မာတိကာသို့ ခုန်သွားရန်

မဟောသဓဇာတ်တော်ကြီး/အခန်း-၀၇

ဝီကီရင်းမြစ် မှ
2713မဟောသဓဇာတ်တော်ကြီး — ၇။ ချည်ထွေးတရား စီရင်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ချည်ထွေးတရားဟူသည်ကား ဝါခင်းစောင့်သော မိန်းမတစ်ယောက်သည် ထိုဝါခင်း၌စောင့်နေရင်း ဝါပေါက်စင်စင်ကို ချည်ချောဝင့်ပြီးလျှင် အစာတင်ပြီးမှ ကောင်းစွာလုံး၍ထား၏။

ထိုမိန်းမသည် တစ်နေ့သ၌ ချည်လုံးကို ရင်၌ပိုက်၍ မိမိအိမ်သို့ လာလတ်သော် “ဘုရားလောင်း၏ရေကန်၌ ရေချိုးအံ့”ဟု ချည်လုံးကို မိမိအင်္ကျီပေါ်၌ထား၍ ရေကန်တွင်းသို့ ရေချိုးဆင်းလေ၏။ ထိုအခါ မိန်းမတစ်ယောက်သည် ထိုချည်လုံးကိုမြင်လေသော် လိုချင်သောစိတ် ဖြစ်လာလတ်၍ “ချည်ချောပေစွ၊ ကောင်းပေစွ”ဟု ချီးမွမ်းလျက် ကိုင်ယူပြီးလျှင်၊ “အမယ်။ ဤချည်ကို အမယ်ပင် ဝင့်ပေသလော။ ဖြစ်ခဲပေစွ” ဟု လက်ခုပ်တီး၍ ကြည့်ဟန်ပြုလျက် ရင်ခွင်၌ပိုက်၍ ပြေးလေ၏။

ချည်လုံးရှင်မိန်းမသည်လည်း ရှေးနည်းဖြင့် အလျင်တဆာ ရေမှတက်၍လိုက်လျက် “သင် အဘယ့်ကြောင့် ချည်လုံးကို ခိုးယူပြေးသနည်း”ဟု အင်္ကျီစကို လက်ဖြင့်ကိုင်ဆွဲ၏။ ခိုးသူမလည်း “ငါ့ချည်လုံးကို ငါယူ၍ ငါအလိုအလျောက် ခရီးသွားရာ သင် အဘယ့်ကြောင့် ချည်လုံးခိုးစွပ်စွဲ၍ ငါ့အင်္ကျီစကို ဆွဲကိုင်ဘိသနည်း။ ဆုတ်လော့။ ကောင်းစွာသွားပါရစေ” ဟုဆို၏။

ဤသို့ အချင်းချင်း အငြင်းအခုံဖြစ်၍ လူအပေါင်းဝန်းရံကုန်လျက် ဘုရားလောင်းကစားရာ ဇရပ်တံခါးဝခရီးမသို့ ရောက်လာကြကုန်၏။

ဘုရားလောင်းသည် ရှေးနည်းဖြင့် ထိုမိန်းမ ၂-ယောက်ကိုခေါ်စေ၍၊ ရောက်လတ်သော် ထိုသူတို့၏ အမူအရာလက္ခဏာကို ဆင်ခြင်သဖြင့် ဤသူကား “ခိုးသူမ။ ဤသူကား ချည်လုံးရှင်”ဟု အမှန်အတပ် သိငြားသော်လည်း၊ သူတစ်ပါးတို့အား သိစေခြင်းငှာ အကြောင်းအရာကိုမေး၍ ၂-ဦးလုံးကပင် ဥစ္စာရှင်ချည်းဖြစ်ဟန်စကားဖြင့် ပြောဆိုချေလဲပြီးသော်၊ ဘုရားလောင်းသည် “သင်တို့ ငါဆုံးဖြတ်တိုင်း ပြီးကြမည်လော”ဟု မေး၏။ ထိုမိန်းမ ၂-ယောက်တို့လည်း “ပြီးပါမည်”ဟု ဝန်ခံကြကုန်၏။

ထိုအခါ ဘုရားလောင်းသည် ခိုးသူမကို “ချည်လုံး၏အတွင်း၌ အဘယ်ကိုထည့်ခံ၍ လုံးသနည်း”ဟု မေး၏။ ခိုးသူမလည်း “အရှင့်သား။ ဝါစေ့ကိုထည့်၍ လုံးပါသည်”ဟုဆို၏။ ထို့နောက် ချည်လုံးရှင်ကို မေးမြန်းလတ်လျှင် “အရှင့်သား။ တည်စေ့ကိုထည့်၍ လုံးပါသည်”ဟုဆို၏။

ထိုမိန်းမ ၂-ယောက်တို့၏စကားကို ပရိသတ်တို့အား မှတ်သားစေပြီး၍ ချည်လုံးကို ဖြည်ဖွင့်ကြည့်ရှုစေလတ်သော် တည်စေ့ကို တွေ့လေ၏။ ထိုအခါ ဘုရားလောင်းသည် ဆိုအပ်ပြီးသောနည်းဖြင့် ခိုးသူအဖြစ်ကို ဝန်ခံစေပြီးလျှင် ထိုခိုးသူမအား အဆုံးအမပေး၍ လွှတ်လိုက်လေ၏။ ဤအကြောင်းကို အမတ်သိလတ်သော် အလုံးစုံကို မင်းကြီးအား လျှောက်ထားစေပြန်၏။ မင်းကြီးလည်း ရှေးနည်းအတူ သေနကအမတ်ကြီးကို တိုင်ပင်၍၊ သေနကအမတ်ကြီး ဖျက်ပြန်လေသော် စိတ်လျစ်လျူဖြစ်သဖြင့် “စုံစမ်းလေဦး”ဟု စေတော်မူလိုက်ပြန်၏။

ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်ခြင်းတည်း။