မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၃) ပါရမီတို့ကို ပြည့်စုံစေကြောင်းတရားများ
(၁၃) ပါရမီတို့ကို ပြည့်စုံစေကြောင်း တရားများ
“ပါရမီတို့ကို ပြည့်စုံစေတတ်သည့် အကြောင်းတရားတို့ကား အဘယ်တရားတို့နည်း”ဟု မေးခဲ့သော်-
(၁) ဘာဝနာလေးပါးဖြင့် အားထုတ်ခြင်း၊
(၂) ပါရမီ၏ ဆန့်ကျင်ဘက်တရားတို့ကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ ပယ်ရှားခြင်း၊
(၃) ဘုရားရှင်တို့အား မိမိကိုယ်ကို အပ်နှင်းခြင်း၊
၂၅၆
အကျဉ်းချုပ်အားဖြင့်-
(က) ကိုယ်တော့်အပေါ်၌ ချစ်ခြင်း၏ ကုန်ခန်းခြင်း၊
(ခ) ဝေနေယျတို့၌ ချစ်ခြင်း၏ တိုးပွါးခြင်း-
ဤတရားများသည် ပါရမီတို့ကို ပြည့်စုံစေတတ်သည့် အကြောင်းတရားများ ဖြစ်သည်ဟု အကျဉ်းဖြေဆိုရာ၏။
အကျယ်အားဖြင့်ကား..
(၁) အလုံးစုံသော ပါရမီ စာဂ စရိယ တရားတို့ကို သဗ္ဗညုတဉာဏ် တခုတည်းကိုသာ ရည်စူးဆုပန်၍ အကြွင်းအကျန်မထား ပွါးများဆည်းပူးခြင်း တည်းဟူသော သဗ္ဗသမ္ဘာရဘာဝနာ၊ မြတ်နိုးတနာ ရိုသေစွာ ပွါးများဆည်းပူးခြင်း တည်းဟူသော သက္ကစ္စဘာဝနာ၊ ဘဝမပြတ် ဆက်စပ်အောင် ပွါးများဆည်းပူးခြင်း တည်းဟူသော နိရန္တရဘာဝနာ၊ ဘုရားမဖြစ်မီအကြား တွန့်တိုဆုတ်နစ်ခြင်း အလျဉ်းမရှိ ကာလရှည်လျားစွာ ပွါးများဆည်းပူးခြင်း တည်းဟူသော စိရကာလဘာဝနာ- ဤဘာဝနာလေးပါးတို့ဖြင့် ပွါးများ အားထုတ်ခြင်းသည် ပါရမီတို့၏ ပြည့်စုံကြောင်း ဥပါယ်ကောင်းကြီး ဖြစ်ပေ၏။
(၂) ထိုမှတပါး ဘုရားအလောင်းဖြစ်သော ပုဂ္ဂိုလ်သည် ကိုယ်ပိုင်ဝတ္ထု အစုစုတို့ကို “ငါ့အား ဖြစ်ပေါ်ရရှိလတ္တံ့သော အသက်နှင့်တကွ စည်းစိမ်ဥစ္စာ ဝတ္ထုအစုစုတို့ကို အလှူခံပုဂ္ဂိုလ်တို့ ရောက်ဆိုက်လာလျှင် မဆုတ်မနစ် လှူဒါန်းပေအံ့၊ ထိုအလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းပြီးသည်မှ အကြွင်းအကျန်ကိုသာ သုံးဆောင်ပေအံ့”ဟူ၍ အလှူဒါနတံခါးဝ၌ မရမီကပင် ရှေးဦးစွာ ကြိုတင်၍ စွန့်လှူထားရသည်။
ဤကဲ့သို့ ကြိုတင်၍ စွန့်လှူရန် စိတ်ကိုပြင်ဆင်၍ ထားသည်ရှိသော် မိမိကိုယ်ပိုင် ဖြစ်ပေါ်လာသမျှသော ဝတ္ထုတို့၌-
(က) ရှေးက ဒါနမှု၌ အလေ့အလာ မရှိခဲ့ခြင်း၊
(ခ) ကိုယ်ပိုင်ဝတ္ထုက နည်းပါးနေခြင်း၊
၂၅၇
(ဂ) ကိုယ်ပိုင်ဝတ္ထုက မလှူရက်နိုင်အောင် ကောင်းမွန်နေခြင်း၊
(ဃ) ကိုယ်ပိုင်ဝတ္ထုများ ကုန်သွားမည်ကို စိုးရွံ့ကြံစည်ခြင်း-
ဟူ၍ ဒါနကောင်းမှု မဖြစ်အောင် ဟန့်တားပိတ်ဆို့တတ်သည့် (ဒါနဝိနိဗန္ဓ)အကြောင်းတရား လေးပါးတို့ရှိရာတွင်—
(က) လှူဖွယ်ဝတ္ထုလည်း ပြည့်စုံနေပါလျက် အလှူခံပုဂ္ဂိုလ်လည်း မိမိမျက်မှောက် ထင်ရှား ရောက်ဆိုက်နေပါလျက် ဘုရားအလောင်း၏ စိတ်သန္တာန်၌ (အကယ်၍) လှူဒါန်းဖို့ရန် စိတ်မသက်ပဲ ရှိနေခဲ့သော်.. ထို အလောင်းတော်သူမြတ်သည် “ငါသည် ဧကန်မုချ ရှေးဘဝများက ဒါနကောင်းမှု၌ အလေ့အလာမပြုအပ်ခဲ့ပေ။ ထို့ကြောင့်ပင် ယခုအခါ အပြင်အပအင်္ဂါများ ပြည့်စုံနေပါလျက် ငါ့သန္တာန်၌ ပေးလှူလိုသော ကုသိုလ်ဆန္ဒ စိတ်၌ မတည်လာခြင်း မပေါ်လာခြင်း ဖြစ်သည်”ဟု ဆုံးဖြတ် သိရှိတော်မူပြီးလျှင် ဤကဲ့သို့ လှူလိုသောစိတ် မဖြစ်သော်လည်း လှူဒါန်းမှ အလေ့အလာရ၍ ငါ၏စိတ်သည် ဒါနကောင်းမှု၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပေလိမ့်မည်၊ ကိုင်း.. ငါသည် ယခုမှစ၍ ဒါနကို ရဲရဲရက်ရက် ပေးလှူပေအံ့၊ ငါသည် ရှေးဦးကပင် ကြိုတင်၍ ကိုယ်ပိုင်ဝတ္ထု အစုစုတို့ကို အလှူခံပုဂ္ဂိုလ်အား စွန့်လှူပြီးသား မဟုတ်လောဟု ပစ္စဝေက္ခဏာဉာဏ်ဝင် ဆင်ခြင်တော်မူပြီးလျှင် လွတ်လွတ်ကြည်ဖြူ ပေးလှူတော်မူလေသည်။ ဤသို့ ပေးလှူသည်ရှိသော် အလောင်းတော်၏သန္တာန်၌ ရှေးဦးစွာသော (က) အမှတ်ပါ = ဒါနမှု၌ အလေ့အလာ မရှိခဲ့ခြင်း တည်းဟူသော ဒါန၏ အဟန့်အတား အကြောင်းတရားကို ပယ်ဖြတ်ပြီး ဖြစ်လေတော့သည်။
(ခ) ဘုရားအလောင်းတော်သည် လှူဖွယ်ဝတ္ထုက နည်းပါးနေခဲ့သော်၎င်း ချို့တဲ့နေခဲ့သော်၎င်း ဤသို့ ဆင်ခြင်တော်မူလေသည်။ ဆင်ခြင်တော်မူပုံမှာ..
၂၅၈
“ငါသည် ရှေးအခါက မလှူဒါန်းခဲ့သောကြောင့် ယခုအခါ ပစ္စည်းချို့တဲ့ ရှားပါးရသည်။ ထို့ကြောင့် ယခုအခါ ငါသည် နည်းသည်ဖြစ်စေ ယုတ်ညံ့သည်ဖြစ်စေ မိမိရသော လှူဖွယ်ဝတ္ထုဖြင့် မိမိကိုယ်ကိုသော်လည်း အပင်ပန်းအဆင်းရဲခံကာ လှူသင့်ပေ၏။ ယင်းအလှူဖြင့် ငါသည် နောက်အခါ၌လည်း ဒါနပါရမီကို အထွတ်အထိပ်သို့ ရောက်စေအံ့”
ဟူ၍ ဆင်ခြင်တော်မူသည်။ ထိုသို့ ဆင်ခြင်တော်မူပြီးလျှင် အလောင်းတော်သည် ရရသမျှဒါနဝတ္ထုဖြင့် လွတ်လွတ်ကြည်ဖြူ ပေးလှူတော်မူလေသည်။ ဤသို့ ပေးလှူသည်ရှိသော် အလောင်းတော်၏ သန္တာန်၌ နှစ်ခုမြောက်ဖြစ်သည့် (ခ) အမှတ်ပါ= ကိုယ်ပိုင်ဝတ္ထုက နည်းပါးနေခြင်း တည်းဟူသော ဒါန၏အဟန့်အတား အကြောင်းတရားကို ပယ်ဖြတ်ပြီး ဖြစ်လေတော့သည်။
(ဂ) ဘုရားအလောင်းတော်သည် လှူဖွယ်ဝတ္ထုက အလွန် ကောင်းမွန်နေခြင်းကြောင့် မလှူဒါန်းလိုသောစိတ် ဖြစ်ပေါ်လာလျှင် ဤသို့ ဆင်ခြင်တော်မူ၏..၊
“အို သူတော်ကောင်း ဘုရားလောင်း.. အမောင်သည် အလွန်မြတ်လှ ချီးမွမ်းအပ်လှသည့် သဗ္ဗညုတဉာဏ်ကြီးကို အလိုရှိသည် မဟုတ်ပါလော၊ ထို့ကြောင့် အမြတ်ဆုံးဖြစ်သည့် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိရန် အလွန်ကောင်းမွန်သည့် လှူဖွယ်ဝတ္ထုကိုသာ အမောင်သည် လှူသင့်လှပေ၏”
ဟူ၍ ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူပြီးလျှင် အလောင်းတော်သည် အလွန်ကောင်းမြတ် နှစ်သက်အပ်သော လှူဖွယ်ဝတ္ထုကို လွတ်လွတ်ကြည်ဖြူ ပေးလှူတော်မူလေသည်။ ဤသို့ ပေးလှူသည်ရှိသော် အလောင်းတော်၏သန္တာန်၌ သုံးခုမြောက်ဖြစ်သည့် (ဂ)အမှတ်ပါ = ကိုယ်ပိုင်ဝတ္ထုက မလှူရက်နိုင်လောက်အောင် ကောင်းမွန်နေခြင်း တည်းဟူသော ဒါန၏အဟန့်အတား အကြောင်းတရားကို ပယ်ဖြတ်ပြီး ဖြစ်လေတော့သည်။
၂၅၉
(ဃ) ဘုရားအလောင်းတော်သည် ဒါနမှုပြုစဉ် လှူဖွယ်ဝတ္ထုတို့ ကုန်ခန်းသည်ကိုမြင်လျှင် ဤသို့ ဆင်ခြင်တော်မူ၏..၊
“ပျက်စီးကုန်ခန်းခြင်း သဘောသည်ကား စည်းစိမ်ဥစ္စာတို့၏ ဓမ္မတာသဘောပင် ဖြစ်သည်၊ စင်စစ်မူ ရှေးအခါက မကုန်ခန်းစေတတ်သည့် ဒါနကောင်းမှု မပြုခဲ့သောကြောင့် ယခု ငါသည် လှူဖွယ်ဝတ္ထုပစ္စည်းတို့၏ ကုန်ခန်းခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရသည်၊ ကိုင်း.. ငါသည် မိမိရသမျှ နည်းနည်းများများ လှူဖွယ်ဝတ္ထုဖြင့်ပင် ဒါနမှု ပြုပေအံ့၊ ယင်းအလှူဖြင့် ငါသည် နောက်အခါ၌ ဒါနပါရမီ၏ အထွတ်အထိပ်သို့ ရောက်ရပေအံ့”
ဟူ၍ ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူပြီးလျှင် အလောင်းတော်သည် မိမိရသမျှ လှူဖွယ်ဝတ္ထုဖြင့် လွတ်လွတ်ကြည်ဖြူ ပေးလှူတော်မူလေသည်။ ဤသို့ ပေးလှူသည်ရှိသော် အလောင်းတော်၏သန္တာန်၌ လေးခုမြောက်ဖြစ်သည့် (ဃ)အမှတ်ပါ = ကိုယ်ပိုင်ဝတ္ထုများ ကုန်သွားမည်ကို စိုးရွံ့ကြံစည်ခြင်း တည်းဟူသော ဒါန၏အဟန့်အတား အကြောင်းတရားကို ပယ်ဖြတ်ပြီး ဖြစ်လေတော့သည်။
ဤသို့လျှင် ဒါန၏အဟန့်အတား အကြောင်းတရားများကို ထိုက်သည့်အလျောက် ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ ပယ်ဖျောက်ခြင်းသည် ဒါနပါရမီ၏ ပြည့်စုံကြောင်း ဥပါယ်ကောင်းဖြစ်၏။ ဒါနပါရမီ၌ကဲ့သို့ သီလပါရမီ အစရှိသည်တို့၌လည်း မှတ်ယူအပ်၏။
(၃) ထိုမှတပါး ဘုရားအလောင်းဖြစ်သော ပုဂ္ဂိုလ်သည် “ဣမာဟံ အတ္တဘာဝံ ဗုဒ္ဓါနံ နိယျာဒေမိ= ငါသည် ဤခန္ဓာကိုယ် အတ္တဘောကို ဘုရားရှင်တို့အား အပ်နှင်းကြည်ဖြူ ပေးလှူပါ၏”ဟူ၍ ရှေးဦးကပင် မိမိကိုယ်ကို ဘုရားရှင်တို့အား အပ်နှင်း စွန့်လှူထားရသည်၊ ယင်းသို့ ရှေးဦးကပင် ကြိုတင်၍ မိမိကိုယ်ကို
၂၆၀
ဘုရားရှင်တို့အား အပ်နှင်း ပေးလှူထားခြင်းသည် ခပ်သိမ်းသော ပါရမီတို့၏ ပြည့်စုံကြောင်း ဥပါယ်ကောင်းကြီး ဖြစ်ပေသည်။
မှန်၏.. ဘုရားရှင်တို့အား မိမိကိုယ်ကို အပ်နှင်း စွန့်လှူထားပြီးသော ဘုရားအလောင်းတော်သည် ထိုထိုဘဝတို့၌ ပါရမီတော်များ ပြည့်ဝရန် လုံ့လကြိုးကုတ် အားထုတ်တော်မူစဉ် ကိုယ်ခန္ဓာအသက်ကို ဖျက်ဆီးနိုင်လောက်သည့် ပြုနိုင်ခဲ သည်းခံနိုင်ခဲသော အမှုကိစ္စများ ပေါ်ပေါက်လာသော်၎င်း အသက်ကိုပင် ဆောင်သွားနိုင်လောက်အောင် ထက်မြက်စူးရှ ပြင်းထန်လှသည့် သတ္တဝါသင်္ခါရတို့ ပြုဆောင်အပ်သော အကျိုးမဲ့များနှင့် တွေ့ကြုံသော်၎င်း “ငါသည် ဤခန္ဓာကိုယ် အတ္တဘောကြီးကို ဘုရားရှင်တို့အား စွန့်ထားအပ်ပြီ၊ ဤကိစ္စ၌ ဖြစ်ချင်ရာ ဖြစ်ပစေ”ဟု ဆင်ခြင်တော်မူပြီးလျှင် အသက်ကိုပင်သော်လည်း ရန်ရှာနိုင်လောက်သည့် ထိုပြုဖွယ်ကိစ္စ အကျိုးမဲ့များကြောင့် အနည်းငယ်မျှ ဖောက်ပြန်တုန်လှုပ်ခြင်း အလျဉ်းမရှိပဲ စင်စစ်မူ ပါရမီအထု ကုသိုလ်ကို ပွါးများမှု၌သာ ကြံ့ကြံ့ခိုင်ကျည် တည်တော်မူလေသည်။
ဤသို့လျှင် မိမိကိုယ်ကို ဘုရားရှင်တို့အား အပ်နှင်း လှူဒါန်းထားခြင်းသည်လည်း ပါရမီတို့၏ ပြည့်စုံကြောင်း ဥပါယ်ကောင်းတရပ် ဖြစ်ပေ၏။
ထိုမှတပါး အကျဉ်းချုပ်အားဖြင့် ဘုရားအလောင်းဖြစ်သော ပုဂ္ဂိုလ်သူမြတ်၏-
(က) မိမိကိုယ်၌ ချစ်ခြင်းတဏှာ သိနေဟတရား၏ ကုန်ခန်းခြင်း၊
(ခ) ဝေနေယျတို့၌ ချစ်ခြင်းမေတ္တာ ကရုဏာ သိနေဟတရား၏ တိုးပွါးခြင်း-
ဤနှစ်ပါးသည် ပါရမီတို့၏ ပြည့်စုံကြောင်းဖြစ်၏။
၂၆၁
ချဲ့ဦးအံ့.. သဗ္ဗညုတဉာဏ်ကို ရဖို့ရန် စိတ်သန် ဆုညွတ်တော်မူသော အလောင်းတော်သူမြတ်၏ သန္တာန်၌ သဘာဝဓမ္မတို့၏ ဖြစ်ပုံကို အမှန်အတိုင်း သိမြင်တော်မူခြင်းကြောင့် ထိုသဘာဝဓမ္မတို့၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မငြိကပ် မလိမ်းကျံရကား သဘာဝဓမ္မ အစုအဝေးမျှဖြစ်သော မိမိကိုယ်၌ ချစ်ခင်မြတ်နိုးခြင်း တဏှာပေမ သိနေဟတရားသည် တနေ့တခြား ပါး၍ ပါး၍ ကုန်ခန်း၍ ကုန်ခန်း၍သာ သွားလေတော့သည်။
မဟာကရုဏာအဟုန် အဖန်ဖန် ပွါးထုံတော်မူသဖြင့် ချစ်လှစွာသော သားသမီးများပမာ သတ္တဝါခပ်သိမ်းတို့ကို ရှုကြည့်တော်မူခြင်းကြောင့် အလောင်းတော်၏ စိတ်သန္တာန်ဝယ် ထိုသတ္တဝါတို့၌ မေတ္တာ၏အစွမ်းဖြင့် ချစ်ခြင်း (မေတ္တာချစ်)၊ ကရုဏာ၏အစွမ်းဖြင့် ချစ်ခြင်း (ကရုဏာချစ်) တည်းဟူသော မေတ္တာ ကရုဏာ သိနေဟတရားတို့ကား ပွါး၍ ပွါး၍သာ စည်ပင်လာလေသည်။
ထို့ကြောင့်ပင် ထိုထိုအခိုက်အတန့်အားလျော်စွာ မိမိသန္တာန် သူတပါးသန္တာန်တို့၌ လောဘ ဒေါသ မောဟတို့ ကင်းကွာသဖြင့် မစ္ဆရိယအစရှိသော ပါရမီ၏ ဆန့်ကျင်ဘက်တရားများကို ဝေးကွာအောင် ပြုတော်မူပြီးသော ဘုရားအလောင်းတော်သူမြတ်သည် ရှေး၌ ပြဆိုခဲ့သည့် အဓိဋ္ဌာနတရား လေးပါးသို့ အစဉ်လိုက်သော ဒါန, ပိယဝါစာ, အတ္ထစရိယာ, သမာနတ္တတာ တည်းဟူသော သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် သတ္တဝါအပေါင်းအား ချီးမြှောက်မှု ပြုတော်မူလျက် ဗောဓိဉာဏ်သုံးပါးသို့ရောက်ကြောင်း အကျင့်ပဋိပတ် ယာဉ်သုံးရပ်၌ မသက်မရောက်သေးသော သတ္တဝါတို့ကို သက်ရောက်အောင် သက်ရောက်ပြီးသော သတ္တဝါတို့ကို ရင့်သန်အောင် ပြုစု စောင့်ရှောက်တော်မူလေသည်။
မှန်၏.. အလောင်းတော်ကြီးများ၏ ကရုဏာ ပညာ ဤတရားနှစ်ပါးကို ဒါနတည်းဟူသော သင်္ဂဟဝတ္ထုဖြင့် တန်းဆာဆင်အပ်၏။ (ဒါနအလျဉ်းမပါ ကရုဏာ ပညာချည်းသက်သက်
၂၆၂
ချောက်တပ်တပ် ဖြစ်သည်မဟုတ်၊ အလှူဒါန ပေးလျက် ပေးလျက်သာ ကရုဏာ ပညာနှစ်ပါး ဖြစ်ပွါးသည်ဟု ဆိုလိုသည်။) ပေးလှူသော အခါမှာလည်း အလှူခံတို့နှင့် အခြွေအရံတို့အပေါ် ငေါက်ငမ်းဟိန်းဟဲခြင်း အလျဉ်းမရှိ၊ ပိယဝါစာ ချိုသာစကား ပြောကြား၍သာ ပေးလှူတော်မူသဖြင့် အလောင်းတော်ကြီးများ၏ ဒါနသင်္ဂဟဝတ္ထုကို ပိယဝါစာ သင်္ဂဟဝတ္ထုဖြင့် တန်ဆာဆင်အပ်၏။ ပိယဝါစာ ချိုသာစကား ပြောကြားရာ၌လည်း နှုတ်ဖျားတွင်ရွေ့သာ နားကြားကောင်းရုံ (အပေါ်ယံ ပြီးပြီးပျောက်ပျောက်) မဟုတ်ပဲ ဝမ်းထဲကပင် စင်စစ် အကျိုးကိုလိုလားသော စိတ်ဖြင့် သူတဖက်သား အကျိုးရှိအောင် ကျင့်ကြံ ပြောဆိုခြင်းဖြစ်၍ အလောင်းတော်ကြီးများ၏ ပိယဝါစာ သင်္ဂဟဝတ္ထုကို အတ္ထစရိယာ သင်္ဂဟဝတ္ထုဖြင့် တန်းဆာဆင်အပ်၏။ (ဗောဓိသမ္ဘာရဖြစ်သည့် ပါရမီ စာဂ စရိယတရားတို့ကို ဖြည့်ကျင့်ခြင်းသည် သတ္တဝါတို့၏အကျိုးကို ကျင့်နေခြင်းဖြစ်သည်၊ အတ္ထစရိယာ သင်္ဂဟဝတ္ထု ဖြစ်သည်) ဗောဓိသမ္ဘာရတရားတို့၌ ကျင့်ကြံတော်မူကြသော အလောင်းတော် သူမြတ်ကြီးများအား အရာရာ၌ပင် သတ္တဝါခပ်သိမ်းတို့ကို ကိုယ်နှင့်ထပ်တူပြု၍ ဆင်းရဲမကွာ ချမ်းသာအမျှ စိတ်ထားတော်မူနိုင်ကြသဖြင့် အလောင်းတော်ကြီးများ၏ အတ္ထစရိယာ သင်္ဂဟဝတ္ထုကို သမာနတ္တတာ= (ကိုယ်တူကျင့်ခြင်း) သင်္ဂဟဝတ္ထုဖြင့် တန်းဆာဆင်အပ်၏။
ဘုရားဖြစ်သောအခါ၌လည်း အဓိဋ္ဌာနတရားလေးပါး ပြည့်စုံခြင်းကြောင့် အစွမ်းကုန်တိုးပွါးသော ထိုသင်္ဂဟဝတ္ထုလေးပါးတို့ဖြင့်ပင် သတ္တဝါအပေါင်းအား ချီးမြှောက်ခြင်း အမှုတခုကိုသာ ပြုသဖြင့် ချေချွတ်ခြင်း ဆုံးမခြင်းကိစ္စ ပြီးမြောက်လေသည်။ ချဲ့ဦးအံ့.. ဘုရားရှင်တို့၏ ဒါနသင်္ဂဟဝတ္ထုသည် စာဂါဓိဋ္ဌာနဖြင့် တိုးပွါးပြည့်ဝ၏။ ပိယဝါစာ သင်္ဂဟဝတ္ထုသည် သစ္စာဓိဋ္ဌာနဖြင့် တိုးပွါးပြည့်ဝ၏။ အတ္ထစရိယာ သင်္ဂဟဝတ္ထု သည် ပညာဓိဋ္ဌာနဖြင့် တိုးပွါးပြည့်ဝ၏။ သမာနတ္တတာ သင်္ဂဟဝတ္ထုသည် ဥပသမာဓိဌာနဖြင့် တိုးပွါးပြည့်ဝ၏။
၂၆၃
ဤအရာ၌ စရိယာပိဋကအဋ္ဌကထာဝယ် ဗုဒ္ဓထောမနာ (၄)ဂါထာတို့ကို ဤသို့ ကြည်ညိုစွာ ဖွဲ့ဆိုထားလေသည်။
၁။ သစ္စော စာဂီ ဥပသန္တော၊
ပညဝါ အနုကမ္ပကော။
သမ္ဘတသဗ္ဗသမ္ဘာရော၊
ကံ နာမတ္ထံ န သာဓယေ။
သစ္စော၊ ဝိရတီဝါစာ ပညာပရမတ္ထ သစ္စာဓိဋ္ဌာနလေးပါး ထွတ်ဖျားတိုင်မြောက် ရောက်တော်မူပြီးသော။ စာဂီ၊ ဝတ္ထုနှင့် ကိလေသာ နှစ်ဖြာသော ကာမတို့ကို စွန့်ချပယ်လှန် စာဂါဓိဋ္ဌာန်ကြီး အပြီးတိုင်မြောက် ရောက်တော်မူပြီးထသော။ ဥပသန္တော၊ ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းအေးတော်မူပြီးထသော။ ပညဝါ၊ သဗ္ဗညုတ အနာဝရဏ ဉာဏ်တော်ရှင် ဖြစ်တော်မူပေထသော။ အနုကမ္ပကော၊ ကြီးမြတ်လှစွာ ကရုဏာဖြင့် သတ္တဝါတို့အား သနားစောင့်ရှောက်တော်မူပေထသော။ သမ္ဘတသဗ္ဗသမ္ဘာရော၊ လေ့ကျက်ရှာမှီး ဆည်းပူးပြီးသည့် ငါးသီးစာဂ စရိယသုံးလီ ပါရမီအဆောက်အဦ အလုံးစုံရှိတော်မူသော မြတ်စွာဘုရားသည်။ ကံ နာမ အတ္ထံ၊ အဘယ်မည်သော အကျိုးကို။ န သာဓယေ၊ မပြီးစေနိုင်ပဲ ရှိပါအံ့နည်း။ သာဓယတိ ဧဝ၊ အကြောင်းဥဿုံ ပြီးပြည့်စုံသဖြင့် လူ့ဘုံနတ်ဌာန် နိဗ္ဗာန်တိုင်စိုး ဝေနေယျအကျိုးကို ဖွံ့ဖြိုးပုံသေ ပြီးစေတော်မူသည်သာတည်း။
(၂) မဟာကာရုဏိကော သတ္ထာ၊
ဟိတေသီ စ ဥပေက္ခကော။
နိရပေက္ခော စ သဗ္ဗတ္ထ၊
အဟော အစ္ဆရိယော ဇိနော။
သတ္ထာ၊ လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည်။ မဟာကာရုဏိကော၊ ကြီးမြတ်သန့်စင် ကရုဏာရှင်ကြီး ဖြစ်တော်မူ၍။ ဟိတေသီ စ၊ ဝေနေယျတို့၏ အစီးအပွါးကို နိဗ္ဗာန်တိုင် လိုလားတော်မူပေ၏။ ဥပေက္ခကော၊ လောကဓံရှစ် တွေ့ကြုံလစ်လည်း
၂၆၄
မုန်းချစ်မဟူ လျစ်လျူရှုတော်မူနိုင်ပေ၏။ သဗ္ဗတ္ထ၊ ကိုယ်တွင်းကိုယ်ပ ရှိသမျှဥဿုံ အလုံးစုံသော ဝတ္ထုတို့၌။ နိရပေက္ခော စ၊ ငဲ့ကွက်တွယ်တာ သာယာစုံမက်ခြင်းလည်း ကင်းတော်မူပေ၏။ ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်သည်။ အဟော အစ္ဆရိယော၊ ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။
(၃) ဝိရတ္တော သဗ္ဗဓမ္မေသု၊
သတ္တေသု စ ဥပေက္ခကော။
သဒါ သတ္တဟိတေ ယုတ္တော၊
အဟော အစ္ဆရိယော ဇိနော။
သဗ္ဗဓမ္မေသု၊ ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့၌။ ဝိရတ္တော၊ ခုံမင်တပ်မက်ခြင်း ကင်းတော်မူပါလျက်။ သတ္တေသု စ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၌လည်း။ ဥပေက္ခကော၊ ချစ်မုန်းမပြု ဥပေက္ခာရှုတော်မူသည် ဖြစ်ပါလျက်။ သဒါ၊ နေ့ရောညဉ့်ပါ ခပ်သိမ်းသောအခါ၌။ သတ္တဟိတေ၊ သတ္တဝါတို့၏ ချမ်းသာရန်အကြောင်း စီးပွါးကောင်း၌။ ယုတ္တော၊ လုံ့လဆက်စဉ် ယှဉ်တော်မူပေ၏။ ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ အဟော အစ္ဆရိယော၊ ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။
(၄) သဗ္ဗဒါ သဗ္ဗသတ္တာနံ၊
ဟိတာယ စ သုခါယ စ။
ဥယျုတ္တော အကိလာသူ စ၊
အဟော အစ္ဆရိယော ဇိနော။
ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင် ကိုယ်တော်မြတ်သည်။ သဗ္ဗဒါ ၊ နေ့ရောညဉ့်ပါ ခပ်သိမ်းသောအခါ၌။ သဗ္ဗသတ္တာနံ၊ လူနတ်ဗြဟ္မာ ခပ်သိမ်းသော သတ္တဝါတို့၏။ ဟိတာယ စ၊ အစီးအပွါး များရန်အလို့ငှါ၎င်း။ သုခါယ စ၊ ချမ်းသာသုခ ရရန်အလို့ငှါ၎င်း။ ဥယျုတ္တော၊ ဗုဒ္ဓကိစ္စ ငါးဌာနကို နေ့ညကြိုးကုတ်
၂၆၅
အားထုတ်တော်မူရပါလျက်။ အကိလာသူ စ၊ ကိုယ်တော်ပင်ပန်း နွမ်းနယ်သောအရိပ် တဆိတ်မျှလည်း ရှိတော်မမူ။ အဟော အစ္ဆရိယော၊ ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား။
ပါရမီတို့ကို ပြည့်စုံစေကြောင်းတရားများ ပြီး၏။
**********