဃဒေဝသရက်ဥယျာဉ်၌နေလျက် အနှစ်ရှစ်သောင်း လေးထောင်တို့ပတ်လုံး ဗြဟ္မဝိဟာရလေးပါးကိုပွားစေ၍ မယုတ်သောဈာန်၌ တည်လျက် ထိုဘဝမှ စုတေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်၍ တဖန် ဗြဟ္မာ့ပြည်မှ စုတေ၍ မိထိလာပြည်၌လျှင် နေမိမည်သော မင်းဖြစ်၍ ဆုတ်နစ်သော မိမိအနွယ်ကိုစပ်၍ ထိုသရက်ဥယျာဉ်၌ ရဟန်းပြု၍ ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ တဖန် ဗြဟ္မာပြည်သို့လား၏။
သဗ္ဗညူမြတ်စွာဘုရားသည်လည်း ရဟန်းတို့ ငါဘုရားသည် ယခုလျှင် မြတ်သော တောထွက်ခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း တောထွက်ဘူးသည် သာလျှင်တည်းဟု ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာလေးပါးတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။
ဇာတ်ပေါင်း... ဤသို့ မြတ်ဘုရားသည် နှစ်ပါးကုန်သော ဝတ္ထုတို့ကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဆတ္တာသည်ဖြစ်ပြီး၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားဖြစ်ပြီး ယခုအခါငါဘုရားသည်လျှင် ထိုအခါ မဃဒေဝမင်း ဖြစ်ပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
ဆံဖြူကိုပင်၊ သံဝေတင်၊ တောခွင် မြန်းလေတာ
ကိုးခုမြောက်သော မဃဒေဝဇာတ်သည် ပြီး၏။
*****