မဟောသဓဇာတ်တော်ကြီး/ပဏာမ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မဟန္တဉာဏောသဓ နိဗ္ဗိသံသံ၊ သဒ္ဓမ္မသံဃပ္ပရိဝါရိတံ တံ။
မဟံ ဂရုံ ဉာဏုပိတံ နမံ မံ၊ တေဇေန္တု တေသံနုဘာဝါ ပသံသံ။
(ဣန္ဒဝဇိရာ,ဥပေဒ္ဒဝဇိရာ ၂-ပါးရောသော ဥပဇာတိဂါထာ)
အဟံ၊ အကျွန်ုပ်သည်။ မဟန္တဉာဏောသဓနိဗ္ဗသံသံ၊ အရှင်ပစ္စေကဗုဒ္ဓါ သာဝကတို့ထက် ကဲလွန်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ်တည်းဟူသော သုဒ္ဓိနတ်ဆေးကို ရပြီးသည်ဖြစ်၍ ဝေနေယျတို့၏သန္တာန်၌ ကိလေသာတည်းဟူသော အဆိပ်အတောက်ကို ဖျောက်ပယ်ငြိမ်းအေး ပေးတော်မူလျက် အတုမရှိသော ဂုဏ်ကျေးဇူးအပေါင်းတို့၏ စုဝေးရာလည်းဖြစ်တော်မူထသော။ သဒ္ဓမ္မသံဃပ္ပရိဝါရိတံ၊ သွာက္ခာတတာ အစရှိသော ဂုဏ်တော်တို့ဖြင့် ချီးမွမ်းအပ်သော ၁၀-ပါးသောတရားတော်, သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်တို့ဖြင့် ချီးမွမ်းအပ်သော ၈-ယောက်သော ပရမတ္ထသံဃာတော်, သမ္မုတိသံဃာတော် သန့်ရှင်းစင်ကြယ်သော သာဝကပရိသတ် မြတ်သောအခြံအရံလည်း ရှိတော်မူထသော။ တံ တာဒိသံ၊ ထိုသို့သောဂုဏ်ဖြင့် ၃-ဘုံမှန်ကင်း တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားကို။ နမံ-နမာမိ၊ ရိုသေစွာ ရှိခိုးပါ၏။ နမဿိတွာ၊ ရှိခိုးပြီး၍။
ဉာဏုပိတံ၊ ပရိယတ္တိဓမ္မ၌ ရွံရှာခြင်းကင်းသော ဝိသာရဒဉာဏ်နှင့်လည်း ပြည့်စုံတော်မူထသော။ မဟံ-မဟန္တံ၊ စင်ကြယ်စွာသောပဋိပတ္တိနှင့် ပြည့်စုံသည်ဖြစ်၍ ပူဇော်ထိုက်သော မဟာထေရ်ကြီးလည်း ဖြစ်တော်မူထသော။ ဝါ၊ မေ၊ အကျွန်ုပ်၏။ ဉာဏုပိတံ၊ အသိဉာဏ်ကိုလည်း ပျိုးစေတော်မူတတ်ထသော။ ဂရုမ္ပိ၊ ကျေးဇူးရှင် ဆရာမြတ်ကိုလည်း။ နမံ-နမာမိ၊ ရိုသေစွာရှိခိုးပါ၏။ တေသံ ဗုဒ္ဓါဒိရတနဂရူနံ၊ ထို ရှိခိုးအပ်ပြီးသော ဘုရား, တရား, သံဃာ, ဆရာ ကျေးဇူးရှင်တို့၏။ အာနုဘာဝါ-သေဋ္ဌဗလာ၊ မြတ်သောအစွမ်း အာနုဘော်တော်တို့သည်။ မံ-မမ၊ အကျွန်ုပ်၏။ ဉာဏဗလံ၊ ဉာဏ်အစွမ်းကို။ ပသံသံ-ပသံသန္တာ၊ ချီးမြှောက်တော်မူကုန်လျက်။ တေဇေန္တု၊ မောဟမိစ္ဆာ စင်ခွာပယ်ဖျက် ထက်ကြောင်း သွေးတော်မူစေကုန်သတည်း။
(ဤဂါထာ၌ မဟံဟူသော ပုဒ်, ဉာဏုပိတံ-ဟူသောပုဒ်တို့ကို အနက် ၂-နည်းပေးသည်ကား အဘိန္ဒပဒဝါကျ သိလေသနည်း ရသင့်သောကြောင့်ပေတည်း။ ၄-ပါဒတို့၏ အဆုံးအဆုံး၌ ၂-လုံးသောအက္ခရာကို အစုံထား၍ ဖွဲ့အပ်သောကြောင့် ပါဒန္တက္ခရ ယမကဂါထာဟု အလင်္ကာနည်း ယူအပ်၏။ ဤဂါထာသည်- ရဝါကာသဂ္ဂိယုတ္တာပိ၊ မဟာသမ္ပတ္တိကာ ဟောန္တိ။ ဟူ၍ ဆန်းဋီကာလာသည်နှင့် အညီ နေနတ်သားစောင့်သော “ဇ”ဂိုဏ်းနှင့် အာကာသစိုးနတ်သားစောင့်သော “တ”ဂိုဏ်း မိတ်သဟာယချင်းယှဉ်၍ ဖွဲ့ အပ်သောကြောင့် မဟာသမ္ပတ္တိကို ပြီးစေတတ်သောအားဖြင့် ရန်ဆူးရန်ကြောင့် နှောင့်ယှက်ပိတ်ပင်ခြင်း မရှိ၊ မငြိမတွယ်သွားတတ်သော သိကြားမင်း၏ ဝဇီရစိန်လက်နက်နှင့် တူသည်ဖြစ်၍ ဝဇိရဂါထာဟု ဝုတ္တောဒယဆရာ မှည့်အပ်၏။ “ဇ”ဂိုဏ်းသည် ပုနဗ္ဗသျှူနက္ခတ်နှင့်ယှဉ်ရကား ဤဂါထာကိုဖွဲ့တတ်သော ဆရာ၏လည်းကောင်း, ဖွဲ့အပ်သောနေ့၏လည်းကောင်း ထိုနက္ခတ်သည် ဝရစုတ်ကြိမ်သည်ဖြစ်၍ ကဗျာဗန္ဓ ဖွဲ့တတ်ကုန်သောကဝိတို့၏ ငြူစူနှောင့်ယှက်ခြင်းအပြစ်တို့မှ လွတ်စေခြင်းငှာလည်းကောင်း၊ ၁၁-လုံးဘွဲ့ဖြစ်၍ မတိုမရှည် လွတ်လွယ်ဖတ်လွယ်ခြင်း အကျိုးငှာလည်းကောင်း ဤဥပဇာတိဂါထာဖြင့် အာသီသပုဗ္ဗ ဂန္ထာရမ္ဗကို ဆိုသတည်း။ ထိုဂါထာ၏ အတ္ထနယ, သဒ္ဒနယ, ဆန္ဒနယ စသည်တို့ကိုဆိုလျှင်ကား များစွာ၏။ စကားလိုရင်းကို မရောက်နိုင်သဖြင့် နားထောင်သူငြီးငွေ့၍ ကုသိုလ်မင်္ဂလာ သဒ္ဓါတရား မပွားအံ့စိုးသောကြောင့် မဆိုပြီ။)