မဟာဇနကဇာတ်တော်ကြီး/အခန်း-၂၀
အိမ်ရှေ့မင်းမယ်တော်လည်း နောက်တော်က အစဉ်တစိုက်လိုက်လေ၏။ ထိုသို့ မင်း၂-ပါးတို့သည် စကားပြောဟောကာ သွားကြသဖြင့် ထူဏမြို့ တောင်တံခါးဝသို့ ရောက်ကြလေ၏။
ထိုမြို့တံခါးဝ၌ကား သတို့သမီးငယ်တို့သည် အိုးပုတ်ငယ်, ခွက်ငယ်, ဆန်ကောငယ်တို့ဖြင့် သဲကို ထမင်းချက်ဟန်, ဆန်ခြင်ဟန်, စပါးလှေ့ဟန်, ဆန်ပြာဟန် ကစား၍နေကြကုန်၏။ ထိုသတို့သမီးငယ်အစုတွင် တစ်ယောက်သောသတို့သမီးငယ်၌ လက်တစ်ဘက်ဝယ် ရွှေလက်ကောက် - ၂-ဆင့်, တစ်ဘက်မှာကား တစ်ဆင့်တည်းဝတ်ဆင်လျက် ဆန်ကောငယ်ဖြင့် သဲကို ဆန်ပြာဟန်, ဝိုင်းဟန်ပြု၍ကစားလေသော် လက်ကောက်၂-ဆင့်ဝတ်ရာက လက်ကောက်ချင်းခတ်မိသဖြင့် အသံဖြစ်၏။ တစ်ဆင့်ထည်းဝတ်သော လက်ကောက်ကား ခတ်မိစရာမရှိသောကြောင့် အသံမဖြစ်။
ထိုအခြင်းအရာကို ဘုရားလောင်းမြင်လေလျှင် ဤသို့ ကြံတော်မူ၏။ “ယခု သီဝလိဒေဝီသည် နောက်သို့ အစဉ်တစိုက် လိုက်ဘိ၏။ မိန်းမမည်သည်လည်း ရဟန်းတို့၏ အညစ်အကြေး ဖြစ်ခဲ့သည်။ ငါ့ကို သူတစ်ပါးမြင်သော် ဤသူကား ရဟန်းပြုသည်တိုင်အောင်ပင်လည်း မယားကိုမစွန့်ပစ်လေဟု ကဲ့ရဲ့ဖွယ်ရောက်ခဲ့၏။ ဤရွှေလက်ကောက်ရှင် သတို့သမီးငယ်သည် ပညာရှိသူ ဖြစ်မူကား ငါ့နောက်သို့ သီဝလိဒေဝီမလိုက်ဝံ့အောင် ဆိုနိုင်လိမ့်အံ့။ ထိုသတို့သမီးငယ်၏စကားဖြင့် သီဝလိဒေဝီလက်မှ ငါ လွတ်သင့်ကောင်း၏ဟု ကြံတော်မူ၍ သတို့သမီးငယ်၏အနီးသို့ ချဉ်းကပ်လျက် အကြောင်းကို မေးအံ့သောငှာ-
“ကုမာရိကေ ဥပသေနိယေ၊ နိစ္စံ နိဂ္ဂဠမဏ္ဍိတေ။
ကသ္မာ တေ ဧကော ဘုဇော ဇနတိ၊
ဧကော တေ န ဇနတီ ဘုဇော။”
ဟူသော ဂါထာဖြင့်ဆို၏။
အဓိပ္ပာယ်ကား-
“အဝတ်တန်ဆာ ဝတ်ဆင်လျက် အမိရင်ခွင်၌သာ မှီတွဲကာနေချိန်အရွယ်ဖြင့် အမိရင်အုပ်မကွာသေးသော သတို့သမီးငယ်။ အဘယ့်ကြောင့် သင်၏လက်တစ်ဘက်ကား မြည်သနည်း၊ တစ်ဘက်ကား အဘယ့်ကြောင့် မမြည်သနည်း”ဟု မေးတော်မူ၏။
ဘုရားလောင်းစကားကိုကြားလျှင် သတို့သမီးငယ်သည် ပါရမီရှိ မိန်းမဖြစ်ခြင်းကြောင့် အမေးနှင့်တန်ရုံသာမဖြေဘဲ ထုံးစံရလောက်အောင် ကရားရေပိတ်စကားဖြင့် ဖြေလို၍-
“ဣမသ္မိံ မေ သမဏ ဟတ္ထေ၊ ပဋိမုက္ကာ ဒုနီဝရာ။
သံဃဋ္ဋာ ဇာယတေ သဒ္ဒေါ၊ ဒုတိယဿေဝ သာဂတိ။”
“ဣမသ္မိံ မေ သမဏ ဟတ္ထေ၊ ပဋိမုက္ကော ဧကနီဝရာ။
သော အဒုတိယော န ဇနတိ၊ မုနိဘူတောဝ တိဋ္ဌတိ။”
“ဝိဝါဒပ္ပတ္တော ဒုတိယော၊ ကေနေကော ဝိဝဒိဿတိ။
တဿ တေ သဂ္ဂကာမဿ၊ ဧကတ္တ မုပရောစတံ။”
ဟူသော ၃-ဂါထာဖြင့် ဆို၏။
သမဏ၊ ရှင်ရဟန်း။ မေ၊ အကျွန်ုပ်၏။ ဣမသ္မိံ ဟတ္ထေ၊ ဤလက်တစ်ဘက်၌။ ပဋိမုက္ကာ၊ ဝတ်ကုန်သော။ ဒုနီဝရာ၊ လက်ကောက် ၂-ချည်တို့သည်။ သံဃဋ္ဋာ၊ ထိကြသောကြောင့်။ သဒ္ဒေါ၊ အသံသည်။ ဇာယတေ၊ ဖြစ်၏။ သာ ဂတိ၊ ထိုသို့ အသံဖြစ်ခြင်းသည်ကား။ ဒုတိယဿေဝ၊ ၂-ခုမြောက်သော လက်ကောက်အားသာလျှင်။ ဟောတိ၊ ဖြစ်၏။
သမဏ၊ ရှင်ရဟန်း။ မေ၊ ငါ၏။ ဣမသ္မိံ ဟတ္ထေ၊ ၌ကား။ ဧကနီဝရော၊ လက်ကောက် တစ်ချည်သာ။ ပဋိမုက္ကော၊ ဝတ်၏။ သော၊ ထိုလက်ကောက်သည်။ အဒုတိယော၊ အဖော်မရှိသောကြောင့်။ န ဇနတိ၊ အသံမဖြစ်လေသတည်း။ မုနိဘူတောဝ၊ ရဟန်းသဖွယ်ဖြစ်၍သာလျှင်။ တိဋ္ဌိတိ၊ တည်၏။
သမဏ၊ ရှင်ရဟန်း။ ဒုတိယော၊ ၂-ယောက်ရှိမူကား။ ဝိဝါဒပ္ပတ္တော၊ ငြင်းခုံခြင်းသို့ ရောက်တတ်၏။ ဧကော၊ တစ်ယောက်တည်းသည်။ ကေန၊ အသူနှင့်။ ဝိဝဒိဿတိ၊ ငြင်းခုံလတ္တံ့နည်း။ သဂ္ဂကာမဿ၊ နတ်ပြည်ကိုအလိုရှိသော။ တဿ-တေ၊ ထိုရှင်ရဟန်းအား။ ဧကတ္တံ၊ တစ်ယောက်တည်းသောအဖြစ်ကို။ ဥပရာစေတံ-ဥပရောစတု၊ နှစ်သက်တော်မူလော့။ ဤကား အနက်။
အဓိပ္ပာယ်ကား-
“ရှင်ရဟန်း။ အကျွန်ုပ်၏ ဤလက်၌ကား လက်ကောက် ၂-ဆင့်ဖြစ်၍ အချင်းချင်းခတ်မိသဖြင့် အသံဖြစ်၏။ ဤသို့ ဖြစ်ခြင်းသည်ကား အဖော်အဖက်ရှိခြင်း၏ဓလေ့ ဖြစ်တော့သည်။ ဤလက်ကား လက်ကောက်တစ်ချည်သာဖြစ်၍ အချင်းချင်းထိခိုက်စရာ မရှိသောကြောင့် အသံ မဖြစ်။ ထိုသို့မဖြစ်ခြင်းသည်ကား ကိလေသာကို ပယ်ပြီးသော ရဟန်းကဲ့သို့ အဖော်မရှိခြင်း၏ဓလေ့ ဖြစ်တော့သည်။ ရှင်ရဟန်း။ ဤလက်ကောက်မှာသာမဟုတ်။
“လောက၌ ခပ်သိမ်းသောအရာမှာပင် အဖော်အဖက်ရှိလျှင် ငြင်းခုံခြင်းဖြစ်ရခြင်းကား အမြဲတည်း။ အဖော်မရှိ တစ်ယောက်ထီးတည်းနေသောသူအား အဘယ်သူလာ၍ ငြင်းခုံခြင်းကိုပြုအံ့နည်း။ နတ်ပြည်ကိုလိုသောကြောင့် မုတ်ဆိတ်,ဆံကိုဖြတ်၍ ရဟန်းပြုလေပြီးသော ရှင်ရဟန်းသည်လည်း အဖော်မပါ တစ်ယောက်ထီးတည်းနေခြင်းကိုသာ နှစ်သက်တော်မူလော့။
“အဘယ့်ကြောင့် ဤအရည်အသွေးနှင့်ပြည့်စုံသောမိန်းမကို နောက်လိုက်ပြု၍ မြို့ထဲရွာထဲ ကျက်စားလှည့်လည်ရသနည်း။ ဤအမယ်ကား ရှင်ရဟန်း၏ခင်ပွန်းလော, နှမလော။ ရဟန်းတို့မှာ စင်စစ် နှမပင်ဖြစ်သော်လည်း အတူသွားခြင်း, အတူနေခြင်းငှာ မလျောက်ပတ်ပါတကား။ ရှင်ရဟန်းသည် ဤမိန်းမနှင့် အတူနေဖန်များသဖြင့် မိန်းမကိုမှီ၍ဖြစ်သော ရဟန်း၏အန္တရာယ်သည် မကြာမြင့်မီပင် ရောက်လတ္တံ့”ဟု ဆို၏။
(ဤအရာ၌ ကုမာရိသဒ္ဒါဖြင့်ပြသောကြောင့် ထိုသတို့သမီးငယ်ကား ၈-နှစ်မှ ၉-နှစ် ဂေါရီအရွယ် နို့ရည်မစင် မာန်မဝင်သောမိန်းမလည်း မဟုတ်။ ၁၃-နှစ် ၁၄-နှစ် ကညာအရွယ် အမိနို့ရည်စင်၍ မာန်ဝင်စသောမိန်းမလည်း မဟုတ်။ ဣတ္ထိဟု ခေါ်ဝေါ်အပ်သော အိမ်ထောင်ပြီးသောမိန်းမလည်း မဟုတ်။ ၁၅-နှစ်အရွယ်လည်း ရောက်, အိမ်လည်းမထောင်သေးသောကြောင့် “ကုမာရီ”ဟု ခေါ်ဝေါ်အပ်သော မိန်းမတည်း။
ထို ကုမာရီခေါ်ဝေါ်အပ်သော မိန်းမကား ၁၅+နှစ်အရွယ်မှသည် အိမ်မထောင်သေးလျှင် လူတို့အသက်တမ်း၌ ပထမအရွယ်ကုန်အောင် ကုမာရီဟု ခေါ်ဝေါ်အပ်၏။ အိမ်ထောင်မူကား ၁၅+နှစ်မျှပင် ဖြစ်သော်လည်း ကုမာရီဟူသော အဝတ္ထာပညတ်ကိုစွန့်၍ မာဂဓအားဖြင့် “ဣတ္ထိ”၊ မြန်မာအားဖြင့် “အိမ်ထောင်သူ”ဟု ခေါ်ဝေါ်လေတော့သည်။ ထို ကုမာရီသည်လည်း အငယ်, အလတ်, အကြီးအားဖြင့် ၃-ပါးရှိသည်တွင် ဤရွှေလက်ကောက်ရှင် သတို့သမီးကား အလတ်, အကြီး မဟုတ်ဘဲ၊ ၁၅-နှစ်အရွယ်ရောက်စ အငယ်သာတည်းဟု ပြတော်မူလို၍ ကုမာရီဟု သာမညသာမဆိုဘဲ ကုမာရိကာဟု က-အက္ခရာနှင့် ဆိုတော်မူသတည်း။
နာမ်ပုဒ်နောက်၌ကျသော က-အာဂုံသည် ပိုင်းခြားခြင်းအနက်, အတိုင်းအရှည်အနက်, အငယ်ဟူသောအနက်စသည်ဖြင့် ဟောရာတွင် ဤကုမာရိကာ၌ က-သဒ္ဒါကား မာနဝက၌ က-သဒ္ဒါ, ပေါတက၌ က-သဒ္ဒါတို့ကဲ့သို့ အငယ်ဟူသော အနက်ကိုဟော၏။
ဤသို့ အတ္ထော အက္ခရသညာတောဟု ဟောတော်မူသည်နှင့်အညီ အနက်ကို အက္ခရာဖြင့်သာလျှင် မှတ်ခြင်းရှိသောကြောင့် သဒ္ဒါကိုသိမြင်သဖြင့် အနက်အစဉ်ကို သိရာသည်ဟု မှတ်အပ်၏။ ထိုအရွယ်ရှိပြီးမှ ဗန်းငယ်, ဆန်ကောငယ်ဖြင့် ကစားလေသည်ကား အသက်ရှည်သောကာလဖြစ်၍လည်းကောင်း၊ ရွှေငွေဖြင့်ပြီးသော လက်ကောက်, ခြေကျင်းစသည် တန်ဆာဆင်ယင်သော သူကောင်းသူမြတ်သမီး ဖြစ်၍လည်းကောင်း ငယ်ကိုယ်ငယ်စိတ်နှင့်သာ နေရခြင်းများသောကြောင့် ကစားလေသတည်း။ ဤကား သဒ္ဒလက္ခဏာ၌ ယူနည်းကို မှတ်စေလို၍ စကားချပ်လိုက်သည်။)
ထိုသတို့သမီးစကားကို ကြားလျှင် ဘုရားလောင်းသည် “ဤသတို့သမီးငယ်ကား ငါ့ကို ကောင်းစွာဆုံးမပေ၏။ ဤသတို့သမီးစကားဖြင့် သီဝလိဒေဝီလည်း နှလုံးချပ်မိကောင်းပြီ။ ငါ့အား ထောက်ပံ့ကူမခြင်းကို ထိုသတို့သမီးငယ် ပြုပေသည်”ဟုကြံလျက်၊ သီဝလိဒေဝီနှင့် စကားပြောဟောတော်မူလို၍-
“သုဏသိ သီဝလိ ကထာ၊ ကုမာရိကာ ပဝေဒိတာ။
ပေသိယာ မံ ဂရဟိတော၊ ဒုတိယဿေဝ သာ ဂတိ။”
“အယံ ဒွေဓာ ပထော ဘဒ္ဒေ၊ အနုစိဏ္ဏော ပထာဝိဟိ။
တေသံ တွံ ဧကံ ဂဏှာဟိ၊ အဟမေကံ ပုနာပရံ။”
မာဝစ မံ တွံ ပတိမေတိ၊ နာဟံ ဘရိယာတိ ဝါ ပုန။”
ဟူသော ၂-ဂါထာခွဲတို့ဖြင့် ဆိုတော်မူ၏။
အဓိပ္ပာယ်ကား-
“သီဝလိ။ ဤသတို့သမီးငယ် ဆိုသောစကားကို သင် နားချပ်မိပါ၏လော။ ဤသတို့သမီးငယ်သည် အရွယ်အားဖြင့်ထောက်သော်လည်း ငါ့သမီး, ငါ့မြေးလောက်သာ ရှိသည်။ အမျိုးစည်းစိမ်ဂုဏ်အားဖြင့် ထောက်သော်လည်း ငါ့အစေအပါး ကျွန်အမှုလုပ်မျှလောက်သာ ရှိသည်။ အဆင်းအရည်အားဖြင့် ထောက်သော်လည်း ငါ့ခြေရင်း အလုပ်အကျွေးမျှလောက်သာ ရှိသည်။ သို့စဉ်လျက် ထိုသတို့သမီးငယ်၏ကဲ့ရဲ့ခြင်းကို ငါခံရသည်မှာ သင့်ကြောင့်သာ ခံရသည်။
“ဤသို့ဆင်ခြင်သဖြင့် ငါ့ကို သနားချစ်ခင်ပါလျှင် ပြည်ထဲရှင်မ မိန်းမကောင်း။ ဤခရီး ၂-ကြောင်းတွင် သင်နှစ်သက်ရာခရီးကို ငါနှင့်ခွဲ၍ သွားပါလေ။ သင် မသွားသောခရီးကို ငါလည်း သွားပါလေအံ့။ ယနေ့မှစ၍ ငါ့ကို “လင်”ဟု သင် မပြောမဆိုပါလေနှင့်။ ငါလည်း သင့်ကို “မယား”ဟူ၍ မပြောမဆိုပါရစေနှင့်တော့။ သင့်ကိုမှီ၍ပင် ငါ့ကိုဆုံးမရမည့်သူ, ငါနှင့်အဖက်တန်သူ မဟုတ်။ ငါ့အစေအပါးလောက်မျှ မရှိဘဲလျက် ဤသတို့သမီးငယ်သည် မိမိအစေအပါးကဲ့သို့ ငါ့ကို ကဲ့ရဲ့ဘိ၏။ ငါ့နှမကောင်း။ ယခု ငါဆိုသောစကားကို နားထောင်၍ ကုသိုလ်ပွားရာ သင် တခြားသွားပါလေတော့”ဟု ဆိုတော်မူ၏။
ထိုစကားကိုကြားလျှင် အိမ်ရှေ့မင်းမယ်တော်သည် နှလုံးသားကို ရဲလှစွာသောသံတွေခဲဖြင့် မွှေဘိသကဲ့သို့ ပြင်းစွာသော စိတ်၏ပူပန်ခြင်းရှိသော်လည်း သတို့သမီးငယ်၏ရှေ့တွင် ဖြစ်၍လည်းကောင်း၊ ဘုရားလောင်း၏ စကားကို မလွန်ဝံ့ဖြစ်၍လည်းကောင်း-
“အရှင်မင်းကြီး။ အရွယ်ရောက်ဦးကစ၍ အနှစ် ၇၀၀၀-ပတ်လုံး အတူတကွ ထီးနန်းစိုးစံကြပါသည်ကို ယနေ့တွင်မှသာ “ကျွန်မလင်မဟုတ်”ဟု အဘယ်သို့ ပြောရက်နိုင်ပါအံ့နည်း။ ကိုယ်တော်နှင့်အတူ မလိုက်စေလိုလျှင် ကိုယ်တော်ကား ယောက်ျားမြတ်ဖြစ်ပေသောကြောင့် ဤလက်ယာဘက်ခရီးဖြင့် ကြွတော်မူပါလော့။ အကျွန်ုပ်ကား ဤလက်ဝဲခရီးဖြင့် သွားပါလေအံ့”ဟု ဆို၍ လက်ဝဲဘက်ခရီးဖြင့် အတန်ငယ်သွားပြီးလျှင် ကိုယ်ကွဲသော်လည်း စိတ်မကွဲဘဲ တွဲဆိုင်းလျက်သာရှိသောကြောင့် မခွာရက်နိုင်သည်ဖြစ်၍ ထိုခရီးမှတစ်ဖန် ပြန်လည်ခဲ့သဖြင့် ဘုရားလောင်းနှင့်အတူပင်လျှင် နောက်တော်က စကားပြောကာ လိုက်ပြန်လေ၏။