မာတိကာသို့ ခုန်သွားရန်

မဟာဟံသဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၄။ မဟာဟံသဇာတ် (၂)
2696ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၃၄။ မဟာဟံသဇာတ် (၂)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

အသီတိနိပါတ်

၂။ မဟာဟံသဇာတ်

တပည့်လိမ္မာ၍ ဆရာအသက်ချမ်းသာခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသခင်သည် ဧတေ ဟံသာ ပက္ကမန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာဟံသဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ အသက်ကိုစွန့်ခြင်းကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် အောက်စူဠဟံသဇာတ်၌ ဆိုအပ်ပြီးသည်နှင့် တူသလျှင်ကတည်း။ အထူးကား- ဤမဟာဟံသဇာတ်၌ သဗ္ဗညူဘုရားသခင်သည် အတိတ်ကို ဆောင်တော်မူသည်ရှိသော် ဤအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သံယမအမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်းအား ခေမာအမည်ရှိသော မိဖုရားကြီးသည် ရှိ၏။ ထိုအခါ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ကိုးသောင်းသော ဟင်္သာအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်၌ နေတော်မူ၏။

အိပ်မက်ထဲမှာ ရွှေဟင်္သာ

ထိုအခါ တစ်နေ့သ၌ ခေမာမိဖုရားကြီးသည် မိုးသောက်ထအခါ၌ အိပ်မက်မြင်မက်၏။ ရွှေဟင်္သာတို့သည် လာလတ်ကုန်၍ ရာဇပလ္လင်၌နေကုန်လျက် သာယာသောအသံဖြင့် တရားဟောကုန်၏။ ခေမာမိဖုရားကြီးသည် ကောင်းချီးပေးလျက် တရားတော်ကိုနာစဉ် တရားနာခြင်းဖြင့် မရောင့်ရဲမီသာလျှင် ညဉ့်သည်လင်းလတ်၏။ ဟင်္သာတို့သည် တရားဟောပြီးကုန်ပြီးလျှင် ခြင်္သေ့ခံသော လေသွန်နန်းတံခါးဖြင့်ထွက်၍ သွားကုန်၏။ ထိုမိဖုရားသည် လျင်မြန်စွာထလတ်၍ ပြေးသွားကုန်သော ဟင်္သာတို့ကို ဖမ်းကြပါကုန်လော့၊ ဖမ်းကြပါကုန်လော့ဟု ဆို၍ လက်ကိုဆန့်စဉ်ပင်လျှင် နိုး၏။ ထိုမိဖုရားကြီးစကားကို ကြားကုန်၍ ကိုယ်လုပ်မောင်းမတို့လည်း ဟင်္သာတို့သည် အဘယ်မှာနည်းဟု အတန်ငယ် ပြက်ရယ်ပြုကြကုန်၏။

မိဖုရားကြီး ချင်ခြင်းဖြစ်

ခေမာ မိဖုရားကြီးသည် ထိုခဏ၌ အိပ်မက်အဖြစ်ကိုသိ၍ ငါသည် မဟုတ်မမှန်သည်ကို မမြင်မက်ရာ၊ မချွတ်လျှင် ဤလောက၌ ရွှေဟင်္သတို့သည် ရှိကုန်လတ္တံ့၊ စင်စစ်သော်ကား အကယ်၍ ရွှေဟင်္သာတို့၏တရားကို နာလိုပါ၏ဟု အရှင်မင်းကြီးကို တင်လျှောက်အံ့၊ ငါတို့သည် ရွှေဟင်္သာမည်သည်ကို မမြင်ဖူးပါကုန်၊ ဟင်္သာတို့ တရားစကားမည်သည်လည်း မဖြစ်ဖူးသည်သာလျှင်တည်းဟုဆို၍ အားမထုတ်သည် ဖြစ်လတ္တံ့။ ချင်ခြင်းဖြစ်ပါ၏ဟု တင်လျှောက်သည်ရှိသော်ကား အမှတ်မရှိသောအကြောင်းဖြင့် ရှာတော်မူလတ္တံ့၊ ဤသို့ ရှာတော်မူသည်ရှိသော် ငါ၏စိတ်အလိုသည် ပြည့်စုံလတ္တံ့ဟု ကြံ၍ ထိုမိဖုရားကြီးသည် ဖျားနာဟန်ပြုသဖြင့် ကိုယ်လုပ်မောင်းမတို့အား အမှတ်သညာကိုပေး၍ အိပ်၏။

မင်းသည် မင်း၏နေရာ၌ နေသည်ရှိသော် ထိုမိဖုရားကြီးအား မြင်သင့်သောအခါ၌ ထိုမိဖုရားကြီးကိုမမြင်၍ ခေမာ မိဖုရားကြီးသည် အဘယ်မှာနည်းဟု မေးတော်မူ၍ ဖျားနာပါ၏ဟု တင်လျှောက်ကုန်လတ်သော် ထိုမိဖုရားကြီးအထံသို့ သွားပြီးလျှင် အိပ်ရာတစ်ပိုင်းက ထိုင်တော်မူ၍ ကျောကိုသုံးသပ်လျက် ရှင်မိဖုရားအား အဘယ် မချမ်းသာသနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ်အား တစ်ပါးသော မချမ်းသာခြင်းမည်သည် မရှိပါ၊ ချင်ခြင်းသည်ကား ဖြစ်ပါ၏ဟု တင်လျှောက်၏။ ရှင်မိဖုရား... ထိုသို့ဖြစ်လျှင် ငါအားပြောဆိုလော့၊ အကြင်ဝတ္ထုကို ရှင်မိဖုရား အလိုရှိ၏။ ထိုဝတ္ထုကိုလျှင် ရှင်မိဖုရားအား လျင်စွာ ဆက်စေအံ့ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ်သည် ဆောက်အပ်သောထီးဖြူရှိသော ရာဇပလ္လင်၌နေသော တစ်ခုသောရွှေဟင်္သာမင်းအား ပန်းနံ့သာအစရှိသည်တို့ဖြင့် ပူဇော်ခြင်းကိုပြု၍ ကောင်းချီးပေးလျက် တရားစကားကိုနာခြင်းငှာ အလိုရှိပါ၏။ အကယ်၍ ရအံ့၊ ဤသို့ ရပါသည်ရှိသော် ကောင်း၏။ အကယ်၍ မရအံ့၊ အကျွန်ုပ်အသက်သည် မရှိပြီဟု တင်လျှောက်၏။

မင်းကြီး ရွှေဟင်္သာရှာခြင်း

ထိုအခါ မိဖုရားကြီးကို မင်းသည် လူ့ပြည်၌ အကယ်၍ ရှိအံ့၊ ရပါလတ္တံ့၊ မစိုးရိမ်လင့်ဟု ထိုမိဖုရားကြီးကို နှစ်သိမ့်စေပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းမှ ထွက်တော်မူခဲ့၍ မှူးတော်မတ်တော်တို့နှင့်တကွ တိုင်ပင်တော်မူ၏။ အို... အမတ်တို့... ခေမာမိဖုရားကြီးသည် ရွှေဟင်္သာမင်း၏ တရားစကားကိုနာခြင်းငှာ ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော် အကျွန်ုပ်အသကျ မရှိပြီဟု ငါ့အား တင်လျှောက်၏။ ရွှေဟင်္သာတို့မည်သည် ရှိပါကုန်မည်လော ဟု မေးတော်မူလတ်သော် အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မမြင်ဖူး ကြားဖူးပါကုန် ဟု တင်လျှောက်ကြကုန်၏။ အဘယ်သူတို့သည် သိပါကုန်အံ့နည်းဟု မေးတော်မူပြန်သော် အရှင်မင်းမြတ်... ပုဏ္ဏားတို့သည် သိကုန်ရာ၏ဟု တင်လျှောက်ကြကုန်၏။

မင်းသည် ပုဏ္ဏားတို့ကို ခေါ်တော်မူပြီးလျှင် ပူဇော်သက္ကာရကို ပြုတော်မူ၍ ဆရာတို့... ရွှေဟင်္သာတို့သည် ရှိကုန်မည်လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ရှိပါကုန်၏။ အကျွန်ုပ်တို့ ဗေဒင်ကျမ်းတို့၌ ငါးတို့သည်လည်းကောင်း၊ ပုစွန်တို့သည်လည်းကောင်း၊ လိပ်တို့သည်လည်းကောင်း၊ သမင်တို့သည်လည်းကောင်း၊ ဥဒေါင်းတို့သည်လည်းကောင်း၊ ဟင်္သာတို့သည်လည်းကောင်း တိရစ္ဆာန်ဖြစ်ကုန်သော ဤသတ္တဝါတို့သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏ဟု လာပါကုန်၏။ ထိုတိရစ္ဆာန်တို့တွင် ဓတရဋ္ဌမျိုးဖြစ်ကုန်သော ရွှေဟင်္သာတို့မည်သည်ကား ပညာရှိကုန်၏။ ဉာဏ်နှင့်ပြည့်စုံကုန်၏။ ဤသို့လျှင် လူတို့နှင့်တကွ ခုနစ်ယောက်သောသူတို့သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏ဟု တင်လျှောက်ကြကုန်၏။

ထိုသို့ တင်လျှောက်သောစကားကို ကြား၍ မင်းသည် ဝမ်းမြောက်သည်ဖြစ်၍ ဆရာတို့... ဓတရဋ္ဌမျိုး ဖြစ်ကုန်သော ရွှေဟင်္သာတို့သည် အဘယ်အရပ်၌ နေကုန်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် မသိပါကုန်ဟု တင်လျှောက်ကြကုန်၏။ ဆရာတို့မသိကုန်သည်ရှိသော် အဘယ်သူတို့သည် သိပါကုန်အံ့နည်းဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... မုဆိုးသားတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်ကုန်လတ်သော် မိမိနိုင်ငံအတွင်း၌ရှိကုန်သော အလုံးစုံကုန်သောမုဆိုးတို့ကို စည်းဝေးစေ၍ မေးတော်မူ၏။ အမောင်တို့... ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ဓတရဋ္ဌမျိုးဖြစ်ကုန်သော ဟင်္သာတို့သည် အဘယ်အရပ်၌ နေကုန်သနည်းဟု မေးတော်မူ၏။ ထိုအခါ တစ်ယောက်သောမုဆိုးသည် အရှင်မင်းမြတ် ဟိမဝန္တာအရပ်ဝယ် စိတ္တကုဋ်တောင်၌ နေကုန်သတတ်ဟု အကျွန်ုပ်တို့ အမျိုးအဆက်ဆက်မှ ပြောဆိုကြပါကုန်၏ဟု တင်လျောက်၏။

ထို ရွှေဟင်္သာတို့ကို ဖမ်းယူအံ့သောအကြောင်းကို သင်သိ၏လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... အကျွန်ုပ် မသိပါဟု တင်လျှောက်လတ်သော် အဘယ်သူတို့သည် သိကုန်အံ့နည်းဟု မေးတော်မူ၍ အရှင်မင်းမြတ်... ပုဏ္ဏားတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်၏။

ရေကန်တူးစေခြင်း

ထိုမင်းသည် ပုဏ္ဏားပညာရှိတို့ကို ခေါ်စေတော်မူ၍ စိတ္တကုဋ်တောင်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဟင်္သာတို့ရှိသောအဖြစ်ကို ကြား၍ ထိုရွှေဟင်္သာတို့ကို ဖမ်းယူအံ့သောအကြောင်းကို သိကြကုန်၏လောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ထိုရွှေဟင်္သာတို့ကိုသွား၍ဖမ်းယူသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဥပါယ်တမျဉ်ဖြင့် ထိုရွှေဟင်္သာတို့ကို မြို့တော်အနီးသို့သွေးဆောင်၍ ဖမ်းယူပါကုန်အံ့ဟု တင်လျှောက်ကုန်လတ်သော် ဥပါယ်တမျဉ်သည် အဘယ်နည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မြို့တော်မှမနီးမဝေး သုံးဂါဝုတ်ရှိသောမြောက်အရပ်၌ သုံးဂါဝုတ်အတိုင်းအရှည်ရှိသော ခေမာမည်သောအိုင်ကို တူးစေ၍ ရေဖြင့်ပြည့်စေပြီးလျှင် အထူးထူးသော စပါးမျိုးတို့ကို စိုက်ပျိုးစေ၍ ငါးပါးသောအဆင်းရှိသော ကြာပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းသည်ကို ပြုစေတော်မူပြီးလျှင် ပညာရှိသော မုဆိုးတစ်ယောက်ကိုအပ်နှင်း၍ လူတို့အား ချဉ်းကပ်စိမ့်သောငှာ မပေးမူ၍ အိုင်လေးထောင့်တို့၌ တည်သူတို့ကို ဘေးမဲ့ပေးခြင်းကို ကြွေးကြော်စေတော်မူကုန်လော့၊ ထို ဘေးမဲ့ကြွေးကြော်သံကို ကြားကုန်လျှင် အထူးထူးသောငှက်တို့သည် အရပ်ဆယ်မျက်နှာမှ သက်ကြကုန်လတ္တံ့၊ ထိုသို့ အထူးထူးသောငှက်တို့သည် သက်ကြကုန်သည်ရှိသော် ထိုရွှေဟင်္သတို့သည်လည်း အဆင့်ဆင့်ဖြင့် ထိုအိုင်၏ ဘေးမရှိသောအဖြစ်ကိုကြား၍ လာကုန်လတ္တံ့၊ ထိုသို့ လာကုန်သည်ရှိသော် ထိုရွှေဟင်္သာတို့ကို သားမြီးကွင်းတို့ဖြင့်ထောင်စေ၍ ဖမ်းယူတော်မူကုန်လော့ဟု တင်လျှောက်ကုန်၏။

ထိုသို့တင်လျှောက်သော စကားကိုကြား၍ မင်းသည် ထိုပုဏ္ဏားတို့ တင်လျှောက်သောအရပ်၌ ဆိုအပ်ပြီးသော အခြင်းအရာရှိသောအိုင်ကို တူးစေပြီးလျှင် လိမ္မာသောမုဆိုးတစ်ယောက်ကို ခေါ်စေတော်မူ၍ ထိုမုဆိုးအား အသပြာတစ်ထောင်ပေး၍ သင်သည် ဤနေ့မှစ၍ မိမိအမှုကို မပြုလင့်၊ ငါသည် သင်၏သားမယားတို့ကို မွေးကျွေးအံ့၊ သင်သည် မမေ့မလျော့ ခေမာအိုင်ကိုစောင့်လျက် လူတို့ကိုဖဲစေ၍ အိုင်လေးထောင့်တို့၌ ဘေးမဲ့ကိုကြွေးကြော်၍ လာတိုင်းလာတိုင်းကုန်သော ငှက်တို့ကို ငါ့အား ကြားလာလှည့်၊ ရွှေဟင်္သာတို့သည် လာကုန်သည်ရှိသော် များစွာသော ပူဇော်သက္ကာရကို ရလတ္တံ့ဟု မိန့်တော်မူ၍ ထိုမုဆိုးကို နှစ်သိမ့်စေသဖြင့် ခေမာအိုင်ကို အပ်နှင်းတော်မူ၏။ ထိုမုဆိုးသည် ထိုအခါမှစ၍ မင်းမိန့်မှာတော်မူသည့် နည်းဖြင့်လျှင် ထိုအိုင်၌ကျင့်၏။ ခေမာအိုင်ကို စောင့်ရှောက်၏။ ထိုသို့ ခေမာအိုင်ကို စောင့်ရှောက်သောကြောင့် ထိုမုဆိုးအား ခေမာမုဆိုးဟူ၍သာလျှင် ထင်ရှားလေ၏။

ဟင်္သာတို့လာကြပြီ

ထိုအခါမှစ၍ အထူးထူးအပြားပြားကုန်သော ငှက်တို့သည် သက်ကုန်၏။ ခေမာအိုင်သည် ဘေးမရှိ၊ ငြိမ်းချမ်းသာယာ၏ဟု အဆင့်ဆင့်ကြွေးကြော်သဖြင့် အထူးထူးသောဟင်္သာတို့သည် လာလတ်ကုန်၏။ ရှေးဦးစွာ တိဏဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုတိဏဟင်္သာတို့၏ ကြွေးကြော်သံကြောင့် ပဏ္ဍုဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုပဏ္ဍုဟင်္သာတို့၏ ကြွေးကြော်သံကြောင့် မနောသိလာမျိုးဖြစ်ကုန်သော ဟင်္သာတို့သည် လာလတ်ကုန်၏။ ထိုမနောသိလာမျိုးဖြစ်ကုန်သော ဟင်္သာတို့၏ ကြွေးကြော်သံကြောင့် သေတဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။ ထိုသေတဟင်္သာမျိုး ဖြစ်ကုန်သော ဟင်္သာတို့၏ကြွေးကြော်သံကြောင့် ပါကဟင်္သာမျိုးတို့သည် လာလတ်ကုန်၏။

ထိုပါကဟင်္သာမျိုးတို့သည် လာလတ်ကုန်သည်ရှိသော် ခေမာမုဆိုးသည်သွား၍ မင်းအားလျှောက်၏။ အရှင်မင်းမြတ်... အမျိုးငါးပါးရှိကုန်သော ဟင်္သာတို့သည် လာလတ်ကုန်၍ အိုင်၌ကျက်စားကုန်ပြီ၊ ပါကဟင်္သာမျိုးတို့ လာသည်၏အဖြစ်ကြောင့် ယခုအခါ နှစ်ရက်သုံးရက်ဖြင့် ရွှေဟင်္သာတို့သည် လာပါကုန်လတ္တံ့၊ အရှင်မင်းမြတ် စိုးရိမ်တော်မမူလင့်ဟု တင်လျှောက်၏။ ထိုစကားကိုကြား၍ မင်းသည် ခေမာမုဆိုးမှ တစ်ပါးသောသူသည် ထိုခေမာအိုင်သို့မသွားအပ်၊ အကြင်သူသည်သွားအံ့၊ ထိုသူသည် လက်ခြေဖြတ်ခြင်းသို့လည်းကောင်း၊ အိမ်ဖျက်ဆီးခြင်းသို့ လည်းကောင်း ရောက်လတ္တံ့ ဟု မြို့တော်အလုံး၌ စည်လည်စေတော်မူ၏။ ထိုအခါမှစ၍ ထိုအိုင်သို့ တစ်စုံတစ်ယောက်သောသူသည် မသွားဝံ့ပြီ။ စိတ္တကုဋ်တောင်၏ မနီးမဝေး၌ကား ရွှေဂူဝယ် ပါကဟင်္သာမျိုးတို့သည် နေကုန်၏။ ထိုပါကဟင်္သာမျိုးတို့သည် ကြီးသော ခွန်အားရှိကုန်၏။ ဓတရဋ္ဌဟင်္သားမျိုးနှင့်သာလျှင် တကွနေကုန်၏။ ထိုပါကဟင်္သာမျိုးတို့၏ ကိုယ်အဆင်းသည်သာလျှင်ထူး၏။ ပါကဟင်္သာမင်း၏ သမီးသည်ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထိုပါကဟင်္သာမင်းသည် ထိုသမီးကို ဓတရဋ္ဌရွှေဟင်္သာမင်းအား လျောက်ပတ်၏ဟု ကြံ၍ ထိုဓတရဋ္ဌ ရွှေဟင်္သာမင်းအား မိဖုရားကြီးပြု၍ ဆက်စေ၏။ ထိုပါကဟင်္သာမင်း၏ သမီးတော်ကို ဓတရဋ္ဌရွှေဟင်္သာမင်းသည် အလွန်ချစ်နှစ်သက်တော်မူ၏။ ထိုအကြောင်းကြောင့်လျှင် ထိုဟင်္သာမျိုးနှစ်ပါးတို့သည် အချင်းချင်း အကျွမ်းဝင်ကုန်သည် ဖြစ်၏။

ထိုအခါ တစ်နေ့သ၌ ဘုရားလောင်း ရွှေဟင်္သာမင်း၏ အခြံအရံဟင်္သာတို့သည် ပါကဟင်္သာတို့ကို မေးကုန်၏။ ဤနေ့တို့၌ သင်တို့သည် အဘယ်အရပ်၌ ကျက်စားကြကုန်သနည်းဟု မေးကုန်၏။ ငါတို့သည် ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ခေမာအမည်ရှိသောအိုင်ဝယ် ကျက်စားကြကုန်၏။ သင်တို့သည်ကား အဘယ်အရပ်သို့ လှည့်လည်ကုန်သနည်းဟု မေးကုန်၏။ ငါတို့သည် ဤမည်သောအရပ်သို့ လှည့်လည်ကြကုန်၏ဟု ပြောဆိုလတ်သော် အဘယ်ကြောင့် ခေမာအိုင်သို့ သင်တို့မသွားကြကုန်သနည်း၊ ထိုစကားသည် မှန်၏။ ထိုခေမာအိုင်သည် နှလုံးမွေ့လျော်ဖွယ်ရှိ၏။ အထူးထူးသော ငှက်မျိုးတို့ဖြင့် ပြွမ်း၏။ ကြာမျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းအပ်၏။ အထူးထူးသော စပါးတို့ဖြင့်ပြည့်စုံ၏။ အထူးထူးသော ပျားပိတုန်းတို့ဖြင့် ရင့်ရူရွှင်မြူးရာလည်း ဖြစ်၏။ အိုင်လေးထောင့်တို့၌ အမြဲလျှင်ဖြစ်သော ဘေးမဲ့ကြွေးကြော်သံသည် ဖြစ်၏။ ထိုခေမာအိုင်သို့ ချဉ်းကပ်အံ့သောငှာဝံ့သော တစုံစ်တစ်ယောက်သော သူမည်သည်မရှိ၊ တစ်ပါးသောဘေးရန်ကို ပြုခြင်းကား အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ ဘေးရန်မရှိသည်သာတည်း၊ ခေမာအိုင်သည် ဤသို့သဘောရှိ၏ဟု ထိုခေမာအိုင်ကို ချီးမွမ်းကြကုန်၏။

ဟင်္သာမင်း တားမြစ်ခြင်း

ထိုဘုရားလောင်း ရွှေဟင်္သာမင်း၏ အခြံအရံတို့သည် ထိုပါကဟင်္သာတို့၏စကားကို ကြားကုန်၍ ဗာရာဏသီပြည်၏အနီး၌ ဤသို့သဘောရှိသော ခေမာအမည်ရှိသောအိုင်သည် ရှိပါသတတ်၊ ပါကဟင်္သာတို့သည် ထိုခေမာအိုင်သို့သွားကုန်၍ အစာကိုယူကုန်၏။ အရှင်တို့သည်လည်း ဓတရဋ္ဌဟင်္သာမင်းအား တင်လျှောက်ကုန်လော့။ အကယ်၍ ခွင့်ပြုတော်မူကုန်အံ့၊ အကျွန်ုပ်တို့သည်လည်း ထိုခေမာအိုင်သို့သွား၍ အစာကိုယူပါကုန်အံ့ဟု စစ်သူကြီး သုမုခအား ကြားလျှောက်ကြကုန်၏။ စစ်သူကြီးသုမုခသည် မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်းအား ထိုအကြောင်းကို တင်လျှောက်၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာသည် လူတို့မည်သည်ကား များသောမာယာရှိကုန်၏။ ကြမ်းတမ်းသော အတိုင်အပင်ရှိကုန်၏။ ဥပါယ်တံမျဉ်၌ လိမ္မာကုန်၏။ ထိုခေမာအိုင်၌ အကြောင်းရှိသည် ဖြစ်ရာ၏။ ဤမျှလောက်သော ကာလပတ်လုံး ဤအိုင်သည်မရှိ၊ ယခုအခါ၌ ပြုအပ်၏။ ငါတို့ကို ဖမ်းယူခြင်းငှာ ပြုသည်ဖြစ်လတ္တံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုဘုရားလောင်း ရွှေဟင်္သာမင်းသည် စစ်သူကြီးသုမုခအား မိန့်တော်မူ၏။ သုမုခ... သင်သည် ထိုခေမာအိုင်သို့ သွားခြင်းကို မနှစ်သက်လင့်၊ ထိုခေမာအိုင်ကို လူတို့သည် ကုသိုလ်ကောင်းမှုအလို့ငှာ မပြုအပ်၊ ငါတို့ကို ဖမ်းယူခြင်းငှာသာ ပြုအပ်၏။ လူတို့မည်သည်ကား များသောမာယာရှိကုန်၏။ ကြမ်းတမ်းသော အတိုင်အပင် ရှိကုန်၏။ ဥပါယ်တံမျဉ်၌ လိမ္မာကုန်၏။ သင်တို့သည် မိမိတို့ဥစ္စာဖြစ်သော ကျက်စားရာ၌သာလျှင် ကျက်စားကြကုန်လော့ဟု မိန့်တော်မူ၏။

ရွှေဟင်္သာတို့ လာကြပြီ

ရွှေဟင်္သာတို့သည် ခေမာအိုင်သို့ သွားလိုကုန်သည်သာလျှင် ဖြစ်ပါကုန်၏ဟု နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း စစ်သူကြီးသုမုခအား ကြားလျှောက်ကြကုန်၏။ ထိုစစ်သူကြီးသုမုခသည် ထိုအခြံအရံ ရွှေဟင်္သာတို့ ခေမာအိုင်သို့ သွားလိုကြကြောင်းကို ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းအား တင်လျှောက်ပြန်၏။ ထိုသို့ စစ်သူကြီးသုမုခ တင်လျှောက်သောအခါ ဘုရားလောင်းသည် ငါ၏ဆွေမျိုးတို့သည် ငါ့ကိုမှီ၍ မပင်ပန်းစေကုန်လင့်ဟု နှလုံးသွင်းတော်မူ၍ ထိုသို့ဖြစ်လျှင်ကား သွားကုန်အံ့ ဟု မိန့်တော်မူ၍ ရွှေဟင်္သာအပေါင်း ကိုးသောင်းခြံရံလျက် ထိုခေမာအိုင်သို့ ကြွသွားတော်မူ၍ အစာကိုယူလျက် ဟင်္သာတို့၏ ကစားပြုံးရွှင်ခြင်းကို ကစားပြုံးရွှင်တော်မူပြီး၍ စိတ္တကုဋ်တောင်သို့သာလျှင် တစ်ဖန် ပြန်လည်တော်မူခဲ့၏။ ခေမာမုဆိုးသည် ထိုရွှေဟင်္သာတို့ကျက်စား၍ ပြန်လည်သောအခါ သွား၍ ထိုရွှေဟင်္သာတို့လာကြောင်းကို မင်းအား လျှောက်၏။ မင်းသည် အလွန်နှစ်သက်တော်မူသည်ဖြစ်၍ အချင်း ခေမာမုဆိုး... တစ်ကောင်သော ရွှေဟင်္သာကိုလည်းကောင်း၊ နှစ်ကောင်သော ရွှေဟင်္သာကိုလည်းကောင်း ဖမ်းယူခြင်းငှာ သင်သည် လုံ့လပြုလော့၊ သင့်အား များစွာသော စည်းစိမ်ချမ်းသာကို ငါပေးအံ့ဟု ဆို၍ စားနပ်ရိက္ခာပေး၍ ထိုမုဆိုးကို လွှတ်တော်မူလိုက်၏။ ထိုမုဆိုးသည် ခေမာအိုင်သို့သွား အိုးစရည်းနှင့်တူသော ချိုင့်၌နေ၍ ဟင်္သာတို့ ကျက်စားရာအရပ်ကို စုံစမ်း၏။ ဘုရားအလောင်းတို့ မည်သည်ကား လျှပ်ပေါ်သော ကျက်စားခြင်းသည် မဖြစ်ကုန်၊ ထို့ကြောင့် ဘုရားလောင်းသည် ဆင်းသက်ရာအရပ်မှစ၍ အစဉ်အတိုင်း ကျက်စားသဖြင့် သလေးကိုစားလျက် သွား၏။ ဘုရားလောင်းမှ ကြွင်းကုန်သော ဟင်္သာတို့သည် ထိုမှဤမှ စားကုန်လျက်လျှင် သွားကုန်၏။ ထိုအခါ ခေမာမုဆိုးသည် ဤရွှေဟင်္သာသည်ကား လျှပ်ပေါ်သော ကျက်စားခြင်းမရှိ၊ ဤရွှေဟင်္သာကို ထောင်ခြင်းငှာသင့်၏ဟု ကြံ၍ နက်ဖြန်နေ့၌ ရွှေဟင်္သာတို့သည် အိုင်သို့မသက်ကုန်မီလျှင် အိုးစရည်းနှင့်တူသော ချိုင့်၌နေလျက် ထိုအရပ်သို့သွား၍ မနီးမဝေး၌ မိမိကိုယ်ကို ချိုင့်ဖြင့်ဖုံးလွှမ်း၍ အပေါက်ဖြင့် ကြည့်လျက်နေ၏။ ထိုခဏ၌ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် ဟင်္သာကိုးသောင်းခြံရံလျက် ယမန်နေ့ ဆင်းသက်ရာအရပ်၌သာလျှင် ဆင်းသက်တော်မူ၍ အပိုင်းအခြားအတွင်း၌နေလျက် ကျက်စားပြီးသော် သွားလေ၏။

ရွှေဟင်္သာမင်း

ခေမာမုဆိုးသည် ချိုင့်ပေါက်ဖြင့်ကြည့်လတ်သော် အဆင်း၏ မြတ်သောတင့်တယ်ခြင်း အစုသို့ရောက်သော ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကိုယ်ကိုမြင်ရလျှင် ဤရွှေဟင်္သာသည် လှည်းပုံတောင်း အတိုင်းအရှည်ရှိသော ကိုယ်ရှိ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သုံးကြောင်းကုန်သော နီသောအရေးတို့ဖြင့်လည်၍ ခြံရံအပ်၏။ သုံးကြောင်းကုန်သော အရေးတို့သည် လည်မှဆင်းသက်၍ ရင်၏ဘယ်ညာအရပ်မှ လျှောက်၍သွားကုန်၏။ အရေးသုံးကြောင်းတို့သည် နောက်အဖို့ဖြင့် ထုတ်ချင်းလျှို သွားလေကုန်၏။ ကမ္ဗလာနီချည်ဖြင့် ဖွဲ့အပ်သော ဆိုင်း၌ထားအပ်သော ရွှေတုံးကဲ့သို့ အလွန်တင့်တယ်၏။ ဤရွှေဟင်္သာသည် ထိုဟင်္သာတို့၏ မင်းဖြစ်ရာ၏။ ဤရွှေဟင်္သာကိုသာလျှင် ငါဖမ်းအံ့ဟု ကြံ၏။ ဓတရဋ္ဌရွှေဟင်္သာမင်းသည်လည်း များစွာသောအစာကို စားပြီးလျှင် ရေကစားခြင်းကိုကစား၍ ဟင်္သာအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူ၏။ ဤနည်းဖြင့်လျှင် ငါးရက်တိုပတ်လုံး အစာကိုယူတော်မူ၏။

ဖမ်းမိလေပြီ

ခြောက်ရက်မြောက်သောနေ့၌ကား ခေမာမုဆိုးသည် မည်းနက်သော မြင်းမြီးဖြင့်ပြီးသော မြဲမြံခိုင်ခံသောကြိုးကို ကျစ်ပြီးလျှင် လှံတံ၌ ကျော့ကွင်းကိုဖွဲ့၍ နက်ဖြန် ဟင်္သာမင်းသည် ဤအရပ်၌ သက်လတ္တံ့ဟု ဟုတ်မှန်သောအားဖြင့်သိ၍ ရေထဲ၌ လှံတံကျော့ကွင်းကိုထောင်၏။ နက်ဖြန်နေ့၌ ရွှေဟင်္သာမင်း သက်သည်ရှိသော် ခြေကိုကျော့ကွင်း၌ သွတ်သွင်းလျက် သက်မိ၏။ ထိုအခါ ဘုရားလောင်း၏ခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ရွှေဟင်္သာမင်းသည် ကျော့ကွင်းကို ဖြတ်အံ့ဟု ကြံ၍ အဟုန်ကိုဖြစ်စေလျက် ငင်၍ချီ၏။ ရှေးဦးစွာငင်သောအကြိမ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အရေသည် ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ ကမ္ဗလာနီအဆင်းနှင့်တူသော အသားသည် ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည် ပြတ်၏။ လေးကြိမ်မြောက်ငင်သော်ကား ဘုရားလောင်း ရွှေဟင်္သာမင်း၏ခြေသည် ပြတ်ရာ၏။ မင်းအား အင်္ဂါချို့တဲ့ခြင်း မည်သည်ကား မလျှောက်ပတ်၊ ထို့ကြောင့် အားထုတ်ခြင်းလုံ့လကို ပြုတော်မမူပြီ။ အားကြီးသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ငါသည် ကျော့ကွင်းမိသော မြည်သံကို အကယ်၍မြည်အံ့၊ ငါ၏ ဆွေမျိုးတို့သည် စိတ်နှလုံး ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူဘဲလျှင် ဆာမွတ်သော ကိုယ်ရှိကုန်သည်ဖြစ်၍ ပြေးသွားကုန်သော် မဟာသမုဒ္ဒရာ၌ ကျကုန်လတ္တံ့ဟု ကြံတော်မူ၏။

ကြံပြီး၍ ထိုဘုရားအလောင်းသည် ကြီးသောဝေဒနာကို သည်းခံတော်မူလျက် ကျော့ကွင်း၌ အမိခံရသည်ဖြစ်ပါလျက် သလေးစပါးကို စားသကဲ့သို့ဖြစ်၍ ထိုဟင်္သာအပေါင်းတို့၏ အလိုရှိတိုင်းစားပြီး၍ ဟင်္သာတို့၏ကစားခြင်းကို ကစားသောအခါ၌လျှင် သည်းစွာသောအသံဖြင့် ကျော့ကွင်းမိသောအသံကို မြည်၏။ ထိုအသံကိုကြား၍ ဟင်္သာတို့သည် သေဘေးမှ ကြောက်ကုန်ရကား အစုအစု စိတ္တကုဋ်တောင်သို့ရှေးရှု၍ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် ပြန်သွားကြကုန်လေ၏။

သုမုခစစ်သူကြီး ပြန်လာခြင်း

သုမုခစစ်သူကြီးသည်လည်း အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်လျှင် စုံစမ်းရှာဖွေ၍ သုံးခုသောအစုတို့၌လည်း မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်းကို မမြင်၍ မချွတ်လျှင် ဤဘေးသည် ငါတို့၏ အရှင်မင်းကြီးအားသာလျှင် ဖြစ်၏ဟု ကြံ၍ ပြန်လည်ခဲ့သဖြင့် လာလတ်သည်ရှိသော် သွေးလိမ်းကျံလျက် ဆင်းရဲကြင်နာစွာ ညွန်ပျောင်းအပြင်၌ ကျော့ကွင်းမိသဖြင့် လျောင်းလျက်နေသာ ဘုရားလောင်းကိုမြင်၍ အရှင်မင်းကြီး ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် မိမိအသက်ကိုစွန့်၍ အရှင်မင်းကြီးတို့ကို လွှတ်ပါစေအံ့ဟု ဆိုလျက် ကောင်းကင်မှသက်လတ်၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် ညွန်ပျောင်းအပြင်၌ နေလာ၏။

ဟင်္သာမင်းက ပြန်လွှတ်ခြင်း

ဘုရားလောင်းသည် ကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့သည် ငါ့ကိုစွန့်၍ ပြေးသွားကုန်သည်ရှိသော် ဤသုမုခသည် တစ်ယောက်တည်းသာလျှင် လာ၏။ အသို့နည်း၊ မုဆိုးလာသောအခါ ငါ့ကိုစွန့်၍ ပြေးသွားလတ္တံ့လော၊ ထိုသို့မဟုတ်မူ မပြေးလတ္တံ့လောဟု စုံစမ်းသည့်အစွမ်းဖြင့် သွေးလိမ်းကျံလျက် ကျော့ကွင်းတံ၌ တွဲလျားဆွဲလျက်ပင် စစ်သူကြီးသုမုခကို စုံစမ်းတော်မူလိုရကား-

၈၉။ ဧတေ ဟံသာ ပက္ကမန္တိ၊ ဝက္ကင်္ဂါ ဘယမေရိကာ။
ဟရိတ္တစ ဟေမဝဏ္ဏ၊ ကာမံ သုမုခ ပက္ကမ၊
၉၀။ ဩဟာယ မံ ဉာတိဂဏာ၊ ဧကံ ပါသဝသံ ဂတံ။
အနပေက္ခမာနာ ဂစ္ဆန္တိ၊ ကိံ ဧကော အဝဟီယသိ။
၉၁။ ပတေဝ ပတတံ သေဋ္ဌ၊ နတ္ထိ ဗဒ္ဓေ သဟာယတာ။
မာ အနီဃာယ ဟာပေသိ၊ ကာမံ သုမုခ ပက္ကမ။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

၈၉။ ဟရိတ္တစ၊ ရွှေသောအရေရှိသော။ သုမုခ၊ ကောင်းသောမျက်နှာရှိသော အမောင်သုမုခ။ ဝက္ကင်္ဂါ၊ ကောက်သောလည်ရှိကုန်သော။ ဧတေ ဟံသာ၊ ထိုကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့သည်။ ဘယမေရိတာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ပက္ကမန္တိ၊ ပျံသွားကြလေကုန်ပြီ။ ဟေမဝဏ္ဏ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော။ သုမုခ၊ အမောင်သုမုခ။ ကာမံ၊ အလိုရှိရာသို့။ ပက္ကမ၊ ပျံသွားလေလော့။

၉၀။ သုမုခ၊ အမောင်သုမုခ။ ဧကံ၊ တစ်ယောက်အထီးတည်း။ ပါသဝသံ၊ ကျော့ကွင်းအလိုသို့။ ဂတံ၊ လိုက်ရသော။ မံ၊ ငါ့ကို။ ဉာတိဂဏာ၊ ကိုးသောင်းကုန်သော ဆွေမျိုးဟင်္သာအပေါင်းတို့သည်။ ဩဟာယ၊ စွန့်၍။ အနပေက္ခမာနာ၊ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍။ ဂစ္ဆန္တိ၊ ပျံသွားလေကုန်ပြီ။ ဟေမဝဏ္ဏ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော။ သုမုခ၊ အမောင်သုမုခ။ ဧကော၊ အမောင်တစ်ယောက်တည်း။ ကိံ၊ အဘယ့်ကြောင့်။ အဝဟီယသိ၊ ကျန်ရစ်ဘိသနည်း။

၉၁။ ပတတံ၊ ပျံသွားတက်သော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်သော။ သုမုခ၊ အမောင်သုမုခ။ ပတေဝ၊ ပျံသွားလေလော့။ ဗဒ္ဓေ၊ ကျော့ကွင်းမိသော ငါ၌။ သဟာယတာ၊ အပေါင်းအဖော် အဆွေခင်ပွန်း၏ အဖြစ်သည်။ နတ္ထိ၊ မရှိပြီ။ ပတတံ၊ ပျံတက်သွားသော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်သော။ သုမုခ၊ အမောင်သုမုခ။ အနီဃာယ၊ ဆင်းရဲခြင်းမရှိသောငှာ။ ကတ္တဗ္ဗံ၊ ပြုအပ်သော။ ဝီရိယံ၊ လုံ့လကို။ မာ ဟာပေသိ၊ မယုတ်စေလင့်။ ကာမံ၊ အလိုအလျောက်။ ပက္ကမ၊ ပျံသွားပါလေလော့။

မိတ်ဆွေအစစ်ပါ

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ဤဟင်္သာမင်းကား ငါ၏ အဆွေခင်ပွန်းအဖြစ်ကို မသိ၊ ငါ့ကို အဆွေခင်ပွန်းတုဟူ၍ ထင်မှတ်ဘိ၏။ ထိုရွှေဟင်္သာမင်းအား အဆွေခင်ပွန်းစစ်အဖြစ်ဖြင့် ချစ်ခင်လေးမြတ်သောအဖြစ်ကို ငါပြအံ့ဟု ကြံ၍ ပြလိုရကား-

၉၂။ နာဟံ ဒုက္ခပရေတောပိ၊ ဓတရဋ္ဌ တုဝံ ဇဟေ။
ဇီဝိတံ မရဏံ ဝါ မေ၊ တယာ သဒ္ဓိံ ဘဝိဿတိ။
၉၃။ နာဟံ ဒုက္ခပရေတောပိ၊ ဓတရဋ္ဌ တုဝံ ဇဟေ။
န မံ အနရိယသံယုတ္တေ၊
ကမ္မေ ယောဇေတုမရဟသိ။
၉၄။ သကုမာရော သခါ တျသ္မိ၊
သစိတ္တေ စသ္မိ တေ ဌိတော။
ဉာတော သေနာပတီ တျာဟံ၊ ဟံသာနံ ပဝရုတ္တမ။
၉၅။ ကထံ အဟံ ဝိကတ္တိဿံ၊
ဉာတိမဇ္ဈေ ဣတော ဂတော။
တံ ဟိတွာ ပတတံ သေဋ္ဌ၊
ကိံ တေ ဝက္ခာမိတော ဂတော။
ဣဓ ပါဏံ စဇိဿာမိ၊ နာနရိယံ ကတ္တုမုဿဟေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၉၂။ ဓတရဋ္ဌ၊ ဓတရဋ္ဌအနွယ်တော်ဖြစ်သော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဒုက္ခပရေတောပိ၊ ဆင်းရဲနှိပ်စက်အပ်သော်လည်း။ တုဝံ၊ အရှင်မင်းမြတ်ကို။ န ဇဟေ၊ မစွန့်ရာ။ မေ၊ အကျွန်ုပ်၏။ ဇီဝိတံ ဝါ၊ အသက်ရှင်ခြင်းသည်လည်းကောင်း။ မရဏံ ဝါ၊ သေခြင်းသည်လည်းကောင်း။ တယာ၊ သင်မင်းကြီးနှင့်။ သဒ္ဓိံ၊ အတူတကွသာလျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

၉၃။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဒုက္ခပရေတောပိ၊ ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သော်လည်း။ တုဝံ၊ အရှင်မင်းမြတ်ကို။ န ဇဟေ၊ မစွန့်ရာ။ မံ၊ အကျွန်ုပ်ကို။ တွံ၊ အရှင်မင်းမြတ်သည်။ အနရိယသံယုတ္တေ၊ သူတော်မဟုတ် သူယုတ်တို့၏သဘောနှင့် ယှဉ်သော။ ကမ္မေ၊ အမှု၌။ ယောဇေတုံ၊ ယှဉ်စေခြင်းငှာ။ န အရဟသိ၊ မထိုက်။

၉၄။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမ၊ လွန်မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သကုမာရော၊ တပြိုင်နက် ပဋိသန္ဓေယူဘက် ဖွားဘက် ကြီးပွားဘက်ဖြစ်သော။ သခါ၊ လက်ယာမျက်စိနှင့်တူသော ချစ်မြတ်နိုးသော အဆွေခင်ပွန်းစစ်သည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သစိတ္တေ၊ စိတ်တော်၌။ ဌိတော စ၊ တည်သည်လည်း။ အသ္မိ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ သေနာပတိ၊ စစ်သူကြီးဟူ၍။ ဉာတော၊ ထင်ရှားသည်။ အသ္မိ၊ ဖြစ်၏။

၉၅။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဣတော၊ ဤအရပ်မှ။ ဂတော၊ သွားသော။ အဟံ၊ အကျွန်ုပ်သည်။ ကထံ၊ အသို့လျှင်။ ဉာတိမဇ္ဈေ၊ ဆွေမျိုးတို့၏ အလယ်၌။ ဝိကတ္တိဿံ၊ ပြေရပါအံ့နည်း။ တံ၊ အရှင်မင်းမြတ်ကို။ ဟိတွာ၊ စွန့်ပစ်၍။ ဣတော၊ ဤအရှင်မင်းမြတ်ခြေတော်ရင်းမှ။ ဂတော၊ သွားသော။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းမြတ်၏။ ပဝတ္တိံ၊ အကြောင်းကို။ ကိံ ဝက္ခာမိ၊ အသို့ပြောဆိုရပါအံ့နည်း။ ပတတံ၊ ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့်မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဣဓ၊ ဤအရှင်မင်းမြတ်ခြေတော်ရင်း၌။ ပါဏံ၊ အသက်ကို။ စဇိဿာမိ၊ စွန့်ပါအံ့။ အနရိယံ၊ သူတော်မဟုတ် သူယုတ်တို့၏ အကျင့်ကို။ ကတ္တုံ၊ ပြုခြင်းငှာ။ န ဥဿဟေ၊ မဝံ့ပါ။

တော်ပါပေတယ်

ဤသို့ စစ်သူကြီးသုမုခသည် လေးဂါထာတို့ဖြင့် ရဲရင့်သောစကားကို ပြောဆိုသည်ရှိသော် ဘုရားလောင်းသည် ထိုစစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို သဘောအားဖြင့် ထင်ရှားပြလိုရကား-

၉၆။ ဧသော ဟိ ဓမ္မော သုမုခ၊
ယံ တွံ အရိယပထေ ဌိတော။
ယော ဘတ္တာရံ သခါရံ မံ၊ န ပရိစ္စတ္တုမုဿဟေ။
၉၇။ တံ ဟိ မေ ပေက္ခမာနဿ၊ ဘယံ နတွေဝ ဇာယတိ။
အဓိဂစ္ဆသိ တွံ မှယှံ၊ ဧတံ ဘူတဿ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၆။ သုမုခ၊ အမောင်သုမုခ။ ယော တွံ၊ အကြင်သင်သည်။ အရိယပထေ၊ သူတော်ကောင်းတို့၏ သွားရာလမ်းခရိး၌။ ဌိတော၊ တည်သည်ဖြစ်၍။ ဘတ္တာရဉ္စ၊ အရှင်လည်းဖြစ်ထသော။ သခါရဉ္စ၊ အဆွေခင်ပွန်းလည်းဖြစ်ထသော။ မံ၊ ငါ့ကို။ ပရိစ္စတ္တုံ၊ စွန့်ခြင်းငှာ။ ယံ န ဥဿဟေ၊ အကြင် မဝံ့။ တဿ တေ၊ ထိုသင်၏။ ဧသော ဟိ၊ ဤသို့မဝံ့ခြင်းသည်လျှင်။ ဓမ္မော၊ သူတော်ကောင်းတို့၏ သဘောတည်း။

၉၇။ ဟိ- သစ္စံ၊ မှန်၏။ တံ၊ သင့်ကို။ ပေက္ခမာနဿ၊ မြင်ရသော။ မေ၊ ငါ့အား။ ဘယံ၊ ကြောက်ခြင်းသည်။ နတွေဝ ဇာယတိ၊ မဖြစ်သလျှင်ကတည်း။ ဧဝံ၊ ဤသို့ ဆင်းရဲကြီးစွာ။ ဘူတဿ၊ ဖြစ်သော။ မယှံ၊ ငါ၏။ ဇီဝိတံ၊ အသက်ကို။ တွံ၊ သင်သည်။ အဓိဂစ္ဆတိ၊ ရစေလတ္တံ့။

ခေမာမုဆိုးလာပြီ

ဤသို့ ရွှေဟင်္သာမင်းနှစ်ပါးတို့ ပြောဟောကြစဉ်ပင်လျှင် မုဆိုးသားသည် အိုင်နား၌ရပ်လျက် သုံးစုကွဲ၍ပြေးသွားကြကုန်သော ဟင်္သာတို့ကိုမြင်၍ အသို့နည်းဟု ကျော့ကွင်းထောင်ရာသို့ ကြည့်လတ်သော် ကျော့ကွင်းတံဖျား၌ တွဲလျားဆွဲလျက်မိသော ဘုရားလောင်း ရွှေဟင်္သာမင်းကိုမြင်၍ အလွန်ဝမ်းမြောက်သည်ဖြစ်၍ ခါးတောင်းကို မြဲမြံစွာကျိုက်လျက် တုတ်ကိုကိုင်၍ ကမ္ဘာမီးလောင်သကဲ့သို့ လွှမ်းမိုးလျက် ဖနောင့်ဖြင့်နင်းအပ်သောညွန်ကို အထက်သို့တက်စေလျက် ဦးခေါင်းကိုကျော်၍ ရှေ့၌ကျစေလျက် လျင်မြန်စွာ ချဉ်းကပ်လေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၈။ ဣစ္စေဝံ မန္တယန္တာနံ၊ အရိယာနံ အရိယဝုတ္တိနံ။
ဒဏ္ဍမာဒါယ နေသာဒေါ၊
အာပတီ တုရိတော ဘုသံ။
၉၉။ တမာပတန္တံ ဒိသွာန၊ သုမုခေါ အတိဗြူဟယိ။
အဋ္ဌာသိ ပုရတော ရညော၊
ဟံသော ဝိဿာသယံ ဗျထံ။
၁၀၀။ မာ ဘာယိ ပတတံ သေဋ္ဌ၊ န ဟိ ဘာယန္တိ တာဒိသာ။
အဟံ ယောဂံ ပယုဉ္ဇိဿံ၊ ယုတ္တံ ဓမ္မူပသဉှိတံ။
တေန ပရိယာဒါနေန၊ ခိပ္ပံ ပါသာ ပမောက္ခသိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၉၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ အရိယဝုတ္တိနံ၊ မြတ်သောအကျင့် ရှိကုန်သော။ အရိယာနံ၊ မြတ်ကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့၏။ မန္တယန္တာနံ၊ တိုင်ပင် ပြောဟောကုန်စဉ်။ နေသာဒေါ၊ ခေမာမုဆိုးသည်။ ဒဏ္ဍံ၊ တုတ်လှံတံကို။ အာဒါယ၊ ယူ၍။ တုရိတော၊ အဆောတလျင်။ ဘုသံ၊ ပြင်းစွာ။ အာပတိ၊ လာလတ်၏။

၉၉။ အာပတန္တံ၊ လာလတ်သော။ တံ၊ ထိုခေမာမုဆိုးကို။ ဒိသွာန၊ မြင်၍။ သုမုခေါ၊ သုမုခအမည်ရှိသော။ ဟံသော၊ ရွှေဟင်္သာစစ်သူကြီးသည်။ ဗျထံ၊ ကြောက်ထိတ်လန့်သော ရွှေဟင်္သာမင်းကို။ ဝိဿာသယံ-ဝိဿာသယန္တော၊ သက်သာရာရစေလျက်။ ရညော၊ ရွှေဟင်္သာမင်း၏။ ပုရတော၊ ရှေ့မှ။ အဋ္ဌာသိ၊ ရပ်၏။ အတိဗြူဟယိ၊ ပြင်းစွာသောအသံကို မြွက်၏။

၁၀၀။ ပတတံ၊ ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ မြတ်တော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ မာ ဘာယိ၊ ကြက်တော်မမူလင့်။ တာဒိသာ၊ အရှင်မင်းမြတ်နှင့်တူကုန်သော သူတို့သည်။ န ဟိ ဘာယန္တိ၊ မကြောက်ကုန်။ အဟံ၊ အကျွန်ုပ်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသဉှိတံ၊ အကြောင်းကိုမှီသော။ ယောဂံ၊ ဉာဏ်ဝီရိယနှင့်ယှဉ်သောလုံ့လကို။ ပယုဉ္ဇိဿံ၊ အားထုတ်ပါအံ့။ တေန ပရိယာဒါနေန၊ ထိုသို့ အကျွန်ုပ်သည် ယှဉ်စေအပ်သော စင်ကြယ်သော လုံ့လကြောင့်။ ခိပ္ပံ၊ လျင်စွာ။ တွံ၊ အရှင်မင်းမြတ်သည်။ ပါသာ၊ ကျော့ကွင်းမှ။ ပမောက္ခသိ၊ လွတ်ပါလတ္တံ့။

စစ်သူကြီးတောင်းပန်ပုံ

ဤသို့ စစ်သူကြီးသုမုခသည် မိမိအရှင်ဖြစ်သော ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းကို နှစ်သိမ့်စေလျက် မုဆိုးအထံသို့သွား၍ သာယာစွာသော လူ့ဘာသာကိုမြွက်ဆိုလျက် အဆွေမုဆိုး... သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၍ ဟင်္သာမင်း... ငါသည် ခေမာမုဆိုးမည်၏ ဟု ပြောဆိုလတ်သော် အဘယ်အကျိုးငှာ လာသနည်းဟု မေး၏။ ရွှေဟင်္သာမင်းကို ဖမ်းယူခြင်းငှာ လာ၏ဟု ဆိုလတ်သော် အဆွေခေမာမုဆိုး... သင်သည် ထောင်အပ်သော ကျော့ကွင်း၌ မိသောဟင်္သာသည် ဟင်္သာမည်ကာမျှတည်းဟု သင်မမှတ်လင့်၊ ကိုးသောင်းကုန်သော ဟင်္သာတို့ထက် မြတ်တော်မူသော ဓတရဋ္ဌအမည်တော်ရသော ရွှေဟင်္သာမင်းသည် သင်၏ကျော့ကွင်း၌ မိ၏။ ဉာဏ် ပညာ သီလအကျင့်နှင့် ပြည့်စုံတော်မူ၏။ သင်္ဂဟတရား လေးပါး၌ တည်တော်မူ၏။ ဤရွှေဟင်္သာမင်းကို သတ်ခြင်းငှာ မသင့်၊ ငါသည်လည်း ဤကိုယ်ဖြင့် သင်၏အမှုကြီးငယ်ကို ပြုပါအံ့၊ ဤဟင်္သာမင်းသည်လည်း ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ငါသည်လည်း ဤရွှေဟင်္သာမင်းအတူ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ငါသည် ဤရွှေဟင်္သာမင်းအကျိုးငှာ အသက်ကိုစွန့်ပါအံ့၊ အကယ်၍ အသင်မုဆိုးသည် ဤရွှေဟင်္သာမင်း၏အတောင်တို့ကို ယူလိုသည် ဖြစ်အံ့၊ ငါ၏အတောင်တို့ကို ယူပါလော့။ ထိုမှတစ်ပါး အရေ အသား အကြော အရိုးတို့တွင် တစ်ခုခုကို ယူလိုသည်ဖြစ်အံ့၊ ငါ၏ကိုယ်မှလျှင် ယူပါလော့၊ အကယ်၍ အရပ်တစ်ပါးသိုသွား၍ ထိုရွှေဟင်္သာမင်းကို ဟင်္သာဖြင့်ကစားခြင်းကို ကစားလိုသည်ဖြစ်အံ့၊ ငါ့ကိုသာလျှင် ကစားပါလော့၊ အရှင်ပင်လျှင်ရောင်းချ၍ ဥစ္စာကို အကယ်၍ ဖြစ်စေလိုအံ့၊ ငါ့ကိုရောင်းချ၍ ဥစ္စာကို ဖြစ်စေလော့၊ ဉာဏ်ပညာအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော ရွှေဟင်္သာမင်းကို မသတ်ပါလင့်၊ ထိုစကားသည် မှန်၏။ ထိုရွှေဟင်္သာမင်းကို အကယ်၍ သတ်အံ့၊ ငရဲအစရှိသည်တို့မှ သင် မလွတ်လတ္တံ့ဟု ထိုခေမာမုဆိုးကို ငရဲ အစရှိသောဘေးဖြင့် ခြိမ်းခြောက်၍ မိမိ၏ သာယာသော တရားစကားကို ယူစေပြီးလျှင် တစ်ဖန် ဘုရားလောင်းအထံသို့သွား၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် တည်၏။

မုဆိုးက ရှိခိုးရပြီ

ခေမာမုဆိုးသည် ထိုစစ်သူကြီးသုမုခစကားကို ကြား၍ ဤရွှေဟင်္သာမင်းသည် တိရစ္ဆာန်ဖြစ်လျက် လူတို့သည်လည်း ပြုခြင်းငှာမတတ်နိုင်သော ဤသို့သဘောရှိသောအမှုကို ပြုဘိ၏။ လူတို့သည်လည်း ဤသို့ အဆွေခင်ပွန်းသဘောကို ပြုခြင်းငှာမတတ်နိုင်ကုန်၊ ဤရွှေဟင်္သာသည် အံ့ဖွယ်ရှိစွ၊ ဉာဏ်ပညာနှင့် ပြည့်စုံပေ၏။ သာယာသော တရားစကားကို ပြောတတ်၏။ တရားစောင့်ပေစွတကား ဟု ကြံ၍ ကိုယ်အလုံးကို ပီတိသောမနဿဖြင့် ပြည့်သည်ကိုပြု၍ ကြက်သီးမွေးညင်းထသဖြင့် လှံတံကိုစွန့်ပစ်၍ ဦးခေါင်း၌ လက်အုပ်ကိုတင်ထားလျက် နေမင်းကို ရှိခိုးသကဲ့သို့ရှိခိုး၍ စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို ပြောဆိုလျက် တည်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၁၀၁။ တဿ တံ ဝစနံ သုတွာ၊ သုမုခဿ သုဘာသိတံ။
ပဟဋ္ဌလောမော နေသာဒေါ၊
အဉ္စလိဿ ပဏာမယိ။
၁၀၂။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တော မနုသိံ ဒိဇော။
အရိယံ ဗြုဝါနော ဝက်ကင််ဂေါ၊ ဝဇန်တော မာနုသိံ ဂိရံ။
၁၀၃။ ကိန္နု တာယံ ဒိဇော ဟောတိ၊
မုတ္တော ဗဒ္ဓံ ဥပါသသိ။
ဩဟာယ သကုဏာ ယန္တိ၊
ကိံ ဧကော အဝဟီယျသိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၁၀၁။ ဘိက္ခဝေ၊ ရဟန်းတို့။ နေသာဒေါ၊ ခေမာမုဆိုးသည်။ တဿ သုမုခဿ၊ ထိုစစ်သူကြီးသုမုခ၏။ သုဘာသိတံ၊ ကောင်းစွာပြောဆိုအပ်သော။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ပဟဋ္ဌလောမော၊ ရွှင်သော ကြက်သီးမွေးညင်း ရှိသည်ဖြစ်၍။ အဿ၊ ထိုသုမုခအား။ အဉ္စလီ၊ လက်အုပ်ချီလျက်။ ပဏာမယိ၊ ရှိခိုး၏။

၁၀၂။ သမ္မ၊ အဆွေရွှေဟင်္သာ။ တွံ၊ သင်သည်။ ဝက္ကင်္ဂေါ၊ ကောက်သောလည်ရှိသော။ ဒိဇော၊ ငှက်သည်။ သမာနော၊ ဖြစ်လျက်။ အဟော၊ အံ့ဖွယ်ရှိစွတကား။ အရိယံ၊ အာစာရအရိယာဖြစ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဗြုဝါနော၊ နှစ်သိမ့်စေလျက်။ မာနုသိံ၊ လူ၏ ဘာသာဖြစ်သော။ ဂိရံ၊ စကားကို။ ဝဇန္တော၊ မြွက်ဟပြောဆိုသော။ တေ၊ သင့်အား။ ဒါနိ၊ ယခု။ မယာ၊ ငါသည်။ ဒိဋ္ဌော၊ မြင်ရ၏။ ဣတော၊ ဤအခါမှ။ ပုဗ္ဗေ၊ ရှေး၌။ ဒိဇော၊ ငှက်ဖြစ်လျက်။ မာနုသိံ၊ လူ၏ ဘာသာစကားကို။ ဘာသန္တော၊ ပြောဆိုသည်ကို။ မေ၊ ငါသည်။ န သုတံ ဝါ၊ ကြားလည်းမကြားစဖူး။ န ဒိဋ္ဌံ ဝါ၊ မြင်လည်းမမြင်စဖူး၊

၁၀၃။ သမ္မ၊ အဆွေရွှေဟင်္သာ။ မုတ္တော၊ ကျော့ကွင်းမှလွတ်သော သင်သည်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော။ ယံ ဒိဇံ၊ အကြင် ရွှေဟင်္သာမင်းသို့။ ဥပါသသိ၊ ချဉ်းကပ်၏။ အယံ ဒိဇော၊ ဤရွှေဟင်္သာမင်းသည်။ တေ၊ သင်နှင့်။ ကိန္နု ဟောတိ၊ အသို့တော်ကြသနည်း။ သကုဏာ၊ သင်မှတစ်ပါးသော ဟင်္သာတို့သည်။ ဩဟာယ၊ ရွှေဟင်္သာမင်းကိုစွန့်၍။ ယန္တိ၊ သွားကြကုန်၏။ ကိံ၊ အဘယ့်ကြောင့်။ ဧကော၊ သင်တစ်ယောက်တည်း။ အဝဟိယျသိ၊ ကျန်ရစ်ဘိသနည်း။

စစ်သူကြီးလိမ္မာပုံ

ဤသို့လျှင် နှစ်သက်သောစိတ်ဖြင့် ခေမာမုဆိုးသည် မေးအပ်သော ထိုစစ်သူကြီးသုမုခသည် ဤမာဆိုးကား စိတ်နူးညံ့ပြီ၊ ယခုအခါ ထိုမုဆိုးအား အတိုင်းထက်အလွန် နူးညံ့စိမ့်သောငှာ ငါ၏ဂုဏ်ကျေးဇူးကို ပြဆိုအံ့ဟု ကြံ၍ ပြလိုရကား-

၁၀၄။ ရာဇာ မေ သော ဒိဇာမိတ္တ၊
သေနာပစ္စဿ ကာရိယံ။
တမာပဒေ ပရိစ္စတ္တုံ၊ နုဿဟေ ဝိဟဂါဓိပံ။
၁၀၅။ မဟာဂဏာယ ဘတ္တာ မေ၊
မာ ဧကော ဗျသနံ အဂါ။
တထာ တံ သမ္မ နေသာဒ၊
ဘတ္တာယံ အဘိတော ရမေ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၀၄။ ဒိဇာမိတ္တ၊ အဆွေမုဆိုး။ ဧသော ဒိဇော၊ ဤရွှေဟင်္သာမင်းသည်။ မေ၊ ငါ၏။ ရာဇာ၊ မင်းတည်း။ ဧသော၊ ဤရွှေဟင်္သာမင်းသည်။ အဿ-မေ၊ ထိုငါ့အား။ သေနာပစ္စံ၊ စစ်သူကြီး၏ အဖြစ်ကို။ ကာရယိံ၊ ပြုပေ၏။ ဒိဇာဓိပံ၊ ရွှေဟင်္သာတို့၏ မင်းဖြစ်သော။ တံ၊ ထိုငါတို့အရှင်ရွှေဟင်္သာမင်းကို။ အာပဒေ၊ ဘေးရန်ရလတ်သော်။ ပရိစ္စတ္တုံ၊ စွန့်ခြင်းငှာ။ န ဥဿဟေ၊ ငါ မဝံ့။

၁၀၅။ သမ္မ၊ အဆွေမုဆိုး။ မေ၊ ငါ၏။ ဘတ္တာ၊ အရှင်ဖြစ်တော်မူသော။ အယံ၊ ဤ ရွှေဟင်္သာမင်းသည်။ မဟာဂဏော၊ များသော အပေါင်းအဖော် ရှိတော်မူ၏။ သမ္မ နေသာဒ၊ အဆွေမုဆိုး။ ဧကော၊ ကိုယ်တော်တစ်ပါးတည်း။ ဗျသနံ၊ ပျက်စီးခြင်းသို့။ မာ အဂါ၊ မရောက်စေသတည်း။ ယထာ၊ အကြင်အခြင်းဖြင့်။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုအံ့။ တထေဝ၊ ထိုအခြင်းဖြင့်သာလျှင်တည်း။ အယံ ဘတ္တာ၊ ဤ အရှင်ရွှေဟင်္သာမင်းသည်။ မမ၊ ငါ၏။ အဘိတော၊ အထံ၌။ ရမေ၊ မွေ့လျော်၏။

ရွှေဟင်္သာတို့ကို လွှတ်လိုက်ပြီ

မုဆိုးသည် ထိုသုမုခ၏ အကြောင်းကိုမှီသော သာယာသော တရားစကားကို ကြားရလျှင် နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ ရွှင်သော ကြက်သီးမွေးညင်းရှိသဖြင့် အကယ်၍ ငါသည် သီလအစရှိသော ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ဤရွှေဟင်္သာမင်းကို သတ်ချေအံ့ အပါယ်လေးပါးတို့မှ မလွတ်လတ္တံ့၊ အရှင်မင်းမြတ်သည် ငါ့ကို အကြင်အမှုကို ပြုလို၏။ ထိုအမှုကို ပြုပစေ၊ ငါသည် ဤရွှေဟင်္သာမင်းကို စစ်သူကြီးသုမုခအား မြတ်သောပေးခြင်းကိုပြု၍ လွှတ်အံ့ ဟုကြံ၍ လွှတ်လိုရကား-

၁၀၆။ အရိယဝတ္တသိ ဝက္ကင်္ဂ၊ ယော ပိဏ္ဍမပစာယသိ။
စဇာမိ တေ တံ ဘတ္တာရံ၊ ဂစ္ဆန္တူဘော ယထာသုခံ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၆။ ဝက္ကင်္ဂ၊ ရွှေဟင်္သာမြတ်။ ယာ တွံ၊ အကြင် သင်သည်။ ပိဏ္ဍံ၊ ထမင်းသခင်ဖြစ်သော ရွှေဟင်္သာမင်းကို။ အပစာယသိ၊ အရိုအသေပြုပေ၏။ သော တွံ၊ ထိုသင်သည်။ အရိယဝတ္တော၊ သူတော်ကောင်းတို့၏ကျင့်ဝတ်နှင့် ပြည့်စုံသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ ဘတ္တာရံ၊ အရှင်

ဖြစ်သော။ တံ၊ ထိုရွှေဟင်္သာမင်းကို။ စဇာမိ၊ ငါ လွှတ်အံ့။ ဥဘော၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ယထာသုခံ၊ အလိုတော်ရှိတိုင်း၊ ဂစ္ဆန္တု၊ ကြွတော်မူကုန်လော့။

ဤသို့ဆိုပြီးလျှင် ခေမာမုဆိုးသည် နူးညံ့သောစိတ်ဖြင့် ဘုရားလောင်း ရွှေဟင်္သာမင်းသို့ကပ်၍ လှံတံကိုညွတ်စေ၍ ညွှန်ပျောင်းအပြင်၌ နေစေပြီးလျှင် ကျော့ကွင်းကို လှံတံမှဖြေ၍ ဘုရားလောင်းကိုချီ၍ အိုင်မှဆယ်တင်ပြီးလျှင် နုပျိုသော နေဇာမြက်အပြင်၌ အားကြီးသောချစ်ခြင်းကို ဖြစ်စေ၍ မေတ္တာစိတ်ဖြင့် ရေကိုယူ၍ သွေးကို ဆေးပြီလျှင် အဖန်တလဲလဲ သုံးသပ်၏။ ထိုအခါ ထိုမုဆိုး၏ မေတ္တာအာနုဘော်ကြောင့် အကြောသည် အကြောချင်း, အသားသည် အသားချင်း အရေသည် အရေချင်း ဆက်မိ၏။ ဘုရားလောင်းခြေသည် ပကတိဖြစ်၏။ ကျော့ကွင်းမမိသောခြေနှင့် အထူးမရှိ။ ဘုရားလောင်းသည် ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍လျှင် ပကတိအားဖြင့် နေတော်မူ၏။

အဘယ့်ကြောင့် ဖမ်းသနည်း

စစ်သူကြီးသုမုခသည် မိမိကိုမှီ၍ ဘုရားလောင်း ရွှေဟင်္သာမင်း၏ ချမ်းသာသောအဖြစ်ကိုမြင်လျှင် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ဤသို့ကြံ၏။ ဤမုဆိုးသည် ငါတို့အား များစွာကျေးဇူးပြုပေ၏။ ငါတို့သည် ဤမုဆိုးအား ကျေးဇူးပြုအပ်သည် မည်သည်မရှိ၊ အကယ်၍ ဤမုဆိုးသည် မင်း၏အမတ်ကြီး အစရှိသည်တို့၏အကျိုးငှာ ငါတို့ကို ဖမ်းယူအံ့၊ ထိုမင်း၏ အမတ်ကြီး အစရှိသည်တို့၏အထံသို့ ဆောင်ယူ၍ များစွာသော ဥစ္စာကို ရလတ္တံ့၊ အကယ်၍ မိမိအကျိုးငှာ ငါတို့ကိုဖမ်းယူအံ့၊ ငါတို့ကို ရောင်းချ၍ ဥစ္စာကို ရပေလတ္တံ့၊ ထိုမုဆိုးကို ရှေးဦးစွာမေးအံ့ဟု ကြံ၏။ ထိုသို့ကြံပြီး၍ ထိုမုဆိုးကို ကျေးဇူးတုံ့ ပြုလိုသည်၏အဖြစ်ကြောင့် မေးလိုရကား-

၁၀၇။ သစေ အတ္တပ္ပယောဂေန၊
ဩဟိတော ဟံသပက္ခိနံ။
ပဋိဂ္ဂဏှာမ တေ သမ္မ၊ ဧတံ အဘယဒက္ခိဏံ။
၁၀၈။ နော စေ အတ္တပ္ပယောဂေန၊
ဩဟိတော ဟံသပက္ခိနံ။
အနိဿရော ပဉ္စမမှေ၊
ထေယျံ ကယိရာသိ လုဒ္ဒက။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၇။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ သစေ၊ အကယ်၍။ အတ္တပ္ပယောဂေန၊ မိမိ၏အကျိုးငှာ။ ဟံသပက္ခိနံ၊ ဟင်္သာနှင့်တကွ တစ်ပါးသောငှက်တို့အား။ ပါသော၊ ကျော့ကွင်းကို။ ဩဟိတော၊ ထောင်အံ့။ တေ၊ သင်၏။ ဝစနံ၊ စကားကို။ ပဋိဂ္ဂဏှာမ၊ ခံယူကုန်အံ့။ ဧတံ၊ ဤခေမာအိုင်သည်။ အဘယဒက္ခိဏံ၊ ဘေးမဲ့ပေးရာဖြစ်၍ မြတ်သောအိုင်တည်း။

၁၀၈။ လုဒ္ဒက၊ မုဆိုး။ စေ၊ အကယ်၍။ အတ္တပ္ပယောဂေန၊ မိမိ၏အကျိုးငှာ။ ဟံသပက္ခိနံ၊ ဟင်္သာနှင့်တကွ တစ်ပါးသောငှက်တို့အား။ ပါသော၊ ကျော့ကွင်းကို။ ဩဟိတော၊ သင်ထောင်အပ်သည်။ နော၊ မဟုတ်ငြားအံ့။ အမှေ၊ ငါတို့ကို။ အနိဿရော၊ အစိုးမရဘဲ။ မုဉ္စ၊ လွှတ်သည်ဖြစ်၍။ ထေယျံ၊ ခိုးယူ၍ လွှတ်သည်ကို။ တွံ၊ သင်သည်။ ကယိရာသိ၊ ပြုသည် မည်ရာ၏။

ထိုစကားကိုကြား၍ ခေမာမုဆိုးသည် အကျွန်ုပ်သည် အကျွန်ုပ်အကြိုးငှာ အရှင်ရွှေဟင်္သာမင်းတို့ကို မဖမ်းပါ၊ စင်စစ်သော်ကား သံယမမင်း အမည်တော်ရှိသော အကျွန်ုပ်တို့အရှင်ဗာရာဏသီမင်းမြတ်သည် ဖမ်းစေတော်မူအပ်၏ ဟု ပြောဆို၍ ခေမာမိဖုရားကြီး အိပ်မက်မြင်သောအခါမှစ၍ အကြင်မျှလောက် သံယမမင်းအား ထိုရွှေဟင်္သာလာသော အဖြစ်ကိုကြား၍ အချင်းခေမာမုဆိုး... တစ်ကောင်သော ဟင်္သာကိုလည်းကောင်း၊ နှစ်ကောင်သော ဟင်္သာတို့ကိုလည်းကောင်း ဖမ်းယူခြင်းငှာ သင်သည် လုံ့လပြုပါလော့၊ သင့်အား ကြီးစွာသော စည်းစိမ်ချမ်းသာကို ငါပေးအံ့ ဟု ဆို၍ စားနပ်ရိက္ခာကိုပေး၍ လွှတ်သည့်တိုင်အောင်သော အဖြစ်သည်ရှိ၏။ ထိုမျှလောက် အလုံးစုံသော အကြောင်းကို သုမုခစစ်သူကြီးအား လျှောက်၏။

မင်းကြီးထံ ပို့ပါလေ

ထိုသို့ ခေမာမုဆိုး လျှောက်သောစကားကို ကြား၍ စစ်သူကြီးသုမုခသည် ဤမုဆိုးသည် မိမိ၏အသက်ကို မရေတွက်မူ၍ ငါတို့ကိုလွှတ်သဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ ငါတို့သည် ဤအရပ်မှ စိတ္တကုဋ်တောင်သို့သာလျှင် အကယ်၍ သွားကုန်ငြားအံ့၊ ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်း၏ ပညာဉ်အစွမ်းသည်လည်း ထင်ရှားသည် မဖြစ်လတ္တံ့၊ ငါ၏ အဆွေခင်ပွန်း သဘောသည်လည်း ထင်ရှားသည်မဖြစ်လတ္တံ့၊ မုဆိုးသားသည်လည်း ကြီးစွာသော စည်းစိမ်ချမ်းသာကို မရလတ္တံ့၊ သံယမမင်းကြီးသည်လည်း ငါးပါးသောသီလ၌ မတည်လတ္တံ့၊ ခေမာမိဖုရားကြီး၏ နှလုံးအလိုသည်လည်း အပြီးသို့မရောက်လတ္တံ့ဟု ကြံ၍ အဆွေ ခေမာမုဆိုး... ဤသို့ဖြစ်သည်ရှိသော် ငါတို့ကို လွှတ်ခြင်းငှာ မရလတ္တံ့၊ ငါတို့ကို သံယမမင်းကြီးအား ပြလော့၊ ထိုသံယမမင်းကြီးသည် ငါတို့ကို အလိုတော်ရှိတိုင်းပြုပစေ ဟု ဆို၍ ဤအကြောင်းကို ခေမာမုဆိုးအား ထင်ရှားပြလိုရကား-

၁၀၉။ ယဿ တွံ ဘတကော ရညာ၊
ကာမံ တဿေဝ ပါပယ။
တတ္ထ သံယမနော ရာဇာ၊
ယထာဘိညံ ကရိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၁၀၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ တွံ၊ သင်သည်။ ယဿ ရညာ၊ အကြင်မင်း၏။ ဘတကော၊ ကျွန်တည်း။ ကာမံ၊ စင်စစ်။ တဿေဝ ရညော၊ ထိုသင်တို့အရှင်မင်း၏သာလျှင်။ သန္တိကံ၊ အထံသို့။ အမှေ၊ ငါတို့ကို။ ပါပယ၊ ပို့လော့။ တတ္ထ၊ ထိုမင်း၏နန်းတော်၌။ သံယမနော၊ သံယမအမည်ရှိသော (တစ်နည်းကား) သံယမနော၊ စောင့်စည်းသော စိတ်နှလုံးရှိသော။ ရာဇာ၊ မင်းသည်။ ယထာဘိညံ၊ အလိုရှိတိုင်း။ ကရိဿတိ၊ ပြုလတ္တံ့။

ထိုစကားကိုကြား၍ ခေမာမုဆိုးသည် အရှင်တို့သည် မင်းအားပြခြင်းကို နှစ်သက်တော်မမူပါကုန်လင့်၊ မင်းတို့ မည်သည်ကား ဘေးဘျမ်းနှင့်တကွ ဖြစ်ကုန်၏။ ဟင်္သာ ကစားခြင်းကိုမူလည်း ကစားကုန်ရာ၏။ သတ်မူလည်း သတ်ကုန်ရာ၏ ဟု ဆို၏။ ထိုသို့ ဆိုသောအခါ ခေမာမုဆိုးကို စစ်သူကြီးသုမုခသည် အဆွေမဆိုး... ငါတို့ကို သင် မစိုးရိမ်လင့်၊ ငါသည် သင်ကဲ့သို့သော ကြမ်းကြုတ်ရုန့်ရင်းသော သူကိုပင်လျှင် တရားစကားဖြင့် နူးညံ့သောအဖြစ်ကို ဖြစ်စေနိုင်သေး၏။ မင်းအား အဘယ့်ကြောင့် နူးညံ့သောအဖြစ်ကို မဖြစ်စေနိုင်ရှိအံ့နည်း၊ ထိုစကားသည် မှန်၏။ မင်းတို့မည်သည် ပညာရှိကုန်၏။ ကောင်းသောစကား၊ မကောင်းသောစကားကို သိတတ်ကုန်၏။ ငါတို့ကို မင်းအထံသို့ လျင်စွာလျှင် ဆောင်ယူလော့၊ ဆောင်ယူသည်ရှိသော် နှောင်ဖွဲ့သဖြင့် မဆောင်ယူလင့်၊ ပန်းချိုင့်၌နေစေ၍ ဆောင်ယူလော့၊ ပန်းချိုင့်ကို လုပ်သည်ရှိသော် ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းဖို့ ကြီးစွာသော ကြာပဒုမ္မာဖြူတို့ဖြင့် ဖုံးလွှမ်းအပ်သော ချိုင့်ကိုလုပ်၍ ငါ့ဖို့မူ ငယ်သော ကြာပဒုမ္မာနီဖြင့် ဖုံးလွှမ်းအပ်သောချိုင့်ကို လုပ်ပြီးလျှင် ငါတို့အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းကို ရှေ့က, ငါ့ကိုနောက်က နိမ့်သည်ကိုပြုသဖြင့် ဆောင်ယူ၍ လျင်မြန်စွာ မင်းအားပြလော့ ဟု ဆို၏။

ထိုခေမာမုဆိုးသည် သုမုခစစ်သူကြီးဆိုသော စကားကို ကြား၍ သုမုခသည် မင်းကို မြင်ရသည်ရှိသော် ငါ့အား များစွာသော စည်းစိမ်ချမ်းသာကို ပေးစေလိုသည်ဖြစ်လတ္တံ့ ဟု ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ နူးညံ့ကုန်သော နွယ်တို့ဖြင့် ချိုင့်တို့ကိုလုပ်ပြီးလျှင် ကြာပဒုမ္မာတို့ဖြင့် ကောင်းစွာဖုံးလွှမ်း၍ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်လျှင် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ဆောင်ယူ၍ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၁၀။ ဣစ္စေဝံ ဝုတ္တော နေသာဒေါ၊
ဟေမဝဏ္ဏေ ဟရိတ္တစေ။
ဥဘော ဟတ္ထေဟိ သံဂယှ၊ ပဉ္ဇရေ အဇ္ဈဝေါဒဟိ။
၁၁၁။ တေ ပဉ္ဇရဂတေ ပက္ခီ၊ ဥဘော ဘဿရဝဏ္ဏိနေ။
သုမုခံ ဓတရဋ္ဌဉ္စ၊ လုဒ္ဒေါ အာဒါယ ပက္ကမိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၁၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ ဝုတ္တော၊ စစ်သူကြီးသုမုခသည် ဆိုအပ်သော။ နေသာဒေါ၊ ခေမာမုဆိုးသည်။ ဟေမဝဏ္ဏေ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော။ ဟရိတ္တစေ၊ ရွှေအဆင်းနှင့်တူသော အရေရှိကုန်သော။ ဥဘော၊ ရွှေဟင်္သာမင်း နှစ်ပါးတို့ကို။ ဟတ္ထေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ သံဂယှ၊ ချီ၍။ ပဉ္ဇရေ၊ ချိုင့်၌။ အဇ္ဈဝေါဒဟိ၊ ထား၏။

၁၁၁။ ပဉ္ဇရဂတေ၊ ချိုင့်၌တည်ကုန်သော။ ဘဿရဝဏ္ဏိနေ၊ အရောင်အဆင်းနှင့် ပြည့်စုံကုန်သော။ သုမုခဉ္စ၊ စစ်သူကြီးသုမုခကိုလည်းကောင်း။ ဓတရဋ္ဌဉ္စ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းကိုလည်းကောင်း။ တေ ဥဘောပက္ခီ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို။ လုဒ္ဒေါ၊ ခေမာမုဆိုးသည်။ အာဒါယ၊ ယူ၍။ ပက္ကမိ၊ သွားလေ၏။

ဟင်္သာမကို အောက်မေ့ခြင်း

ဤသို့ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ခေမာမုဆိုး ဆောင်ယူသွားသောအခါ၌ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည် ပါကဟင်္သာမင်း၏ သမီးတော်ဖြစ်သော မိဖုရားကြီးကို အောက်မေ့၍ စစ်သူကြီးသုမုခကိုခေါ်၍ မိမိ၏ ကိလေသာ၏ အစွမ်းအားဖြင့် မြည်တမ်းတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၁၂။ ဟရီယမာနော ဓတရဋ္ဌော၊ သုမုခံ ဧတဒဗြဝိ။
ဗာဠှံ ဘာယာမိ သုခ၊ သာမာယ လက္ခဏူရုယာ။
အသ္မာကံ ဝဓမညာယ၊ အထတ္တာနံ ဝဓိဿတိ။
၁၁၃။ ပါကဟံသာ စ သုမုခ၊ သုဟေမာ ဟေမသုတ္တစာ။
ကောဉ္စီ သမုဒ္ဒတီရေဝ၊ ကပဏာ နူ န ရုစ္ဆတိ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၁၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဟရီယမာနော၊ ခေမာ မုဆိုးသည် ဆောင်ယူသွားအပ်သော။ ဓတရဋ္ဌော၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ သုမုခံ၊ စစ်သူကြီးသုမုခကို။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ သုမုခ၊ အမောင်သုမုခ။ လက္ခဏူရုယာ၊ မြတ်သော ဦရုလက္ခဏာနှင့်ပြည့်စုံသော။ သာမာယ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ဟင်္သာမ၏။ မရဏတော၊ သေခြင်းမှ။ ဗာဠှံ၊ လွန်စွာ။ ဘာယာမိ၊ ငါကြောက်၏။ အသ္မာကံ၊ ငါတို့ကို။ ဝဓမညာယ၊ သေချေပြီဟု အမှတ်ရှိသည်ဖြစ်၍။ မေ၊ ငါ၏။ ပိယသာမိကေ၊ ချစ်လင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ မတေ၊ သေသည်ရှိသော်။ မေ၊ အား။ ဇီဝိတေန၊ အသက်ရှင်သဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ အဒ္ဓါ၊ စင်စစ်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဝဓိူတိ၊ သတ်လိမ့်သည်တကား။

၁၁၃။ သုမုခ၊ အမောင်သုမုခ။ ပါကဟံသာ စ၊ ပါကဟင်္သာမင်း၏ သမီးတော်လည်းဖြစ်ထသော။ ဟေမသုတ္တစာ၊ ရွှေအဆင်းနှင့်တူသော အလွန်တင့်တယ်သော အရေလည်းရှိထသော။ သုဟေမာ၊ သုဟေမာအမည်ရှိသော မိဖုရားကြီးသည်။ ကောဉ္စီ၊ ကြိုးကြာငှက်မသည်။ သမုဒ္ဒတီရေ၊ သမုဒ္ဒရာနား၌။ ကပဏာ၊ အထီးကျန်သည် ဖြစ်၍။ ရုစ္ဆတိ ဣဝ၊ ငိုကြွေးသကဲ့သို့။ နူန၊ စင်စစ်။ ရုစ္ဆတိ၊ ငိုကြွေးလိမ့်သည်တကား။

မိန်းမတို့ အပြစ်များ

ထိုသို့ရွှေဟင်္သာမင်း မြည်တမ်းသောစကားကို ကြား၍ စစ်သူကြီးသုမုခသည် ဤရွှေဟင်္သာမင်းသည် တစ်ပါးသောသူကို ဆုံးမခြင်းငှာသင့်ပါလျက် မိန်းမကိုမှီ၍ ကိလေသာ၏အစွမ်းဖြင့် မြည်တမ်းဘိ၏။ ရေကို မီးလောင်သောအခါကဲ့သို့ လည်းကောင်း, စည်းစောင်းရန်းသည် (စပါးကိုကာကွယ်ရမည့်အစား သူကိုယ်တိုင်) ထလတ်၍ လယ်၌ရှိသောစပါးကို စားသောအခါကဲ့သို့လည်းကောင်း ဖြစ်ခဲ့ပြီ၊ စင်စစ်သဖြင့် ငါသည် ငါ၏အစွမ်းဖြင့်မိန်းမ၏အပြစ်ကိုပြ၍ ဤရွှေဟင်္သာမင်းကို သိစေအံ့ ဟု ကြံ၍ ရွှေဟင်္သာမင်းအားပြလိုရကား-

၁၁၄။ ဧဝံ မဟန္တော လောကဿ၊
အပ္ပမေယျော မဟာဂဏီ။
ဧကိတ္ထိ မနုသောစေယျ၊ နယိဒံ ပညဝတာမိဝ။
၁၁၅။ ဝါတောဝ ဂန္ဓမာဒေတိ၊ ဥဘယံ ဆေကပါပကံ။
ဗာလော အာမကပက္ကံဝ၊
လောလော အန္ဓောဝ အာမိသံ။
၁၁၆။ အဝိနိစ္ဆယညု အတ္ထေသု၊ မန္ဒောဝ ပဋိဘာသိ မံ။
ကိစ္စာကိစ္စံ န ဇာနာသိ၊
သမ္ပတ္တော ကာလပရိယာယံ။
၁၁၇။ အဍ္ဎုမ္မတ္တော ဥဒီရေသိ၊
ယော သေယျာ မညသိတ္ထိယော။
ဗဟုသာဓာရဏာ ဟေတာ၊
သောဏ္ဍာနံဝ သုရာဃရံ။
၁၁၈။ မာယာ စေတာ မရီစီ စ၊ သောကာ ရောဂါ စုပဒ္ဒဝါ။
ခရာ စ ဗန္ဓနာ စေတာ၊ မစ္စုပါသာ ဂုဟာသယာ။
တာသု ယော ဝိဿသေ ပေါသော၊
သော နရေသု နရာဓမော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၄။ ဓတရဋ္ဌ၊ ဓတရဋ္ဌအမည်တော်ရှိသော။ မာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့။ လောကဿ၊ သတ္တလောကထက်။ မဟန္တော၊ ကြီးမြတ်ပါလျက်။ အပ္ပမေယျော၊ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသည်ဖြစ်ပါလျက်။ မဟာဂဏီ၊ များစွာသောအပေါင်း၏ ဆရာဖြစ်ပါလျက်။ ဧကိတ္ထိံ၊ မိန်းမတစ်ယောက်ကို။ ယံ အနုသောစေယျ၊ အကြင်စိုးရိမ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ သောစနံ၊ ဤသို့ စိုးရိမ်ခြင်းသည်။ န ပညဝတော ဣဝ၊ ပညာရှိမဟုတ်သကဲ့သို့ ထင်၏။

၁၁၅။ မဟာရာဇ၊ မင်းမြတ်။ ဝါတော၊ လေသည်။ ဆေကပါပကံ၊ ကောင်း မကောင်းဖြစ်သော။ ဥဘယံ၊ နှစ်ပါးသော။ ဂန္ဓံ၊ အနံ့ကို။ အာဒေတိ ဣဝ၊ ယူဆောင်လေသကဲ့သို့လည်းကောင်း။ လောလော၊ အစာ၌လျှပ်ပေါ်သော။ ဗာလော၊ သူမိုက်သည်။ အာမကပက္ကံ၊ အစိမ်း, အမှည့်ဖြစ်သော သစ်သီးကို။ ခါဒတိ ဣဝ၊ စားသကဲ့သို့လည်းကောင်း။ လောလော၊ အစာ၌ လျှပ်ပေါ်သော။ အန္ဓော၊ သူကန်းသည်။ အာမိသံ၊ အစာအာဟာရကို။ ခါဒတိ ဣဝ၊ စားသကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဣတ္ထိယော၊ မိန်းမတို့သည်။ သဗ္ဗံ၊ အလုံးစုံ အယုတ်အမြတ်ဖြစ်သော ယောက်ျားသို့။ ဘဇန္တိ၊ ချဉ်းကပ်တတ်ကုန်၏။

၁၁၆။ မဟာရာဇ၊ မင်းမြတ်။ အတ္ထေသု၊ အကြောင်းဟုတ်သည် မဟုတ်သည်တို့၌။ အဝိနိစ္ဆယညူ၊ အဆုံးအဖြတ်ကိုမသိသော။ မန္ဒောဝ၊ ပညာနုံ့သော သူကဲ့သို့။ မံ မမ၊ အကျွန်ုပ်၏။ ပဋိဘာသိ၊ ဉာဏ်၌ထင်ရှား၏။ ကာလပရိယာယံ၊ သေရအံ့သောအလှည့်သို့။ သမ္ပတ္တော၊ ရောက်ပြီးလျက်။ ကိစ္စာကိစ္စံ၊ ပြုသင့် မပြုသင့်ကို။ တွံ၊ အရှင်မင်းမြတ်သည်။ န ဇာနာသိ၊ သိတော်မမူ။

၁၁၇။ မဟာရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ ဣတ္ထိယော၊ မိန်းမတို့ကို။ သေယျာ၊ မြတ်ကုန်၏ဟူ၍။ မညသိ၊ ထင်မှတ်အံ့။ သော၊ ထိုမိန်းမတို့ကို အမြတ်ဟုထင်မှဘ်သောသူသည်။ အဍ္ဎုမ္မတ္တော၊ သေသောက်ကြူး၍ တစ်ပိုင်းရူးသောသူသည်။ ဥဒိရေတိ ဣဝ၊ မြည်တမ်းသကဲ့သို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ ဧတာ၊ ထိုမိန်းမတို့သည်။ သောဏ္ဍာနံ၊ သေသောက်ကြူးတို့၏။ သုရာဃရံ ဣဝ၊ သေတင်းကုပ်ကဲ့သို့။ ဗဟုသာဓာရဏာ၊ ယောက်ျားအများနှင့် ဆက်ဆံတတ်ကုန်၏။

၁၁၈။ မဟာရာဇ၊ မင်းမြတ်။ ဧတာ၊ ဤမိန်းမတို့သည်။ မာယာ ဣဝ၊ လှည့်ပတ်တတ်သောကြောင့် မျက်လှည့်သည်နှင့် တူ၏။ မရီစိ ဣဝ၊ စိတ်နှလုံးကို ယူကျုံး၍မရတတ်သောကြောင့် တံလျှပ်နှင့်တူ၏။ သောကာ၊ စိုးရိမ်ခြင်းကိုပြုတတ်၏။ ရောဂါ၊ အနာရောဂါကို ပြုတတ်၏။ ဥပဒ္ဒဝါ စ၊ ဘေးရန်လည်း များ၏။ ဧတော၊ ထိုမိန်းမတို့သည်။ ခရာ စ၊ ဒေါသကြီးသောကြောင့် ခက်ထန်ခိုင်မာ ကြမ်းတမ်းကုန်၏။ ဗန္ဓနာ စ၊ နှောင်ဖွဲ့ခြင်း၏အကြောင်းလည်း ဖြစ်ကုန်၏။ မစ္စုပါသာ၊ သေမင်း၏ ကျော့ကွင်းလည်းဖြစ်ကုန်၏။ ဂုဟာသယာ၊ ကိုယ်တည်းဟူသောလိုဏ်၌ နေတတ်ကုန်၏။ ယော ပေါသော၊ အကြင်ယောက်ျားသည်။ တာသု၊ ထိုမိန်းမတို့၌။ ဝိဿာသေ၊ အကျွမ်းဝင်အံ့။ သော ပေါသော၊ ထိုယောက်ျားသည်။ နရေသု၊ ယောကျ်ားတကာတို့တွင်။ နရာဓမော၊ ယောက်ျားယုတ်တည်း။

မိန်းမတို့ ဂုဏ်ကျေးဇူးများ

ထို့နောင်မှ ဓတရဋ္ဌရွှေဟင်္သာမင်းသည် မိန်းမ၌တပ်စွန်းသော စိတ်ရှိသည်၏အဖြစ်ကြောင့် သင်သည် မိန်းမတို့၏ ဂုဏ်ကျေးဇူးကို မသိ၊ ပညာရှိတို့သည်သာလျှင် သိကုန်၏။ ထိုမိန်းမတို့ကို မကဲ့ရဲ့အပ်ကုန်ဟု ဆို၍ မိန်းမတို့၏ဂုဏ်ကျေးဇူးကို ပြလိုရကား-

၁၁၉။ ယံ ဝုဒ္ဓေဟိ ဥပညာတံ၊ ကော တံ နိန္ဒိတုမရဟတိ။
မဟာဘူတိတ္ထိယော နာမ၊ လောကသ္မိံ ဥဒပဇ္ဇိသုံ။
။ လ။
၁၂၅။ မုတ္တောပိ န ဣစ္ဆိ ဥဍ္ဍေတုံ၊ သယံ ဗန္ဓံ ဥပါဂမိ။
သောပဇ္ဇ သံသယံ ပတ္တော၊ အတ္ထံ ပဏှာဟိ မာမုခံ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

၁၁၉။ သုမုခ၊ အမောင်သုမုခ။ ယံ၊ အကြင် မိန်းမတို့၏အကြောင်းကို။ ဝုဒ္ဓေဟိ၊ ကြီးကုန်သော သူတို့သည်။ ဥပညာတံ၊ ကပ်၍သိအပ်၏။ ကော၊ အဘယ်သူသည်။ တံ၊ ထိုမိန်းမကို။ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှာ။ အရဟတိ၊ ထိုက်အံ့နည်း။ လောကသ္မိံ၊ လောက၌။ ဣတ္ထိယော နာမ၊ မိန်းမတို့မည်သည်လား။ မဟာဘူတာ၊ များမြတ်သော ဂုဏ်ကျေးဇူးရှိကုန်၏။ ပဌမံ၊ ကမ္ဘာဦးအစကာလ၌ ပထမရှေးဦးစွာ။ ဥဒပဇ္ဇိသုံ၊ ထင်ရှားဖြစ်ကုန်၏။

၁၂၀။ သုမုခ၊ အမောင်သုမုခ။ တျာသု၊ ထိုမိန်းမတို့၌။ ခိဍ္ဍာ၊ ကိုယ်နှုတ်တို့၏ မြူးထူးခြင်းတို့သည်။ ပဏိဟိတာ၊ တည်ကုန်၏။ တျာသု၊ ထိုမိန်းမတို့၌။ ရတိ၊ ကာမဂုဏ်ဖြင့် မွေ့လျော်ခြင်းသည်လည်း။ ပတိဋ္ဌိတာ၊ တည်၏။ တျာသု၊ ထိုမိန်းမတို့၌။ ဗီဇာနိ၊ ဘုရား, ပစ္စေကဗုဒ္ဓါ အရိယာသာဝက စကြဝတေး, မန္ဓာတ် အစရှိကုန်သော မျိုးစေ့တို့သည်။ ရူဟန္တိ၊ ရောက်ကုန်၏။ ယဒိဒံ ယေ ဣမေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ တာသု၊ ထိုမိန်းမတို့၏ဝမ်းတို့၌။ ပဇာယရေ၊ ဖြစ်ကုန်၏။ ပါဏိဘိ၊ မိမိအသက်တို့ဖြင့်။ ပါဏံ၊ မိန်းမတို့၏ အသက်ကို။ အာသဇ္ဇ၊ ကပ်၍။ ကော ပေါသော၊ အဘယ်ယောက်ျားသည်။ တာသု၊ ထို မိန်းမှုတို့၌။ နိဗ္ဗိဒေ၊ ငြီးငွေ့နိုင်အံ့နည်း။

၁၂၁။ သုမုခ၊ အမောင်သုမုခ။ တွမေဝ၊ သင်သည်သာလျှင်။ ထီနံ၊ မိန်းမတို့၏။ အတ္ထေသု၊ အကြောင်းတို့၌။ ယုဉ္ဇသိ၊ ယှဉ်ဘိ၏။ အညော၊ သင်မှ တစ်ပါးသောသူသည်။ န ယုဉ္ဇသိ၊ မယှဉ်။ အဇ္ဇ၊ ယခု။ တဿ တေ၊ ထိုသင့်အား။ ဘယေ၊ ဘေးသည်။ ဇာတေ၊ ဖြစ်လတ်သော်။ ဘီတေန၊ ကြောက်လျက်။ မတိ၊ သိခြင်းပညာသည်။ ဇာယတေ၊ ဖြစ်ပေ၏။

၁၂၂။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ သဗ္ဗော၊ အလုံးစုံသောသူသည်။ သံသယံ၊ တွေးတော ယုံမှားခြင်းသို့။ ပတ္တော၊ ရောက်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ဘီရုံဟုတွာ၊ သေဘေးသို့ ရောက်သည်ဖြစ်လျက်။ ဘယံ၊ ဘေးကို။ တိတိက္ခတိ၊ သည်းခံတတ်၏။ ပဏ္ဍိတာ၊ ပညာရှိကုန်သော။ မဟန္တာနော စ၊ သူမြတ်တို့သည်သာလျှင်။ ဒုယျုဇေ၊ ယှဉ်နိုင်ခဲသော။ အတ္ထေ၊ ကိစ္စ၌။ ယုဉ္ဇန္တိ၊ ယှဉ်ကုန်၏။

၁၂၃။ ဧတဒတ္တာယ၊ ထိုဆိုခဲ့ပြီးသောအမှုကို ပြုစိမ့်သောငှာ။ ရာဇာနော၊ မင်းတို့သည်။ မန္တီနံ၊ အတိုင်အပင် ပညာရှိသော။ သူရံ၊ ရဲရင့်သောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ယံ အာပဒံ၊ အကြင်ဘေးရန်သည်။ အတ္ထိ၊ ရှိ၏။ တံ အာပဒံ၊ ထိုဘေးရန်ကို သူရော၊ ရဲရင့်သောသူသည်။ ပဋိဗာဟတံ၊ တားမြစ်နိုင်၏။ အတ္တပရိယာယံ၊ ကိုယ်ကိုစောင့်ရှောက်ခြင်းငှာ။ ကရောတိ၊ ပြုနိုင်၏။

၁၂၄။ သုမုခ၊ အမောင် သုမုခ။ ရညော၊ မင်း၏။ သူဒါ၊ စဖိုသည်တို့သည်။ မဟာနသေ၊ စဖိုအိမ်၌၊ အဇ္ဇ၊ ယနေ့။ နော၊ ငါတို့ကို။ မာ ဝိကန္တိံသု၊ မသတ်ဖြတ်စေကုန်သတည်း။ ဝေဠုံ၊ ဝါးပင်ကို။ နိဿာယ၊ မှီ၍။ ပဝတ္တံ၊ ဖြစ်သော။ ဖလံ၊ ဝါးသီးသည်။ တံ ဝေဠုံ၊ ထိုဝါးပင်ကို။ ဝဓိ ဣဝ၊ သတ်သကဲ့သို့။ တထာ၊ ထို့အတူ။ ပတ္တာနံ၊ အတောင်တို့၏။ ဝဏ္ဏောဟိ၊ ရွှေအဆင်းနှင့်တူသော အဆင်းသည်လျှင်။ တံ၊ သင့်ကို။ မာ ဝဓိ၊ မသတ်စေလင့်။

၁၂၅။ သုမုခ၊ အမောင်သုမုခ။ တွံ၊ သင်သည်။ မုတ္တောပိ၊ ကျော့ကွင်းမှ လွတ်ပါလျက်လည်း။ ဥဍ္ဍေတုံ၊ ပျံသွားခြင်းငှာ။ န ဣစ္ဆိ၊ အလိုမရှိ။ သယံ၊ မိမိသည်။ ဗန္ဓံ၊ မိခြင်းသို့။ ဥပါဂမိ၊ ကပ်လာ၏။ သောပိ အဟံ၊ ထိုငါသည်လည်း။ အဇ္ဇ၊ ဤအခါ၌။ သံသယံ၊ အသက်ရှည်ခြင်း၌ ယုံမှားခြင်းသို့။ ပတ္တော၊ ရောက်ရ၏။ အတ္ထံ၊ ငါ၏ အစီးအပွားကို။ ဂဏှာဟိ၊ သင်ယူလော့။ မုခံ၊ မိန်းမတို့အား ကဲ့ရဲ့အပ်သောအကြောင်းကို။ မာ စိန္တေသိ၊ သင်မကြံလင့်။

ငါ့ကို အသက်ပေးပါ

ဤသို့ ဘုရားလောင်း ရွှေဟင်္သာမင်းသည် မိန်းမတို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူသဖြင့် စစ်သူကြီးသုမုခကို စကားဆိုရာ မရှိသည်ကိုပြုတော်မူ၍ ထိုသုမုခ၏ နှလုံးမသာယာသောအဖြစ်ကို သိတော်မူသဖြင့် ယခုအခါ သုခကို ချီးမြှောက်တော်မူပြန်လိုရကား -

၁၂၆။ သော တံယောဂံ ပယုဉ္ဇဿု၊ ယုတ္တံ ဓမ္မူပသံဟိတံ။
တဝ ပရိယာပဒါနေန၊ မမ ပါဏေသနံ စရ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၆။ သုမုခ၊ အမောင် သုမုခ။ သောတွံ၊ ထိုသင်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသံဟိတံ၊ အကြောင်းနှင့်ယှဉ်သော။ တံ ယောဂံ၊ ထိုလုံ့လကို။ ပယုဉ္ဇဿု၊ အားထုတ်ပါလော့။ တဝ၊ သင်၏။ ပရိယာပဒါနေန၊ စင်ကြယ်သော လုံ့လဖြင့်။ မမ၊ ၏။ ပါဏေသနံ၊ အသက်ကိုရှာခြင်းကို။ စရ၊ ကျင့်ပါလော့။

အေးအေးသာနေပါ

ထိုအခါ စစ်သူကြီးသုခသည် ဤရွှေဟင်္သာမင်းကား အလွန်လျှင် သေဘေးမှကြောက်၏။ ငါ၏ ဉာဏ်အစွမ်းကို မသိ၊ ဗာရာဏသီမင်းကို မြင်၍လျှင် အတန်ငယ်သော စကားပြောခြင်းကိုရသည်ရှိသော် သိရလတ္တံ့၊ ထိုရွှေဟင်္သာမင်းကို ရှေးဦးစွာ နှစ်သိမ့်စေအံ့ဟု ကြံ၍ နှစ်သိမ့်စေလိုရကား-

၁၂၇။ မာ ဘာယိ ပတတံ သေဋ္ဌ၊
န ဟိ ဘာယန္တိ တာဒိသာ။
အဟံ ယောဂံ ပယုဉ္ဇိဿံ၊ ယုတ္တံ ဓမ္မူပသံဟိတံ။
မမ ပရိယာပဒါနေန၊ ခိပ္ပံ ပါသာ ပမောက္ခသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၇။ ပတတံ၊ ကောင်းကင်သို့ ပျံသွားတတ်သော ဟင်္သာအပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့် မြတ်သော။ မဟာရာဇ၊ အရှင်မင်းမြတ်။ မာ ဘာယိ၊ ကြောက်တော်မမူလင့်။ တာဒိသာ၊ အရှင်မင်းမြတ်နှင့်တူကုန်သော သူတို့သည်။ န ဟိ ဘာယန္တိ၊ မကြောက်ကုန်သလျှင်ကတည်း။ အဟံ၊ အကျွန်ုပ်သည်။ ယုတ္တံ၊ သင့်လျော်သော။ ဓမ္မူပသံဟိတံ၊ အကြောင်းနှင့်ယှဉ်သော။ ယောဂံ၊ လုံ့လကို။ ပယုဉ္ဇိဿံ၊ အားထုတ်ပါအံ့။ မမ၊ အကျွန်ုပ်၏။ ပရိယာပဒါနေန၊ စင်ကြယ်သော လုံ့လဖြင့်။ တွံ၊ အရှင်မင်းမြတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ပါသာ၊ ဆင်းရဲခြင်းတည်းဟူသော ကျော့ကွင်းမှ။ ပမောက္ခသိ၊ လွတ်တော်မူပါလတ္တံ့။

နန်းတော်သို့ ရောက်ကြပြီ

ဤသို့ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ အချင်းချင်း ဟင်္သာတို့ဘာသာဖြင့် စကားပြောဟောကြကုန်သည်တို့ကို ခေမာမုဆိုးတို့သည် တစ်စုံတစ်ခုကိုမျှ မသိ၊ သက်သက်သော်ကား ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထမ်းပိုးဖြင့်ဆောင်ယူ၍ ဗာရာဏသီမြို့သို့သာလျှင် ဝင်လေ၏။ အံ့ဖွယ်သူရဲ မဖြစ်စဖူးဖြစ်သဖြင့် လူများသည် လက်အုပ်ချီလျက် ပို့လိုက်ကြသည်ဖြစ်၍ ထိုခေမာမုဆိုးသည် မင်း၏ နန်းတော်တံခါးသို့ရောက်လျှင် မိမိလာရောက်သောအကြောင်းကို မင်းကြီးအား လျှောက်စေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၂၈။ သော လုဒ္ဒေါ ဟံသကာဇေန၊ ရာဇဒွါရံ ဥပါဂမိ။
ပဋိဝေဒေထ မံ ရညော၊ ဓတရဋ္ဌာယမာဂတော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုခေမာမုဆိုးသည်။ ဟံသကာဇေန၊ ဟင်္သာထမ်းသော ထမ်းပိုးဖြင့်။ ရာဇဒွါရံ၊ နန်းတော်တံခါးသို့။ ဥပါဂမိ၊ ကပ်လေ၏။ ဘော၊ အိုအချင်းတို့။ မံ၊ ငါ့ကို။ ရညော၊ အရှင်မင်းမြတ်အား။ အယံ ဓတရဋ္ဌော၊ ဤရွှေဟင်္သာမင်းသည်။ အာဂတော၊ ရောက်လာပြီ။ ဣတိ၊ ဤသို့။ ပဋိဝေဒေထ၊ တင်လျှောက်ကြကုန်လော့။

မင်းကြီး ဆုတော်သနားခြင်း

တံခါးစောင့်သည်သွား၍ မင်းအား ထိုအကြောင်းကို တင်လျှောက်၏။ မင်းသည် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ လျင်မြန်စွာ လာစေလော့ ဟု မိန့်တော်မူ၍ မှူးတော်မတ်တော်အပေါင်း ခြံရံပြီးလျှင် ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေတော်မူလျက် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထမ်းပိုးဖြင့်ထမ်းယူ၍ ရွှေနန်းတော်ပြာသာဒ်မအပြင်သို့ တက်လာသော ခေမာမုဆိုးကိုမြင်လျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ကြည့်တော်မူလျက် ငါ၏စိတ်အလိုတော်သည် ပြည့်စုံပေပြီဟု ကြံ၍ ထိုခေမာမုဆိုးအား ပြုအပ်သောကိစ္စကို မှူးမတ်တော်တို့အား စေတော်မူလိုက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်လိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၉။ တေ ဒိသွာ ပုညသင်္ကာသေ၊
ဥဘော လက္ခဏသမ္မတေ။
ခလု သံယမနော ရာဇာ၊ အမစ္စေ အဇ္ဈဘာသထ။
၁၃၀။ ဒေထ လုဒ္ဒဿ ဝတ္ထာနိ၊ အန္နံ ပါနဉ္စ ဘောဇနံ။
ကာမံကရော ဟိရညဿ၊ ယာဝန္တော ဧသဣစ္ဆတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုညသင်္ကာသေ၊ မိမိဘုန်းကံနှင့်တူသော ဘုန်းကံပါရမီရှိသာ။ လက္ခဏသမ္မတေ၊ အမြတ်ဟူ၍ သမုတ်အပ်သော။ တေ ဥဘော၊ ထိုဟင်္သာမင်းနှစ်ပါးတို့ကို။ သံယမနော၊ သံယမအမည်တော်ရှိသော။ ရာဇာ၊ ဗာရာဏသီပြည့်ရှင်မင်းမြတ်သည်။ ခလု၊ စင်စစ်သဖြင့်။ ဒိသွာ၊ မြင်၍။ အမစ္စေ၊ မှူးတော် မတ်တော်တို့ကို။ အဇ္ဈဘာသထ၊ ဤသို့ဆိုလေ၏။

၁၃၀။ ဘောန္တော အမစ္စာ၊ အို အမတ်တို့။ လုဒ္ဒဿ၊ ခေမာမုဆိုးအား။ ဝတ္ထာနိ၊ အဝတ်ပုဆိုး အထည်မျိုးတို့ကိုလည်းကောင်း။ အန္နပါနဉ္စ၊ ထမင်းအဖျော်ကိုလည်းကောင်း။ ဘောဇနဉ္စ၊ ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း။ ဒေထ၊ ပေးကြကုန်လော့။ ဧသ- ဧသော၊ ဤမုဆိုးသည်။ ယာဝန္တော၊ အကြင်မျှလောက်။ ဣစ္ဆတိ၊ အလိုရှိ၏။ တာဝ တတ္တကံ၊ ထိုမျှလောက်သော။ ဟိရညံ၊ ရွှေကို။ အဿ၊ ထိုမုဆိုးအား။ ကာမံ၊ အလိုရှိတိုင်း။ ကရော-ကရောထ၊ ပေးကြကုန်လော့

ဤသို့လျှင် ကြည်ညိုသောအခြင်းအရာကိုပြု၍ နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သွားကြကုန်၊ ထိုမုဆိုးကို တန်ဆာဆင်၍ ဆောင်ခဲ့ကြကုန်လော့ဟု မိန့်တော်မူ၏။ ထိုအခါ မုဆိုးကို မှူးတော်မတ်တော်တို့သည် နန်းတော်မှ ဆင်းသက်စေပြီးလျှင် ဆံမုတ်ဆိတ်တို့ကိုပြုပြင်၍ ရေချိုးသဖြင့် နံ့သာလိမ်းပြီးသော် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်၍ မင်းအား ပြကုန်၏။ ထိုအခါ မင်းသည် တစ်နှစ်တစ်နှစ်လျှင် အခွန်တစ်သိန်းတစ်သိန်းထွက်သောရွာ တစ်ဆယ့်နှစ်ရွာတို့ကိုလည်းကောင်း၊ အာဇာနည်မြင်းက, သော ရထားကိုလည်းကောင်း၊ တန်ဆာဆင်အပ်သော ကြီးစွာသောအိမ်ကိုလည်းကောင်း၊ ဤသို့အစရှိသော များစွာသော စည်းစိမ်ချမ်းသာကို ပေးတော်မူ၏။ ထိုခေမာမုဆိုးသည် များစွာသော စည်းစိမ်ချမ်းသာကိုရပြီး၍ မိမိဆောင်ရွက်ရသောအမှုကို မင်းအား ထင်ရှားပြလိုရကား အရှင်မင်းမြတ်... အကျွန်ုပ်သည် ဟူးဟူးငြားငြား (ဟင်္သာမည်ကာမျှ) သော ဟင်္သာကို မဆောင်ယူအပ်၊ စင်စစ်သော်ကား ဤရွှေဟင်္သာမင်းသည် ကိုးသောင်းကုန်သော ဟင်္သာအပေါင်းတို့၏ မင်းဖြစ်သော ဓတရဋ္ဌအမည်တော်ရသော ရွှေဟင်္သာမင်းတည်း၊ ဤရွှေဟင်္သာမင်းသည် သုမုခအမည်ရှိသော ဟင်္သာစစ်သူကြီးတည်းဟု တင်လျှောက်၏။

ဘယ်လိုမိခဲ့သလဲ

ထိုအခါ မုဆိုးကို မင်းသည် အမောင်မုဆိုး... အမောင်သည် ဤဟင်္သာတို့ကို အသို့ဖမ်းယူအပ်သနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၃၁။ ဒိသွာ လုဒ္ဒံ ပသန္နတ္တံ၊ ကာသိရာဇာ တဒဗြဝိ။
ယဒျာယံ သမ္မ ခေမက၊ ပုဏ္ဏာ ဟံသေဟိ တိဋ္ဌတိ။
၁၃၂။ ကထံ ရုစိမဇ္ဈဂတံ၊ ပါသဟတ္ထော ဥပါဂမိ။
ဩကိဏ္ဏံ ဉာတိသံဃေဟိ၊ နိမ္မဇ္ဈိမံ ကထံ ဂဟိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၃၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာသိရာဇာ၊ ကာသိတိုင်းရှင်ဖြစ်သော ဗာရာဏသီမင်းသည်။ ပသန္နတ္တံ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ လုဒ္ဒံ၊ ခေမာမုဆိုးကို။ ဒိသွာ၊ မြင်၍လျှင်။ ဧတံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ ဆို၏။ သမ္မခေမက၊ အမောင်ခေမာမုဆိုး။ အယံ၊ ဤငါတို့ခေမာအိုင်သည်။ ဟံသေဟိ၊ ဟင်္သာတို့ဖြင့်။ ပုဏ္ဏာ၊ ပြည့်သည်ဖြစ်၍။ ယဒိ တိဋ္ဌတိ၊ အကယ်၍ တည်၏။

၁၃၂။ မဇ္ဈဂတံ၊ ဟင်္သာအပေါင်းတို့၏ အလယ်၌ဖြစ်သော။ ရုစိံ၊ နှစ်သက်ဖွယ်ရှိသော ရွှေဟင်္သာမင်းကို။ ပါသဟတ္ထော၊ ကျော့ကွင်းလက်စွဲသော သင်သည်။ ကထံ၊ အသို့လျှင်။ ဥပါဂမိ၊ ချဉ်းကပ်သနည်း။ ဉာတိသံဃေဟိ၊ ဆွေမျိုးအပေါင်းတို့ဖြင့်။ ဩကိဏ္ဏံ၊ ပြည့်သော။ နိမ္မဇ္ဈိမံ၊ ကြီးမြတ်သော ရွှေဟင်္သာမင်းကို။ ကထံ၊ အသို့လျှင်။ ဂဟိ၊ သင်ဖမ်းယူသနည်း။

ခေမာမုဆိုးသည် ထိုမင်းအား ရွှေဟင်္သာမင်းတို့ကို မိမိဖမ်းယူသောအကြောင်းကို ပြန်လျှောက်လိုရကား-

၁၃၃။ အဇ္ဇ မေ သတ္တမာ ရတ္တိ၊ အဒနာနိ ဥပါသတော။
ပဒမေတဿ အနွေသံ၊
အပ္ပမတ္တော ဃဋဿိတော။
၁၃၄။ အထဿ ပဒမဒ္ဒက္ခိံ၊ စရတော အဒနေသနံ။
တတ္ထာဟံ ဩဒဟိံ ပါသံ၊ ဧဝံ တံ ဒိဇမဂ္ဂဟိံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၃။ မဟာရာဇ၊ မင်းမြတ်။ အဒနာနိ၊ ကျက်စားရာ အရပ်တို့သို့။ ဥပါသတော၊ ကပ်ရောက်လာသော။ မေ၊ အကျွန်ုပ်အား။ အဇ္ဇ၊ ယနေ့။ သတ္တမာရတ္တိ၊ ခုနစ်ညဉ့်ရှိပြီ။ ဧတဿ၊ ထိုရွှေဟင်္သာမင်း၏။ ပဒံ၊ ကျက်စားရာ၌ နင်းသောခြေရာကို။ အနွေသံ-အနွေသန္တော၊ ရှာသောအကျွန်ုပ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့။ ဃဋဿိတော၊ အိုးစရည်းကြီးဟူသော ချိုင့်ကိုမှီ၏။

၁၃၄။ အထ၊ ထိုအခါ၌။ အဒနေသနံ၊ အစာကိုရှာလျက်။ စရတော၊ ကျက်စားသော။ အဿ၊ ထိုရွှေဟင်္သာမင်း၏။ ပဒံ၊ ခြေရာကို။ အက္ခိံ၊ အကျွန်ုပ် မြင်ရ၏။ တတ္ထ၊ ထိုနင်းသောခြေရာကို မြင်ရာ၌။ အဟံ၊ အကျွန်ုပ်သည်။ ပါသံ၊ ကျော့ကွင်းကို။ ဩဒဟိံ၊ ထောင်ပါ၏။ ဧဝံ၊ ဤသို့ ထောင်သဖြင့်။ တံ ဒိဇံ၊ ထိုရွှေဟင်္သာမင်းကို။ အဂ္ဂဟိံ၊ ဖမ်းယူပါ၏။

တစ်ကောင်တည်းဆို

ထိုစကားကိုကြား၍ မင်းသည် ဤမုဆိုးကား တံခါး၌ရပ်လျက် ကြားလျှောက်သော်လည်း ဓတရဋ္ဌရွှေဟင်္သာမင်း၏ လာခြင်းကိုသာလျှင် ကြားလျှောက်၏။ ယခုအခါ၌လည်း တစ်ခုသော ဤရွှေဟင်္သာမင်းကိုသာလျှင်မိ၏ဟု ဆို၏။ ဤအရာ၌ အကြောင်းကား အသို့နည်းဟု ကြံ၍ မုဆိုးကို မေးလိုရကား-

၁၃၅။ လုဒ္ဒ ဒွေ ဣမေ သကုဏာ၊
အထ ဧကာတိ ဘာသသိ။
စိတ္တံ နု တေ ဝိပရိယတ္တံ၊ အဒု ကိန္နု ဇိဂီသသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၅။ လုဒ္ဒ၊ အမောင်မုဆိုး။ ဣမေ သကုဏာ၊ ဤရွှေဟင်္သာတို့သည်။ ဒွေ၊ နှစ်ကောင်တည်း။ အထ၊ ထိုသို့ နှစ်ကောင်ဖြစ်လျက်။ ဧကောတိ၊ တစ်ကောင်ဟူ၍သာလျှင်။ ဘာသသိ၊ သင်ပြောဆိုဘိ၏။ တေ၊ သင်၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိယတ္တံ နု၊ ဖောက်ပြန်သလော။ အဒု၊ ထိုသို့မဟုတ်မူ။ တွံ၊ သင်သည်။ ကိံ၊ အဘယ်ကို။ ဇိဂီသသိ နု၊ ကြံသနည်း။

တစ်ကောင်က အဖမ်းခံ

ထို့နောင်မှ ခေမာမုဆိုးသည် အရှင်မင်းမြတ် အကျွန်ုပ်၏စိတ်သည် မဖောက်ပြန်ပါ။ အကျွန်ုပ်သည် တစ်ကောင်သောရွှေဟင်္သာကို အရှင်မင်းမြတ်မှတစ်ပါးသောသူအား ပေးလိုသည်လည်း မဟုတ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ထောင်အပ်သောကျော့ကွင်း၌ ရွှေဟင်္သာ တစ်ကောင်ကိုသာလျှင် မိပါ၏ဟု ဆို၍ ထိုအကြောင်းကို ထင်ရှားစွာပြ၍ မင်းအား တင်လျှောက်လိုရကား-

၁၃၆။ ယဿ လောဟိတကာ တာလာ၊
တပနီယနိဘာ သုဘာ။
ဥရံ သံဟစ္စ တိဋ္ဌန္တိ၊ သော မေ ဗန္ဓံ ဥပါဂမိ။
၁၃၇။ အထာယံ ဘဿရော ပက္ခီ၊ အဗဒ္ဓေါ ဗဒ္ဓမာတုရံ။
အရိယံ ဗြုဝါနေည အဋ္ဌာသိ၊ စဇန္တော မာနုသိံ ဂိရံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၃၆။ မဟာရာဇ၊ အရှင်မင်းမြတ်။ ယဿ၊ အကြင်ရွှေဟင်္သာမင်းအား။ လောဟိတကာ၊ နီကုန်သော။ တာလာ၊ သုံးကြောင်းကုန်သော အရေးတို့သည်။ တပနီယနိဘာသုဘာ၊ နေရောင်နှင့်တူသော အဆင်းရှိကုန်၏။ ဥရံ၊ ရင်ကို။ သံဟစ္စ၊ ဆိုက်၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။ သော၊ ထိုရွှေဟင်္သာမင်းသည်။ မေ၊ အကျွန်ုပ်၏။ ဗန္ဓံ၊ ကျော့ကွင်းသို့။ ဥပါဂမိ၊ ကပ်လာ၏။

၁၃၇။ မဟာရာဇ၊ အရှင်မင်းမြတ်။ အထ၊ ထိုအခါ၌။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော။ ဘဿရော၊ ပြိုးပြိုးပြက်သော အရောင်ရှိသော။ အယံ ပက္ခီ၊ ဤရွှေဟင်္သာစစ်သူကြီးသည်။ အရိယံ၊ အာစာရအရိယာဖြစ်သော။ အာတုရံ၊ ကျင်နာသော။ ဗန္ဓံ၊ ကျော့ကွင်းမိသော ရွှေဟင်္သာမင်းကို။ ဗြုဝါနော၊ နှစ်သိမ့်စေလျက်။ မာနုသိံ၊ လူ၏ ဘာသာဖြစ်သော။ ဂိရံ၊ စကားကို။ စဇန္တော၊ စွန့်လျက်။ အဋ္ဌာသိ၊ တည်၏။

အရှင်မင်းမြတ် ထိုအခါ ဓတရဋ္ဌရွှေဟင်္သာမင်းအား ကျော့ကွင်းမိသောအဖြစ်ကိုသိ၍ ပြန်လည်သဖြင့် ဤရွှေဟင်္သာမင်းကို နှစ်သိမ့်စေ၍ အကျွန်ုပ်လာသောအခါ၌လည်း ခရီးဦးကြိုဆိုခြင်းကိုပြု၍ ကောင်းကင်၌သာလျှင် အကျွန်ုပ်နှင့်တကွ သာယာစွာသော ပျူငှာစကားကိုဆို၍ လူ၏ဘာသာစကားဖြင့် မိမိအရှင်ဓတရဋ္ဌရွှေဟင်္သာမင်း၏ ဂုဏ်ကျေးဇူးကိုပြောဆိုလျက် တည်၏။ အကျွန်ုပ်စိတ်ကို နူးညံ့အောင်ပြု၍ တစ်ဖန် ရွှေဟင်္သာမင်း၏ ရှေ့၌သာလျှင် တည်လာ၏။ အရှင်မင်းမြတ်... အကျွန်ုပ်သည် ထိုသို့ကောင်းစွာ ပြောဆိုအပ်သော စစ်သူကြီးသုမုခ၏ တရားစကားကိုကြားရလျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ ဓတရဋ္ဌရွှေဟင်္သာမင်းကို လွှတ်၏။ ဤသို့ ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကျော့ကွင်းမှလွှတ်ခြင်းကိုလည်းကောင်း ဤရွှေဟင်္သာမင်းနှစ်ပါးတို့ကိုယူ၍ အကျွန်ုပ်ဤရွှေနန်းတော်သို့ လာခြင်းကိုလည်းကောင်း စစ်သူကြီးသုမုခသည်သာလျှင် ပြုပါ၏ဟုဆို၍ ထိုခေမာမုဆိုးသည် စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးစကးကို တင်လျှောက်၏။

သုမုခ ကြောက်သလော

ထိုသို့ တင်လျှောက်သော စကားကိုကြား၍ မင်းသည် စစ်သူကြီးသုမုခ၏ တရားစကားကို နာလိုသည်ဖြစ်၏။ မုဆိုးအား ပူဇော်သက္ကာရကိုပြုစဉ်ပင်လျှင် နေသည်ဝင်၏။ ဆီမီးတို့ကို ညှိထွန်းကုန်၏။ များစွာကုန်သော မင်းအစရှိကုန်သောသူတို့သည် စည်းဝေးကုန်၏။ ခေမာမိဖုရားကြီးသည်လည်း အထူးထူးသော ကချေသည် ကိုယ်လုပ်မောင်းမ အပေါင်းခြံရံလျက် မင်း၏ လက်ယာနံပါး၌ နေ၏။ ထိုခဏ၌ မင်းသည် စစ်သူကြီးသုခကို စကားပြောစေလိုရကား-

၁၃၈။ အထ ကိံ ဒါနိ သုမုခ၊ ဟနုံ သံဟစ္စ တိဋ္ဌသိ။
အဒု မေ ပရိသံ ပတ္တော၊
ဘယာ ဘီတော န ဘာသသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၈။ သုမုခ၊ အမောင်သုမုခ။ မဓုကထော၊ သာယာစွာသော တရားစကားကို ပြောဟောတတ်၏။ အထ၊ ထိုသို့ဖြစ်ပါလျက်။ ကိံ၊ အဘယ့်ကြောင့်။ ဒါနိ၊ ယခုအခါ၌။ တွံ၊ သင်သည်။ ဟနုံ သံဟစ္စ၊ ခံတွင်းကိုပိတ်၍။ တိဋ္ဌသိ၊ တည်ဘိသနည်း။ အဒု၊ အသို့နည်း။ မေ၊ ငါ၏။ ပရိသံ၊ ပရိသတ်သို့။ ပတ္တော၊ ရောက်သည်ဖြစ်၍။ ဘယာ၊ ဘေးမှ။ ဘီတော၊ ကြောက်သည်ဖြစ်၍။ န ဘာသသိ၊ မပြောဆိုသလော။

မကြောက်ပါဘုရား

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် မိမိမကြောက်သောအဖြစ်ကို ထိုမင်းအား ပြလိုရကား-

၁၃၉။ နာဟံ ကာသိပတိ ဘီတော၊ ဩဂယှ ပရိသံ တဝ။
နာဟံ ဘယာ န ဘာသိဿံ၊
ဝါကျံ အတ္ထသ္မိ တာဒိသေ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၉။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တဝ၊ သင် မင်းမြတ်၏။ ပရိသံ၊ ပရိသတ်သို့။ ဩဂယှ၊ ရောက်၍။ န ဘီတော၊ မကြောက်။ အဟံ၊ ကျွန်ုပ်သည်။ ဘယာ၊ ပရိသတ်မှ ကြောက်သောကြောင့်။ န ဘာသိဿံ၊ စကားမဆိုသည်ကား။ ၊ မဟုတ်။ တာဒိသေ၊ ထိုသိုသဘောရှိသော။ အတ္ထသ္မိံ၊ အကျိုးစီးပွားသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ ဝါကျံ၊ စကားကို။ ဘာသိဿံ၊ ပြောဆိုအံ့။

အဘယ့်ကြောင့် မကြောက်သနည်း

ထိုစကားကိုကြား၍ မင်းသည် ထိုသုမုခစကားကို ပွားစေလိုသောကြောင့် ပြက်ရယ်ပြုပြန်လိုရကား-

၁၄၀။ န တေ အဘိသရံ ပဿေ၊ န ရထေ နပိ ပတ္တိကေ။
နာဿ စမ္မံဝ ကီဋံ ဝါ၊ ဝမ္မိတေ စ ဓနုဂ္ဂဟေ။
၁၄၁။ န ဟိရညံ သုဝဏ္ဏံ ဝါ၊ နဂရံ ဝါ သုမာပိတံ။
ဩကိဏ္ဏပရိခံ ဒုဂ္ဂံ၊ ဒဠှမဋ္ဋာလကောဋ္ဌကံ။
ယတ္ထ ပဝိဋ္ဌော သုမုခ၊ ဘာယိတဗ္ဗံ န ဘာယသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၀။ သုမုခ၊ အမောင်သုမုခ။ တေ၊ သင်၏။ အဘိသရံ၊ လက်နက်စွဲကိုင်သော သူရဲကို။ န ပဿေ၊ ငါ မမြင်။ ရထေ၊ ရထားစီးသူရဲတို့ကို လည်းကောင်း။ န ပဿေ၊ ငါမမြင်။ ပတ္တိကေ၊ ခြေသည်သူရဲတို့ကိုလည်းကောင်း။ နပိ ပဿေ၊ ငါ မမြင်။ စမ္မံ ဝါ၊ မြားတား သားရေကိုလည်းကောင်း။ ကီဋံ ဝါ၊ အိုးခြမ်းလက်စွဲသော သူရဲကိုလည်းကောင်း။ ဝမ္မိတေ၊ ချပ်မိန်ညိုဝတ်ကုန်သော။ ဓနုဂ္ဂဟေ စ၊ လေးသမားတို့ကိုလည်းကောင်း။ န ပဿေ၊ ငါမမြင်။

၁၄၁။ ဟိရညံ ဝါ၊ သုံးဆောင်ပြီးသော ရွှေကိုလည်းကောင်း။ သုဝဏ္ဏံ ဝါ၊ မသုံးဆောင်ရသေးသော ရွှေကိုလည်းကောင်း။ သုမာပိတံ၊ ကောင်းစွာတည်အပ်သော။ နဂရံ ဝါ၊ မြို့ကိုလည်းကောင်း။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဩကိဏ္ဏပရိခံ ဝါ၊ ရေဖြင့်ပြည့်သော ကျုံးကိုလည်းကောင်း။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ အဋ္ဋာလကောဋ္ဌကံ၊ ပြအိုး, ပစ္စင်, တံခါးမုခ်ကိုလည်းကောင်း။ န ပဿေ၊ ငါ မမြင်။ ယတ္ထ၊ အကြင်အရပ်သို့။ ပဝိဋ္ဌော၊ ဝင်သောသင်သည်။ ဘာယိတဗ္ဗံ၊ ကြောက်အပ်သောအရာကို။ န ဘာယသိ၊ သင် မကြောက်။ တံ၊ ထိုသင်မကြောက်ရာသော အကြောင်းကို။ န ပဿေ၊ ငါမမြင်။

မကြောက်သည့် အရင်းခံတရား

ဤသို့ မင်းသည် သင့်အား မကြောက်ခြင်း၏ အကြောင်းကား အဘယ်နည်း ဟု မေးသည်ရှိသော် မင်းအား ထိုမကြောက်ခြင်း၏ အကြောင်းကို ပြောဆိုလိုရကား-

၁၄၂။ န မေ အဘိသရေနတ္ထော၊ နဂရေန ဓနေန ဝါ။
အပထေန ပထံ ယာမ၊ အန္တလိက္ခေစရာ မယံ။
၁၄၃။ သုတာ စ ပဏ္ဍိတာ တျမှာ၊ နိပုဏာစတ္ထစိန္တကာ။
ဘာသေမတ္ထဝတိံ ဝါစံ၊ သစ္စေ စဿ ပတိဋ္ဌိတော။
၁၄၄။ ကိဉ္စ တုယှံ အသစ္စဿ၊ အနရိယဿ ကရိဿတိ။
မုသာဝါဒိဿ လုဒ္ဒဿ၊ ဘဏိတမ္ပိ သုဘာသိတံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၄၂။ မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ အဘိသရေန၊ အခြံအရံပရိသတ်ဖြင့်။ အတ္ထော၊ အလိုကိစ္စသည်။ န အတ္ထိ၊ မရှိ။ နဂရေန ဝါ၊ မြို့ဖြင့်လည်းကောင်း။ ဓနေန ဝါ၊ ဥစ္စာဖြင့်လည်းကောင်း။ အတ္ထော၊ အလိုသည်။ န အတ္ထိ၊ မရှိ။ အပထေန၊ ခြေကြောင်းခရီးမဟုတ်သဖြင့်။ ပထံ၊ ကောင်းကင်ခရီးသို့။ မယံ၊ အကျွန်ုပ်တို့သည်။ ယာမ၊ သွားကုန်၏။ မယံ၊ အကျွန်ုပ်တို့သည်။ အန္တလိက္ခေစရာ၊ ကောင်းကင်၌ သွားကုန်သူတို့တည်း။

၁၄၃။ တေ၊ သင်မင်းမြတ်သည်။ မယံ၊ အကျွန်ုပ်တို့ကို။ ပဏ်ဍိတာ၊ ပညာရှိကုန်၏ဟူ၍။ သုတာ စ၊ ကြားအပ်ကုန်သည်လည်း။ အမှာ၊ ဖြစ်ကုန်၏။ မယံ၊ ငါတို့သည်။ နိပုဏာ၊ သိမ်မွေ့ကုန်သော။ အတ္ထစိန္တကာ စ၊ အနက်ကိုလည်း ကြံနိုင်ကုန်၏။ သစ္စေ စ၊ သစ္စာ၌သာလျှင်။ ပတိဋ္ဌိတော၊ တည်သည်။ အဿ၊ ဖြစ်အံ့။ အတ္ထဝတိံ၊ အကျိုးရှိသော။ ဝါစံ၊ စကားကို။ ဘာသေမ၊ ပြောဆိုကုန်အံ့။

၁၄၄။ မဟာရာဇ၊ မင်းမြတ်။ အသစ္စဿ၊ သစ္စာမစောင့်သော။ အနရိယဿ၊ သူတော်မဟုတ်သော။ မုသာဝါဒိဿ၊ မဟုတ်မမှန်သောစကားကို ဆိုတတ်သော။ လုဒ္ဒဿ၊ ကြမ်းကြုတ်စွာသော။ တုယှံ၊ သင်မင်းမြတ်အား။ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော စကားကို။ ဘဏိတမ္ပိ၊ ဆိုငြားသော်လည်း။ ကိံ ကရိဿတိ၊ အသို့ပြုလတ္တံ့နည်း။

မင်းယုတ် ဖြစ်ပုံ

ထိုသို့ သုမုခစကားကိုကြား၍ မင်းသည် အဘယ့်ကြောင့် ငါ့ကို မုသားဆိုတတ်သော သူယုတ်ဟူ၍ သင်ဆိုသနည်း၊ ငါသည် အဘယ်ကိုပြုသနည်းဟု ဆို၏။ ထိုအခါ မင်းကို သုမုခသည် အရှင်မင်းမြတ် ထိုသို့ဖြစ်လျှင်ကား နာတော်မူလော့ဟု ဆို၍ ထိုမင်း၏မုသာဝါဒကို ပြလိုရကား -

၁၄၅။ တံ ဗြာဟ္မာဏာနံ ဝစနာ၊ ဣမံ ခေမမကာရယိ။
အဘယဉ္စ တယာဃုဋ္ဌံ၊ ဣမာယော ဒသဓာ ဒိသာ။
၁၄၆။ ဩဂ္ဂယှ တေ ပေါက္ခရဏိံ၊ ဝိပ္ပသန္နောဒကံ သုစိံ။
ပဟူတံ စာဒနံ တတ္ထ၊ အဟိံသာ စေတ္ထ ပက္ခိနံ။
၁၄၇။ ဣဒံ သုတွာန နိဂ္ဃေါသံ၊ အာဂတမှ တဝန္တိကေ။
တေ တေ ဗဒ္ဓသ္မ ပါသေန၊
ဧတံ တေ ဘာသိတံ မုသာ။
၁၄၈။ မုသာဝါဒံ ပုရက္ခတွာ၊ ဣစ္ဆာလောဘဉ္စ ပါပကံ။
ဥဘောသန္ဓိမတိက္ကမ္မ၊ အသာတံ ဥပပဇ္ဇတိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၄၅။ မဟာရာဇ၊ မင်းမြတ်။ တံ-တွံ၊ အရှင်မင်းမြတ်သည်။ ဗြာဟ္မဏာနံ၊ ဆရာပုဏ္ဏားတို့၏။ ဝစနာ၊ စကားကြောင့်။ ဣမံ ခေမံ၊ ဤခေမာအိုင်ကို။ အကာရယိ၊ တူးစေတော်မူ၏။ တယာ၊ အရှင်မင်းမြတ်သည်။ အဘယဉ္စ၊ ဘေးမဲ့ပေးခြင်းကိုလည်း။ ဣမာယော ဒသဓာ ဒိသာ၊ ဤအရပ်ဆယ်မျက်နှာတို့၌။ ဃုဋ္ဌံ၊ ကြွေးကြော်စေတော်မူ၏။

၁၄၆။ တေ၊ အရှင်မင်းမြတ်၏။ ပေါက္ခရဏိံ၊ ခေမာအိုင်သို့။ ဩဂ္ဂယှ၊ သက်၍။ အာဂတာနံ၊ လာကုန်သော ဟင်္သာတို့၏။ သန္တိကာ၊ အထံမှ။ အယံ၊ ဤခေမာအိုင်သည်။ ဝိပ္ပသ န္နောဒကံ၊ အလွန် ချမ်းအေးကြည်လင်သော ရေရှိ၏။ သုစိံ၊ စင်ကြယ်၏။ တတ္ထ၊ ထိုခေမာအိုင်၌။ အဒနံ၊ ခဲဖွယ်စားဖွယ်သည်။ ပဟူတံ၊ များစွာ၏။ ဧတ္ထ၊ ဤခေမာအိုင်၌။ ပက္ခီနံ၊ ငှက်တို့အား။ အဟိံသာစ၊ ညှင်းဆဲသတ်ဖြတ်ခြင်းလည်း မရှိ။

၁၄၇။ မဟာရာဇ၊ မင်းမြတ်။ ဣဒါနိဂ္ဃေါသံ၊ ဤဘေးမဲ့ ကြွေးကြော်သံကို။ သုတွာန၊ ကြား၍။ တဝန္တိတေ၊ အရှင်မင်းမြတ်၏ အထံသို့။ အာဂတာ၊ လာကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ တေ-မယံ၊ ထိုအကျွန်ုပ်တို့သည်။ တေ၊ အရှင်မင်းမြတ်၏။ ပါသေန၊ ကျော့ကွင်းကြောင့်။ ဗဒ္ဓသ္မာ၊ ဖွဲ့မိကုန်၏။ ဧတံ မုသာ၊ ဤမုသာဝါဒကို။ တေ၊ အရှင်မင်းမြတ်သည်။ ဘာသိတံ၊ ဆိုတော်မူ၏။

၁၄၈။ မဟာရာဇ၊ မင်းမြတ်။ မုသာဝါဒံ စ၊ မုသားဆိုခြင်းကိုလည်းကောင်း။ ပါပကံ၊ ယုတ်မာသော။ ဣစ္ဆာလောဘဉ္စ၊ မကောင်းသော အလိုဟုဆိုအပ်သော လောဘကိုလည်းကောင်း။ ပုရက္ခတွာ၊ ရှေ့တည်ပြုသည်ရှိသော်။ ဥဘောသန္ဓိံ၊ လူ့ပြည်နတ်ပြည်ဟုဆိုအပ်သော နှစ်ပါးသောပဋိသန္ဓေကို။ အတိက္ကမ္မ၊ လွန်၍။ အသာတံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။

တရားနာလိုကြပါသည်

ဤသို့ ပရိသတ်အလယ်၌ မင်းကို ရှက်စေ၏။ ထိုအခါ သုမုခကို မင်းသည် အမောင်သုမုခ ငါသည် အမောင်တို့ကိုသတ်၍ အသားကိုစားလိုသောကြောင့် မဖမ်းစေ၊ စင်စစ်သော်ကား ပညာရှိသောအဖြစ်ကိုကြား၍ ကောင်းစွာဟောအပ်သော တရားစကားကိုနာလို၍ ဖမ်းစေတော်မူ၏ဟု ဆို၍ ထိုအကြောင်းကို ပြလိုရကား-

၁၄၉။ နာပရဇ္ဈာမ သုမုခ၊ နပိ လောဘာဝ အဂ္ဂဟိံ။
သုတာစ ပဏ္ဍိတာ တျာတ္ထ၊ နိပုဏာ အတ္ထစိန္တကာ။
၁၅၀။ အပ္ပေဝတ္ထဝတိံ ဝါစံ၊ ဗျာကရေယျုံ ဣဓာဂတာ။
တထာ တံ သမ္မ နေသာဒေါ၊ ဝုတ္တော သုမုခ မဂ္ဂဟိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄၉။ သုမုခ၊ အမောင်သုမုခ။ မယံ၊ ငါတို့သည်။ တုမှာကံ၊ သင်တို့ကို။ နာပရဇ္ဈာမ၊ မသတ်ကုန်အံ့။ လောဘာဝ၊ လောဘဖြင့်သာလျှင်။ တုမှေ၊ သင်တို့ကို။ နာပိ အဂ္ဂဟိံ၊ ငါ မဖမ်း။ တုမှေ၊ သင်တို့သည်။ ပဏ္ဍိတာတိ၊ ပညာရှိကုန်၏ဟူ၍လည်း။ သုတာ၊ ကျော်စောထင်ရှားကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ နိပုဏာ၊ သိမ်မွေ့ကုန်သော။ အတ္ထစိန္တကာတိ စ၊ လျှို့ဝှက်အပ်သော အနက်အဓိပ္ပာယ်ကို ကြံနိုင်ကုန်ဟူ၍လည်း။ သုတာ၊ ကျော်စောထင်ရှားကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။

၁၅၀။ သုမုခ၊ အမောင် သုမုခ။ အတ္ထဝတိံ၊ အကြောင်းကိုမှီသော။ ဝါစံ၊ တရားစကားကို။ ဣဓ၊ ဤငါတို့နန်းတော်သို့။ အာဂတာ၊ ရောက်လာကုန်သော ပညာရှိတို့သည်။ အပ္ပေဝ ဗျာကရေယျုံ၊ ဟောပါကုန်ငြားအံ့လည်းမသိ။ တံ ဝါစံ၊ ထိုသို့အကြောင်းကိုမှီသော တရားစကားကို။ မယံ၊ ငါတို့သည်။ သုဏာမ၊ နာလိုပါကုန်၏။ သမ္မသုမုခ၊ အချင်းသုမုခ။ တထာ၊ ထိုအကြောင်းကိုမှီသော တရားစကားကို နာလိုသောကြောင့်။ တံ၊ သင့်ကို။ ဝုတ္တော၊ ပြောဆိုအပ်သာ။ နေသာဒေါ၊ မုဆိုးသည်။ အဂ္ဂဟိ၊ ဖမ်းယူ၏။

စစ်သူကြီး၏ တရားတော်

ထိုသို့ သံယမမင်းသည် ပြောဆိုသောစကားကို ကြား၍ စစ်သူကြီးသုမုခသည် မြတ်သောမင်းကြီး... ကောင်းသော တရားစကားကို နာလိုသော သင်မင်းကြီးသည် မသင့်သည်ကို ပြုတော်မူဘိ၏ဟု ဆို၍ ထိုအကြောင်းကို မင်းအား ပြောပြလိုရကား-

၁၅၁။ နေဝ ဘီတာ ကာသိပတိ၊ ဥပနီတသ္မိံ ဇီဝိတေ။
ဘာသေမတ္ထဝတိံဝါစံ၊ သမ္ပတ္တာ ကာလပရိယာယံ။
၁၅၂။ ယော မိဂေန မိဂံ ဟန္တိ၊ ပက္ခိံ ဝါပန ပက္ခိနာ။
သုတေန ဝါ သုတံ ကိဏျာ၊
ကိံ အနရိယတရံ တတော။
၁၅၃။ ယော စာရိယရုဒံ ဘာသေ၊
အနရိယဓမ္မဝဿိတော။
ဥဘော သော ဓံသတေ လောကာ၊
ဣဓ စေဝ ပရတ္ထ စ။
၁၅၄။ န မဇ္ဇေထ ယသံ ပတ္တော၊ န ဗျာဓေ ပတ္တသံသယံ၊
ဝါယမေထေဝ ကိစ္စေသု၊ သံဝရေ ဝိဝရာနိ စ။
၁၅၅။ ယေ ဝုဒ္ဓါ အဗ္ဘတိက္ကန္တာ၊
သမ္ပတ္တာ ကာလပရိယာယံ။
ဣဓ ဓမ္မံ စရိတွာန၊ ဧဝံ တေ တိဒိဝံ ဂတာ။
၁၅၆။ ဣဒံ သုတွာ ကာသိပတိ၊ ဓမ္မမတ္တနိ ပါလယ။
ဓတရဋ္ဌဉ္စ မုဉ္စာဟိ၊ ဟံသာနံ ပဝရုတ္တမံ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၁၅၁။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖြစ်တော်မူသော။ သံယမ၊ မင်းမြတ်သံယမ။ ဘူတာ၊ သတ္တဝါတို့သည်။ ကာလပရိယာယံ၊ သေရအံ့သောအလှည့်သို့။ သမ္ပတ္တာ၊ ရောက်ကုန်သည်ရှိသော်။ ဇီဝိတေ၊ မိမိအသက်သည်။ ဥပနီတသ္မိံ၊ သေမင်းနိုင်ငံသို့ လိုက်ရသည်ရှိသော်။ အတ္တဝတိံ၊ အကြောင်းနှင့်ယှဉ်သော။ ဝါစံ၊ စကားကို။ နေဝ ဘာသေမ၊ မဟောကြကုန်။

၁၅၂။ မဟာရာဇ၊ မင်းမြတ်။ ယော၊ အကြင်သူသည်။ မိဂေန၊ သမင်တိန်ညင်ဖြင့်။ မိဂံ၊ တောသမင်ကို။ ဟန္တိ၊ သတ်တတ်၏။ ပက္ခိနာ၊ ငှက်တိန်ညင်ဖြင့်။ ပက္ခိံ ဝါပန၊ တောငှက်ကိုမူလည်း။ ဟန္တိ၊ သတ်တတ်၏။ တယာ၊ သင်မင်းမြတ်သည်။ သုတေန၊ ကျော်စောထင်ရှားသော ခေမာအိုင်ဖြင့်။ သုတံ၊ ပညာရှိဖြစ်သော တရားဟောတတ်သော ပုဂ္ဂိုလ်ကို။ ကိဏျာ၊ ဝယ်အပ်၏။ တတော၊ ထိုအရှင်မင်းကြီး အမှုထက်။ အနရိယတရံ၊ အလွန်ယုတ်မာသော အမှုသည်။ ကိံ၊ အတီမှာရှိအံ့နည်း။

၁၅၃။ မဟာရာဇ၊ မင်းမြတ်။ ယော စ၊ အကြင်သူသည်ကား။ အရိယရုဒံ၊ ကောင်းမြတ်သော တရားစကားသံကို။ ဘာသေ၊ နှုတ်ဖြင့်သာပြောဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အနရိယဓမ္မဝဿိတော၊ ယုတ်မာသောအကျင့်ကို ကျင့်၏။ သော၊ ထိုနှုတ်ဖြင့်သာပြောဆို၍ ကိုယ်ဖြင့် ယုတ်မာစွာကျင့်သောသူသည်။ ဣဓ စေဝ၊ ဤပစ္စုပ္ပန်လောက၌ လည်းကောင်း။ ပရတ္ထ စ၊ တမလွန်လောက၌ လည်းကောင်း။ ဥဘော လောကာ၊ လောကနှစ်ပါးမှ။ ဓံသတေ၊ ပျက်စီး၏။

၁၅၄။ မဟာရာဇ၊ မင်းမြတ်။ ယသံ၊ စည်းစိမ်ချမ်းသာ အခြံအရံသို့။ ပတ္တော၊ ရောက်သောသူသည်။ န မဇ္ဇေထ၊ မမေ့မလျော့ရာ။ ပတ္တသံသယံ၊ အသက်သေအံ့သော ယုံမှားခြင်းသို့ ရောက်သည်ရှိသော်။ န ဗျာဓေ၊ မပင်ပန်းစေရာ။ ကိစ္စေသု ဧဝ၊ အမှုကိစ္စတို့၌သာလျှင်။ ဝါယမေထ၊ လုံ့လပြုရာ၏။ ဝိဝရာနိ စ၊ တံခါးပေါက်တို့ကိုလည်း။ သံဝရေ၊ ပိတ်ရာ၏။

၁၅၅။ မဟာရာဇ၊ မင်းမြတ်။ ယေ ဝုဒ္ဓါ၊ အကြင်ပညာဂုဏ်ကြီးသော သူတို့သည်။ အဗ္ဘတိက္ကန္တာ၊ ဤပစ္စုပ္ပန်လောကကို လွန်ကုန်၏။ ကာလပရိယာယံ၊ သေခြင်းအလှည့်သို့။ သမ္ပတ္တာ၊ ရောက်ကုန်သော်လည်း။ ဣဓ၊ ဤ ပစ္စုပ္ပန်ဘဝမှ။ ဓမ္မံ၊ ကုသိုလ်တရားကို။ စရိတွာ၊ ကျင့်သောကြောင့်။ ဧဝံ၊ ဤသို့။ တေ၊ ထိုပညာဂုဏ်ကြီးသော သူတို့သည်။ ဒိဝံ၊ နတ်ပြည်သို့။ ဂတာ၊ ရောက်ရကုန်၏။

၁၅၆။ ကာသိပတိ၊ ကာသိတိုင်းရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဣဒံ၊ ဤအကျွန်ုပ်ဟောသော တရားစကားကို။ သုတွာန၊ နာရ၍။ အတ္တနိ၊ မိမိ၌။ ဓမ္မံ၊ တရားကို။ ပါလယ၊ စောင့်တော်မူလော့။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမံ၊ အလွန်မြတ်တော်မူသော။ ဓတရဋ္ဌဉ္စ၊ ဓတရဋ္ဌရွှေဟင်္သာမင်းကိုလည်း။ မုဉ္စာဟိ၊ လွှတ်တော်မူလော့။

ဟင်္သာတို့ကိုလွှတ်ရန်

ထိုစစ်သူကြီး သုမုခစကားကိုကြား၍ သံယမမင်းသည် ထိုရွှေဟင်္သာမင်းတို့ကို လွှတ်လိုသည်ဖြစ်၍ မှူးမတ်အစရှိသောသူတို့အား စစ်သူကြီးသုမုခ၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုရကား.

၁၅၇။ အာဟရန္တု ဒကံ ပဇ္ဇံ၊ အာသနဉ္စ မဟာရဟံ။

ပဉ္စရတော ပမောက္ခာမိ၊ ဓတရဋ္ဌံ ယသဿိနံ။

၁၅၈။ တဉ္စ သေနာပတိံ ဓီရံ၊ နိပုဏံ အတ္ထစိန္တကံ။

ယော သုခေ သုခိတော ရညော၊

ဒုက္ခိတေ ဟောတိ ဒုက္ခိတော။

၁၅၉။ ဧဒိသောခေါ အရဟတိ၊ ပိဏ္ဍမသ္နာတု ဘတ္တုနော။

ယထာယံ သုမုခေါ ရညော၊

ပါဏသာဓာရဏော သခါ။

ဟူသော ဤသုံးဂါထာတို့ကိုဆို၏။

၁၅၇။ ဘောန္တော အမစ္စာ၊ အို... အမတ်ပေါင်းတို့။ ဒကဉ္စ၊ ခြေဆေးရေကို လည်းကောင်း။ ပဇ္ဇဉ္စ၊ ခြေနယ်ဆီကိုလည်းကောင်း။ မဟာရဟံ၊ မြတ်သောသူတို့အားသာ ထိုက်သော။ အာသနဉ္စ၊ နေရာကိုလည်းကောင်း။ အာဟရန္တု၊ ဆောင်ခဲ့ကုန်။ ယသဿိနံ၊ များစွာသောအခြံအရံရှိသော။ ဓတရဋ္ဌံ၊ ဓတရဋ္ဌရွှေဟင်္သာမင်းကို။ ပဉ္ဇရတော၊ လှောင်ချိုင့်မှ။ ပမောက္ခာမိ၊ ငါ လွှတ်အံ့။

၁၅၈။ သုမုခေါ၊ သုမုခ အမည်ရှိသော။ ယော သေနာပတိ၊ အကြင်စစ်သူကြီးသည်။ ရညော၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ သုခေ၊ ချမ်းသာသည်ရှိသော်။ သုခိတော၊ မိမိချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။ ဒုက္ခိတေ၊ မိမိအရှင်ရွှေဟင်္သာမင်း ဆင်းရဲသည်ရှိသော်။ ဒုက္ခိတော၊ မိမိဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ ဓီရံ၊ ပညာရှိသော။ နိပုဏံ၊ သိမ်မွေ့သော။ အတ္ထစိန္တကံ၊ လျှို့ဝှက်ခဲခက်သောအနက်ကို ကြံနိုင်သော။ တဉ္စ သေနာပတိံ၊ ထိုစစ်သူကြီး သုမုခကိုလည်း။ ပ မောက္ခာမိ၊ ငါလွှတ်အံ့။

၁၅၉။ ဘောန္တော အမစ္စာ၊ အိုအမတ်တို့။ အယံ သုမုခေါ၊ ဤစစ်သူကြီး သုမုခသည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ရညော၊ မိမိအရှင်ရွှေဟင်္သာမင်းအား။ ပါဏသာဓာရဏော၊ ဆက်ဆံသော အသက်ရှင်ခြင်းရှိသော။ ဝါ၊ အသက်နှင့်ထပ်တူ မြတ်နိုးခြင်းရှိသော။ သခေါ၊ အဆွေခင်ပွန်းစစ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းဖြင့်။ ဧဒိသော၊ ထိုသုမုခနှင့်တူသောသူသည်။ ဘတ္တုနော၊ အရှင်၏။ ပိဏ္ဍံ၊ ထမင်းကို။ အသ္နာတုံ၊ စားခြင်းငှာ။ အရဟတိ၊ ထိုက်တန်လှ၏။

ဟင်္သာတို့ကို ပြုစုစေပြီ

သံယမမင်းစကားကိုကြား၍ အမတ်တို့သည် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား နေရာခင်း၍ ထိုနေရာ၌နေကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့၏ ခြေတို့ကို နံ့သာရေဖြင့်ဆေး၍ အကြိမ်တစ်ရာချက်သောဆီဖြင့် ဆုပ်နယ်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ

မြတ်စွာဘုရားသည်-

၁၆၀။ ပီဋ္ဌဉ္စ သဗ္ဗသောဝဏ္ဏံ၊ အဋ္ဌပါဒံ မနောရမံ။
မဋ္ဌံ ကာသိကမတ္ထန္နံ၊ ဓတရဋ္ဌော ဥပါဝိသိ။
၁၆၁။ ကောစ္ဆဉ္စ သဗ္ဗသောဝဏ္ဏံ၊ ဝေယျဂ္ဃပရိသိဗ္ဗိတံ။
သုမြခေါ အဇ္ဈုပါဝေက္ခိ၊ ဓတရဋ္ဌဿ နန္တရာ။
၁၆၂။ တေသံ ကဉ္စနပတ္တေဟိ၊
ပုထူ အာဒါယ ကာသိယော။
ဟံသာနံ အဘိဟာရေသုံ၊ အဂ္ဂရညော ပဝါသိတံ။

ဟူသော ဤ သုံးဂါထာတို့ကို ဟောတော်မူ၏။

၁၆၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗသောဝဏ္ဏံ၊ အလုံးစုံ ရွှေဖြင့်ပြီးသော။ အဋ္ဌပါဒံ၊ အခြေရှစ်ချောင်းရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ မဋ္ဌံ၊ နူးညံ့သိမ်မွေ့သော။ ကာသိကမထန္နံ၊ ကာသိကရာဇ်တိုင်း၌ဖြစ်သော ပုဆိုးခင်းသော။ ပီဌဉ္စ၊ အင်းပျဉ်သို့လျှင်။ ဓတရဋ္ဌော၊ ဓတရဋ္ဌရွှေဟင်္သာမင်းသည်။ ဥပါဝိသိ၊ ကပ်လေ၏။

၁၆၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေယျဂ္ဃပရိသိဗ္ဗိတံ၊ ကျားရေဖြင့်ချုပ်အပ်သော။ သဗ္ဗသောဝဏ္ဏံ၊ အလုံးစုံရွှေဖြင့်ပြီးသော။ ကောစ္ဆဉ္စ၊ မြတ်သောထိုင်စရာ အင်းပျဉ်၌လျှင်။ သုမုခေါ၊ စစ်သူကြီးသုမုခသည်။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌရွှေဟင်္သာမင်း၏။ အနန္တရာ၊ အခြားမဲ့၌။ အဇ္ဈုပါဝေက္ခိ၊ ကပ်လေ၏။

၁၆၂။ တေသံ ဟံသာနံ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား။ ကဉ္စနပတ္တေဟိ၊ ရွှေခွက်တို့ဖြင့်။ အာဒါယ၊ ယူ၍။ ပုထူ၊ များစွာကုန်သော။ ကာသိယော၊ ကာသိတိုင်းသူတို့သည်။ ရညော၊ သံယမမင်းသည်။ ပဝါသိတံ၊ စေအပ်သော။ အဂ္ဂံ၊ အထူးထူးသော မြတ်သောအရသာရှိသော ခဲယ်ဘောဇဉ်ကို။ အဘိဟာရေသုံ၊ ကုန်၏။

မင်းကြီးနှင့် ရွှေဟင်္သာမင်း

ထိုဟင်္သာမင်းနှစ်ပါးတို့သည် ထိုရွှေခွက်၌ ပေါက်ပေါက်တို့ကို စား၍ ချိုမြိန်မြတ်သောရေကို သောက်ကုန်၏။ ထိုအခါ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် သံယမမင်းကြီးသည် ဆောင်အပ်သော ခဲဖွယ်ဘောဇဉ်ကို လည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း မြင်၍ ပျူငှာလောကဝတ်ကို ပြုတော်မူသဖြင့် အလုံးစုံသော အကြောင်းကို မေးတော်မူ၏။ သံယမမင်းသည် ထိုရွှေဟင်္သာမင်းသည် မေးအပ်သော အလုံးစုံသောအကြောင်းကို ဖြေဆို၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၆၃။ ဒိသွာ အဘိဟဋံ အဂ္ဂံ၊ ကာသိရာဇေန ပေသိတံ။
ကုသလော ခတ္တဓမ္မာနံ၊ တတော ပုစ္ဆိ အနန္တရာ။
။ လ။
၁၇၉။ သော ကုဒ္ဓေါ ဖရုသံ ဝါစံ၊
နိစ္ဆာရေသိ အယောနိသော။
ယာနာသ္မေသု န ဝိဇ္ဇန္တိ၊ န ယိဒံ ပညဝတာမိဝ။

ဟူသော တစ်ဆယ့်ခုနစ်ဂါတို့ကို ဟောတော်မူ၏။

၁၆၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကသိရာဇေန၊ ကာသိတိုင်းရှင်ဖြစ်သော သံယမမင်းသည်။ ပေသိတံ၊ စေအပ်သော။ အဘိဟဋံ၊ ရှေးရှုဆောင်အပ်သော။ အဂ္ဂံ၊ မြတ်သောခဲဖွယ်ဘောဇဉ်ကို။ ဒိသွာ၊ မြင်၍။ ခတ္တဓမ္မာနံ၊ မင်းကျင့်ဝတ်တို့၌။ ကုသလော၊ လိမ္မာသော ရွှေဟင်္သာမင်းသည်။ အနန္တရာ၊ အခြားမဲ့သော။ တတော- တသ္မိံ ကာလေ၊ ထိုအခါ၌။ ပုစ္ဆိ၊ မေး၏။

၁၆၄။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ ကုသလံ နု၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းမြတ်အား။ အနာမယံ၊ ဆင်းရဲကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြောသာယာပါ၏လော။ တွံ၊ အရှင်မင်းမြတ်သည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသသိ၊ ဆုံးမပါ၏လော။

၁၆၅။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါ့အား။ ကုသလော၊ အနာလည်းကင်းပေ၏။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ အနာမယံ၊ ဆင်းရဲလည်းကင်းပါ၏။ အထော၊ ထိုမှတပါး။ ဣဒံ ရဋ္ဌံ၊ ဤကာသိတိုင်းသည်။ ဖီတံ၊ ဝပြော သာယာပါ၏။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသာမိ၊ ဆုံးမပါ၏။

၁၆၆။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းမြတ်အား။ အမစ္စေသု၊ မှူးတော်မတ်တော်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ တေ၊ ထိုမှူးတော်မတ်တော်တို့သည်။ တဝ၊ သင်မင်းမြတ်၏။ အတ္ထေသု၊ အမှုကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဇီဝိတံ၊ မိမိ၏ အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိပါကုန်၏လော။ ဝါ၊ ဇီဝိတံ နာဝကင်္ခန္တိ၊ အသက်ကိုစွန့်၍ ဆောင်ရွက်ပါကုန်၏လော။

၁၆၇။ ဟံသ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း မေ၊ ငါ၏။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ အနည်းငယ်သော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏။ အထာပိ၊ ထိုမှတပါးလည်း။ တေ၊ ထိုမှူးမတ်တိုဘသည်။ မမ၊ ငါ၏။ အတ္ထေသု၊ အမှုကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်သည်ရှိသော်။ ဇီဝိတံ၊ မိမိတို့အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိပေကုန်။

၁၆၈။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ တေ၊ သင်မင်းမြတ်အား။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်ဖြစ်သော သင်မင်းကြီး၏အလိုသို့ လိုက်ပါကုန်၏လော။ ပိယဘာဏိနီ၊ ချစ်ဖွယ်သောစကားကို ဆိုပါကုန်၏လော။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင်အဆင်း စည်းစိမ်အခြံအရံနှင့် ပြည့်စုံပါကုန်၏လော။ တဝ၊ သင်မင်းမြတ်၏။ ဆန္ဒဝသာနုဂါ၊ အလိုသို့လိုက်ကြပါကုန်၏လော။

၁၆၉။ ဟံသရာဇ၊ ရွှေဟင်္သာမင်း မေ၊ ငါ၏။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မယားတို့သည်။ အဿဝါ၊ လင်ဖြစ်သော ငါ၏စကားကို နားထောင်ကုန်၏။ ပိယဘာဏိနီ၊ ချစ်ဖွယ်သော စကားကို ဆိုတတ်ကုန်၏။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင် အဆင်း အခြံအရံ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်၏။ မမ၊ ငါ၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့ လိုက်ကုန်၏။

၁၇၀။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ အနုပ္ပီဠိ၊ မညှဉ်းဆဲပါ၏လော။ အကုတောစိ ဥပဒ္ဒဝံ၊ တစ်စုံတစ်ခုမျှ ဘေးမရှိပါ၏လော။ အသာဟသေန၊ နိုင်ထက်ကလူ မမူဘဲ။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်စွာ။ အနုသာသသိ၊ ဆုံးမပါ၏လော။

၁၇၁။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း။ အဟံ၊ ငါသည်။ ရဋ္ဌံ၊ တိုင်းပြည်ကို။ အနုပ္ပီဠံ၊ မညှဉ်းဆဲပါ။ အကုတောစိ ဥပဒ္ဒဝံ၊ တစ်စုံတစ်ခုမျှသော ဘေးမရှိ။ အဟံ၊ ငါသည်။ အသာဟသေန၊ နိုင်ထက်ကလူ မမူဘဲ။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်စွာ။ အနုသာသာမိ၊ ဆုံးမပါ၏။

၁၇၂။ မဟာရာဇ၊ မင်းမြတ်။ ကစ္စိ၊ အသို့နည်း။ တုမှေဟိ၊ သင်မင်းမြတ်တို့သည်။ သန္တော၊ သူတော်ကောင်းတို့သို့။ အပစိတာ၊ ရိုသေစွာ ဆည်းကပ်ပါကုန်၏လော။ အသန္တော၊ သူယုတ်တို့ကို။ ပရိဝဇ္ဇိတာ၊ ကြဉ်ရှောင်ပါကုန်၏လော။ စေ၊ အကယ်၍။ ဓမ္မံ၊ ကုသိုလ်တရားကို။ နိရံကတွာ၊ စွန့်၍။ အဓမ္မံ၊ အကုသိုလ်တရားကို။ နာ အနုဝတ္တသိ၊ မကျင့်ပဲရှိပါ၏လော။

၁၇၃။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါသည်။ သန္တော စ၊ သူတော်ကောင်းတို့ကိုသာလျှင်။ အပစိတာ၊ ရိုသေစွာဆည်းကပ်ပါ၏။ အသန္တော၊ သူယုတ်တို့ကို။ ပရိဝဇ္ဇိတာ၊ ကြဉ်ရှောင်ပါ၏။ ဓမ္မေဝ၊ ကုသိုလ်တရားကိုသာလျှင်။ အနုဝတ္တာမိ၊ အစဉ်ကျင့်ပါ၏။ မေ၊ ငါသည်။ အဓမ္မော၊ အကုသိုလ်တရားကို။ နီရံကတော၊ စွန့်ပါ၏။

၁၇၄။ ခတ္တိယ၊ ရေမြေအရှင်။ ကစ္စိ၊ အသို့နည်း။ အနာဂတံ၊ နောင်ဖြစ်လတ္တံ့သည်ကို။ ဒီဃံ၊ ရှည်စွာ။ သမပေက္ခသိ နု၊ ရှူပါ၏လော။ ကစ္စိ၊ အသို့နည်း။ မဒနိယေ၊ မေ့လျော့ခြင်း၏ အကြောင်း၌။ မတ္တော၊ မေ့လျော့သလော။ ပရလောကံ၊ တမလွန်လောကကို။ တွံ၊ သင်မင်းမြတ်သည်။ န သန္တသိ၊ မကြောက်လန့်ပါသလော။

၁၇၅။ ပက္ခိမ၊ ရွှေဟင်္သာမြတ်။ အဟံ၊ ငါသည်။ အနာဂတံ၊ အနာဂတ်ဘေးကို။ ဒီဃံ၊ ရှည်ရွာ။ သမပေက္ခာမိ၊ ရှုပါ၏။ ဒသသု ဓမ္မေသု၊ ရာဇဓဆယ်ပါးတို့၌။ ဌိတော၊ တည်ပါ၏။ တေန၊ ထိုသို့ ရာဇဓံဆယ်ပါး၌ တည်သောကြောင့်။ ပရလောကံ၊ တမလွန်လောကကို။ န သန္တသေ၊ ငါမကြောက်လန့်ပါ။

မင်းကျင့်တရား ၁၀-ပါး

၁၇၆။ ဟံသ၊ ရွှေဟင်္သာမင်း။ ဒါနံ၊ အလှူပေးခြင်း လည်းကောင်း။ သီလံ၊ သီလဆောက်တည်ခြင်းလည်းကောင်း။ ပရိစ္စာဂံ၊ ပေးကမ်းစွန့်ကြဲခြင်း လည်းကောင်း။ အဇ္ဇဝံ၊ ဖြောင့်မတ်ခြင်းလည်းကောင်း။ မဒ္ဒဝံ၊ နူးညံ့ခြင်းလည်းကောင်း။ တပံ၊ ဥပုသ်ဆောက်တည်ခြင်း လည်းကောင်း။ အက္ကောခံ၊ အမျက်မထွက်ခြင်းလည်းကောင်း။ အဝိဟိံသဉ္စ၊ သူတစ်ပါးကို မညှဉ်းဆဲခြင်း လည်းကောင်း။ ခန္တီ စ၊ သည်းခံခြင်းလည်းကောင်း။ အဝိရောဓနဉ္စ၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်းလည်းကောင်း။

၁၇၇။ ဣတိ၊ ဤသို့။ ဧတေ ကုသလေ ဓမ္မေ၊ ဤ ကုသိုလ်တရားတို့ကို။ အတ္တနိ၊ မိမိ၌။ ဌိတေ၊ တည်သည်တို့ကို။ ပဿာမိ၊ ငါမြင်၏။ တတော၊ ထိုသိုမြင်သောကြောင့်။ မေ၊ ငါ့အား။ ပီတိ၊ နှစ်သက်ခြင်းသည်လည်းကောင်း။ အနပ္ပကံ၊ များစွာသော။ သောမနဿဉ္စ၊ ဝမ်းမြောက်ခြင်းသည်လည်းကောင်း။ ဇာယတေ၊ ဖြစ်၏။

၁၇၈။ ဟံသ၊ ရွှေဟင်္သာမင်း။ ဝိဟင်္ဂမော၊ ကောင်းကင်သို့သွားတတ်သော။ အယံ သုမုခေါ၊ ဤသုမုခသည်။ အစိန္တေတွာ၊ မကြံမူ၍။ အသ္မာကံ၊ ငါတို့၏။ ဘာဝဒေါသံ၊ စိတ်၌ဖြစ်သော ဒေါသကို။ အနညာယ၊ မသိဘဲလျက်။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဂိရံ၊ စကားကို။ ဝိဿဇိ၊ လွှတ်၏။

၁၇၉။ ဟံသ၊ ရွှေဟင်္သာမင်း။ သော၊ ထိုသုမုခသည်။ ကုဒ္ဓေါ၊ အမျက်ထွက်သည်ဖြစ်၍။ အယောနိသော၊ မသင့်သောအားဖြင့်။ ဖရုသံ၊ ကြမ်းကြုတ်စွာသော။ ဝါစံ၊ စကားကို။ နိစ္ဆာရေသိ၊ မြွက်ဆို၏။ အသ္မာသု၊ ငါတို့၌။ ယာနိ၊ အကြင် အပြစ်ရှိသည်။ နု ဝိဇ္ဇန္တိ၊ မရှိကုန်။ တာနိ၊ ထိုအပြစ်တို့ကို။ ဝဒသိ၊ ဆိုဘိ၏။ ဣဒံ၊ ဤ သုမုခ၏စကားသည်။ ပညဝတော၊ ပညာရှိသောသူတို့၏။ ဝစနံ ဣဝ၊ စကားကဲ့သို့။ န ပညာယတိ၊ ငါမထင့။

စစ်သူကြီး ကန်တော့ခြင်း

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ငါသည် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော မင်းကိုလျှင် ကဲ့ရဲ့မိ၏။ ဤမင်းသည် ငါ့အား အမျက်ထွက်၏။ ထိုမင်းကို သည်းခံစေအံ့ဟု ကြံ၍ သည်းခံစေလိုရကား-

၁၈၀။ အတ္ထိ မေ တံ အတိသာရံ၊ ဝေဂေန မနုဇာဓိပ။
ဓတရဋ္ဌေ စ ဗဒ္ဓသ္မိံ၊ ဒုက္ခံ မေ ဝိပုလံ အဟု။
၁၈၁။ တွံ နော ပိတာဝ ပုတ္တာနံ၊ ဘူတာနံ ဓရဏီရိဝ။
အသ္မာကံ အဓိပန္နာနံ၊ ခမဿု ရာဇကုဉ္ဇရ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈၀။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဓတရဋ္ဌေ၊ အကျွန်ုပ်အရှင်ဓတရဋ္ဌရွှေဟင်္သာမင်းသည်။ ဗဒ္ဓသ္မိံ၊ ကျော့ကွင်းမိသည်ရှိသော်။ မေ၊ အကျွန်ုပ်အား။ ဝိပုလံ၊ များစွာသော။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ အဟု၊ ဖြစ်၏။ တသ္မာ၊ ထိုသို့ဆင်းရဲသောကြောင့်။ မေ၊ အကျွန်ုပ်အား။ ဝေဂေန၊ လျင်စွာ။ တံ အဘိသာရံ၊ ထိုသို့ ချွတ်ယွင်းသောစကားသည်။ အတ္ထိ၊ ရှိ၏။

၁၈၁။ မဟာရာဇ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ပုတ္တာနံ၊ သားသမီးတို့အား။ ပိတာ ဝိယ၊ အဖကဲ့သို့။ ဘူတာနံ၊ သတ္တဝါမြက်သစ်ပင်တို့၏။ ပတိဋ္ဌာ၊ တည်ရာဖြစ်သော။ ဓရဏီရိဝ၊ မြေကြီးကဲ့သို့။ အဓိပန္နာနံ၊ အမျက်ဒေါသဖြင့် နှိပ်စက်လွှမ်းမိုးအပ်ကုန်သော။ အသ္မာကံ၊ အကျွန်ုပ်တို့၏။ အဝဿယော၊ ကိုးကွယ်ရာသည်။ ဟောဟိ၊ ဖြစ်တော်မူပါလော့။ ကုဉ္ဇရ၊ မင်းတာတို့ထက် မြတ်တော်မူသော။ ရာဇ၊ မင်းမြတ်။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဒေါသံ၊ အပြစ်ကို။ ခမဿု၊ သည်းခံတော်မူပါလော့။

မင်းကြီး ကျေနပ်ခြင်း

ဤစကားကို ထိုစစ်သူကြီးသုခသည် နေရာမှဆင်းသက်၍ အတောင်တို့ကိုယှက်သဖြင့် လက်အုပ်ချီခြင်းကို ပြု၍ဆို၏။ ထိုအခါ သုမုခကို သံယမမင်းသည် ပိုက်ဖက်သဖြင့်ယူ၍ ရွှေအင်းပျဉ်၌နေစေပြီးလျှင် အပြစ်ကို ကြားခြင်းကို ဝန်ခံလိုရကား-

၁၈၂။ ဧတံ တေ အနုမောဒါမ၊ ယံ ဘာဝံ န နိဂူဟသိ။
ခိလံ ပဘိန္ဒသိ ပက္ခိ၊ ဥဇုကောသိ ဝိဟင်္ဂမ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၂။ ပက္ခိ၊ အတောင်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်သို့ ပျံတက်သွားတတ်သော။ သုမုခ၊ အမောင် သုမုခ။ ယံ-ယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ အတ္တနာ၊ မိမိ၏။ ဘာဝံ၊ စိတ်၌ ဖုံးလွှမ်းအပ်သော အပြစ်ကို။ န နိဂူဟသိ၊ သင် မဖုံးလွှမ်း။ တေ၊ သင်၏။ ဧတံ၊ ထိုသို့ မဖုံးလွှမ်းခြင်းကို။ မယံ၊ ငါတို့သည်။ အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။ ခိလံ၊ စိတ်နှလုံး၌ ငြောင့်တံသင်းကို။ ပဘိန္ဒသိ၊ သင်ဖျက်၏။ ဥဇုကော၊ ဖြောင့်မှန်သည်။ အသိ၊ ဖြစ်ပေ၏။ ဧတံ၊ ဤစိတ်နှလုံး၌ဖြစ်သော ငြောင့်တံသင်းကို နုတ်ခြင်း ဖြောင့်မှန်းခြင်းကိုလည်း။ အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။

နိုင်ငံကို နှင်းအပ်ပြီ

သံယမမင်းသည် စကားကိုဆိုပြီး၍ ဘုရားလောင်း ရွှေဟင်္သာမင်း၏ တရားစကား၌လည်းကောင်း စစ်သူကြီး သုမုခ၏ ဖြောင့်မှန်သော အဖြစ်၌လည်းကောင်း ကြည်ညိုသည်ဖြစ်၍ ကြည်ညိုသောသူမည်သည် ကြည်ညိုသောအခြင်းအရာကို ပြုအပ်၏ဟု ကြံ၍ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့အား မိမိ၏ မင်းစည်းစိမ်နှင့်တကွသော ဗာရာဏသီမြို့ကြီးကို ဆောင်နှင်းလိုရကား-

၁၈၃။ ယံ ကိဉ္စိ ရတနံ အတ္ထိ၊ ကာသိရာဇနိဝေသနေ။
ရဇတံ ဇာတရူပဉ္စ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
၁၈၄။ မဏယော သင်္ခမုတ်တာ စ၊ ဝတ္ထကံ ဟရိစန္ဒနံ။
အဇိနံ ဒန္တဘဏ္ဍဉ္စ၊ လောဟံ ကဠာယသံ ဗဟုံ။
ဧတံ ဒဒါမိ ဝေါ ဝိတ္တံ၊ ဣဿရံ ဝိဿဇာမိ ဝေါ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

၁၈၃။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းတို့။ ကာသိရာဇနိဝေသနေ၊ ကာသိမင်း၏ နန်းတော်၌။ ယံကိဉ္စိ၊ အလုံးစုံသော။ ရတနံ၊ ရတနာသည်။ အတ္ထိ၊ ရှိ၏။ ရဇတံ၊ ငွေသည်လည်းကောင်း။ ဇာတရူပဉ္စ၊ ရွှေသည်လည်းကောင်း။ မုတ္တာ၊ ပုလဲသွယ်သည်လည်းကောင်း။ ဝေဠုရိယာ၊ ကျောက်မျက်ရွဲသည်လည်းကောင်း။ ဗဟူ၊ များစွာ။ သန္တိ၊ ရှိကုန်၏။

၁၈၄။ ဗဟူ၊ များစွာကုန်သော။ မဏယော၊ ပတ္တမြား ဘဏ္ဍာတို့သည်လည်းကောင်း။ သင်္ခမုတ္တာ စ၊ လက်ယာရစ် ခရုသင်းရတနာ, ပုလဲရတနာတို့သည်လည်းကောင်း။ ဝတ္ထကံ၊ နူးညံ့သိမ်မွေ့သော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးသည်လည်းကောင်း။ ဟရိစန္ဒနံ၊ ရွှေအဆင်းနှင့်တူသော စန္ဒကူးနီသည်လည်းကောင်း။ အဇိနံ၊ သစ်နက်ရေသည်လည်းကောင်း။ ဒန္တဘဏ္ဍဉ္စ၊ ဆင်စွယ်ဘဏ္ဍာသည်လည်းကောင်း။ ဗဟုံ၊ များစွာသော။ လောဟဉ္စ၊ ကြေးနီသည်လည်းကောင်း။ ကာဠာယသဉ္စ၊ ကြေးပုပ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ ဝိတ္တံ၊ ဤဥစ္စာကို။ ဝေါ၊ သင် ရွှေဟင်္သာ မင်းနှစ်ပါးတို့အား။ အဟံ၊ အကျွန်ုပ်သည်။ ဒဒါမိ၊ ပေး၏။ ဣဿရံ၊ မင်းအဖြစ်ကို။ ဝေါ၊ သင် ရွှေဟင်္သာမင်းနှစ်ပါးတို့အား။ ဝိဿဇာမိ၊ စွန့်လွှတ်ပါ၏။

ဟင်္သာတို့ ပြန်ခွင့်တောင်းခြင်း

ဤသို့သော စကားကိုဆိုပြီးလျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ထီးဖြူဖြင့်ပူဇော်၍ ဗာရာဏသီမင်းအဖြစ်ကို ဆောင်နှင်း၏။ ထိုအခါ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် မင်းနှင့်တကွ စကားပြောဟောလိုရကား-

၁၈၅။ အဒ္ဓါ အပစိတာ တျာမှာ၊ သက္ကတာ စ ရထေသဘ။
ဓမ္မေသု ဝတ္တမာနာနံ၊ တွံ နော အာစရိယော ဘဝ။
၁၈၆။ အာစရိယ မနုညာတာ၊ တယာ အနုမတာ မယံ။
တံ ပဒက္ခိဏတော ကတွာ၊ ညတိံ ပဿမုရိန္ဒမ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈၅။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇိန္ဒ၊ မင်းများနတ်။ တေ၊ သင်မင်းမြတ်သည်။ မယံ၊ အကျွန်ုပ်တို့ကို။ အဒ္ဓါ၊ စင်စစ်။ အပစိတာ၊ အရိုအသေ ပူဇော်အပ်ကုန်သည်။ အမှာ၊ ဖြစ်ကုန်ပြီ။ သက္ကတာ စ၊ အရိုအသေ ပြုအပ်ကုန်သည်လည်း။ အမှာ၊ ဖြစ်ကုန်ပြီ။ တွံ၊ သင် မင်းမြတ်သည်။ ဓမ္မေသု၊ ကုသိုလ်ကမ္မပထတရားတို့၌။ ဝတ္တမာနာနံ၊ ကျင့်ကုန်သော။ နော၊ အကျွန်ုပ်တို့၏။ အာစရိယော၊ ဆရာသည်။ ဘဝ၊ ဖြစ်တော်မူလော့။

၁၈၆။ အာစရိယ၊ ဆရာအရာ၌တည်ပေသော။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမပေတတ်သော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ တယာ၊ သင် မင်းမြတ်သည်။ အနုညာတာ၊ ခွင့်ပြုအပ်ကုန်သော။ အနုမတာ၊ အလိုတော်ကိုသိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ တံ၊ သင်မင်းမြတ်ကို။ ပဒက္ခိဏတော၊ လက်ယာရစ်လှည့်သည်ကို။ ကတွာ၊ ပြု၍။ ဉာတိံ၊ ဆွေမျိုးအပေါင်းကို။ ပဿေမု၊ မြင်လိုပါကုန်၏။

ရွှေဟင်္သာတို့ လွတ်ကြပြီ

ထိုသံယမမင်းသည် ရွှေဟင်္သာမင်းတို့အား သွားခြင်းကို ခွင့်ပြုတော်မူ၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်း တရားဟောစဉ်ပင်လျှင် အရုဏ်သည်တက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၈၇။ သဗ္ဗရတ္တိံ စိန္တယိတွာ၊ မန္တယိတွာ ကထာကထံ။
ကာသိရာဇာ အနုညာသိ၊ ဟံသာနံ ပဝရုတ္တမံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌ ကာသိရာဇာ၊ ကာသိမင်းသည်။ တေဟိ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့နှင့်။ သဒ္ဓိံ၊ တကွ။ ယထာကထံ၊ အလိုရှိတိုင်းသောစကားကို။ သဗ္ဗရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ စိန္တယိတွာ၊ ကြံစည်ပြီး၍။ မန္တယိတွာ၊ တိုင်ပင်ပြီး၍။ ဟံသာနံ၊ ဟင်္သာအပေါင်းတို့ထက်။ ပဝရုတ္တမံ၊ အလွန်မြတ်သော ရွှေဟင်္သာမင်းကို။ အနုညာသိ၊ အခွင့်ပြု၏။

ဤသို့ ထိုဗာရာဏသီပြည့်ရှင် သံယမမင်း ခွင့်ပြုသည်ရှိသော် ဘုရားလောင်သည် ဗာရာဏသီမင်းကို မမေ့မလျော့ တရားနှင့်အညီ မင်းပြုလော့ဟု ဆုံးမ၍ ငါးပါးသီလတို့၌ တည်စေ၏။ ဗာရာဏသီမင်းသည်လည်း ရွှေဟင်္သာမင်းနှစ်ပါးတို့အား ရွှေခွက်တို့ဖြင့် ပေါက်ပေါက်တို့ကိုလည်းကောင်း၊ ချိုမြိန်မြတ်သော ရေကိုလည်းကောင်း စေ၍ စားသောက်ခြင်းကိစ္စ ပြီးလတ်သော် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ပန်းနံ့သာအစရှိသည်တို့ဖြင့် ပူဇော်၍ ဘုရားလောင်းကို ရွှေပန်းတောင်းဖြင့် မင်းကြီးကိုယ်တိုင်ချီ၍ ခေမာမိဖုရားကြီးသည် စစ်သူကြီးသုမုခကိုချီပြီးလျှင် ရွှေဟင်္သာမင်းနှစ်ပါးတို့ကို မြတ်သော လေသွန်တံခါးကိုဖွင့်၍ နေထွက်သောအခါ၌ အရှင်ကောင်းတို့ ကြွတော်မူကြကုန်လော့ဟု ဆို၍ လွှတ်တော်မူကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၈၈။ တတော ရတျာဝိဝသာနေ၊ သူရိယုဂ္ဂမနံ ပတိ။
ပေက္ခတော ကာသိရာဇဿ၊
ဘဝနာ တေ ဝိဂါဟိသုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တဒါကာလေ၊ ထိုအခါ၌၊ ရတျာဝိဝသာနေ၊ ညဉ့်၏ အဆုံး၌။ သူရိယုဂ္ဂမနံ၊ နေထွက်ခြင်းကို။ ပတိ၊ စွဲ၍။ ကာသိရာဇဿ၊ ကာသိမင်း၏။ ပေက္ခတော၊ ရှုကြည့်လျက်။ ဘဝနာ၊ ရွှေနန်းတော်မှ။ တေ သုဝဏ္ဏဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ အာကာသံ၊ ကောင်းကင်သို့။ ဝိဂါဟိသုံ၊ ပျံသွားလေကုန်၏။

စိတ္တကုဋ်တော်သို့ ရောက်ကြခြင်း

ထိုရွှေဟင်္သာမင်းနှစ်ပါးတို့တွင် ဘုရားလောင်းသည် ရွှေပန်းတောင်းမှ ပျံတက်၍ ကောင်းကင်၌ရပ်လျက် မြတ်သောမင်းကြီး စိုးရိမ်တော်မမူလင့်၊ မမေ့မလျော့ ငါတို့အဆုံးအမ၌ ကျင့်တော်မူလော့ဟု ဗာရာဏသီပြည့်ရှင် သံယမမင်းမြတ်ကို နှစ်သိမ့်စေပြီးလျှင် စစ်သူကြီးသုမုခကိုခေါ်၍ စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူ၏။ ထိုအခါ ကိုးသောင်းကုန်သော ဟင်္သာတို့သည်လည်း ရွှေဂူမှထွက်လတ်၍ စိတ္တကုဋ်တောင်အပြင်၌ နေကုန်လျက် ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ လာလတ်သည်တို့ကို မြင်ကုန်လျှင် ခရီးဦးကြိုဆို၍ ခြံရံကုန်၏။ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့သည် ဆွေမျိုးအပေါင်းခြံရံလျက် စိတ္တကုဋ်တောင်အပြင်သို့ ဝင်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်

၁၈၉။ တေ အရောဂေ အနုပ္ပတ္တေ၊

ဒိသွာန ပရမေ ဒိဇေ။

ကေကာတိ မကရုံ ဟံသာ၊

ပုထုသဒ္ဒေါ အဇာယထ။

၁၉၀။ တေ ပတီတာ ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝါ။

သမန္တာ ပရိကိရိံသု၊ အဏ္ဍဇာ လဒ္ဓပစ္စယော။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၈၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဟံသာ၊ ဟင်္သာအပေါင်းတို့သည်။ အရောဂေ၊ အနာကင်းသည်ဖြစ်၍။ အနုပ္ပတ္တေ၊ ရောက်လာကုန်သော။ ပရမေ၊ မြတ်ကုန်သော။ တေ ဒိဇေ၊ ထိုရွှေဟင်္သာမင်းနှစ်ပါးတို့ကို။ ဒိသွာ၊ မြင်ကုန်၍။ ကေကာတိ၊ မိမိတို့ဘာသာဖြစ်သော ကေကာဟူသော အသံကို။ အကရုံ၊ မြည်ကုန်၏။ ပုထုသဒ္ဒေါ၊ များစွာသော အသံသည်။ အဇာယထ၊ ဖြစ်လေ၏။

၁၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ မိမိတို့အရှင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ရန်သူလက်မှ လွတ်သည်ရှိသော်။ ဘတ္တုဂါရဝါ၊ အရှင်ကိုရိုသေတတ်ကုန်သော။ တေ အဏ္ဍဇာ၊ ထိုရွှေဟင်္သတို့သည်။ ပတီတာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ လဒ္ဓပစ္စယာ၊ ရအပ်သော တည်ရာရှိကုန်သည်ဖြစ်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကိရိံသု၊ ခြံရံအပ်ကုန်၏။

ဟင်္သာတို့ မေတ္တာပို့ကြခြင်း

ဤသို့ ခြံရံကုန်ပြီး၍ ထိုဟင်္သာတို့သည် အရှင်မင်းမြတ်... အဘယ်သို့သော အကြောင်းကြောင့် လွတ်တော်မူကုန်သနည်းဟု မေးလျှောက်ကြကုန်၏။ ဘုရားလောင်း ဓတရဋ္ဌရွှေဟင်္သာမင်းသည် စစ်သူကြီးသုခကိုမှီ၍ လွတ်သောအကြောင်းကိုလည်းကောင်း၊ သံယမမင်း, မုဆိုးတို့သည် ပြုအပ်သောအမှုကိုလည်းကောင်း ပြောဆိုတော်မူ၏။ ထိုသို့ ပြောဆိုသောစကားကို ကြားကုန်၍ ဟင်္သာအပေါင်းတို့သည် နှစ်သက်ကုန်သည်ဖြစ်၍ စစ်သူကြီးသုမုခသည်လည်းကောင်း, သံယမမင်းသည်လည်းကောင်း မုဆိုးသားသည်လည်းကောင်း ချမ်းသာသဖြင့် ဆင်းရဲကင်းကုန်သည် ဖြစ်၍ မြင့်ရှည်စွာ အသက်ရှည်ပါစေကုန်သတည်းဟု ဆိုကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်

၁၉၁။ ဧဝံ မိတ္တဝတံ အတ္ထာ၊ သဗ္ဗေ ဟောန္တိ ပဒက္ခိဏာ။

ဟံသာ ယထာ ဓတရဋ္ဌာ၊ ဉာတိသံဃမုပါဂမုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၉၁။ ဘိက္ခဝ၊ ရဟန်းတို့။ မိတ္တဝန္တာ၊ အဆွေခင်ပွန်းကောင်းဖြစ်ကုန်သော။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ပဒက္ခိဏာ၊ အစီးအပွားနှင့် ယှဉ်ကုန်သည် ဖြစ်၍။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ ယထာ၊ ကပ်ရကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မိတ္တဝတံ၊ အဆွေခင်ပွန်းကောင်းရှိသော သူတို့အား။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အတ္ထာ၊ အကျိုးတို့သည်။ ပဒက္ခိဏာ၊ စီးပွားခြင်းနှင့်ယှဉ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီဟု မိန့်တော်မူ၍ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ ခေမာမုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ ခေမာဘိက္ခုနီမသည် ထိုအခါ ခေမာမိဖုရားကြီးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ်တရာသည် ထိုအခါ သံယမမင်းကြီး ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရွှေဟင်္သာစစ်သူကြီး သုမုခဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းသောပရိသတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဓတရဋ္ဌရွှေဟင်္သာ ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးထောက်ထား သက်စွန့်ငြား ကြီးပွားချမ်းသာမည်

နှစ်ခုမြောက်ဖြစ်သော မဟာဟံသဇာတ်သည် ပြီး၏။

*****