မာတိကာသို့ ခုန်သွားရန်

မဟာဗုဒ္ဓဝင်/အခန်း- ၂၁

ဝီကီရင်းမြစ် မှ
မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
အခန်း- ၂၁
2606မဟာဗုဒ္ဓဝင် — အခန်း- ၂၁မင်းကွန်းဆရာတော်

၂၄၃

အခဏ်း-၂၁

ရာဇဂြိုဟ်ပြည် သုမနပန်းသည်အကြောင်း

     (တဉ္စ ကမ္မံ ကတံ သာဓု) အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် သုမန-အမည်ရှိသော ပန်းသည်ကို အကြောင်းပြု၍ ဟောကြားတော်မူလေသည်။

     ထိုရာဇဂြိုဟ်ပြည်သား သုမန-မည်သော ပန်းသည်ကား နေ့စဉ်နေ့တိုင်း ဗိမ္ဗိသာရမင်းကြီးထံ နံနက်စောစော မုလေးပန်း ရှစ်ကွမ်းစား (ရှစ်စလယ်)တို့ကို ဆက်သခစားသည်ဖြစ်၍ နေ့စဉ်နေ့စဉ် အသပြာငွေ ရှစ်ကျပ် ရှစ်ကျပ် ရရှိလေသည်။

     တနေ့သ၌ သုမနပန်းသည်သည် မုလေးပန်းတို့ကို ယူဆောင်ကာ မြို့သို့ ၀င်လတ်သည်ရှိသော် မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်း ခြံရံလျက် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်၍ ကြီးမြတ်သော ဘုရား၏ အာနုဘော်တော်, ကြီးမြတ်သော ဘုရား၏ တင့်တယ်စံပယ်တော်မူခြင်းဖြင့် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင် ကြွတော်မူလာလေ၏။

(အထူးမှတ်ရန်မှာ.. မြတ်စွာဘုရားသည် တရံတခါ ရောင်ခြည်တော် ခြောက်သွယ်တို့ကို သင်္ကန်းဖြင့် ဖုံးအုပ်၍ အညတရ = မထင်မရှား ဆွမ်းခံကြွသော ကိုယ်တော်တပါးကဲ့သို့ ကြွသွားတော်မူ၏၊ (ဥပမာ) ယူဇနာသုံးဆယ် ဝေးကွာသော ခရီးသို့ အင်္ဂုလိမာလ ခိုးသားအား ခရီးဦးကြိုဆိုရန် ကိုယ်တော်တပါးတည်း မထင်မရှား ကြွသွားတော်မူသကဲ့သို့တည်း။ တရံတခါ ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်၍ ကြွသွား တော်မူ၏။ (ဥပမာ) ကပိလ၀တ်နေပြည်တော်အတွင်း ဆွမ်းခံ ကြွဝင်တော်မူသကဲ့သို့တည်း။ ယခု သုမနပန်းသည်နှင့် တွေ့ရမည့်နေ့၌လည်း ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့ကို လွှတ်လျက် ကြီးမြတ်သော ဘုရား၏ အာနုဘော်တော်, ကြီးမြတ်သော ဘုရား၏ တင့်တယ် စံပယ်တော်မူခြင်းဖြင့် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူလာလေသည်)။



၂၄၄

     သုမနပန်းသည်သည် မြတ်စွာဘုရား၏ ရတနာတုရိုဏ်တိုင်နှင့်တူသော ကိုယ်တော်ကို ဖူးတွေ့ရ၍ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး ရှစ်ဆယ်သော လက္ခဏာတော်ငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်ခြင်း အသရေအစုကို ကြည့်ရှု၍ သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ် တဖိတ်ဖိတ် ဖြစ်ရှိရကား “ငါသည် မြတ်စွာဘုရားအား အဘယ်မည်သော အဓိကာရ (=အထိကရ) ကောင်းမှုကို ပြုရပါမည်နည်း”ဟု ကြံစည် စဉ်းစားလတ်သည်တွင် အခြားတပါး ပူဇော်ဖွယ်ဝတ္ထုကို မမြင်ရကား “ဤ ငါ့လက်ဝယ်ရှိသော မုလေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်တော့မည်”ဟု ကြံစည်စဉ်းစားမိ၍ တဖန်ဆက်ပြီးလျှင် “ဤမုလေးပန်းတို့သည် မင်းကြီးအား အမြဲဆက်သရသော ပန်းများဖြစ်လေသည်။ မင်းကြီးသည် ဆက်သနေကျဖြစ်သည့် ဤမုလေးပန်းတို့ကို မရရှိသော် ငါ့ကို ထိတ်,ထောင်,နှောင်ကြိုး တမျိုးမျိုးဖြင့် နှောင်ဖွဲ့သော်မူ နှောင်ဖွဲ့စေပေလိမ့်မည်၊ သို့မဟုတ် သတ်သော်မူလည်း သတ်စေပေလိမ့်မည်၊ သို့မဟုတ် တိုင်းပြည်မှသော်လည်း နှင်ထုတ်စေပေလိမ့်မည်၊ အဘယ်သို့ ပြုရပါမည်နည်း”ဟု ကြံစည် စဉ်းစားပြန်လေသည်။ ထို့နောက် သုမနပန်းသည်၏ စိတ်အစဉ်သန္တာန်ဝယ်-

“မင်းကြီးသည် ငါ့ကို သတ်လိုမူလည်း သတ်စေ၊ နှောင်ဖွဲ့လိုမူလည်း နှောင်ဖွဲ့စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေ၊ မှန်ပေ၏- မင်းကြီးသည် ငါ့အား ဆုလာဘ် ပေးသနားလျှင်လည်း ဤကိုယ်အဖြစ်၌ အသက်မွေးနိုင်လောက်ရုံမျှသော ဥစ္စာကိုသာ ပေးသနားလေရာ၏။ မြတ်စွာဘုရားအား ပူဇော်ခြင်းသည်ကား ငါ့အတွက်တာ များလှစွာသော ကမ္ဘာအကုဋေတို့၌ အစီးအပွါး ချမ်းသာအလို့ငှါ ဧကန် စွမ်းနိုင်လေရာ၏”-

ဟူ၍ ရဲရဲတောက်အကြံအစည်ဖြစ်ပြီးလျှင် မိမိအသက်ကို မြတ်စွာဘုရားအား စွန့်လှူရန် ဆုံးဖြတ်ချက် ချမှတ်လေတော့သည်။



၂၄၅

     သုမနပန်းသည်သည် “ငါ၏ သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ် မဆုတ်နစ်မီပင် ထိုမုလေးပန်းများကို ပူဇော်မှုပြုပေအံ့”ဟု အလွန်ဝမ်းမြောက်ကာ အလွန်စိတ်တက်ကြွကာ မြတ်စွာဘုရားကို မိမိယူဆောင်လာသော မုလေးပန်းတို့ဖြင့် ပူဇော်လေတော့၏။ ပူဇော်ပုံမှာ-

     (၁) ရှေးဦးစွာ မုလေးပန်း နှစ်ဆုပ်တို့ကို မြတ်စွာဘုရား၏အထက်သို့ ပစ်မြှောက် ပူဇော်လိုက်လေသည်။ ထိုမုလေးပန်းတို့သည် မြတ်စွာဘုရား၏ ဦးခေါင်းတော်အထက်၌ ဗိတာန်မျက်နှာကြက်သဖွယ်ဖြစ်၍ တည်ကြလေကုန်၏။

     (၂) နောက်ထပ် မုလေးပန်း နှစ်ဆုပ်တို့ကို ပစ်မြှောက်လိုက်သောအခါ ထိုမုလေးပန်းတို့သည် မြတ်စွာဘုရား၏ လက်ျာဖက် လက်တော်နံပါးဝယ် ပန်းကန့်လန့်ကာ (= ပန်းဝတ်ထည်လွှာ)အသွင်ဖြင့် သက်ဆင်း ကျရောက်ကာ တည်ကြလေကုန်၏။

     (၃) နောက်ထပ် မုလေးပန်း နှစ်ဆုပ်တို့ကို ပစ်မြှောက်လိုက်သောအခါ ထိုမုလေးပန်းတို့သည် မြတ်စွာဘုရား၏ ကျောတော်ဖက်မှ သက်ဆင်းကျရောက်ကာ ပန်းကန့်လန့်ကာ (= ပန်းဝတ်ထည်လွှာ)အသွင်ဖြင့် တည်ကြလေကုန်၏။

     (၄) နောက်ထပ် မုလေးပန်း နှစ်ဆုပ်တို့ကို ပစ်မြှောက်လိုက် သောအခါ ထိုမုလေးပန်းတို့သည် မြတ်စွာဘုရား၏ လက်ဝဲဖက် လက်တော်နံပါးဝယ် ပန်းကန့်လန့်ကာ (= ပန်းဝတ်ထည်လွှာ)အသွင်ဖြင့် သက်ဆင်းကျရောက်ကာ တည်ကြလေကုန်၏။

     ဤသို့လျှင် မုလေးပန်း ရှစ်ကွမ်းစားတို့သည် ရှစ်ဆုပ်ဖြစ်ကြကာ မြတ်စွာဘုရား၏ ဝဲဖက်, ယာဖက်, ကျောဖက်, အထက်ဟူသော လေးဌာနတို့၌ မြတ်စွာဘုရားကို ပန်းမျက်နှာကြက်သဏ္ဌာန် ပန်းကန့်လန့်ကာသဏ္ဌာန် ဝန်းရံ တည်ကြလေကုန်၏။ ရှေ့တော်၌ကား ကြွသွားဝင်စံနိုင်လောက်ရုံ တံခါးပေါက်ဝမျှ ဟင်းလင်းအာကာသ ကျန်ရှိလေသည်၊ မုလေးပန်း၏ အညှာတံတို့သည်ကား အတွင်းသို့ချည်းသာ ရှေးရှုစီရီ ညီညွတ်စွာ



၂၄၆

တည်ကြလေကုန်လျက် ပွင့်ချပ်ပွင့်လွှာတို့ကား အပြင်သို့ချည်းသာ မျက်နှာစီရီ တည်ကြလေကုန်၏။

     သို့ရကား မြတ်စွာဘုရားသည် ငွေထည်ဝတ်လွှာဖြင့် ဝန်းရံအပ်သကဲ့သို့ဖြစ်လျက် ကြွသွားတော်မူလေ၏။ မုလေးပန်းတို့သည် ပကတိအား စိတ်မရှိကြငြားသော်လည်း စိတ်ရှိတော်မူသည့် မြတ်စွာဘုရားကို အမှီပြု၍ စိတ်ရှိသော ပစ္စည်းဝတ္ထုကဲ့သို့ မကွေမကွဲ အောက်သို့လည်း မလျှောကျကြပဲ မြတ်စွာဘုရားရှင်နှင့် အတူတကွသာလျှင် လိုက်ပါသွားကြလေ၏။ မြတ်စွာဘုရား ရပ်တော်မူတိုင်းသော အရပ်၌ မုလေးပန်းတို့သည်လည်း ရပ်ကြကုန်၏။ မြတ်စွာဘုရား၏ ကိုယ်တော်မှလည်း အသိန်းမကသော လျှပ်နွယ်လျှပ်စီးတို့ ပြက်သန်းသည့်ပမာ ရောင်ခြည်တော်တို့ ကွန့်မြူး ထွက်ကြွလေကုန်သည်။ မြတ်စွာဘုရား၏ ရှေ့, နောက်, ၀ဲ, ယာ, ဦးခေါင်းတော်အထက်ဟု ဆိုအပ်သော ငါးဌာနတို့မှ အကြားမလပ် ထွက်ကွန့်သော ရောင်ခြည်တော်တို့တွင် တပါးသော ရောင်ခြည်မျှလည်း ရှေးရှု ဦးတည်ရာ ဦးတည်ရာဌာနဖြင့် မပြေးသွားပဲ အလုံးစုံသော ရောင်ခြည်တော်တို့သည်ပင် မြတ်စွာဘုရားကို လက်ျာရစ် သုံးပတ်လည်ပြီးမှ ထန်းပင်ပျိုလုံးခန့်ပမာဏ ဖြစ်ကြ၍ (ဆတ်ခ်ျလိုက်မီးလုံးကြီးကို ထိုးထားသည်အလား) မြတ်စွာဘုရား၏ ရှေ့မှပင် ပြေးသွားကြလေသည်။ သို့ရကား ရာဇဂြိုဟ်ပြည်အလုံးသည် အုန်းအုန်းကြွက်မျှ ချောက်ချားလျက်ရှိပေ၏။ မြို့တွင်း ၉-ကုဋေ, မြို့ပ ၉-ကုဋေအားဖြင့် လူဦးရေ (၁၈) တဆယ့်ရှစ်ကုဋေတို့အနက် မိန်းမ ယောက်ျား တဦးတယောက်မျှ ဆွမ်းကိုကိုင်ဆောင်လျက် ဆွမ်းလောင်းရန်အတွက် မထွက်သောသူမည်သည် မရှိ။

     လူများအပေါင်းသည် ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော ကြိုးဝါးသံကို ကြုံးဝါးလျက် ပုဆိုးဦးရစ်ပေါင်းအထောင် ပစ်မြှောက်ကြကာ မြတ်စွာဘုရား၏ ရှေ့မှသာလျှင် တစုတရုံးတည်း သွားကြလေသည်။ မြတ်စွာဘုရားသည်လည်း သုမနပန်းသည်၏ ဂုဏ်ကျေးဇူးကို ထင်ရှားအောင် ပြုတော်မူခြင်းငှါ သုံးဂါဝုတ်မျှ



၂၄၇

ပမာဏ ကျယ်ဝန်းသော ရာဇဂြိုဟ်ပြည်အတွင်းဝယ် စည်လည်ရာ လမ်းခရီးမ-ဖြင့်ပင် ကြွချီတော်မူလေ၏။ (ထို့ကြောင့်) သုမနပန်းသည်၏ ကိုယ်အလုံးသည် ပီတိငါးမျိုးဖြင့် ပြည့်ဖြိုးလျက် ရှိပေ၏။

     သုမနပန်းသည်သည် အနည်းငယ်သာလျှင် မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါလှည့်လည်၍ ဆေးဒန်းမြင်းသီလာ ရေအယဉ်၌ ငုပ်လျှိုးသော သူကဲ့သို့ မြတ်စွာဘုရား ရောင်ခြည်တော်တို့၏ အတွင်းသို့ ဝင်ပြီးလျှင် မြတ်စွာဘုရားကို ချီးမွမ်းထောမနာမှု ရိုသေစွာ ရှိခိုးမှုကို ပြု၍ ပန်းတပွင့်မျှမပါ (အချည်းနှီး)သော ခြင်းတောင်းကို စွဲကိုင်ကာ မိမိအိမ်သို့ ပြန်သွားလေ၏။

     အိမ်သို့ ရောက်သောအခါ အိမ်ရှင်မက သုမနပန်းသည်ကို “ပန်းတွေ ဘယ်မှာနည်း”ဟု မေးလတ်သော် “ရှင်မ.. ငါသည် ပန်းများဖြင့် မြတ်စွာဘုရားကို ပူဇော်အပ်ခဲ့လေပြီ”ဟူ၍ သုမနပန်းသည်က ဖြေကြားလေသည်။ တဖန် အိမ်ရှင်မက “အရှင်.. ထိုသို့ဖြစ်လျှင် မင်းကြီးအား ဆက်သရန် ပန်းများအတွက် ယခု အဘယ်သို့ပြုမည်နည်း = ဘယ်လိုလုပ်မည်နည်း”ဟူ၍ မေးပြန်သည်တွင် သုမနပန်းသည်က “မင်းကြီးသည် ငါ့ကို သတ်လိုမူလည်း သတ်စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေ၊ ငါကား မိမိအသက်ကို စွန့်လွှတ်၍ မြတ်စွာဘုရားကို ပန်းများဖြင့် ပူဇော်ခဲ့လေပြီ၊ ငါယူဆောင်ခဲ့သည့် ရှစ်ကွမ်းစားခန့် ပမာဏရှိသော မုလေးပန်း အလုံးစုံတို့သည် ရှစ်ဆုပ်မျှသာ ပမာဏရှိသည် ဖြစ်ကြကုန်၏၊ ဤသို့ဤပုံ အံ့ဖွယ်စုံသည့် ပူဇော်မှုကား ဖြစ်ခဲ့လေပြီ၊ (မိမိတွေ့မြင်ခဲ့သမျှကို အကျယ် ပြောပြလေသည်)။ တိုင်းသားပြည်သူ လူဦးရေ (၁၈) ဆယ့်ရှစ်ကုဋေသည် သာဓုဟစ်အော် ကြွေးကြော်ခြင်း အထောင်တို့ကို ပြုလျက် မြတ်စွာဘုရားနှင့် တပါတည်း လိုက်ပါလှည့်လည်ကြလေသည်၊ ဤယခုကြားရသည့် လူအများ သာဓုဟစ်အော် ကြွေးကြော်သော အသံသည်ကား ငါပန်းပူဇော်ခဲ့သည့် မြတ်စွာဘုရားသခင် ကြွတော်မူရာအရပ်၌ဖြစ်သော



၂၄၈

အသံတည်း” ဟူ၍ မိမိအိမ်ရှင်မကို အားရနှစ်သက်စဖွယ် ပြန်ကြား ပြောဆိုလေသည်။

     ထိုအခါ သုမနပန်းသည်၏ ဇနီးအိမ်ရှင်မသည် အလွန်မိုက်မဲသူဖြစ်ရကား ဤသို့သဘောရှိသော အံ့ဖွယ်သရဲ ထူးကဲလှသည့် တန်ခိုးပြာဋိဟာ၌ သဒ္ဓါရွှန်းစို ကြည်ညိုခြင်းကို မဖြစ်စေနိုင်ပဲ မိမိ၏ အရှင်ဖြစ်သော သုမနပန်းသည်ကို ဆဲဆိုရေရွတ်ပြီးလျှင် “မင်းတို့မည်သည် ကြမ်းတမ်းလှကုန်၏၊ တကြိမ်မျှ အမျက်တော်ရှကြလျှင်ပင် လက်ခြေစသည်ကို ဖြတ်ခြင်းဖြင့် များစွာသော အကျိုးမဲ့ကို ပြုလုပ်တတ်ကြကုန်၏။ သင်ပြုအပ်သော အလုပ်ဖြင့် ငါ့အားလည်း အကျိုးမဲ့ ဖြစ်နိုင်ရာ၏”ဟူ၍ တတွတ်တွတ်ပြောဆိုကာ သားသမီးများကို ခေါ်ဆောင်၍ မင်းကြီး၏နန်းတော်သို့ သွားရောက်၍ မင်းကြီးက ရှေ့တော်သို့ ခေါ်ယူပြီးလျှင် “အဘယ်သို့ ဖြစ်လာသနည်း”ဟု မေးမြန်းအပ်သည်ရှိသော် ပန်းသည်မသည် “အရှင်မင်းကြီး.. ကျွန်တော်မ၏ ခင်ပွန်းသည်ယောက်ျား (သုမန)သည် အရှင်မင်းကြီးတို့အား ဆက်သရမည့် ပန်းတို့ဖြင့် မြတ်စွာဘုရားကို လှူဒါန်းပူဇော်၍ လက်အချည်းနှီး အိမ်သို့ ပြန်လာလတ်သဖြင့် ‘ပန်းတွေ ဘယ်မှာလဲ’ဟု ကျွန်တော်မက မေးမြန်းသည်တွင် ဤမည်သော ဖြစ်ရပ်စကားကို ပြန်ကြားပြောဆိုပါသည်။ ကျွန်တော်မသည် သူ့ကို အမျိုးမျိုး ဆဲဆိုရေရွတ်ပြီးလျှင် ‘မင်းတို့မည်သည် ကြမ်းတမ်းလှကုန်၏။ တကြိမ်မျှ အမျက်တော်ရှကြလျှင်ပင် လက်ခြေစသည်ကို ဖြတ်ခြင်းဖြင့် များစွာသော အကျိုးမဲ့ကိုလည်း ပြုလုပ်တတ်ကြကုန်၏။ သင်ပြုအပ်သော အလုပ်ဖြင့် ငါ့အားလည်း အကျိုးမဲ့ ဖြစ်နိုင်ရာ၏’ဟု ပြောဆိုဆူပူကာ သူ့ကိုစွန့်လွှတ်၍ ဤရွှေနန်းတော်သို့ လာရောက်ခဲ့ပါသည်။ သူပြုသော အမှုသည် ကောင်းသောအမှုပင် ဖြစ်ဖြစ်၊ မကောင်းသောအမှုပင် ဖြစ်ဖြစ်၊ထိုအမှုသည် သူ၏အမှုသာ ဖြစ်ပါသည်။ မြတ်သောမင်းကြီး.. အကျွန်ုပ်သည် ထိုလင်ယောက်ျားအား စွန့်ပစ်အပ်ပြီး (=ကွာရှင်းအပ်ပြီး) ဖြစ်သည်ကို အရှင်မင်းကြီးသည် ကြိုတင် သိရှိထားတော်မူပါဘုရား”ဟူ၍ လျှောက်ထား ပြောဆိုလေသည်။



၂၄၉

     ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ရာဇဂြိုဟ်ပြည်အနီး ထန်းပင်ပျိုဥယျာဉ်၌ ရှေးဦးစွာ ဖူးမြင်ရကတည်းကပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လျက် ရတနာသုံးပါး၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်း သဒ္ဓါတရားရှိသူ အရိယာသာဝက ဖြစ်ရကား “ဩ.. ဤမိန်းမသည် အလွန်အကဲ မိုက်မဲလှဘိ၏။ ဤသို့သဘောရှိသည့် အံ့ဖွယ်သရဲ ထူးကဲမြင့်မြတ်စွာသော ဂုဏ်ကျေးဇူးတော်မြတ်၌ ကြည်ညိုခြင်း (=သဒ္ဓါ)တရားကို မဖြစ်ပွါးစေနိုင်ပေ”ဟူ၍ ကြံစည်တော်မူပြီးလျှင် အမျက်မထွက်သော်လည်း အမျက်ထွက်သည့်အယောင် ဟန်ဆောင်လျက် “အမိ.. သင်သည် ‘ငါ့အား ဆက်သရမည့် ပန်းများဖြင့် သင့်ယောက်ျား သုမနသည် မြတ်စွာဘုရားရှင်ကို ပူဇော်အပ်၏’ဟူ၍ လျှောက်ထားလိုက်သလော”ဟု မေးမြန်းလေသော် ပန်းသည်မသည် “မှန်ပါသည် အရှင်မင်းကြီး..”ဟူ၍ ပြန်ကြား လျှောက်ထားလေသည်။

     မင်းကြီးသည် “အမိ.. ထိုသုမနပန်းသည် လင်ယောက်ျားကို စွန့်ပစ် (=ကွာရှင်း)လိုက်သော အမိသည် ကောင်းသောအမှုကို ပြုအပ်ပေ၏။ ငါ့အား ဆက်သရမည့် ပန်းတို့ဖြင့် မြတ်စွာဘုရားအား ပူဇော်မှုကိုပြုသော မောင်သုမနအပေါ်၌ ပြုလုပ်သင့်သော မင်းပြစ်စိုးဒဏ်ကို ဆင်ခြင်စဉ်းစားပေတော့”ဟု ပရိယာယ် စကား ပြောကြားကာ ထိုပန်းသည်မကို ပြန်လွှတ်လိုက်ပြီးလျှင် မြတ်စွာဘုရား အထံတော်သို့ လျင်မြန်စွာ သွားရောက်ရှိခိုး၍ မြတ်စွာဘုရားနှင့် အတူတကွသာလျှင် နောက်တော်မှ လှည့်လည် လိုက်ပါလေ၏။

     မြတ်စွာဘုရားရှင်သည် ဗိမ္ဗိသာရမင်းကြီး၏ စိတ်တော်ရွှန်းစို ကြည်ညိုလှခြင်းကို သိတော်မူ၍ စည်လည်သော လမ်းမအတိုင်း မြို့ကို လှည့်လည် ကြွတော်မူပြီးလျှင် မင်းကြီး၏ နန်းတော်တံခါးသို့ ကြွသွား ဆိုက်ရောက်တော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားရှင်၏ လက်တော်မှ သပိတ်ကို ယူဆောင်၍ မြတ်စွာဘုရားကို ရွှေနန်းတော်သို့ ကြွဝင်စေလိုသော အလိုဆန္ဒရှိ၏။ သို့သော်လည်း မြတ်စွာဘုရားသည် မင်းယင်ပြင်



၂၅၀

(=နန်းတော်မြေကွက်လပ်)၌ပင် နေထိုင် သီတင်းသုံးတော်မူမည့် အခြင်းအရာကို ပြတော်မူ၏။ မင်းကြီးသည် ထိုအခြင်းအရာကို သိရှိ၍ “အချင်းတို့.. မဏ္ဍပ်ကို လျင်မြန်စွာ ဆောက်လုပ်ကြလော့”ဟု ပြောဆိုနှိုးဆော်လျက် ထိုခဏမှာပင် ရတနာမဏ္ဍပ်ကို ဆောက်လုပ်ပြီးစီးစေလေ၏။

     မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော်အပေါင်းနှင့်တကွ ရတနာမဏ္ဍပ်အတွင်း ခင်းထားအပ်သော နေရာ၌ နေထိုင်တော်မူလေ၏။

(ဤ၌။ ။မြတ်စွာဘုရားသည် အဘယ့်ကြောင့် ရွှေနန်းတော်အတွင်းသို့ ကြွဝင်တော်မမူပါသနည်းဟူ၍ မေးဖွယ်ရှိ၏။ အဖြေကား.. မြတ်စွာဘုရား၏ စိတ်သန္တာန်ဝယ် ငါဘုရား နန်းတော်တွင်းသို့ဝင်၍ ထိုင်နေလျှင် (၁၈) တဆယ့်ရှစ်ကုဋေ ဗိုလ်ခြေလူထုတို့ ငါဘုရားကို ဖူးမြော်ခွင့် ရကြတော့မည် မဟုတ်ချေ။ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည်လည်း ထင်ရှားတော့မည် မဟုတ်ချေ၊ မင်းယင်ပြင်၌ ထိုင်နေလတ်သော်ကား ငါဘုရားကို လူအများ ဖူးမြော်ခွင့် ရကြပေလိမ့်မည်။ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည်လည်း ပေါ်လွင်ထင်ရှားပေလိမ့်မည်”ဟူ၍ အကြံတော် ဖြစ်ရှိလေသည်။ (ထို့ကြောင့် ရွှေနန်းတော်အတွင်းသို့ ကြွဝင်တော်မမူဟု ဆိုလိုသည်)။ ။မှန်၏- ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားတို့သာ ထင်ရှားအောင် ပြုတော်မူနိုင်ကုန်၏၊ ကျန်လူများကား ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုသည်ရှိသော် ဝန်တိုတတ်၏)။

     မြတ်ဘုရားသခင် ရတနာမဏ္ဍပ်အတွင်း ခင်းထားအပ်သော နေရာ၌ နေထိုင်တော်မူမိလျှင်ပင် ပန်းဝတ်လွှာကြီး လေးချပ်တို့သည် အသက်ရှိသည့် ဝတ္ထုအလား ပရိသတ်၏ အစွန်အဖျား အရပ်လေးမျက်နှာ၌ သွားရောက် တည်နေကြလေ၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို ထက်ဝန်းကျင်မှ ဝန်းဝိုင်းခြံရံကာ ကောင်းစွာ တည်ကြလေသည်။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းတော် အပေါင်းကို မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးလေ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးလတ်သော် အနုမောဒနာတရား



၂၅၁

ဟောကြားတော်မူပြီးလျှင် ရှေးနည်းအတူပင် ပန်းဝတ်လွှာ လေးချပ်တို့ ၀ဲယာနောက်ထက် လေးမျက်နှာ ခြံရံအပ်လျက် ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော ကြုံးဝါးသံကို ကြုံးဝါးသည့် လူများအပေါင်း ခြံရံလျက် ဝေဠုဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။

     ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားသခင်ကို လိုက်ပါပို့ခဲ့၍ ပြန်နစ်ပြီးသော် သုမနပန်းသည်ကို ခေါ်စေ၍ “ငါ့အတွက် ယူဆောင်လာသော ပန်းတို့ဖြင့် အဘယ်သို့ပြု၍ (=ဘယ်လိုလုပ်၍) မြတ်စွာဘုရားကို ပူဇော်သနည်း”ဟူ၍ မေးလတ်သော် သုမနပန်းသည်သည် “အရှင်မင်းကြီး.. ငါ့ကို မင်းကြီးသည် သတ်လိုလည်း သတ်စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေဟု အောက်မေ့ကာ အသက်ကိုစွန့်၍ အကျွန်ုပ် ပူဇော်ခဲ့ပါပြီ”ဟူ၍ ပြန်ကြား လျှောက်ထားလေသည်။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် “သင်ကား ယောက်ျားမြတ် ပီသပါပေသည်”ဟု ဝမ်းမြောက်ဝမ်းသာစကား မိန့်ကြားတော်မူပြီးလျှင် ဆင်တော် ရှစ်စီး, မြင်းတော် ရှစ်စီး, ကျွန်ယောက်ျား ရှစ်ယောက်, ကျွန်မိန်းမ ရှစ်ယောက်, အဆင်တန်းဆာကြီး ရှစ်စုံ, အသပြာ ရှစ်ထောင်တို့ကို ရွှေနန်းတော်မှ ထုတ်ဆောင်စေပြီးလျှင် ဝတ်စားစုံလင် တန်းဆာဆင်ပြီးသော အမျိုးသမီးရှစ်ယောက်, ရွာဆုကြီးရှစ်ဆု ဤသို့ စသည်ဖြင့် အလုံးစုံ ရှစ်မျိုး ရှစ်မျိုးစီရှိသော (=သဗ္ဗဋ္ဌက) ဆုပေးမှုကို ပြုတော်မူလေသည်။

မြတ်ဘုရား ဗျာဒိတ်စကား မိန့်ကြားတော်မူခြင်း

     ထိုအခါ အရှင်အာနန္ဒာ မထေရ်မြတ်သည် “ယနေ့ နံနက်စောစောမှစ၍ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော ကြုံးဝါးသံပေါင်း အထောင်တို့သည်၎င်း, ပုဆိုး ဦးရစ် ခေါင်းပေါင်း ပစ်မြှောက် ကြဲဖြန့်ခြင်း အထောင်တို့သည်၎င်း အံ့ဖွယ်သရဲ ထူးကဲစွာ ဖြစ်ကုန်၏၊ သုမနပန်းသည်၏ ခံစံရမည့်အကျိုးကား အဘယ်သို့များ ဖြစ်မည်နည်း”ဟု ကြံစည်ပြီးလျှင် မြတ်စွာဘုရားကို



၂၅၂

ထိုအကြောင်းကို မေးမြန်း လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ဤသုမနပန်းသည်သည် အနည်းငယ်မျှသော ကောင်းမှုကံကို ပြုအပ်ပြီဟူ၍ မမှတ်လင့်။ မှန်ပေ၏- ဤသုမနပန်းသည်သည် မိမိအသက်ကို ရက်ရက်ကြည်ဖြူ စွန့်လှူ၍ ငါဘုရားအား ပန်းပူဇော်မှုကို ပြုပေ၏။ ထိုသုမနပန်းသည်သည် ငါဘုရား၌ စိတ်ကို ကြည်ညိုစေ၍-

ကပ္ပါနံ သတသဟဿံ၊

ဒုဂ္ဂတိံ န ဂမိဿတိ။

ဌတွာ ဒေဝမနုဿေသု၊

ဖလံ ဧတဿ ကမ္မုနော။

ပစ္ဆာ ပစ္စေကသမ္ဗုဒ္ဓေါ၊

သုမနော နာမ ဘဝိဿတိ။

ကမ္ဘာတသိန်းပတ်လုံး အပါယ်ဘုမ္မိ ဒုဂ္ဂတိသို့ မလားရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌သာ အဖန်ဖန် ကျင်လည် တည်နေကာ ထိုမုလေးပန်းအလှူ ကောင်းမှုကုသိုလ်ကံ၏ အကျိုးကို (ခံစံပြီးလျှင်) နောက်အခါ၌ သုမနအမည်ရှိသော ပစ္စေကဗုဒ္ဓါသခင် ဖြစ်ပေလိမ့်မည်”-

ဟူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

(အထူးမှတ်သားရန်ကား.. မြတ်စွာဘုရားကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတိုက်တော်သို့ ရောက်၍ ဂန္ဓကုဋီကျောင်းတော်သို့ ဝင်တော်မူသောအခါ၌ ထိုမုလေးပန်းတို့သည် တံခါးမုခ်၌ အစုအပုံလိုက် ကျလျက် ကျန်ရစ်ခဲ့လေကုန်၏)။

     ထိုနေ့ ညနေချမ်းအခါ၌ ရဟန်းတို့သည် ဓမ္မသဘာ (=တရားဆွေးနွေးရာ ဓမ္မာရုံကျောင်းဆောင်)၌ ညီမူစည်းဝေးကြပြီးလျှင် “ငါ့ရှင်တို့.. သုမနပန်းသည်၏ ကောင်းမှုကုသိုလ်ကံကား ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့၊ သက်တော်ထင်ရှား



၂၅၃

မြတ်စွာဘုရားအား မိမိအသက်ကို စွန့်လှူ၍ မုလေးပန်းတို့ဖြင့် ပူဇော်မှုပြုသောကြောင့် ထိုခဏမှာပင် ဒိဋ္ဌဓမ္မအကျိုးရကာ သဗ္ဗဋ္ဌကအမည်ရှိသော သက်ရှိသက်မဲ့ ဆုလာဘ်ပစ္စည်း တမျိုးတမျိုးလျှင် ရှစ်ခုစီ ရှစ်ခုစီ အရေအတွက်ရှိသော ဆုလာဘ်ကို မင်းကြီးထံမှ ရပေ၏”ဟူ၍ ချီးမွမ်းစကား ပြောကြား ဖြစ်စေကြကုန်၏။

     မြတ်စွာဘုရားသည် ဂန္ဓကုဋီတိုက်တော်မှ ထွက်ခဲ့၍ ဓမ္မသဘာသို့ ကြွတော်မူကာ ဗုဒ္ဓါသန ဓမ္မပလ္လင်၌ သီတင်းသုံး ထိုင်နေတော်မူပြီးလျှင် “ရဟန်းတို့.. သင်တို့သည် ယခု ငါဘုရား ကြွလာသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟု မေးတော်မူ၍ “ဤမည်သောစကားဖြင့် စည်းဝေးညီမူ၍ နေကြပါကြောင်း” ရဟန်းအပေါင်းတို့က ပြန်ကြား လျှောက်ထားအပ်သည်ရှိသော် မြတ်စွာဘုရားရှင်သည် “မှန်ပေသည် ရဟန်းတို့.. အကြင်အမှုကို ပြုလုပ်အပ်သည်၏ အဖြစ်ကြောင့် နောင်တတဖန် ပူပန်ရခြင်း မဖြစ်နိုင်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းသော ခဏ၌ ဝမ်းမြောက်ရခြင်းသာလျှင် ဖြစ်၏။ ဤသို့သဘောရှိသော အမှုကို ပြုသင့်လှသည်သာ”ဟူ၍ မိန့်တော်မူကာ ရှေ့နောက်စကား အနုသန္ဓေကို ဆက်စပ်၍ တရားဟောတော်မူလိုရကား-

တဉ္စ ကမ္မံ ကတံ သာဓု၊

ယံ ကတွာ နာနုတပ္ပတိ။

ယဿ ပတီတော သုမနော၊

ဝိပါကံ ပဋိသေဝတိ။

အကြင်အမှုကို ပြုလုပ်ပြီးသော် နောင်တတဖန် မပူပန်ရ၊ အကြင်အမှု၏ အကျိုးဝိပါက်ကို နှစ်သက်ဝမ်းမြောက်ခြင်းရှိလျက် (ထိုအမှုရှင်သည်) ခံစားမှီဝဲ သုံးစွဲရ၏။ ပြုအပ်သော ထိုအမှုကား အပြစ်မရှိ ကောင်းမြတ်လှပေ၏-

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူ၏။



၂၅၄

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ တရားသိမြင် ကျွတ်တမ်းဝင်ခြင်း ဖြစ်လေသည်။

သုမနပန်းသည်အကြောင်း ပြီး၏။

**********

ကောသလမင်းကြီး၏ ပုရောဟိတ်ဟောင်း အဂ္ဂိဒတ္တရသေ့စသော ရသေ့တထောင်တို့အား ဆုံးမချေချွတ်တော်မူခြင်းအကြောင်း

     ဗဟုံ ဝေ ယရဏံ ယန္တိ- အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် သဲပုံ၏အနီး၌ နေထိုင်သော (ကောသလမင်းကြီး၏ ပုရောဟိတ်ဟောင်း) အဂ္ဂိဒတ္တမည်သော ရသေ့ကို အကြောင်းပြု၍ ဟောတော်မူ၏။

(ဤ၌။ ။အဂ္ဂိဒတ္တရသေ့၏ နေရာကား အင်္ဂတိုင်း, မဂဓတိုင်း, ကုရုတိုင်း ဤတိုင်းသုံးခုတို့၏ အကြား၌ ဖြစ်သောကြောင့် ရာဇဂြိုဟ်ပြည်နှင့် နီးစပ်သဖြင့် ရာဇဂြိုဟ်ပြည်ဝယ် မြတ်စွာဘုရား ဝါကပ်သောအခဏ်း၌ ဤအဂ္ဂိဒတ္တဝတ္ထုကို ထုတ်ဆောင်ရန် ဆရာကြီးဦးလင်း မာတိကာထားခဲ့သည်ဟု ယူဆရန်ရှိသည်)။

     အဂ္ဂိဒတ္တပုဏ္ဏားကား ပသေနဒီကောသလမင်းကြီး၏ ခမည်းတော် မဟာကောသလမင်းကြီး၏ ပုရောဟိတ် ဖြစ်၏။ ခမည်းတော် မဟာကောသလမင်းကြီး နတ်ရွာစံလတ်သော် သားတော် ပသေနဒီကောသလမင်းသည် အဂ္ဂိဒတ္တ ပုရောဟိတ်ဆရာကြီးကို “ဤဆရာကြီးကား ငါ့ခမည်းတော်၏ဆရာ ပုရောဟိတ် ဖြစ်ပေသည်”ဟု ရိုသေလေးစားသောအားဖြင့် ပုရောဟိတ်ရာထူး၌ပင် ထား၍ ထိုအဂ္ဂိဒတ္တ ပုရောဟိတ်ဆရာကြီး မိမိထံသို့ ခစားဆည်းကပ်ရန် လာလတ်သောအခါ တရိုတသေ ခရီးဦးကြိုဆိုမှု ပြုပေ၏။ “ဆရာကြီး.. ဤနေရာ၌ ထိုင်နေတော်မူပါ”ဟု ပြောဆိုကာ နေရာတူကို ပေး၏။

     တနေ့သ၌ အဂ္ဂိဒတ္တဆရာကြီးသည် “ဤပသေနဒီ ကောသလမင်းသည် ငါ့အပေါ်၌ အလွန်ပင် ရိုသေမှုကို ပြုပေ၏၊ သို့သော်လည်း



၂၅၅

ပြည့်ရှင်မင်းတို့၏ စိတ်ကို အမြဲတစေ မိမိအလိုပါအောင် ဆွဲဆောင်ယူငင်ခြင်းငှါ မစွမ်းနိုင်၊ မှန်၏- အရွယ်တူသူ ပုရောဟိတ်နှင့် တကွသာလျှင် မင်းချမ်းသာမည်သည် ချမ်းသာခြင်း ဖြစ်နိုင်၏။ ငါတမူကား အရွယ်ကြီးရင့်ခဲ့လေပြီ၊ ငါ့အတွက်တာ ရသေ့ရဟန်းပြုမှသာ သင့်လျော်လျောက်ပတ်မည်”ဟု ကြံစည်ပြီးလျှင် မင်းကြီးကို မိမိရဟန်းပြုရန် ခွင့်ပြုစေ၍ (ခွင့်ပန်၍) သာဝတ္ထိပြည်အတွင်း စည်လည်စေပြီး၍ ခုနစ်ရက်အတွင်းမှာပင် အလုံးစုံသော မိမိ၏ဥစ္စာကို စွန့်လှူပြီးနောက် သာသနာပြင်ပ ရသေ့ရဟန်း ပြုလုပ်လေသည်။

     ထိုအဂ္ဂိဒတ္တဆရာကြီးကို အမှီပြု၍ နောက်လိုက် ယောက်ျားပေါင်း တသောင်းတို့သည်လည်း ရသေ့ရဟန်း ပြုကြကုန်၏။ အဂ္ဂိဒတ္တ ရသေ့ဆရာကြီးသည် ထိုတပည့် နောက်လိုက်ရသေ့ပေါင်း တသောင်းတို့နှင့် အတူတကွ အင်္ဂတိုင်း, မဂဓတိုင်း, ကုရုတိုင်း ဤတိုင်းသုံးခုတို့၏ အကြား၌ နေထိုင်၍ “တပည့်တို့.. ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့တွင် တပါးပါးကို ကြံစည်မိသော ရသေ့သည် မြစ်အတွင်းမှ သဲတထုပ် တထုပ် ထမ်းဆောင်ပြီးလျှင် ဤနေရာ၌ ပုံရမည်”ဟူ၍ ဤအဆုံးအမကို ပေး၏။ ထိုတပည့်ရသေ့ တသောင်းတို့သည်လည်း ကောင်းပါပြီဟု ဝန်ခံ၍ မိမိတို့သန္တာန်ဝယ် ကာမဝိတက်စသည်တို့ ဖြစ်ပွါးသောအခါ ဆရာကြီး၏ ဩဝါဒအတိုင်း သဲတထုပ် တထုပ် ထမ်းဆောင်၍ ထိုဆရာကြီး ညွှန်ပြသောနေရာ၌ စုပုံထားခြင်း တည်းဟူသော ဒဏ်ထမ်းမှုကို ပြုကြကုန်၏။ ထိုသို့ ပြုဖန်များလတ်ရကား နောက်တချိန်၌ သဲပုံကြီးဖြစ်၍ လာလေ၏။

     ထိုသဲပုံကြီးကို အဟိဆတ္တမည်သော နဂါးမင်းသည် လွှမ်းမိုး စိုးအုပ်၍ နေ၏။ အင်္ဂတိုင်း, မဂဓတိုင်း, ကုရုတိုင်း ဤတိုင်းကြီးသုံးခု၌ နေထိုင်ကြသော လူအပေါင်းတို့သည် လစဉ် လစဉ် ထိုရသေ့တို့အား များစွာသော ပူဇော်ဖွယ်ဝတ္ထုကို ဆောင်ယူခဲ့ကြ၍ အလှူဒါန ပေးလှူကြကုန်၏။ ထိုအခါ ထိုလူအပေါင်းအား အဂ္ဂိဒတ္တ ရသေ့ဆရာကြီးသည် “တပည့်တို့..



၂၅၆

တောင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ တောကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ အရာမ်ဥယျာဉ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ သစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့။ ဤသို့ တောင်, တော, ဥယျာဉ်, သစ်ပင်များကို ကိုးကွယ် ဆည်းကပ်ကြကုန်သည်ရှိသော် တပည့်တို့သည် ခပ်သိမ်းသော ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပေလိမ့်မည်”ဟူ၍ ဤအဆုံးအမ ဩဝါဒကို ပေး၏။ မိမိ၏ တပည့်ရသေ့ တသောင်းတို့ကိုလည်း ဤအဆုံးအမဖြင့်ပင် ဆုံးမလေသည်။

     မြတ်စွာဘုရားအလောင်းတော် (သိဒ္ဓတ္ထမင်းသား)သည်လည်း တောထွက်၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူကာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ထို(အဂ္ဂိဒတ္တ ရသေ့ဆရာကြီး မိမိ၏တပည့်များကို အလွဲလွဲအမှားမှား အဆုံးအမ ဩဝါဒပေးကာ ခေတ်စားနေသော) အခါ၌ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် မိုးသောက်အားကြီး လင်းခါနီး၌ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်မြတ်၏ ရွှေဉာဏ်တော် ကွန်ရက်အတွင်းသို့ တပည့်ရသေ့ပေါင်း တသောင်းတို့နှင့်တကွ အဂ္ဂိဒတ္တ ရသေ့ဆရာကြီး ဝင်ရောက်သည်ကို မြင်တော်မူလတ်၍ “ဤရသေ့အားလုံးတို့သည်ပင် အရဟတ္တဖိုလ်ကိုရကြောင်း ရှေးကောင်းမှု ဥပနိဿယနှင့် ပြည့်စုံကြသူများ ဖြစ်ကုန်သည်”ဟု ဆင်ခြင် သိမြင်တော်မူကာ ညနေချမ်းအချိန်၌ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “ချစ်သားမောဂ္ဂလာန်.. လူများအပေါင်းကို နိဗ္ဗာန်ဆိပ်ကမ်းမဟုတ်သော အကျင့်လမ်း၌ ပြေးဆင်းသက်ဝင် စေနေသည့် အဂ္ဂိဒတ္တရသေ့ကို သင်ချစ်သား အဘယ့်ကြောင့် လျစ်လျူပြု ကြည့်ရှုနေဘိသနည်း၊ ချစ်သား.. သွားပါချေ။ ထိုရသေ့တို့အား အဆုံးအမ ဩဝါဒကို ပေးပါလေလော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။

     ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုရသေ့တို့ကား အရေအတွက်အားဖြင့်



၂၅၇

များလှပါကုန်သည်၊ အကျွန်ုပ်တဦးတည်း၏ ဩဝါဒကို ခံယူကြလိမ့်မည် မဟုတ်ပါကုန်၊ ရှင်တော်ဘုရား တို့လည်း ကြွလာတော်မူပါကုန်မူ ဩဝါဒကို ခံယူကြလိမ့်မည် ဖြစ်ပါကုန်သည်”ဟူ၍ ပြန်ကြား လျှောက်ထားလေသော် မြတ်စွာဘုရားသည် “ချစ်သား မောဂ္ဂလာန်.. ငါဘုရားလည်း လာခဲ့မည်၊ သင်ချစ်သားသည် အလျင်ရှေးဦး သွားရောက် ဆုံးမနှင့်ချေလော့”ဟူ၍ မိန့်ဆိုတော်မူ၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်သည် မြတ်စွာဘုရား၏ အမိန့်တော်အတိုင်း အလျင်ရှေးဦး သွားရောက်တော်မူစဉ်ပင် “ဤရသေ့တို့ကား များလည်းများ အားလည်း ကြီးမားကြကုန်၏၊ အကယ်၍ ထိုရသေ့အားလုံး စုရုံးစည်းဝေးနေရာဌာန၌ တစုံတခု ဩဝါဒစကားကို မိန့်ကြားမည်ဆိုလျှင် ထိုရသေ့အားလုံးသည် အစုလိုက် အပြုံလိုက် ထကြွသောင်းကျန်းကြပေလိမ့်မည်”ဟု ကြံစည်တော်မူပြီးလျှင် ကိုယ်တော်မြတ်၏ အာနုဘော်ဖြင့် ရေလုံးရေပေါက်ကြီးစွာသော မိုးကြီးကို ရွာသွန်းစေတော်မူလေ၏။ ထိုရသေ့တို့သည် မိုးပေါက်ကြီးများ ကျရောက်လတ်ကုန်သည်ရှိသော် အစီအရီ ထကာ ထကာ မိမိ မိမိ၏ သင်္ခမ်းကျောင်းသို့ ဝင်ကြလေကုန်၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် အဂ္ဂိဒတ္တ ရသေ့ဆရာကြီး၏ သင်္ခမ်းကျောင်းတံခါးဝ၌ ရပ်တည်တော်မူ၍ “အို အဂ္ဂိဒတ္တ..”ဟူ၍ ခေါ်လိုက်လေသည်။ အဂ္ဂိဒတ္တ ရသေ့ဆရာကြီးသည် အရှင်မောဂ္ဂလာန်မထေရ်၏ အသံကို ကြားလိုက်လျှင်ပင် “ဤလောက၌ ငါ့ကို (အဂ္ဂိဒတ္တ-ဟူသော) အမည်ဖြင့် ခေါ်စွမ်းနိုင်သောသူမည်သည် မရှိချေ၊ ဘယ်သူကများ ငါ့ကို (အဂ္ဂိဒတ္တဟူသော) အမည်ဖြင့် ခေါ်ဘိသနည်း”ဟု မာန်မာန ခက်ထန်လှရကား “ငါ့ကို အမည်ထုတ်ဖော် ဤယခု ခေါ်လိုက်သောသူကား အဘယ်သူနည်း”ဟူ၍ ပြန်လည် မေးမြန်းလိုက်လေသည်။ “ငါပါ အဂ္ဂိဒတ္တပုဏ္ဏား..”ဟူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်က မိန့်ကြားတော်မူလေသော် “အဘယ်ကို ပြောလိုသနည်း



၂၅၈

= ဘာပြောချင်၍နည်း”ဟူ၍ အဂ္ဂိဒတ္တ ရသေ့ဆရာကြီးက မေးပြန်လေသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်က “အဂ္ဂိဒတ္တပုဏ္ဏား.. ယနေ့တညဉ့်တာမျှ ဤအရပ်ဝယ် ငါ့အတွက်တာ နေရာအရပ်ကို ပြောကြားစေချင်ပါသည်”ဟူ၍ သာယာညှင်းပျောင်းစကား ပြောကြားလတ်သည်တွင် အဂ္ဂိဒတ္တပုဏ္ဏားသည် “ဤအရပ်၌ သင်နေဖွယ်ရာ အရပ်ဌာန (အအားအလပ်ဟူ၍) မရှိ၊ ရသေ့ တဦးတဦးလျှင် သင်္ခမ်းကျောင်း တကျောင်းစီ တကျောင်းစီသာ ရှိသည်”ဟူ၍ ပြတ်ပြတ်တောင်းတောင်း ပြောကြားလိုက်လေသည်။

     ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် “အို အဂ္ဂိဒတ္တ.. လူတို့၏ထံသို့ လူများ လာကြမြဲဓမ္မတာ ဖြစ်ပါသည်၊ နွားတို့၏ထံသို့ နွားများ လာကြမြဲဓမ္မတာ ဖြစ်ပါသည်၊ ရဟန်းတို့၏ထံသို့ ရဟန်းများ လာကြမြဲဓမ္မတာ ဖြစ်ပါသည်၊ ဤသို့ မပြုပါလင့်၊ (=ဒီလို မလုပ်နှင့်)၊ ငါ့အတွက်တာ ယနေ့တညဉ့်တာမျှ နေရာတခုတော့ ပေးပါလော့”ဟူ၍ ပြောဆိုလေသော် အဂ္ဂိဒတ္တ ရသေ့ဆရာကြီးသည် “သင်သည် ရဟန်းလော”ဟူ၍ မေးလေသည်။ “အိမ်း.. ငါ ရဟန်းဖြစ်သည်”ဟူ၍ အရှင်မောဂ္ဂလာန်က ဖြေကြားတော်မူလတ်သော် အဂ္ဂိဒတ္တ ရသေ့ဆရာကြီးသည် “သင်သည် အကယ်၍ ရဟန်းဖြစ်အံ့၊ သင်၏ ရသေ့ပရိက္ခရာ ဘဏ္ဍာများကား အဘယ်မှာနည်း၊ သင်၏ ရဟန်းအသုံးအဆောင် ပရိက္ခရာသည် အဘယ်နည်း”ဟူ၍ ထပ်ဆင့် မေးပြန်လေသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် အို ပုဏ္ဏား.. ငါ့မှာ ရဟန်းအသုံးအဆောင် ပရိက္ခရာများ ရှိပါ၏။ သို့သော်လည်း ‘ထိုရဟန်းအသုံးအဆောင်များကို သီးခြားယူဆောင်ကာ လှည့်လည်သွားလာရန် ဆင်းရဲလှ၏’ဟု ကြံစည် ဆင်ခြင်မိကာ ကိုယ်တွင်းဖြင့်သာလျှင် ထိုရဟန်းအသုံးအဆောင်ကို ယူဆောင် လှည့်လည်ပေ၏”ဟူ၍ လေးနက်စွာ ဖြေကြားတော်မူလေသော် အဂ္ဂိဒတ္တ ရသေ့ကြီးသည် “ရဟန်းအသုံးအဆောင်ကို ယူဆောင်ကာ



၂၅၉

မလှည့်လည်ကောင်းရလား”ဟု အောက်မေ့ကာ အရှင်မောဂ္ဂလာန် မထေရ်မြတ်အား အမျက်ထွက် (=စိတ်ဆိုး)လေ၏။

     ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် (ရသေ့၏ စိတ်အကြံကို သိရှိတော်မူကာ) “အို အဂ္ဂိဒတ္တ.. ငါတို့ကို စိတ်မဆိုးပါလင့်၊ ငါ၏တွက်တာ နေရာဌာနကိုသာ သင် ညွှန်ကြား ပြောဆိုစေချင်ပါသည်”ဟူ၍ မိန့်ကြားတော်မူလေလျှင် “ဤအရပ်၌ သင့်အတွက်တာ နေရာဌာနမရှိ”ဟူ၍ အဂ္ဂိဒတ္တရသေ့သည် တိုတိုတောင်းတောင်း ပြောဆိုလေသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က သဲပုံကြီးကို ညွှန်ပြကာ “ထိုသဲပုံကြီး၌ကား အဘယ်သူ နေသနည်း”ဟူ၍ စိတ်ရှည်စွာထား၍ မေးတော်မူလေသော် အဂ္ဂိဒတ္တရသေ့က “နဂါးမင်းတကောင် နေသည်”ဟူ၍ တိုတောင်းစွာပင် ပြောဆိုလေသည်။ တဖန် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က “ထိုသဲပုံနေရာကို ငါ့အား ပေးပါလော့”ဟူ၍ မိန့်ဆိုတော်မူလေသော် အဂ္ဂိဒတ္တရသေ့သည် “ငါပေးခြင်းငှါ မစွမ်းနိုင် = နေပါဟူ၍ မပေးဝံ့၊ ထိုနဂါးမင်း၏အမှုကား ပြင်းထန်ကြောက်ရွံ့ဖွယ် ကောင်းလှ၏”ဟူ၍ မိမိအပေါ် တာဝန်မရှိရန် ပြောဆိုလေ၏။ “ရှိပါစေ၊ သင်ကသာ ငါ့အား ထိုနေရာကို ပေးပါလော့”ဟူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က မိန့်ဆိုတော်မူလတ်သော် အဂ္ဂိဒတ္တရသေ့သည် “ထိုသို့တပြီးကား သင်သည်ပင်လျှင် နေသင့် မနေသင့်ကို စဉ်းစားသိရှိပါလော့”ဟူ၍ ပြောဆိုလေ၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် သဲပုံကြီးသို့ ရှေးရှု ကြွတော်မူလေသော် အဟိဆတ္တနဂါးမင်းသည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် ကြွလာသည်ကို မြင်လတ်၍ “ဤရဟန်းကား ဤငါ၏နေရာ သဲပုံသို့ ရှေးရှုလာလတ်၏၊ ဤသဲပုံ၌ ငါရှိနေသည်ကို သိပုံမရချေ။ ထိုရဟန်းကို ငါကား အခိုးလွှတ်၍ သတ်ပေအံ့”ဟု ကြံစည်ကာ အခိုးတထောင်းထောင်း လွှတ်လေတော့၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် “ဤနဂါးမင်းကား ငါသာလျှင် အခိုးလွှက်နိုင်၏၊ တပါးသူတို့သည်



၂၆၀

အခိုးမလွှတ်နိုင်ဟူ၍ အောက်မေ့ မှတ်ထင်ပုံရသည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ကိုယ်တိုင်ကလည်း အခိုးတလူလူ လွှတ်တော်မူလေ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်နှင့် အဟိဆတ္တနဂါးမင်း နှစ်ဦးတို့၏ ကိုယ်မှ တလူလူထွက်သော အခိုးတို့သည် ဗြဟ္မာ့ပြည်တိုင်အောင် တခဲနက် ပြန့်နှံ့၍ တက်ကြလေကုန်၏။ အခိုးနှစ်မျိုးလုံးပင် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မနှိပ်စက်နိုင်ပဲ အဟိဆတ္တနဂါးမင်းကိုသာ နှိပ်စက်ကြကုန်၏။

     အဟိဆတ္တနဂါးမင်းသည် အခိုးအဟုန်ကိုမခံနိုင်ရကား ဒေါသအမျက် ပြင်းစွာထွက်ကာ အလျှံတပြောင်ပြောင် လွှတ်လေတော့၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်လည်း တေဇောကသိဏဈာန် (=တေဇောကသိုဏ်းလျှင် အာရုံရှိသော ရူပါဝစရကြိယာ စတုတ္ထဈာန်)ကို ဝင်စားတော်မူ၍ ထိုနဂါးမင်းနှင့် ပြိုင်လျက်သာလျှင် မီးအလျှံတပြောင်ပြောင် လွှတ်တော်မူလေ၏။ မီးအလျှံတို့သည်ကား ဗြဟ္မာ့ပြည်တိုင်အောင် ပြန့်နှံ့၍ တက်ကုန်၏။ မီးအလျှံ နှစ်မျိုးလုံးတို့ပင် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မနှိပ်စက်နိုင်ပဲ အဟိဆတ္တနဂါးမင်းကိုသာ နှိပ်စက်ကြကုန်၏။ ထိုအခါ အဟိဆတ္တနဂါးမင်း၏ ကိုယ်အလုံးသည် မီးဟုန်းဟုန်း တောက်သကဲ့သို့ ရှိလေ၏။ အဂ္ဂိဒတ္တ ရသေ့ဆရာကြီးနှင့်တကွ တပည့်ရသေ့အပေါင်းသည် မီးဟုန်းဟုန်း တောက်လောင်နေသည်ကိုသာ မြင်ကြ၍ “နဂါးမင်းသည် ရဟန်းကို မီးဟုန်းဟုန်း တောက်စေလေပြီ၊ ရဟန်းသည် ငါတို့စကားကို နားမထောင်သည့်အတွက် ပျက်စီးခြင်းမလှ ပျက်စီးရလေပြီ၊ ကောင်းလေစွာ့”ဟူ၍ အလွဲလွဲ အမှားမှား ကြံစည်ကြလေကုန်သည်။

     အရှင်မဟာမောဂ္ဂလာန် မထေရ်သည် အဟိဆတ္တနဂါးမင်းကို ဆုံးမ၍ မာန်မာနကင်းအောင် ပြုတော်မူပြီးသော် သဲပုံကြီးအပေါ်၌ ထိုင်နေတော်မူလေ၏။ အဟိဆတ္တနဂါးမင်းသည် သဲပုံကြီးကို မိမိအခွေတို့ဖြင့် ဝန်းရံပတ်ပြီးလျှင် စုလစ်မွန်ချွန် အထွတ်တပ်သည့် စရပ်တိုက်ခန်းအဝန်း ပမာဏရှိသည့် ပါးပျဉ်းကြီးကို



၂၆၁

ဖန်ဆင်း၍ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ကိုယ်တော်အထက်၌ ဆောင်းမိုး၍ ထားလေ၏။

     ရသေ့အပေါင်းတို့သည် စောစီးစွာပင်လျှင် “ရဟန်း၏ သေသောအဖြစ် မသေသော အဖြစ်ကို သိအောင် စုံစမ်းကုန်အံ့”ဟူ၍ ကြံစည်ကြကာ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်အထံသို့ သွားကြကုန်သည်ရှိသော် သဲပုံကြီးထက်၌ တင့်တယ်စွာ ထိုင်နေတော်မူသော အရှင်မဟာမောဂ္ဂလာန် မထေရ်ကို မြင်ကြ၍ လက်အုပ်ကို ချီမြှောက်ကြကာ အထူးထူး အထွေထွေ ချီးမွမ်းကြကုန်လျက် “အို ရဟန်း.. သင့်ကို နဂါးမင်းက မနှိပ်စက်အပ်ဘူးလော”ဟူ၍ မေးမြန်းကြကုန်၏။ “ငါ၏အပေါ်၌ ပါးပျဉ်းကို ထီးဖြူပမာ အုပ်မိုးကာ တည်နေသည်ကို သင်တို့ မမြင်ကြဘူးလော”ဟူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က ဖြေကြားတော်မူလတ်သော် ထိုရသေ့တို့သည် “အို အချင်းတို့.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့၊ ရဟန်းသည် ဤသို့စဉ် တန်ခိုးကြီးလှသော နဂါးမင်းကို နှိပ်နင်း ဆုံးမအပ်လေပြီ”ဟု ပြောဆိုကြကာ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို ဝန်းရံ၍ တည်ကြလေကုန်၏။

     ထိုခဏ၌ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် မြတ်စွာဘုရားကိုမြင်၍ နေရာမှထပြီးလျှင် ရိုသေမြတ်နိုး ရှိခိုးလေ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို ရသေ့အပေါင်းတို့က “ဤရဟန်းကြီးက သင့်ထက် မြတ်သလော”ဟူ၍ မေးကြလေသော် မထေရ်မြတ်က “ဤရဟန်းမြတ်ကား ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ငါ၏ဆရာ ဖြစ်တော်မူလေသည်၊ ငါကား ဤမြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်သည်”ဟူ၍ ဖြေကြားတော်မူလေသည်။

     မြတ်စွာဘုရားသည် သဲပုံကြီးအထက်၌ ထိုင်နေတော်မူ၏။ ရသေ့အပေါင်းသည် “ဤနဂါးမင်းကို နှိမ်နင်းဆုံးမခြင်းကား တပည့်သာဝက၏ တန်ခိုးအာနုဘော်သာ ဖြစ်သေးသည်၊



၂၆၂

တန်ခိုးကြီးမြတ်သော ရဟန်း၏ဆရာ ဤမြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း”ဟူ၍ လက်အုပ်ကိုယ်စီ ချီမြှောက်ကြကာ မြတ်စွာဘုရားကို ချီးမွမ်းစကား ပြောကြားကြလေ၏။ မြတ်စွာဘုရားသည် အဂ္ဂိဒတ္တ ရသေ့ဆရာကြီးကို တရားနာခံအဖြစ် ခေါ်တော်မူပြီးလျှင် “အဂ္ဂိဒတ္တ.. သင်သည် သင့်တပည့်များအား၎င်း, အလုပ်အကျွေး ဒါယကာများအား၎င်း အဆုံးအမ ဩဝါဒကို ပေးသည်ရှိသော် အဘယ်သို့ပြောဆို၍ ပေးသနည်း”ဟု မေးတော်မူလေ၏။

     ထိုအခါ အဂ္ဂိဒတ္တ ရသေ့ဆရာကြီးက “မြတ်စွာဘုရား.. အကျွန်ုပ်သည် ‘တပည့်တို့.. သင်တို့သည် ထိုတောင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ ထိုတောကို, ထိုအရာမ်ဥယျာဉ်ကို, ထိုသစ်ပင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လော့၊ မှန်ပေ၏- ထိုတောင်, တော, အရာမ်ဥယျာဉ်, သစ်ပင်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောသူသည် ခပ်သိမ်းသော ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏”ဟူ၍ တပည့်ရသေ့များ အလုပ်အကျွေး ဒါယကာများအား အဆုံးအမ ဩဝါဒကို ပေးပါသည်”ဟူ၍ အမှန်အတိုင်း ပြန်ကြား လျှောက်ထားလတ်သော် မြတ်စွာဘုရားသည်-

“အဂ္ဂိဒတ္တ.. ထိုတောင်, တော, အရာမ်ဥယျာဉ်, သစ်ပင်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောသူသည် ခပ်သိမ်းသော ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်သည်မဟုတ်။ အမှန်စင်စစ်သော်ကား မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, သံဃာတော်ကို၎င်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်သော်သာလျှင် ခပ်သိမ်းသော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏-

ဟူ၍ မိန့်ဆိုတော်မူပြီးလျှင် ဤ၅-ဂါထာတို့ကို ဟောကြားတော်မူလေသည်။



၂၆၃

(၁) ဗဟုံ ဝေ သရဏံ ယန္တိ၊

ပဗ္ဗတာနိ ဝနာနိ စ။

အာရာမရုက္ခစေတျာနိ၊

မနုဿာ ဘယတဇ္ဇိတာ။

(အဂ္ဂိဒတ္တ = အဂ္ဂိဒတ္တရသေ့..။) ဘယတဇ္ဇိတာ = ထိုထိုဘေးဖြင့် ခြိမ်းချောက်အပ်ကုန်သော။ မနုဿာ = လူတို့သည်။ ဝေ = စင်စစ်။ ဗဟုံ = များစွာ။ ပဗ္ဗတာနိ စ = ဣသိဂိလိတောင်, ဝေပုလ္လတောင်, ဝေဘာရ- စသော တောင်တို့ကို၎င်း။ ဝနာနိ စ = မဟာဝုန်တော, ဂေါသိင်္ဂအင်ကြင်းတော စသည်တို့ကို၎င်း။ အာရာမရုက္ခစေတျာနိ စ = ဝေဠုဝန်ဥယျာဉ်, ဇီဝကသရက်ဥယျာဉ် အစရှိသော အရာမ်ဥယျာဉ်များ, ဥဒေန နတ်ကွန်းသစ်ပင်, ဂေါတမ နတ်ကွန်းသစ်ပင်စသော သစ်ပင်များကို၎င်း။ သရဏံ = ကိုးကွယ်ရာဟူ၍။ ယန္တိ = ဆည်းကပ်ကြကုန်၏။

(၂) နေတံ ခေါ သရဏံ ခေမံ၊

နေတံ သရဏမုတ္တမံ။

နေတံ သရဏမာဂမ္မ၊

သဗ္ဗဒုက္ခာ ပမုစ္စတိ။

(အဂ္ဂိဒတ္တ = အဂ္ဂိဒတ္တရသေ့..။) ဧတံ = ဤတောင်တောဥယျာဉ် သစ်ပင်တို့ကို ကိုးကွယ်ခြင်းသည်။ ခေမံ = ဘေးကင်းသော။ သရဏံ = ကိုးကွယ်ခြင်းသည်။ = မဟုတ်။ ဧတံ = ဤတောင်တောဥယျာဉ် သစ်ပင်တို့ကို ကိုးကွယ်ခြင်းသည်။ ဥတ္တမံ = မြတ်သော။ သရဏံ = ကိုးကွယ်ခြင်းသည်။ = မဟုတ်။ ဧတံ သရဏံ = ဤတောင်တောဥယျာဉ် သစ်ပင်တို့ကို ကိုးကွယ်ခြင်းကို။ အာဂမ္မ = အစွဲပြု၍။ သဗ္ဗဒုက္ခာ = ခပ်သိမ်းသော ဆင်းရဲဒုက္ခမှ။ န မုစ္စတိ = မလွတ်မြောက်နိုင်။



၂၆၄

(၃) ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊

သံဃဉ္စ သရဏံ ဂတော။

စတ္တာရိ အရိယသစ္စာနိ၊

သမ္မပ္ပညာယ ပဿတိ။


(၄) ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊

ဒုက္ခဿ စ အတိက္ကမံ။

အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊

ဒုက္ခူပသမဂါမိနံ။

(အဂ္ဂိဒတ္တ = အဂ္ဂိဒတ္တရသေ့..။) ယော စ = အရိယာဂိုဏ်းဝင် အကြင် လူရှင်ရဟန်းသည်ကား။ ဗုဒ္ဓဉ္စ = မြတ်စွာဘုရားကို၎င်း။ ဓမ္မဉ္စ = တရားတော်ကို၎င်း။ သံဃဉ္စ = သံဃာတော်ကို၎င်း။ သရဏံ = ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဂတော = လောကုတ္တရာ သရဏဂုံ စိတ္တုပ္ပဒ်ဖြင့် ဆည်းကပ်ကိုးကွယ်၏။ ဒုက္ခံ = တေဘူမကဝဋ် တည်းဟူသော ဒုက္ခသစ္စာ၎င်း။ ဒုက္ခသမုပ္ပါဒံ = ဒုက္ခဖြစ်ကြောင်း မကောင်းသောတဏှာ သမုဒယသစ္စာ၎င်း။ ဒုက္ခဿ အတိက္ကမံ စ = ဒုက္ခကို လွန်မြောက်ရာ နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာ၎င်း။ ဒုက္ခူပသမဂါမိနံ = ဒုက္ခငြိမ်းရာ နိရောဓသစ္စာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ အရိယံ = ဖြူစင်သော။ အဋ္ဌင်္ဂိကံ မဂ္ဂံ စ = သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသည်ရှစ်ဖြာ အဋ္ဌင်္ဂိကမဂ် တည်းဟူသော မဂ္ဂသစ္စာ၎င်း။ (ဣတိ = ဤသို့။) စတ္တာရိ = လေးပါးကုန်သော။ အရိယသစ္စာနိ = အရိယာဖြစ်အောင် ပြုဆောင်တတ်ငြား သစ္စာတရားတို့ကို။ သမ္မာ = မဖောက်မပြန်။ ပညာယ = လောကုတ္တရာ မဂ်ပညာဖြင့်။ ပဿတိ = မျက်မှောက်ထင်ထင် သိမြင်၏။

(၅) ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။

ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။



၂၆၅

(အဂ္ဂိဒတ္တ = အဂ္ဂိဒတ္တရသေ့..။) ခေါ = စင်စစ်။ ဧတံ = အရိယာနွယ်ဇာတ် ပုဂ္ဂိုလ်မြတ်၏ သုံးရပ်သင်္ချာ ရတနာကို သဒ္ဓါဖြိုးကြွယ် ဤသို့ ဆည်းကပ် ကိုးကွယ်ခြင်းသည်။ ခေမံ = ဘေးကင်းသော။ သရဏံ = ကိုးကွယ်ဆည်းကပ်ခြင်း မည်ပေ၏။ ဧတံ = အရိယာနွယ်ဇာတ် ပုဂ္ဂိုလ်မြတ်၏ သုံးရပ်သင်္ချာ ရတနာကို သဒ္ဓါဖြိုးကြွယ် ဤသို့ ဆည်းကပ် ကိုးကွယ်ခြင်းသည်။ ဥတ္တမံ = မြတ်သော။ သရဏံ = ကိုးကွယ်ဆည်းကပ်ခြင်း မည်ပေ၏။ ဧတံ သရဏံ = အရိယာနွယ်ဇာတ် ပုဂ္ဂိုလ်မြတ်၏ သုံးရပ်သင်္ချာ ရတနာကို သဒ္ဓါဖြိုးကြွယ် ဤသို့ ဆည်းကပ် ကိုးကွယ်ခြင်းကို။ အာဂမ္မ = အစွဲပြု၍။ သဗ္ဗဒုက္ခာ = ခပ်သိမ်းသော ၀ဋ်ဆင်းရဲမှ။ ပမုစ္စတိ = လွတ်မြောက်နိုင်ပေ၏။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ ထိုအလုံးစုံသော ရသေ့တို့သည် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှင်ရဟန်းအဖြစ်ကို တောင်းခံကြကုန်၏။ မြတ်စွာဘုရားရှင်သည်လည်း သင်္ကန်းတော်တွင်းမှ ရွှေလက်တော်ကို ဆန့်တန်း၍ “ဧထ ဘိက္ခဝေါ = ရဟန်း တို့.. လာကြလော့၊ စရထ ဗြဟ္မစရိယံ = သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြကုန်လော့”ဟူ၍ ဧဟိဘိက္ခု ခေါ်တော်မူလေ၏။

     ထိုအလုံးစုံသော ဆရာနှင့် တပည့်ရသေ့အပေါင်းတို့သည် ထိုခဏမှာပင် ပရိက္ခရာရှစ်ပါးကို အရံသင့် ဆင်မြန်းဝတ်ရုံပြီး ဖြစ်ကြကာ အဝါခြောက်ဆယ် (=သက်တော် ရှစ်ဆယ်)ရှိသော မထေရ်ကြီးများပမာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက်သာ ရပ်တည်ကြလေကုန်၏။

     ထိုရသေ့အပေါင်းတို့ ရဟန္တာဖြစ်ကြကာ ဧဟိဘိက္ခုရဟန်း ဖြစ်ကြသောနေ့ကား အလုံးစုံသော အင်္ဂတိုင်းသူတိုင်းသား, မဂဓတိုင်းသူတိုင်းသား, ကုရုတိုင်းသူတိုင်းသား လူအများတို့



၂၆၆

ပူဇော်ဖွယ်ဝတ္ထုများကို ယူဆောင်ကြကာ ရသေ့ရှိနေရာ အရာမ်သို့ တပေါင်းတည်း လာရောက်ကြသောနေ့ ဖြစ်ပေ၏။ ထိုလူများ အပေါင်းတို့သည် ပူဇော်ဖွယ်ဝတ္ထုတို့ကို ယူဆောင်ကြကာ လာလတ်ကုန်သည်ရှိသော် ထိုရသေ့အပေါင်းတို့ ရဟန်းပြုကြသည်တို့ကို မြင်ကြရ၍ “အသို့နည်း (=ဘယ့်နှယ်လဲ) ငါတို့၏ဆရာ အဂ္ဂိဒတ္တရသေ့ကြီးကပင် မြတ်လေသလော၊ သို့မဟုတ် ရဟန်းကြီးဂေါတမကပင် မြတ်လေသလော”ဟု ကြံစည်ကြသည်တွင် တဖန် ဆက်၍ “ရဟန်းကြီးဂေါတမက ငါတို့ဆရာ အဂ္ဂိဒတ္တရသေ့ကြီး ရှိရာသို့ လာရောက်ရကား ငါတို့ဆရာ အဂ္ဂိဒတ္တရသေ့ကြီးကသာ မြတ်ပေ၏”ဟု ထင်မှတ်ကြလေကုန်သည်။

     မြတ်စွာဘုရားသည် ထိုလူများအပေါင်း၏ အလိုအဇ္ဈာသယကို ကြည့်ရှု သိမြင်တော်မူ၍ “ချစ်သားအဂ္ဂိဒတ္တ.. သင့်ပရိသတ်၏ ယုံမှားခြင်းကို သင်ချစ်သားပင် ဖြတ်တောက်လော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။ အဂ္ဂိဒတ္တရဟန်းကလည်း “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား.. တပည့်တော်သည်လည်း ပရိသတ်၏ ယုံမှားကို ပယ်ဖျက်ရန်ပင် လိုလားတောင့်တလျက် ရှိပါ၏ဘုရား”ဟူ၍ လျှောက်ထားပြီးလျှင် တန်ခိုးအစွမ်းဖြင့် ခုနစ်ကြိမ်တိုင်တိုင် ကောင်းကင်သို့ ပျံတက်၍ အဖန်ဖန် သက်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “သတ္ထာ မေ ဘန္တေ ဘဂဝါ၊ သာဝကောဟမသ္မိ = ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား.. မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာသခင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်ကား ရှင်တော်ဘုရား၏ တပည့်သာဝက ဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ဆိုကာ မိမိက မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်ကြောင်းကို ထင်ရှား ပြလေတော့သတည်း*

အဂ္ဂိဒတ္တရသေ့အကြောင်း ပြီး၏။


     * ဤဝတ္ထုကား ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ ၁၄-ဗုဒ္ဓဝဂ်၊ စာမျက်နှာ ၁၅၆-မှစ၍ လာရှိ၏။



၂၆၇

ဇမ္ဗုကရဟန်းအကြောင်း

     (မာသေ မာသေ ကုသဂ္ဂေန) အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် ဇမ္ဗုကအမည်ရှိသော တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ဇမ္ဗုက၏ ရှေးမကောင်းမှု

     လွန်လေပြီးသောအခါ ကဿပမြတ်စွာ လက်ထက်တော်အခါ၌ တောရွာနေ သူကြွယ်တယောက်သည် မထေရ်တပါးအတွက် ကျောင်းဆောက်လုပ်ပြီးလျှင် ထိုမိမိဆောက်လုပ်သည့် ကျောင်း၌ နေထိုင်သော ကျောင်းနေအာဝါသိက မထေရ်ကို သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ဖြင့် အမြဲမပြတ် ဆက်ကပ်ပြုစု လုပ်ကျွေးလျက် ရှိပေ၏။ ကျောင်းနေအာဂါသိက မထေရ်သည် ထိုသူကြွယ်၏အိမ်၌ အမြဲနေ့စဉ် ဆွမ်းဘုဉ်းပေးကြွရ၏။

     ထို့နောက် တနေ့သ၌ ရဟန္တာမထေရ်မြတ်ကြီး တပါးသည် ဆွမ်းခံ လှည့်လည်တော်မူလာသည်ရှိသော် ထိုသူကြွယ်၏ အိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာလေသည်။ သူကြွယ်သည် ရဟန္တာမထေရ်မြတ်ကို ဖူးမြော်ရ၍ ထိုရဟန္တာမထေရ်မြတ်၏ ဣရိယာပုထ်၌ အလွန်ကြည်ညိုလှရကား အိမ်တွင်းသို့ ပင့်ဆောင်ပြီးလျှင် မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်ဖြင့် ရိုသေစွာ ဆက်ကပ်လုပ်ကျွေး၍ “အရှင်ဘုရား.. ဤသင်္ကန်းလျာပုဆိုးကို ချုပ်ဆိုးမှုပြု၍ ဝတ်ရုံသုံးဆောင်တော်မူပါဘုရား”ဟူ၍ လျှောက်ထားကာ အလွန်ကောင်းမြတ်သော သင်္ကန်းလျာပုဆိုးကို လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. အရှင်မြတ်တို့၏ ဆံများကား ရှည်လျားလှပါကုန်ပြီ၊ အရှင်မြတ်တို့၏ ဆံရိတ်ရန်အလို့ငှါ အကျွန်ုပ်သည် ဆေတ္တာသည်ကို ခေါ်ဆောင်ခဲ့ပါမည်။ အရှင်မြတ်တို့ လျောင်းစက်ရန်အလို့ငှါ ညောင်စောင်း (ခဋင်)ကို ယူဆောင်စေ၍ အကျွန်ုပ် လာခဲ့ပါမည်”ဟူ၍ လျှောက်ထားလေ၏။



၂၆၈

     သူကြွယ်အိမ်၌ အမြဲ ဆွမ်းဘုဉ်းပေးကြွသော ကုလူပက အာဝါသိက ရဟန်းသည် မိမိကျောင်းဒါယကာ သူကြွယ်၏ ရဟန္တာအရှင်မြတ်အပေါ်၌ ထိုသို့ မြတ်နိုးကော်ရော် ပူဇော်လှူဒါန်းမှုကို မြင်ရလေလျှင် လာဘမစ္ဆရိယ, ကုလမစ္ဆရိယ အကုသိုလ်တရားများ ဝင်ရောက်လာကာ စိတ်မကြည်မသာဖြစ်၍ နေလေ၏။ “ဤသူကြွယ်သည် ယခုမှ တွေ့မြင်ရသော ဤရဟန်းအား ဤသို့သော ပူဇော်သက္ကာရမှုကို ပြုဘိ၏၊ အိမ်မှာ အမြဲဆွမ်းဘုဉ်းပေးနေသော ငါ့အားမူ ဤသို့ ပူဇော်သက္ကာရမှုကို မပြုပေ”ဟု ကြံစည် စိတ်ဆိုးကာ ကျောင်းသို့ ပြန်သွားလေ၏။

     အာဂန္တု ရဟန္တာ မထေရ်မြတ်ကြီးသည်လည်း ထိုအာဝါသိက ကျောင်းထိုင်ရဟန်းနှင့် အတူတကွပင် ကျောင်းသို့ သွားရောက်ကာ ကျောင်းဒါယကာ သူကြွယ်လှူလိုက်သော သင်္ကန်းလျာပုဆိုးကို ချုပ်ဆိုး ဝတ်ရုံတော်မူလေသည်။ ကျောင်းဒါယကာ သူကြွယ်သည်လည်း ဆေတ္တာသည်ကို ခေါ်ဆောင်၍ ကျောင်းသို့ သွားပြီးလျှင် ရဟန္တာမထေရ်မြတ်၏ ဆံတို့ကို ရိတ်ချစေပြီးနောက် အသင့်ယူဆောင်ခဲ့သော ညောင်စောင်း (ခဋင်)ကို သန့်ပြန့်စွာ ခင်းစေပြီးလျှင် “အရှင်ဘုရား.. ဤညောင်စောင်း၌ပင် ကျိန်းစက်တော်မူပါကုန်ဘုရား”ဟု လျှောက်ထား၍ မထေရ်နှစ်ပါးလုံးကိုပင် နက်ဖြန်ခါ ဆွမ်းစားကြွရန် ပင့်လျှောက်ခဲ့၍ အိမ်သို့ ပြန်သွားလေ၏။

     ကျောင်းထိုင် အာဝါသိကရဟန်းသည် ထိုကျောင်းဒါယကာ သူကြွယ်က အာဂန္တု ရဟန္တာမထေရ်မြတ်အပေါ်၌ ထိုသို့ ပူဇော်သက္ကာရမှု ပြုအပ်သည်ကို သည်းမခံနိုင် မအောင့်အည်းနိုင်ရကား ကုလမစ္ဆရိယ, လာဘမစ္ဆရိယ အကုသိုလ်များ လွှမ်းမိုးနှိပ်စက်လွန်း အားကြီးသဖြင့် ညချမ်းအခါ ရဟန္တာမထေရ်မြတ် ကျိန်းစက်ရာအရပ်သို့ သွားရောက်ပြီးလျှင် ရဟန္တာမထေရ်မြတ်ကို-



၂၆၉

(၁) ငါ့ရှင်အာဂန္တု.. သင့်အတွက်တာ ငါ့ကျောင်းဒကာ သူကြွယ်၏အိမ်၌ ဆွမ်းကို ဘုဉ်းပေးရခြင်းထက် မစင်ကိုစားရခြင်းက မြတ်တုံသေး၏၊

(၂) ငါ့ကျောင်းဒကာသူကြွယ် ခေါ်ဆောင်ခဲ့သော ဆေတ္တာသည်ဖြင့် သင့်ဆံများကို ရိတ်ရခြင်းထက် ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နုတ်စေရခြင်းက မြတ်တုံသေး၏၊

(၃) ငါ့ကျောင်းဒကာသူကြွယ် လှူသောသင်္ကန်းကို ဝတ်ရခြင်းထက် အဝတ်မလွှမ်း (မိမွေးတိုင်း ဖမွေးတိုင်း) အချည်းစည်း လှည့်လည် သွားလာရခြင်းက မြတ်တုံသေး၏၊

(၄) ငါ့ကျောင်းဒကာသူကြွယ် ယူဆောင်လာသော ညောင်စောင်း၌ လျောင်းစက်ရခြင်းထက် မြေကြီးပေါ်၌ အိပ်ရခြင်းက မြတ်တုံသေး၏-

ဟူ၍ လေးမျိုးသော အခြင်းအရာဖြင့် ဆဲရေးစကား ပြောကြားလေ၏။

     ရဟန္တာ မထေရ်မြတ်ကြီးသည်လည်း “ဤသူမိုက်သည် ငါ့ကိုအမှီပြု၍ မပျက်စီးပါစေလင့်”ဟု အောက်မေ့ ဆင်ခြင်တော်မူကာ ကျောင်းဒါယကာသူကြွယ် ဖိတ်ကြားထားသည့်ဆွမ်းကို မခံယူတော့ပဲ စောစောပင်ထ၍ အလိုရှိရာ ချမ်းသာရာအရပ်သို့ ကြွသွားတော်မူလေ၏။

     ကျောင်းထိုင်ရဟန်းသည်လည်း စောစောပင်လျှင် ကျောင်းတိုက်အတွင်း၌ ပြုရန်ရှိသော ဝတ်ကြီးဝတ်ငယ်များကို ပြုလုပ်ပြီးလျှင် ဆွမ်းခံချိန် ရောက်လတ်သောအခါ “ယခုအခါ၌သော်မှလည်း အာဂန္တုရဟန်းပျင်းသည် အိပ်တုန်းရှိသေး၏။ ခေါင်းလောင်းသံဖြင့် နိုးလေရာ၏ (=ခေါင်းလောင်းကို ကျယ်ကျယ်တီးလျှင် နိုးနေလိမ့်မည်)”ဟု အောက်မေ့ကာ မိမိ၏လက်သည်းခွံဖြင့်သာ ခေါင်းလောင်းကို အသာအယာတို့ပြီးလျှင် ရွာတွင်းသို့



၂၇၀

ဆွမ်းအလှူခံ ဝင်လေတော့၏။ ကျောင်းဒါယကာ သူကြွယ်သည်လည်း ပူဇော် လှူဒါန်းဖွယ်များကို ခမ်းနားစွာ စီမံပြီးလျှင် မထေရ်နှစ်ပါး ကြွလာမည့်လမ်းခရီးကို လှမ်းမျှော် ကြည့်ရှုလတ်သော် ကျောင်းထိုင်ရဟန်း တပါးတည်းသာ ကြွလာသည်ကို တွေ့မြင်ရ၍ “အရှင်ဘုရား.. အာဂန္တုမထေရ်မြတ်ကြီး အဘယ်မှာနည်း”ဟူ၍ မေးလေ၏။ ထိုအခါ ကျောင်းထိုင်အာဝါသိက မစ္ဆရိယရဟန်းသည် ကျောင်းဒါယကာ သူကြွယ်ကို “ဒါယကာ.. သင် ဘာကိုမှ မပြောလင့်၊ သင့်ဆရာမထေရ်သည် ယမန်နေ့ သင်ထွက်သွားသည့် အချိန်ကပင် အခန်းတွင်းသို့ဝင်၍ အိပ်နေလိုက်သည်မှာ ငါ စောစောထ၍ ကျောင်း၌ တံမြက်လှည်းသည့်အသံကို၎င်း, သောက်ရေအိုး သုံးရေအိုးတို့၌ သောက်ရေသုံးရေ လောင်းသံကို၎င်း, ဆွမ်းခံချိန်ကျ၍ တီးခတ်သော ခေါင်းလောင်းသံကို၎င်း မသိပေ။ (သို့လောက်စဉ် အအိပ်ကြီးဘိ၏)”ဟူ၍ ပြန်ကြားပြောဆိုလေ၏။

     ထိုအခါ ကျောင်းဒါယကာ သူကြွယ်သည် “ထိုမျှလောက် ကြည်ညိုဖွယ်ကိုဆောင်သော ဣရိယာပုတ်နှင့် ပြည့်စုံတော်မူသော ငါ့အရှင်မြတ်မှာ ဤအချိန်တိုင်အောင် အိပ်စက်ခြင်းမည်သည် ဘယ်နည်းနှင့်မျှ မရှိနိုင်၊ ထိုအရှင်သူမြတ်၏အပေါ်၌ ပူဇော်သက္ကာရမှု ငါပြုသည်ကို မြင်ရ၍ ဤကျောင်းထိုင်အရှင်သည် (မခံမရပ်နိုင်ဖြစ်ကာ) ဧကန္တပင် တစုံတခု အပြစ်တင်စကား ပြောကြားအပ်သည် ဖြစ်ပေလိမ့်မည်”ဟု အမှန်အတိုင်း ကြံစည် စဉ်းစားပြီးလျှင် ကျောင်းဒါယကာ သူကြွယ်သည် ကိုယ်တိုင်က ပညာရှိသူဖြစ်ရကား (ပညာရှိအမျက် အပြင်သို့ မထွက်စေပဲ) ထိုကျောင်းထိုင်ရဟန်းကို ရိုသေစွာ ဆွမ်းကပ်ပြီးလျှင် ထိုကျောင်းထိုင်ရဟန်း၏ သပိတ်ကို တရိုတသေ ဆေးကြော၍ သပိတ်အပြည့် မွန်မြတ်သော ဆွမ်းများကို ထည့်ပြီးလျှင် “အရှင်ဘုရား.. အကယ်၍ တပည့်တော်၏ အရှင်မြတ်ကို တွေ့မြင်တော်မူကြပါလျှင် ဤဆွမ်းကို ထိုအရှင်မြတ်အား လှူဒါန်းတော်မူလိုက်ကြပါဘုရား”ဟူ၍ လျှောက်ထားကာ သပိတ်ကို ကပ်လိုက်လေသည်။



၂၇၁

     ကျောင်းထိုင် အာဝါသိက မစ္ဆရိယရဟန်းသည် ထိုဆွမ်းအပြည့် ထည့်ထားသည့် သပိတ်ကို ယူဆောင်သွားရင်းပင် “ထိုအာဂန္တု ရဟန်းပျင်းသည် အကယ်၍ ဤမျှ ကောင်းမွန်သောဆွမ်းကို စားသုံးနေရလျှင် ဤကျောင်းတိုက်နေရာ၌ပင် တွယ်တာငြိတပ် ကပ်၍နေလိမ့်မည်”ဟု ကြံစည်မှားကာ ထိုဒါယကာလှူလိုက်သော ဆွမ်းကို လမ်းခရီးအကြားမှာပင် စွန့်သွန်ပစ်ခဲ့၍ ရဟန္တာမထေရ်မြတ် သီတင်းသုံးရာ ကျောင်းအရပ်သို့ သွားရောက်၍ ထိုအရပ်၌ ရဟန္တာမထေရ်မြတ်ကို ကြည့်ရှုရှာကြံလတ်သော် မတွေ့မမြင်ရတော့ချေ။

     ထိုအခါ ထိုကျောင်းထိုင် အာဝါသိက မစ္ဆရိယရဟန်းကို ဤမျှ ကြီးကျယ်လှသော (ရဟန္တာအား လှူဒါန်းလိုက်သည့် လာဘ်ကို ဖျက်ဆီးခြင်း) မကောင်းမှု အကုသိုလ်ကံကို ပြုမှားသည့်အတွက် အနှစ်နှစ်သောင်းတို့ပတ်လုံး ကျင့်သုံးအပ်သော ရဟန်းတရားသည်လည်း (အကုသိုလ်အင်အား အလွန်ကြီးမားလှသဖြင့်) စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်တော့ချေ။ သို့ရကား အသက်တမ်း စေ့သောအခါ စုတေ့ကွယ်လွန်၍ မဟာအဝီစိငရဲကြီး၌ ကျရောက်ဖြစ်ပွါးပြီးလျှင် ကဿပ မြတ်စွာဘုရားနှင့် ဂေါတမ မြတ်စွာဘုရားတို့၏အကြား ရှည်လျားလှစွာသော ဗုဒ္ဓန္တရအသင်္ချေ နှစ်ပရိစ္ဆေဒကာလပတ်လုံး ကြီးစွာသော ငရဲဒုက္ခကို ခံစားပြီးနောက် ဤငါတို့မြတ်စွာဘုရား ထင်ရှား ဖြစ်ပွင့်တော်မူသောအခါ၌ ရာဇဂြိုဟ်ပြည်ဝယ် စားဖွယ်သောက်ဖွယ် ပေါများလှသည့် တခုသောအိမ်၌ ဘဝပဋိသန္ဓေ ကပ်ရောက်ဖြစ်ပွါးလာလေ၏။

ဇမ္ဗုက၏ ပစ္စုပ္ပန္နဝဋ်ဒုက္ခ

     ထိုသူငယ်ကို အမိအဖတို့က “ဇမ္ဗုက”ဟူ၍ အမည်မှည့်ခေါ်မှု ပြုကြလေကုန်၏။ ထိုဇမ္ဗုကသည် ခြေဖြင့် သွားနိုင်သောအခါမှစ၍ အိပ်ရာ၌ အိပ်ခြင်းငှါ အလိုမရှိ၊ အစာထမင်းကို စားခြင်းငှါ အလိုမရှိပဲ မိမိ၏ ကိုယ်၏အညစ်အကြေး မစင် (=ချေး)ကိုသာ စားလေတော့၏။ မိဖဆွေမျိုးများသည် “ငယ်သေးသောကြောင့်



၂၇၂

မသိရှာ၍သာ ဤသို့ ပြုရာ၏”ဟု အောက်မေ့ကြကာ ထိုဇမ္ဗုကသူငယ်ကို ကျွေးမွေးသုတ်သင် ပြုပြင်၍ ပေးကြလေသည်။ ထိုဇမ္ဗုကသူငယ်သည် အသက်အရွယ် ကြီးပြင်းလာသော အခါ၌လည်း အဝတ်ကို မဝတ်လိုပဲ အဝတ်မစည်း အချည်းနှီးသာ လှည့်လည်ကျက်စား သွားလာ၏၊ မြေ၌သာ အိပ်၏၊ မိမိ၏ အညစ်အကြေး (=ချေး)ကိုသာ စား၏။

မိဖတို့က တက္ကတွန်းကျောင်းသို့ ပို့ကြခြင်း

     ထိုအခါ ဇမ္ဗုက၏ မိခင်ဖခင်တို့သည် “ဤသူကား ငါတို့ကဲ့သို့သော အမျိုးကောင်းအိမ်နှင့် မလျော်၊ ဤသူကား သက်သက် အရှက်မဲ့သောသူသာဖြစ်၍ တက္ကတွန်း တိတ္ထိတို့အားသာ သင့်လျော် လျောက်ပတ်၏”ဟု ကြံစည်စဉ်းစားကြကာ ထိုဇမ္ဗုကကို တက္ကတွန်းတို့ထံသို့ ခေါ်ဆောင်သွားကြပြီးလျှင် “ဤသူငယ်ကို ရှင်ပြုပေး ကြပါ”ဟု ပြောဆို ပေးအပ်ကြလေကုန်၏။ ထိုအခါ ဇမ္ဗုကကို တက္ကတွန်းတို့သည် ရှင်ပြုပေးကြကုန်၏။ ရှင်ပြုပေးကြပုံမှာ-

     လည်ပင်းပမာဏ နက်သော မြေတွင်း၌ ဇမ္ဗုကကို ချထားကြ၍ ပခုံးစွန်းနှစ်ဖက်အပေါ်၌ (မရုန်းကန်နိုင် မထွက်နိုင်အောင်) ပျဉ်ချပ်များကို ခင်းကြပြီးလျှင် ထိုပျဉ်ချပ်များအပေါ်က ထိုင်နေကြ၍ ထန်းစေ့မှုတ်ပိုင်းဖြင့် ဆံများကို နုတ်ကြလေကုန်၏။ (ဤကား တက္ကတွန်းတို့၏ ရှင်ပြုပေးပုံတည်း)။ ထိုသို့ ရှင်ပြုပေးပြီးနောက် ဇမ္ဗုက၏ မိဖတို့သည် ထိုတက္ကတွန်းတို့ကို နက်ဖြန် ဆွမ်းစားရန်အတွက် ပင့်ဖိတ်၍ ပြန်သွားကြကုန်၏။

     နောက်တနေ့၌ တက္ကတွန်းတို့သည် ဇမ္ဗုကကို “လာလော့၊ ရွာတွင်းသို့ ဝင်ကြကုန်စို့”ဟူ၍ ခေါ်ဆိုကြလေသော် ဇမ္ဗုက-က “သင်တို့သာ သွားကြကုန်လော့၊ ငါကား ဤတက္ကတွန်းကျောင်းတိုက်၌သာ နေရစ်မည်”ဟု ပြောဆို ငြင်းဆန်လေသည်။ ထိုအခါ ဇမ္ဗုကကို တက္ကတွန်းတို့သည် အဖန်ဖန် ခေါ်ပါသော်လည်း မလိုက်ပါလို ငြင်းဆိုနေသည့်အတွက် စွန့်ပစ်ထားခဲ့၍ မြို့တွင်းသို့



၂၇၃

သွားကြလေ၏။ ဇမ္ဗုကသည်လည်း တက္ကတွန်းတို့ သွားကြကြောင်းကို သိရှိကာ ဝစ္စကုဋီ (=အိမ်သာ)၌ တွင်းဖုံးပျဉ်ချပ်ကို ဖွင့်လှပ်ပြီးလျှင် တွင်းထဲသို့ဆင်း၍ လက်နှစ်ဖက်တို့ဖြင့် အားပါးတရ အလုပ်အလုပ်ပြုကာ မစင်ကျင်ကြီးကို စားလေ၏။

     (ထိုအကြောင်းကို မသိကြသည့်အတွက်) တက္ကတွန်း ဆရာကြီးတို့သည် ဇမ္ဗုကအထံသို့ မြို့တွင်းမှနေ၍ အစာထမင်းကို ပို့စေကြကုန်၏။ ထိုဆရာကြီးတို့ပို့လိုက်သည့် အစာထမင်းကိုလည်း ဇမ္ဗုကသည် အလိုမရှိ။ တက္ကတွန်းတို့က စားဖို့ရန် အဖန်ဖန် တိုက်တွန်းစကား ပြောကြားအပ်သော်လည်း “ငါသည် ဤဆွမ်း များကို အလိုမရှိပါ။ ငါ့အတွက်တာ အစာအာဟာရကို ရအပ်ပြီးပါပြီ”ဟူ၍သာ ပြောဆိုလေ၏။ “ဘယ်ကရသနည်း”ဟု တက္ကတွန်းတို့က မေးသောအခါ “ဤကျောင်းတိုက်ထဲမှာပင် ရအပ်ပါပြီ”ဟူ၍ ဆိုလေသည်။ ဤနည်းဖြင့် ဒုတိယနေ့၌၎င်း, တတိယနေ့၌၎င်း, စတုတ္ထနေ့၌၎င်း တက္ကတွန်းတို့က အမျိုးမျိုး မြို့တွင်းသို့လိုက်ပါရန် ခေါ်ဆိုအပ်ပါသော်လည်း “ငါသည် ဤကျောင်းအရာမ်မှာပင် နေရစ်မည်”ဟူ၍သာ ပြောဆိုကာ မြို့တွင်းရွာတွင်းသို့ မလိုက်ပါလိုပဲ ရှိလေ၏။

     ထိုအခါ တက္ကတွန်းတို့သည် “ဤဇမ္ဗုကကား နေ့တိုင်းနေ့တိုင်း မြို့တွင်းရွာတွင်းသို့လည်း မဝင်လို၊ ငါတို့ပို့လိုက်သော အစာထမင်းကိုလည်း မစားသုံးလို၊ ‘ဤကျောင်းအရာမ်၌ပင် ငါ့အတွက်တာ အစာအာဟာရကို ရအပ်ပြီ’ဟူ၍ ပြောဆို၏၊ အဘယ်အမှုကို သင်းပြုလေသနည်း၊ ထိုဇမ္ဗုကကို ငါတို့ စုံစမ်းကုန်အံ့”ဟူ၍ ကြံစည်ကြကာ မြို့တွင်းရွာတွင်းသို့ ဆွမ်းခံဝင်ကြကုန်သည်ရှိသော် တက္ကတွန်း တယောက် နှစ်ယောက်တို့ကို ဇမ္ဗုကအား စုံစမ်းရန် ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုစုံစမ်းရန် တာဝန်ပေးခံရသော တက္ကတွန်းတို့သည် နောက်မှ သွားကြသည့်အယောင် ဟန်ဆောင်ပြုလုပ်ကြ၍ ချောင်းမြောင်း၍ နေကြလေကုန်သည်။ ဇမ္ဗုကသည်လည်း တက္ကတွန်းတို့ ဆွမ်းခံသွားကြပြီဟု မှတ်ထင်ကာ



၂၇၄

ရှေးနေ့များနည်းတူပင်လျှင် ဝစ္စကုဋီ မစင်တွင်းသို့ သက်ဆင်းပြီးလျှင် မစင်ကို စားလေတော့၏။

တက္ကတွန်းကျောင်းမှ နှင်ထုတ်လိုက်ကြခြင်း

     ချောင်း၍နေကြသော တက္ကတွန်းတို့သည် ဇမ္ဗုက၏ အပြုအမူကို ပက်ပင်း တွေ့မြင်ကြ၍ တက္ကတွန်းတို့အား ထိုအကြောင်းကို ပြောကြားကြလေ၏။ ထိုအကြောင်းကို ကြားသိရ၍ တက္ကတွန်းတို့သည် “ဩ ဇမ္ဗုက၏ အလုပ်ကား ဝန်လေးလှဘိ၏၊ အကယ်၍များ ရဟန်းဂေါတမ၏ တပည့်များ ဤအကြောင်းကို သိရှိသွားကြလျှင် ‘တက္ကတွန်းတို့သည် မစင်ကိုစားကြကာ လှည့်လည်နေထိုင်ကြကုန်၏’ဟူ၍ ငါတို့၏ အရှိန်အစော်မဲ့ကို ထင်ရှား ပြောဆိုကြပေလိမ့်မည်။ ဤဇမ္ဗုကကား ငါတို့နှင့် မသင့်လျော်”ဟူ၍ တိုင်ပင်ညီညွတ်ကြကာ ဇမ္ဗုကကို မိမိတို့အထံမှ နှင်ထုတ်လိုက်ကြလေ၏။

     တက္ကတွန်းတို့က နှင်ထုတ်လိုက်သောအခါ ရာဇဂြိုဟ်မြို့သူမြို့သားများ ကျင်ကြီးစွန့်ရာ အရပ်အနီး၌ ခင်းထားအပ်သော ကျောက်ဖျာကြီးတခု ရှိလေသည်၊ ထိုကျောက်ဖျာ၏အနီး၌ ကြီးစွာသော ရေသိုးထုတ်သည့် ကျောက်ပြွန်ကြီးတခု ရှိလေသည်။ ကျောက်ဖျာအပြင်ကို အမှီပြု၍ မြို့သူမြို့သားများ ကျင်ကြီးစွန့်ရာအရပ် ရှိလေသည် (=ကျောက်ဖျာကြီးကို အကာအကွယ်ပြုကာ မြို့သူမြို့သားများ ထို၏အနီး၌ ကျင်ကြီးစွန့်ကြလေသည်)။ ဇမ္ဗုကသည် ထိုကျောက်ဖျာကြီးရှိရာသို့ သွားရောက်ပြီးလျှင် ညဉ့်အခါ၌ လူတို့စွန့်သော မစင်ကိုစား၍ နေ့အခါ လူတို့မစင်စွန့်ရန် လာရောက်ကြသောအခါ လက်တဖက်ဖြင့် ကျောက်ဖျာကြီး၏ အစွန်းတခုကိုထောက်၍ ခြေတဖက်ကို မြှောက်ကာ (ထိုမြှောက်အပ်သောခြေကို) ဒူးထက်၌ တင်ထားပြီးလျှင် အထက် လေသို့ရှေးရှုလျက် ခံတွင်းကိုဖွင့်ဟကာ ရပ်တည်နေလေ၏။

     ကျင်ကြီးအစွန့်လာကြသော လူအပေါင်းသည် ထိုဇမ္ဗုကကို တွေ့မြင်ကြ၍ အနီးသို့ ချဉ်းကပ် ရှိခိုးကြပြီးလျှင် “အရှင်ဘုရား.. အရှင်မြတ်သည် အဘယ့်ကြောင့် ခံတွင်းကို ဖွင့်ဟ၍



၂၇၅

ရပ်တည်ပါသနည်း”ဟူ၍ မေးကြလေသော် ဇမ္ဗုကက “ငါကား လေကိုသာ စားသူဖြစ်၏။ ငါ့မှာ လေမှတပါး အခြား အစာအာဟာရ မရှိ”ဟူ၍ ဝါကြွားပလွှား ပြောကြားလေသည်။ “အရှင်ဘုရား.. ထိုသို့ဖြစ်လျက် အရှင်မြတ်သည် အဘယ့်ကြောင့် ခြေတဖက်ကိုမြှောက်ကာ ဒူးထက်၌ထား၍ ရပ်တည်နေပါသနည်း”ဟူ၍ လူတို့က မေးပြန်လေသော် “ငါကား ထက်မြက်ပြင်းထန်သော အကျင့်ရှိသူ ဖြစ်လေသည်၊ ငါသည် ခြေနှစ်ဖက်လုံးတို့ဖြင့် နင်းအပ်သည်ရှိသော် မြေကြီးသည် ငါ့ဂုဏ်ကို မခံနိုင်ပဲ ပြင်းစွာတုန်လှုပ်၏။ ထို့ကြောင့် ငါသည် ခြေတဖက်ကိုမြှောက်၍ (ထိုခြေကို) ဒူးထက်၌ ထောက်ပြီးလျှင် ရပ်တည်၍နေပေ၏။ မှန်ပေသည်- ငါသည် (ဆိုခဲ့သော မြေလှုပ်မှုအကြောင်းကြောင့်) ညဉ့်ရောနေ့ပါ ရပ်လျက်သာ အချိန်ကို ကုန်ရစေ၏၊ ထိုင်လည်း မထိုင်ပါ၊ အိပ်လည်း မအိပ်ပါ”ဟူ၍ တဖန် ဝါကြွားပလွှား ကြားပြန်လေသည်။

     (လူတို့မည်သည်ကား များသောအားဖြင့် ပြောဆိုသည့် စကားမျှကိုသာ လေးစား ယုံကြည်တတ်ကြကုန်၏။ ဟုတ်လောက် မဟုတ်လောက် ဆင်ခြင်စဉ်းစားသူ နည်းပါးလှကုန်၏)၊ ထို့ကြောင့် “ဩ.. အံ့ဖွယ်ရှိပေစွာ့၊ ဤမျှလောက် ထက်မြက်ပြင်းထန်သည့် အကျင့်ရှိသော ပုဂ္ဂိုလ်များသည် လောက၌ ရှိကြကုန်၏၊ ဤသို့သော အကျင့်ပြင်းထန်သည့် ပုဂ္ဂိုလ်များကို ငါတို့သည် ရှေးက မမြင်ဘူးကြကုန်”ဟူ၍ ချီးမွမ်းစကား ပြောဆိုကြကာ များသောအားဖြင့် အင်္ဂတိုင်းသူတိုင်းသား, မဂဓတိုင်းသူတိုင်းသား လူအများတို့သည် ချောက်ချားတုန်လှုပ် အုတ်အုတ်ကျက်ကျက် ဖြစ်ပြီးလျှင် ဇမ္ဗုကထံသို့ ဆည်းကပ်ကြ၍ လတိုင်း လတိုင်း ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုကြလေကုန်၏။

ဝါကြွားမြဲ ဝါကြွားကာ ဝဋ်ဒုက္ခကို ၅၅-နှစ်ကြာ ခံစားရခြင်း

     ဇမ္ဗုကသည် လူအများက ပူဇော်သက္ကာရမှု ပြုသောအခါ “ငါသည် လေကိုသာလျှင် စား၏၊ လေမှတပါးသော အစာကို ငါမစား၊ မှန်၏- လေမှတပါးသော အစာကို စားမိသည်ရှိသော် ငါ၏အကျင့်သည် ပျက်စီး၏”ဟု ပြောဆိုကာ ထိုလူများ ဆက်ကပ်လာသော



၂၇၆

အစာအာဟာရကောင်း တစုံတခုကိုမျှ အလိုမရှိ ငြင်းဆန်၍သာ နေလေရာ လူအများက “အရှင်ဘုရား.. တပည့်တော်တို့ကို မပျက်စီး မဆုံးရှုံးပါစေလင့်၊ အရှင်ဘုရားကဲ့သို့သော အကျင့်ပြင်းထန်သည့် ပုဂ္ဂိုလ်က သုံးဆောင်မှု ပြုအပ်သည်ရှိသော် တပည့်တော်တို့အတွက်တာ ကာလရှည်ကြာ စီးပွါးချမ်းသာ တိုး တက်ရန် ဖြစ်နိုင်ပါသည်”ဟူ၍ အဖန်ဖန် တောင်းပန်ကြလေသည်။ ဇမ္ဗုကအတွက်မှာကား မစင်မှတပါး အခြားအစာကို မနှစ်သက်ပေ။ သို့သော်လည်း လူများက အကျဉ်းအကြပ် (အတင်းအကြပ်) တောင်းပန်အပ်ရကား ထိုလူများ ယူဆောင်လာသော ထောပတ်, တင်လဲ စသည်တို့ကို သမန်းမြက်ဖျားဖြင့် ခပ်ယူကာ လျှာဖျား၌ ထားပြီးလျှင် “သွားကြလော့၊ သင်တို့အတွက်တာ ဤမျှလောက်ဆိုလျှင် စီးပွါးချမ်းသာ တိုးတက်ရန် ဖြစ်လောက်ပြီ”ဟု ပြောဆို၍ လူများကို လွှတ်လိုက်လေ၏။

     ဤသို့လျှင် ဇမ္ဗုကသည် (၅၅) ငါးဆယ့်ငါးနှစ်ကြာ ကာလပတ်လုံး (ရဟန္တာအား ဆဲရေးခဲ့သည့် အကုသိုလ်ဝဋ်ကြွေး လေးမျိုးကို လိုက်ပါကာ)-

(၁) အဝတ်ကိုလည်း မဝတ်နိုင်

(၂) မစင်ကိုသာ စားလျက်

(၃) ဆံပင်တို့ကိုလည်း ထန်းစေ့မှုတ်ပိုင်းဖြင့်သာနုတ်ကာ

(၄) မြေပေါ်၌ အိပ်လျက်သာ-

အခါကို ကုန်လွန်စေရလေသည်။

(သတိ)။ ။

နှုတ်မယဉ်ကျေး၊ ပြောဆိုရေး၊ ဝဋ်ကြွေးကြောက်ဖွယ်ပါတကား။

ဇမ္ဗုကတက္ကတွန်း ကျွတ်တမ်းဝင်ခြင်း

     နေ့စဉ်နေ့စဉ် နံနက်မိုးသောက် အချိန်ရောက်တိုင်း ရောက်တိုင်း ကျွတ်ထိုက်သော သတ္တဝါဝေနေယျကို ကြည့်ရှုဆင်ခြင်တော်မူခြင်းသည်



၂၇၇

မြတ်စွာဘုရားတို့ မစွန့်အပ်သော သဘောဓမ္မတာတခု ဖြစ်ပေ၏။ ထို့ကြောင့် တနေ့သ၌ နံနက်မိုးသောက် အချိန်ရောက်သောအခါ မြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ကျွတ်ထိုက်သော သတ္တဝါဝေနေယျကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သော် မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော် ကွန်ရက်အတွင်း၌ ဇမ္ဗုကတက္ကတွန်းသည် ထင်၍လာလေ၏။ မြတ်စွာဘုရားသည် “မည်သို့ ဖြစ်လိမ့်မည်နည်း”ဟု ဆက်၍ ဆင်ခြင်တော်မူသည်ရှိသော် ဇမ္ဗုကတက္ကတွန်း၏ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်ကို ရနိုင်ကြောင်း ရှေးကောင်းမှုကို မြင်တော်မူလတ်၍ “ငါဘုရားသည် ဤဇမ္ဗုကတက္ကတွန်းကို အစအဦး အမှူးပြု၍ တရားဂါထာတခုကို ဟောဆိုရလိမ့်မည်၊ ဂါထာအဆုံး၌ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း ဖြစ်ပေလိမ့်မည်။ ဤဇမ္ဗုက အမျိုးကောင်းသားကို အမှီပြု၍ လူများအပေါင်းသည် ချမ်းသာခြင်းသို့ ရောက်ကြပေလိမ့်မည်”ဟု ပိုင်းခြားထင်ထင် သိမြင်တော်မူကာ နောက်တနေ့၌ ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် ဆွမ်းခံရာမှ ဖဲခဲ့လတ်၍ အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ငါဘုရားသည် ဇမ္ဗုကတက္ကတွန်းထံသို့ သွားပေအံ့”ဟူ၍ မိန့်တော်မူ၏။

     “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား.. အရှင်ဘုရားတို့ချည်းသာ ကြွသွားတော်မူကြမည်လော”ဟူ၍ အရှင်အာနန္ဒာက မေးလျှောက်သောအခါ မြတ်စွာဘုရား က “အိမ်း ဟုတ်ပေသည် ချစ်သားအာနန္ဒာ.. ငါဘုရား တပါးတည်းသာ ကြွပေအံ့”ဟု မိန့်ဆို၍ မြတ်စွာဘုရားသည် ထိုနေ့ ညနေချမ်းအခါ၌ ဇမ္ဗုကအထံသို့ ကိုယ်တော်တပါးတည်း ကြွသွားတော်မူလေ၏။

     ထိုအခါ သမ္မာဒေ၀ နတ်အပေါင်းတို့သည် “မြတ်စွာဘုရားသခင်သည် ညနေချမ်းအခါ၌ ဇမ္ဗုကတက္ကတွန်း အထံသို့ ကြွတော်မူ၏။ ထိုဇမ္ဗုက တက္ကတွန်းသည်ကား ကျင်ကြီး ကျင်ငယ် ဒန်ပူဟောင်းတို့ဖြင့် မြင်မကောင်း နံမကောင်း စက်ဆုပ်ဖွယ်



၂၇၈

ညစ်နွမ်းသော ကျောက်ဖျာအပြင်၌ နေသူဖြစ်၏၊ မိုးကို ရွာသွန်းချမှ သင့်လျော်တော့မည်”ဟု ကြံစည် စဉ်းစားကြပြီးလျှင် မိမိတို့ အာနုဘော်ဖြင့် ထိုခဏမှာပင် မိုးကြီးသည်းစွာ ရွာသွန်းစေကုန်၏၊ ကျောက်ဖျာကြီးသည် စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းလျက် ရှိချေပြီ။ ထို့နောင်မှ သမ္မာဒေဝ နတ်အပေါင်းတို့သည် ထိုကျောက်ဖျာထက်၌ အဆင်းငါးမျိုးရှိသည့် ပန်းမိုးကို ရွာဖြိုးစေကြကုန်၏။

     မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ ဇမ္ဗုကတက္ကတွန်းအထံသို့ ရောက်တော်မူပြီးသော် “ဇမ္ဗုက..”ဟူ၍ အသံပြုကာ ခေါ်တော်မူလိုက်လေသည်။ ဇမ္ဗုကတက္ကတွန်းသည် “ငါ့ကို ဇမ္ဗုက-ဟူ၍ အမည်ထုတ်ကာ ရင့်သီးစွာ ခေါ်ဆိုလိုက်သော ဤသူယုတ်ကား အဘယ်သူပေနည်း”ဟု ကြံစည်အမျက်ထွက်ကာ “ယခု ငါ့ကိုခေါ်လိုက်သည့် ဤသူကား အဘယ်သူနည်း”ဟု ပြန်၍ မေးလိုက်လေသည်။ “ငါကား ရဟန်းသူမြတ်တည်း”ဟူ၍ မြတ်စွာဘုရားက ဖြေကြားတော်မူလိုက်သောအခါ ဇမ္ဗုကတက္ကတွန်းသည် “အို ရဟန်းကြီး.. အဘယ်ကိစ္စရှိသနည်း”ဟူ၍ မေးမြန်းလေသည်။ “ယနေ့တညဉ့်တာ ဤအရပ်၌ ငါ့အား နေရာဌာနကို ပေးစေချင် ပါသည်”ဟု မြတ်စွာဘုရားက မိန့်ဆိုတော်မူသောအခါ “အို ရဟန်းကြီး.. ဤအရပ်၌ သင့်အားပေးရန် နေရာဌာနမရှိ”ဟူ၍ ဇမ္ဗုကတက္ကတွန်းက ပစ်ပစ်ကာကာ ပြောကြားလိုက်လေသည်။ ထိုအခါ မြတ်စွာဘုရားက “ဇမ္ဗုက.. ဤသို့ မပြုပါလင့် (=ဒီလိုမလုပ်ပါနှင့်)၊ တညဉ့်တွက်တာ နေရာဌာနကို ပေးစေချင်ပါသည်။ ရဟန်းတို့မည်သည် ရဟန်းကို တောင့်တကြစမြဲ ဖြစ်ကုန်၏၊ လူတို့သည် လူကို တောင့်တကြစမြဲ ဖြစ်ကုန်၏၊ သားကောင်တို့သည် သားကောင်ကို တောင့်တကြစမြဲ ဖြစ်ကုန်၏”ဟူ၍ မိန့်ဆိုတော်မူလေသည်။ ဇမ္ဗုကတက္ကတွန်းက “အသို့နည်း သင်သည် ရဟန်းလော”ဟူ၍ တဖန် မေးပြန်သောအခါ မြတ်စွာဘုရားသည် “အိမ်း ငါကား ရဟန်းသူမြတ်တည်း”ဟူ၍ ဖြေကြားတော်မူလေ၏။



၂၇၉

     ထိုအခါ ဇမ္ဗုကတက္ကတွန်းက “သင်သည် အကယ်၍ ရဟန်းသူမြတ်ဖြစ်ခဲ့လျှင် သင်၏ဗူးကား အဘယ်မှာနည်း၊ မီးမွှေယောက်မကား အဘယ်မှာနည်း၊ ယဇ်ပူဇော်သော ချည်ကား အဘယ်မှာနည်း”ဟူ၍ မေးပြန်လေသော် မြတ်စွာဘုရားသည် “ငါ့မှာ သင်မေးသော ဗူး, မီးမွှေယောက်မ, ယဇ်ပူဇော်သောချည်များ ရှိပါ၏။ ထိုဝတ္ထုများကို အသီးအသီး ယူဆောင်ကာ လှည့်လည်သွားလာရခြင်းသည် ဆင်းရဲလှ၏ဟု စဉ်းစားမိကာ ကိုယ်တွင်းဖြင့်သာလျှင် ယူဆောင်ကာ လှည့်လည်သွားလာပေ၏”ဟူ၍ ဖြေကြားတော်မူလေ၏။ ထိုစကားကို ကြားသောအခါ ဇမ္ဗုကတက္ကတွန်းသည် “သင်ကား (ရဟန်းဖြစ်လျက်) ထိုရဟန်းအသုံးအဆောင် ဗူးစသည်ကို မယူဆောင်ပဲ လှည့်လည်ကျက်စား သွားလာဘိ၏”ဟု ပြောဆိုကာ မြတ်စွာဘုရားအား ပြင်းစွာ အမျက်ထွက်လေတော့၏။ ထိုအခါ ဇမ္ဗုကတက္ကတွန်းကို မြတ်စွာဘုရားသည် “ရှိပါစေ ဇမ္မုက.. ငါ့အား အမျက်မထွက်ပါလင့်၊ ငါ့အား နေရာဌာနကိုသာ ပြောကြားစေချင်ပါသည်”ဟူ၍ သာယာညှင်းပျောင်း ပြောဆိုတော်မူပါသော်လည်း ဇမ္ဗုက တက္ကတွန်းသည် “အို ရဟန်းကြီး.. ဤအရပ်၌ သင်နေစရာ နေရာဌာန မရှိ”ဟူ၍သာ ပြတ်ပြတ်တောင်းတောင်း ပြောကြားလေသည်။

     ဇမ္ဗုက၏ နေရာဌာနမှ မနီးမဝေး၌ တောင်ဝှမ်းတခု ရှိလေသည်။ မြတ်စွာဘုရားသည် ထိုတောင်ဝှမ်းကို ညွှန်ပြတော်မူလျက် “ဇမ္ဗုက.. ထိုတောင်ဝှမ်း၌ အဘယ်သူနေသနည်း”ဟူ၍ မေးမြန်းတော်မူလေသော် ဇမ္ဗုကတက္ကတွန်းက “အို ရဟန်းကြီး.. ထိုတောင်ဝှမ်း၌ နေထိုင်သူ တဦးတယောက်မျှ မရှိ”ဟူ၍ ပြန်ကြားလေသည်။ တဖန် မြတ်စွာဘုရားက “ဇမ္ဗုက.. သို့တပြီးကား ထိုတောင်ဝှမ်းနေရာကို ငါ့အား ပေးစေချင်၏”ဟူ၍ မိန့်ဆိုတော်မူလေသော် ဇမ္ဗုကတက္ကတွန်းသည် “အို ရဟန်းကြီး.. သင်၏နေရာကို သင်သာလျှင် သိပါလော့ (=ထိုတောင်ဝှမ်း၌ နေသင့်



၂၈၀

မနေသင့်ကို သင်သာလျှင် ဆင်ခြင်သိရှိပါလော့)”ဟူ၍ (တာဝန်ကိုကား မယူ) ခွင့်ပြုရုံသာ ခွင့်ပြုသောစကားကို ပြန်ကြားပြောဆိုလေ၏။

     မြတ်စွာဘုရားသည် တောင်ဝှမ်း၌ နိသီဒိုင်အခင်းကို ခင်း၍ ထိုင်နေတော်မူလေသည်။ ညဉ့်ဦးယံအခါ စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့သည် အရပ်လေးမျက်နှာကို အရောင်အလင်း တစပ်တည်းဖြစ်အောင် ပြုလုပ်ကြလျက် မြတ်စွာဘုရား၏ထံသို့ ဆည်းကပ်ရန် လာရောက်ကြကုန်၏။ ဇမ္ဗုကတက္ကတွန်းသည် ထိုအရောင်အလင်းကို မြင်၍ “ထိုအရောင်အလင်းကား အဘယ်မည်သော အရောင်အလင်းပေနည်း”ဟူ၍ ကြံစည်စဉ်းစား၍ နေလေ၏။ မဇ္ဈိမယံ၌ သိကြားနတ်မင်း ဆည်းကပ်ရန် လာသောအခါမှာလည်း ဇမ္ဗုကတက္ကတွန်းသည် ရှေးနည်းအတူပင် ကြံစည်စဉ်းစား၍ နေလေ၏။ ပစ္ဆိမယံ၌ လက်တချောင်းဖြင့် စကြဝဠာတတိုက်, လက်နှစ်ချောင်းဖြင့် စကြဝဠာနှစ်တိုက်, လက်ဆယ်ချောင်းတို့ဖြင့် စကြဝဠာ ဆယ်တိုက်တို့ကို ထွန်းလင်းတောက်ပစေခြင်းငှါ စွမ်းနိုင်သော မဟာဗြဟ္မာကြီးသည် တောအုပ်ကြီးတခုလုံးကို တစပ်တည်း ထွန်းလင်းအောင်ပြုလျက် ဆည်းကပ်ရန် လာရောက်လေ၏။ ဇမ္ဗုကတက္ကတွန်းသည် ထိုအရောင်အလင်းကိုလည်းမြင်၍ “ထိုအရောင်အလင်းကား အဘယ်မည်သာ အရောင်အလင်းပေနည်း”ဟု (ရှေးနည်းအတူပင်) ကြံစည်စဉ်းစား၍ နေလေ၏။

     နံနက်စောစောအခါသို့ ရောက်လတ်သော် ဇမ္ဗုကတက္ကတွန်းသည် မြတ်စွာဘုရားအထံတော်သို့ သွားရောက်ချဉ်းကပ်၍ အစေ့အစပ်စကား ပြောကြားပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်လျက် မြတ်စွာဘုရားကို “အိုရဟန်းကြီး.. ညဉ့်ဦးယံအခါ အရပ်လေးမျက်နှာတို့ကို အသီးအသီး ထွန်းလင်း တောက်ပစေ ကုန်လျက် သင်တို့ထံမှောက် လာရောက်ကြသော သူတို့ကား အဘယ်သူတို့ပေနည်း”ဟူ၍ မေးလျှောက်လေသော် မြတ်စွာဘုရားသည် “ဇမ္ဗုက.. ထိုသူတို့ကား စတုမဟာရာဇ် နတ်မင်းကြီးလေးဦးတို့ ဖြစ်ကြသည်”ဟူ၍ မိန့်ကြားဖြေဆိုတော်မူ၏။



၂၈၁

“အဘယ့်ကြောင့် လာရောက်ကြသနည်း”ဟု ဇမ္ဗုကက တဖန် မေးမြန်းပြန်လေသော် “ငါဘုရားကို ဆည်းကပ်ခစား ပြုစုလုပ်ကျွေးရန် လာရောက်ကြသည်”ဟူ၍ မြတ်စွာဘုရားက ပြန်ကြား ဖြေဆိုတော်မူလေသည်။ တဖန်ဆက်၍ ဇမ္ဗုကတက္ကတွန်းက “အို ရဟန်းကြီး.. အသို့နည်း၊ သင်သည် စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့ထက် သာလွန်မြင့်မြတ်သလော”ဟူ၍ မေးမြန်းလေသော် မြတ်စွာဘုရားသည် “အိမ်း ဟုတ်ပေသည် ဇမ္ဗုက.. ငါဘုရားကား စတုမဟာရာဇ်နတ်မင်းကြီး လေးဦးတို့ထက်လည်း သာလွန်မြင့်မြတ်သော တရားမင်းဖြစ်လေသည်”ဟူ၍ ပြန်ကြား ဖြေဆိုတော်မူလေ၏။

     တဖန် ဇမ္ဗုကတက္ကတွန်းက “အို ရဟန်းကြီး.. မဇ္ဈိမယံ၌ လာရောက်သောသူကား အဘယ်သူနည်း”ဟု မေးပြန်လေလျှင် မြတ်စွာဘုရားသည် “သိကြားနတ်မင်း ဖြစ်ပေသည် ဇမ္ဗုက..”ဟု ဖြေကြားတော်မူ၏။ “အဘယ်အကြောင်းကြောင့် လာသနည်း”ဟူ၍ ဇမ္ဗုက-က မေးပြန်လတ်သော် “ငါဘုရားကို ဆည်းကပ်ခစား ပြုစုလုပ်ကျွေးရန် လာရောက်လေသည်”ဟူ၍ မြတ်စွာဘုရားက ဖြေကြားတော်မူလေ၏။ တဖန်ဆက်၍ ဇမ္ဗုကတက္ကတွန်းက “အို ရဟန်းကြီး.. အသို့နည်း၊ သင်သည် သိကြားနတ်မင်းထက်လည်း သာလွန် မြင့်မြတ်လေသလော”ဟူ၍ မေးပြန်လေသော် မြတ်စွာဘုရားသည် “အိမ်း ဟုတ်ပေသည် ဇမ္ဗုက.. ငါဘုရားသည် သိကြားမင်းထက်လည်း သာလွန်မြင့်မြတ်သူ ဖြစ်လေသည်။ ထိုသိကြားမင်းကား ငါဘုရား၏ သူနာပြု (=ဂိလာနုပဋ္ဌာက)ပုဂ္ဂိုလ် ကပ္ပိယကာရက သာမဏေနှင့် တူသောပုဂ္ဂိုလ် ဖြစ်ပေ၏”ဟူ၍ ပြန်ကြား ဖြေဆိုတော်မူလေ၏။

     တဖန် ဇမ္ဗုကတက္ကတွန်းက “အိုရဟန်းကြီး.. ပစ္ဆိမယံ၌ တောအလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် လာရောက်သောသူကား အဘယ်သူနည်း”ဟု မေးပြန်လေလျှင် မြတ်စွာဘုရားသည် “ဇမ္ဗုက.. ထိုနောက်ဆုံး ပစ္ဆိမယံ၌ လာရောက်သောသူကား လောက၌ ပုဏ္ဏားအစရှိသောသူတို့



၂၈၂

ချေဆတ်သောအခါ ချွတ်ချော်တိမ်းလည်းသော အခါများ၌ “နမော မဟာဗြဟ္မုနော = မဟာဗြဟ္မာကြီးအား ရှိခိုးပါ၏”ဟူ၍ တမ်းတမြွက်ဆို ပြောကြားအပ်သည့် မဟာဗြဟ္မာကြီး ဖြစ်ပေသည်”ဟု ဖြေကြားတော်မူ၏။ ထိုအခါ ဇမ္ဗုကတက္ကတွန်းက “အို ရဟန်းကြီး.. အသို့နည်း၊ သင်သည် မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်လေသလော”ဟူ၍ မေးပြန်လေသော် မြတ်စွာဘုရားသည် “အိမ်း ဟုတ်ပေသည် ဇမ္ဗုက.. ငါဘုရားသည် ဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သော ဗြဟ္မာမင်း ဖြစ်လေသည်”ဟူ၍ ပြန်ကြား ဖြေဆိုတော်မူလေ၏။

     ထိုအခါ ဇမ္ဗုကတက္ကတွန်းသည်—

“အို ရဟန်းကြီး.. သင်ကား လက်ဖျစ်တီး၍ အံ့ချီးထိုက်သူ ဖြစ်ပါပေ၏။ နှစ်ပေါင်း (၅၅) ငါးဆယ့်ငါးနှစ်ကြာ ဤအရပ်ဌာန၌ ကျင့်ကြံနေထိုင်သော ငါ့ထံသို့ကား ထိုသူများတွင် တဦးတယောက်မျှ ဆည်းကပ် ခစားရန် မလာဘူးချေ။ မှန်ပေသည်- ငါကား ဤမျှ (၅၅) ငါးဆယ့်ငါးနှစ်ကြာ ကာလပတ်လုံး လေကိုသာ စားလျက် ရပ်တည်၍သာ အခါကို လွန်ခဲ့စေလေပြီ။ ထိုမျှလောက် ကာလပတ်လုံး ထိုနတ်သိကြား ဗြဟ္မာများသည် ငါ့အား ဆည်းကပ်ခစားရန် မလာဘူးကြချေ”-

ဟူ၍ ဝါကြွားပလွှား ပြောကြားမြဲ ပြောကြားလေသော် မြတ်စွာဘုရားသည် ဇမ္ဗုကတက္ကတွန်းကို-

“အို ဇမ္ဗုက.. ဤလောက၌ ဉာဏ်ပညာနည်းပါးသူ လူအပေါင်းကို လှည့်ဖြား၍နေသော သင်သည် ငါဘုရားကိုလည်း လှည့်ဖြားလိုဘိ၏တကား၊ သင်ကား နှစ်ပေါင်း (၅၅) ငါးဆယ့်ငါးနှစ်တို့ ကာလပတ်လုံး မစင်ကိုသာ စားနေသည် မဟုတ်လော၊ မြေ၌သာလျှင် အိပ်နေသည် မဟုတ်လော၊ အဝတ်မစည်း အချည်းနှီးဖြစ်၍သာ လှည့်လည်နေသည် မဟုတ်လော၊ ထန်းစေ့မှုတ်ပိုင်းဖြင့် ဆံတို့ကို



၂၈၃

(ဆင်းရဲကြီးစွာ) နုတ်နေသည်မဟုတ်လော၊ ထိုသို့ဖြစ်ပါလျက် လူအပေါင်းကို လှည့်ဖြားကာ ‘ငါကား လေကိုသာစားလျက် ခြေတဖက်ဖြင့်သာ ရပ်တည်၏။ ထိုင်လည်း မထိုင်၊ အိပ်လည်း မအိပ်’ဟူ၍ ဆိုဘိ၏။ ယခုလည်း ငါဘုရားကိုပင် သင်ကား လှည့်ဖြားလိုဘိ၏။

အို ဇမ္ဗုက.. ရှေးအခါတုန်းကလည်း သင်သည် ယုတ်မာညစ်ညမ်းသော မိစ္ဆာအယူကို အမှီပြု၍ ဤမျှလောက် ကာလကြာအောင် မစင်ကို စားခဲ့ရလေပြီ၊ မြေ၌သာ အိပ်ခဲ့ရလေပြီ၊ အဝတ်မစည်း အချည်းနှီးသာ လှည့်လည်ခဲ့ရလေပြီ၊ ထန်းစေ့မှုတ်ပိုင်းဖြင့် ဆံပင်တို့ကို နုတ်ရခြင်း (ဆင်းရဲဒုက္ခ)သို့ ရောက်ခဲ့ရလေပြီ။ သို့ပါလျက် ယခုအခါ၌လည်း ထိုယုတ်မာညစ်ညမ်းသော မိစ္ဆာအယူကိုသာ ယူ၍နေဘိ၏”-

ဟူ၍ အတိအလင်း မိန့်ကြားတော်မူလေ၏။

     ထိုအခါ ဇမ္ဗုကတက္ကတွန်းက မြတ်စွာဘုရားကို “အို ရဟန်းကြီး.. အကျွန်ုပ်သည် အဘယ်သို့သော မကောင်းမှုကို ပြုမှားခဲ့ပါသနည်း”ဟု မေးမြန်းလတ်သော် မြတ်စွာဘုရားသည် ဇမ္ဗုကတက္ကတွန်းအား ရှေးက ချင်းပြုမှားခဲ့သော မကောင်းမှု အကုသိုလ်ကံကို အကျယ် ဟောကြားတော်မူလေ၏။ ထိုသို့ မြတ်စွာဘုရားသခင် ဇမ္ဗုကတက္ကတွန်း၏ ရှေးအတိတ် အကုသိုလ်ကံအကြောင်းကို ဟောကြားတော်မူစဉ်ပင် ထိုဇမ္ဗုကတက္ကတွန်း၏ စိတ်သန္တာန်၌ ပြင်းထန်စွာ ထိတ်လန့်ခြင်း (=သံဝေဂ) ဖြစ်လေတော့၏ အရှက်အကြောက် (=ဟိရိဩတ္တပ္ပ)တရား နှစ်ပါးလည်း ဖြစ်ပွါး၍ လာလေတော့၏။ ထိုသို့ ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပတရား နှစ်ပါး ဖြစ်ပွါးလာရကား ကိုယ်အင်္ဂါကို အတတ်နိုင်ဆုံး ဖုံးလွှမ်းကာ ဆောင့်ကြောင့် ထိုင်လိုက်လေတော့၏။

     ထိုအခါ ဇမ္ဗုကအား မြတ်စွာဘုရားသည် ရေသနုပ်ကို ပစ်၍ ပေးလိုက်လေလျှင် ဇမ္ဗုကသည် မြတ်စွာဘုရား ပေးကမ်းလိုက်သည့်



၂၈၄

ထိုရေသနုပ်သင်္ကန်းကိုဝတ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည်လည်း ထိုဇမ္ဗုကတက္ကတွန်းအား ဒါနကထာ, သီလကထာ အစရှိသော ဟောကြားတော်မူမြဲ တရားအစဉ်ကို ဟောကြားတော်မူပြီးလျှင် သစ္စာလေးပါးတရားကို ဟောကြားတော်မူလေ၏။ ဇမ္ဗုကတက္ကတွန်းသည် ဒေသနာနိဂုံး ဆုံးလတ်သောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ထိုင်နေရာမှထ၍ ရှင်အဖြစ်ကို၎င်း, ရဟန်းအဖြစ်ကို၎င်း တောင်းခံလေ၏။

(ဤမျှဖြင့် ထိုဇမ္ဗုကတက္ကတွန်း၏ ရှေးအတိတ် အကုသိုလ်ကံသည် အကြွင်းမဲ့ ကုန်ခန်းခဲ့လေပြီ။ ချဲ့ဦးအံ့.. ဤဇမ္ဗုကတက္ကတွန်းသည် ကဿပမြတ်စွာ သာသနာအတွင်းဝယ် ရဟန္တာမထေရ်မြတ်ကြီးကို (ရှေးဖော်ပြရာပါ) ဆဲရေးခြင်း လေးမျိုးတို့ဖြင့် ဆဲရေးခဲ့၍ ဤမဟာပထဝီမြေကြီး တယူဇနာနှင့် သုံးဂါဝုတ်အထက်သို့ မြင့်တက်သည့်တိုင်အောင် အဝီစိငရဲကြီး၌ ကျက်ခဲ့ လောင်ကျွမ်းခဲ့ရပြီးလျှင် ထိုအကုသိုလ်ကံ၏ အကျိုးဝိပါက်ကြွင်းအနေဖြင့် (၅၅) ငါးဆယ့်ငါးနှစ်ကြာ ကာလတို့ပတ်လုံး ဤသို့သဘောရှိသည့် (မစင်ကိုစားခြင်း, မြေ၌သာအိပ်ခြင်း, အဝတ်မဝတ်ခြင်း, ထန်းစေ့မှုတ်ဖြင့် ဆင်းရဲကြီးစွာ ဆံပင်တို့ကို နုတ်ရခြင်း တည်းဟူသော) လူမဆန်သည့် ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ခဲ့ရလေပြီ။ ထိုသို့ မကောင်းကျိုးကို ကြီးကျယ်စွာ ပေးပြီးဖြစ်သောကြောင့် ဇမ္ဗုက၏ ထိုအကုသိုလ်ကံကား ကုန်ခန်းခဲ့လေပြီ။

အနှစ် (၂ဝဝဝဝ) နှစ်သောင်းကြာ ကာလပတ်လုံး ဤဇမ္ဗုက အားထုတ် ဖြည့်ကျင့်ခဲ့သော ရဟန်းတရား၏ အကျိုးကိုကား ထိုအကုသိုလ်ကံက ဖျက်ဆီးခြင်းငှါ မတတ်နိုင်ချေ။ ထို့ကြောင့်ပင်-)

     ထိုသို့ ဇမ္ဗုကက ရှင်အဖြစ် ရဟန်းအဖြစ်ကို တောင်းခံသောအခါ မြတ်စွာဘုရားသည် လက်ျာလက်တော်ကို ဆန့်တန်း၍ “ဧဟိ ဘိက္ခု စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ = ရဟန်း.. လာလော့၊ (သင်အလိုရှိသည့် ရှင်ရဟန်းအဖြစ်ကို ခံယူလေလော့)၊ အကြွင်းမဲ့ ဝဋ်ဒုက္ခ၏အဆုံးကို ပြုလုပ်နိုင်ရန် သုံးပါးသိက္ခာ



၂၈၅

သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်လေလော့”ဟူ၍ ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုသို့ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူသော ခဏ၌ပင်လျှင် ထိုဇမ္ဗုက၏ လူ့အသွင်သည် ကွယ်ပျောက်လေ၏။ ပရိက္ခရာရှစ်သွယ် ဆင်ပြီး လွယ်ပြီး အဝါခြောက်ဆယ်ရပြီးသော မထေရ်ကြီးကဲ့သို့ ရဟန်းအသွင် ထင်ရှား ဖြစ်ပေါ်လာလေ၏။

     ထို (ဇမ္ဗုကတက္ကတွန်း ရဟန္တာဖြစ်၍ ဧဟိဘိက္ခု ရဟန်းဖြစ်သော) နေ့သည်ကား အင်္ဂတိုင်းသူတိုင်းသား, မဂဓတိုင်းသူတိုင်းသား လူအများတို့ ဇမ္ဗုကအတွက် ပူဇော်ဖွယ်ဝတ္ထုများကို ယူဆောင်၍ ဇမ္ဗုကအား ပူဇော်ရန် လာရောက်သောနေ့ ဖြစ်လေသည်။ ထို့ကြောင့် တိုင်းကြီးနှစ်တိုင်း၌ နေသောလူတို့သည် ပူဇော်ဖွယ်ဝတ္ထုများကို ယူဆောင်ကြကာ လာရောက်ကြကုန်သည်ရှိသော် မြတ်စွာဘုရားကို ဖူးတွေ့ကြရကုန်၍ “အသို့နည်း၊ ငါတို့၏ အရှင်မြတ် ဇမ္ဗုက-ကပင် မြင့်မြတ်လေသလော၊ သို့မဟုတ် ရဟန်းဂေါတမကပင် မြင့်မြတ်လေသလော”ဟု ကြံစည်ကြပြီးလျှင် တဖန်ဆက်၍ “အကယ်၍သာ ရဟန်းဂေါတမက မြင့်မြတ်သူ ဖြစ်ခဲ့လျှင် ဤဇမ္ဗုကတက္ကတွန်းသည် ရဟန်းဂေါတမထံ သွားလေရာ၏၊ ယခုမှာမူ ငါတို့အရှင် ဇမ္ဗုကတက္ကတွန်းက သာလွန် မြင့်မြတ်လေသောကြောင့် ရဟန်းဂေါတမသည် ဤဇမ္ဗုက တက္ကတွန်းထံသို့ လာရောက်လေသည်”ဟူ၍ အကြံမှားကြလေကုန်၏။

     မြတ်စွာဘုရားသည် လူများအပေါင်း၏ အကြံမှား အစည်မှားကို ပိုင်းခြားသိမြင်တော်မူ၍ “ချစ်သားဇမ္ဗုက.. သင့်အလုပ်အကျွေး ဒါယကာများ၏ ယုံမှားချက်ကို သင်ချစ်သားပင် ဖြတ်တောက်လေလော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။ အရှင်ဇမ္ဗုက ရဟန်းကလည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည်လည်း ပရိသတ်၏ယုံမှားကို ပယ်ဖျောက်ရန်ပင် လိုလားတောင့်တလျက် ရှိပါ၏ဘုရား”ဟူ၍ လျှောက်ထားပြီးလျှင် စတုတ္ထဈာန်ကို ၀င်စား၍ နေရာမှ ထပြီးလျှင် ကောင်းကင်သို့ ထန်းတဆင့်ခန့် ပျံတက်ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..



၂၈၆

မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာသခင် ဖြစ်တော်မူပါ၏၊ အကျွန်ုပ်ကား ရှင်တော်ဘုရား၏ တပည့်သာဝက ဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ဆိုကာ မြေသို့သက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တဖန် ထန်းနှစ်ဆင့်ခန့်, ထန်းသုံးဆင့်ခန့် ဤသို့သောနည်းဖြင့် ထန်းခုနစ်ဆင့်ခန့် ကောင်းကင်သို့ ပျံတက်၍ မြေသို့သက်ပြီးလျှင် မိမိက မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်ကြောင်းကို လူအများအား ထင်ရှား သိစေလေ၏။

     ထိုအခြင်းအရာကိုမြင်ရ၍ လူများအပေါင်းသည် “ဩ.. မြတ်စွာဘုရားတို့မည်သည် လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေကုန်စွာ့။ မနှိုင်းယှဉ်နိုင်သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေစွာ့”ဟူ၍ ကြံစည်စဉ်းစား အံ့ဩကြလေ၏။ မြတ်စွာဘုရားသည် ထိုလူများအပေါင်းနှင့် အတူတကွ တရားစကား နှီးနှော ပြောဆိုတော်မူလိုသည်ဖြစ်၍-

“ဒါယကာတို့.. ဤဇမ္ဗုကသည် ဤမျှ (၅၅) ငါးဆယ့်ငါးနှစ်ကြာ ကာလပတ်လုံး သင်တို့ ယူဆောင်အပ်ခဲ့သော ပူဇော်ဖွယ်ဝတ္ထုများကို သမန်းမြက်ဖျားဖြင့် လျှာဖျား၌ ထားရှိကာ ခြိုးခြံသောအကျင့်ကို ကျင့်၏”ဟု ပြောဆိုဝါကြွားကာ ဤအရပ်၌ နေထိုင်ခဲ့လေပြီ။ ဤဇမ္ဗုကသည် ထိုနည်းဖြင့် အနှစ်တရာ ကာလကြာအောင် အစာမစားပဲ ခြိုးခြံသောအကျင့်ကို အကယ်၍ ဆက်ကာ ဖြည့်ကျင့်ငြားအံ့၊ ဤဇမ္ဗုကရဟန်း၏ ယခု အရိယာဖြစ်သောအခါဝယ် အချိန်ကိုဖြစ်စေ ဆွမ်းကိုဖြစ်စေ အပ်မှု မအပ်မှုအတွက် (အပ်လေသလော၊ မအပ်လေသလောဟု) အလို့လို့ (=ကုက္ကုစ္စ)ဖြစ်၍ မစားပဲနေသည့်အတွက် ဖြစ်ပေါ်သောဆွမ်းကို ဖြတ်တောက်သည့် အပြစ်မရှိသော စေတနာသည် ရှိသည်ဆိုပါစို့၊ ထိုဖြစ်ပေါ်သော အပြစ်ကင်းသော စေတနာ၏ (၂၅၆) နှစ်ရာငါးဆယ့် ခြောက်စိတ် စိတ်၍ တစိတ်လောက်ကိုမျှ ထိုအနှစ်တရာ ခြိုးခြံသော အကျင့်သည် အဖိုးမထိုက်တန်ချေ”-



၂၈၇

ဟူ၍ မိန့်ဆိုတော်မူကာ စကားနှစ်ရပ် ဆက်စပ်၍ တရားကို ဟောတော်မူလိုသည် ဖြစ်ရကား ဤဖော်ပြလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေ၏။

တရားဂါထာ

မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။

န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဗာလော = သစ္စာလေးပါး တရားကိုမသိ တိတ္ထိရဟန်း လူ့သော့သွမ်းသည်။ မာသေ မာသေ = လတိုင်း လတိုင်း၌။ (ဝါ) တလတလမှ တကြိမ်တကြိမ်။ ကုသဂ္ဂေန = ပါးလျညံ့ထွား သမန်းမြက်ဖျားဖြင့်။ ဘောဇနံ = အစာထမင်းကို။ ဘုဉ္ဇေယျ = “ခြိုးခြံသောအကျင့်ကို ငါကျင့်မည်”ဟု ကြံစည်ကာ အနှစ်တရာ ရှည်မြင့်စွာ စားသုံးစေကာမူ။ သော = ထိုသစ္စာလေးပါး တရားကိုမသိ တိတ္ထိရဟန်း လူ့သော့သွမ်းသည်။ သင်္ခါတဓမ္မာနံ = သစ္စာလေးပါး တရားသိမြင် အရိယာပုဂ္ဂိုလ်အရှင်တို့၏။ သောဠသိံ ကလံ = တဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ်၍ တစိတ်လောက်မျှ (ဝါ) နှစ်ရာငါးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်လောက်မျှ။ န အဂ္ဃတိ = အဖိုးမထိုက်တန်ချေ။

(ဂါထာ၌ ပုဂ္ဂလာဓိဋ္ဌာနအားဖြင့် ဟောကြားထားအပ်သည်။ ဓမ္မာဓိဋ္ဌာန အနက်အဓိပ္ပါယ်ကား.. (၁) တိတ္ထိရဟန်း လူ့သော့သွမ်း၏ ထိုနည်းဖြင့် ခြိုးခြံသောအကျင့်ကို အနှစ်တရာ ရှည်မြင့်ကြာအောင် ကျင့်သည့်အတွက် ဖြစ်ပေါ်ရရှိသော အကြင်စေတနာသည် ရှိ၏။ (၂) သစ္စာလေးပါး တရားသိမြင် အရိယာအရှင်တို့၏ အချိန်ကိုသော်၎င်း, ဆွမ်းကိုသော်၎င်း အပ်သလော မအပ်သလောဟု ယုံမှားသံသယ အလို့လို့ (=ကုက္ကုစ္စ) ဖြစ်ရှိ၍ မစားကြသည့်အတွက် ဖြစ်ပေါ်သော အကြင် ဆွမ်းကိုဖြတ်တောက်သည့် ကုသိုလ်စေတနာ



၂၈၈

(=အပြစ်ကင်းသော စေတနာ) တခုသည်လည်း ရှိ၏။ ဤဖော်ပြရာပါ စေတနာနှစ်မျိုးတို့တွင် (၁) တိတ္ထိရဟန်း လူ့သော့သွမ်း၏ ထိုအနှစ်တရာ ကြာမြင့်စွာ ဖြစ်ပေါ်သော ထိုစေတနာအများစုသည် (၂) အရိယာရဟန်း၏ ဆွမ်းနှင့် အချိန်ကို ယုံမှားသံသယ ကုက္ကုစ္စဖြစ်၍ မစားသည့်အတွက် ဖြစ်ပေါ်သော စေတနာတခု၏ နှစ်ရာငါးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်ကိုမျှ လိုက်၍မမှီနိုင်၊ တစိတ်ကသာ အဖိုးထိုက်တန်၏။

ထပ်၍ ရှင်းလင်းဦးအံ့.. သစ္စာလေးပါး တရားသိမြင် အရိယာအရှင်မြတ်တို့ အချိန်နှင့် ဆွမ်းကို သံသယကုက္ကုစ္စ ရှိသည့်အတွက် မစားပဲနေသောအခါ ဖြစ်ပေါ်သည့် အပြစ်ကင်းသော စေတနာတခု၏ အကျိုးတရားကို တဆယ့်ခြောက်စိတ် ဆယ့်ခြောက်ပြန်စိတ်၍ (၂၅၆) နှစ်ရာငါးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်သည်ရှိ၏။ ထိုတစိတ်သည်သာလျှင် ထိုတိတ္ထိရဟန်း လူ့သော့သွမ်း၏ အနှစ်တရာ ရှည်မြင့်ကြာအောင် (မှားယွင်းစွာ) ခြိုးခြံသော အကျင့်ကို ကျင့်ခြင်းထက် အကျိုးကြီးမြတ်လှ၏ဟူ၍ ဆိုလိုရင်းဖြစ်သည်။

     ဒေသနာနိဂုံး ဆုံးသောအခါ၌ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်*

ဇမ္ဗုကရဟန်းအကြောင်း ပြီး၏။

ဤတွင် အခဏ်း ၂၁-ပြီး၏။

* ဤဝတ္ထုကား ဓမ္မပဒအဋ္ဌကထာ ပဌမအုပ်၊ ၅-ဗာလဝဂ်၊ စာမျက်နှာ ၃၁၃-၌ လာရှိသည်။