မာတိကာသို့ ခုန်သွားရန်

မဟာဓနသေဋ္ဌိပုတ္တဝတ္ထု

ဝီကီရင်းမြစ် မှ
2570ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၉။ မဟာဓနသေဋ္ဌိပုတ္တဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဇရာဝဂ်

၉။ မဟာဓနသူဌေးသား

အစရိတွာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတနမည်သော သားသမင် အပေါင်းအား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ နေတော်မူစဉ် မဟာဓနသူဌေး၏သားကို အကြောင်းပြု၍ ဟောတော်မူ၏။

အမြှောက်ကြိုက်သော သူဌေးသား

ထိုသူဌေးသားသည် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသောအမျိုး၌ ဖြစ်သတတ်။ ထိုအခါ သူဌေးသား၏ မိခင်,ဖခင်တို့သည် ဤသို့ ကြံကြကုန်၏။ “ငါတို့၏အိမ်၌ များစွာသော ဥစ္စာအစု ရှိ၏။ ထိုဥစ္စာအစုကို ငါတို့၏သားလက်၌ထား၍ ချမ်းသာသည့်အလျောက် အလိုရှိတိုင်း သုံးဆောင်ခြင်းကို ပြုအံ့။ တပါးသောအမှုဖြင့် ပြုဖွယ်ကိစ္စမရှိ”ဟု ကြံပြီးလျှင် ကခြင်း,သီခြင်း, တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။ ထိုဗာရာဏသီပြည်၌ပင် ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ဝသော အမျိုးတစ်ခုဝယ် တစ်ယောက်သော သမီးသည်လည်း ရှိသည်ဖြစ်လေ၏။ ထိုသမီး၏ မိခင်,ဖခင်တို့သည်လည်း ထို့အတူသာလျှင် ကြံ၍ သမီးကို ကခြင်း,သီခြင်း, တီးမှုတ်ခြင်းမျှကိုသာ သင်စေကြလေကုန်၏။ ထိုသူဌေးသားနှင့် သူဌေးသမီးတို့သည် အရွယ်သို့ ရောက်ကြသောအခါကာလ၌ ထိမ်းမြားခြင်းမင်္ဂလာသည် ဖြစ်လေ၏။ ထိုမှနောက်အဖို့၌ ထိုသူတို့၏မိဘတို့သည် ကွယ်လွန်ကြလေကုန်၏။ ကုဋေရှစ်ဆယ်နှစ်လီဖြစ်သော ဥစ္စာသည် တစ်အိမ်တည်း၌သာလျှင် ဖြစ်လေ၏။ သူဌေးသားသည် တစ်နေ့သုံးကြိမ် မင်းအား ခစားခြင်းသို့ သွားရောက်၏။ ထိုအခါ ထိုဗာရာဏသီမြို့၌ သေသောက်ကြူးတို့သည် “ဤသူဌေးသားကား သေသောက်သမားသည် အကယ်၍ ဖြစ်ငြားအံ့၊ ငါတို့အား ချမ်းသာခြင်းသည် ဖြစ်ပေလတ္တံ့။ ထိုသူဌေးသားကို သေသောက်သမားအဖြစ်ကို ယူစေကြကုန်အံ့”ဟု ကြံကြလေကုန်၏။ ထိုသေသောက်ကြူးတို့သည် သေကိုယူ၍ ခဲဖွယ်အမဲတို့ကိုလည်းကောင်း၊ ဆားခဲတို့ကိုလည်းကောင်း ပုဆိုးစွန်၌ ဖွဲ့ထုပ်သဖြင့် အမြစ်အဖုတို့ကိုယူလျက် မင်းအိမ်မှ ပြန်လာသော သူဌေးသား၏ လာရာလမ်းခရီးကို ကြည့်ရှုကာ နေကြသည်ရှိသော် လာသော သူဌေးသားကို မြင်ရလျှင် သေကိုသောက်၍ ဆားခဲကို ခံတွင်း၌ ပစ်ထည့်သဖြင့် အမြစ်အဖုကိုက်ခဲလျက် “အရှင်သူဌေးသား- အနှစ်တစ်ရာ ကာလပတ်လုံး အသက်ရှည်ပါလေလော့၊ အရှင်သူဌေးသားကိုမှီ၍ အကျွန်ုပ်တို့သည် စားနိုင်သောက်နိုင်သောသူတို့ ဖြစ်လိုကြပါကုန်၏”ဟု ဆိုကြလေကုန်၏။

သူဌေးသားလင်မယား အိုးအိမ်မဲ့ဖြစ်

သူဌေးသားသည် ထိုသေသောက်ကြူးတို့စကားကို ကြားရလျှင် နောက်မှလိုက်လာသော အလုပ်အကျွေးငယ်ကို “ဤသူတို့သည် အဘယ်ကို သောက်ကြကုန်သနည်း”ဟု မေးလေ၏။ “သခင့်သား- တစ်ခုသော သောက်ဖွယ်အရည်ကို သောက်ကြပါကုန်၏”ဟု ဆိုသော် “ဤသောက်ဖွယ်အရည်သည် နှစ်သက်ဖွယ်ကောင်းသော သဘောရှိသလော”ဟု မေးမြန်းလေ၏။ “အရှင့်သား- အသက်ရှည်သော ဤလူ့ပြည်၌ ဤသောက်ဖွယ်နှင့်တူသော သောက်အပ်သည်နှင့်ယှဉ်သော အရည်မည်သည် မရှိ”ဟု ဆိုလတ်သော် ထိုသူဌေးသားသည် “ဤသို့ဖြစ်သည်ရှိသော် ငါသည်လည်း သောက်ခြင်းငှာ သင့်၏”ဟု ကြံသဖြင့် အတန်ငယ် ဆောင်ယူစေ၍ သောက်၏။ ထို့နောက် များမကြာမီသာလျှင် ထိုသေသောက်ကြူးတို့သည် သူဌေးသား၏ သေသောက်သည့်အဖြစ်ကို သိကြလျှင် သူဌေးသားကို ခြံရံကြလေကုန်၏။ နောက်နောက်သောကာလ ရောက်လတ်သော် အခြံအရံ များစွာဖြစ်လေ၏။ ထိုသူဌေးသားသည် တစ်ရာသော ဥစ္စာဖြင့်လည်းကောင်း၊ နှစ်ရာသော ဥစ္စာဖြင့်လည်းကောင်း သေကိုဆောင်စေ၍ သောက်လေ၏။ အစဉ်အားဖြင့်သာလျှင် နေထိုင်ရာအရပ် စသည်တို့၌ အသပြာ အစုအပုံကိုထား၍ သေကိုသောက်လျက် “ဤအသပြာဖြင့် ပန်းကို ဆောင်ယူခဲ့ချေလော့၊ ဤအသပြာဖြင့် နံ့သာကို ဆောင်ယူခဲ့ချေလော့၊ ဤသူသည် သီဆိုခြင်း၌ လိမ္မာ၏၊ ဤသူသည် ကခုန်ခြင်း၌ လိမ္မာ၏။ ဤသူသည် တီးမှုတ်ခြင်း၌ လိမ္မာ၏၊ ဤသူအား တစ်ထောင် ပေးလော့၊ ဤသူအား နှစ်ထောင် ပေးလော့”ဟု ဆိုလေ၏၊ ဤသို့လျှင် ဖရိုဖရဲ ဖြန့်ကြဲလတ်သော် မကြာမြင့်မီပင်လျှင် မိမိ၏အပိုင်ဖြစ်သော ကုဋေရှစ်ဆယ်သော ဥစ္စာကို ကုန်ခန်းစေလေသောကြောင့် “အရှင့်သား- အရှင့်သား၏ဥစ္စာ ကုန်ပါပြီ”ဟု ဆိုသည်ရှိသော် “ငါ့မယားပိုင်သော ဥစ္စာသည် မရှိလေတော့ပြီလော”ဟု မေးလေ၏။ “အရှင့်သား- ရှိပါ၏”ဟု ဆိုလတ်သော် “ထိုသို့ရှိလျှင် ထိုဥစ္စာကို ဆောင်ယူခဲ့လော့”ဟု ဆိုလေ၏၊ ထိုမယားပိုင်ဥစ္စာကိုလည်း မိမိဥစ္စာအတူသာလျှင် ကုန်ခန်းစေ၍ အစဉ်သဖြင့် လယ်,အာရာမ်, ဥယျာဉ်,လှည်း စသည်ကိုလည်းကောင်း၊ အယုတ်သဖြင့် အိုးခွက်ဖြစ်သော ဘဏ္ဍာကိုလည်းကောင်း၊ အခင်းအရုံ နေရာထိုင်ရာကိုလည်းကောင်း မိမိ၏ အလုံးစုံသောဥစ္စာကို ရောင်းချကာ စားရလေ၏။ ထို့နောက် သူဌေးသား အိုမင်းသောအခါ အကြင်သူတို့သည် ထိုသူဌေးသား၏ မိဘဆွေမျိုးဥစ္စာဖြစ်သော နေအိမ်ကိုဝယ်၍ ယူအပ်၏၊ ထို့ကြောင့် ထိုသူတို့သည် သူဌေးသားလင်မယားတို့ကို နေအိမ်မှ နှင်ထုတ်လိုက်ကြလေကုန်၏။

လှည့်လည် တောင်းစား, တရားလည်း မရ

ထိုသူဌေးသားသည် မယားကိုခေါ်ဆောင်သဖြင့် သူတပါး၏အိမ်နံရံကို အမှီပြုကာနေလျက် အိုးခွက်ကို လက်ဆွဲပြီးလျှင် ထမင်းအလို့ငှာ လှည့်လည်၍ လူအပေါင်း၏ စားကြွင်းကို စားခြင်းငှာ အားထုတ်ရရှာလေ၏။ ထိုအခါ သူဌေးသားကို တစ်နေ့သ၌ ဆွမ်းစားရာဇရပ်တံခါး၌ ရပ်လျက် ရဟန်းငယ်သာမဏေတို့ပေးအပ်သော စားကြွင်းဖြစ်သော ဘောဇဉ်ကို ခံယူနေသည်ကို မြင်တော်မူရလျှင် ဘုရားရှင်သည် ပြုံးခြင်းကို ထင်စွာပြုတော်မူ၏။ ထိုအခါ ဘုရားရှင်ကို ရှင်အာနန္ဒာမထေရ်သည် ပြုံးခြင်းအကြောင်းကို မေးလျှောက်လေ၏။ မြတ်စွာဘုရားသည် ပြုံးတော်မူခြင်းအကြောင်းကို ပြောကြားတော်မူလိုသည်ဖြစ်၍ “ချစ်သားအာနန္ဒာ- ဤဗာရာဏသီမြို့၌သာလျှင် ကုဋေရှစ်ဆယ်သောဥစ္စာကို ကုန်စေပြီးလျှင် မယားကိုခေါ်ဆောင်၍ ထမင်းအလို့ငှာ လှည့်လည်ရရှာသော မဟာဓနသူဌေးကြီး၏ သားဖြစ်သော ဤသူကို ကြည့်ရှုစမ်းလော့၊ ဤသူဌေးသားသည် ပထမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ ဤမြို့၌သာလျှင် ပထမသူဌေးကြီး ဖြစ်လေရာ၏၊ အိမ်မှထွက်၍ အကယ်၍ ရဟန်းပြုသည် ဖြစ်ငြားအံ့၊ အရဟတ္တဖိုလ်သို့ ရောက်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း အနာဂါမိဖိုလ်၌ တည်လေရာ၏၊ မဇ္ဈိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ ဒုတိယသူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အနာဂါမ် ဖြစ်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း သကဒါဂါမိဖိုလ်၌ တည်လေရာ၏၊ ပစ္ဆိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်စေမူ၍ စီးပွားမှုတို့ကို အကယ်၍ ပြုလုပ်ငြားအံ့၊ တတိယသူဌေး ဖြစ်လေရာ၏၊ ထွက်၍ ရဟန်းပြုလတ်သည်ရှိသော် သကဒါဂါမ် ဖြစ်လေရာ၏၊ ထိုသူဌေးသား၏ မယားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေရာ၏၊ ယခုအခါ၌ကား ဤသူဌေးသားသည် လူ့စည်းစိမ်မှ ဆုတ်ယုတ်သည်ဖြစ်၍ ရဟန်းအဖြစ်ဟူသော မဂ်,ဖိုလ်ဂုဏ်ကျေးဇူးမှလည်း ဆုတ်ယုတ်ခြင်းကြောင့်သာလျှင် ရေခြောက်သွေ့သော ညွန်အိုင်၌ ကြိုးကြာငှက်ကဲ့သို့ ဖြစ်ရရှာလေ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၅၅] အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္ဇာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။

[၁၅၆] အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။ ယောဗ္ဗနေ၊ စွမ်းနိုင်သောအခါ၌။ ဓနံ၊ ပစ္စည်းဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်ခြင်းကြောင့်။ ဝါ၊ မရလိုက်သော လူမိုက်တို့သည်။ ခီဏမစ္ဆေဝ၊ ငါးကုန်သည်သာလျှင်ဖြစ်သော။ ပလ္လလေ၊ ညွန်ပျောင်း၌။ ဇိဏ္ဏကောဉ္ဇာဝ၊ တောင်ပံယွင်းယို ကြိုးကြာအိုကဲ့သို့။ ဈာယန္တိ၊ ကြံမှိုင်ကြရကုန်၏။

ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ အစရိတွာ၊ မကျင့်သုံးမိခြင်းကြောင့်။ ယောဗ္ဗနေ၊ စွမ်းနိုင်သောအခါ၌။ ဓနံ၊ ပစ္စည်းဥစ္စာကို။ အလဒ္ဓါ၊ မရလိုက်ခြင်းကြောင့်။ ဝါ၊ မရလိုက်သော လူမိုက်တို့သည်။ ပုရာဏာနိ၊ ရှေးက သုခ ခံစားရဖူးသည်တို့ကို။ အနုတ္ထုနံ အနုတ္ထုနန္တာ၊ ငြီးတွား စိုးရိမ်ကြကုန်လျက်။ စာပါ၊ လေးညှို့မှ။ အတိခီဏာ-ဝိနိမုတ္တာ၊ လွတ်ကုန်သော။ သရာ ဣဝ၊ မြားတို့ကဲ့သို့။ သေန္တိ၊ သေခြင်းသို့ ကပ်ရောက်ကြရကုန်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာဓနသူဌေးသားဝတ္ထုပြီး၏။