မာတိကာသို့ ခုန်သွားရန်

မရီစိကမ္မဋ္ဌာနိကတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
2507ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၂။ မရီစိကမ္မဋ္ဌာနိကတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပုပ္ဖဝဂ်

၂။ တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်ဝတ္ထု

ဖေဏူပမံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌နေတော်မူစဉ် အမှတ်မရှိတစ်ပါးသော “တံလှပ်ပမာပါတကား”ဟု ကမ္မဋ္ဌာန်းရှုလေ့ရှိသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တံလှပ်ပမာ ဤခန္ဓာ

ထိုရဟန်းသည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းယူ၍ “ရဟန်းတရားကို အားထုတ်အံ့”ဟု တောအုပ်သို့ ဝင်ပြီးလျှင် စေ့ဆော်လုံ့လဝီရိယဖြင့် အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ မတတ်နိုင်ခြင်းကြောင့် “အထူးပြု၍ ကမ္မဋ္ဌာန်းကို ဟောပြစေဦးအံ့”ဟု ဘုရားရှင်၏ အထံတော်သို့ ကြွလာသည်ရှိသော် ခရီးအကြား၌ တံလှပ်ကိုမြင်လေလျှင် (တံလှပ်ဟူသည်မှာ နွေဥတုအခါ၌ ပူပြင်းသောကြောင့်လည်းကောင်း၊ မျက်စိအားလျော့ခြင်းကြောင့်လည်းကောင်း ရေကဲ့သို့လည်းကောင်း၊ အခိုးအငွေ့ကဲ့သို့လည်းကောင်း မြင်သည်ဟုထင်ရသော သဘောတည်း။) “နွေအခါ၌ ဖြစ်လေ့ရှိသော ဤတံလှပ်သည် အဝေး၌ တည်နေကုန်သောသူတို့အား ရုပ်အဆင်းသဏ္ဌာန်ရှိသော အရာကဲ့သို့ ထင်လျက်၊ အနီးသို့ ရောက်လာကုန်သော သူတို့အား မထင်လေသကဲ့သို့ ထို့အတူ ဤအတ္တဘောသည်လည်း ဖြစ်ပျက်တတ်သော အနက်သဘောကြောင့် ဤတံလှပ်နှင့်တူသော သဘောရှိလေစွတကား”ဟု တံလှပ်ပမာ ကမ္မဋ္ဌာန်းကို ပွားစေလျက် ကြွလာခဲ့လေရာ ခရီးပန်းလှသောကြောင့် အစီရဝတီမြစ်၌ ရေချိုးပြီးလျှင် အဟုန်ပြင်စွာစီးသဖြင့် ကြမ်းသောရေအလျဉ်ရှိသော တစ်ခုသော ကမ်းနားတွင် သစ်ပင်အရိပ်၌နေစဉ် ရေလှိုင်းအဟုန် ပုတ်ခတ်သဖြင့် ဖြစ်ပေါ်လာပြီးလျှင် ပျက်စီးကြကုန်သော ကြီးစွာ,ကြီးစွာကုန်သော ရေမြှုပ်စိုင်တို့ကို မြင်ပြန်လေလျှင် “ဤအတ္တဘောသည်လည်း ဖြစ်ပြီးလျှင် ပျက်စီးတတ်သော အနက်သဘောကြောင့် ဤရေမြှုပ်စိုင်နှင့်တူသော သဘောရှိသည်သာလျှင်တည်း”ဟု အာရုံယူပြန်လေ၏။

မြတ်စွာဘုရားသည်လည်း ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ထိုမထေရ်ကို မြင်တော်မူ၍ “ချစ်သားရဟန်း- ဤအတ္တဘောသည် ဤအတိုင်းသာလျှင် ဟုတ်မှန်ပေ၏၊ ဤသို့ သဘောရှိသည်သာလျှင် ဖြစ်ပေ၏၊ ရေမြှုပ်စိုင်ကဲ့သို့လည်းကောင်း၊ တံလှပ်ကဲ့သို့လည်းကောင်း ဖြစ်ခြင်းပျက်ခြင်း သဘောရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ရေမြှုပ်ပမာ ဤခန္ဓာ

[၄၆] ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဣမံ ကာယံ၊ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း စသည်တို့၏ အပေါင်းအစုဖြစ်သော ဤကိုယ်ကို။ ဖေဏူပမံ၊ ခဏဖြစ်ချုပ် အခြေနုပ်သော ရေမြှုပ်နှင့်တူ၏ဟု။ ဝိဒိတွာ၊ သိပြီး၍။ မရီစိဓမ္မံ၊ ဗလာကွက်လပ် အထင်ကပ်သည့် တံလှပ်နှင့်တူသော သဘောကို။ အဘိသမ္ဗုဓာနော၊ ကောင်းစွာ သိသောသူသည်။ မာရဿ၊ မာရ်မင်း၏။ ပပုပ္ဖကာနိ၊ ပပုပ္ဖက ပန်းပွင့်မျိုးစုံပွင့်လျက် မွေ့လျော်ဖွယ်ကောင်းသော ပန်းဥယျာဉ်ကြီးဟု ဆိုအပ်ကုန်သော တေဘူမက ဝဋ်တရားတို့ကို။ ဆေတွာန၊ အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ဖြတ်ဖျက်၍။ မစ္စရာဇဿ၊ သေမင်း၏။ အဒဿနံ၊ မမြင်မတွေ့ရာ ပြည်သာနိဗ္ဗာန်သို့။ ဂစ္ဆေ၊ ရောက်ရာ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ထိုမထေရ်မြတ်သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာ ရှိခိုးလျက်သာလျှင် ရောက်လာခဲ့လေသတည်း။

တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်၏ဝတ္ထု ပြီး၏။