မဟာဇနကဇာတ်တော်ကြီး/ပဏာမ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
“ဇနေသု အက္ကောဝ မဟန္ဓဟန္တော၊ ဝိဒေါသရသ္မီဟိ သုရသ္မိသံသော။
သုခေတ္တပတ္တေ သုခေတ္တာ သုခလ္လီ၊ နမတ္ထု တေသဉ္စ ဂုဏိဿရော မေ။
(ဥပေန္ဒဝဇိရာဂါထာ)
ဇနေသု၊ လူတို့၌။ အက္ကော၊ နေမင်းသည်။ ဝိဒေါသရသ္မီဟိ၊ အပြစ်ကင်းသော ရောင်ခြည်တို့ဖြင့်။ သုခေတ္တပတ္တေ၊ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်သို့ ရောက်သည်ရှိသော်။ သုခေတ္တာ၊ ခိုင်ခံ့သောမြေအဖို့ကို ဖြစ်စေလျက်။ မဟန္ဓဟန္တောဝ- မဟာအန္ဓကာရံ ဝိဓမေန္တော ဝိယ၊ ကြီးစွာသောအမိုက်တိုက်ကို ဖျောက်သကဲ့သို့။ သရသ္မီဟိ၊ ရူပကာယတော်မှထွက်လတ်သော ရောင်ခြည်တော်, နာမကာယတော်မှထွက်လတ်သော မရေမတွက်နိုင်သော တရားရောင်ခြည်တော်တို့ဖြင့်။ ဇနေသု၊ ဘုံ ၃-ပါး၌ရှိကုန်သော ဝေနေယျတို့၏သန္တာန်တို့၌။ မဟန္ဓဟန္တော၊ ကြီးစွာသော အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတော်မူတတ်ထသော။ သုရသ္မိသံသော၊ ကောင်းသောရောင်ခြည်တော်, ချီးမွမ်းအပ်သောတရားတော်နှင့် ပြည့်စုံတော်မူထသော။ ယော ဝိဒေါ စ၊ အကြင်လောက ၃-ပါးကိုသိတော်မူထသော မြတ်စွာဘုရားသည်လည်းကောင်း။ ဂုဏိဿရော၊ ဂုဏ်သတ္တိအပေါင်းတို့ကို အစိုးရတော်မူထသော။ သုရသ္မိ၊ မတုန်မလှုပ်သောရောင်ခြည်လည်း ဖြစ်ထသော။ ယော သံသော စ၊ အကြင်သူတော်ကောင်းတို့၏ ဥစ္စာဖြစ်သော ၁၀-ပါးသော တရားတော်မြတ်သည်လည်းကောင်း။ သုခလ္လီ၊ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာလျှင် အာရုံရှိထသော။ သုခေတ္တပတ္တေ၊ ဗုဒ္ဓုပ္ပါဒကာလဟုဆိုအပ်သော သာသနာတော်စက်၌။ ယော သုခေတ္တော စ၊ အကြင်ကောင်းမှုကိုပြုသောသူတို့၏ ကောင်းမှုတည်းဟူသော မျိုးစေ့စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သော ပရမတ္ထ, သမ္မုတိ, အရိယာသံဃာတော်အပေါင်းသည်လည်းကောင်း။ သုခလ္လီ၊ အကျွန်ုပ်ကို သူကောင်းပြုတော်မူပေသော။ ယော ဂုဏိဿရော စ၊ အကြင် ကျေးဇူးသခင် ဆရာအရှင်မြတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိတော်မူ၏။ တေသံ ရတနတ္တယဂုရူနံ၊ ထို ရတနာ ၃-ပါး, ကျေးဇူးရှင်ဆရာမြတ်တို့အား။ မေ-မမ၊ အကျွန်ုပ်၏။ နမော- နမက္ကာရော၊ ရှိခိုးခြင်းသည်။ အတ္ထု-ဘဝတု၊ ဖြစ်စေသတည်း။
(ဤဂါထာ၌ အနက်ပေးသည်ကား ဝါကျသိလေသနည်းတည်း။ ပရမတ္ထ, သမ္မုတိ, အရိယာသံဃာတော်ဟု အနက်ပေးရာ၌ “ပရမတ္ထသံဃာတော်သာလျှင် အရိယာမဟုတ်။ မဂ်,ဖိုလ်မရသေးသော သမ္မုတိသံဃာသည်လည်း အရိယာ မည်၏”ဟု စကားရောက်ခဲ့သည်။ “အသို့လျှင် အရိယာ မည်နိုင်ပါအံ့နည်း”ဟူငြားအံ့။
သော ပန အရိယော စတုဗ္ဗိဓော ဟောတိ အာစာရအရိယော ဒဿနအရိယော လိင်္ဂအရိယော ပဋိဝေဓအရိယောတိ။ တတ္ထ မနုဿော ဝါ ဟောတု တိရစ္ဆာနော ဝါ အရိယာစာရေ ဌိတော အာစာရအရိယောနာမ၊ ရူပေန ပန ဣရိယာပထ ပါသာဒိကေန ဒဿနီယေန သမန္နာဂတော ဒဿနအရိယောနာမ၊ နိဝါသနပါရုပနလိင်္ဂဂ္ဂဟဏေန ပန သမဏသဒိသော ဟုတွာ ဝိစရန္တော ဒုဿီလော ဟုတွာပိ လိင်္ဂအရိယာ နာမ၊ ဗုဒ္ဓါဒယော ပန ပဋိဝေဓအရိယော နာမဟူ၍ တိကနိပါတ် တိလမုဋ္ဌိဇာတ်တွင် လာသောကြောင့် အရိယာကား- အာစာရအရိယာ, ဒဿနအရိယာ, လိင်္ဂအရိယာ, ပဋိဝေဓအရိယာ ဟူ၍ ၄-ပါးပြား၏။
ထို ၄-ပါးတို့တွင်-
လူ,တိရစ္ဆာန်တို့ပင်ဖြစ်သော်လည်း မြတ်သောအကျင့်ကိုကျင့်လျှင် “အာစာရအရိယာ”မည်၏။
ထိုလူ,တိရစ္ဆာန်တို့ပင်လျှင်လည်း မြတ်သောအကျင့်ကို ကျင့်သည်ဖြစ်စေ, မကျင့်သည်ဖြစ်စေ၊ အထင်အမြင်အားဖြင့် သွားခြင်း, နေခြင်း, ကြည့်ခြင်းစသည် ကြည်ညိုဖွယ်ရှိလျှင် “ဒဿနအရိယာ” မည်၏။
၎င်းဣရိယာပုဒ်၌ ကြည်ညိုဖွယ်မရှိသည်ပင်ဖြစ်စေ၊ ဝတ်ခြင်း, ရုံခြင်းဖြင့် ရဟန်းတို့နှင့်အသွင်တူလျှင် ဒုဿီလစင်စစ်ဖြစ်သော်လည်း “လိင်္ဂအရိယာ” မည်၏။
ဘုရားအစရှိသော ပရမတ္ထပုဂ္ဂိုလ်တို့သည် မဂ်ဖိုလ်နှင့် ပြည့်စုံခြင်းကြောင့် “ပဋိဝေဓအရိယာ” မည်၏။
ယင်းသို့ တိရစ္ဆာန်, လူတို့ပင်လည်း မိမိတို့အား ထိုက်ရာအကျင့်ကိုကျင့်ကာမျှ အာစာရအရိယာ မည်တုံသေး၏။ သမ္မုတိသံဃာတော်တို့မှာ မြတ်စွာဘုရားသည် ပေးတော်မူအပ်သော ဝတ်ခြင်း, ရုံခြင်းစသော ရဟန်း၏အသွင်၊ သွားခြင်း, နေခြင်း၊ ကြည့်ခြင်းစသော ဣရိယာပုထ်တို့၏ကြည်ညိုဖွယ် “အဓိကသီလအာစာရဂေါစရ” ဟုဆိုအပ်သော မြတ်သောအကျင့်သီလကို ကျင့်တော်မူသည်ဖြစ်လျက် အဘယ့်ကြောင့် အရိယာမဖြစ်ထိုက် ရှိအံ့နည်း။ အလွန် အရိယာဟု ဆိုထိုက်လှ၏။ မဂ်ဖိုလ်ကို မျက်မှောက်ပြုသူမဟုတ်သောကြောင့်သာ ပရမတ္ထသံဃာတော်ဟု မုချမဆိုရ။ ဥပစာရအားဖြင့်ကား သမ္မုတိသံဃာတို့ကျင့်သော စတုပါရိသုဒ္ဓိသီလကိုပင်လျှင် ပရမတ္ထသံဃာလည်း ကျင့်တော်မူသောကြောင့် အကျင့်သီလတူသည်ဖြစ်၍ သဒိသူပစာရအားဖြင့် သမ္မုတိသံဃာတို့ကျင့်အပ်သော သီလသည် မဂ်ဖိုလ်ရခြင်း၏အကြောင်းဖြစ်သောကြောင့်လည်း ဖလူပစာရအားဖြင့် ပရမတ္ထသံဃာဟူ၍ပင် ဆိုအပ်ပါသေး၏။ ဤအကြောင်းကို “သီလဝန္တပုထုဇ္ဇနော သောတာပန္နောယေဝ သင်္ဂဟိတော”ဟု အဋ္ဌကထာဆရာ မိန့်ဆိုလေပြီ။
ပရမတ္ထသမ္မုတိအရိယာ ဟူသောစကား၌ ပရမတ္ထအရိယာသံဃာ, သမ္မုတိအရိယာသံဃာဟု အရိယာသဒ္ဒါကို ၂-ပုဒ်လုံး၌ စပ်၍ယူပါ။ ပရမတ္ထနှင့်ယှဉ်သော အရိယာသဒ္ဒါဖြင့် ဆိုခဲ့ပြီးသည့် အရိယာ ၄-ပါးလုံးကိုပင်ယူ။ သမ္မုတိနှင့်ယှဉ်သော အရိယာသဒ္ဒါဖြင့် အာစာရ, ဒဿန, လိင်္ဂ ဤ ၃-ပါးနှင့်ပြည့်စုံသော အရိယာကိုယူ။ ဤသို့ယူခြင်းကား “သက္ခရကထလိကမ္ပိ မစ္ဆဂုမ္ဗမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ ပဿတိ”ဟု ရေထဲ၌ ကျောက်စစ်, အိုးခြမ်း, ငါး,လိပ်အပေါင်းတို့ သွားသည်, တည်သည်ကိုမြင်၏ဟူ၍ ကျောက်စစ် မသွားတတ်ဘဲလျက် တစ်ဝါကျတည်းဆိုသော်လည်း သက္ခရကထလိကမ္ပိကို တိဋ္ဌန္တမ္ပိနှင့်တွဲစပ်၍၊ မစ္ဆဂုမ္ဗမ္ပိကို စရန္တမ္ပိ တိဋ္ဌန္တမ္ပိ ၂-ပုဒ်လုံးနှင့်တွဲစပ်၍ ယူရသကဲ့သို့ ဤ၌လည်း ယထာလာဘနည်းအားဖြင့် တွဲစပ်၍၊ ရသင့်ရာအရိယာကို ယူပါဆိုလိုသည်။ စကားထွက်တိုင်း ဝင့်၍မျှင်မူ အခင်းကြီးသဖြင့် ပြီးခဲမည်စိုးသောကြောင့် မဆိုပြီ။ ဤ ဇနေသု အစရှိသော ဥပေန္ဒဝဇိရာဂါထာဖြင့် ဂန္ထာရမ္ဘ ၃-ပါးတို့တွင် အာသီသ ပုဗ္ဗက ဂန္ထာရမ္ဘကိုပြပြီး၍ တောင်းပန်သောသူ၏ဆန္ဒအားလျော်စွာ မဟာဇနကဇာတ်တော်၏အတ္ထုပ္ပတ္တိကို ပါဠိတော်လာတိုင်း သိသာနာပျော်ဖွယ်ရှိအောင် စကားပြေစီကုံးပေအံ့။)