မာတိကာသို့ ခုန်သွားရန်

မဟာမင်္ဂလဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၃။ မဟာမင်္ဂလဇာတ် (၁၅)
2673ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၅၃။ မဟာမင်္ဂလဇာတ် (၁၅)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒသကနိပါတ်

၁၅။ မဟာမင်္ဂလဇာတ်

သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကိံသု နရော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာမင်္ဂလာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မဟာမင်္ဂလသုတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ရာဇဂြိုဟ်ပြည်၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် စည်းဝေးရာဇရပ်၌ စည်းဝေး၍ လူအပေါင်း၏ အလယ်၌ ယောကျ်ားတစ်ယောက်သည် ယနေ့ ငါ့အား ပြုအပ်သော မင်္ဂလာရှိ၏ ဟု ထ၍ သွားလေ၏။ တစ်ယောက်သော ယောက်ျားသည် ထိုယောက်ျား၏ မင်္ဂလာဟူသော စကားကိုကြား၍ ဤသူသည် မင်္ဂလာဟုဆို၍ အလျှင်သွား၏။ ထိုမင်္ဂလာမည်သည် အဘယ်နည်း ဟု ဆို၏။

မင်္ဂလာအမျိုးမျိုး

ထိုယောကျ်ားကို တစ်ယောက်သော ယောက်ျားသည် အလွန်မင်္ဂလာဟု သမုတ်အပ်သော ရူပါရုံကို မြင်ရခြင်းသည် မင်္ဂလာမည်၏။ ထိုစကားသည် မှန်၏။ အချို့သောသူတို့သည် နံနက်စောစောကလျှင် ထ၍ ကိုယ်လုံးဖြူသော ဥသဘကိုမူလည်း မြင်၏။ ကိုယ်ဝန်ဆောင်သော မိန်းမကိုလည်းကောင်း, ငါးကြင်းကိုလည်းကောင်း ရေပြည့်အိုးကိုလည်းကောင်း, ဆီဦးကို လည်းကောင်း နွားနို့ ထောပတ်ကိုလည်းကောင်း, အစာမချေသေးသော ပုဆိုးကိုလည်းကောင်း, နို့ဃနာထမင်းကို လည်းကောင်း မြင်၏။ ဤထက် အလွန် မင်္ဂလာမရှိပြီ ဟု ဆို၏။ ထိုယောကျ်ားသည် ဆိုအပ်သော စကားကို အချို့သောသူတို့သည် ကောင်းစွာဆိုအပ်သော စကားဟူ၍ နှစ်သက်ကုန်၏။

တစ်ယောက်သော ယောကျ်ားသည် ထိုမြင်အပ်သော ရူပါရုံသည် မင်္ဂလာမမည်။ ကြားအပ်သော အသံသည် မင်္ဂလာမည်၏။ ထိုစကားသည် မှန်၏။ အချို့သောသူတို့သည် ပြည့်ဝ၏ ဟု ဆိုကုန်သော သူတို့၏အသံကို ကြား၏။ ထိုမှ တစ်ပါးလည်း ပွားသည်ထက်ပွား၏ဟု ဆိုကုန်သော သူတို့၏အသံကို ကြား၏။ ချမ်းသာ၏ ဟု ဆိုကုန်သောသူတို့၏ အသံကိုကြား၏။ စားလော့ သောက်လော့ဟု ဆိုကုန်သော သူတို့၏ အသံကို ကြား၏။ ဤထက် အလွန် မင်္ဂလာမရှိပြီဟု ဆို၏။ ထိုသူသည် ဆိုအပ်သော စကားကိုလည်း အချို့သူတို့သည် ကောင်းစွာဆိုအပ်သော စကားဟူ၍ နှစ်သက်ကုန်၏။

တစ်ယောက်သောသူသည် ထိုမြင်အပ်သော ရူပါရုံသည် မင်္ဂလာမမည်၊ ကြားအပ်သော သဒ္ဒါရုံသည် မင်္ဂလာ မမည်၊ တွေ့ထိအပ်သော အာရုံသည် မင်္ဂလာမည်၏ဟု ဆို၏။ ထိုစကားသည် မှန်၏။ အချို့သောသူသည် စောစောကလျှင် ထ၍ မြေကို သုံးသပ်၏။ စိမ်းသော နေဇာမြက်ကို စိုသော နွားချေး စင်ကြယ်သန့်ရှင်းသောပုဆိုး ငါးကြင်း ရွှေခွက် ငွေခွက်ကို သုံးသပ်မိ၏။ ဤထက်အလွန် မင်္ဂလာမည်သည် မရှိ ဟု ဆို၏။ ထိုသူသည် ဆိုအပ်သောစကားကိုလည်း အချို့သောသူတို့သည် ကောင်းစွာဆိုအပ်သော စကားဟူ၍ နှစ်သက်ကုန်၏။

မင်္ဂလာကိုမသိကြ

ဤသို့လျှင် ဒိဋ္ဌမင်္ဂလာ အယူရှိသော ပရိသတ် သုတ မင်္ဂလာအယူရှိသော ပရိသတ် မုတမင်္ဂလာ အယူရှိသော ပရိသတ်ဟူ၍ သုံးပါးကုန်သော ပရိသတ်တို့သည် ဖြစ်ကုန်၍ အချင်းချင်း သိစေခြင်းငှာ မတတ်နိုင်ကုန်။ ဘုမ္မစိုးနတ်တို့ကို အစပြု၍ အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာတို့သည် ဤသည်ကား မင်္ဂလာမည်၏ ဟူ၍ မှန်သောအားဖြင့် မသိနိုင်ကုန်။

မင်္ဂလသုတ်ကိုဟောတော်မူခြင်း

သိကြားမင်းသည် ကြံ၏။ အဘယ်သို့ကြံသနည်း ဟူမူကား-ဤမင်္ဂလာပြဿနာကို နတ်ပြည် ဗြဟ္မာပြည်နှင့်တကွသော လောက၌ မြတ်စွာဘုရားကိုထား၍ ဘုရားမှ တစ်ပါးသောသူသည် ဖြေဆိုခြင်းငှာ တတ်နိုင်သောသူ မည်သည်မရှိ၊ မြတ်စွာဘုရားသို့ကပ်၍ ဤမင်္ဂလာပြဿနာကို မေးအံ့ ဤသို့ကြံ၏။ ကြံပြီး၍ ထိုသိကြားမင်းသည် ညဉ့်အဖို့၌ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျင် ရှိခိုး၍ လက်အုပ်ချီလျက် ဗဟူ ဒေဝါ မနုဿာ စ အစရှိသည်ဖြင့် ပြဿနာကို မေးလျှောက်၏။ ထိုသို့မေး လျှောက်သောအခါ မြတ်စွာဘုရားသည် ထိုသိကြားအား တစ်ဆယ့်တစ်ဂါထာတို့ဖြင့် သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတို့ကို ဟောတော်မူ၏။ မင်္ဂလသုတ်ကို ဟောတော်မူသည်ရှိသော် ကုဋေအသိန်း အတိုင်းအရှည်ရှိကုန်သော နတ်ဗြဟ္မာတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ သောတာပန် အစရှိသော ပုဂ္ဂိုလ်တို့၏ အရေအတွက်သည် အတိုင်းအရှည်မရှိ။ သိကြားမင်းသည် မင်္ဂလာတရားကို နာပြီးလျှင် မိမိနေရာ တာဝတိံသာသို့လျင် သွား၏။ မြတ်စွာဘုရားသည် မင်္ဂလာကို ဟောတော်မူပြီးသော် နတ်ပြည် ဗြဟ္မာ့ပြည်နှင့်တကွသော လူအပေါင်းတို့သည်မဖောက်မပြန်မှန်သော ဒေသနာတော်တည်းဟူ၍ အလွန်နှစ်သက် ဝမ်းမြောက်ကုန်၏။

ထိုအခါ တရားသဘင်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဟောကြကုန်၏။ ငါ့ရှင်တို့ မြတ်စွာဘုရားသည် တစ်ပါးကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အရာမဟုတ်သော မင်္ဂလာနှင့်စပ်သော ပြဿနာကို နတ်ဗြဟ္မာနှင့်တကွသော လူအပေါင်း၏ စိတ်ကိုယူ၍ တွေးတောခြင်းကို ဖြတ်တော်မူ၍ ကောင်းကင်ပြင်၌ လကိုထင်စေဘိသကဲ့သို့ ဟောတော်မူ၏။ ငါ့ရှင်တို့... ဤသို့လျှင် မြတ်စွာဘုရားသည် ကြီးမြတ်သော ပညာ ရှိတော်မူ၏ ဟု ပြောကြကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ယခုအခါ၌သာလျှင် သဗ္ဗညူ မြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူ၍ မင်္ဂလာနှင့်စပ်သော ပြဿနာကို ဖြေတော်မူခြင်းသည် မအံ့ဩအပ်သည်သာလျှင်တည်း၊ ငါဘုရားသည် ဘုရားလောင်းတို့၏ အကျင့်ကို ကျင့်တော်မူစဉ်လည်း နတ်တို့၏ ယုံမှားခြင်းကို ဖြတ်၍ မင်္ဂလာပြဿနာကို အကျဉ်း ဖြေဖူး၏။ ထိုဘုရားလောင်းဖြစ်စဉ် ဖြေသော ဂုဏ်ကျေးဇူးသည်လျှင် အလွန်အံ့ဖွယ်ရှိ၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ခုသောရွာငယ်ဝယ် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ပုဏ္ဏားမျိုး၌ဖြစ်၍ ဘုရားလောင်းအား ရက္ခိတ ဟူသော အမည်ကို မှည့်ကုန်၏။

ရက္ခိတရသေ့

ထိုဘုရားလောင်းသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ သားမယားကို သိမ်းဆည်းလျက် မိဘတို့လွန်သဖြင့် ရတနာဥစ္စာတိုက်ကို ကြည့်လျှင် ထိတ်လန့်သောစိတ် ရှိသည်ဖြစ်၍ အလှူကြီးကို ဖြစ်စေပြီးလျှင် ကာမဂုဏ်တို့ကိုပယ်၍ ဟိဝန္တာအရပ်၌ ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ တောသစ်မြစ် တောသစ်သီးဟူသော အစာရှိသည်ဖြစ်၍ တစ်ခုသောအရပ်၌ နေ၏။ အစဉ်သဖြင့် ထိုရက္ခိတရသေ့၏ အခြံအရံသည် များသည်ဖြစ်၏။ ငါးရာသောတပည့်တို့သည် ဖြစ်ကုန်၏။

တပည့်တို့လူ့ပြည်လာကြ

ထိုအခါ တစ်နေ့သ၌ တပည့်ရသေ့တို့သည် ဆရာ ဘုရားလောင်းသို့ ကပ်ပြီးလျှင် ရှိခိုး၍ ဆရာအား ဆရာ မိုးလလွန်သောအခါ၌ ဟိမဝန္တာတောမှသက်၍ ချဉ်ဆားမှီဝဲအံ့သောငှာ ဇနပုဒ်သို့ ဒေသစာရီ သွားပါကုန်အံ့၊ ဤသို့ ဒေသစာရီ သွားသည်ရှိသော် ခန္ဓာကိုယ်သည် မြဲမြံခိုင်ခံ့သည် ဖြစ်လတ္တံ့၊ သွားခြင်း ဣရိယာပုထ်ဖြင့် ခန္ဓာမျှသည် ဖြစ်လတ္တံ့ ဟု ပန်လျှောက်ကုန်၏။ ထိုသို့တပြီးကား သင်တို့သည် သွားလေကုန်၊ ငါမူကား ဤ၌သာလျင် နေအံ့ ဟုဆိုလတ်သော် ဘုရားလောင်း ရက္ခိတရသေ့ကို ရှိခိုးလျက် ဟိမဝန္တာမှ သက်ခဲ့ကုန်၍ ဒေသစာရီ သွားကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ရောက်၍ မင်း၏ဥယျာဉ်၌ နေကုန်၏။

မင်္ဂလာပြဿနာ

ထိုရသေ့တို့အား များစွာအရိုအသေပြု၍ လှူခြင်း မြတ်နိုးခြင်းရှိသည်သာလျှင် ဖြစ်၏။ ထိုအခါ တစ်နေ့သ၌ ဗာရာဏသီပြည်ဝယ် မင်းတို့၏ စုဝေးရာ တိုင်ပင်ရာဇရပ်၌ စည်းဝေးသော များစွာသောလူအပေါင်း၌ မင်္ဂလာပြဿနာသည် ဖြစ်၏။

(အလုံးစုံသော မင်္ဂလာပြဿနာကို ပစ္စုပ္ပန်ဝတ္ထုနည်းဖြင့်သာလျှင် သိအပ်၏။ )

ထိုအခါ၌လည်း လူတို့၏ယုံမှားခြင်းကိုဖြတ်၍ မင်္ဂလာပြဿနာကို ဖြေဆိုခြင်းငှာ စွမ်း ဆောင်နိုင်သောသူကို မမြင်သည်ဖြစ်၍ များစွာသော လူအပေါင်းသည် ဥယျာဉ်တော်သို့သွား၍ ရသေ့တို့ကို မင်္ဂလာပြဿနာကို မေးကြကုန်၏။

ဆရာရသေ့ကြီးထံတောင်းပန်

ရသေ့တို့သည် မင်းကိုခေါ်၍ မြတ်သောမင်းကြီး ငါတို့သည် မင်္ဂလာပြဿနာကို ဖြေဆိုခြင်းငှာ မတတ်နိုင်ကုန်၊ ထိုသို့ မတတ်နိုင်သော်လည်း ငါတို့ဆရာဖြစ်သော ရက္ခိတ အမည်ရှိသော ရသေ့သည် ကြီးသောပညာ ရှိ၏။ ဟိမဝန္တာ၌နေ၏။ ထိုငါတို့ဆရာ ရက္ခိတရသေ့သည် နတ်နှင့်တကွသော လူအပေါင်း၏စိတ်ကိုယူ၍ ထိုမင်္ဂလာပြဿနာကို ဖြေလတ္တံ့ဟု ဆိုကုန်၏။ မင်းသည် အရှင်ဘုရားတို့ ဟိမဝန္တာမည်သည်ကား ဝေးလှစွာ၏။ ရောက်နိုင်ခဲသလျှင်ကတည်း၊ အကျွန်ုပ်တို့သည် ထိုဟိမဝန္တာသို့သွားခြင်းငှာ မတတ်နိုင်ကုန်၊ အရှင်ဘုရား အကျွန်ုပ်တို့သည် တောင်းပန်ပါကုန်၏။ အရှင်ဘုရားတို့သာလျှင် ဆရာ့ထံသို့သွားပြီးလျှင် မေး၍ သင်ခဲ့၍ တစ်ဖန်လာလတ်၍ အကျွန်ုပ်တို့အား ဟောတော်မူပါကုန်လော့ ဟုဆို၏။ ထိုရသေ့တို့သည် ကောင်းပြီဟု ဝန်ခံ၍ ဆရာ့ထံသို့ သွားပြီးလျှင် ဆရာကိုရှိခိုး၍ ပြုအပ်ပြီးသော ပဋိသန္ထာရရှိသည်ဖြစ်၍ ဆရာရက္ခိတရသေ့သည် မင်း၏တရားဆယ်ပါး စောင့်သည်၏ အဖြစ်ကိုလည်းကောင်း, ဇနပုဒ်သားတို့ အလေ့အကျင့် စာရိတ္တကိုလည်းကောင်း မေးအပ်ပြီးသော် ထိုဒိဋ္ဌမင်္ဂလာ အစရှိသည်တို့၏ ဖြစ်ကြောင်းကို အစမှစ၍ ပြောဆိုပြီးလျှင် မင်း၏ တောင်းပန်ခြင်းကိုလည်းကောင်း၊ မိမိတို့၏ မင်္ဂလာပဉှာကို သိခြင်းငှာ လာသည်၏ အဖြစ်ကို လည်းကောင်း ဇနပုဒ်သားတို့၏ ပြဿနာကိုပြော၍ အရှင်ဘုရားတို့အား တောင်းပန်ပါကုန်၏။ အကျွန်ုပ်တို့အား မင်္ဂလာပြသနာကို ထင်အောင်ပြု၍ ဟောတော်မူပါကုန်လော့ ဟု ရသေ့တို့သည် တောင်းပန်ကုန်၏။ ထိုရသေ့တို့သည် တောင်းပန်ပြီးသည်နောက်မှ တပည့်ကြီးသည် ဆရာရက္ခိတရသေ့ကို လျှောက်လိုရကား-

၁၅၅။ ကိံသု နရော ဇပ္ပမဓိစ္စကာလေ၊
ကံ ဝါ ဝိဇ္ဇံ ကတမံ ဝါ သုတာနံ။
သောမစ္စော အသ္မိဉ္စ ပရမှိ လောကေ၊
ထထံကရော သောတ္ထာနေန ဂုတျတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၅၅။ ဘန္တေ၊ အရှင်ဘုရား။ ယော နရော၊ အကြင်ယောကျ်ားသည်။ ကာလေ၊ မင်္ဂလာကို တောင့် တသောအခါ၌။ ကိံသု၊ အဘယ်မည်သော အတတ်ကို။ ဇပ္ပံ-ဇပ္ပန္တော၊ ရွတ်ဖတ်-သရဇ္ဈာယ်လျက်။ ကံ ဝါ ဝိဇ္ဇံ၊ အဘယ်မည်သော ဗေဒင်ကိုမူလည်း။ အဓိစ္စ၊ သင်၍။ သုတာနံ၊ သင်အပ်ကြားအပ်သော အတတ်တို့တွင်။ ကတမံ ဝါ၊ အဘယ်မည်သော အတတ်ကိုမူလည်း။ အဓိစ္စ၊ သင်၍။ သော မစ္စော၊ ထိုယောက်ျားသည်။ အသ္မိဉ္စ၊ ဤပစ္စုပ္ပန်လောက၌ လည်းကောင်း။ ပရမှိ လောကေ စ၊ တမလွန်ဘဝ၌ လည်းကောင်း။ သောတ္ထာနေန၊ စင်ကြယ်ခြင်းသို့ ရောက်သဖြင့်။ ဂုတ္တော၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ ကထံ ကေန နိယာမေန၊ အဘယ်မည်သော အမှတ်ဖြင့်။ ကရော၊ ပြုသနည်း။ အထေဟိ၊ ဟောတော်မူပါလော့။

ပထမ မင်္ဂလာ

ဤသို့ တပည့်ကြီးသည် မင်္ဂပြဿနာကို မအပ်သည်ဖြစ်၍ ဘုရားလောင်းသည် နတ်လူတို့၏ ယုံမှားခြင်းကိုဖြတ်လျတ် ဤမည်သော ဤမည်သောအကြောင်းသည် မင်္ဂလာမည်၏ ဟူ၍ ဘုရား၏ တင့်တယ်ခြင်းဖြင့် မင်္ဂလာကို ဟောလိုသည်ဖြစ်၍-

၁၅၆။ ယဿ ဒေဝါ ပိတရော စ သဗ္ဗေ၊
သရီသပါ သဗ္ဗဘူတာနိ စာပိ။
မေတ္တယ နိစ္စံ အပစိတာနိ ဟောန္တိ၊
ဘူတေသု ဝေ သောတ္ထာနံ တဒါဟု။

ဟူသော ဤဂါထာကိုဆို၏။

၁၅၆။ ဘောန္တော သိဿာ၊ အို တပည့်အပေါင်းတို့။ ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဒေဝါ စ၊ ဘုမ္မစိုးနတ် အစရှိကုန်သော ကာမာဝစရနတ်ပြည် ခြောက်ထပ်၌ နေကုန်သော နတ်တို့ကိုလည်းကောင်း။ ပိတရော စ၊ ရူပါဝစရ အရူပါဝစရ ဗြဟ္မာတို့ကိုလည်းကောင်း။ သရီသပါ စ၊ ကျောက်ရှည်မျိုးဖြစ်ကုန်အော သတ္တဝါတို့ကို လည်းကောင်း။ သဗ္ဗဘူတာနိစာပိ၊ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော သတ္တဝါတို့ကိုလည်းကောင်း။ မေတ္တာယ၊ မေတ္တာဖြင့်။ နိစ္စံ၊ အခါခပ်သိမ်း။ အပစိတာနိ၊ လေ့ကျင့်ပွားများအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘူတေသု၊ ခပ်သိမ်းသော သတ္တဝါတို့၌။ တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ တံ မေတ္တာဘာဝနံ၊ ထိုမေတ္တာကို ပွားစေခြင်းကို။ သောတ္ထာနံ၊ စင်ကြယ်သော အပြစ်မရှိသော မင်္ဂလာဟူ၍။ ဝေ၊ စင်စစ်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဟောကုန်၏။

ဒုတိယမင်္ဂလာစသည် ၈-ပါး

ဤသို့ ဘုရားလောင်းသည် ရှေးဦးစွာသော မင်္ဂလာကို ဟောတော်မူပြီး၍ ဒုတိယမင်္ဂလာ အစရှိသည်တို့ကို ဟောတော်မူလိုသည်ဖြစ်၍-

၁၅၇။ ယော သဗ္ဗလောကဿ နိဝါတဝုတ္တိ၊
ဣတ္ထိပုမာနံ သဟဒါရကာနံ။
ခန္တာ ဒုရုတ္တာနမပ္ပဋိကူလဝါဒီ၊
အဓိဝါသနံ သောတ္ထာနံ တဒါဟု။
၁၅၈။ ယော နာဝဇာနာတိ သဟာယမတ္တေ၊
သိပ္ပေန ကုလျာဟိ ဓနေန ဇစ္စာ။
ရုစိပညော အတ္တကာလေ မတိမာ၊
သဟာယေသု ဝေ သောတ္ထာနံ တဒါဟု။
၁၅၉။ မိတ္တာနိ ဝေ ယဿ ဘဝန္တိ သန္တော၊
သံဝိဿတ္ထာ အဝိသံဝါဒကဿ။
န မိတ္တဒုဗ္ဘီ သံဝိဘာဂီ ဓနေန၊
မိတ္တေသု ဝေ သောတ္ထာနံ တဒါဟု။
၁၆၀။ ယဿ ဘရိယာ တုလျဝယာ သမဂ္ဂါ။
အနုဗ္ဗတာ ဓမ္မကာမာ ပဇာတာ။
ကောလိနိယာ သီလဝတီ ပတိဗ္ဗတာ၊
ဒါရေသု ဝေ သေတ္ထာနံ တဒါဟု။
၁၆၁။ ယဿ ရာဇာ ဘူတပတိ ယသဿီ၊
ဇာနာတိ သောစေယျံ ပရက္ကမဉ္စ။
အဒွေဇ္ဈတာ သုဟဒယံ မမန္တိ၊
ရာဇူသု ဝေ သောတ္ထာနံ တဒါဟု။
၁၆၂။ အန္နဉ္စ ပါနဉ္စ ဒဒါတိ သဒ္ဓေါ၊
မာလဉ္စ ဂန္ဓဉ္စ ဝိလေပနဉ္စ။
ပသန္နစိတ္တော အနုမောဒမာနော၊
သဂ္ဂေသု ဝေ သောတ္ထာနံ တဒါဟု။
၁၆၃။ ယမရိယဓမ္မေန ပုနန္တိ ဝုဒ္ဓါ၊
အာရာဓိတာ သမ္မစရိယာယ သန္တော။
ဗဟုဿုတာ ဣသယော သီလဝန္တော၊
အရဟန္တမဇ္ဈေ သောတ္ထာနံ တဒါဟု။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟော၏။

၁၅၇။ ဘောန္တော၊ အိုတပည့်အပေါင်းတို့။ ယော နရော၊ အကြင်သူသည်။ သဗ္ဗလောကဿ၊ ခပ်သိမ်းသော လူအပေါင်းအား။ နိဝါတဝုတ္တိ၊ နှိမ့်ချသောဖြစ်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ သဟဒါရကာနံ၊ သူငယ်တို့နှင့်တကွ ဖြစ်ကုန်သော။ ဣတ္တိပုမာနံ၊ မိန်းမယောက်ျားတို့၏။ ဒုရုတ္တာနံ၊ မကောင်းသဖြင့် ဆိုအပ်သော ဖရုသဝါစာတို့ကို။ ခန္တာ၊ သည်းခံလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အပ္ပဋိကူလဝါဒီ၊ သူတော်ကောင်းတို့အား လျော်သောစကားကိုသာ ဆိုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုသူ၏။ တံ အဓိဝါသနံ၊ ထိုသည်းခံခြင်းကို။ သောတ္ထာနံ၊ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဟောကုန်၏။

၁၅၈။ ဘောန္တော၊ အိုတပည့်အပေါင်းတို့။ ယောနရော၊ အကြင်သူသည်။ သဟာယမတ္တေ၊ မြဲ မမြဲသော အဆွေခင်ပွန်းတို့ကို။ သိပ္ပေန ဝါ၊ အတတ် ပညာဖြင့်လည်းကောင်း။ ကုလျာဟိ၊ အမျိုးပြည့်စုံခြင်းတို့ဖြင့်လည်းကောင်း။ ဓနေန၊ ဥစ္စာအားဖြင့် လည်းကောင်း။ ဇစ္စာ၊ ဇတ်အားဖြင့်လည်းကောင်း။ နာဝဇာနာတိ၊ မထီမဲ့မြင်မပြု။ အတ္ထကာလေ၊ အကျိုးအကြောင်းဖြစ်သောအခါ၌။ ရုစိပညော၊ နှစ်သက်အပ်သော ကောင်းသောပညာရှိသည် ဖြစ်၍။ မတိမာ၊ အကျိုး အကြောင်းကို ပိုင်းခြားစီရင်နိုင်သော ပညာရှိသည် ဖြစ်၍။ တေ သဟာယေ၊ ထိုအဆွေခင်ပွန်းတို့ကို။ နာဝဇာနာတိ၊ မထီမဲ့မြင် မပြု။ သဟာယေသု၊ အဆွေခင်ပွန်းတို့၌။ တံ နာဝဇာနနံ၊ ထိုမထီမဲ့မြင်မပြုခြင်းကို။ ဝေ၊ စင်စစ်။ သောတ္ထာနံ၊ အပြစ်မရှိ စင်ကြယ်သောမင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဟောကုန်၏။

၁၅၉။ ဘောန္တော၊ အို တပည့်အပေါင်းတို့။ အဝိသံဝါဒကဿ၊ မချွတ်ယွင်းစေတတ်သော အလေ့ရှိသော။ ယဿ နရဿ၊ အကြင်သူအား။ သံဝိဿတ္ထော၊ အကျွမ်းဝင်ခြင်းသို့ ရောက်ကုန်သော။ သန္တော၊ ပညာရှိသူတော်ကောင်းတို့သည်။ ဝေ၊ စင်စစ်။ မိတ္တာနိ၊ အဆွေခင်ပွန်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ မိတ္တဒုဗ္ဘီ၊ အဆွေခင်ပွန်းတို့၏ အစီး အပွားကို ဖျက်ဆီးတတ်သည်။ န ဟောတိ၊ မဖြစ်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဓနေန၊ မိမိဥစ္စာဖြင့်။ သံဝိဘာဂီ၊ အဆွေခင်ပွန်းတို့အား ဝေဖန်ခွဲခြမ်းလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ တဿ နရဿ၊ ထိုသို့သောသူ၏။ တံ၊ ထိုအဆွေခင်ပွန်းကောင်းရှိခြင်း အဆွေခင်ပွန်းတို့အား ဥစ္စာ ဆက်ဆံ ဝေဖန်ဖြန့်ချီခြင်းကို။ ဝေ၊ စင်စစ်။ သောတ္ထာနံ၊ စင်ကြယ်သောမင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဟောကုန်၏။

၁၆၀။ ဘောန္တော၊ အို တပည့်အပေါင်းတို့။ ယဿ နရဿ၊ အကြင်သူအား။ တုလျဝယာ၊ တူသောအရွယ်ရှိသော။ သမဂ္ဂါ၊ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ နေလေ့ရှိသော။ အနုဗ္ဗတာ၊ လင်၏ အလိုကိုသာလိုက်သော။ ဓမ္မကာမာ၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့ကိုသာ နှစ်သက်တတ်သော။ ပဇာတာ၊ မိန်းမမြုံ မဟုတ်သော။ ကောလိနိယာ၊ မြတ်သောအမျိုးရှိသော။ သီလဝတီ၊ သီလရှိသော။ ပတိဗ္ဗတာ၊ လင်ကိုရိုသေသော အကျင့်ရှိသော။ ဘရိယာ၊ မယားသည်။ အတ္ထိ၊ ရှိ၏။ တဿ နရဿ၊ ထိုသူ၏။ ဒါရေသု၊ မယားတို့၌။ တံ၊ ထိုဆိုခဲ့ပြီးသော ဂုဏ်နှင့်ပြည့်စုံသောမယားကို။ ဝေ၊ စင်စစ်။ သောတ္ထာနံ၊ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍။ အာဟု၊ ဟောကုန်၏။

၁၆၁။ ဘောန္တော၊ အို တပည့်အပေါင်းတို့။ ယဿ နရဿ၊ အကြင်သူ၏။ သောစေယျဉ္စ၊ စင်ကြယ်သည်၏အဖြစ်ကို လည်းကောင်း။ ပရက္ကမဉ္စ၊ လုံ့လရှိသည်၏အဖြစ်ကို လည်းကောင်း။ အယံ၊ ဤသူသည်။ သုဟဒံ၊ ကောင်းသောစိတ်ရှိ၏။ ဣတိ၊ ဤသို့။ မမံ၊ ငါ့ကို။ ဘူတပတိ၊ လူအပေါင်းတို့၏ အရှင်ဖြစ်တော်မူသော။ ယသဿီ၊ မြတ်သော ကျော်စောခြင်းရှိသော။ ရာဇာ၊ မင်းသည်။ ဇာနာတိ၊ သိ၏။ ရာဇူသု၊ မင်းတို့ကို။ သေဝကဿ၊ မှီဝဲဆည်းကပ်သော။ တဿ နရဿ၊ ထိုသို့သောသူ၏။ တံ၊ ထိုသောစေယျ အစရှိသည်ကိုလျှင်။ ဝေ၊ စင်စစ်။ သောတ္ထာနံ၊ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ပညာ ရှိတို့သည်။ အာဟု၊ ဟောကုန်၏။

၁၆၂။ ဘောန္တော၊ အိုတပည့်အပေါင်းတို့။ ယော နရော၊ အကြင်သူသည်။ သဒ္ဓေါ၊ ကံ ကံ၏ အကျိုးကို ယုံကြည်သည်ဖြစ်၍။ အန္နဉ္စ၊ ထမင်းကိုလည်းကောင်း။ ပါနဉ္စ၊ အဖျော်ကို လည်းကောင်း။ ဒဒါတိ၊ လှူ၏။ မာလဉ္စ၊ ပန်းကို လည်းကောင်း။ ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း။ ဝိပလေနဉ္စ၊ နံ့သာ ပျောင်းကိုလည်းကောင်း။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အနုမောဒမာနော၊ ဝမ်းမြောက်သည့ဖြစ်၍။ ဒဒါတိ၊ လှူ၏။ တဿ နရဿ၊ ထိုအလှူရှင်၏။ တံ ဒါနံ၊ ထိုအလှူကို။ သဂ္ဂေသု၊ နတ်ပြည်တို့၌။ ဝေ၊ စင်စစ်။ သောတ္ထာနံ၊ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော အပြစ်မရှိသော မင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ အာဟု၊ ဟောကုန်၏။

၁၆၃။ ဘောန္တော၊ အိုတပည့်အပေါင်းတို့။ ဝုဒ္ဓါ၊ ပညာအားဖြင့် ကြီးကုန်သော။ သန္တော၊ ငြိမ်သက်ယဉ်ကျေးသော စိတ်ရှိကုန်သော။ ဗဟုဿုတာ၊ ပဋိဝေဓ ဗဟုသုတရှိကုန်သော။ ဣသယော၊ ရှာမှီးအပ်ပြီးသော ဂုဏ်ရှိကုန်သော။ သီလဝန္တော၊ အရိယသီလရှိကုန်သော အရိယာတို့သည်။ သမစရိယာယ၊ ကောင်းသောအကျင့်ဖြင့်။ အာရာဓိတာ၊ နှစ်သက်သောစိတ် ရှိကုန်သည်ဖြစ်၍။ ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။ အရိယဓမ္မေန၊ မြတ်သောအကျင့်ဖြင့်။ ပုနန္တိ၊ သုတ်သင်ကုန်၏။ အရဟန္တမဇ္ဈေ၊ ရဟန္တာတို့၏အလယ်၌။ ပဋိလဘိတဗ္ဗံ၊ ရအပ်သော။ တဿ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။ တံ အရိယဓမ္မံ၊ ထိုအရိယာတို့၏ အရဟတ္တဖိုလ်တရားကို။ သေတ္ထာနံ၊ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာဟူ၍။ ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာ ရှိတို့သည်။ အာဟု၊ ဟောကုန်၏။

မှီဝဲကြလေ

ဤသို့လျှင် ဘုရားအလောင်းတော်သည် အရဟတ္တဖိုလ်ဖြင့် ဒေသနာ၏အထွတ်ကိုတင်လျက် ဤရှစ်ဂါထာတော်တို့ဖြင့် ရှစ်ပါးသော မင်္ဂလာကြီးတို့ကို ဟောတော်မူ၍ ထိုရှစ်ပါးသော မင်္ဂလာကြီးတို့အားသာလျှင် ချီးမွမ်းခြင်း ထောမနာကို ပြုလိုသည်ဖြစ်၍-

၁၆၄။ ဧတာနိ ခေါ သောတ္ထာနာနိ လောကေ၊
ဝိညုပ္ပသတ္ထာနိ သုခုဒြယာနိ။
တာနီဓ သေဝေထ နရော သပညော၊
န ဟိ မင်္ဂလေ ကိဉ္စနမတ္တိ သစ္စံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟော၏။

၁၆၄။ ဘောန္တော၊ အို တပည့်အပေါင်းတို့။ လောကေ၊ သတ္တလောက၌။ ဧတာနိ၊ ဤရှစ်ပါးသော မင်္ဂလာကြီးတို့သာလျှင်။ သောတ္ထာနာနိ၊ အပြစ်မရှိ စင်ကြယ်သော မင်္ဂလာမည်ကုန်၏။ ဝိညုပသတ္ထာနိ၊ ဘုရားအစရှိသော ပညာရှိတို့သည် ချီးမွမ်းအပ်ကုန်၏။ သုခုဒြယာနိ၊ နိဗ္ဗာန်တိုင်အောင် မြတ်သောချမ်းသာကို ဖြစ်စေတတ်ကုန်၏။ ဣဓ၊ ဤလောက၌။ သပညော၊ ပညာရှိသော။ နရော၊ လူနတ်အပေါင်းသည်။ တာနိ၊ ထိုရှစ်ပါးသော မင်္ဂလာကြီးတို့ကိုသာလျှင်။ သေဝေထ၊ မှီဝဲကုန်ရာ၏။ ဟိ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ မင်္ဂလေ၊ ဒိဋ္ဌမင်္ဂလာ သုတမင်္ဂလာ မုတမင်္ဂလာ၌။ ကိဉ္စနံ၊ တစ်စုံတစ်ခုသော မင်္ဂလာသည်မျှလည်း။ သစ္စံ၊ ပရမတ္ထသစ္စာမည်သည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တာနိ၊ ထိုရှစ်ပါးသော မင်္ဂလာကြီးတို့ကိုသာလျှင်။ သေဝေထ၊ မှီဝဲကုန်ရာ၏။

မင်းကြီးအား ဟောပြခြင်း

မေးလျှောက်လာကုန်သော ရသေ့အပေါင်းတို့သည် ထိုရှစ်ပါးသော မင်္ဂလာကြီးတို့ကိုနာ၍ ခုနစ်ရက် ရှစ်ရက်လွန်သဖြင့် ဆရာ ရက္ခိရသေ့ကို ပန်ကြား၍ ထိုဗာရာဏသီပြည်သို့သာလျှင် လာကုန်၏။ ဗာရာဏသီမင်းသည် ထိုရသေ့တို့၏ အထံသို့သွား၍ မေး၏။ ထိုရသေ့တို့သည် မင်းအား ဆရာရက္ခိတရသေ့ ဟောသောနည်းဖြင့်သာလျှင် မင်္ဂလာပြဿနာကို ဟောခဲ့၍ ဟိမဝန္တာသို့သာလျှင် ပြန်လာကုန်၏။ ထိုမင်္ဂလာကို ကြားနာရာကာလစ၍ လောက၌ မင်္ဂလာသည် ထင်ရှားသည် ဖြစ်၏။ မင်္ဂလာတို့ကို ကောင်းစွာကျင့်ကုန်၍ သေတိုင်းသေတိုင်းကုန်သော လူတို့သည် နတ်ပြည်ကို ပြည့်စေကုန်၏။ ဘုရားလောင်းသည် လေးပါးကုန်သော ဗြဟ္မဝိဟာရတရားတို့ကို ပွားစေပြီးလျှင် ရသေ့အပေါင်းတို့ကို ယူဆောင်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မင်္ဂလာပြဿနာကို ဖြေဆိုသည်မဟုတ်သေး၊ ရှေးရက္ခိတရသေ့ ဖြစ်သောအခါ၌လည်း ဤမင်္ဂလာပြဿနာကို ဖြေဆိုတော်မူပြီဟု မိန့်တော်မူ၍ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ တပည့်ရသေ့အပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မင်္ဂလာပြဿနာကို မေးလာသော ရသေ့တပည့်ကြီး ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာရက္ထိရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

မင်္ဂလာတရား၊ လိုက်နာပွား၊ ကြီးပွားကြလိမ့်မည်

တစ်ဆယ့်ငါးခုမြောက်သော မဟာမင်္ဂလဇာတ်သည် ပြီး၏။

*****