မာတိကာသို့ ခုန်သွားရန်

မဟာဗုဒ္ဓဝင်/၃- သုမေဓဗြာဟ္မဏအခဏ်း

ဝီကီရင်းမြစ် မှ
2639မဟာဗုဒ္ဓဝင် — ၃- သုမေဓဗြာဟ္မဏအခဏ်းမင်းကွန်းဆရာတော်

၃၈

၃-သုမေဓဗြာဟ္မဏအခဏ်း

     ဤ ဗုဒ္ဓဝင်ဒေသနာတော်ကို မြတ်စွာဘုရားသခင် ကပိလဝတ်ပြည်သို့ ပဌမအကြိမ် ကြွရောက်၍ ဆွေတော်မျိုးတော်ဖြစ်သော သာကီဝင်မင်းအပေါင်းတို့၏ အစည်းအဝေးဝယ် မာန်မာန ခက်ထန်လှသဖြင့် ရှိမခိုးပဲနေကြသော ဆွေမျိုးမင်းအပေါင်းတို့အား မာန်မာနကျိုး၍ ရှိခိုးစေခြင်းငှါ အထက် ကောင်းကင်ယံတွင် အရှေ့အနောက် စကြဝဠာ တိုက်တသောင်းပေါက်အောင် အလျားရှိသော ရတနာစင်္ကြံတော်ကို ဖန်ဆင်းပြီးလျှင် ထိုရတနာစင်္ကြံထက်၌ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူစဉ် လက်ျာတော်ရံ အရှင်သာရိပုတြာမထေရ်မြတ် တောင်းပန်အပ်သဖြင့် “သုမေဓဗြာဟ္မဏအခဏ်း”မှစ၍ ဟောကြားတော်မူအပ်သည်။

     အရှင်မဟာကဿပ အရှင်အာနန္ဒာ အစရှိသော မထေရ်မြတ်တို့ ပဌမသံဂါယနာ တင်တော်မူကြသောအခါ နိဒါန်းနှင့်တကွ ဗုဒ္ဓဝင်ဒေသနာတော်ကို အပြည့်အစုံ ဖော်ပြတော်မူကြလိုသဖြင့်။ ။ ဗြဟ္မာ စ လောကာဓိပတီ သဟမ္ပတီ... ဂါထာဦး အစချီ၍ ရတနာစင်္ကြံခဏ်းနှင့်တကွ “ဝါစနာမဂ္ဂ = ပို့ချသင်ကြားရိုးအစဉ်” ထားတော်မူခဲ့ကြသည်။

(ထိုဗုဒ္ဓဝင်နိဒါန်းအကျယ်ကို အထက် ဂေါတမဗုဒ္ဓဝင်အခဏ်း၌ ဖွင့်ပြပေအံ့။)

     ဤ၌ကား အရှင်သာရိပုတြာမထေရ်မြတ် တောင်းပန်အပ်သဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော “သုမေဓဗြာဟ္မဏအခဏ်း”မှ စ၍ ပြဆို ရေးသားပေအံ့။ ဤအခဏ်းပါ ဘုရားအလောင်း သုမေဓဗြာဟ္မဏ သူတော်ကောင်း၏ အကြောင်းအရာသော်ကား-

     ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း (သို့မဟုတ်- ကပ်တသိန်း)ထက်၌ “အမရဝတီ” အမည်ရှိသော နေပြည်တော်သည် ထွန်းပေါ်ထင်ရှား ဖြစ်ပွါးခဲ့၏။ ။(ကပ်ကမ္ဘာနှင့် အမရဝတီမြို့ မည်အကြောင်းတို့ကို အနုဒီပနီ၌ ကြည့်ပါ။)



၃၉

     အမရဝတီ နေပြည်တော်သည်ကား အရာရာတိုင်းမှာ စည်းစံနစ်ကျနစွာ စီမံထားသော နေပြည်တော်ဖြစ်၍ ကြည့်ရှုချင်ဘွယ် တင့်တယ်လှပေ၏။ စိမ်းလန်းစိုပြေ မွေ့လျော်ဘွယ်မြေ ရှိသဖြင့်၎င်း, အရိပ်ရေစန်း ပေါများသဖြင့်၎င်း, အစာအာဟာရ လိုရာရသဖြင့်၎င်း, လူတို့၏ အသုံးအဆောင်အမျိုးမျိုးတို့ ပေါများ ပြည့်စုံလှသဖြင့်၎င်း ကြည့်ရှုသမျှသော နတ်လူတို့၏ စိတ်နှလုံးကို မွေ့လျော်စေနိုင်၏။

     ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စည်ကြီးသံ၊ မုရိုးစည်သံ၊ စောင်းသံ၊ သီချင်းသံ၊ ခရုသင်းသံ၊ စည်းဝါးသံ၊ ဖိတ်ကြားသံတည်းဟူသော အသံဆယ်ပါးတို့ဖြင့် တရံမဆိတ် အမြဲ သာယာစည်ကားလှစွာ၏။ ။(အခြားမြို့များ၌ “အမှိုက်သရိုက် လှည်းကြကုန်၊ ပေါက်တူး ပေါက်ချွန်းနှင့် မြေသယ်တောင်း ယူခဲ့ကြကုန်။ အရပ်တပါး သွားကြ ပြောင်းရွှေ့ကြကုန်အံ့၊ ဆန်ထုပ် ထမင်းထုပ် ယူခဲ့ကြကုန်။ စစ်ချီကြကုန်အံ့၊ လက်နက် လေးမြားစသည် အသင့်ပြင်ဆင်ကြကုန်” အစရှိသည်ဖြင့် မသာယာ မစည်ကား မြို့ရွာချောက်ချားသော အသံများသာ များပြားလှသော်လည်း အမရဝတီ နေပြည်တော်မှာကား ထိုအသံမျိုး မရှိပဲ ဆင်သံ မြင်းသံ စသော အသံဆယ်ပါးတို့ဖြင့် အမြဲ သာယာစည်ကား၍ နေသည် ဆိုလိုသည်။) (အသံဆယ်ပါးနှင့်စပ်၍ မှတ်ဖွယ်ကို အနုဒီပနီ၌ ကြည့်ပါ။)

     မြို့တော်ကြီးများ၌ ပြည့်စုံရမည့် အင်္ဂါအရပ်ရပ်နှင့် ပြည့်စုံသည့်ပြင် အလုပ်အကိုင်လည်းမရှား ပေါများပြည့်စုံလှ၏။ (စိန်နှင့် ရွှေ့, ငွေ၊ အရေလျှံကဲ၊ ကြောင်မျက်ရွဲ၊ ပုလဲ, မြ သန္တာ)ဟူသော ရတနာခုနစ်ပါးနှင့်လည်း ပြည့်စုံ၏။ နိုင်ငံမျိုးခြား လူအများတို့ဖြင့်လည်း စည်ကားရောပြွမ်း၏။ နတ်ပြည်ပမာ အရာရာပြည့်စုံသဖြင့် ကောင်းမှုကံနှင့် ပြည့်လျှံကဲမိုး ဘုန်းတန်ခိုးရှင်တို့၏ နေရာဌာနလည်း ဖြစ်ပေသည်။



၄၀

အလောင်းတော် သုမေဓာ

     ထိုအမရဝတီ နေပြည်တော်၌ သုမေဓာအမည်ရှိသော ပုဏ္ဏားသည် နေ၏။ (ချီးမွမ်းအပ်သော ပညာရှိသောကြောင့် “သုမေဓ”ဟူ၍ ထင်ရှားကျော်စောသည်။) ထို သုမေဓာပုဏ္ဏားသည် အမိဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက် ဆင်းသက်လာသော မိခင်၊ အဘဖက်မှလည်း ပုဏ္ဏားမျိုးအဆက်ဆက် ဆင်းသက်လာသော ဘခင်ဖြစ်သဖြင့် အမိအဘ နှစ်ဖက်စုံမှ ကောင်းသော ဗြာဟ္မဏဇာတ်ရှိသူ ဖြစ်ပေသည်။ ရောဂါသန့်စင်သော မိခင်ဝမ်း၌လည်း ပဋိသန္ဓေနေခဲ့သူ ဖြစ်ပေသည်။ အထက် ဆွေခုနစ်ဆက် မျိုးခုနှစ်ဆက်တိုင်အောင် “ဤသူသည် အမျိုးဇာတ် ယုတ်ညံ့သောသူတည်း”ဟူ၍ အမျိုးဇာတ်ကိုစွဲ၍ဖြစ်သော စကားဖြင့် မပစ်ပယ်အပ်သူ ဖြစ်ပေသည်။ ဆဲရေးကဲ့ရဲ့မှု မပြုအပ်သူ ဖြစ်ပေသည်။ အလွန် လှပတင့်တယ် ကြည့်ရှုချင်ဘွယ်ရာ မြင်မြင်သမျှသောသူတို့၏စိတ်ကို ကြည်သာရွှင်လန်းစေနိုင်သော ရုပ်ရေအဆင်းနှင့် ပြည့်စုံသူ ဖြစ်ပေသည်။

     စီးပွါးဥစ္စာ ပညာအရည်အချင်းအားဖြင့်လည်း သိုမှီးစုဆောင်းထားသည့် ဥစ္စာပေါင်း ကုဋေများစွာရှိသူ ဖြစ်သည့်ပြင် နေ့စဉ် သုံးစွဲနေသော ဥစ္စာစပါးတို့လည်း များလှသူ ဖြစ်ပေသည်။ ဗေဒင်ကျမ်းဂန်တို့ကို နှုတ်တွင်မပြတ် ရွတ်ဖတ်နိုင်သူဖြစ်၍ ဗေဒင်ကျမ်းတို့ကို ဆောင်ထားသူ (ဣရု၊ ယဇု၊ သာမဟူသော) ဗေဒင်သုံးပုံ တို့ကိုလည်း ကမ်းတဖက်ခတ် တတ်မြောက်သူ ဖြစ်ပေသည်။ (၁) အမည်အမျိုးမျိုးကို ဖော်ပြသည့် အဘိဓာန်ကျမ်းဟု ဆိုအပ်သော နိဃဏ္ဍုကျမ်း၊ (၂) စာပေစီကုံးရာ၌ အသုံးပြုအပ်သော ပညာရှိတို့၏ အဆင်တန်းဆာ အလင်္ကာအမျိုးမျိုးတို့ကို ဖော်ပြသည့် အလင်္ကာကျမ်းဟု ဆိုအပ်သော ကေဋုဘကျမ်း၊ (၃) အက္ခရာဗျည်းစသော အမည်တို့နှင့်တကွ နိရုတ္တိနည်းအမျိုးမျိုးတို့ကို ဖော်ပြသည့် အက္ခရပဘေဒခေါ်သော သဒ္ဒါကျမ်း၊ (၄)ရှေးဟောင်း ဇာတ်ဝတ္ထုများကို ဖော်ပြသည့် (ပုရာဏ်ကျမ်းခေါ်သော) ဣတိဟာသကျမ်းလျှင် ငါးခုမြောက်ရှိသော



၄၁

ဗေဒင်ကျမ်းတို့ကို မပင်မပန်း နှုတ်ခမ်းလှုပ်ကာမျှဖြင့် ကမ်းတဖက်ခတ် တတ်မြောက်သူ ဖြစ်ပေသည်။

“ဣတိဟာသကျမ်းလျှင် ငါးခုမြောက်”ဆိုရာ၌ ပါဠိတော်အခြေအနေအရ (၁) ဗေဒင်သုံးပုံ၊ (၂) နိဃဏ္ဍုကျမ်း၊ (၃) ကေဋုဘကျမ်း၊ (၄) သဒ္ဒါကျမ်း၊ (၅) ဣတိဟာသကျမ်းဟူ၍ ရေတွက်သင့်သည်။ သီလက္ခန် အဋ္ဌကထာ၌ကား ဗေဒင်သုံးပုံတွင် “အထဗ္ဗန”ဗေဒင်ကို ထပ်ထည့်၍ လေးပါးရှိရာမှာ ဣတိဟာသကျမ်းကို ထည့်ပြန်သဖြင့် ငါးခုမြောက်ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဖွင့်ပြ၏။

     ဗျာကရုဏ်းကျမ်းလာ ပုဒ်အမျိုးမျိုးတို့၌ လိမ္မာတတ်မြောက်လှသူ, ပကတိ ပစ္စည်းစသည်တို့၌ လိမ္မာတတ်မြောက်လှသူလည်း ဖြစ်ပေသည်။ ကုသိုလ်မပွား လောကသံသရာကိုသာ ရှည်လျားစေတတ်သော လောကာယတကျမ်း၊ ဘုရားအလောင်း ပစ္စေကဗုဒ္ဓါအလောင်း အစရှိသော အလောင်းတော်သူမြတ်တို့၏ လက္ခဏာမှစ၍ လက္ခဏာအမျိုးမျိုးကို ဖော်ပြရာ မဟာပုရိသလက္ခဏာကျမ်းတို့၌လည်း ပညာဉာဏ် ယုတ်လျော့ခြင်း အလျဉ်းမရှိ ပြည့်စုံသူ ဖြစ်ပေသည်။ ဆရာအဆက်ဆက် သင်ပြအပ်သော ပုဏ္ဏားတို့၏ပညာတရား၌ အဆုံးတိုင် တတ်မြောက်သူ ပါမောက္ခဆရာကြီးလည်း ဖြစ်ပေသည်။

     ထိုသုမေဓာပညာရှိ ငယ်စဉ်ကပင် အမိအဘတို့ကား ကွယ်လွန်ကြကုန်သည်။ ထိုအခါ ဘဏ္ဍာစိုးကြီးက ပစ္စည်းစာရင်းကို ယူခဲ့ပြီးလျှင် ရွှေ-ငွေ-ပတ္တမြား-ပုလဲ စသည်တို့ဖြင့် ပြည့်နေသော ရတနာတိုက်ခန်းများကိုဖွင့်၍ “သတို့သား… ဤမျှလောက်သော ပစ္စည်းကား သင်၏ အမိဖက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ ဤမျှလောက်သော ပစ္စည်းကား သင်၏ အဘဖက်မှ ဆင်းသက်လာသော ပစ္စည်းတည်း၊ ဤမျှလောက်သော ပစ္စည်းကား သင်၏ အဘိုးအဘေးတို့ လက်ထက်မှ ဆင်းသက်လာသော ပစ္စည်းတည်း”ဟု အထက် ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဥစ္စာစုကို



၄၂

ပြောကြားပြီးလျှင် “ထိုဥစ္စာစုကို အလိုအတိုင်း စီမံဖန်တီးပါ”ဟု အပ်နှင်းလေသည်။

     သုမေဓာ ပညာရှိသည် “ကောင်းပြီ”ဟု လက်ခံကာ “ငါ၏ အဘ အဘိုး ဆွေမျိုးခုနစ်ဆက်တို့သည် ဤမျှ များပြားစွာသော ဥစ္စာတို့ကို စုဆောင်းပြီးလျှင် ကွယ်လွန်ကြသောအခါ တကျပ်တပြားကိုမျှ မယူနိုင်ပဲ သွားကြရကုန်၏၊ ငါသည်ကား ကွယ်လွန်သွားရာသို့ တကျပ်တပြားမျှ မကျန်ရအောင် ယူဆောင်နိုင်ခြင်း အကြောင်းကို ပြုလုပ်သင့်၏”ဟု ဆင်ခြင်စဉ်းစားပြီးလျှင် ကုသိုလ်ကောင်းမှုတို့ကိုပြုလျက် အိမ်ကို အုပ်ချုပ်၍ နေတော်မူ၏။

သုမေဓဗြာဟ္မဏအခဏ်း ပြီး၏။

**********