မဟာဗုဒ္ဓဝင်/၆- ပါရမီတော်ခဏ်း (ဆ) သစ္စာပါရမီ
(ဆ) သစ္စာပါရမီ
ဒါန သီလ နေက္ခမ္မ ပညာ ဝီရိယ.. အဓိဋ္ဌာန မေတ္တာ ဥပေက္ခာ ဤပါရမီ ရှစ်ပါးတို့၌ မူလပါဠိရင်းအတိုင်း ဒါနပါရမီ သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ဝီရိယပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီ ဥပေက္ခာပါရမီဟူ၍ ခေါ်ဝေါ် သုံးစွဲကြသော်လည်း ခန္တီနှင့် သစ္စာပါရမီတို့၌ကား မူလပါဠိရင်းအတိုင်း (ခန္တိပါရမီ၊ သစ္စပါရမီ-ဟူ၍) မခေါ်ဝေါ်တော့ပဲ ဆိုလွယ် ရွတ်လွယ် စေခြင်းငှါ မြန်မာဝေါဟာရ၌ ဒီဃသံဖြင့် ခန္တီပါရမီ သစ္စာပါရမီဟူ၍ ခေါ်ဆို
(ယေ)
သုံးစွဲအပ်လေသည်။ ထိုသို့ သုံးစွဲခေါ်ဆိုရာ၌ သည်းခံခြင်း မှန်ကန်ခြင်းဟူသော အနက်ရင်းသို့ပင် ဉာဏ်အမြင်သက်ရောက် အာရုံပြုနိုင်ကြသဖြင့် တစုံတရာ အပြစ်မဆိုထိုက်ချေ၊ ခန္တီပါရမီ သစ္စာပါရမီဟု ပြောဆိုသောအခါ ရွတ်လွယ် ဆိုလွယ်လည်းရှိ၍ ဆိုလိုရင်း အနက်ကိုလည်း သိနိုင်ကြပေ၏။
သောက်ရှူးကြယ်= သောကြာကြယ်၏ အသွား
ဤသစ္စာပါရမီခဏ်း၌ “သောက်ရှူးကြယ်= သောကြာကြယ်သည် မိမိ သွားမြဲလမ်းမှ မလွဲမဖယ်”ဟူသော စကား၏ အဓိပ္ပါယ်ကို ဗုဒ္ဓဝင်အဋ္ဌကထာ “သောကြာကြယ်သည် ခြောက်လပတ်လုံး အရှေ့အရပ်သို့သွား၍ ခြောက်လပတ်လုံး အနောက်အရပ်သို့ သွား၏”ဟု ဖွင့်ပြ၏။ ဤအဋ္ဌကထာစကားမှာ တိုက်ရိုက်အဓိပ္ပါယ်ယူ၍ မသင့်နိုင်၊ အကြောင်းကား.. သောကြာကြယ်သည် အခြားသော ကြယ်နက္ခတ်တာရာများကဲ့သို့ပင် သွားခြင်းသွားလျှင် အနောက်သို့သာ သွားရမည်ဖြစ်၏။ အရှေ့သို့သွားခြင်း မဖြစ်နိုင်၊ ထိုသို့ မဖြစ်နိုင်သည့်အတွက် အဋ္ဌကထာစကားကို ပယ်ရမည်ကဲ့သို့ ရှိသော်လည်း ရှေးသူဟောင်းတို့ သင့်အောင်ကြံခဲ့ကြပုံမှာ.. သောကြာကြယ်ကို မိုးသောက်ခါနီး၌ အရှေ့အရပ်မှာ မြင်ရ၍ နေဝင်ပြီးနောက် ညဉ့်အချိန်ဖြစ်လျှင် အနောက်အရပ်မှာသာ မြင်ရသည်ဟူ၍ ပြောဆိုမှု ပြုကြကုန်၏။ ဤအဓိပ္ပါယ်ကို ရည်၍ပင် အရှင်မဟာ သီလဝံသမထေရ်သည် ပါရမီတော်ခဏ်းပျို့ပိုဒ်ရေ (၁၂၈)၌-
ဥပမာဖြင့်၊ တူစွာလိုက်လျော်၊ သစ္စာကျော်ကို၊ ဖွေဖော်ပြည့်စုံ၊ ကြံတုံသမှု၊ အတန္တုကား၊ ရောရုနက္ခတ်၊ လကျ်ာပတ်လျှင်၊ တောင်ထွတ်မြင်းမိုရ်၊ ရစ်သည့်ဂြိုဟ်တွင်၊ “တန်းသိုတိုင်ဖူး၊ ကြယ်စိုင်ရှူးကား၊ အမှူးဖြစ်တန်၊ လွန်သားအရောင်၊ လ-တူဆောင်လျက်၊ မိုးခေါင်တိမ်ပြင်၊ နေဝင်နေထွက်၊ ရှေ့နောက်ဘက်၌၊ နှစ်လည်ကြိုက်လျှင်၊ မိုဃ်းမိုက်ဆောင်းနွေ၊ သုံးထွေရတု၊ လျော်သမှုလျှင်၊ ရာလုမလှဲ၊ အသွားမြဲဟု၊ ရဲရဲလျှံဝင်း၊ ဤကြယ်မင်းကို၊ ဖြောင့်စင်းလူနတ်၊ ချိန်ကြီးမှတ်သို့”၊ ဆုမြတ်ရတော်၊ ရှင်တုံသော်လည်း၊ မျိုးဖော်သူစိမ်း၊ လူခပ်သိမ်းကို၊ သာငြိမ်းကြတန်၊ စကားမွန်ဖြင့်၊ မလွန်မယုတ်၊ တည်ကြည်ဟုတ်လျက်၊ နှုတ်နှင့်အမူ၊ အတူတူလျှင်၊ မည်သူမမှောင့်၊ ဥဇုဖြောင့်လျက်၊ ဆိုခေါင့်ဆိုခဲ၊ ဖွတ်လျှာစွဲကို၊ အောင်မြဲသစ္စာ၊ ခွန်းချင်းသာလျှင်၊ ၊မြတ်စွာလျှာမြစ် တူးလဿေး၊—
ဟူ၍ စပ်ဆိုတော်မူသည်။
(ယဲ)
ဗေဒင်ဆရာများကမူ သန္နိဋ္ဌတွက်နည်းအရ ခြောက်လ တနင်္ဂနွေဂြိုဟ်၏ရှေ့မှ သွား၍၊ ခြောက်လ တနင်္ဂနွေဂြိုဟ်၏နောက်မှ လိုက်ရသည်ဟု ဆိုကြ၏။ ဤဗေဒင်ကျမ်းနှင့်ညီအောင် ဗုဒ္ဓဝင်အဋ္ဌကထာကို အနက်ယောနာမူကား.. “ဆမာသေ၊ ခြောက်လတို့ပတ်လုံး။ ပစ္ဆိမံ ဒိသံ၊ တနင်္ဂနွေဂြိုဟ်၏ နောက်အရပ်သို့။ ဂစ္ဆတိ၊ သွား၏။ ဆမာသေ၊ ခြောက်လတို့ပတ်လုံး။ ပုရိမံ ဒိသံ၊ တနင်္ဂနွေဂြိုဟ်၏ ရှေ့အရပ်သို့။ ဂစ္ဆတိ၊ သွား၏”ဟူ၍ အနက်ယောဇနာရာ၏။
အချူပ် မှတ်ယူရန်မှာကား.. ပါဠိတော်လာသည့်အတိုင်း မည်သည့်အချိန်အခါမှာမဆို သောကြာဂြိုဟ်သည် မိမိသွားမြဲလမ်းမှ တိမ်းစောင်း ပြောင်းလွှဲခြင်းမရှိ တည့်မတ်ဖြောင့်တန်းစွာသာ သွားသည့်အတူ ဖြောင့်မှန်စွာသာ ပြောဆိုရမည်၊ ဤသို့ ပြောဆိုမှသာ သစ္စာဖြစ်သည်ဟူ၍ မှတ်ယူရာ၏။ ထို့ကြောင့်ပင် အရှင်ဗုဒ္ဓဃောသ ဆရာတော်သည် ပါဌဇာတ်အဋ္ဌကထာ၌ “သောက်ရှူးကြယ်မည်သည် အလုံးစုံသော ဥတုတို့၌ မိမိသွားမြဲလမ်းကိုစွန့်ကာ အခြားလမ်းဖြင့် မသွားပဲ မိမိသွားမြဲလမ်းဖြင့်သာ သွားသကဲ့သို့”ဟူ၍ ဖွင့်ပြတော်မူသည်။
သစ္စာနှစ်ပါး
သစ္စာဟူသည် ပညာတရား ဝီရိယတရားတို့ကဲ့သို့ ပရမတ္ထတရား သီးခြားတခုမဟုတ်၊ မချွတ်မယွင်း မှန်ကန်ခြင်း (တရားကိုယ်အားဖြင့် ဝိရတီစေတသိက် စေတနာ စေတသိက်စသည်) သဘောကိုသာ သစ္စာဟု ခေါ်ခြင်းဖြစ်၏။ မှန်ကန်ခြင်း သဘောကလည်း အရာသို့လိုက်၍ ကွဲပြားသည့်အတွက် သစ္စာတရားလည်း ကွဲပြားရလေသည်။ ကွဲပြားဟန်မှာ-
(၁) သမ္မုတိသစ္စာ၊
(၂) ပရမတ္ထသစ္စာ-
ဟူ၍ အရင်းခံသစ္စာ နှစ်ပါးရှိ၏။ ။ (သစ္စာဟူသည် သမ္မုတိသစ္စာ ပရမတ္ထသစ္စာဟူ၍ နှစ်ပါးရှိကြောင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။ (ထို သမ္မုတိသစ္စာ ပရမတ္ထသစ္စာ နှစ်ပါးတို့အပြင်) သုံးခုမြောက်သစ္စာ ဟူ၍ မရနိုင်၊ လောက၌ မရှိ။ ကထာဝတ္ထု အဋ္ဌကထာကျမ်းစသည်။)
ထိုနှစ်ပါးတို့တွင်.. (၁) သမ္မုတိသစ္စာဟူသည် လောက၌ လူအများတို့ ခေါ်ဝေါ်ပညတ် သမုတ်အပ်သည့်အတိုင်း မှန်ကန်ခြင်းပင် ဖြစ်၏။ လူအပေါင်းတို့သည် များသောအားဖြင့် မည်သည့်အရာမှာမဆို ပုံပန်း သဏ္ဌာန်ကို အစွဲပြု၍ ခေါ်ဝေါ်ပညတ် သမုတ်ကြ၏။ သမုတ်ကြပုံကား.. ဤပုံပန်းသဏ္ဌာန်ရှိသောအရာကို လူဟုခေါ်သည်။ ဤ ပုံပန်းသဏ္ဌာန်ရှိသောအရာကို နွားဟုခေါ်သည်။
(ယော)
ဤပုံပန်းသဏ္ဌာန်ရှိသောအရာကို မြင်းဟုခေါ်သည် အစရှိသည်ဖြင့်၎င်း..၊ လူတို့မှာလည်း ဤပုံပန်းသဏ္ဌာန်မျိုးဖြစ်သော အရာကား ယောကျ်ား၊ ဤပုံပန်းသဏ္ဌာန်မျိုးဖြစ်သော အရာကား မိန်းမ- အစရှိသည်ဖြင့်၎င်း အသီးအသီး ခေါ်ဝေါ်ပညတ် သမုတ်ကြ၏။ ပစ္စည်းဝတ္ထု အမျိုးရှိသလောက် အမျိုးမျိုးပညတ်သည်ကို အကျယ်ဖြန့်ချိ သိရာ၏။
လူဟု သမုတ်ထားသောအရာကို လူဟု ပြောဆိုလျှင် သမ္မုတိသစ္စာဖြစ်၏၊ (တနည်း) သမုတ်ထားသည့်အတိုင်း မှန်ကန်၏။ နွားဟုပြောဆိုလျှင် သမ္မုတိသစ္စာ မဖြစ်နိုင်၊ သမုတ်သည့်အတိုင်း မမှန်ကန်၊ မိန်းမဟု သမုတ်ထားသောအရာကို ယောကျ်ားဟု ပြောဆိုလျှင် သမ္မုတိသစ္စာ မဖြစ်၊ သမုတ်ထားသည့်အတိုင်း မမှန်ကန်- ဤသို့ စသည်ဖြင့် သမ္မတိသစ္စာ ဖြစ်-မဖြစ်ကို ခွဲခြားဝေဖန်၍ သိရာ၏။
ပရမတ္ထသစ္စာ
ဤသို့ လူအများတို့ သမုတ်ရုံ သမုတ်ထားသည့် အရာမျိုးမဟုတ်ပဲ ဧကန် မုချဆတ်ဆတ် ထင်ရှားရှိသော သဘောတရားကို ပရမတ္ထသစ္စာဟု ခေါ်၏။ ပုံစံမှာ “အာရုံအမျိုးမျိုးကို သိခြင်းသဘောသည် စိတ်မည်၏”ဟု ဆိုရာမှာ ထိုစိတ်ဟူသော စကားအရ အာရုံကို သိခြင်းသဘောသည် ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏။ “အချမ်းအပူစသော ဆန့်ကျင်ဖက် အကြောင်းတို့ကြောင့် ဖောက်ပြန်တတ်သော သဘောအစုကို ရုပ်ဖြစ်၏”ဟု ဆိုရာမှာ ထိုရုပ်ဟူသော သဘောတရားမှာ ပရမတ္ထအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏။ ဤနည်းအားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော သဘောတရားတို့မှာ ပရမတ္ထအားဖြင့် ထင်ရှားရှိ၍ မှန်ကန်သောကြောင့် ပရမတ္ထသစ္စာမည်၏ဟူ၍ မှတ်ယူအပ်၏။
သညာနှင့် ပညာ
ထိုသစ္စာနှစ်ပါးတို့တွင် သမ္မုတိသစ္စာသည် သညာ၏ အာရုံဖြစ်၏၊ (တနည်း) သညာဖြင့် ထင်ရှားနိုင်၏။ ဤပုံသဏ္ဌာန်မျိုးကို လူ၊ ဤပုံသဏ္ဌာန်မျိုးကို ယောက်ျား၊ ဤပုံသဏ္ဌာန်မျိုးကို မိန်းမ၊ ဤပုံသဏ္ဌာန်မျိုးကို နွား၊ ဤပုံသဏ္ဌာန်မျိုးကို မြင်းစသည်ဖြင့် ငယ်စဉ်ကပင်စ၍ ပုံပန်းကို အစွဲပြုကာ မှတ်သားထားခြင်းမှာ သညာတရားဖြစ်သည်။ ထိုသညာအမှတ်အသားအားဖြင့် ကြည့်လျှင် လူကောင်ကြီး ထင်ရှားရှိ၏၊ ယောကျ်ားအကောင်အထည် မိန်းမအကောင်အထည် စသည်ဖြင့် အထင်အရှား ရှိသည်ချည်းသာဖြစ်၏။
(ယော်)
ပရမတ္ထသစ္စာသည်ကား ပညာ၏ အာရုံဖြစ်၏၊ (တနည်း) ပညာဖြင့်သာ ထင်ရှားနိုင်၏၊ ပညာထက်လေလေ ပရမတ္ထသစ္စာကိုကြည့်၍ မြင်လေလေဖြစ်၏။ ပညာဟူသည် မည်သည့်အရာမျိုးကိုမဆို ခွဲခြမ်းစိတ်ဖြာ၍ သဘာဝအရင်းကို ရှာဖွေဆင်ခြင် သိမြင်ခြင်းပင်ဖြစ်၏၊ “အာရုံအမျိုးမျိုးကို သိခြင်းသဘောသည် စိတ်မည်၏”ဟု ဆိုရာ၌ အာရုံအမျိုးမျိုးကို သိခြင်းသဘော၏ ထင်ရှားရှိထိုက် မရှိထိုက်ကို ပညာဖြင့် စူးစမ်းဆင်ခြင်သော် ထင်ရှားရှိကြောင်း ကောင်းစွာသိမြင်၏၊ သိမြင်ပုံမှာ.. လောက၌ သိခြင်းဟူ၍ ထင်ရှားမရှိခဲ့လျှင် သတ္တဝါဟူ၍လည်း မရှိတော့ပဲ ကျောက်ခဲ ကျောက်လုံး တုံး တိုင် စသည်တို့ကဲ့သို့သော ရုပ်တရားအစုတို့ချည်းဖြစ်၍ နေလေရာ၏၊ ထိုရုပ်တရားတို့မှာ သိခြင်းသဘော မရှိ။ ယခု သတ္တဝါတို့မှာကား အာရုံအမျိုးမျိုးကို သိမြင်လျက်ရှိကြသည်ချည်း ဖြစ်၏၊ ဤကဲ့သို့ ဝေဖန်စဉ်းစား ဆင်ခြင်လိုက်လျှင် အာရုံကို သိခြင်းသဘော (စိတ်)တရား ထင်ရှား ပေါ်ပေါက်လာ၏။
သို့ဖြစ်၍ (မြန်မာလို) သိခြင်း= (ပါဠိမှ ဆင်းသက်လာသည့် မြန်မာလို) စိတ်-ဟုခေါ်သော အရာသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏ဟု ဆိုလိုက်လျှင် ပညာဖြင့် ဆင်ခြင်လေ့ရှိသောသူ၏အဖို့မှာ စဉ်းစားလေလေ ထင်ရှားလေလေ ဖြစ်ပေ၏၊ သညာဖြင့် ကြည့်ရှုသောသူ၏ အဖို့မှာကား မထင်ရှားနိုင်ချေ။ ပျောက်ကွယ်သွားမည်သာ ဖြစ်၏။ အကြောင်းကား.. သညာသည် ပြခဲ့သောအတိုင်း ပုံပန်းသဏ္ဌာန်ကိုမှတ်သားသော တရားဖြစ်၍ “စိတ်တရားရှိသည်”ဟု ဆိုလိုက်လျှင် ထိုစိတ်သည် အလုံးလော၊ အပြားလော၊ လေးထောင့်လော၊ အမှုန့်လော၊ အရည်လော၊ အခိုးအငွေ့လော- စသည်ဖြင့် ပုံပန်းသဏ္ဌာန်ကိုသာ စိစစ်မေးမြန်းမည်ဖြစ်၏။ ဤသို့မေးလျှင် စိတ်ကို အလုံးဟူ၍၎င်း အပြားဟူ၍၎င်း လေးထောင့်ဟူ၍၎င်း အမှုန့်ဟူ၍၎င်း အရည်ဟူ၍၎င်း အခိုးအငွေ့ဟူ၍၎င်း ဖြေဆိုနိုင်ခွင့် မရှိချေ။ ဤသို့ မဆိုနိုင်လျှင် စိတ်ဟူ၍ မရှိကောင်းပြီ၊ ရှိရိုးမှန်ပါလျှင် အလုံးသော်လည်း ဖြစ်ရမည်၊ အပြားသော်လည်း ဖြစ်ရမည်၊ ဤသို့စသည်ဖြင့် သညာသမားသည် အကောင်အထည်ကိုသာ တမ်းတမ်းစွဲ ဖြစ်နေပြီးလျှင် အကောင်အထည် မရကောင်းသည့်အတွက် စိတ်ဟူ၍ မရှိကြောင်းဟု ပြောဆိုလေရာ၏။
ဤပရမတ္ထသစ္စာကို သညာသမား၏အမြင်ဖြင့် ကြည့်လျှင် ကြည့်စဉ် ကြည့်စဉ်ပင် အကောင်အထည် ရှာ၍မရသကဲ့သို့ (ဝါ- ပျောက်ကွယ်သွားသကဲ့သို့) သမ္မုတိသစ္စာကိုလည်း ပညာသမား၏အမြင်ဖြင့် ကြည့်လျှင် ကြည့်စဉ် ကြည့်စဉ်ပင် အကောင်အထည် ရှာ၍မရ ပျောက်ကွယ်သွားသည်သာ ဖြစ်၏။ ပျောက်ကွယ်သွားပုံမှာ.. လူဟုခေါ်သော သမ္မုတိသစ္စာကို ပညာ၏ ခွဲခြမ်းဝေဖန်လေ့ရှိသည့် သဘောဖြင့် ဆံပင်- မွေးညင်း- ခြေသည်း လက်သည်း
(ယံ)
စသည်ဖြင့် သုံးဆယ့်နှစ်ပုံ စုပုံပြီးလျှင် “ဆံပင်ကို လူခေါ်သလော”ဟု မေးလျှင် ခေါ်သည်ဟု မဖြေနိုင်၊ မွေးညင်းကို လူခေါ်သလောဟု မေးလျှင်လည်း ခေါ်သည်ဟု မဖြေနိုင်၊ ဤနည်းအရ သုံးဆယ့်နှစ်စုလုံးကုန်အောင် တခုစီ တခုစီ ထုတ်ကာ လူခေါ်သလောဟု မေးလျှင် မခေါ်နိုင်ကြောင်းကိုသာ ဖြေရမည်ဖြစ်၏။ ဤသို့ လူတကောင်လုံးကို သုံးဆယ့်နှစ်စိတ်စိတ်၍ မေးသောအခါ မည်သည့်အစိတ်ကိုမျှ လူဟူ၍ မခေါ်နိုင်ပါလျှင် လူဟူ၍ မရှိကောင်းဟု ပညာသမားက ပြောဆိုမည်သာ ဖြစ်၏။
ဤသို့လျှင် သမ္မုတိသစ္စာ= ပညတ်တရားကို ဆိုင်ရာသညာဖြင့် ကြည့်မှသာ ထင်ရှား၍ ပညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်ဖြစ်၏။ ပရမတ္ထသစ္စာကိုလည်း ပညာဖြင့်ကြည့်မှသာ ထင်ရှား၍ သညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်ဖြစ်၏။
ဤအရာ၌ အထူးသတိပြုဖွယ်ကောင်းသောအချက်မှာ “နိဗ္ဗာန်”တည်းဟူသော ပရမတ္ထတရားကြီးပင် ဖြစ်၏။ ဤနိဗ္ဗာန်ဟူသော ပရမတ္ထတရားမှာ စိုးရိမ်ပူပန်ခြင်း ဆင်းရဲခြင်း အလုံးစုံတို့ ကင်းရှင်းအေးငြိမ်းသော သဘောကြီးဖြစ်၏။ ဤကဲ့သို့ အေးငြိမ်းခြင်းကို ထက်မြက်သောပညာဖြင့် ဆင်ခြင်နိုင်မှ ထင်ရှားသိမြင်နိုင်မည် ဖြစ်၏၊ သညာဖြင့်ကြည့်လျှင် ပျောက်ကွယ်သွားမည်သာ ဖြစ်၏။
သညာသမား၏ အမြင်
ယခုကာလ အချို့သောသူတို့က “နိဗ္ဗာန်ဟူသည် ထီးနန်း ဘုံဗိမာန်ကြီးနှင့်လော၊ နိဗ္ဗာန်ဝင်စံသော ပုဂ္ဂိုလ်များသည် မည်သည့်အခြေအနေတွင် စံနေရပါသနည်း” စသည်ဖြင့် မေးမြန်းတတ်ကြ၏။ ဤသို့ မေးမြန်းခြင်းသည် ပရမတ္ထစင်စစ်ဖြစ်၍ ပညာ၏အရာသာဖြစ်သော နိဗ္ဗာန်ကို သညာဖြင့်သာ မေးမြန်းခြင်း ဖြစ်သည်ဟူ၍ မှတ်ယူအပ်၏။
အမှန်အားဖြင့်ကား.. နိဗ္ဗာန်မှာ ထီးနန်း ဘုံဗိမာန်ကြီးဟူ၍လည်း မရှိ၊ ဝင်စံတည်နေသည့် ပုဂ္ဂိုလ်ဟူ၍လည်း မရှိဟု မှတ်အပ်၏၊ (သန္တိနိဗ္ဗာန်ကို အရဟတ္တမဂ်ဖိုလ်ပေါက် အာရုံပြု မျက်မှောက်ပြုရသော ပုဂ္ဂိုလ်တို့မှာ ထိုဘဝ နောက်ဆုံးဖြစ်သော ပရိနိဗ္ဗာနစုတိ၏ နောက်ကာလဝယ် တစုံတခုသောဘဝမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာအသစ် မဖြစ်တော့ပဲ မီးတောက်ကြီး ငြိမ်းသည့်ပမာ ငြိမ်းအေးရပ်စဲသွားသည်ကို ပရိနိဗ္ဗာန် စံသည်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပုဂ္ဂိုလ် အကောင်အထည်ကြီးဖြင့် နိဗ္ဗာန်၌ တည်နေသည်မဟုတ်ချေ။)
(ယား)
ဤအတိုင်းသာဆိုပါလျှင် နိဗ္ဗာန်ဟူ၍ပင် ထင်ရှားမရှိတော့ပြီ၊ ဤသို့ ထင်ရှားမရှိသည့်အတွက် အသုံးမဝင် လိုချင်ဖွယ်ရာမရှိသော တရားဟူ၍ သညာသမားတို့က ထင်မှတ်တတ်ကြ၏။ ဤသို့သော သညာသမားများကို အားပေးလိုသည့်အတွက်.. “နိဗ္ဗာန်ဟူသည် ပျက်စီးခြင်းမရှိနိုင်သော ထီးနန်း ဘုံဗိမာန်ကြီးများမှာ သေကြေပျက်စီးခြင်း မရှိနိုင်သော ရုပ်အထူး နာမ်အထူးတို့ဖြင့် လောကီဖက်မှ မတုနှိုင်းသာသော စည်းစိမ်ကို ခံစားနေရသည်”ဟု ပြောဆိုတတ်ကြ၏။ ထိုသို့ ပြောဆိုသောအခါ သညာသမားများက မိမိတို့ စွဲလမ်းနေကျ ပုံပန်းသဏ္ဌာန်ကြီး ရှိသည်ဆိုသောကြောင့် များစွာပင် အားရကျေနပ် ရှိတတ်ကြသည်။
စင်စစ်သော်ကား.. သညာသဘောဖြင့်ကြည့်၍ အကောင်အထည် သဏ္ဌာန်ကြီး ထင်ရှားတွေ့ရှိနေပါလျှင် ပရမတ်အစစ်မဟုတ်၊ ပညတ်သာဖြစ်၏။ ဤအတူ ပညာဖြင့်ကြည့်၍ အကောင်အထည်မရှိပဲ ပျောက်ကွယ်သွားပါလျှင် ပညတ်စင်စစ်ဖြစ်၏။ မပျောက်ကွယ်ပဲ ကြည့်လေကြည့်လေ သဘာဝသတ္တိ ထင်ရှားရှိလေလေဖြစ်မူ ပရမတ္ထတရားစင်စစ် ဖြစ်၏ဟူ၍ မှတ်ယူအပ်၏။ သို့ဖြစ်၍ အေးငြိမ်းခြင်းမျှသာဖြစ်သော အလွန်ထူးမြတ်လျက် ပရမတ္ထတရားအစစ်ဖြစ်သည့် နိဗ္ဗာန်ကို ပုံပန်းသဏ္ဌာန် အထည်ဒြပ်ကို ဖမ်းယူလေ့ရှိသော သညာဖြင့် မရှာဖွေပဲ အထည်ဝတ္ထုဒြပ်ကို ဖယ်ရှားကာ သဘောရင်းစစ်စစ်ကိုသာ ရှာဖွေလေ့ရှိသော ပညာဉာဏ်ဖြင့် နိဗ္ဗာန်ဟုခေါ်အပ်သော အေးငြိမ်းခြင်းတရား ထင်ရှားပေါ်လာအောင် အားထုတ်စဉ်းစား ဆင်ခြင်ကြကုန်ရာ၏။
ဤသမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးတို့သည် ပြခဲ့ပြီးသောအတိုင်း မိမိတို့ဆိုင်ရာ သဘောအားဖြင့် မှန်ကန်သည်ချည်းသာ ဖြစ်ကြ၏၊ လောက၌.. တယောက်သောသူသည် ပညတ်သဘောကို ရည်ရွယ်ကာ “လူဟူ၍၎င်း ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ထင်ရှားရှိပါသည်၊ ကျွန်ုပ်၏စကား မမှန်ခဲ့ပါလျှင် ကျမ်းစူးပါစေသား”ဟူ၍ ပြောဆိုလျှင်၎င်း…၊ အခြား တယောက်သောသူက ပရမတ္ထသဘောကို ရည်ရွယ်ကာ “လူဟူ၍၎င်း ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ထင်ရှားမရှိ၊ ကျွန်ုပ်၏စကား မမှန်ခဲ့ပါလျှင် ကျမ်းစူးပါစေသား”ဟူ၍ ပြောဆိုလျှင်၎င်း ထိုသူနှစ်ယောက်လုံးပင်လျှင် ကျမ်းမစူးနိုင်သည်သာ ဖြစ်၏။ အကြောင်းကား ထိုသူနှစ်ဦးတို့၏ စကားမှာ ဆန့်ကျင်၍ နေသော်လည်း ရည်ရွယ်ချက်အခြေခံ တမျိုးစီဖြစ်၍ ကိုယ့်အခြေခံ ကိုယ့်ရည်ရွယ်ချက်ဖြင့် ကိုယ်မှန်ကန်သည်ချည်းသာ ဖြစ်သောကြောင့်တည်း၊ လူ- ယောက်ျား- မိန်းမဟူ၍ ထင်ရှားရှိပါသည်ဟု ပြောဆိုသောသူ၏ စကားမှာ သမ္မုတိ ပညတ်အနေအားဖြင့် မှန်ကန်သည်သာ ဖြစ်သောကြောင့် သမ္မုတိသစ္စာဟူ၍
(ရ)
မှတ်ယူအပ်၏။ လူ- ယောက်ျား- မိန်းမဟူ၍ မရှိကောင်းပါဟု ပြောဆိုသောသူ၏ စကားမှာလည်း ပရမတ္ထအနေအားဖြင့် မှန်ကန်သည်သာ ဖြစ်သောကြောင့် ပရမတ္ထသစ္စာဟူ၍ မှတ်ယူအပ်၏။
သို့ဖြစ်၍.. မြတ်စွာဘုရားများသည် ဧကန်ထင်ရှားရှိသော ပရမတ္ထသဘောကိုသာ ဟောတော်မူလိုရင်း ဖြစ်သော်လည်း ပညတ်တရားကို ကျော်လွန်ဖယ်ရှား၍ တရားဟောတော်မမူကြပဲ ပညတ်တရားနှင့် တွဲဖက်၍သာ တရားဟောတော်မူကြကုန်သည်။ တရားဦးဖြစ်သော ဓမ္မစကြာ၌ပင် ဟောတော်မူလိုရင်းမှာ အယုတ်တရား နှစ်ပါးနှင့် မဇ္ဈိမပဋိပဒါ တရားတို့ကိုသာ ဟောတော်မူလိုရင်း ဖြစ်သော်လည်း ပညတ်ဖြစ်သော ရဟန်းနှင့် တွဲဖက်ကာ “အယုတ်တရား နှစ်ပါးတို့ကို ရဟန်းဖြစ်သောသူသည် မမှီဝဲအပ်” စသည်ဖြင့် ဟောတော်မူ၏။
ပညတ် အရေးကြီးပုံ
(တနည်းအားဖြင့်) မြတ်စွာဘုရားသည် ပရမတ္ထတရားကို ဟောတော်မူရာ၌ သိသာထင်ရှားစေရန်မျှသာ ရည်ရွယ်၍ သမ္မုတိပညတ်နှင့် တွဲဖက် ဟောကြားရသည်မဟုတ်၊ သတ္တဝါတို့အတွက် ပရမတ္ထတရား အရေးကြီးသလောက် သမ္မုတိသစ္စာ ပညတ်တရားသည်လည်း အရေးကြီးပေ၏။ အရေးကြီးပုံမှာ.. အကယ်၍ မြတ်စွာဘုရားသည် ပရမတ္ထတရားစုကိုသာ ဟောကြားထားပါက ထိုတရားတော်ကို သင့်တင့်မှန်ကန်စွာ နှလုံးသွင်းသူတို့အဖို့ “လောက၌ ရှိရှိသမျှတို့သည် မမြဲသော အနိစ္စတွေချည်းသာ ဖြစ်သည်။ ဆင်းရဲသော ဒုက္ခတွေချည်းသာ ဖြစ်သည်။ အလိုသို့မလိုက်ပါ အခိုင်အမာမဟုတ်သော အနတ္တတွေချည်းသာ ဖြစ်သည်”ဟူ၍ ပရမတ္ထသဘောအတိုင်း နှလုံးသွင်းကာ ဝိပဿနာတရား အားထုတ်၍ မဂ်ဖိုလ်နိဗ္ဗာန်လမ်း ဖြောင့်တန်းသွားကြမည် ဖြစ်၏။
မသင့်မတင့် နှလုံးသွင်းကြသူတို့ အဖို့မှာမူကား “လောက၌ အနိစ္စ ဒုက္ခ အနတ္တဖြစ်သော ရုပ်နာမ်အစုအဝေးသာ ရှိသတဲ့၊ ငါဟူ၍ မရှိ၊ သူတပါးဟူ၍ မရှိတဲ့၊ ငါ သူတပါးဟူ၍ မရှိလျှင် ငါ့ဥစ္စာ ငါ့သား ငါ့မယားဟူ၍ မရှိ၊ သူတပါ ဥစ္စာ သူတပါးသားမယားဟူ၍ မရှိ၊ မည်သည့်ပစ္စည်းကိုမဆို အလိုရှိသလို သုံးစွဲနိုင်သည်။ သူတပါးဟူ၍ မရှိသည့်အတွက် သူ့အသက်ကိုသတ်သည့် ပါဏာတိပါတ ဒုစရိုက်ဟူ၍ မရှိနိုင်၊ သူ့ပစ္စည်းကို ခိုးမှုဟူ၍ မရှိနိုင်၊ သူတပါး မရှိသည့်အတွက် သူတပါးမယားဟူ၍လည်း မရှိရကား သူ့အိမ်ကို လွန်ကျူးမှု= ကာမေသု မိစ္ဆာစာရဟူ၍လည်း မရှိနိုင်” အစရှိသည်ဖြင့် ထင်ရာစိုင်း၍ ဒုစရိုက်မျိုးစုံအောင် ပြုကုန်ကြတော့မည်။ ထိုသို့ပြုလျှင် သေသည်၏အခြားမဲ့၌ အပါယ်လေးဘုံသို့သာ လားကြရကုန်တော့မည်။ ဤသို့သော အပါယ်ဘေးမှ ကာကွယ်ကယ်တင်ရန် သုတ္တန်ဒေသနာတည်းဟူသော သမ္မုတိသစ္စာ ပညတ်တရားကို
(ရာ)
ဟောတော်မူရသည်။ သို့ဖြစ်၍ သုတ္တန်ဒေသနာတော်သည် သတ္တဝါတို့ အပါယ်လေးပါးသို့ မကျရောက်ရန် များစွာ ကာကွယ်ထောက်ပံ့သော ဒေသနာတော်ဖြစ်သည်။
အပါယ်ဘေးကို ကာကွယ်ရုံမျှသာ မဟုတ်သေး၊ လူဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝ- တည်းဟူသော သုဂတိဘဝသို့လည်း ရောက်စေနိုင်၏။ အကြောင်းကား ထိုသုဂတိဘဝသို့ ရောက်စေတတ်သည့် ဒါနကောင်းမှု သီလကောင်းမှု သမထဘာဝနာမှုတို့ကို သုတ္တန်ဒေသနာတော်၌ အများဆုံး ဟောကြားအပ်သောကြောင့်တည်း။ ဒါနကောင်းမှုတခု ဖြစ်မြောက်ရန် စေတနာ အလှူခံပုဂ္ဂိုလ် အလှူပေးပုဂ္ဂိုလ် လှူဖွယ်ဝတ္ထု ဤအချက်တို့ပြည့်စုံမှ ဖြစ်နိုင်သည်။ ထိုတွင် စေတနာတခုသာ ပရမတ္ထဖြစ်၍ ကျန်သုံးချက်တို့မှာ ပညတ်ချည်းဖြစ်ကြသည်။ ပညတ်ကို လုံးဝပယ်ရှားလိုက်က ဒါနဟူ၍ပင် ဖြစ်နိုင်ခွင့် မရှိတော့ပြီ။ (သီလ သမထတို့၌လည်း ဤနည်းအတူပင်။) သို့ဖြစ်၍ သမ္မုတိသစ္စာ ပညတ်တရားသည် ဆိုခဲ့ပြီးသောအတိုင်း သုဂတိဘဝသို့ ရောက်စေနိုင်၏ဟူ၍ ယုံမှားမရှိ မှတ်ယူရာ၏။ အယုတ်သဖြင့် သမ္မုတိသစ္စာတရားကို လုံးဝ ပယ်ရှားထားလျှင် ဘုရားဖြစ်ခြင်း၏အကြောင်း ပါရမီကောင်းမှုတို့ကိုပင် ပြု၍ ဆည်းပူး၍ ရနိုင်တော့မည်မဟုတ်ချေ။
သုတ္တန်ဒေသနာတော်ချည်း သက်သက် ဟောထားပါက ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဒုစရိုက်မှုတို့ကို မပြုကြမည် မှန်သော်လည်း “မြတ်စွာဘုရားကိုယ်တိုင်က ငါ သူတပါး ငါ့ဥစ္စာ သူ့ဥစ္စာ ငါ့သားမယား သူ့သားမယား ရှိသည်-စသည်ဖြင့် ဟောကြားထားတော်မူသည့်အတွက် ငါ့ကိုယ် ငါ့ဥစ္စာ ငါ့သားမယား စသည်တို့ တကယ်ရှိသည်” စသည်ဖြင့် အစွဲအလမ်းကြီးကျယ်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ရှိရန်အရေး တစတစ ဝေးမည်ဖြစ်၍ သတ္တဝါတို့ကို မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ကယ်တင်တော်မူရန် အဘိဓမ္မာဒေသနာတော်- တည်းဟူသော ပရမတ္ထသစ္စာကို ဟောကြားတော်မူရပြန်သည်။
သစ္စာနှစ်ပါး ဟောရပုံ
အဘိဓမ္မာဒေသနာတော်ဖြင့် လောကမှာ ငါ ငါ့ဥစ္စာ ငါ့သားမယားစသည် ရှိ၏ဟု သုတ္တန်အလို ဟောအပ်သော်လည်း လောက ပညတ်သဘောအနေ မှန်ရာသို့လိုက်၍ ဟောတော်မူခြင်းမျှသာ ဖြစ်သည်။ အကယ်စင်စစ် ငါ သူတပါး ယောက်ျား မိန်းမ စသည်မရှိ၊ သို့ဖြစ်၍ ပညတ်အနေအားဖြင့်သာ ခေါ်ဝေါ်သမုတ်အပ်သော ငါ သူတပါး ယောက်ျား မိန်းမ စသည်တို့ကို စင်စစ် ထင်ရှားရှိသော အရာတွေဟု စွဲမှတ်ကာ မနေအပ်၊ အလုံးစုံပင် အနိစ္စ ဒုက္ခ အနတ္တတွေချည်းသာ ဖြစ်သည်ဟု ငါ သူတပါး ယောက်ျား မိန်းမစသည် အထင်မှားမှုများကို ပယ်ခွါစေတော်မူရပြန်သည်။
(ရိ)
ဤသို့လျှင် သမ္မုတိသစ္စာသို့လိုက်ကာ လောကမှာ ငါ သူတပါး ယောက်ျား မိန်းမစသည် ပညတ်အနေအားဖြင့် ရှိသည်ဟူ၍၎င်း (သို့မဟုတ် သမ္မုတိသစ္စာ အနေအားဖြင့် ရှိသည်ဟူ၍၎င်း) စင်စစ် ငါ သူတပါး ယောက်ျား မိန်းမစသည် ပရမတ္ထအနေအားဖြင့် ထင်ရှားမရှိကောင်း ဟူ၍၎င်း သစ္စာနှစ်ပါးအရာ လိုက်နာ ကျင့်ကြံကြစေလိုသည့်အတွက် သစ္စာနှစ်ပါးလုံးကိုပင် မြတ်စွာဘုရား ဟောကြားတော်မူရသည်။
သဘာဝသစ္စာနှင့် အရိယသစ္စာ
ထို သစ္စာနှစ်ပါးတို့တွင် ပရမတ္ထသစ္စာကမှ တဖန် (က) သဘာဝသစ္စာ (ခ) အရိယသစ္စာဟူ၍ နှစ်ပါးပြားပြန်သည်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန် တည်းဟူသော ပရမတ္ထတရား အားလုံးသည်ပင်လျှင် သဘာဝသစ္စာ ဖြစ်၏။ အကြောင်းမှာ ထိုအလုံးစုံသည်ပင် ပရမတ္ထ သဘောအားဖြင့် မှန်ကန်သည်ချည်း ဖြစ်သောကြောင့်တည်း။
ဤသဘာဝသစ္စာအရ လောကီတရားထဲမှာ ကိုယ်၏ ချမ်းသာခြင်းတည်းဟူသော သုခ၊ စိတ်၏ ချမ်းသာခြင်းတည်းဟူသော သောမနဿတရားများ ထင်ရှားရှိကြ၏၊ နှစ်သက်ဖွယ်ကောင်းသော အတွေ့နှင့် တွေ့ထိနေရလျှင် ထိုအတွေ့အထိအတွက် ကိုယ်မှာ ချမ်းသာသုခ ဖြစ်၏၊ (အရပ်အလို သဘောကျ၍နေ၏။) ဤသို့ ပြောဆိုရာမှာ မဟုတ်မမှန်နိုင်ပါ၊ နှစ်သက်ဖွယ်သော အတွေ့နှင့် ထိနေရခြင်းသည် မကောင်းပါဟူ၍ မည်သူကမျှ ငြင်းနိုင်ကြမည်မဟုတ်။ ဤသို့ မငြင်းနိုင်ကြခြင်းမှာ နှစ်သက်ဖွယ်အတွေ့ (ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ)နှင့် တွေ့ထိက ကိုယ်မှာ ချမ်းသာသုခ အမှန်ပင် ဖြစ်သောကြောင့်တည်း။
ဤနည်းအတူ စိတ်ထဲမှာ နှစ်သက်ဖွယ်ရာ အကြောင်းအာရုံနှင့် တွေ့ကြုံနေပါလျှင် ထိုသူ၏စိတ်သည် ချမ်းသာမည် ဧကန်ဖြစ်၏၊ ပါဠိလို သောမနဿဝေဒနာ ဖြစ်၏၊ မဖြစ်နိုင်ဘူးဟူ၍ မည်သူမျှ မငြင်းနိုင်ပေ၊ အကြောင်းကား အမှန်ပင် စိတ်ချမ်းသာခြင်း သောမနဿတရား ထင်ရှား ရှိနေသောကြောင့်တည်း။ ဤသို့လျှင် သဘာဝသစ္စာနည်းအရ လောကီတရားထဲ၌ ကိုယ်၏ချမ်းသာခြင်း သုခနှင့် စိတ်၏ချမ်းသာခြင်း သောမနဿတရား နှစ်ပါးတို့ ထင်ရှားရှိသည်ကို သိအပ်၏။
အရိယသစ္စာခဏ်း
ဒုက္ခအရိယသစ္စာ
အရိယသစ္စာနည်းသို့ ရောက်သောအခါ လောကီတရားထဲ၌ ကိုယ်၏ ချမ်းသာခြင်း သုခ စိတ်၏ချမ်းသာခြင်း သောမနဿဟူ၍ မရှိကောင်းတော့ပြီ။ သဘာဝသစ္စာနည်းအတိုင်းသာ ထိုသုခ သောမနဿတို့ ရှိသည်ဟူ၍
(ရီ)
စွဲမြဲ ထင်မှတ်နေလျှင် လောကီတရားတို့ကို ပယ်ခွါနိုင်တော့မည် မဟုတ်၊ မပယ်ခွါနိုင်လျှင် အရိယာအဖြစ်သို့ ရောက်နိုင်မည်မဟုတ်။ သို့ဖြစ်၍ အရိယာဖြစ်လိုသော ပုဂ္ဂိုလ်သည် သဘာဝသစ္စာနည်းအရ သုခ သောမနဿဟူ၍ ခေါ်ဆိုအပ်သော အရာစုကို ဒုက္ခဟူ၍သာ ထင်မြင်အောင်ရှုရာ၏။ သဘာဝသစ္စာနည်းအရ သုခ သောမနဿဟူ၍ ခေါ်ဝေါ်အပ်သော တရားစုသည် မဖောက်မပြန် အမြဲတည်နေသော တရားစုမဟုတ်၊ ခဏအတွင်း ဖောက်ပြန်မည့် တရားစုဖြစ်၏။
လောက၌ လူ့စည်းစိမ် နတ်စည်းစိမ်တို့သည် ချမ်းသာဖွယ် ဝမ်းမြောက်ဖွယ်ချည်း ဖြစ်သည်ဟု ပုထုဇန်အများတို့ ထင်မှား မက်မောကြ၏။ ထိုသို့ မက်မောခြင်းမှာ ထိုစည်းစိမ်စု၏ မတည်မမြဲ ဖောက်လွဲဖောက်ပြန် ဖြစ်လိမ့်မည့်သဘောကို မသိသောကြောင့်ဖြစ်၏။ ဤသို့ မမြင်ခြင်းမှာ အမြော်အမြင် ပညာနည်းပါး မက်မောတွယ်တာခြင်း တဏှာလောဘ အားကြီးသောကြောင့်ဖြစ်၏။ ပညာ အမြော်အမြင်ရှိသော သူတို့ကမူကား မဖောက်ပြန်သေးမီ ချမ်းသာဖွယ် နှစ်သက်ဖွယ်ဟူ၍ ထင်မြင်နေကြသော်လည်း မကြာမီ ဖောက်ပြန်ပျက်စီးမည် အမှန်ဖြစ်၏၊ ဤမမြဲသောစည်းစိမ်ကို ရသောအခါ ဝမ်းမြောက်ဝမ်းသာ ရှိမည်ဖြစ်သော်လည်း ပျက်စီးတော့မည်ရှိသောအခါ ပျက်စီးသောအခါတို့၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်နှင့် မကာမိအောင် အပြင်းအထန် ပူပန်ဆင်းရဲစေမည်ဖြစ်၏။
ဥပမာအားဖြင့် ဆင်းရဲသားတယောက် သိန်းထီထိုး၍ပေါက်လာလျှင် ပေါက်သည်ဟု ကြားသည်နှင့်တပြိုင်နက် လွန်စွာ နှစ်သက်ဝမ်းမြောက်မည် ဖြစ်၏၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိကာ “ငါသည် လှလှကြီး သုံးလိုက်မည်။ အတိတ်ကဆင်းရဲခဲ့သမျှ အတိုးချ၍ ပျော်မြူးလိုက်မည်” စသည်ဖြင့် ကြံစည်နေစဉ်အတွင်း မသုံးစွဲလိုက်ရသေးမီ အန္တရာယ်တခုခုကြောင့် တသိန်းလုံး ဆုံးပါးသွားသည် ဖြစ်ငြားအံ့၊ ထိုသူ၏စိတ် မည်မျှလောက် ဆင်းရဲသွားမည်ကို ချင့်ချိန်ကြည့်ရှု ဆင်ခြင်ရာ၏။ ရစဉ်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်ထက် ဆုံးပါးသည့်အခါ ပူပန်ရခြင်းက မရပ်မတည်နိုင်အောင် ပိုမိုလွန်ကဲမည်ကို စဉ်းစားသိမြင်နိုင်ပေသည်။
လောကီအရာ၌ မည်သည့်ဝတ္ထုမှာမဆို နှစ်သက်ဖွယ်နှင့် စိတ်မသက်သာဖွယ် သဘောနှစ်မျိုး ဆက်ဆံလျက်ရှိပေ၏။ အာရုံငါးပါး ကာမဂုဏ်တရားတို့သည် ပုထုဇန်တို့၏ အလိုအားဖြင့် နှစ်သက်ဖွယ် သာယာဖွယ် ဖြစ်ကြကုန်၏။ မြတ်စွာဘုရားကမူ “အပ္ပဿာဒါ ဘိက္ခဝေ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ”ဟူ၍ ကာမဂုဏ်ငါးပါးတို့မှာ နှစ်သက်သာယာဖွယ် အနည်းငယ်မျှသာရှိ၍ ဆင်းရဲဖွယ် ပင်ပန်းဖွယ်တို့သာ များကြကုန်၏ဟု ဟောကြားတော်မူသည်။ မြတ်စွာဘုရားကို မဆိုထားဘိ၊ တပည့်ဖြစ်သော အရိယာပုဂ္ဂိုလ်များပင် ထိုလောကီအာရုံ
(ရု)
ကာမဂုဏ်တို့ကို ပုထုဇန်တို့ကဲ့သို့ နှစ်သက်သာယာခြင်း မရှိကြကုန်။ သို့သော် ကာမဂုဏ်တို့မှာ နှစ်သက်သာယာဖွယ် လုံးဝမရှိဟူ၍ ဘုရားဟောတော်မမူ။ ချမ်းသာတပဲ ဆင်းရဲတပိဿာ ဟူ၏သို့ သာယာဖွယ်နည်းပါး ဒုက္ခသာများ၏ဟူ၍ ဟောတော်မူသည်။
ပညာရှိ သူတော်ကောင်းတို့သဘောမှာ မည်သည့်အရာမျိုး၌မဆို နှစ်သက်သာယာဖွယ်ဖြစ်သော အဿာဒသဘော ရှိ-မရှိကို ရှေးဦးစွာ မဆင်ခြင်ပဲ စိတ်ညစ်ဖွယ်ဖြစ်သော အပြစ်အာဒီနဝ ရှိ-မရှိကိုသာ ရှေးဦးစွာ ဆင်ခြင်တော်မူကြ၏။ အပြစ်အာဒီနဝ တွေ့ရှိနေပါလျှင် နှစ်သက်သာယာဖွယ် အဿာဒပင် ရှိနေစေကာမူ ဂရုမထားကြတော့ချေ။ မလိုလားအပ်သော အရာဟူ၍သာ ဆုံးဖြတ်တော်မူကြ၏။ အပြစ်အာဒီနဝ မရှိလျှင် နှစ်သက်သာယာဖွယ် အဿာဒပင် မရှိစေကာမူ ကောင်းသောအရာဟူ၍သာ မှတ်ယူတော်မူကြ၏။
ဥပမာဆိုသော် ကမ္ဘာကြီးတခုလုံးကို တဦးတည်း အာဏာပိုင်သည့်ဘုရင်ကြီး တရက်လုပ်ပါ။ ထိုသို့ ကမ္ဘာ့ဘုရင်ကြီး တရက်ဖြစ်ပြီးလျှင် နောက်တနေ့၌ အဆုံးစီရင်ခြင်း ခံရမည်ဟု ပြောဆိုကာ ကမ္ဘာ့ဘုရင်ကြီး ပြုလုပ်ရန် တောင်းပန်လျှင် ပြုလုပ်ဝံ့သောသူ ပြုလုပ်လိုသောသူ ရှိမည်မဟုတ်၊ အမှန်မှာ တရက်အတွင်း ဘယ်အခါကမျှ မရဘူး မရှိခဲ့ဘူးသော ကမ္ဘာ့ဘုရင်ကြီးအဖြစ်မှာ ပုထုဇန်တို့၏ အမြင်ဖြင့်ကြည့်လျှင် သာယာနှစ်သက်ဖွယ် အပြည့်ရှိနေသော်လည်း နောက်တနေ့မှာ ပျက်စီးသေကြေရမည့် အပြစ်ကြီးက ထင်ရှားရှိနေသည့်အတွက် တရက်တာမျှ ကမ္ဘာ့ဘုရင်ကြီးဖြစ်ရမည့် သာယာနှစ်သက်ဖွယ်ကို မည်သူမျှ သာယာနှစ်သက်နိုင်တော့မည် မဟုတ်ချေ။
ဤနည်းအတူပင် အရိယာသူတော်ကောင်းတို့သည် မည်သည့်အရာ၌မဆို နောက်အခါ ဖောက်ပြန်ပျက်စီးမည့်အပြစ်ကို မြင်တော်မူကြ၍ မဖောက်ပြန်မီအတွင်း ခေတ္တ ယာယီမျှဖြစ်သော နှစ်သက်သာယာဖွယ်ကလေးကို နှစ်သက်ဖွယ်ဟူ၍ မထင်နိုင်ကြတော့ချေ။ ဤသို့ မထင်နိုင်ပဲ “လောကအတွင်းမှာ စင်စစ် ချမ်းသာတရားဟူ၍ မရှိစကောင်း မမြဲသော အနိစ္စတရားတွေချည်းသာ ဖြစ်သည်၊ မတည်မြဲသည့်အတွက် ချမ်းသာတရားဟူ၍လည်း မရှိကောင်း၊ စင်စစ် ဆင်းရဲသောတရားစုသာ ဖြစ်သည်”ဟူ၍ ဆင်ခြင်နှလုံးသွင်းသော သူမှသာလျှင် အရိယာပုဂ္ဂိုလ်အဖြစ်ကို ရနိုင်ပေသည်။
ဤသို့လျှင် လောကီတရားအတွင်းမှာ ဒုက္ခချည်းသာ ဖြစ်သည်ဟု ရှုဆင်ခြင်ခြင်းပြုမှသာ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်သောကြောင့် ထိုသို့ ရှုဆင်ခြင်အပ်သော တရားစုသည် အရိယာအဖြစ်သို့ အမှန်ရောက်စေနိုင်သော တရားဖြစ်၍
(ရူ)
အရိယသစ္စာ မည်လေသည်။ တနည်းအားဖြင့် အရိယာပုဂ္ဂိုလ်တို့သည် ဤလောကီတရားစုကို ဒုက္ခဟူ၍သာ အမှန်အတိုင်း ရှုဆင်ခြင်တော်မူကြမြဲဖြစ်၍ အရိယသစ္စာဟု ခေါ်သည်။
ဤသို့လျှင် အရိယာဖြစ်ရန် ရည်သန်အားထုတ်နေသော ပုဂ္ဂိုလ်နှင့် အရိယာဖြစ်ပြီးသော ပုဂ္ဂိုလ်တို့၏ အသိမှန် အမြင်မှန်အရ ဘုံသုံးပါးဟုခေါ်သော ဝဋ်တရားကြီးအတွင်းမှာ သုခဟူ၍မရှိ ဒုက္ခချည်းသာ ဖြစ်သည်ဟု ရှုဆင်ခြင်ခြင်းသည် မှန်ကန်သည်ဖြစ်၍ ဒုက္ခအရိယသစ္စာဟု ခေါ်၏။
အကျဉ်းချုပ်အားဖြင့် လောကီ တေဘူမကတရားဟုခေါ်သော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခချည်းသာ အမှန်ဖြစ်သည်။ ဆင်းရဲခြင်းစင်စစ် အမှန်ဖြစ်သည်။ ဥပါဒါနက္ခန္ဓာ ငါးပါးဟူသည်ကား“ငါ၏ကိုယ် စသည်ဖြင့် စွဲလမ်းရာဖြစ်သော ရုပ်အစု ဝေဒနာအစု သညာအစု သင်္ခါရအစု ဝိညာဏ်အစု တည်းဟူသော အစုတရား ငါးပါးတို့ပင် ဖြစ်၏။ ထိုအစုတရား ငါးပါးတို့သည် ဒုက္ခအရိယသစ္စာမည်ကုန်၏။
ဒုက္ခသမုဒယအရိယသစ္စာ
ထိုဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ဆင်းရဲအစု ဆင်းရဲအမှန်တရားကြီးသည် အကြောင်းမရှိပဲ အလိုလို ဖြစ်ပေါ်လာသည်မဟုတ်။ ဆိုင်ရာဆိုင်ရာ အကြာင်းများစွာ ရှိသည့်အနက် အရင်းခံဦးစီး အကြီးမားဆုံးဖြစ်သော အကြောင်းမှာ ထိုထိုအာရုံတို့၌ မက်မော တွယ်တာတတ်သော တဏှာလောဘတရားပင် ဖြစ်၏။
လောက၌ သတ္တဝါဟူသမျှတို့သည် မိမိတို့၏ ချမ်းသာစွာ နေထိုင်စားဝတ်ရေးတို့အတွက် နေ့ဆက်ရက်ရှည် ကြံစည်ရှာမှီး လုပ်ကိုင်နေရခြင်းဆင်းရဲဒုက္ခ ခံနေကြရသည်မှာ ကောင်းကောင်း နေထိုင်လိုခြင်း ကောင်းကောင်း စားဝတ်လိုခြင်းစသော တဏှာလောဘ ရှိသောကြောင့်သာ ဖြစ်၏။ ငါကောင်းကောင်း မစားလို၊ မသေရုံ မျှတရုံသာ ရသမျှအစာကို စားနေမည်၊ ကောင်းကောင်း မဝတ်မဆင်လို၊ အရှက်အကြောက် ဖုံးလွှမ်းရုံသာ အလွယ်တကူရရှိနိုင်သည့် သစ်ရွက်များကိုပင် ကောက်ယူဖုံးအုပ်၍ နေမည် စသည်ဖြင့် တဏှာလောဘကို ခွါနိုင်သမျှ ပယ်ခွါလိုက်လျှင် ယခုကဲ့သို့ ဒုက္ခအမျိုးမျိုး နေ့ရောညဉ့်ပါ ကြံစည်အားထုတ်ရခြင်း ဆင်းရဲဒုက္ခ ရှိတော့မည်မဟုတ်ချေ။ သို့ဖြစ်၍ ဆင်းရဲခြင်းဒုက္ခကို အကောင်းထင်ကာ မက်မောတွယ်တာခြင်း တဏှာလောဘက ဖြစ်စေကြောင်း ကောင်းစွာထင်ရှား၏။
(ရေ)
ယခုဘဝအတွက်ပင်မက နောက်ဆက်လက်ရမည့် ဘဝအသစ်များမှာလည်း ကောင်းသော ဘဝအသစ်ကိုသာ ရလိုသည့်အတွက် ကံအမျိုးမျိုးတို့ကို ပြုလုပ် ဆည်းပူးရပြန်သည်၊ ဤပြုလုပ်အပ်သော ကံများကြောင့် နောက်နောင် ဘဝအသစ် ဖြစ်လာရာမှာလည်း ယခုဘဝ တဏှာလောဘအစီအမံ ခံရသောကံက ဖြစ်စေရသည့်အတွက် ထိုဘဝအသစ်ဖြစ်ရေး၌ အကြောင်းရင်းကို ရှာဖွေသော် တဏှာလောဘပင် အကြောင်းရင်းဖြစ်ပေ၏။
ဤသို့လျှင် တဏှာလောဘသည် ဘဝအသစ်မှာ ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော ဒုက္ခကို ဖြစ်စေနိုင်သော အကြောင်းရင်းဧကန် မှန်သောကြောင့် ဤတဏှာလောဘကို ဒုက္ခသမုဒယ အရိယသစ္စာဟူ၍ ခေါ်အပ်၏။ ဆင်းရဲဒုက္ခဖြစ်သော ခန္ဓာအစုကို ဖြစ်စေတတ်သော အကြောင်းမှန်ဟု ဆိုလိုသည်။ ဤ ဒုက္ခသမုဒယ အရိယသစ္စာကိုပင် အတိုချုပ်အားဖြင့် သမုဒယသစ္စာဟူ၍လည်း ခေါ်၏။
ဒုက္ခနိရောဓအရိယသစ္စာ
သမုဒယသစ္စာဟုခေါ်သော တဏှာလောဘသည် လောကီအာရုံ အမျိုးမျိုးတို့၌ မျောက်နှဲစေးပမာ တွယ်တာ တပ်မက်မောသော်လည်း အကြောင်းတရားတို့ မပြုပြင်ရပဲ အမြဲထင်ရှားရှိနေသည့် အေးငြိမ်းချမ်းသာမှု သန္တိဟုခေါ်အပ်သော အသင်္ခတဓာတ်ကိုကား သံတွေခဲ မီးရဲရဲကို ယင်ကောင် မကပ်နိုင်သကဲ့သို့ပင် မက်မောတွယ်တာမှု မပြုနိုင်ချေ။
ယင်းသည့် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို တဏှာလောဘက မက်မောတွယ်တာမှု မပြုနိုင်ရာ၌ အကြောင်းကို ရှာဖွေသည်ရှိသော် တဏှာ၏သဘောအားဖြင့် ကြည့်လျှင် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည် တပ်မက်မောစရာ မဟုတ်သောကြောင့် ဖြစ်၏။ ထိုအကြောင်းကို ထင်ရှားစေဦးအံ့.. ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ= ခံစားမှုတည်းဟူသော အကြောင်းကြောင့် တဏှာဖြစ်ရသည်”ဟု ဟောတော်မူသည့်အတိုင်း တဏှာသည် ခံစားခြင်း ဝေဒယိတသုခရှိမှ ဖြစ်နိုင်၏။ အသင်္ခတဓာတ်ဖြစ်သော နိဗ္ဗာန်တရားမှာ ခံစားခြင်း ဝေဒယိတသုခမျိုးမဟုတ်၊ (ခံစားရသည့် ချမ်းသာမျိုး မဟုတ်၊) ငြိမ်းအေးခြင်းချမ်းသာ သန္တိသုခသာ ဖြစ်သည်။
ခံစားရမှု အလျဉ်းမရှိသော နိဗ္ဗာန်တရားသည် လိုချင်ဖွယ်ရာတရား နှစ်သက်ဖွယ်ရာတရား ဖြစ်နိုင်ပါမည်လောဟူ၍ မေးမြန်းဖွယ်ရှိ၏၊
ဤသို့ မေးမြန်းသူ၏စိတ်မှာ ခံစားမှုဝေဒနာကိုသာ ချမ်းသာအစစ် ထင်မှတ်သောကြောင့် (တနည်း) ငြိမ်းအေးမှုချမ်းသာကို ချမ်းသာဟူ၍ မဆင်ခြင်မိသောကြောင့် ထိုကဲ့သို့ မေးခြင်းဖြစ်ပေ၏။ အဖြေမှာ-
(ရဲ)
သုခသည် ခံစားခြင်းချမ်းသာဟု ဆိုအပ်သော ဝေဒယိတသုခ၊ ငြိမ်းအေးမှုချမ်းသာဟု ဆိုအပ်သော သန္တိသုခဟူ၍ နှစ်ပါးရှိရာ ထင်ရှားလောက်သော လောကီဥပမာတခုကို ပြဆိုရသော် ဤလောက၌ အစားအစာ အာဟာရကို တပ်မက်မောလှသော သူဌေးကြီးတဦး ရှိလေရာ၏၊ ထိုသူဌေးကြီးသည် အဖိုးအနဂ္ဃထိုက်တန်သော အစားအစာ အာဟာရတို့ကို ဝယ်ယူစားသုံး၍ နေရာ၏။ ဝိဇ္ဇာဓိုရ်ကြီးတဦးကမူ အာဟာရသိဒ္ဓိ ပြီးစီးနေသဖြင့် သူဌေးကြီးစားသော အဖိုးအနဂ္ဃထိုက်တန်သည့် အစာအာဟာရတို့ကို စားချင်မည်ဝေးစွာ့၊ စက်ဆုပ်ပင် စက်ဆုပ်လေရာ၏။ ထိုသူနှစ်ဦးတို့မှာ အစာအာဟာရနှင့် စပ်လျဉ်း၍ မည်သူက ချမ်းသာပါသနည်းဟု မေးလျှင်-
တဏှာသမားက သူဌေးကြီးသာ ချမ်းသာသည်၊ သူဌေးကြီးသာ အလိုရှိတိုင်း အကောင်းဆုံး အဖိုးအနဂ္ဃထိုက်တန်သော အရာများကို သုံးဆောင်နေရသည်။ ဝိဇ္ဇာဓိုရ်ကြီးမှာ တစုံတရာ အာဟာရကိုမျှ သုံးဆောင်ရခြင်း မရှိသည့်အတွက် သူဌေးကြီးက သာလွန်ပေသည်ဟူ၍ ပြောဆိုမည်ဖြစ်၏။ ဤသို့ ပြောဆိုခြင်းမှာ မိမိစိတ်တွင် တဏှာလွှမ်းမိုးနေခြင်းကြောင့် တဏှာကို အားပေးတတ်သည့် ခံစားမှုဝေဒနာကိုသာ အမြတ်ထင်မှတ်၍ ပြောဆိုခြင်းဖြစ်သည်။
ပညာရှိသော သူတို့ကမူကား ဝိဇ္ဇာဓိုရ်ကြီးသာလျှင် အစာအာဟာရနှင့်စပ်၍ ချမ်းသာခြင်းရှိသည်။ သူဌေးကြီးမှာ အရသာအမျိုးမျိုးကို သုံးဆောင်ခံစားနိုင်ရန် မရ-ရအောင် ရှာဖွေရခြင်း၊ ရသောအခါ နေရာတကျဖြစ်အောင် စီမံရခြင်းစသော ပြုပြင်ရမှု ပဋိသင်္ခရဏဒုက္ခနှင့် အသစ်အသစ် လဲလှယ်လိုခြင်းတည်းဟူသော အာသာဒုက္ခတို့ ဝိုင်းဝိုင်းလည်လျက် ရှိသည်။ ဝေဒယိတသုခမှန်လျှင် ဤဒုက္ခနှစ်မျိုးနှင့် အဘယ်နည်းနှင့်မျှ ကင်း၍မဖြစ်နိုင်။ ဝိဇ္ဇာဓိုရ်ကြီးမှာမူ အစာအာဟာရကို သုံးဆောင်ခံစားခြင်း ဝေဒယိတသုခ မရှိသည့်အတွက် ပြုပြင်စီမံရခြင်း ပဋိသင်္ခရဏဒုက္ခ အသစ်အသစ် လဲလှယ်လိုခြင်း အာသာဒုက္ခ စသည့် ဒုက္ခတစုံတရာမျှမရှိပဲ အစာအာဟာရနှင့်စပ်၍ အေးငြိမ်းလှစွာ ချမ်းသာသဖြင့် နေနိုင်၏။ ဝိဇ္ဇာဓိုရ်ကြီး၏ အေးငြိမ်းချမ်းသာမှုမှာ ဆင်းရဲဒုက္ခနှင့် ဆက်ဆံရောနှောခြင်း အလျဉ်းမရှိ၊ ချမ်းသာသက်သက်သာ ဖြစ်သောကြောင့် ဝိဇ္ဇာဓိုရ်ကြီးကသာ အစာအာဟာရနှင့်စပ်လျဉ်း၍ သူကြီးထက် ချမ်းသာသည်ဟု ဖြေဆိုကြမည်သာ ဖြစ်၏။
ဤစကားရပ်၌ သူဌေးကြီးကသာ ပို၍ချမ်းသာသည်ဟု ပြောဆိုသော တဏှာသမားတို့သည် အပြစ်တစုံတရာကို မမြင်ကြပဲ စိတ်တိုင်းကျ စားသောက်ရသည့် သာယာဖွယ်ရှိသော ခံစားမှုကိုသာ ကြည့်မြင်ကြ၍ ပြောဆိုခြင်းဖြစ်ကြ၏၊ ဝိဇ္ဇာဓိုရ်ကြီး၏ အစာအာဟာရ အလျဉ်းမစားပဲ အေးငြိမ်းချမ်းသာစွာ
(ရော)
နေရခြင်းကိုကား တဏှာလွှမ်းမိုးသူတို့က အကောင်းအမြတ် မထင်နိုင်ကုန်၊ သူဌေးကြီးကိုသာ အကောင်းအမြတ်ထင်၍ သူဌေးဖြစ်ရန်ကိုသာ အလိုရှိကြသကဲ့သို့ တဏှာလောဘ တရားသည်လည်း ခံစားမှုဝေဒနာမရှိပဲ စင်စစ် ငြိမ်းအေးလှခြင်းတည်းဟူသော သန္တိသုခကို (အသင်္ခတနိဗ္ဗာန်ကို) ကောင်းသည်ဟု မထင်မြင် မလိုချင် မမက်မောသည်သာ ဖြစ်၏။
ဤအရာဝယ် အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ်၊ ၄-မဟာဝဂ်၊ ၃-ခုမြောက်သုတ်၌-
အခါတပါး၌ အရှင်သာရိပုတြာသည် ရဟန်းတို့၏အလယ်တွင် သီတင်းသုံးတော်မူကာ “ငါ့ရှင်တို့.. ဤနိဗ္ဗာန်သည် ချမ်းသာလှ၏။ ဤနိဗ္ဗာန်သည် ချမ်းသာလှ၏”ဟူ၍ မိန့်ဆိုတော်မူသောအခါ အရှင်ဥဒါယီက “ငါ့ရှင်သာရိပုတြာ.. ခံစားမှု ဝေဒနာမရှိလျှင် ဤနိဗ္ဗာန်သည် အဘယ်မှာလျှင် ချမ်းသာနိုင်မည်နည်း”ဟု အရှင်သာရိပုတြာကို မေးမြန်း၏။ ထိုအခါ အရှင်သာရိပုတြာက “ငါ့ရှင်ဥဒါယီ.. နိဗ္ဗာန်မှာ ခံစားမှုဝေဒနာ မရှိခြင်းသည်ပင် ချမ်းသာစင်စစ် ဖြစ်သည်”ဟု ဟောကြားတော်မူသည်။
ဤအရာ၌ ဉာဏ်ပညာမဲ့သော ပုထုဇန်ပုဂ္ဂိုလ်တို့၏အမြင်မှာ ဒုက္ခသစ္စာ ခန္ဓာငါးပါး ဖြစ်ပွါးနေသည်ကိုသာ သုခဟူ၍ ထင်ကြ၏။ ဉာဏ်ပညာရှိသော ပုထုဇန်ပုဂ္ဂိုလ်တို့နှင့် အရိယာအရှင်မြတ်တို့ကမူ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါး မီးတောက်မီးပုံကြီး ငြိမ်းစဲသွားသကဲ့သို့ တဖန်နောက်ထပ်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းကိုသာ သုခဟူ၍ မှတ်ယူတော်မူကြကုန်၏။ ဤအရာ၌ ဉာဏ်ပညာနည်းပါးသော ပုထုဇန်ပုဂ္ဂိုလ်တို့ မဖြစ်ခြင်း ငြိမ်းအေးခြင်းချမ်းသာ၏ မွန်မြတ်ပုံကို လက်တွေ့စဉ်းစား သိရှိဖွယ် မှတ်သားဖွယ် ဥပမာသော်ကား လူတယောက်တွင် နှစ်ရှည်လများ လေနာရောဂါ ပြင်းထန်စွာ စွဲကပ်နေရာ ဆရာကောင်းနှင့်တွေ့၍ ဆေးကောင်းတခွက် သောက်ရသဖြင့် ထိုလေနာရောဂါ အမြစ်ပြတ် ပျောက်ကင်းသွားလေရာ၏။ ထိုသို့ လေနာရောဂါ ပျောက်ငြိမ်းသွားသောအခါ ထိုလူနာသည် မည်မျှ ချမ်းသာမည်နည်း၊ (ဤ၌ လေနာရောဂါ ပျောက်ငြိမ်းခြင်းဟူသည်မှာ ထိုလေနာရောဂါ မဖြစ်ခြင်းကိုပင် ခေါ်သည်။) လွန်စွာ ချမ်းသာ ဝမ်းမြောက်ပေလိမ့်မည်။ စင်စစ်အားဖြင့် ထိုသူသည် ထိုအခါ၌ နှစ်သက်ဖွယ် မည်သည့်အာရုံကိုမျှ ခံစားသုံးဆောင်ရခြင်း မရှိချေ၊ လေနာဒုက္ခ ပျောက်ငြိမ်းသွားခြင်း လေနာဒုက္ခ မဖြစ်ခြင်းသာလျှင် ထင်ရှားရှိသည်။ ထိုသို့ ခံစားမှုမရှိပဲ လေနာဒုက္ခ ကင်းငြိမ်းသွားမှု လေနာဒုက္ခ မဖြစ်ပွါးမှုအတွက် “ငါ့မှာဖြင့် ဒုက္ခကြီး ငြိမ်းစဲသွားလေပြီ” စသည်ဖြင့် လွန်စွာ နှစ်သက်ဝမ်းသာ ဖြစ်မည်ဧကန် ဖြစ်၏။ သံသရာဒုက္ခကြီးနှင့် နှိုင်းစာလျှင် မပြောပလောက်သည့်
(ရော်)
လေနာဒုက္ခကလေး ချုပ်ငြိမ်းသွားရာမှာပင် လွန်စွာ နှစ်သက်ဝမ်းသာ ဖြစ်နိုင်ပါလျှင် သံသရာဘေးဒုက္ခကြီး အေးငြိမ်းသွားရာမှာကား အဘယ်မှာလျှင် မနှစ်သက်သင့်ပဲ ရှိအံ့နည်း၊ အမှန်စင်စစ် နှစ်သက်ဝမ်းမြောက်ရမည်ဖြစ်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။
နိဗ္ဗာန်
ဤ ဒုက္ခနိရောဓ နိဗ္ဗာန်ဟူသည် အဘယ်တရား ဖြစ်သနည်းဟု မေးလျှင် “သန္တိလက္ခဏာရှိသော အကြင် အသင်္ခတဓာတ် ပရမတ္ထတရားအထူးကို မဂ်ဉာဏ်လေးပါးတို့ဖြင့် မျက်မှောက်ပြုလိုက်ရလျှင် တထောင့်ငါးရာ ကိလေသာခပ်သိမ်းတို့ အမြစ်ပြတ် နောက်ထပ်မဖြစ်နိုင်သော ချုပ်ငြိမ်းခြင်းမျိုးဖြင့် ချုပ်ငြိမ်း၍ သွား၏၊ အရဟတ္တမဂ်အရောက် မျက်မှောက်ပြုလိုက်ရသော ဘဝဝယ် ထိုဘဝနောက်ဆုံး စုတိ၏အခြားမဲ့၌ မီးတောက်မီးပုံကြီး ငြိမ်းစဲသွားသည့်ပမာ ခန္ဓာငါးပါး ဒုက္ခတရားတို့ တဖန်အသစ် မဖြစ်တော့ပဲ ငြိမ်း၍သွား၏။ နောက်ထပ် ဘယ်ဘဝ ဘယ်ဂတိမှာမှ မဖြစ်တော့ချေ။ ထိုသန္တိလက္ခဏာရှိသော ဆိုအပ်ပြီးသည့် ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသော အသင်္ခတဓာတ် ပရမတ္တရားအထူးသည် နိဗ္ဗာန်မည်၏”ဟူ၍ ဖြေဆို မှတ်သားရာ၏။
ပုထုဇုန်ဖြစ်သူတို့မှာ နိဗ္ဗာန်၏သဘောကို အရိယာတို့ကဲ့သို့ အပြည့်အစုံမသိနိုင်ကုန်၊ မသိပါပဲလျက် အရိယာတို့၏ အသိဉာဏ်မျိုးကဲ့သို့ အသိဉာဏ်ပေါက်အောင် ပြောဆိုရေးသားပါလျှင် မှားယွင်းနိုင်ခွင့် ရှိပေသည်။ နိဗ္ဗာန်ကို မဆိုထားဘိ၊ စာထဲမှာသာ တွေ့ရှိဘူး၍ ကိုယ်တိုင်မမြင်ဘူး မတွေ့ဘူးသော လောကီဝတ္ထု တခုခုကိုပင် ကိုယ်တိုင် တွေ့ဘူး မြင်ဘူးသည့်အနေ ပြောဆိုမိချေက မှားယွင်းတတ်ပေသည်။ ပုထုဇန်ဖြစ်သော သူငါတို့သည် နိဗ္ဗာန်နှင့်စပ်၍ အရိယာအရှင်မြတ်တို့ကဲ့သို့ အကုန်အစင် မသိမြင်နိုင်သည့်အတွက် ရှေး ဆိုခဲ့ပြီးသည့်အတိုင်းသာ မမှားအောင် ဖြေဆိုရာ၏။
ထို သန္တိလက္ခဏာရှိသော အသင်္ခတဓာတ် ပရမတ္ထတရားအထူးကို နိဗ္ဗာနဟူ၍ ခေါ်၏။ ထိုနိဗ္ဗာနဟူသော ပါဠိမှ ဆင်းသက်၍ မြန်မာဝေါဟာရ၌ နိဗ္ဗာန်ဟူ၍ ခေါ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် အဘယ်တရားမျိုးနည်းဟူ၍ စဉ်းစားပြန်လျှင် ရှေး၌ ဖော်ပြအပ်ပြီးသော နိဗ္ဗာန်၏သဘောကို မစဉ်းစားမိသေးသူတို့အဖို့ မှန်ကန်စွာ မသိနိုင်သည့်အတွက် နိဗ္ဗာန်ဟူသည် မပျက်မစီးနိုင်သော တိုင်းပြည်ကြီးတမျိုး မြို့တော်ကြီး တမျိုးဟူ၍ မှတ်ထင်တတ်ကြ၏။ နိဗ္ဗာန်ကို ဘေးမဲ့မြို့ကြီးအနေဖြင့် ရေစက်ချရာ တရားဟောရာတို့၌ ဟောဆိုသုံးစွဲခြင်းမှာ ဥပစာစကားမျှသာ ဖြစ်သည်၊ တကယ်စင်စစ် နိဗ္ဗာန်သည် တိုင်းပြည်ကြီး
(ရံ)
မြို့တော်ကြီး မဟုတ်ပေ။ အချို့ကလည်း နိဗ္ဗာန်မြို့ကြီးအတွင်းမှာ ပရိနိဗ္ဗာန် စံဝင်ကြပြီးသော အရိယာ အရှင်မြတ်တို့ အိုနာသေခြင်းကင်းသည့် ရုပ်နာမ်အထူးတို့ဖြင့် ရွှင်မြူးချမ်းသာ နေကြရသည်ဟု ထင်မှတ် ပြောဆိုတတ်ကြ၏။
စင်စစ်ကား ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပရိနိဗ္ဗာန် စံတော်မူကြခြင်းဟူသည်မှာ ထိုသူတို့ ထင်မှတ်သည့်အတိုင်း နိဗ္ဗာန်မြို့ကြီးထဲသို့ ရောက်သွားခြင်းမဟုတ်၊ နိဗ္ဗာန်မြို့ကြီးလည်း မရှိပေ။ ဆိုအပ်ပြီးသည့်အတိုင်း ရဟန္တာဖြစ်သည့် နောက်ဆုံးဘဝ စုတိ၏အခြားမဲ့ နောက်ကာလ၌ တစုံတခုသော ဘဝ ဂတိတို့၌မှာမှ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အသစ်ဆက်၍ မဖြစ်ခြင်း အေးငြိမ်း၍သွားခြင်းကို ပရိနိဗ္ဗာန်စံခြင်းဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ (နိဗ္ဗာန်ကား မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ပရမတ္ထတရားအထူးဖြစ်သည်။ ပရိနိဗ္ဗာန်ကား ရုပ်နာမ်ခန္ဓာတို့ တဖန်အသစ်မဖြစ်ပဲ ငြိမ်းစဲသွားခြင်း ဖြစ်သည်ဟု နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်အထူးကို မှတ်ယူရာ၏။)
နိဗ္ဗာန်ဟူသော စကားမှာ ပါဠိတဝက်တပျက် ပါရှိသည့် မြန်မာစကား ဖြစ်သောကြောင့်ပင် ဆရာသမားများက ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အခါ “နိဗ္ဗာန်ကိုသာ ဆုတောင်းရမည်”ဟု ဟောကြားဆုံးမသဖြင့် နိဗ္ဗာန်ကို ဆုတောင်းကြပါသော်လည်း အများအားဖြင့် နိဗ္ဗာန်ဟူသည် အဘယ်သို့ သဘောရှိသည်ဟု ကောင်းစွာ နားမလည်ကြသဖြင့် စိတ်ထဲမှာ အားရနှစ်သက် လေးလေးနက်နက် ရှိကြမည်မဟုတ်ချေ။ အကယ်၍သာ ဆရာသမားတို့က “ဆင်းရဲပူပန်ရခြင်းဟူမျှ အေးငြိမ်းရပါလို၏ဟူ၍ ဆုတောင်းရမည်”ဟု ဟောကြား ဆုံးမကြပါလျှင် မြန်မာစကားသက်သက်ဖြစ်၍ စိတ်ထဲမှာ ကွဲကွဲပြားပြား ခြားနားစွာသိသဖြင့် အားရနှစ်သက် လေးနက်စွာ ဆုတောင်းကြမည် ဖြစ်ပေ၏။
နိဗ္ဗာန်နှစ်မျိုး
အလွန်ကောင်းမြတ် အဖိုးတန်သော အဝတ်အထည်ကြီးတထည် ရှိသည်ဆိုပါစို့၊ ထိုအဝတ်အထည်ကို သုံးဆောင်သူ အထည်ပိုင်ရှင် ရှိစဉ်ကာလ၌ သုံးဆောင်သူရှိသော အဝတ်အထည်ကောင်းကြီးဟု ခေါ်ဆို၍ ထိုအဝတ်ရှင် ကွယ်လွန်သွားသောအခါ သုံးဆောင်သူမရှိသော အဝတ်အထည်ကောင်းကြီးဟု ခေါ်ဆိုရလေသည်၊ (ဤ၌ အဝတ်အထည် တခုတည်းကိုပင် သုံးဆောင်သူ ရှိသောအချိန် မရှိသောအချိန်သို့ လိုက်၍ အမည်နှစ်မျိုးဖြင့် ခေါ်ဆိုသုံးစွဲခြင်းဖြစ်သည်။) ထို့အတူပင် အရှင်သာရိပုတြာ မဂ်ဖိုလ်ဖြင့် အာရုံပြုအပ်သည့် သန္တိလက္ခဏာရှိသော အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကြီးကို အရှင်သာရိပုတြာ မထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မမူမီ ကာလအတွင်း (ထိုနိဗ္ဗာန်ကို အာရုံပြုတတ်သည့်
(ရား)
ဥပါဒိသေသ ခန္ဓာငါးပါး ထင်ရှားရှိနေသောကြောင့်) သဥပါဒိသေသနိဗ္ဗာန်ဟု ခေါ်၍ အရှင်သာရိပုတြာမထေရ်မြတ် ပရိနိဗ္ဗာန် စံတော်မူသွားသောအခါ ထိုနိဗ္ဗာန်ကို အာရုံပြုတတ်သည့် ဥပါဒိသေသ ခန္ဓာငါးပါး မရှိတော့သောကြောင့် အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုအပ်လေသည်။
တဏှာကို ပညာဖြင့်ဖိနှိပ်ကာ ကောင်းစွာ ဆင်ခြင်စဉ်းစားနိုင်မှ ငြိမ်းအေးမှုနိဗ္ဗာန်ကို အလိုရှိနိုင်ပေမည်။ ပညာဖြင့် ဖိနှိပ်ခြင်းမရှိပဲ တဏှာကိုသာ ဦးစားပေး၍ စဉ်းစားလျှင် ငြိမ်းအေးမှုနိဗ္ဗာန်ကို တကယ်အလိုရှိအပ်သည့် တရားဟူ၍ ကောင်းစွာ မသိမြင်နိုင်။
နိဗ္ဗာန်သုံးမျိုး
နိဗ္ဗာန်သည် ဆိုအပ်ပြီးသည့်အတိုင်း နှစ်မျိုးပြားသည်သာ မဟုတ်သေး၊ ထိုနိဗ္ဗာန်၌ ထင်ရှား ပြည့်စုံနေသော ဂုဏ်အခြင်းအရာအားဖြင့် (၁) သုညတနိဗ္ဗာန် (၂) အနိမိတ္တနိဗ္ဗာန် (၃) အပ္ပဏိဟိတနိဗ္ဗာန်ဟူ၍ သုံးပါး အပြားရှိပြန်၏။
(၁) (သုညတ= ကင်းဆိတ်သည်) နိဗ္ဗာန်တရား၌ ကြောင့်ကြဖွယ် ပလိဗောဓဟူသမျှ အလုံးစုံ ကင်းဆိတ်သည့် ဂုဏ်အခြင်းအရာကို အစွဲပြု၍ သုညတနိဗ္ဗာန်ဟု ခေါ်၏။
(၂) (နိမိတ္တ= အကြောင်း) သင်္ခတမျိုးဖြစ်သည့် စိတ် စေတသိက် ရုပ်တရားတို့သည် ကိလေသာတို့၏ အကြောင်းဖြစ်ကုန်၏။ ဖြစ်ပုံမှာ.. သင်္ခတတရားတို့သည် ရုပ်ဖြစ်စေ နာမ်ဖြစ်စေ အသီးအသီး အခြားတရားတို့နှင့် မတွဲမဖက် မိမိတရားတခုတည်းသက်သက် ဖြစ်နိုင်သော သဘောမရှိ၊ ရုပ်တရားတို့မှာ အနည်းဆုံး ရှစ်ပါးစုပေါင်းလျက် ဖြစ်ကြသည်၊ (အဋ္ဌကလာပ်ရုပ်ခေါ်၏။) နာမ်တရားတို့မှာလည်း အနည်းဆုံး သဘာဝရှစ်မျိုး စုပေါင်းဖြစ်ကြရသည်။ (ပဉ္စဝိညာဏ်ကို ဆိုလိုသည်။) ထိုသို့ ဆိုင်ရာတို့နှင့် တွဲဖက်၍ တပေါင်းတစုတည်း ဖြစ်ပေါ်လာသော တရားစုကို ငါကောင် ကိုယ်ကောင် အထည်ဝတ္ထုဒြပ် စသည်ထင်မှတ်ကာ တပ်မက်ခြင်းစသော ကိလေသာတို့ ဖြစ်ပွါးကြကုန်၏။ ထို့ကြောင့် သင်္ခတမျိုးဖြစ်ကြသည့် စိတ် စေတသိက် ရုပ်တရားတို့မှာ သဘောတူရာ စုပေါင်းဖြစ်ကြသည့်အတွက် ငါကောင် သူကောင်စသည် ထင်မှတ်ကာ တပ်မက်ခြင်း တဏှာစသော ကိလေသာတို့ ဖြစ်ပွါးကြောင်းဖြစ်၍ နိမိတ္တအမည် ရကြကုန်သည်။ အထူးအားဖြင့် နိမိတ္တဟူသော အမည်ကို လောကီ စိတ် စေတသိက် ရုပ်တရားတို့ ရကြကုန်၏။ ဤ ကိလေသာတို့ဖြစ်ကြောင်း နိမိတ်ဖြစ်သည့် ငါကောင် ကိုယ်ကောင် အထည်ဝတ္ထု ဒြပ်စသည် ထင်မှတ်ဖွယ်ရာသဘောမျိုး နိဗ္ဗာန်၌ အလျဉ်းမရှိ။ သို့ဖြစ်၍ အနိမိတ္တနိဗ္ဗာန်ဟူ၍လည်း ခေါ်အပ်၏။
(လ)
(၃) (ပဏိဟိတ= တောင့်တခြင်း) တောင့်တခြင်းဟူသည် တဏှာပင်ဖြစ်၏၊ နိဗ္ဗာန်မှာ ရှေးက ပြဆိုခဲ့ပြီးသောအတိုင်း တဏှာဖြင့် တောင့်တဖွယ်ရာသဘော အလျဉ်းမရှိ၊ တဏှာဖြင့်ကြည့်လျင် လိုချင်ဖွယ်ရာ တောင့်တဖွယ်ရာပင် မဟုတ်တော့ချေ၊ သို့ဖြစ်၍ အပ္ပဏိဟိတနိဗ္ဗာန်ဟူ၍လည်း ခေါ်အပ်၏။ ဤသို့ ဂုဏ် အခြင်းအရာ အပြားကိုခွဲကာ နိဗ္ဗာန်သုံးမျိုးရှိသည်ကို သိမှတ်ရာ၏။
ဤဒုက္ခနိရောဓသစ္စာကို အကျဉ်းအားဖြင့် နိရောဓသစ္စာဟူ၍လည်း ခေါ်၏။ ဤနိရောဓသစ္စာမှာ အသင်္ခတဓာတ်ပင် ဖြစ်၏၊ (အကြောင်းတစုံတရာဖြင့် မပြုပြင်အပ်သော သဘောဖြစ်သည်။) ထို့ကြောင့် ဤနိရောဓသစ္စာ အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ အပ္ပစ္စယဓမ္မ= အကြောင်းကင်းသောတရား၊ အသင်္ခတဓမ္မ= အကြောင်းတို့ မပြုပြင်အပ်သော တရားဟူ၍ ဟောတော်မူအပ်၏။
မဂ္ဂအရိယသစ္စာ
ဤသို့ နိဗ္ဗာန်မှာ အကြောင်းကင်းလျက် မည်သည့်အကြောင်းကမှ မပြုပြင်ရပဲ အမြဲ ထင်ရှားရှိနေသောတရား ဖြစ်သော်လည်း ထိုနိဗ္ဗာန်ခေါ်သည့် အေးငြိမ်းချမ်းသာမှု သန္တိသဘောသို့ ဆိုက်ရောက်ရန်မှာ အကြောင်းမဲ့ မဖြစ်နိုင်၊ အကြောင်းရှိမှသာ ဆိုက်ရောက်နိုင်၏။ ဆိုက်ရောက်နိုင်မည့် အကြောင်းဟူသည်လည်း မြတ်သောအကျင့်တရားသာ ဖြစ်ပေ၏၊ ထို့ကြောင့် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းတရားကို ဒုက္ခနိရောဓဂါမိနိပဋိပဒါ= ဒုက္ခချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဟူ၍ ဟောတော်မူ၏။
မဇ္ဈိမပဋိပဒါ
လောက၌ ကာမချမ်းသာကိုခံစားကာ စိတ်ချောင်ချိစွာ တဏှာအကြိုက်လိုက်၍ နေခြင်းသည် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမဟုတ်၊ ကာမသုခလ္လိကာနုယောဂခေါ် အယုတ်တရားသာ ဖြစ်၏။ မိမိကိုယ်ကို ကိလေသာမဖြစ်ပေါ်ရန် ရည်သန်၍ မီးကင်ခြင်း နေလှန်းခြင်း လက်ကို အမြဲမြှောက်၍ ထားခြင်းစသော ဆင်းရဲမှုကို ဖြစ်စေခြင်း ဆင်းရဲအောင် အားထုတ်ခြင်းသည်လည်း ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းမဟုတ်၊ အတ္တကိလမထာနုယောဂခေါ် အယုတ်တရားသာ ဖြစ်၏။ စင်စစ်သော်ကား တဏှာအကြိုက် အလိုလိုက်ကာ ကာမချမ်းသာကို ခံစားနေခြင်းလည်း မဟုတ်စေရပဲ မီးကင်ခြင်း နေလှန်းခြင်း စသည်ကဲ့သို့ မိမိကိုယ်ကို အပြင်းအထန် နှိပ်စက်ကာ ဆင်းဆင်းရဲရဲ ခဲယဉ်းကြပ်တည်းစွာ ကျင့်အပ်သော အကျင့် မျိုးလည်း မဟုတ်ပဲ
(လာ)
'မလျော့မတင်း စောင်းကြိုးညှင်း'ဟူသော စကားအတိုင်း ချောင်ချိသက်သာ ပေါ့လျော့လှသည်ဟူ၍လည်း မဆိုရ ကြပ်တည်းဆင်းရဲ ခဲယဉ်းလှသည်ဟူ၍လည်း မဆိုရသည့် အလယ်အလတ်စားဖြစ်သော အကျင့်သည်သာလျှင် ဒုက္ခငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းစင်စစ် ဖြစ်ပေ၏။ ဤအကျင့်ကို မဇ္ဈိမပဋိပဒါ= မချောင်မကြပ် အလယ်အလတ်ဖြစ်သော အကျင့်ဟူ၍ ခေါ်၏။
ဤမဇ္ဈိမပဋိပဒါ အကျင့်ကိုပင် မဂ္ဂဟူ၍ ခေါ်၏။ နိဗ္ဗာန်သို့ သွားရောက်ကြောင်း လမ်းဟု ဆိုလိုသည်။ အကုသိုလ်တရားတို့၌ ပါဝင်သည့် မိစ္ဆာဒိဋ္ဌိအစရှိသော တရားစုကို အပါယ်လေးဘုံသို့ ရောက်စေတတ်သောကြောင့် ဒုဂ္ဂတိမဂ္ဂ (တနည်း) မိစ္ဆာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ လောကီကုသိုလ်တို့၌ ပါဝင်သည့် သမ္မာဒိဋ္ဌိအစရှိသော တရားစုကို သုဂတိဘုံသို့ ရောက်စေတတ်သောကြောင့် သုဂတိမဂ္ဂ (တနည်း) သမ္မာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ မဂ်ကုသိုလ်စိတ်တို့၌ ပါဝင်သည့် သမ္မာဒိဋ္ဌိအစရှိသော တရားစုကို နိဗ္ဗာန်သို့ ရောက်စေတတ်သောကြောင့် သုဂတိမဂ္ဂ (တနည်း) သမ္မာမဂ္ဂဟူ၍ ခေါ်အပ်ကုန်၏။ ဤမဂ်စိတ်တို့၌ ပါရှိသည့် သမ္မာဒိဋ္ဌိ အစရှိသည်တို့ကို နိဗ္ဗာန်ကို အလိုရှိသူတို့ ရှာမှီးအပ်သောကြောင့်၎င်း ထိုတရားစုကပင် နိဗ္ဗာန်ကို ရှာမှီးတတ်သောကြောင့်၎င်း ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားရောက်တတ်သောကြောင့်၎င်း မဂ္ဂမည်၏ဟူ၍ သစ္စဝိဘင်းအဋ္ဌကထာ၌ ဖွင့်ပြအပ်သည်။
ဤမဂ္ဂအရ တရားသည် တပါးတည်းမဟုတ်၊ ဖော်ပြလတ္တံ့သောအတိုင်း ရှစ်ပါးရှိသောကြောင့် အဋ္ဌင်္ဂိကမဂ်= အစိတ်အင်္ဂါရှစ်ပါးရှိသော မဂ်ဟူ၍ ခေါ်၏၊ အစိတ်အင်္ဂါ တပါးစီ တပါးစီကိုကား မဂ္ဂင်္ဂ= မဂ္ဂင်ဟူ၍ ခေါ်၏၊ ရှစ်ပါးအပေါင်းကိုကား မဂ္ဂ= မဂ်ဟူ၍ ခေါ်၏။ အစိတ်အင်္ဂါ ရှစ်ပါးတို့ဟူသော်ကား-
(၁) သမ္မာဒိဋ္ဌိ= မှန်ကန်သောအမြင်၊ (ဆင်းရဲမှန်ကို သိခြင်း၊ ဆင်းရဲကြောင်းအမှန်ကို သိခြင်း၊ ဆင်းရဲချုပ်ရာအမှန်ကို သိခြင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအမှန်ကို သိခြင်း.. ဤအသိဉာဏ်လေးမျိုးတို့ ဖြစ်၏။)
(၂) သမ္မာသင်္ကပ္ပ= ကောင်းမွန်သော အကြံ (နေက္ခမ္မပါရမီမှာ ပြခဲ့သောအတိုင်း ကိလေသကာမ ဝတ္ထုကာမတို့မှ လွတ်မြောက်ရန်၎င်း သူတပါးတို့ကို မဖျက်ဆီးရန်၎င်း သူတပါးတို့ကို မညှဉ်းဆဲရန်၎င်း ဖြစ်သောအကြံသုံးပါး။)
(၃) သမ္မာဝါစာ= ကောင်းသောစကားကို ဆိုခြင်း၊ (ဝစီဒုစရိုက် လေးပါးတို့မှ ရှောင်ကြဉ်ခြင်း။)
(လိ)
(၄) သမ္မာကမ္မန္တ= ကောင်းသောအမှုကိုသာ ပြုခြင်း၊ (ကာယဒုစရိုက် သုံးပါးတို့မှ ရှောင်ကြဉ်ခြင်း။)
(၅) သမ္မာအာဇီဝ= ကောင်းသော အသက်မွေးခြင်း၊ (မကောင်းမှု ဒုစရိုက်ခုနစ်ပါးတို့ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊)
(၆) သမ္မာဝါယာမ= ကောင်းသော အားထုတ်ခြင်း၊ (မဖြစ်သေးသော အကုသိုလ်တရားတို့ မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ပွါးစေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ အစဉ်တိုးပွါးစေရန် အားထုတ်ခြင်း။)
(၇) သမ္မာသတိ= ကောင်းစွာ မမေ့မလျော့ခြင်း၊ (ကိုယ်ကာယ၌သော်၎င်း ခံစားမှု ဝေဒနာများ၌သော်၎င်း စိတ်၌သော်၎င်း နီဝရဏစသော တရားတို့၌သော်၎င်း မိမိစိတ် တည်နေစေရန် မမေ့မလျော့ခြင်း၊)
(၈) သမ္မာသမာဓိ= ကောင်းစွာ တည်ကြည်ခြင်း၊ (ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို ဆိုလိုသည်။)
ဤတရားရှစ်ပါးစုသည် လောကီဖက်၌ကား ရှစ်ပါးလုံး တပြိုင်နက် တချိန်တည်း မဖြစ်နိုင်ကြ၊ အသီးအသီး တွဲဖက်ဖြစ်ပေါ်နိုင်သမျှသာ တွဲဖက်ဖြစ်ပေါ်ကြ၏။ လောကုတ္တရာသို့ ရောက်သောအခါ တပြိုင်နက် တချိန်တည်း ရှစ်ပါးလုံး တွဲဖက်ဖြစ်ပေါ်ကြသည်၊ လောကုတ္တရာ မဂ်ခဏ၌ တပြိုင်နက် တချိန်တည်း ဖြစ်ပွါးကြသည့် ဤမဂ္ဂင်ရှစ်ပါးကိုသာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ သွားရောက်ကြောင်း မဂ္ဂအရိယသစ္စာဟူ၍ ဆိုအပ်၏။ ဤသို့လျှင် ဒုက္ခနိရောဓဂါမိနိပဋိပဒါ မဂ္ဂအရိယသစ္စာဟူသည် ရှစ်ပါးလုံး တပြိုင်နက် တချိန်တည်း တပေါင်းတစည်းတည်းဖြစ်ကြသည့် သမ္မာဒိဋ္ဌိစသော တရားစုကို ခေါ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရားအစု၌ ပါဝင်သည့် (မဂ်)ဟူသော စကားမှာလည်း ဤမဂ္ဂအရိယသစ္စာဖြစ်သော တရားရှစ်ပါးကို ခေါ်ဆို၏ဟူ၍ မှတ်ယူရာ၏။
အရိယသစ္စာပြဆိုခဏ်း ပြီး၏။
**********
(လီ)
ပရိယတ္တိသစ္စာနှင့် ပဋိပတ္တိသစ္စာ
ဤပြဆိုအပ်ပြီးသော သစ္စာစုသည် သိမြင်နားလည်ရန် သင်ကြားထားအပ်သော ပရိယတ္တိသစ္စာစုတို့ ဖြစ်ကုန်၏။ ဘုရားအလောင်းစသော သူတော်ကောင်းကြီးများ ဖြည့်ကျင့်အပ်သော ပဋိပတ္တိသစ္စာကိုသာ ဤသစ္စာပါရမီအရာ၌ အလိုရှိအပ်၏။ ထို ပဋိပတ္တိသစ္စာဟူသည်မှာ မှန်ကန်စွာ မြွက်ဆိုအပ်သော စကား (သို့မဟုတ်) စကားကို မချွတ်မယွင်း မှန်ကန်စွာ ပြောဆိုခြင်းတည်းဟူသော ဝစီသစ္စာဖြစ်ပေသည်။ ဤဝစီသစ္စာကို မိမိသန္တာန်၌ ပြည့်စုံအောင် ဖြည့်ကျင့်ခြင်းကို “သစ္စာပါရမီ ဖြည့်သည်”ဟု ခေါ်ဆိုအပ်၏။ ဤဝစီသစ္စာကိုပင် ဘုရားအလောင်းတော်စသော သူတော်ကောင်းတို့ အထူးဖြည့်ကျင့် ဆည်းပူးတော်မူကြ၏။ ဤသို့ ဆည်းပူးအပ်သော ဝစီသစ္စာသည်လည်း..
(၁) သဒ္ဒဟာပနသစ္စာ၊
(၂) ဣစ္ဆာပူရဏသစ္စာ၊
(၃) မုသာဝိရမဏသစ္စာ-
ဟူ၍ သုံးပါး အပြားရှိပြန်၏။
(၁) သူတပါးတို့ မိမိကို ယုံကြည်စေရန် အမှန်ပြောကြားအပ်သော ဝစီသစ္စာသည် သဒ္ဒဟာပနသစ္စာ မည်၏။
(၂) မိမိအလိုရှိအပ်သော အရာကို ပြည့်စုံစေရန် အမှန်ပြောကြားအပ်သော ဝစီသစ္စာသည် ဣစ္ဆာပူရဏသစ္စာ မည်၏။
(၃) မဟုတ်မမှန်သောစကားကို ပြောကြားမှုမှ ရှောင်ကြဉ်ရန် ပြောကြားအပ်သော ၀စီသစ္စာသည် မုသာဝိရမဏသစ္စာ မည်၏။
(၁) သဒ္ဒဟာပနသစ္စာ
ထိုသုံးပါးတို့တွင် အလောင်းတော်ကြီးများ သဒ္ဒဟာပနသစ္စာ ပြည့်စုံရန် ဖြည့်ကျင့်တော်မူကြပုံကို ပကိဏ္ဏကနိပါတ် ၅-ဘိသဇာတ်ဖြင့် သိအပ်၏။ ထိုဘိသဇာတ်အကြောင်းအရာ အကျယ်ကို နိပါတ်ဝတ္ထုမှ ကြည့်ရှုမှတ်သားရာ၏။ အကျဉ်းချုပ် အဋ္ဌုပ္ပတ္တိကား..
ဘိသဇာတ်အကျဉ်း
လွန်လေပြီးသောအခါ ဗာရာဏသီပြည်သား ပုဏ္ဏားမျိုးဖြစ်သော မဟာကဉ္စနသတို့သားသည် မိမိ၏ ညီခြောက်ယောက် နှမငယ်တယောက် အစေခံ ယောက်ျားတယောက် အစေခံ မိန်းမတယောက် မိတ်ဆွေတယောက်-
(လု)
ဤဆယ်ယောက်သော သူတို့နှင့် အတူတကွ တောထွက်ကာ ပဒုံမာကြာအိုင်တခု၏အနီး သင့်လျော်သော နေရာ၌ နေရာထိုင်ခင်း ပြုလုပ်နေထိုင်၍ သစ်သီးဝလံ စသည်တို့ကို ရှာဖွေသုံးဆောင် မျှတကာ နေလေ၏။
ရှေးဦးစွာ (အစပိုင်း၌) သစ်သီးရှာဖွေချိန်တွင် အများထွက်၍ ရှာဖွေကြသောအခါ လူများ၍ စကားများကြသဖြင့် မြို့နေသူများကဲ့သို့ ဖြစ်နေ၍ ဤကဲ့သို့ မဖြစ်စေရန် နောင်တော်ကြီး မဟာကဉ္စန သတို့သားက “ငါတဦးတည်းသာ သစ်သီးဝလံ ရှာဖွေမည်၊ သင်တို့တစု အေးချမ်းစွာ တရားအားထုတ်၍ နေရစ်ကြရမည်”ဟု အမိန့်ပေးသောအခါ ညီများက “နောင်တော်ကြီးမှာ အားလုံး၏ ဦးစီးဆရာကြီးဖြစ်၍ နေပါသည်။ ဆရာကြီးကိုယ်တိုင် သစ်သီးဝလံ မရှာထိုက်ပါ၊ နှမငယ်နှင့် အစေခံမမှာလည်း မိန်းမသားများဖြစ်ကြ၍ မရှာထိုက်ပါ။ ကျန်သောသူ ရှစ်ဦးတို့သာ အလှည့်ကျ ရှာမှီးကြပါမည်”ဟု ပြောဆို သဘောတူညီကြကာ ကျန်သောသူ ရှစ်ဦးတို့ အလှည့်ကျ သစ်သီးဝလံရှာဖွေ၍ ရသမျှဖြင့် မျှတနေထိုင်ကြကုန်၏။
ကာလအတန်ကြာသောအခါ လွန်စွာရောင့်ရဲကြရကား သစ်သီးဝလံတို့ကိုပင် မရှာမှီးကြတော့ပဲ အနီးရှိ ပဒုံမာအိုင်ကြီးထဲမှ ကြာစွယ်တို့ကိုသာ ရှာမှီး ဝေပုံချ၍ စားသုံးကြလေသည်။ စားသုံးကြပုံမှာ.. အလှည့်ကျ ရှာမှီးသောသူသည် ရရှိလာသော ကြာစွယ်တို့ကို သစ်ရွက်မိုးကျောင်းတခုအတွင်း၌ အစုဆယ့်တစု စုပြီးလျှင် ကြီးစဉ်ငယ်လိုက် မိမိကျရောက်သောအစုကို ယူ၍ ကျောက်စည်ထိုးပြီးမှ မိမိနေရာသို့ ပြန်သွားကာ ကောင်းမွန်စွာ စားသောက်ပြီးလျှင် တရားကို နှလုံးသွင်း၍ နေလေ၏။ ကျန်သောသူတို့လည်း ကျောက်စည်သံ ကြားပြီးနောက် အသီးအသီးလာရောက်၍ မိမိတို့ဝေစုကို ယူငင်စားသောက်ကာ တရားနှလုံးသွင်း၍ နေကြလေသည်။ အကြောင်းထူးမရှိပဲ တဦးနှင့်တဦး မတွေ့ဆုံရ။
ထိုသူတို့၏ အကျင့်သီလ ပြင်းထန်လှသောကြောင့် သိကြားမင်း၏ ဘုံဗိမာန် တုန်လှုပ်သည်တွင် သိကြားမင်းသည် ဆင်ခြင်၍ ထိုအကြောင်းကို သိရှိပြီးခါ “ဤသူတို့သည် ကာမစည်းစိမ်ကို လိုလားကြကုန်သလော၊ မလိုလားကြကုန်သလော”ဟု ယုံမှားသံသယ ဖြစ်ရှိကာ ထိုသူတို့၏အလိုကို စုံစမ်းလို၍ နောင်တော်ကြီး၏ ဝေစုအပုံကို သုံးရက်တိုင်တိုင် ဆက်၍ မိမိတန်းခိုးဖြင့် ဝှက်ထားလေ၏။
နောင်တော်ကြီးသည် ပဌမနေ့ ဝေစုယူရန် လာရောက်သောအခါ ဝေစုမရှိပဲဖြစ်နေသည်ကို တွေ့၍ “ငါ့အတွက် ဝေစုကိုမေ့၍ မထားမိပဲ ဖြစ်လိမ့်မည်”ဟု အောက်မေ့ကာ တစုံတရာ မည်သို့မျှမဆိုပဲ တရားကိုသာ
(လူ)
အားထုတ်၍ နေတော်မူ၏။ ဒုတိယနေ့မှာ “ငါ့အား အပြစ်တစုံတရာရှိသဖြင့် ဒဏ်ပေးသောအနေဖြင့် ဝေစုမထား ရှိချေမည်”ဟု အောက်မေ့ကာ ရှေးနည်းအတူပင် နေတော်မူ၏၊ တတိယနေ့သို့ ရောက်သောအခါ “ငါ့အပြစ်ရှိက သည်းခံစေမည်၊ ကန်တော့မည်”ဟု ကြံစည်တော်မူကာ ညနေချမ်းအခါ၌ ကျောက်စည်ထိုး၍ အလုံးစုံ စည်းဝေးစေပြီးလျှင် သုံးရက်တိုင်တိုင် မိမိအတွက် ဝေစုမရကြောင်း ပြောဆို၍ “အဘယ့်ကြောင့် ငါ့အတွက် ဝေစုမထားကြသနည်း၊ အပြစ်ရှိလျှင် ပြောကြကုန်၊ ထိုအပြစ်အတွက် သင်တို့ကို ငါတောင်းပန်ပါမည်”ဟု ပြောသည်တွင် အကြီးဆုံးဖြစ်သောညီက ထိုင်ရာမှထတဲ့၍ နောင်တော်ကြီးကို ရှိခိုးပြီးလျှင် “ဆရာ.. သူတပါးအတွက် မပါဝင်စေပဲ ကျွန်ုပ်၏အတွက်သက်သက် ပြောဆိုနိုင်ခွင့် ရပါသလော”ဟု မေးမြန်းသည်တွင် အလောင်းတော်က ပြောဆိုနိုင်ကြောင်း အခွင့်ပြုသောအခါ..
အရှင်သူမြတ်.. အကယ်၍ ကျွန်ုပ်သည် အရှင်၏ဝေစုဖြစ်သည့် ကြာစွယ်တို့ကို ခိုးယူအံ့၊ မြင်းကို၎င်း နွားကို၎င်း ငွေကို၎င်း ရွှေကို၎င်း နှစ်သက်ဖွယ်ကောင်းသော မယားကို၎င်း ဤအရပ်မှာ ရရှိပြီးလျှင် သားသမီး မယားတွေနှင့် ပြည့်ပြည့်စုံစုံ နေရသည် ဖြစ်ပါစေသား-
ဟူ၍ ကျိန်စာရွက်လေသည်။ (ဤသို့ ကျိန်စာရွက်ခြင်းမှာ.. ချစ်နှစ်သက်ဖွယ် ဝတ္ထုရှိသလောက် ထိုဝတ္ထုတို့နှင့် ကွေကွင်းသောအခါ သောကဒုက္ခရောက်ရသည် ဖြစ်သောကြောင့် ဝတ္ထုကာမတို့ကို ကဲ့ရဲ့လိုသည်ဖြစ်၍ ဤကဲ့သို့ ကျိန်စာရွက်ခြင်း ဖြစ်လေသည်။)
ထိုအခါ နောင်တော်ကြီးက ဤမျှဝန်လေးသော ကျိန်စာကို ဆိုဘိ၏၊ သင်မစားသည်ကို ငါယုံကြည်၏၊ သင့်နေရာ၌ သင်ထိုင်လော့-ဟု အမိန့်ရှိသည့်ပြင် ကျန်သောသူတို့ကလည်း အချင်း.. ဤသို့ မကျိန်ဆိုပါလင့်၊ သင်၏ကျိန်စာကား ဝန်လေးလှဘိ၏-ဟု ပြောဆိုကြကာ နားကိုပိတ်၍ ထားကြကုန်၏၊ (ဤသို့ နားကို ပိတ်ကြခြင်းမှာ ထိုပုဂ္ဂိုလ်တို့သည် ကိလေသာအာရုံ ကာမဂုဏ်တို့ကို အလွန် စက်ဆုပ်လှသည့်အတွက် တောထွက်ကာ တရားအားထုတ်နေကြသူများဖြစ်၍ ကာမနှင့်စပ်သော စကားကို ကြားရုံမျှပင် မကြားဝံ့ကြအောင် ကြောက်ရွံ့ ထိတ်လန့်ကြသောကြောင့် ဖြစ်ပေသည်။ ထိုအခါ ဒုတိယမြောက်ညီက..
အရှင်သူမြတ်.. အကယ်၍ ကျွန်ုပ်သည် ဝေစုကြာစွယ်တို့ကို ခိုးယူမိငြားအံ့၊ ပန်းကို ပန်ဆင်ရသူ ကာသိကတိုင်းဖြစ် စန္ဒကူးကို လိမ်းကျံရသူ
(လေ)
ဖြစ်ပါစေသား သားသမီးတွေများစွာ ဖြစ်ထွန်းပါစေသား။ ကာမဂုဏ်တို့၌ အလွန်ထက်မြက် ငဲ့ကွက်မှု တွယ်တာမှုကို ကျွန်ုပ် ပြုရပါစေသား..
ဟူ၍ ကျိန်စာရွတ်လေသည်။ (ဤနည်းအားဖြင့် ရှစ်ဦးလုံးပင် အသီးအသီး ကျိန်စာရွတ်ကြလေသည်။)
ဤဇာတ်တော်၌ ခေါင်းဆောင်ဖြစ်သော မဟာကဉ္စန ရသေ့သူမြတ်သည် ဘုရားအလောင်းတော်ဖြစ်၍၊ ကျန်သော ဆယ်ဦးတို့လည်း အသီးအသီး အလောင်းအလျာတွေချည်း ဖြစ်ကြသောကြောင့် ကာမဂုဏ်တို့ကို ဧကန်ပင် ကြောက်ရွံ့စက်ဆုပ်ကြသော စိတ်သဘောထား ရင့်မာသူများဖြစ်ကြသဖြင့် ဖော်ပြရာပါ ကျိန်စာတို့ကို တဖက်သားအများတို့ ယုံကြည်ကြစေရန် ရဲရဲဝံ့ဝံ့ ကျိန်ဆိုကြခြင်းဖြစ်သည်။ ဤဘိသဇာတ်၌ သစ္စာပြုသည်ဟူ၍ကား တိုက်ရိုက်မဆို၊ ကျိန်စာရွတ်သည်ဟူ၍သာ ဆိုသည်။ သို့သော် မှန်ကန်သောစကားကို အခြေခံပြုကာ ကျိန်စာရွတ်ခြင်းဖြစ်သောကြောင့် အလောင်းတော်များ ဖြည့်ကျင့်သော ဝစီသစ္စာပင် ဖြစ်သည်။ ဤသို့ အသီးအသီး ကျိန်စာဆိုကြသော စကားရပ်များတွင် “ကျွန်ုပ်သည် အရှင်၏ဝေစုဖြစ်သော ကြာစွယ်ကို မခိုးယူပါ”ဟူသော စကားသာ ဆိုလိုရင်းဖြစ်သည်။ ဤဆိုလိုရင်း စကားသည် အမှန်အတိုင်း ပြောဆိုခြင်းဖြစ်၍ ဝစီသစ္စာပင်ဖြစ်သည်။ မည်သည့်အရာမျိုးတွေကို ရပါစေ၊ မည်ကဲ့သို့ ဖြစ်ပါစေ-ဟူသော ကျိန်စာစုမှာ တဖက်သားအများတို့ ယုံကြည်စေရန် အပြစ်ကို ထည့်သွင်းပြောဆိုခြင်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ဤသစ္စာကို “သဒ္ဒဟာပနသစ္စာ”ဟူ၍ ဆိုအပ်၏။ ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစ၍ ယခုကာလ အစိုးရမင်းများလက်ထက်တိုင် သစ္စာ ကျိန်ဆိုခြင်းဟူသမျှသည် ဤ “သဒ္ဒဟာပနသစ္စာ”မျိုးသာဖြစ်ကြောင်း ကောင်းစွာ မှတ်ယူအပ်၏။
ကျမ်းသစ္စာ
လောက၌ ကျိန်ဆိုရမည့် အကြောင်းအရာတို့ကို ကျမ်းစာတခု ပြုလုပ်ရေးသားထားခြင်း မရှိသေးမီ အတွင်း၌ ပြခဲ့ပြီးသည့်အတိုင်း နှုတ်ဖြင့်သာ ကျိန်ဆိုရသောကြောင့် “သစ္စာကျိန်ဆိုခြင်း”ဟူ၍ ခေါ်ဆိုရ၏၊ ကျမ်းစာတခု ပြုလုပ် ရေးသားထားပြီးသည့် နောက်မှာကား နှုတ်သက်သက်ဖြင့်သာ ကျိန်ဆိုမှု မပြုကြတော့ပဲ ကျမ်းစာကို လက်ဖြင့်ကိုင်၍ (သို့မဟုတ် ဦးထိပ်ရွက်၍) ကျိန်ဆိုမှု ပြုကြသောကြောင့် “ကျမ်းသစ္စာ ကျိန်ဆိုသည်”ဟူသော အသုံးအနှုန်း ဖြစ်ပေါ်လာသည်။ ဤကျမ်းသစ္စာ ကျိန်ဆိုခြင်းကိုပင် အရပ်သုံး ဝေါဟာရအားဖြင့် “ကျမ်းကိုင်သည်”ဟူ၍၎င်း၊ ဤသို့ ကျမ်းကိုင်ရန် စေခိုင်းသည်ကို
(လဲ)
“ကျမ်းတိုက်သည်”ဟူ၍၎င်း ခေါ်ဆိုကြ၏။ ဤသို့ သူတဖက်သားတို့ ယုံကြည်စေရန် မိမိအတွက် ရည်သန်၍ “ဤအတိုင်းမှန်ပါသည်၊ မမှန်ခဲ့သော် ဤသို့ ဤသို့ ဖြစ်ပါစေ” စသည်ဖြင့် ကျိန်စာရွတ်ခြင်းမျိုးကိုသာ သဒ္ဒဟာပနဝစီသစ္စာခေါ် ကျမ်းသစ္စာကျိန်ဆိုခြင်း ဖြစ်သည်ဟု မှတ်ယူအပ်၏။
ကျိန်ဆဲခြင်း
မှန်ကန်ခြင်းသစ္စာကို အရင်းခံမထားပဲ သူတပါးတို့ အကျိုးယုတ်ရန်အတွက် မြွက်ဆိုအပ်သော ကျိန်စာမျိုးကား သစ္စာကျိန်ဆိုခြင်းမဟုတ်ပဲ “ကျိန်ဆဲခြင်း”သာ ဖြစ်သည်။ ဤကျိန်ဆဲခြင်းပုံစံမှာ..
ရသေ့နှစ်ပါးဝတ္ထု
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဒေဝီလအမည်ရှိသော ရသေ့တဦးသည် ဟိမဝန္တာ၌ နေပြီး၍ ချဉ်ဆားမှီဝဲရန် ဗာရာဏသီ ပြည်သို့ လာသောအခါ မြို့တံခါးအနီး အိုးထိန်းသည် (အိုးလုပ်သမား)၏ တဲကုဋ်မှာ အိုးလုပ်သမားထံ ခွင့်ပန်၍ ခေတ္တ တည်းခိုနေထိုင်၏။ ထို့နောက် မကြာမီပင် နာရဒအမည်ရှိသော ရသေ့သည်လည်း ထို့အတူ လာရောက်၍ ထိုတဲကုဋ်မှာပင် နေထိုင်လေ၏။ ညဉ့်အိပ်ချိန်ရောက်သောအခါ နာရဒရသေ့သည် ဒေဝီလရသေ့၏ အိပ်ရာကို၎င်း အတက်အဆင်း အဝင်အထွက် တံခါးကို၎င်း ကောင်းစွာမှတ်သား၍ အိပ်လေ၏။ ဒေဝီလရသေ့သည်ကား လဲလျောင်းပြီးနောက် မိမိ၏ နေရာရင်းတွင် မအိပ်ပဲ အတက်အဆင်း အဝင်အထွက် တံခါးအလယ်မှာ သွား၍ ကန့်လန့်ဖြတ် အိပ်နေ၏။
နာရဒရသေ့သည် ညဉ့်အခါ အောက်သို့ ဆင်းသည်ရှိသော် ဒေဝီလရသေ့၏ ဆံကျစ်ကို နင်းမိလေ၏။ ဒေဝီလရသေ့က “ငါ့ဆံကျစ်ကို မည်သူနင်းသနည်း”ဟု မေးသောအခါ “ဆရာ.. သင်ရှိမှန်းမသိ၍ ငါနင်းမိပါသည်”ဟု သာယာညှင်းပျောင်း ပြောဆိုပါသော်လည်း ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. တောကလာပြီးလျှင် ငါ့ဆံကျစ်ကို နင်နင်းခြင်းသည် သင့်လျော်၏လော”ဟု ဆိုသောအခါ နာရဒရသေ့က “ဆရာ.. ဤနေရာ၌ သင်အိပ်နေကြောင်းကို မသိ၍ နင်းမိပါသည်။ သည်းခံပါ”ဟု တောင်းပန်စကား ပြောကြား၍ ဒေဝီလရသေ့ မြည်တွန်တောက်တီးနေစဉ်ပင် အပြင်သို့ ထွက်သွားလေ၏။
ဒေဝီလရသေ့သည် နာရဒရသေ့ပြန်ဝင်လာလျှင် ငါ့ကိုပင် နင်းမိလိမ့်ဦးမည်ဟု စိုးရိမ်ကာ ခေါင်းရင်းခြေရင်း လဲလှယ်၍ အိပ်ပြန်လေ၏။ နာရဒရသေ့ ပြန်ဝင်လာသောအခါ “ငါဆင်းစဉ်က သူ့ခေါင်းရင်းနေရာကို မသိသဖြင့် သူ၏ဆံကျစ်ကို နင်းမိကာ ချွတ်ယွင်းခဲ့လေပြီ၊ ယခု ခြေရင်းဖက်မှသာ ဝင်အံ့”ဟု
(လော)
ကြံ၍ ဝင်လေသော် ဒေဝီလရသေ့၏ လည်ပင်းကို နင်းမိပြန်၏။ ဒေဝီလရသေ့က “ငါ့လည်ပင်း နင်းသူကား မည်သူနည်း”ဟု မေးသောအခါ နာရဒရသေ့က “ဆရာ.. ငါနင်းမိသည်”ဟု ပြောလျှင် ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. ပဌမအကြိမ် ငါ့ဆံကျစ်ကို နင်းပြီးလျှင် ယခု လည်ပင်းကို နင်းပြန် သည်၊ သင့်ကို ငါကျိန်ဆဲအံ့”ဟု ဆိုလေသော် နာရဒရသေ့က “ဆရာ.. ငါ့မှာ အပြစ်မရှိပါ၊ ငါသည် သင် ဤကဲ့သို့ အိပ်နေသည်ကို မသိ၍ ပဌမအကြိမ် ချွတ်ယွင်းခဲ့ပါသည်။ ယခုလည်း မချွတ်ယွင်း (မမှား)ရအောင် သင့်ခြေရင်းမှ ဝင်မည်ဟုပင် ငါဝင်ခဲ့ပါသည်။ သည်းခံပါ”ဟူ၍ တောင်းပန်လေ၏။
ဒေဝီလရသေ့က “ဟယ် ရသေ့စဉ်းလဲ.. သင့်ကို ငါကျိန်ဆဲတော့မည်”ဟု ဆိုသည်တွင် နာရဒရသေ့က “ဆရာ.. ဤကဲ့သို့ မပြုပါလင့်”ဟု တောင်းပန်သော်လည်း မရ၊ ထိုတောင်းပန်စကားကို မနာယူပဲ “နက်ဖန်နံနက် နေထွက်သည်နှင့် တပြိုင်နက် သင်၏ဦးခေါင်း ခုနှစ်စိတ်ကွဲပါစေသား”ဟု ကျိန်ဆဲလေ၏။ ထိုအခါ နာရဒရသေ့က “ဆရာ.. ငါ့မှာ အပြစ်မရှိပါဟု ပြောဆိုပါလျက် တောင်းပန်ပါလျက် သင်ကျိန်ဆဲဘိသည်၊ အပြစ်ရှိသူ၏ ဦးခေါင်းသာ ခုနှစ်စိတ် ကွဲပါစေသား”ဟု ပြန်လည် ကျိန်ဆို၏။ (ဤနာရဒရသေ့၏ ကျိန်ဆိုခြင်းမှာ ဒေဝီလရသေ့ကဲ့သို့ စင်စစ် ကျိန်ဆဲလိုသော ဒေါသစိတ်စေတနာ မရှိ၊ အပြစ်ရှိသော ဒေဝီလရသေ့ ကြောက်ရွံ့ထိတ်လန့်၍ တောင်းပန်ဝန်ချစေရန်သာ ဆဲသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ နာရဒရရသေ့သည် ရှေ့ကမ္ဘာလေးဆယ် နောက်ကမ္ဘာလေးဆယ် ပေါင်း ကမ္ဘာရှစ်ဆယ်အထိ သိမြင်နိုင်သော တန်ခိုးကြီးသည့် ရသေ့ဖြစ်၏။) သို့ဖြစ်၍ “ဤကျိန်ဆဲချက်သည် သူ့အပေါ်မှာ ကျရောက်မည်လော၊ ငါ့အပေါ်မှာ ကျရောက်မည်လော”ဟု တန်းခိုးဖြင့် ကြည့်သောအခါ ဒေဝီလရသေ့အပေါ်မှာ ကျရောက်မည်ကိုသိ၍ ထိုဒေဝီလရသေ့ကို သနားငဲ့ညှာကာ မိမိ၏တန်းခိုးဖြင့် နေအရုဏ်မတက်အောင် ဟန့်တားထားလေ၏။
အချိန်တန်လျက် နေမထွက်သောအခါ တိုင်းသူပြည်သားတို့သည် ပြည့်ရှင်မင်းကြီး၏ နန်းတော်တံခါးဝသို့ သွားပြီးလျှင် “အရှင်မင်းကြီး.. သင့်လက်ထက်မှာ ယခု နေမထွက်ပဲ ရှိနေပါသည်။ နေထွက်အောင် ကျင့်ကြံတော်မူပါ”ဟူ၍ တညီတညွတ်တည်း ကြွေးကြော်ကြကုန်၏။ မင်းကြီးလည်း မိမိ၏ အကျင့်တရားကို စဉ်းစားဆင်ခြင်သည်တွင် တစုံတရာ မသင့်လျော်မှုကို မမြင်သဖြင့် အကြောင်းထူးရှိလိမ့်မည် ဟု ကြံစည်ကာ “ရဟန်းများ၏ ငြင်းခုံမှုအတွက်သာ ဖြစ်တန်ရာသည်”ဟု တွေးတောမိ၍ ငါ့တိုင်းပြည်မှာ ရသေ့ရဟန်းများ ရှိသလောဟု စုံစမ်း မေးမြန်းသောအခါ ရသေ့နှစ်ပါး၏အကြောင်းကို ကြားသိတော်မူသဖြင့် ညဉ့်တွင်းချင်းပင် ကိုယ်တိုင် အခြွေအရံများစွာနှင့်တကွ ရသေ့တို့ထံ လာရောက်ပြီးလျှင် နာရဒရသေ့ အမိန့်ရှိသောအတိုင်း ဒေဝီလရသေ့၏
(လော်)
ဦးခေါင်းပေါ်၌ မြေစိုင်ခဲကို ရွက်စေလျက် ရေအိုင်ထဲသို့ အတင်းအကြပ် ဆင်းစေတော်မူ၏။ ထို့နောက် နာရဒရသေ့က တန်းခိုးကို ရုပ်သိမ်းလိုက်သဖြင့် အရုဏ်တက်၍ နေထွက်သည်နှင့်တပြိုင်နက် မြေစိုင်ခဲ ခုနစ်စိတ် ကွဲသွားသောအခါ ဒေဝီလရသေ့သည် ရေငုပ်ကာ အခြားနေရာသို့ ရွှေ့ပြောင်း၍ ရေမှတက်ကာ ချမ်းသာရာ ရဘူးလေသည်း၊ (ဓမ္မပဒအဋ္ဌကထာ၊ ၁-ယမကဝဂ်၊ ၃-တိဿဝတ္ထု)
ဤဝတ္ထု၌ ဒေဝီလရသေ့၏ “နေထွက်သည်နှင့်တပြိုင်နက် သင့်ဦးခေါင်း ခုနစ်စိတ်ကွဲပါစေသား”ဟူသော ကျိန်ဆိုချက်သည် မိမိအတွက်မဟုတ် နာရဒရသေ့အတွက် ရည်သန်ကာ ဒေါသစိတ်ဖြင့် ကျိန်ဆိုသော စကားဖြစ်၍ ကျမ်းသစ္စာ ကျိန်စာမဟုတ်ပဲ ကျိန်ဆဲခြင်းသာ ဖြစ်သည်ဟု သိအပ်၏။
ဤဝတ္ထုလာ ကျိန်ဆဲခြင်းမျိုးကဲ့သို့ပင် ကျောက်စာများ၌လည်း ရှေးအခါက ထိုးမှတ် ရေးသားကြဘူးသည်မှာ.. ပုဂံပြည် စူဠာမုနိဘုရား မြောက်ဖက်ရှိ သက္ကရာဇ် (၅၃၇)ခုနှစ်ထိုး နားဍောင်းတင်ဘုရား ကျောက်စာအဆုံးတွင် “ငါ့ကောင်းမှုကို ဖျက်သသူကား အမျိုးခုနစ်ဆက် ညက်ညက်ပြုန်းတီး ပျက်စီးစေသောဝ်၊ အဝီစိငရဲထဲ၌ကျက်၍ ကမ္ဘာအဆက်ဆက် ဘုရားတို့လာ၍ ချွတ်သော်လည်း မကျွတ်နိုင်သည့် ငရဲသစ်ငုတ် ဖြစ်စေသတည်း”ဟူ၍ ကျိန်စာထိုးထားလေသည်။ ဤကျိန်ဆဲစာမျိုးမှာ ဘုရား အလောင်းတော်များ ပြုလုပ်လေ့ရှိသော အရာမဟုတ်။ အမှန်အားဖြင့် ဖရုသဝါစာခေါ် ဝစီဒုစရိုက်မျိုး တနည်းအားဖြင့် လောက၌ သဘောထား သေးသိမ်သူတို့ အချင်းချင်း မခံသာအောင်ဆဲဆိုသော စကားမျိုးသာ ဖြစ်သည်ဟု မှတ်သားအပ်၏။
ဤ သဒ္ဒဟာပနသစ္စာအကြောင်းကို ဘိသဇာတ်ဖြင့်သာ သိအပ်သည်မဟုတ်သေး၊ အသီတိနိပါတ်၊ ၅-သုတသောမဇာတ်ဖြင့်လည်း သိအပ်၏။ (ထိုဇာတ်အကျယ်ကို ငါးရာ့ငါးဆယ်ဝတ္ထု၌ ကြည့်ရာ၏၊) ဤ၌ ဖော်ပြလိုရင်း အကျဉ်းချုပ်မှာ..
မဟာသုတသောမမင်းကြီးသည် ပေါရိသာဒထံတွင် “ငါသည် ငါ့ပြည်တော်သို့ ခေတ္တ ပြန်လိုသည်၊ ပြန်လိုသည့်အကြောင်းမှာ မိဂါဇိန်ဥယျာဉ်တော်သို့ ငါထွက်လာစဉ် လမ်းခရီးအကြားမှာ နန္ဒပုဏ္ဏားက သတာရဟ= (တရာတန်)တရား လေးဂါထာကို ဟောလိုကြောင်း လျှောက်ထားသည်တွင် ဥယျာဉ်တော်ကအပြန်မှ နာမည်၊ စောင့်ဆိုင်းပါဟု ချိန်းချက်ကာ စကားအကြွေး ထားခဲ့ချက်ရှိသည်။ ဤတရားကိုနာ၍ ငါ့စကားကြွေးကို ပြေလည်အောင်ဆပ်ပြီးလျှင် သင့်ထံသို့ ငါပြန်ခဲ့ပါမည်”ဟု ခွင့်တောင်းသောအခါ ပေါရိသာဒက
(လံ)
“အသင်သည် သေမင်းလက်မှ လွတ်မြောက်သွားပြီး နောက်တဖန် သေမင်းထံ ပြန်လာပါဦးမည် ဟူသကဲ့သို့ ပြောဆိုလေသည်။ ထိုစကားကို ကျွန်ုပ် မယုံကြည်နိုင်”ဟု ငြင်းပယ်၏။
ထိုအခါ မဟာသုတသောမမင်းက “အဆွေတော် ပေါရိသာဒ.. လောက၌ စင်ကြယ်သော သီလရှိ၍ သေရခြင်းက မြတ်သေး၏၊ ယုတ်မာသော သဘောရှိ၍ အသက်ရှည်ရခြင်းသည် သူတပါးတို့ ကဲ့ရဲ့အပ်သည်သာ ဖြစ်၏။ မမှန်မကန် ပြောဆိုအပ်သော စကားသည် သေသည့်နောက် အပါယ်ဒုဂ္ဂတိဘေးမှ စောင့်ရှောက်မည်မဟုတ်။ အဆွေတော် ပေါရိသာဒ.. လောက၌ လေကြမ်းသည် မြေပြင်ရှိ ကျောက်တောင်ကြီးများကို ကောင်းကင်သို့ ပျံတက်သွားအောင် တိုက်ခတ်လိုက်သည်ဟူ၍၎င်း၊ လနှင့် နေတို့သည် မြေပြင်သို့ ကြွေကျကုန်သည် ဟူ၍သော်၎င်း၊ အလုံးစုံသော မြစ်တို့သည် အညာသို့သာ ရေဆန်ကြကုန်သည် ဟူ၍သော်၎င်း တစုံတယောက်က ပြောဆိုငြားအံ့၊ ထိုစကားကို အသင် ယုံသော်မူ ယုံပါလေ၊ “မဟာသုတသောမမင်းသည် မုသားစကားကို ပြောဆိုသည်”ဟု တစုံတယောက်က ပြောလာလျှင် အသင် မယုံပါလေလင့်။ အဆွေတော် ပေါရိသာဒ.. ဟင်းလင်းပြင် ကောင်းကင်ကြီးသည် ထက်ခြမ်း ကွဲသွားသည် ဟူ၍သော်၎င်း၊ မဟာသမုဒြာကြီးသည် ခြောက်ခန်းသွားပြီ ဟူ၍သော်၎င်း၊ မြင်းမိုရ်တောင်ကြီးသည် အရင်းအမြစ်နှင့်တကွ ပြုတ်ထွက်သွားပြီ ဟူ၍သော်၎င်း၊ တစုံတယောက်က ပြောလာလျှင် ထိုစကားကို အသင် ယုံသော်မူ ယုံပါလေ၊ “မဟာသုတသောမမင်းသည် မုသားစကားကို ပြောဆိုသည်”ဟု တစုံတယောက်က ပြောလာသော်လည်း အသင် မယုံပါလေလင့်။ ဤကဲ့သို့ မိန့်ဆိုတော်မူလေသည်။ ဤသို့ ပြောဆိုသော်လည်း ပေါရိသာဒက ကောင်းစွာ မယုံကြည်သေး။
(ဤယခု မဟာသုတသောမမင်း ပြောဆိုသောစကားသည် သစ္စာဆိုခြင်း မဟုတ်သေး၊ မိမိ၏စကားကို မှန်ပါပေသည်ဟု ပေါရိသာဒက ယုံကြည်စေရန် အခြေခံထားခြင်းမျှသာ ဖြစ်သည်။ ဤနည်းသို့လိုက်၍ ယခုကာလ သစ္စာထားဟုခေါ်သော အဖွဲ့အနွဲ့များမှာလည်း “မိုးပေါ်မှာ ရေစီးလို့၊ မြေကြီးက နေထွက်စေ” အစရှိသည်ဖြင့် မဖြစ်နိုင်သောအရာကို အခြေခံထား ရေးသားဖွဲ့ဆိုကြသည်ကို တချို့က “ပညာရှိများ ရယ်ရွှင်ဖွယ်ဖြစ်အောင် တမင်ကြံစည် ဖွဲ့စီထားကြသည်ဟု ထင်မြင်ပြောဆိုတတ်ကြ၏။ အမှန်မှာ.. ထိုသစ္စာထားခေါ်သော အဖွဲ့အနွဲ့များသည် ယခုဖော်ပြရာပါ မဟာသုတသောမ မင်းကြီးကိုယ်တိုင် ပေါရိသာဒအား ပြောကြားသော စကားမျိုးနှင့် တသဘောတည်းဖြစ်၏။ ဤစကားမျိုးကို
(လား)
အလင်္ကာကျမ်းများ၌ “ဘာဝအလင်္ကာ”ဟု အမည်ပေးထား၏။ (ပညာရှိများက မိမိစကားကို ခိုင်မြဲစေရန် မိမိတို့၏အလိုကို ဖော်ပြ၍ တန်းဆာဆင်ထားသော စကားဖြစ်သည်ဟု ဆိုလိုသည်။)
ဤသို့ ပြောသော်လည်း ပေါရိသာဒ မယုံကြည်နိုင်သဖြင့် သုတသောမမင်းသည် “ဤပေါရိသာဒသည် ငါ့အား မယုံကြည်၊ ကျိန်စာဆိုခြင်းဖြင့် ထိုပေါရိသာဒကို ယုံကြည် စေအံ့”ဟု ကြံစည်ပြီးလျှင် “အဆွေတော် ပေါရိသာဒ.. ငါ့ကို သင့်ပခုံးမှ ချပါဦး၊ ကျိန်စာဆို၍ သင့်ကို ငါ ယုံကြည်စေပါမည်”ဟု ပြောဆိုလတ်သော် ပေါရိသာဒသည် အလောင်းတော်ကို မိမိပခုံးထက်မှ မြေသို့ ချလေသည်။ အလောင်းတော် သုတသောမမင်းသည် “အဆွေတော် ပေါရိသာဒ.. အဆွေတော်က ပြုစေလိုပါလျှင် ဤသို့သော သန်လျက် လှံသွားတို့ဖြင့် ကောင်းစွာ စောင့်ရှောက်အပ်သော မင်းမျိုး၌ နောက်ထပ်တဖန် မဖြစ်ပါစေသားဟုဆို၍ သန်လျက်ကို၎င်း လှံကို၎င်း လက်ဖြင့် သုံးသပ် ဆုပ်နယ်ပါမည်၊ ငါသည် သင့်ထံမှ ခေတ္တ လွတ်ထွက်သွားပြီးလျှင် နေပြည်တော်မှာ ချိန်းချက်ထားခဲ့သောအတိုင်း နန္ဒပုဏ္ဏားနှင့် စကားအကြွေးမရှိ ရအောင် တရားတော်ကိုနာပြီးနောက် သစ္စာကို စောင့်ရှောက်သောအားဖြင့် သင့်ထံသို့ ပြန်ခဲ့ပါမည်၊ ငါမဟုတ်မမှန် ပြောခဲ့သော် ဤသန်လျက်လှံတို့ဖြင့် ကောင်းစွာ စောင့်ရှောက်အပ်သော မင်းမျိုး၌ နောက်ထပ်တဖန် မဖြစ်ပါစေသား”ဟု ယုံပါစေလို ကျိန်စာဆိုလေသည်။
ထိုအခါမှ ပေါရိသာဒသည် “ဤသုတသောမမင်းသည် သာမညမင်းတို့ ကျိန်ဆိုဝံ့ခဲသော ကျိန်စာကို ဆိုပေသည်၊ ငါ့ထံသို့ ပြန်လိုလည်း ပြန်၊ မပြန်လိုလည်း နေစေ၊ ငါလည်း မင်းတပါးပင်၊ သူမပြန်လာသော် ငါ၏ လက်မောင်းသွေးကို ထုတ်ယူ၍ ညောင်စောင့်နတ်မင်းအား ပူဇော်တော့မည်”ဟု ကြံစည်ပြီးလျှင် အလောင်းတော် သုတသောမမင်းကို ခွင့်လွှတ်လိုက်လေသည်။
ဤ မဟာသုတသောမမင်းကြီး၏ ဝစီသစ္စာသည်လည်း ပေါရိသာဒ ယုံကြည်စေရန် မိန့်ဆိုအပ်သော သစ္စာဖြစ်၍ “သဒ္ဒဟာပနသစ္စာ”ပင် ဖြစ်၏၊ ဤသစ္စာမျိုးသည် အလောင်းတော်များ ဖြည့်ကျင့်ရမည့် ပါရမီသစ္စာမျိုး ဖြစ်၏။
(၂) ဣစ္ဆာပူရဏသစ္စာ
(၂) အမှတ်ဖြစ်သော အလိုရှိအပ်သည့်အရာကို ပြည့်စုံစေရန် ဆိုအပ်သော ဝစီသစ္စာ၏ အကြောင်းအရာကို မဟာနိပါတ် သုံးခုမြောက် “သုဝဏ္ဏသာမဇာတ်တော် စသည်ကို ကြည့်ရှုသိမှတ်ရာ၏။
(ဝ)
ထိုသုဝဏ္ဏသာမ ဇာတ်တော်၌ အလောင်းတော် သုဝဏ္ဏသျှံသည် မြှားဆိပ်ဒဏ် လွှမ်းမိုးလျက် သတိမရပဲ မိန်းမောတွေဝေနေစဉ် ပီဠိယက္ခမင်းကြီး ခေါ်ဆောင်လာခဲ့သော ခမည်းတော်နှင့် မယ်တော်တို့သည် သုဝဏ္ဏသျှံ မိန်းမောတွေဝေနေရာသို့ ရောက်လျှင်ပင် ခမည်းတော် ဒုကူလ-က ဦးခေါင်းရင်းမှထိုင်ကာ သား၏ဦးခေါင်းကို မ-လျက်၊ မယ်တော်ပါရိကာ-က ခြေရင်းမှထိုင်ကာ ခြေတို့ကိုကိုင်၍ မိမိပေါင်၌ ထားပြီးလျင် ငိုကြွေးလျက် မျက်မမြင် ဖြစ်ကြသောကြောင့် လက်ဖြင့်သာ စမ်းသပ်ကြည့်ရှုကြရာ မယ်တော်က ရင်ဝကို စမ်းသပ်မိသည်တွင် ကိုယ်ငွေ့ရှိနေသည်ကို တွေ့ရသဖြင့် “ငါ့သား မသေသေး၊ အဆိပ်အတွက် မိန်းမောနေခြင်းမျှသာ ဖြစ်သည်၊ ဤအဆိပ်ကို ငါ၏ သစ္စာအစွမ်းဖြင့် ပယ်ဖျောက်အံ့”ဟု ကြံစည်ကာ-
(၁) ကျွန်ုပ်၏သား သာမသည် ရှေးအခါက တရားကိုသာ ကျင့်လေ့ရှိပါ၏၊ ဤစကား မှန်သည်ဖြစ်အံ့၊ ကျွန်ုပ်သား၏ အဆိပ်သည် ပျောက်ကင်းပါစေသတည်း။
(၂) (ဤနည်းအတူ) ကျွန်ုပ်သား သာမသည် ရှေးအခါက မြတ်သောအကျင့်ကိုသာ ကျင့်လေ့ရှိပါ၏။
(၃) ကျွန်ုပ်၏သား သာမသည် ရှေးအခါက မှန်သောစကားကိုသာ ဆိုလေ့ရှိပါ၏။
(၄) ကျွန်ုပ်၏သား သာမသည် အမိအဖတို့ကို လုပ်ကျွေးသောသူ ဖြစ်ပါ၏။
(၅) ကျွန်ုပ်၏သား သာမသည် အမျိုးထဲမှာ ကြီးကုန်သောသူတို့ကို ရိုသေသမှု ပြုပေ၏။
(၆) ကျွန်ုပ်၏သား သာမကို ကျွန်ုပ်အသက်ထက်ပို၍ ချစ်ပေ၏။
(၇) ကျွန်ုပ်သည်၎င်း သူ့ဖခင်သည်၎င်း ပြုအပ်သော ကုသိုလ်အလုံးစုံကြောင့် သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း-
ဤသစ္စာ (၇) ခုနစ်ချက်တို့ကို ပြုသောအခါ သုဝဏ္ဏသာမ (သုဝဏ္ဏသျှံ)သည် ဗယ်ညာပြောင်းလဲ၍ အိပ်၏။
ထိုအခါ ဖခင်သည် “ငါ့သားသည် အသက်ရှင်လျက် ရှိ၏၊ ငါသည်လည်း သစ္စာကို ပြုအံ့”ဟူ၍ မယ်တော်ပြုသည့်အတိုင်း သစ္စာ (၇) ခုနစ်ချက် ပြုပြန်သောအခါ ဘုရားအလောင်းသည် နံပါးတဖက်ဖြင့် ပြောင်းလဲ၍ အိပ်ပြန်၏။
(ဝါ)
ထိုအခိုက်၌ သု၀ဏ္ဏသာမ၏ လွန်ခဲ့သော ခုနစ်ခုမြောက်ဘဝမှာ မိခင်ဖြစ်ခဲ့ဘူးသော ယခုအခါ ဟိမဝန္တာ ဂန္ဓမာဒနတောင်၌နေသော ဗဟုသုန္ဒရီအမည်ရှိသော နတ်သမီးသည် ဂန္ဓမာဒနတောင်မှ လာခဲ့ကာ သုဝဏ္ဏသာမနေရာသို့ရောက်၍ “ကျွန်ုပ်သည် ဟိမဝန္တာ ဂန္ဓမာဒနတောင်၌ ရှည်စွာသော ကာလပတ်လုံး နေထိုင်ပါ၏။ နေထိုင်သမျှအတွင်း သုဝဏ္ဏသာမထက် ပိုလွန်၍ ချစ်အပ်သောသူ တစုံတယောက်မျှ မရှိပါ၊ ဤစကား မှန်သည်ဖြစ်အံ့ သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း၊ ကျွန်ုပ်နေရာ ဂန္ဓမာဒနတောင်၌ သစ်ပင်ဟူသမျှသည် နံ့သာပင်ချည်းသာ ဖြစ်၏။ ဤစကား မှန်သည်ဖြစ်အံ့၊ သာမ၏အဆိပ်သည် ပျောက်ကင်းပါစေသတည်း”ဟူ၍ သစ္စာပြုပြန်၏။ ဤသို့ မိခင် ဖခင် နတ်သမီးတို့ သနားစဖွယ် ငိုကြွေးမြည်တမ်း၍ နေကြစဉ် အရွယ်နုပျို ကြည်ညိုဖွယ်ကောင်းလှသော အလောင်းတော် သုဝဏ္ဏသာမသည် လျင်မြန်စွာထ၍ ထိုင်လေ၏။
ဤဇာတ်တော်၌ မိခင်ပါရိကာ ဖခင်ဒုကူလ မိခင်အဟောင်း ဗဟုသုန္ဒရီ နတ်သမီးတို့၏ နှုတ်မြွက်ပြောဆိုအပ်သော သစ္စာစကားသည် သုဝဏ္ဏသာမ အဆိပ်ကင်းပျောက် ချမ်းသာရောက်စေလိုသော အလိုဆန္ဒ ပြည့်ဝစေရန် ဆိုကြခြင်း ဖြစ်သောကြောင့် ဣစ္ဆာပူရဏဝစီသစ္စာ မည်၏။
သုပ္ပါရကဝတ္ထု
ထိုမှတပါး ဧကာဒသကနိပါတ် သုပ္ပါရကဇာတ်၌လည်း ဣစ္ဆာပူရဏဝစီသစ္စာအကြောင်း လာရှိ၏။ လာရှိဟန် အကျဉ်းချုပ်ကား-
ရှေးသရောအခါ ကုရုတိုင်း ကုရုကစ္ဆ (ဘရုကစ္ဆ) သင်္ဘောဆိပ်ရွာနေ ဘုရားအလောင်းတော် သုပ္ပါရကအမည်ရှိသော သုခမိန်သည် သင်္ဘောရှေ့ဆောင်ဦးစီး (ကပ္ပိတန်)အလုပ်ကို ပြုလုပ်သည်တွင် ကာလရှည်မြင့်လတ်သော် ပင်လယ်ရေ အခိုးအငွေ့သင့်သဖြင့် မျက်စိနှစ်ဖက်ကွယ်ကာ သင်္ဘောရှေ့ဆောင်ဦးစီးအလုပ်ကို မလုပ်ပဲနေပြီးနောက် တချိန်တွင် ကုန်သည်တို့၏ တောင်းပန်ချက်အရ ဦးစီးပြုလုပ်၍ သင်္ဘောလွှင့်သွားရာ ခုနစ်ရက်လွန်လျှင် အခါမဟုတ် တိုက်ခတ်သောလေကြောင့် သင်္ဘောသည် လမ်းမှန်မသွားနိုင်ပဲ လေးလပတ်လုံး ပကတိသမုဒြာ ရေမျက်နှာပြင်မှာ လှည့်လည်ပြီးနောက်-
(၁) ခုရမာလိသမုဒြာ၊
(၂) အဂ္ဂိမာလိသမုဒြာ၊
(၃) ဒဓိမာလိသမုဒြာ၊
(ဝိ)
(၄) ကုသမာလိသမုဒြာ၊
(၅) နဠမာလိသမုဒြာ၊
တို့ကို လွန်သွားကာ ကြောက်မက်ဖွယ်ကောင်းလှသော ဗလဝါမုခသမုဒြာအနီးသို့ ဆိုက်ရောက်ကြသည်တွင် သုပ္ပါရက ရှေ့ဆောင်ဦးစီးက ဤသမုဒြာသို့ရောက်လျှင် နောက်ဆုတ် ပြန်လှည့်ခြင်းငှါ စွမ်းနိုင်သူဟူ၍ မရှိ၊ နစ်မြုပ် ပျက်စီးကြရသည်သာ ဖြစ်ကြောင်း ပြောဆိုလေလျှင် ကုန်သည်အားလုံးတို့ ပြင်းစွာ ငိုကြွေးကြကုန်၏။
ထိုအခါ ဘုရားအလောင်း သုပ္ပါရကသုခမိန်သည် “ငါသစ္စာဆို၍ ဤလူအပေါင်းတို့ကို ချမ်းသာစေအံ့”ဟု ကြံပြီးလျှင် “ကျွန်ုပ်သည် ကိုယ်မှန်းသိမြင်ကာ လိမ္မာသည့်အချိန်ကစ၍ သတ္တဝါတယောက်ကိုမျှလည်း မညှဉ်းဆဲဘူးပါ၊ မြက် ဝါးခြမ်းကအစ သူတပါး၏ဥစ္စာကို မခိုးယူဘူးပါ၊ လောဘ၏အစွမ်းဖြင့် သူတပါး သားမယားကို ကြည့်ရုံမျှပင် မကြည့်ဘူးပါ၊ မုသားစကား မပြောဘူးပါ၊ မြက်ဖျားမျှဖြင့်လည်း သေအရက်ကို မသောက်ဘူးပါ၊၊ ဤသစ္စာစကားကြောင့် ဤသင်္ဘောသည် ချမ်းသာစွာ နေရင်းဌာနသို့ ပြန်လည်ဆိုက်ရောက်စေသတည်း”ဟူ၍ သစ္စာပြုတော်မူ၏။ လေးလပတ်လုံး မရပ်မတည် လွင့်ပါးနေသော သင်္ဘောသည် တန်းခိုးရှိသော ပုဂ္ဂိုလ်ကဲ့သို့ ကုရုကစ္ဆရွာဘက်သို့ ပြန်လှည့်ကာ သစ္စာအာနုဘော်ကြောင့် တရက်တည်းဖြင့်ပင် ကုရုကစ္ဆဆိပ်ကမ်းသို့ ကပ်ရောက်လေသည်။
ဤ သုပ္ပါရကသုခမိန်၏ မှန်ကန်စွာဆိုအပ်သော ဝစီသစ္စာသည်လည်း မိမိတို့လူတစု ချမ်းသာမှုကို လိုလားသည့်အတွက် အလိုပြည့်ဝရန် ဆိုအပ်သော ဣစ္ဆာပူရဏ၀စီသစ္စာပင် ဖြစ်၏။
သိဝိမင်းကြီးဝတ္ထု
ဝီသတိနိပါတ်၊ (၃) သိဝိဇာတ်၌.. သိဝိတိုင်း အရိဋ္ဌပုရမြို့တော် ဘုရားအလောင်းတော် သိဝိမင်းကြီးသည် နေ့စဉ် နေ့စဉ် ခြောက်သိန်း ခြောက်သိန်းကုန် လှူဒါန်း စွန့်ကြဲရသော်လည်း မရောင့်ရဲ အားမရနိုင်ပဲ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတို့ကို လှူအံ့ဟူ၍ အကြံတော်ဖြစ်ရာ၊ အလောင်းတော်၏ အလိုဆန္ဒ အကြံတော်ပြည့်ဝရန် သိကြားမင်းသည် မျက်စိနှစ်ဖက်ကွယ်ပျက်သော ပုဏ္ဏားအယောင်ဆောင်ကာ သိဝိမင်းထံ လာပြီးလျှင် “အရှင်မင်းကြီး.. အရှင့်မှာ မျက်စိနှစ်ဖက် မြင်တော်မူပါသည်။ ကျွန်ုပ်မှာ နှစ်ဖက်လုံး မမြင်ပါ။ အရှင်မင်းမြတ်၏ မျက်စိတော်တဖက်ကို ကျွန်ုပ်အား လှူတော်မူပါလျှင် အရှင်မင်းကြီးမှာလည်း ကျန်တဖက်ဖြင့် အရာရာကို မြင်နိုင်၍ ကျွန်ုပ်မှာလည်း
(ဝီ)
မင်းကြီးလှူ၍ရသော မျက်စိတဖက်ဖြင့် အရာရာကို မြင်နိုင်ပါမည်။ သို့ဖြစ်၍ မျက်စိတော်တဖက်ကို ကျွန်ုပ်အား သနားစွန့်လှူတော်မူပါ”ဟု အလှူခံသည်တွင် သိဝိမင်းကြီးသည် စိတ်တောင့်တ ကြံရွယ်နေခိုက် အလှူခံဆိုက်လာ၍ နှစ်ခြိုက် အားရတော်မူပြီးလျှင် သီဝိကသမားတော်ကို ခေါ်တော်မူ၍ “ငါ၏မျက်စိတဖက်ကို ဖောက်ထုတ်၍ပေးရမည်”ဟု အမိန့်တော်ရှိလေ၏။ သီဝိကသမားတော်နှင့်တကွ မှူးတော် မတ်တော် မိဖုရား မောင်းမ မိဿံတို့က ဝိုင်းဝန်း တားမြစ်သော်လည်း မရပဲ အထုတ်ခိုင်း၍ ဆေးဆရာက ထုတ်ပေးသည်တွင် ထိုမျက်စိကို ကျန်သောမျက်စိတဖက်ဖြင့် ကြည့်ပြီးလျှင် အားရဝမ်းသာ သမ္မာသမ္ဗောဓိဆုကြီးကို တောင်း၍ ပုဏ္ဏားလက်သို့ လှူဒါန်းလိုက်လေ၏။
ပုဏ္ဏားမှာလည်း သိကြားပုဏ္ဏားဖြစ်၍ ထိုမျက်စိကို မိမိ၏ မျက်ကွင်းတဖက်အတွင်းသို့ ထည့်သွင်းလိုက်လျှင်ပင် ပကတိ ကောင်းမွန်သော မျက်စိတဖက် ဖြစ်သွားသည်ကို သိဝိမင်းကြီး မြင်တော်မူသဖြင့် အလွန်ကြည်လင်ရွှင်လန်းခြင်း ဖြစ်ပြီးလျှင် ကျန်သော မျက်စိတော်တဖက်ကိုလည်း မှူးမတ်ပရိသတ်တို့က တောင်းပန်တားမြစ်သော်လည်း မရပဲ တဖန်အထုတ်ခိုင်း၍ လှူဒါန်းပြန်၏။ သိကြားပုဏ္ဏားမှာ နောက်လှူမျက်စိကို ကျန်သည့် မျက်ကွင်းတဖက်အတွင်းသို့ ထည့်သွင်းလိုက်လျှင်ပင် “ပကတိကောင်းမွန်သော မျက်စိဖြစ်၍ ဆုတောင်းစကားများ ပြောကြားကာ ပြန်သွားသည့်သဏ္ဌာန်ဖြင့် ကွယ်ပျောက်လေ၏။
သိဝိမင်းကြီးမှာ မျက်စိနှစ်ကွင်း အလင်းမရတော့သဖြင့် မင်းပြုလုပ်ရန် မသင့်လျော်တော့ရကား မင်္ဂလာဥယျာဉ်တော်အဘွင်း ရေကန်၏အနီးအပါးမှာ နေထိုင်စရာ ပြုလုပ်၍ နေတော်မူလျက် မိမိ၏ မျက်စိအလှူဒါနကို ဆင်ခြင်တော်မူနေစဉ် သိကြားမင်းလာရောက်၍ မင်းကြီး၏အနီးအပါးမှာ ခြေသံကြားစေရန် လူးလာတုံ့ခေါက် စင်္ကြံလျှောက်လေ၏။ သိဝိမင်းကြီးက မည်သူနည်းဟု မေးသောအခါ “ကျွန်ုပ်သည် သိကြားမင်းဖြစ်၏၊ သင်မင်းကြီး အလိုရှိသောဆုကို တောင်းတော်မူပါ”ဟု ပြောဆိုလတ်သည်တွင် သိဝိမင်းကြီးက “ကျွန်ုပ်မှာ စည်းစိမ်ဥစ္စာ ရတနာရွှေငွေတွေ များစွာရှိ၏၊ ယခုအခါ မျက်စိနှစ်ဖက် စုံလုံးပျက်နေသဖြင့် သေရခြင်းကိုသာ အလိုရှိပါ၏”ဟု ပြောသည်တွင် သိကြားမင်းက “အရှင်မင်းကြီး.. ယခု သေခြင်းကို အလိုရှိသည်ဆိုရာမှာ တကယ်ပင် သေလို၍ဖြစ်သလော၊ သို့မဟုတ် မျက်စိမမြင်သည့်အတွက် ပြောခြင်းဖြစ်သလော”ဟု မေးရာ၊ မျက်စိမမြင်သည့်အတွက်ဖြစ်ကြောင်း ပြောဆိုသည်တွင် သိကြားမင်းက “အရှင်မင်းကြီး.. ဤမျက်စိမြင်လာဖို့ရန် ကျွန်ုပ် ဖန်ဆင်း၍ မဖြစ်နိုင်ပေ၊ သစ္စာအစွမ်းအားဖြင့်သာ မြင်ပါလိမ့်မည်၊ သစ္စာပြုတော်မူပါ”ဟု ပြောဆိုသောအခါ သိဝိမင်းကြီးက-
(ဝု)
“ကျွန်ုပ်ထံမှောက် တောင်းရမ်းရန် လာရောက်ကြသည့် များမြောက်လှစွာသော အလှူခံပုဂ္ဂိုလ်တို့ကို၎င်း ထိုအလှူခံပုဂ္ဂိုလ်တို့အနက် မိမိအလိုရှိရာ တောင်းရမ်းသော အလှူခံပုဂ္ဂိုလ်ကို၎င်း ကျွန်ုပ်စိတ်မှာ ချစ်နှစ်သက်ပါ၏၊ ဤသစ္စာစကားကြောင့် ကျွန်ုပ်၏မျက်စိသည် ကောင်းစွာ ဖြစ်ပါစေသတည်း”
ဟူ၍ သစ္စာပြုလိုက်လျှင် ပဌမမျက်စိသည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုနောက်တဖန်-
“မျက်မမြင်ပုဏ္ဏားသည် ကျွန်ုပ်ထံလာ၍ မျက်စိကို အလှူခံသည်တွင် ထိုပုဏ္ဏားအား မျက်စိတော် နှစ်ဖက်လုံးတို့ကို ကျွန်ုပ်လှူဒါန်း၏။ ထိုသို့ လှူဒါန်းရသောအခါ ကျွန်ုပ်စိတ်၌ နှစ်ခြိုက်အားယမ်း ဝမ်းသာလှပေ၏။ ဤသစ္စာစကားကြောင့် ကျန်မျက်စိတဖက်သည် ထင်ရှား ဖြစ်ပါစေသတည်း”
ဟူ၍ သစ္စာပြုသည်တွင် ပြုသည့်အတိုင်း ဒုတိယမျက်စိလည်း ဖြစ်ပေါ်လာလေသည်။ ထိုမျက်စိနှစ်လုံး တို့သည်ကား နဂိုရ်ပကတိ အမိမွေးစဉ်က မျက်စိတို့လည်း မဟုတ်ကုန်၊ ဒိဗ္ဗစက္ခု အဘိညာဏ်မျက်စိ နတ်မျက်စိလည်း မဟုတ်ကုန်၊ စင်စစ်မူ သစ္စာပါရမီတော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော မျက်စိတို့ ဖြစ်ကုန်၏၊
ဤသိဝိမင်းကြီး၏ သစ္စာသည်လည်း မိမိမျက်စိ ပကတိပြန်ဖြစ်ရန် ဆိုအပ်သောသစ္စာဖြစ်၍ အလိုပြည့်စုံရန် ဆိုအပ်သော ဣစ္ဆာပူရဏဝစီသစ္စာပင် ဖြစ်၏။
ဧကကနိပါတ်၊(၈) ဝရုဏဝဂ်၊ (၅)မစ္ဆဇာတ်၌လည်း မြတ်စွာဘုရား အလောင်းတော်သည် ငါးမျိုး၌ဖြစ်သောအခါ မိုယ်းအလွန်ခေါင်သဖြင့် ရေခန်း၍ ကျီးအများ ငါးတို့ကို ထိုးဆိတ် စားသောက်ကြသည်တွင် မြတ်စွာဘုရားအလောင်း ငါးမင်းသည် “အကျွန်ုပ်သည် ဇာတ်တူသားကို နိုင်ရာစားလေ့ရှိသော ငါးမျိုး၌ ဖြစ်သော်လည်း ဆန်စေ့ခန့်မျှ ပမာဏရှိသော ငါးကိုအစပြု၍ စားဘူးသည်မရှိပါ။ ဤသစ္စာစကားကြောင့် မိုယ်းသည် ထစ်ချုန်းရွာသွန်းပါစေသတည်း”ဟု သစ္စာပြုသည်နှင့် တပြိုင်နက် မိုဃ်းကြီးသည်းထန်စွာ ရွာသွန်းကြောင်း လာရှိသည်။
ထို့ပြင် ထိုဧကကနိပါတ်၊ (၄) ကုလာဝကဝဂ်၊ (၅) ဝဋ္ဋကဇာတ်၌လည်း ဘုရားအလောင်းသည် ငုံးမျိုး၌ဖြစ်၍ အတောင်ဖြင့်လည်း မပျံနိုင်၊ ခြေဖြင့်လည်း မသွားနိုင်သေးသည့် အရွယ်တွင် တောမီး အကြီးအကျယ်လောင်၍လာရာ
(ဝူ)
မိဖနှစ်ပါးတို့ ထွက်ပြေးကြသဖြင့် “လောက၌ စင်ကြယ်သော သီလဂုဏ် မှန်ကန်သော သစ္စာတရား သနားကြင်နာခြင်း ကရုဏာတရားတို့သည် ရှိကြကုန်၏၊ ငါသည် သစ္စာကိုသာ ပြုရတော့မည်”ဟု ကြံစည်ပြီးလျှင် “ငါ့မှာ အတောင်များ ရှိပါ၏၊ မပျံနိုင်ပါသေး။ ခြေများလည်း ရှိပါ၏၊ မသွားနိုင်ပါသေး။ မိဖနှစ်ပါးလည်း ထွက်ပြေးကြလေပြီ။ အို တောမီး.. ငါ့ကိုဖယ်ရှား အသင်သွားပါလော့”ဟု ဆိုသည်တွင် တောမီးသည် ထက်ဝန်းကျင် တဆယ့်ခြောက်ပယ်မျှဝေးအောင် ကွင်းရှောင်သွားပြီး ငြိမ်းရကြောင်း လာရှိသည်။ အထူးစဉ်းစားဖွယ် ရှိသည်ကား-
ဆိုခဲ့ပြီးသော သုဝဏ္ဏသာမဇာတ်တော် စသည်တို့၌ သစ္စာပြုကြရာမှာ ကုသိုလ်တရားကို အခြေခံထား၍ ပြုသဖြင့် လိုအပ်သည့်အကျိုး ပြည့်စုံခြင်းမှာ သင့်လျော်လှပေ၏၊ အလောင်းတော် ငုံးမင်း၏ သစ္စာတော် အခြေခံစကားတွင် ကုသိုလ်တရား အထူးမပါ၊ အတောင်ရှိပါ၏ မပျံနိုင်၊ ခြေရှိပါ၏ မသွားနိုင်၊ မိဖတို့လည်း ထွက်ပြေးကြပြီ၊ ဤမျှသော စကားသာ ပါရှိရာ ကုသိုလ်ရေးမဟုတ်သည့် အကြောင်းအရာကို အခြေပြုကာ သစ္စာပြုခြင်းသည် အဘယ့်ကြောင့် လိုအပ်သောအကျိုးကို ပြည့်စုံစေနိုင်ပါသနည်းဟု စဉ်းစားဖွယ် ရှိလေသည်။
သစ္စာ၏သဘောမှာ အခြေခံအကြောင်းအရာက ကုသိုလ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မှန်ကန်ခြင်းသာ အရင်းခံဖြစ်သည်။ ကုသိုလ်ရေးနှင့်စပ်သော စကားပင် ဖြစ်စေကာမူ မမှန်မကန်ပြောလျှင် ဝစီသစ္စာလည်း မမြောက်၊ တစုံတရာ အကျိုး တန်းခိုးလည်း မရှိနိုင်၊ မှန်ကန်စွာ ပြောဆိုခြင်း သစ္စာဖြင့်သာ လိုအပ်သောအကျိုး ပြည့်ဝ၍ တန်းခိုးရှိနိုင်သည်။
အလောင်းတော်ငုံးမင်း ဆိုသောစကားသည် မှန်ကန်သောအချက်ဖြစ်၍ ဝစီသစ္စာမြောက်ပြီးလျှင် လိုအပ်သောအကျိုးကို ပြီးစေနိုင်သည်ဟု မှတ်သားအပ်၏။ ဤအလောင်းတော် ငုံးမင်း၏ သစ္စာစကားတွင်ပါဝင်သော အကြောင်းအရာမှာ ကုသိုလ်ရေး မဟုတ်စေကာမူ အကုသိုလ်ရေးလည်း မဟုတ်ပါပေ၊ အကုသိုလ်ရေးနှင့်ပင်စပ်၍ ဆိုအပ်စေကာမူ မှန်ကန်ပြောဆိုပါက ဝစီသစ္စာထမြောက် လိုအပ်သောအကျိုး ပြီးမြောက်နိုင်ကြောင်းကို ဒသကနိပါတ်တော်လာ (၆) ကဏှဒီပါယနဇာတ်ဖြင့် သိအပ်၏။ (အကျယ်အကြောင်းကို ဇာတ်တော်ဝတ္ထုမှာ ကြည့်ရှုရာ၏။) ထိုကဏှဒီပါယနဇာတ်တော်၌-
ကဏှဒီပါယနရသေ့ မဏ္ဍဗျရသေ့ထံမှအပြန် မိမိ၏ သင်္ခမ်းကျောင်းသို့ရောက်သောအခါ ကျောင်းဒါယကာဖြစ်သည့် မဏ္ဍဗျသူကြွယ်နှင့်
(ဝေ)
ဇနီးအိမ်ရှင်မ သားယညဒတ္တ သူငယ်တို့ပါ ဆရာရသေ့ထံသို့ လာရောက်၍ အဖျော်ယမကာစသည် ဆက်ကပ်ပြီး မဏ္ဍဗျရသေ့၏ အကြောင်းအရာကို မေးမြန်းပြောဆို နေကြဆဲတွင် သားဖြစ်သော ယညဒတ္တသူငယ်သည် စင်္ကြံစွန်း၌ ကျင်ပေါက်၍ ကစားနေရာ ကျင်သည် မြွေရှိရာ တောင်ပို့အတွင်းသို့ ဝင်သွားလေ၏၊ ယညဒတ္တသူငယ်သည် တောင်ပို့အတွင်း လက်ကိုသွင်း၍ ကျင်ကို ထုတ်ယူသည်ရှိသော် တောင်ပို့ထဲမှ မြွေကိုက်လိုက်သဖြင့် ရုတ်တရက် မြွေဆိပ်တက်ကာ ထိုနေရာမှာပင် တိမ်းလည်း၍ သွားလေ၏။
မိဖတို့သည် မြွေကိုက်မှန်းသိ၍ သားငယ်ကို ပွေ့ချီပြီးလျှင် ကဏှဒီပါယနရသေ့၏ ခြေရင်းမှာ သိပ်ထားလျက် ချမ်းသာအောင် ဆေးကုပေးရန် တောင်းပန်ကြလေသော် ကဏှဒီပါယနရသေ့က “မြွေဆိပ်နိုင်သောဆေးကို ငါမသိ၊ သစ္စာပြု၍ ငါကုအံ့”ဟု မိန့်ဆိုပြီးလျှင် ယညဒတ္တသူငယ်၏ ဦးခေါင်း၌ မိမိလက်ကို တင်ထား၍ “ငါသည် လူ့ဘောင်ကိုငြီးငွေ့၍ ရသေ့ပြုခဲ့ရာ ခုနှစ်ရက်သာ ကြည်လင်သောစိတ်ဖြင့် နေနိုင်၏၊ ခုနစ်ရက်လွန်သည့်နောက် ယနေ့တိုင် နှစ်ပေါင်း ငါးဆယ်ရောက်အောင်လုံးပင် စိတ်မကြည်လင် မပျော်မွေ့ခဲ့ပေ။ အောင့်အည်း၍သာ နေခဲ့ရပါ၏၊ ဤသစ္စာစကားကြောင့် တက်နေသော အဆိပ်ပြောက်၍ ယညဒတ္တသူငယ် အသက်ရှင်စေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏ ရင်ဘတ်မှ အထက်ပိုင်းတွင်ရှိသော မြွေဆိပ်သည် လျှောကျကာ မြေသို့ဝင်လေ၏။
ယညဒတ္တသူငယ်သည် မျက်စိကိုဖွင့်ပြီးလျှင် မိဖနှစ်ပါးကိုကြည့်၍ “အမေ အဖေဟု တခွန်းလောက်သာ ခေါ်ဆိုကာ လူးလွန့်၍ အိပ်သွားပြန်၏။ ထိုအခါ ကဏှဒီပါယနရသေ့က “ငါ့အစွမ်းဖြင့် သင်တို့သားကို ကုစားပြီးပြီ၊ သင်လည်း သင့်အစွမ်းဖြင့် သားငယ်ကို ကုစားဦးလော့”ဟု ဖခင်ဖြစ်သူ မဏ္ဍဗျသူကြွယ်ကို စေခိုင်းသည်တွင် ဖခင်ဖြစ်သူ မဏ္ဍဗျသူကြွယ်က- “ကျွန်ုပ်သည် ရဟန်းပုဏ္ဏား ဧည့်သည်များ ဆိုက်ရောက် လာသောအခါ တကြိမ်တခါမျှ စိတ်နှစ်သက်ခြင်း ကြည်ညိုခြင်း အလျဉ်းပင်မရှိပါ၊ ဤသို့ ကျွန်ုပ်မကြည်ညို မနှစ်သက်သည်ကိုလည်း မည်သူ့ကိုမျှ မသိစေခဲ့ပါ၊ ဖုံးဖိ၍ထားခဲ့ပါ၏၊ လှူဒါန်းသောအခါ၌လည်း မလှူချင်ပဲနှင့်သာ ဟန်မပျက် လှူခဲ့ပေ၏။ ဤသစ္စာစကားကြောင့် တက်နေသောအဆိပ် ပြေပျောက်၍ သားငယ်ယညဒတ္တ အသက်ရှင်ပါစေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏
(ဝဲ)
ခါးမှ အထက်ပိုင်းတွင်ရှိသော အဆိပ်သည် လျှောကျကာ မြေသို့ဝင်လေ၏။
ယညဒတ္တသူငယ်သည် ထ၍ ထိုင်လေ၏၊ မတ်မတ်ကား မရပ်နိုင်သေး၊ ထိုအခါ ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို သစ္စာပြုရန် တိုက်တွန်းပြန်သောအခါ မိခင်က- “ကျွန်ုပ်မှာ သစ္စာပြုရန်အချက်ကား ရှိပါ၏၊ သို့ရာတွင် အရှင်၏ရှေ့မှာ မပြုဝံ့ပါ”ဟု ဆိုလေရာ “မည်သည့်နည်းဖြင့်ဖြစ်စေ ပြုသာပြုပါ”ဟု ဖခင်ဖြစ်သူက တိုက်တွန်းခွင့်ပြုမှ မိခင်ဖြစ်သူက “ကျွန်ုပ်သည် ကျွန်ုပ်သားကို ကိုက်လိုက်သည့်မြွေကို မခင်မင် အလွန်ပင် မုန်းလှပါသည်။ ဤမြွေကို မုန်းသည်နှင့်မခြား ထပ်တူထပ်မျှ ကလေး၏အဖ (မဏ္ဍဗျသူကြွယ်)ကိုလည်း မုန်းလှပါသည်၊ ဤသစ္စာစကားကြောင့် တက်နေသောအဆိပ် ပြေပျောက်၍ ကျွန်တော်မ၏သား ယညဒတ္တသူငယ် အသက်ရှင်ပါစေသတည်း”ဟု သစ္စာပြုသောအခါ ယညဒတ္တသူငယ်၏ကိုယ်မှ အဆိပ်အလုံးစုံသည် လျှောကျ၍ မြေသို့ဝင်သဖြင့် ယညဒတ္တသူငယ်သည် ကျင်ကို ထ၍ကစားလေ၏။
(ဤရသေ့ ဆရာဒကာ သုံးဦးလုံးကို အသီးအသီး သစ္စာဆိုကြခြင်း၏ အရင်းခံ အကြောင်းအရာတို့မှာ မကောင်းသောအရာချည်း ဖြစ်သော်လည်း မည်သူ့ကိုမျှ မပြောကြပဲ လျှို့ဝှက်၍ထားရာမှ ရဲဝံ့စွာ မှန်မှန် ကန်ကန် ပြောဆိုခြင်းမှာ သစ္စာစင်စစ် ဖြစ်သောကြောင့် ထိုသစ္စာတန်းခိုးဖြင့် လိုအပ်သောအကျိုး ပြည့်စုံသည်ဟု မှတ်အပ်၏။)
မေးဖွယ် ရှိပြန်သည်ကား.. ဤဆိုအပ်ပြီးသည့်အတိုင်း အရင်းခံ အကြောင်းအရာမှာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မှန်ကန်စွာ ထုတ်ဖော်ပြောဆိုလျှင် သစ္စာဖြစ်၍ လိုအပ်သောအကျိုး ပြည့်ဝနိုင်ပါက ယခုကာလပုဂ္ဂိုလ်တို့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တစုံတရာ အမှန်အကန်ပြောဆိုလျှင် ဝစီသစ္စာမြောက်၍ လိုအပ်သောဆန္ဒ ပြည့်ဝနိုင်ပါမည်လောဟု မေးဖွယ်ရှိ၏။
အဖြေကား.. သစ္စာသုံးပါးတို့တွင် မုသားစကားမှ ရှောင်ကြဉ်ခြင်း မည်သည့်အရာမဆို မှန်ကန်ရာကိုသာ ပြောဆိုခြင်းတည်းဟူသော မုသာဝိရမဏသစ္စာသည် သူတော်ကောင်းတို့၏နှုတ်၌ အမြဲတည်၏၊ ကျမ်းဂန်လာ သစ္စာပြုကြသော ရှေးသူတော်ကောင်းတို့၏နှုတ်သည် မုဝိရမဏသစ္စာ၏ အမြဲတည်ရာ သစ္စာနိုင်ငံကြီး ဖြစ်၏၊ သစ္စာနိုင်ငံဟူသည် အလွန်တရာ စင်ကြယ်မွန်မြတ်လှသည်ဖြစ်၍ ဤသစ္စာနိုင်ငံမှာ ဖြစ်ပွါးသော သစ္စာတရားသည် အလိုရှိအပ်သော
(ဝေါ)
ကောင်းကျိုးကို ပြည့်ဝစေနိုင်၏၊ ဤသစ္စာတရား ထွန်းကားတောက်ပရာ ထို ရှေးသူတော်စင်တို့ခေတ်၌ သစ္စာတရားသည် အလိုရှိရာ ကောင်းကျိုးကို ပေးနိုင်သကဲ့သို့ပင် မကောင်းမှု မုသာဝါဒတရားသည်လည်း မလိုလားအပ်သည့် အပြစ်ဘေးဒဏ်ကို အမြန်ပင် ပေးနိုင်၏။ ဤသို့ သစ္စာတရား ထွန်းကားရာခေတ်၌ မုသာဝါဒတရား၏ မကောင်းကျိုးအပြစ် ဘေးဒဏ်ကို အမြန်ပေးနိုင်ကြောင်းကို အဋ္ဌကနိပါတ်လာ (၆) စေတိယဇာတ်ဖြင့် သိအပ်၏။ (ဤစေတိယဇာတ်၌ အကြီးကို အငယ်၊ အငယ်ကို အကြီးဟု ပြောမှားသော မုသားကြောင့် စေတိယမင်း မြေမျိုခံရလေသည်။)
ယခုကာလ လူအများ၏နှုတ်မှာ အများအားဖြင့် “မုသားမပါ လင်္ကာမချော'ဟူသော ဆောင်ပုဒ်ကို ဖြိုင်ဖြိုင်ကြီး သုံးပြီးလျှင် မဟုတ်မမှန်စကားကို “အများဆုံး ပြောဆိုနေကြသည့် မုသာဝါဒနိုင်ငံဆိုး နိုင်ငံပျက်ကြီးများ ဖြစ်နေ၍ ဤနိုင်ငံဆိုး နိုင်ငံပျက်ကြီးမှာ ဖြစ်ပေါ်လာသော သစ္စာကုသိုလ်တရားသည်လည်း ကောင်းကျိုးကို ထင်ရှားအောင် မပေးနိုင်၊ မုသာဝါဒ အကုသိုလ်တရားလည်း မကောင်းကျိုးကို ထင်ရှားအောင် မပေးနိုင်ဟု သိမှတ်အပ်၏။
ဤသို့လျှင် ဧကကနိပါဒ် (၂) သီလဝဂ်၊ (၁၀) နဠပါနဇာတ်၌ အလောင်းတော်မျောက်မင်း၏ သစ္စာအာနုဘော်ကြောင့် ကျူပင်ကျူရိုးတို့ အလယ်၌ အပိတ်မရှိ ဒိုးလျှိုပေါက် ဖြစ်ရခြင်း..၊
တိံသနိပါတ် (၉) သမ္ဗုလာဇာတ်၌ အိမ်ရှေ့မင်းသမီး သမ္ဗုလာ၏ သစ္စာစကားကြောင့် သောတ္ထိသေနမင်းသား၏ နူနာရောဂါ ပျောက်ကင်းချမ်းသာခြင်း..၊
မဟာနိပါတ် တေမိယဇာတ်၌ စန္ဒာဒေဝီမိဖုရားကြီး၏ သီလဆောက်တည်၍ သစ္စာပြုသဖြင့် အလောင်းတော် တေမိယမင်းသားကို ဖွားမြင်ခြင်း သားရခြင်း..၊
မဟာနိပါတ် ဇနကဇာတ်၌ ပေါလဇနက အိမ်ရှေ့မင်း၏ သစ္စာစကားကြောင့် သံခြေကျဉ်းများကျွတ်ကာ နှောင်အိမ်တံခါးပွင့်၍ ပေါလဇနက အိမ်ရှေ့မင်းသား ထွက်သွားနိုင်ခြင်း..၊
ဧကကနိပါတ် (၁) အပဏ္ဏကဝဂ်၊ (၇) ကဋ္ဌဝါဟနဇာတ်၌ မိခင်ဖြစ်သူ ထင်းခွေသည်မက သစ္စာဆို၍ အလောင်းတော် သတို့သားကို ကောင်းကင်သို့
(ဝေါ်)
ပစ်လွှင့်ရာတွင် အလောင်းတော်သတို့သား ကောင်းကင်မှာ တင်ပလ္လင်ခွေ၍ နေခြင်း..၊
ပကိဏ္ဏကနိပါတ် (၈) မဟာမောရဇာတ်၌ အလောင်းတော် ဥဒေါင်းမင်း၏ တရားကို နာကြားရ၍ မူဆိုးသားဘဝမှ ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူသော အရှင်မြတ်၏ (အလောင်းတော်၏ နည်းလမ်းညွှန်ပြချက်အရ) “ငါ ရှေးက အိမ်မှာလှောင်ထားခဲ့သော ငှက်အများတို့သည် ငါယခု ကိလေသာအနှောင်အဖွဲ့မှ လွတ်ပြီဖြစ်၍ ငါလွတ်သကဲ့သို့ အနှောင်အဖွဲ့မှ လွတ်ကြစေသောဝ်”ဟု သစ္စာပြုချက်အရ ငှက်အပေါင်းတို့ အနှောင်အဖွဲ့မှ လွတ်ကြခြင်း ဤသို့ စသည်ဖြင့် ရှေးနိပါတ်ဇာတ်တော်လာ သစ္စာ၏ အာနုဘော်ကြီးပုံကို ကောင်းစွာ သိမှတ်အပ်၏။
ဘုရားရှင်လက်ထက်တော် သစ္စာအာနုဘော်
မြတ်စွာဘုရား လက်ထက်တော်မှာလည်း ဝေသာလီပြည်တွင် ရောဂါဆိုးဘေး နတ်ဘီလူးဘေး ငတ်မွတ်ခြင်းဘေး သုံးမျိုးတို့ ဆိုက်ရောက်ရာ မြတ်စွာဘုရား သံဃာတော်အများနှင့် ကြွသွားတော်မူပြီးလျှင် ဝေသာလီပြည် မြို့တံတိုင်း (မြို့ရိုး) သုံးထပ်အကြားတွင် လှည့်လည်ကာ သစ္စာပြု ဆုတောင်းစကား မြွက်ကြားရွတ်ဆိုစေရန် အရှင်အာနန္ဒာအား ဟောကြားသင်ပြပေးတော်မူရာ အရှင်အာနန္ဒာသည် တညဉ့်လုံး လှည့်လည်၍ သစ္စာစကား မြွက်ကြားရွတ်ဆိုသဖြင့် ထိုဘေးသုံးပါး အေးငြိမ်းကြောင်း ရတနသုတ်ပါဠိတော် အဋ္ဌကထာတို့၌ အကျယ်လာရှိ၏။ ထိုသစ္စာပြု ဂါထာစကားစုကို ရတနသုတ်ပရိတ်ဟူ၍ ခေါ်ဝေါ် သမုတ်ကြ၏၊ ဤရတနသုတ် ပရိတ်တော်မှာ လောက၌ လူ့ပြည် နတ်ပြည် နဂါး ဂဠုန်ပြည်များမှာ ရတနာအသီးအသီး ထင်ရှားရှိကြရာတွင် မြတ်စွာဘုရားနှင့်တူသော ရတနာမည်သည် မရှိ၊ ဤသစ္စာစကားကြောင့် ဘေးသုံးပါးလွတ်ကင်း ချမ်းသာခြင်း ဖြစ်စေသတည်း၊ ဤသို့စသည်ဖြင့် ဘုရား တရား သံဃာ ရတနာသုံးပါး၏ ဂုဏ်အမျိုးမျိုးကို ဖော်ပြထုတ်ဆိုကာ သစ္စာဆယ့်နှစ်ချက် (နောက်ဆုံး သိကြားမင်းရွတ်ဆိုသည့် သစ္စာသုံးချက်နှင့်တကွ ဆယ့်ငါးချက်)ကို ဟောထားသော သုတ်ဖြစ်သည်။ ဤရတနသုတ် ကို သုတ္တနိပါတပါဠိ (၂) စူဠဝဂ် ပဌမသုဘ်အဖြစ်ဖြင့်၎င်း၊ ခုဒ္ဒကပါဌပါဠိတော် ဆဋ္ဌသုတ်အဖြစ်ဖြင့်၎င်း သံဂါယနာတင်ထားပေသည်။
မဇ္ဈိမပဏ္ဏာသပါဠိတော် (၄) ရာဇဝဂ်၊ (၆) အင်္ဂုလိမာလသုတ်၌ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် အရှင်အင်္ဂုလိမာလမထေရ်သည် သာဝတ္ထိပြည်အတွင်း၌ သားမဖွားနိုင်ပဲရှိနေသော မိန်းမတယောက်အကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ
(ဝံ)
မြတ်စွာဘုရားက နည်းပေးတော်မူလိုက်သည့်အတိုင်း အရှင်အင်္ဂုလိမာလမထေရ်သည် ထိုမိန်းမထံသို့ ကြွသွား၍ “ငါသည် အရိယာဖြစ်သောနေ့မှစ၍ သတ္တဝါတို့ကို သေစေလိုသောစိတ်ဖြင့် မသတ်ဖြတ်ဘူးပေ။ ဤသစ္စာစကားကြောင့် သင်တို့သားအမိနှစ်ယောက်၏ ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟု သစ္စာပြုတော်မူလေလျှင် ကောင်းမွန်စွာ သားဖွား၍ သားအမိနှစ်ယောက်လုံး ချမ်းသာကြကြောင်း လာရှိသည်။
ဤသို့ စသည်ဖြင့် မြတ်စွာဘုရား လက်ထက်တော် အခါမှာလည်း သစ္စာစကား ပြောကြားရွတ်ဆို၍ လိုအပ်သောအကျိုး ပြည့်စုံသည်ကို သိအပ်၏။
သီဟိုဠ်သာသနာခေတ် သစ္စာအာနုဘော်
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သီဟိုဠ်ကျွန်းသို့ သာသနာတော် ရောက်သောအခါမှာလည်း သီဟိုဠ်ကျွန်း စောရကကျောင်းတိုက်ကြီး၌ သီတင်းသုံး နေတော်မူသော မဟာမိတ္တမထေရ်သည် သူ့မိခင်၏ရင်သား၌ အဆိပ်အိုင်းအနာပေါက်ရာ သမီးဘိက္ခုနီမကို မိခင်က ဆေးအတောင်းလွှတ်လိုက်သည်တွင် “ငါသည် ဆေးရိုးရိုးကို မသိပေ၊ စင်စစ်ကား သင့်အား ဆေးတမျိုးကို မှာကြားလိုက်ပေအံ့၊ ငါသည် ရဟန်းပြုသည့်အခါမှစ၍ ယနေ့တိုင်အောင် တပ်မက်မောသော လောဘစိတ်ဖြင့် ဣန္ဒြေကိုဖျက်ကာ ဇာတ်သဘာဝချင်းမတူသော မိန်းမအာရုံကို မကြည့်စဘူးပေ။ ဤသစ္စာစကားကြောင့် ငါ့မိခင်၏ချမ်းသာခြင်းသည် ဖြစ်စေသတည်း”ဟူသော သစ္စာစကားကို မြွက်ဆိုတော်မူပြီးလျှင် “သင်ပြန်၍ ယခု ငါဆိုတိုင်းသော သစ္စာစကားကို မိခင်ထံရောက်လျှင် ရွတ်ဆို၍ မိခင်၏ကိုယ်ကို သုံးသပ်လေလော့”ဟု မှာထားတော်မူလိုက်၏။ ဘိက္ခုနီမသည် မိခင်ထံသွားပြီးလျှင် မဟာမိတ္တမထေရ် မှာလိုက်တိုင်း ပြုသောခဏမှာပင် မိခင်ဥပါသိကာမကြီး၏ အဆိပ်အိုင်းအနာသည် ရေမြှုပ်စိုင်ကဲ့သို့ ကြေပျက်ကာ ချမ်းသာရာရရှိကြောင်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာ သီလနိဒ္ဒေသအခဏ်း၌ ပြဆိုထား၏။
ထိုမှတပါး အဋ္ဌသာလိနီအဋ္ဌကထာ စိတ္တုပ္ပါဒကဏ္ဍ ဒွါရကထာ၌လည်း သမ္ပတ္တဝိရတီ၏အဖွင့်တွင် သီဟိုဠ်ကျွန်းနေ မိန်းမတဦးမှာ ရောဂါဖြစ်သည်တွင် ဆေးဆရာက “ယုန်သားအစိုကိုရလျှင် ပျောက်မည်”ဟု ပြောသဖြင့် သားကြီးဖြစ်သူ အစ်ကိုက ညီငယ် (ဇဂ္ဂန)ကို လယ်တောသို့သွား၍ ယုန်ရှာရန် စေလွှတ်လိုက်လေ၏၊ ညီငယ် (ဇဂ္ဂန)သွား၍ လယ်တောဘို့ ရောက်သောအခါ ယုန်တကောင်သည် ဧဂ္ဂနကိုမြင်၍ ကြောက်ရွံ့ပြေးသွားသည်တွင် နွယ်ပင်၌ ငြိနေသောကြောင့် ကြောက်ရွံ့သောအသံဖြင့် အော်မြည်လေ၏။
(ဝါး)
ဇဂ္ဂနသည် ပြေးသွား၍ ယုန်ကို ဖမ်းယူခဲ့ပြီးလျှင် “မိခင်၏အသက်ကို မသေစေလိုသဖြင့် ဤယုန်ငယ်ကို သတ်မည်ဆိုက တရားလမ်းမကျချေ”ဟု စဉ်းစား ဆင်ခြင်ပြီးလျှင် သင် ချမ်းသာစွာ နေပေတော့ဟု လွှတ်ခဲ့ကာ အိမ်သို့ ပြန်သွားလေ၏။ အိမ်သို့ရောက်၍ “ယုန် ရခဲ့၏လော”ဟု အစ်ကိုကြီးက ဆီး၍မေးသောအခါ လွှတ်ပစ်ထားခဲ့သည့်အကြောင်း ဟုတ်မှန်တိုင်း ပြန်ကြားပြောဆိုသည်တွင် အစ်ကိုကြီးက ခြိမ်းချောက် ရေရွတ်စကား ပြောကြားသောအခါ ညီငယ်ဇဂ္ဂနသည် မိခင်၏အနီးသို့ ချဉ်းကပ်လျက် “ကျွန်ုပ်သည် လူဖြစ်သည်ကစ၍ သေစေလိုသောစိတ်ဖြင့် သတ္တဝါကို သတ်ဘူးသည်ဟူ၍ မသိရှိပါ။ ဤသစ္စာစကားကြောင့် ကျွန်ုပ်၏မိခင် ကျန်းမာချမ်းသာပါစေ”ဟု ဆို၍ မတ်တတ်ရပ်လေ၏။ ထိုခဏ၌ပင် မိခင် ကျန်းမာချမ်းသာသွားသည်ဟူ၍ ပြဆိုသည်။
ဤသို့လျှင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့် နောက်၌လည်း အသီးအသီး ဣစ္ဆာပူရဏသစ္စာပြုကြကြောင်းကို ကောင်းစွာသိမှတ်အပ်၏။
ဣစ္ဆာပူရဏသစ္စာ ပြီး၏။
**********
(၃) မုသာဝိရမဏသစ္စာ
မုသာဝိရမဏဝစီသစ္စာဆိုင်ရာ အကြောင်းအဋ္ဌုပ္ပတ္တိကိုကား မဟာနိပါတ် ဝိဓုရဇာတ် စသည်တို့ဖြင့် သိအပ်၏။ ထိုဇာတ်လာ ရှည်လျားစွာသော အကြောင်းအရာမှ ဤအရာ၌ ဆိုလိုရင်းအကျဉ်းချုပ် အကြောင်းအရာသော်ကား-
ကောရဗျမင်းနှင့် ပုဏ္ဏကဘီလူးတို့ ကြွေအန်ကစားကြမည် အရှိတွင် “ကောရဗျမင်းက ရှုံးလျှင် (၁) မင်း၏ကိုယ်၊ (၂) မိဖုရားကြီး၊ (၃) ထီးဖြူ ဤသုံးမျိုးတို့ကို ချန်လှပ်၍ ကျန်သောပစ္စည်းထဲမှ အလိုရှိရာ ပုဏ္ဏကက ယူပိုင်စေ။ ပုဏ္ဏကကရှုံးလျှင် ပုဏ္ဏက၏ မနောမယပတ္တမြားနှင့် အာဇာနည်မြင်းကို ကောရဗျမင်းက ယူပိုင်စေ”ဟူ၍ ကတိထားကာ ကြွေအန်ကစားကြသောအခါ ကောရဗျမင်းကြီး ရှုံးသောကြောင့် ပုဏ္ဏကက “အရှင်မင်းကြီး ကျွန်ုပ်နိုင်ပြီ၊ မူလကတိအတိုင်း လောင်းကြေးဥစ္စာများကို ပေးလော့”ဟု တောင်းဆိုလေ၏။
ထိုအခါ ကောရဗျမင်းကြီးသည် ရှုံးနေပြီအမှန်ဖြစ်သောကြောင့် မငြင်းနိုင်ပဲ “အလိုရှိရာ ယူပါလော့”ဟု ခွင့်ပေးရာတွင် ဝိဓုရအမတ်ကြီးကို ယူမည်ဟူ၍ ပုဏ္ဏကက ဆို၏။ ထိုအခါ ကောရဗျမင်းကြီးက “အမတ်ကြီးသည် ငါ၏ကိုယ်ဟု ဆိုလျှင်လည်း ဟုတ်၏၊ ငါ၏ ကိုးကွယ်မှီခို အားထားရာလည်း ဟုတ်၏၊ သို့ဖြစ်၍
(သ)
အမတ်ကြီးကို အခြား ငါပိုင်သည့် ရွှေငွေစသော ဥစ္စာများနှင့် မနှိုင်းယှဉ်ထိုက်၊ ငါ၏ အသက်နှင့်သာ နှိုင်းယှဉ်ထိုက်သည်။ သို့ဖြစ်၍ အမတ်ကြီးကို ငါမပိုင်”ဟု ငြင်းဆိုလေ၏။
ထိုအခါ ပုဏ္ဏကက “မင်းကြီး.. ဝိဓုရအမတ်ကြီးသည် သင်ပိုင်ဥစ္စာ ဟုတ်မဟုတ်ကို ကျွန်ုပ်တို့ချည်း ငြင်းဆိုနေ၍ ကိစ္စပြီးမည်မဟုတ်၊ ဝိဓုရအမတ်ကြီးထံမှာ သွားရောက်မေးမြန်းကာ အမတ်ကြီးဆုံးဖြတ်ရာ နာခံကြပါစို့”ဟု ပြောဆိုသည်တွင်၊ ကောရဗျမင်းကြီးက ဝမ်းမြောက်ဝမ်းသာ ကောင်းပါပြီ ဝန်ခံ၍ အမတ်ကြီးထံသို့ သွားကြလေ၏။ အမတ်ကြီးထံသို့ ရောက်သောအခါ ပုဏ္ဏကက “အမတ်ကြီး.. ကုရုတိုင်းသူတို့၏ ဝိဓုရအမတ်ကြီးသည် တရား၌ တည်သည်ဟူ၍ နတ်များကပင် ချီးမွမ်း ပြောဆိုကြပါသည်၊ ထိုစကားသည် တကယ်စင်စစ် မှန်လေသလော၊ သင်သည် ကောရဗျမင်း၏ ကျွန်ပင်ဖြစ်သလော၊ သို့မဟုတ် အဆင့်အတန်း တူညီသောဉာတိ အဆင့်အတန်းမြင့်မြတ်သော ဉာတိပင် ဖြစ်သလော၊ ပြောတော်မူပါ။ အသင်၏ “ဝိဓုရ”ဟူသော အမည်သည် လောက၌ အနွတ္ထ, ရုဠှီ ဤနှစ်မည်တွင် အဘယ်အမည် ဖြစ်ပါသနည်း”ဟု ပြောဆို မေးမြန်းလေ၏။
(ဝိဓုရဟူသော အမည်သည် အဘယ်အမည် ဖြစ်သနည်းဟူသော စကားရပ်၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ.. လောက၌ အမည်နာမပညတ်သည် အကြောင်းအနက်နှင့် မဆီမလျော် တော်သလို ထင်ရာမြင်ရာ ခေါ်ဝေါ်မှည့်ထားအပ်သော ရုဠှီအမည်၊ အကြောင်းအနက်နှင့် ညီလျော်စွာ မှည့်ထားအပ်သော အနွတ္ထ အမည်ဟူ၍ နှစ်ပါးရှိ၏။ (ဥပမာ) အရုပ်ဆိုးသောသူကို “မောင်လှ”ဟု မှည့်ခေါ်ခြင်းသည် အကြောင်း အနက်နှင့် မညီလျော် တော်သလို ထင်ရာမြင်ရာ ခေါ်ဝေါ် မှည့်ထားအပ်သော အမည်ဖြစ်၍ ရုဠှီအမည်ဖြစ်သည်။ (မညီလျော်ဟူသည်ကား အမည်က “လှ”ဟု မှည့်ထား၍ လူက အရုပ်ဆိုးနေခြင်း ဖြစ်သည်။ ဤသို့မဟုတ်ပဲ တကယ်လှပ တင့်တယ်သောသူကို “မောင်လှ”ဟု မှည့်ခေါ်ထားခြင်းဖြစ်လျှင် ထိုအမည်သည် အကြောင်းအနက်နှင့် ညီလျော်စွာ မှည့်ထားအပ်သော အမည်ဖြစ်၍ အနွတ္ထအမည် ဖြစ်၏။
ယခု ပုဏ္ဏကဘီလူးက ဝိဓုရအမတ်ကြီးကို “ဝိဓုရဟူသော အမည်သည် အဘယ်အမည်ဖြစ်သနည်း”ဟု မေးမြန်းရာ၌ ရုဠှီအမည်ပင် ဖြစ်သလော၊ အနွတ္ထအမည်ပင် ဖြစ်သလော၊ အကယ်၍ အမတ်ကြီးသည် တရား၌မတည်လျှင် သင့်အမည်သည် ရုဠှီအမည် ဖြစ်ချိမ့်မည်။ တရား၌တည်ပါမှ အနွအတ္ထအမည် ဖြစ်ချိမ့်မည်။ ဝိဓုရဟူသော အမည်သည် မကောင်းမှု
(သာ)
အကုသိုလ်တို့ကို ညှဉ်းဆဲ ပယ်သတ်တတ်သည့် သူတော်ကောင်းဟူ၍ အနက်ထွက်သည်။ တရား၌တည်မှ သူတော်ကောင်းစင်စစ်ဖြစ်၍ သင်၏ ဝိဓုရဟူသောအမည်သည် အနွတ္ထအမည် ဖြစ်မည်၊ တရား၌မတည်လျှင် ထင်ရာမြင်ရာ မညီမလျော် မှည့်ခေါ်ထားသော အလကားအမည် ရုဠှီအမည် ဖြစ်မည်ဟု ရည်ရွယ်မေးမြန်းသော စကားဖြစ်သည်။)
ထိုအခါ ဝိဓုရအမတ်ကြီးက “ငါသည် မင်းကြီး၏ ဆွေမျိုးဖြစ်သည် ဟူ၍သော်၎င်း မင်းကြီးထက် သာလွန်မြင့်မြတ်သောသူ ဖြစ်သည်ဟူ၍သော်၎င်း မင်းကြီးနှင့် တစုံတရာမျှ မသက်ဆိုင်သောသူ ဖြစ်သည်ဟူ၍သော်၎င်း လိုရာ ပြောနိုင်ပေ၏။ သို့သော် လောက၌ သစ္စာတရားနှင့်တူသော မှီခိုအားထားရာ မရှိသည်ဖြစ်၍ မှန်ကန်သောစကားကိုသာ ငါဆိုသင့်သည်”ဟု ကြံစည်တော်မူပြီးလျှင် “အမောင်.. လောက၌-
(၁) ကျွန်မမှမွေး၍ ကျွန်ဖြစ်ရသော ကျွန်တမျိုး၊
(၂) ဥစ္စာဖြင့် ဝယ်ထား၍ ကျွန်ဖြစ်ရသော ကျွန်တမျိုး၊
(၃) အလိုလိုလာ၍ ကျွန်ခံသဖြင့် ကျွန်ဖြစ်ရသော ကျွန်တမျိုး၊
(၄) စစ်နိုင်ရာမှ ဖမ်းယူလာသော သုံ့ဖမ်းကျွန်တမျိုး-
ဟူ၍ ကျွန်လေးမျိုး ရှိသည်တွင် ငါသည် ကောရဗျမင်းကြီးထံ အလိုလိုလာ၍ ကျွန်ခံသော ကျွန်ဖြစ်ပေသည်”ဟူ၍ အမှန်အတိုင်း ဖြေဆိုတော်မူလေသည်။
ဝိဓုရအမတ်ကြီးသည် ကောရဗျမင်းကြီးထံမှာ အလိုအလျောက် လာရောက် အမှုထမ်းဆောင်ခြင်း ပြုသည့်အတွက် မိမိကိုယ်ကို ကျွန်လေးမျိုးတို့တွင် တတိယကျွန်မျိုးဖြစ်ကြောင်း ပြောဆိုပေသည်။ ထိုသို့ မလိမ်မကောက် ပြောသင့်သည့်အတိုင်း မှန်ကန်စွာပြောဆိုခြင်း ဝစီသစ္စာသည် အခြားသူများ မိမိကို ယုံကြည်ကြစေရန် ရည်သန်၍ပြောဆိုခြင်း သဒ္ဒဟာပနသဘောလည်း မရှိ၊ တစုံတရာ မိမိလိုအပ်သော အလိုဆန္ဒ ပြည့်ဝစေရန် ရည်သန်၍ပြောဆိုခြင်း ဣစ္ဆာပူရဏသဘောလည်း မရှိ၊ စင်စစ်သော်မူ မဟုတ်မမှန် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်လိုသည့်အတွက် ပြောဆိုခြင်းဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာဟု ခေါ်ရလေသည်။
ဤအတူ သုဝဏ္ဏသာမဇာတ်၌လည်း ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမအား “သင် မည်သည့်အမျိုးအနွယ်ရှိသူနည်း၊ မည်သူ၏သား ဖြစ်သနည်း၊ သင်နှင့် သင့်ဖခင်၏ အမျိုးအနွယ်ကို ပြောကြားပါ”ဟု မေးမြန်းရာ သုဝဏ္ဏသာမသည် “ငါကား နတ်ဖြစ်သည်။ နဂါးဖြစ်သည်၊ ကိန္နရာဖြစ်သည်။ မင်းမျိုးဖြစ်သည် စသည်ဖြင့် တခုခုကို ပြောဆိုလျှင်လည်း ဤသူ ယုံကြည်မည်ပင် ဖြစ်၏။
(သိ)
သို့ရာတွင် မှန်ကန်ရာကိုသာ ပြောဆိုထိုက်သည်”ဟု ကြံစည်တော်မူပြီးလျှင် “ကျွန်ုပ်သည် တံငါသည်၏ သားဖြစ်သည်” စသည်ဖြင့် အမှန်ကိုသာ ပြောဆို ဖြေကြားတော်မူသည်။ ။ဤသုဝဏ္ဏသာမ၏ မှန်ကန်စွာ ပြောဆိုခြင်းမှာလည်း ဝိဓုရအမတ်ကြီး ပြောဆိုခြင်းကဲ့သို့ပင် သူတပါး ယုံကြည်စေရန်အတွက်လည်း မဟုတ်၊ တစုံတရာ မိမိအလိုဆန္ဒ ပြည့်ဝစေရန်အတွက်လည်း မဟုတ်၊ စင်စစ်ကား မုသား စကားပြောခြင်းမှ ရှောင်ကြဉ်ရန် အမှန်အတိုင်းပြောဆိုခြင်း ဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာ မည်၏။
ဘူရိဒတ်ဇာတ်၌လည်း နေသာဒပုဏ္ဏားသည် ဘုရားအလောင်း ဥပုသ်စောင့်ရာသို့ လာပြီးလျှင် “သင်သည် မည်သူနည်း၊ တန်းခိုးကြီးသော နတ်မင်းတပါးပင် ဖြစ်သလော၊ သို့မဟုတ် အာနုဘော်ကြီးသော နဂါးပင် ဖြစ်သလော”ဟု မေးမြန်းရာ ဘူရိဒတ်နဂါးမင်းက.. “ငါသည် သိကြားနတ် စသည်တို့တွင် တမျိုးမျိုးဖြစ်သည်ဟု ပြောလျှင်လည်း ဤပုဏ္ဏား ယုံကြည်မည်သာဖြစ်၏၊ ယခုမှာ ငါသည် မှန်ကန်ရာကိုသာ ပြောသင့်သည်”ဟု ကြံစည်တော်မူပြီးလျှင် တန်းခိုးကြီးသော နဂါးဖြစ်ကြောင်း စသည်ကိုသာ ပြောဆိုတော်မူ၏၊ ဤသို့ ဘူရိဒတ်နဂါးမင်း၏ မှန်ကန်သော စကားကိုသာ ပြောဆိုခြင်းသည် ဝိဓုရအမတ်ကြီး၏ ပြောဆိုခြင်းကဲ့သို့ပင် သူတပါး ယုံကြည်စေရန်အတွက်လည်း မဟုတ်၊ တစုံတရာ မိမိအလိုဆန္ဒ ပြည့်ဝစေရန်အတွက်လည်း မဟုတ်၊ စင်စစ်ကား မုသားစကားပြောခြင်းမှ ရှောင်ကြဉ်ရန် အမှန်အတိုင်းပြောဆိုခြင်း ဖြစ်သောကြောင့် မုသာဝိရမဏဝစီသစ္စာ မည်၏။
(သီ)
သစ္စာသုံးပါး အလောင်းတော်ကြီးများ သုံးစွဲပုံ
အလောင်းတော်ကြီးများသည် သူတပါးတို့က မိမိအပေါ်မှာ မယုံမကြည် ရှိနေမည်ကို စိုးရိမ်ရသော အကြောင်းနှင့် ကြုံကြိုက်သောအခါမှာသာ (၁) အမှတ်ပြ သဒ္ဒဟာပနသစ္စာကို ပြုမူ သုံးစွဲတော်မူကြသည်၊ ဤအခါမျိုး မဟုတ်လျှင် ပြုတော်မူလေ့ မရှိကြ၊ ဤအတူ မိမိမှာ လိုလားအပ်သော အကြောင်းကိစ္စတခုခု ရှိလာသောအခါ ထိုလိုလားချက်ပြည့်ဝစေရန် (၂) အမှတ်ပြ ဣစ္ဆာပူရဏဝစီသစ္စာကို ပြုမူသုံးစွဲတော်မူကြသည်။ လိုလားအပ်သော အကြောင်းကိစ္စတခုခု မရှိလျှင် ဤသစ္စာကို ပြုနေဖွယ်ပင် မလိုတော့ပြီ။ (၃) အမှတ်ပြ မုသာဝိရမဏ ဝစီသစ္စာကိုကား အစဉ်အမြဲ လက်စွဲ ဖြည့်ကျင့်တော်မူကြ၏။ ဤအလောင်းတော်များ ကျင့်ထုံးကို နှလုံးသွင်းကာ သူတော်ကောင်းဖြစ်သော သူတို့သည် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသော မုသာဝိရမဏဝစီသစ္စာကို အထူးကြိုးစား စောင့်ရှောက် ဖြည့်ကျင့်ကြရာ၏။
သစ္စာသုံးမျိုးခွဲ ပြီး၏။
**********
သစ္စာနှစ်မျိုးခွဲ
ဆိုအပ်ပြီးသော သစ္စာတို့ကို သိမ်းရုံးကာ အကျဉ်း ဝေခွဲပြန်သည်ရှိသော်..
(၁) ဝစီဘေဒသိဒ္ဓိသစ္စာ= (နှုတ်မြွက်သဖြင့် ကိစ္စပြီးသောသစ္စာ)
(၂) ပစ္ဆာနုရက္ခဏသစ္စာ= (ပြောဆိုပြီးနောက် စောင့်ရှောက်ပြုလုပ်ရသေးသော သစ္စာ)
ဟူ၍ နှစ်ပါးသာရှိ၏။
ရှေး ဆိုအပ်ပြီးသော ဘိသဇာတ်လာ သဒ္ဒဟာပနသစ္စာ၊ သုဝဏ္ဏသာမဇာတ် သုပ္ပါရကဇာတ် သိဝိဇာတ် မစ္ဆဇာတ် ၀ဋ္ဋကဇာတ် ကဏှဒီပါယနဇာတ် နဠပါနဇာတ် သမ္ဗုလာဇာတ် တေမိယဇာတ် ဇနကဇာတ် ကဋ္ဌဝါဟနဇာတ် မဟာမောရဇာတ်တို့၌လာသော ဣစ္ဆာပူရဏဝစီသစ္စာ၊ ဝိဓုရဇာတ် သုဝဏ္ဏသာမဇာတ် ဘူရိဒတ်ဇာတ်တို့၌လာသော မုသာဝိရမဏ ဝစီသစ္စာတို့သည် “အသီးအသီး မြွက်ဆိုပြီးသည်နှင့် တပြိုင်နက် သစ္စာကိစ္စ ထမြောက်ပြီးစီးသွား၏။ နောက်ထပ် သစ္စာမြောက်အောင် စောင့်ရှောက်စီမံရန် ကိစ္စ တစုံတရာ မကျန်သောကြောင့် ဖော်ပြရာပါ သစ္စာတို့ကို ဝစီဘေဒသိဒ္ဓိသစ္စာဟူ၍ မှတ်ယူအပ်ကုန်၏။
(သု)
ရှေး၌ ပြခဲ့သောအတိုင်း မဟာသုတသောမဇာတ်လာ ပေါရိသာဒထံတွင် အလောင်းတော် သုတသောမမင်း ပြုအပ်သော သစ္စာသည်ကား ငါပြန်၍ လာခဲ့ပါမည် မလာလျှင် မည်ကဲ့သို့ ဖြစ်ပါစေဟု ပေါရိသာဒယုံကြည်စေရန် ပြုအပ်သည့် သဒ္ဒဟာပနသစ္စာပင် ဖြစ်သော်လည်း သစ္စာစကား နှုတ်မြွက်ဆိုရုံမျှဖြင့် သစ္စာကိစ္စ ထမြောက် ပြီးစီးသွားပြီဟု မဆိုနိုင်သေး၊ နောက်ပြန်လာမှသာ မှန်ကန်သော သစ္စာသဘော ပြီးစီးထမြောက်ပေမည်။ ဤသို့ သစ္စာပြုပြီးနောက် ထိုသစ္စာ မှန်ကန်ထမြောက်စေရန် ပြန်၍လာဖြစ်အောင် အထူးစီမံနေရသည် ဖြစ်သောကြောင့် ဤသုတသောမမင်းကြီး၏ သစ္စာကို ပစ္ဆာနုရက္ခဏသစ္စာဟူ၍ မှတ်ယူအပ်၏။
ဤနည်းအတူ တိံသနိပါတ် (၃) ဇယဒိသဇာတ်လာ ဇယဒိသမင်း ပြုအပ်သော သစ္စာနှင့် ဧကာဒသကနိပါတ် (၇) ဒသရထဇာတ်လာ ရာမမင်းပြုအပ်သော သစ္စာတို့မှာလည်း ပစ္ဆာနုရက္ခဏသစ္စာချည်းပင် ဖြစ်၏။
ဤ၌ ဇယဒိသမင်း ပြုအပ်သော သစ္စာအကျဉ်းချုပ်ကား.. ကပိလတိုင်း ဥတ္တရပဉ္စာလမြို့တော် ဇယဒိသမင်းသည် စစ်သည်ဗိုလ်ပါတို့ခြံရံလျက် သမင်ဖမ်း တောကစားထွက်တော်မူရာ လမ်းအကြားတွင် တက္ကသိုလ်ပြည်မှလာသည့် တရားဟောလိုသော နန္ဒပုဏ္ဏားနှင့်တွေ့သဖြင့် အပြန်မှ တရားနာမည်ဟု ချိန်းချက်ခဲ့ပြီးလျှင် တောသို့ ထွက်သွားခဲ့လေ၏။
တောသို့ ရောက်သောအခါ မှူးမတ်များနှင့် တာခွဲဝေ၍ သမင်ဖမ်းကြသည်တွင် မင်းကြီးတာမှ သမင်ထွက်ပြေးသောကြောင့် မရ-မနေဟု သမင်နောက်သို့ အတင်းလိုက်ကာ ခရီးဝေးစွာရောက်မှ ရမိ၍ သမင်ကို နှစ်ပိုင်း ပိုင်းဖြတ်ပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ ပြန်ခဲ့ရာ ညောင်ပင်တခုအောက်၌ ခေတ္တဝင်ရောက် နားနေပြီးနောက် သွားတော့မည်ဟု ထသောအခါ ထိုညောင်ပင်မှာရှိသော လူဘီလူးက “ငါ့အစာဖြစ်ပြီ၊ မသွားရ”ဟု တားမြစ်၏။ (လူဘီလူးဟူသည်မှာ ထိုသူသည် တကယ်စင်စစ် ဘီလူးမဟုတ်၊ ဇယာဒိသမင်း၏ အစ်ကိုရင်းကို မွေးခါစတွင် ဘီလူးမက စားရန် လာရောက် လုယူသွားပြီးလျှင် မစားရက်ပဲ သားအမှတ်ဖြင့် မွေးထားသောကြောင့် ဘီလူးစိတ် ဘီလူးစား ဘီလူးနေ နေထိုင်ခဲ့ရာ မိခင်ဘီလူးမ သေသွားသဖြင့် တကိုယ်တည်း လူစင်စစ်က ဘီလူးကဲ့သို့ နေသောသူဟု ဆိုလိုသည်။)
ထိုအခါ ဇယဒိသမင်းက “ငါသည် တက္ကသိုလ်ပြည်မှလာသော ပုဏ္ဏားထံ တရားနာရန် ချိန်းဆိုထားချက်ရှိသူ ဖြစ်ပေသည်။ ထိုတရားကို ပြန်၍ နာယူပါရစေ၊ တရားနာပြီးသောအခါ ငါ့စကားကို မှန်ကန်အောင် စောင့်ရှောက်သောအားဖြင့် ပြန်လာပါမည်”ဟု ဝန်ခံစကား ပြောရုံနှင့် လူဘီလူးက
(သူ)
လွှတ်လိုက်လေသည်။ (လူဘီလူးနှင့် ဇယဒိသမင်းတို့မှာ ညီအစ်ကိုအရင်းဖြစ်သည်ကို လူမပြောသော်လည်း သွေးပြောသည်ဟူသော စကားကဲ့သို့ ကရုဏာမကင်းသည့်အတွက် အလွယ်တကူ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု မှတ်ယူအပ်၏။) ဇယဒိသမင်း ပြန်လာ၍ ပုဏ္ဏားထံ တရားနာပြီးလျှင် တောသို့ပြန်၍ ဘီလူးစားခံမည်အပြုတွင် သားတော် အလိနသတ္တုမင်းသား (ဘုရားအလောင်း)က အကြောင်း အမျိုးမျိုးပြကာ ကိုယ်တော်စား သားတော်သွားပါမည်ဟု တောင်းပန်၍ ခွင့်ပြုကာ သားတော်ကို လွှတ်လိုက်လေသည်။ ဤဇယဒိသမင်း၏ “လာခဲ့ပါမည်”ဟူသော သစ္စာစကားသည်လည်း ဆိုပြီးသည့်နောက် မှန်ကန်ညီညွတ်အောင် စောင့်ရှောက်အပ်သောကြောင့် ပစ္ဆာနုရက္ခဏသစ္စာပင် ဖြစ်၏။
ရာမမင်း၏ သစ္စာအကျဉ်းမှာ.. ဗာရာဏသီပြည် ဒသရထမင်း၏ မိဖုရားကြီးမှ သားတော်ကြီး ရာမမင်းသား၊ သားငယ် လက္ခဏမင်းသား၊ သမီး သီတာဒေဝီတို့ကို ဖွားမြင်ပြီးနောက် နတ်ရွာစံရာ မိဖုရားအသစ် မြှောက်သည်တွင် ထိုမိဖုရားသစ်မှ ဘရတမည်သော သားကို ဖွားမြင်၏၊ မိဖုရားသစ်က သူ့သား ဘရတကို ထီးနန်းလွှဲအပ်ရန် ဒသရထမင်းကြီးထံ အဖန်ဖန် ပူဆာသောကြောင့် ဒသရထမင်းကြီးသည် သားနှစ်ယောက်တို့ကို ခေါ်ပြီးလျှင် “မိဖုရားသစ်နှင့် သားဘရတတို့အတွက် ငါ့သားကြီးများမှာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်လှပေသည်၊ ဗေဒင်ဆရာများက ခမည်းတော်၏အသက် ဆယ့်နှစ်နှစ်ရှည်ဦးမည်ဟု ဟောကြားထားသောကြောင့် ငါ့သားများ ယခု တောအရပ်မှာ တိမ်းရှောင်နေကြပြီးလျှင် တဆယ့်နှစ်နှစ် လွန်သောအခါမှ ပြန်လာကြ၍ ထီးနန်းစည်းစိမ်ကို ယူကြလော့”ဟု မိန့်ဆိုလေသည်။
ထိုအခါ ရာမမင်းသားက အမိန့်တော်အတိုင်း လိုက်နာပါမည်ဟု ဝန်ခံကာ ညီအစ်ကိုနှစ်ယောက်တို့ တောအရပ်သို့ သွားကြသည်တွင် နှမတော် သီတာဒေဝီကလည်း မောင်တော်များနှင့် မခွဲလိုဟုဆိုကာ အတူတကွ လိုက်ပါ၍သွားလေ၏။ ဒသရထမင်းကြီးမှာ ဗေဒင်ဆရာများက အသက် ဆယ့်နှစ်နှစ်ရှည်ဦးမည်ဟု ဟောဆိုသော်လည်း သားသမီးများအတွက် စိတ်သောက နှိပ်စက်သဖြင့် ကိုးနှစ်အကြာတွင် နတ်ရွာစံတော်မူလေသည်။ ထိုအခါ မှူးမတ်များက ဘရတမင်းသားကို မင်းမမြှောက်လိုကြပဲ ရာမမင်းသားရှိရာသို့ သတင်းနာခံ၍ လိုက်လာရောက်ရှိကြသောအခါ ခမည်းတော် နတ်ရွာစံပြီးဖြစ်၍ ပြည်တော်သို့ ပြန်ကြွကာ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်ပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြသည်တွင် ရာမမင်းက “ငါသည် ခမည်းတော်ထံမှာ ခမည်းတော်၏အမိန့်အတိုင်း တဆယ့်နှစ်နှစ်ကြာမှ ပြည်တော်သို့ပြန်လာ၍ ထီးနန်းအုပ်ချုပ်ပါမည်ဟု လျှောက်ထားခဲ့ပေသည်၊ ယခုပြန်လျှင် ငါလျှောက်ထားခဲ့ သော စကားသည် မှန်တော့မည်မဟုတ်၊ ငါ့စကားကို ငါမဖျက်လို၊ သို့ဖြစ်၍
(သေ)
ညီငယ် လက္ခဏမင်းသားနှင့် နှမငယ် သီတာဒေဝီတို့ကိုသာ ခေါ်သွားကာ မင်းလျာအဖြစ်ထား၍ သင်တို့ မှူးမတ်များပင် တိုင်းပြည်ကို အုပ်ချုပ်ကြလေ”ဟု အမိန့်ပေးတော်မူလိုက်၏။ ဤ၌ ရာမမင်းသည် ခမည်းတော်ထံမှာ မိမိဝန်ခံခဲ့သည့်စကား မှန်ကန်စေရန် အချိန်ကိုဆွဲ၍ စောင့်ရှောက်ရလေသည်။ ပစ္ဆာနုရက္ခဏသစ္စာပင်တည်း။
ကာလနှင့်ဆိုင်ရာ သစ္စာ
ဤ ဝစီဘေဒသိဒ္ဓိသစ္စာနှင့် ပစ္ဆာနုရက္ခဏသစ္စာ နှစ်မျိုးတို့ကို အလွယ်တကူ ခွဲခြားနိုင်ရန် အကျဉ်းချုပ်သဘောကို မှတ်ပြန်လျှင်-
သစ္စာသည်-
(၁) အတိတ်အခါနှင့်သာ သက်ဆိုင်သောသစ္စာ၊
(၂) အတိတ် ပစ္စုပ္ပန် အခါတို့နှင့် သက်ဆိုင်သောသစ္စာ၊
(၃) အနာဂတ်အခါနှင့်သာ သက်ဆိုင်သောသစ္စာ၊
(၄) အခါအထူး မမှတ်အပ်သောသစ္စာ-
အားဖြင့် လေးမျိုးရှိလေသည်။ ဤလေးမျိုးတို့တွင် အနာဂတ်အခါနှင့် သက်ဆိုင်သော သစ္စာတမျိုးသာ ပစ္ဆာနုရက္ခဏသစ္စာဖြစ်၍၊ ကျန်သစ္စာ သုံးမျိုးတို့မှာ ဝစီဘေဒသိဒ္ဓိသစ္စာချည်းသာ ဖြစ်ကြ၏။
လေးမျိုးတို့ အသီးအသီး ဖြစ်ကြပုံမှာ.. သုဝဏ္ဏသာမဇာတ်လာ သစ္စာတို့တွင် မယ်တော် ခမည်းတော်တို့က “သာမသည် ရှေးက တရားကိုသာ ကျင့်ပါသည်။ မြတ်သောအကျင့်ကိုသာ ကျင့်လေ့ရှိပါသည်။ မှန်သောစကားကိုသာ ဆိုလေ့ရှိပါသည်၊ မိဖတို့ကို လုပ်ကျွေးခဲ့ပါသည်။ အသက်အရွယ်ကြီးသူတို့ကို ရိုသေခဲ့ပါသည်”ဟူ၍ ဆိုအပ်သော သစ္စာစုသည် အတိတ်အခါနှင့်သာ သက်ဆိုင်သော သစ္စာများဖြစ်ကြ၏။
“သုဝဏ္ဏသာမကို ကျွန်ုပ်တို့အသက်ထက် ပို၍ ချစ်ပါသည်”ဟူသော သစ္စာသည်၎င်း၊ ဗဟုသုန္ဒရီနတ်သမီး ပြောဆိုအပ်သည့် “သာမထက်ပို၍ ချစ်သောသူ မရှိ”ဟူသော သစ္စာ “ဤဂန္ဓမာဒနတောင်မှာ သစ်ပင်ဟူသမျှသည် နံ့သာပင်ချည်းသာ ဖြစ်သည်”ဟူသော သစ္စာသည်၎င်း ဤသစ္စာစုသည် အခါအထူးမမှတ်အပ် သော သစ္စာများဖြစ်ကြ၏။
သုပ္ပါရကဇာတ် သိဝိဇာတ်တို့မှာလာသော ဣစ္ဆာပူရဏသစ္စာစုသည် အတိတ်အခါ နှင့်သာ သက်ဆိုင်သော သစ္စာစုဖြစ်ကြ၏။ ထို့အတူ ကဏှဒီပါယနဇာတ် နဠပါနဇာတ်လာ ဣစ္ဆာပူရဏသစ္စာစုလည်း အတိတ်နှင့်သာ သက်ဆိုင်သော သစ္စာစုဖြစ်၏။
(သဲ)
၀ဋ္ဋကဇာတ်၌ “အတောင်ရှိလျက် မပျံနိုင်၊ ခြေရှိလျက် မသွားနိုင်”ဟူသော စကားရပ်သည် အတိတ် ပစ္စုပ္ပန် နှစ်ပါးနှင့် သက်ဆိုင်၏။ အနာဂတ်ဖြစ်သော နောက်အခါမှာကား အတောင်ဖြင့် ပျံနိုင်မည် ခြေဖြင့် သွားနိုင်မည်ဖြစ်၍ အနာဂတ်နှင့် မသက်ဆိုင်။
သမ္ဗုလာဇာတ်၌ “အရှင့်သားထက် ပို၍ချစ်သော အခြားသူမရှိပါ” ဟူသောသစ္စာ တေမိယဇာတ်လာ စန္ဒာဒေဝီမိဖုရားကြီး၏ သစ္စာတို့သည် ကာလအထူး မမှတ်အပ်သော သစ္စာတို့ ဖြစ်ကုန်၏။
ဤသို့ အစရှိသည်ဖြင့် ထိုထိုသစ္စာတို့၏ ထိုထိုကာလတို့နှင့် သက်ဆိုင်ပုံကို စဉ်းစားဆင်ခြင် သိမြင်မှတ်သားရာ၏။
ပရမတ္ထသစ္စာပါရမီ
သစ္စာပါရမီနှင့်စပ်၍ အဋ္ဌသာလိနီအဋ္ဌကထာ ဗုဒ္ဓဝင်အဋ္ဌကထာတို့၌ ပေါရိသာဒထံမှာ ပြန်လာခဲ့ပါမည်ဟု ဝန်ခံထားခဲ့သည့်အတိုင်း အသက်ကိုစွန့်၍ မိမိစကား မှန်ကန်အောင် စောင့်ရှောက်သော မဟာသုတသောမမင်း၏ သစ္စာပါရမီသည် ပရမတ္ထပါရမီဖြစ်ကြောင်းကို ဖွင့်ဆိုကုန်၏။ မဟာသုတသောမမင်း၏ အကြောင်းအရာတွင် သစ္စာဆိုခြင်းက ပေါရိသာဒထံမှာဖြစ်၍ ထိုသို့ ဆိုရုံမျှဖြင့် သစ္စာကိစ္စ မပြီးဆုံးသေး၊ ပြီးဆုံးအောင်မြောက်စေရန် နောက်ထပ် စောင့်ရှောက်ရသေး၏၊ ပြန်ခဲ့ပါမည်ဟု ဆိုခဲ့သည့်အတိုင်း ဣန္ဒပတ္တမြို့တော်သို့ ရောက်ပြီးမှ တဖန် ပြန်လာတော်မူရ၏။ သို့ဖြစ်၍ ရှေးဦးစွာ ပေါရိသာဒထံမှာ ငါပြန်ခဲ့ပါမည်ဟု ဆိုစဉ်က အသက်ကိုစွန့်လွှတ်ရမှု မထင်ရှားသေး၊ ဣန္ဒပတ္တမြို့တော်မှ တဖန် မိမိသစ္စာကို စောင့်ရှောက်သောအားဖြင့် ပြန်လာသောအခါမှာမှ အသက်ကို စွန့်လွှတ်ရမှု ထင်ရှားပေ၏။ ထို့ကြောင့်ပင် အဋ္ဌကထာများ၌ (ဇီဝိတံ စဇိတွာ သစ္စမနုရက္ခန္တဿ) “အသက်ကိုစွန့်လွှတ်ကာ သစ္စာကိုစောင့်သော မင်း၏”ဟူ၍သာ ပြဆိုသည်၊ (ဇီဝိတံ စဇိတွာ သစ္စံ ဘဏန္တဿ) “အသက်ကိုစွန့်၍ သစ္စာစကားကိုဆိုသော မင်း၏”ဟူ၍ မဖွင့်ဆိုခဲ့ချေ။
သစ္စာနှစ်ပါး စဉ်းစားဖွယ်
ဤအရာ၌ မဟာသုတသောမမင်း၏ သစ္စာနှင့် ဝိဓုရအမတ်ကြီး၏ သစ္စာနှစ်ရပ်တို့ကို တွဲစပ်နှိုင်းယှဉ်၍ ဆင်ခြင်ကြည့်ရှုရန် သင့်လျော်လှပေ၏။ ဝိဓုရအမတ်ကြီး၏ သစ္စာမှာ ပြခဲ့ပြီးသော ဝိဓုရဇာတ်လာ ဂါထာအမှတ် (၁၀၂)တွင် ဟောဆိုအပ်သည့်အတိုင်း မိမိကိုယ်ကို ကျွန်ပင်ဖြစ်သည်”ဟူ၍ အမှန်အတိုင်း ပြောဆိုခြင်းဖြစ်၏။ ထိုသို့ ပြောဆိုလိုက်သည်နှင့် တပြိုင်နက် သစ္စာကိစ္စ အထမြောက်ပြီဖြစ်၏၊ သို့ရာတွင် အမတ်ကြီး၏ မိမိကိုယ်ကို ကျွန်ဖြစ်ကြောင်း
(သော)
အမှန်စကား ပြောကြားရာမှာ မိမိအသက် သေရမည်ကို ငဲ့ကွက်နေဖွယ်မရှိ၊ ကျွန်ဖြစ်ရုံနှင့် သေနိုင်သည်လည်း မဟုတ်၊ သို့အတွက် ဝိဓုရအမတ်ကြီး၏ သစ္စာသည် မဟာသုတသောမမင်း၏ သစ္စာကို အဆင့်အတန်းမမှီဟူ၍ ပြောဆိုသော် ပြောဆိုဖွယ်ဖြစ်၏။
အမှန်မှာ ဝိဓုရအမတ်ကြီးသည် “ငါ့ကို ဤလုင်သည် ခေါ်သွားပြီးနောက် သတ်လိုမူ သတ်ပစ်လိမ့်မည်၊ သတ်လျှင် အသေခံမည်”ဟူသော ရည်ရွယ်ချက်ဖြင့် အသက်ကို စွန့်လွှတ်ခြင်းသဘော ပါဝင်သည်ဟု ဆင်ခြင် စဉ်းစားနိုင်၏။ အကြောင်းကား ဤလုင်သည် ငါ့ကို အရကောင်းခြင်းမှာ ကိုးကွယ်လို ပူဇော်လို၍မဟုတ်၊ ကိုးကွယ်လို ပူဇော်လို၍ဖြစ်လျှင် အထင်အရှား ပြောကြား တောင်းပန် ပင့်ဖိတ်ရာ၏၊ ယခုမူ ဤသို့ တောင်းပန်ပင့်ဖိတ်ခြင်းမရှိပဲ အပိုင်အနိုင်ရယူရန် ကြွေအန်ကစားခြင်းဖြင့် အရယူသည် ဖြစ်သောကြောင့် ငါ့ကို ချမ်းသာခွင့် ပေးမည်မဟုတ်ဟူ၍ ဝိဓုရအမတ်ကြီး ပညာရှင်ပီပီ ဆင်ခြင် တွေးတောမည်သာ ဖြစ်၏။ ထိုမျှမကသေး လုင်ဆိုသော်လည်း ပုဏ္ဏကဘီလူးသည်ပင်ဖြစ်၍ အမူအရာကို မြင်သဖြင့်ပင် ဤသူသည် ကြမ်းတမ်းခက်ထန်သူ ဖြစ်၏ဟူ၍ အမတ်ကြီးသိမည်သာ ဖြစ်၏။ ထို့ပြင်လည်း ဝိဓုရအမတ်ကြီး မင်းနှင့်တကွသော အိမ်သူအိမ်သားတို့ကို အဆုံးအမ ဩဝါဒပေး၍ ကျွန်ုပ်ကိစ္စ ပြီးဆုံးပြီဟု ပြောဆိုသောအခါ ပုဏ္ဏကဘီလူးလုင် ပြန်၍ပြောဆိုရာတွင် (ဂါထာအမှတ် ၁၉၆) “ကြောက်လန့်တုန်လှုပ်ခြင်း မရှိပါလင့်၊ ငါ့အာဇာနည်မြင်းမြီးကိုသာ မြဲမြဲဆွဲကိုင်ပေလော့၊ ဤလောကကြီးကို သင် အသက်ရှင်လျက် ဤယခု မြင်ရခြင်းကား နောက်ဆုံးမြင်ရခြင်း ဖြစ်တော့သည်”ဟု ပြောသောအခါ ဝိဓုရအမတ်ကြီးက “ငါ့မှာ အပါယ်လားကြောင်း မကောင်းမှုမရှိ၊ အဘယ့်ကြောင့် ငါကြောက်ရမည်နည်း”ဟု ပြန်၍ ပြောဆိုလေသည်။ ဤ အမတ်ကြီး၏စကားကို ထောက်သဖြင့်လည်း အသက်ကိုစွန့်လွှတ်ကြောင်း ထင်ရှားပေ၏။
ဤအခြင်းအရာတို့ကို ထောက်ထား ဆင်ခြင်၍ ဝိဓုရအမတ်ကြီး၏ သစ္စာသည်လည်း အသက်ကို စွန့်လွှတ်ခြင်းသဘော သက်ဝင်နေသဖြင့် မဟာသုတသောမမင်း၏ သစ္စာအောက် နိမ့်ကျမည်မဟုတ်ပေ၊ သာလွန်သည်ဟု မဆိုနိုင်စေကာမူ အဆင့်အတန်း တူညီသည်ဟူ၍ကား ဆိုသင့်သည်ဟု ဆင်ခြင် စဉ်းစားဖွယ်ရှိပေ၏။
ဥပဒေသ
ဤသစ္စာပါရမီ၌ ပြုအပ်သော သစ္စာကို အကြောင်းခံကာ လိုအပ်သောအရာကို တောင့်တလျှင် ရရှိပြည့်စုံစေနိုင်သော သတ္တိရှိခြင်းသည် ရှေးပါရမီများထက် ထူးကဲလှ၏၊ မဟာသုတသောမဇာတ်
(သော်)
(ဂါထာအမှတ် ၆၂)၌လည်း “ယေ ကေစိ မေ အတ္ထိ ရသာ ပထဗျာ၊ သစ္စံ တေသံ သာဒုတရံ ရသာနံ= မြေပြင်တဝှမ်း၌ အလုံးစုံသော အရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံးသော အရသာဖြစ်သည်”ဟူ၍ ဟောတော်မူသောကြောင့် ချိုမြိန်လှစွာသော သစ္စာအရသာကို သုံးဆောင်နိုင်ကြရန် ထက်သန်စွာ ကြိုးကုတ် အားထုတ်ကြကုန်ရာသတည်း။
သစ္စာပါရမီခဏ်း ပြီး၏။
**********