မာတိကာသို့ ခုန်သွားရန်

မဟာပဇာပတိဂေါတမီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၆-ဗြာဟ္မဏဝဂ်။ ၈-မဟာပဇာပတိဂေါတမီဝတ္ထု

၃၉၁။ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆရာဥပဇ္ဈာယ်မရှိပဲ သင်္ကန်းကို ဝတ်သော ပဇာပတိဂေါတမီနှင့် ဥပုသ်အတူမပြုနိုင် ပဝါရဏာ အတူမပြုနိုင်ဟု ဘိက္ခုနီတို့၏ ကုက္ကုစ္စဖြစ်ခြင်းကို ခံရသော မဟာပဇာပတိဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ အပြစ်ရှိသောအမှုသည်။ နတ္ထိ၊ မရှိ။ တီဟိ ဌာနေဟိ၊ ကိုယ် နှုတ် စိတ်သုံးပါးတို့ဖြင့်။ သံဝုတံ၊ စောင့်ရှောက်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

စကားပြေ

ကိုယ်နှုတ်စိတ်တို့ဖြင့် စောင့်စည်းပြီးလျှင် အပြစ်ရှိသော အမှုကို မပြုသူကို ဗြာဟ္မဏဟု ငါဘုရားဟောတော်မူသည်။

မဟာပဇာပတိဂေါတမီဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၆-ဗြာဟ္မဏဝဂ်

၈- မဟာပဇာပတိဂေါတမီဝတ္ထု ပါဠိဂါထာ

၆၈၈။ ယဿ ကာယေန ဝါစာယ, မနသာ နတ္ထိ ဒုက္ကဋံ၊
သံဝုတံ တီဟိ ဌာနေဟိ, တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်သူ၏။ ဝါ၊ သည်။ ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုအပ်သော အမှုသည်။ နတ္ထိ၊ မရှိ။ တီဟိ၊ ကိုယ်နှုတ်စိတ်အားဖြင့် သုံးပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဝါ၊ ဖြစ်ရာဌာနတို့ဖြင့်။ [ရှေ့နည်း ကာရဏ, နောက်နည်း ဖြစ်ရာဌာန။ နေတ္တိ၊ဋီ၊၁၄၄။] သံဝုတံ၊ ဒွါရခြောက်ရပ်, ပိတ်ထားအပ်ပြီ။ တံ၊ ကို။ ဗြာဟ္မဏံ၊ ဟူ၍။ ဗြူမိ၊ ၏။ (ပါ-၃၉၁)

၁။သံဝုတံ။ ။ “ပိဟိတံ”ဟု ဖွင့်၍ ပိဟိတံကို “ပိဓာယကံ”ဟုဖွင့်သော နေတ္တိ၊ဋီ၊၁၄၄ အလို သံဝုတံကို ကတ္တုသာဓ်, တံ၏ဝိသေသနယူ၍ “တီဟိ ဌာနေဟိ-တို့ဖြင့်၊ သံဝုတံ-ဒွါရ ခြောက်ရပ်, ပိတ်ထားတတ်သော၊ တံ-ကို၊ ဗြာဟ္မဏံ-ဟူ၍၊ ဗြူမိ-၏”ဟုပေး။(နေတ္တိဝိ-၃၃၉)

မဟာပဇာပတိဂေါတမီဝတ္ထုဂါထာနိဿပြီးပြီ။