မဟောသဓဇာတ်တော်ကြီး/အခန်း-၁၀
ရထားတရားဟူသည်ကား ယောက်ျားတစ်ယောက်သည် မျက်နှာဆေးအံ့သောငှာ တစ်ခုသောရွာမှ လှည်းရထားစီးလျက် ထွက်သွားလေ၏။ ထိုအခါ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ဘုရားလောင်းကိုမြင်၍ “ဤသုခမိန် ဘုရားလောင်းအညွန့်အား ပညာဂုဏ်ထင်ရှားသောအဖြစ်ကို ငါ ပြုခြင်းငှာ ထိုက်၏”ဟု လူ၏အသွင်ဖြင့် လာလတ်၍ ထိုရထားစီးလျက် သွားသောယောက်ျား၏ ရထားနောက်စွန်းကိုကိုင်လျက် အစဉ်တစိုက် လိုက်၏။ ရထားရှင်သည် ရထားနောက်မြီးစွန်းကိုကိုင်လျက် အစဉ်တစိုက်လိုက်သော လုလင်ကိုမြင်လျှင် “ဤသူသည် အဘယ်အကြောင်းရှိ၍ နောက်သို့ အစဉ်တစိုက်လိုက်သည် မသိ”ဟုကြံလျက်၊ “အချင်းယောက်ျား။ သင် အဘယ်ကို အလိုရှိ၍ ရထားနောက်စွန်းကိုကိုင်လျက် အစဉ်တစိုက် လိုက်ဘိသနည်း”ဟု မေး၏။
သိကြားလုလင်သည် “အရှင်။ အကျွန်ုပ်သည် သင်၏အထံသို့ မှီခို၍နေလိုပါသောကြောင့် လိုက်သည်”ဟုဆို၏။ ထိုစကားကိုကြားလျှင် ရထားရှင်သည် “လုလင်။ ကောင်းပြီ။ နေတော့”ဟုဆိုလျက် အတန်ငယ်သွားပြီးသော် ရထားကိုတန့်ရပ်စေပြီးလျှင် ရထားမှဆင်းသက်၍ ကိုယ်လက်သုတ်သင်အံ့သောငှာသွား၏။ ထိုရထားရှင် ကိုယ်လက် အသုတ်အသင်သွားခိုက်တွင် သိကြားမင်းသည် ရထားပေါ်သို့တက်၍ ရထားကို စိုင်းနှင်ပြေးလေ၏။
ရထားရှင်လည်း ကိုယ်လက်သုတ်သင်ပြီး၍ လာလတ်သော် ရထားကို လုလင် ခိုးယူပြေးသည်ဟုသိလျှင် “အချင်း၊ ရပ်လော့ ရပ်လော့”ဟု အလျင်တဆောလိုက်လျက် မီလတ်သောအခါ “အချင်း။ သင် အဘယ့်ကြောင့် ရထားကို ခိုးယူ ပြေးသနည်း”ဟုဆို၏။ သိကြားမင်းလည်း “သင့်ရထား ဘယ်မှာနည်း။ ဤရထားကား ငါ့ရထားတည်း။ သင့်ရထားနှင့် အလားတူ၍သာ သင် အထင်မှားသည် ဖြစ်မည်။ သင့်ရထား မဟုတ်”ဟုဆို၏။
ဤသို့ အချင်းချင်းအငြင်းအခုံစကားနှင့် လူအများလည်း ရှုကြည့်ဝန်းရံကုန်လျက် ဘုရားလောင်းကစားရာ ဇရပ်တံခါးဝ ခရီးမသို့ ရောက်လာကြကုန်၏။
မဟောသဓသုခမိန်သည် “ထိုသူ၂-ယောက်ကို ခေါ်ချေ”ဟု စေလိုက်သဖြင့် ဖွားဖက်ဖော်တို့ခေါ်ခဲ့၍၊ ထိုသူ၂-ယောက်တို့လာလတ်သော် ဘုရားလောင်းသည် “ဤသူကား သူတစ်ပါးကို ခံ့ညားကြောက်ရွံ့ခြင်း တစိုးတစိမျှ မရှိ။ အလွန်ရဲရင့်၏။ မျက်တောင်လည်း စိုးစဉ်းမျှမခတ်။ စင်စစ် ဤသူသည် လူ မဟုတ်။ သိကြား, နတ်တည်း။ ဤသူကား ရထားရှင်တည်း”ဟု အတပ်အမှန်သိငြားသော်လည်း တရားသူကြီးတို့ စစ်မေးရိုးထုံးစံရှိသည့်အတိုင်း အငြင်းအခုံစကားကိုမေး၍ အသီးသီးထွက်ဆိုကြသည့် စကား ၂-ရပ်ကိုကြားပြီးသော် “သင်တို့သည် ငါ၏ အဆုံးအဖြတ်၌ တည်ကြအံ့လော”ဟုမေး၏။ “တည်ပါမည်”ဟု ၂-ဦးလုံး ဝန်ခံကြလတ်လျှင်၊
မဟောသဓသုခမိန်သည် “အချင်းတို့။ သင်တို့ရထားကို ငါ၏လူတစ်ယောက်ကို စိုင်းနိုင်စေအံ့။ သင်တို့၂-ယောက် ရထားနောက်မြိတ်ကို တစ်ဘက်စီကိုင်ဆွဲ၍ လိုက်ကြလော့။ ရထားကိုမလွှတ်လျှင် ရထားရှင်ဖြစ်စေ, လွှတ်လျှင် ရထားခိုးဖြစ်စေ”ဟုဆိုပြီးသော်၊ ရထားကို လုလင်တစ်ယောက်ကိုနှင်စေလျက် ထိုသူ၂-ယောက်ကိုလည်း ရထားနောက်မြိတ်ကိုဆွဲ၍ လိုက်စေ၏။ ထိုအခါ ရထားရှင်သည် လူဖြစ်သောကြောင့် မောပန်းသောကိုယ်ဖြင့် “ဆုံးလိုလည်း ဆုံးစေတော့”ဟု အားလျော့ပါးသဖြင့် ရထားမှလွှတ်လျက် ကြည့်မျှော်ကာ ရပ်နေရစ်၏။ သိကြားမူကား ရထားနှင့် ထက်ကြပ်ကပ်လျက် လိုက်လေ၏။
မဟောသဓသုခမိန်သည် ရထားကို ပြန်လည်စေပြီးသော် ပရိသတ်အပေါင်းတို့အား “အချင်းတို့။ ဤသူကား ရထားနောက်သို့ အတန်ငယ်မျှလိုက်၍ လွှတ်လိုက်သဖြင့် နေရစ်၏။ ဤသူကား ရထားနောက်က ထက်ကြပ်ပင်လျှင် လိုက်၏။ ထိုသို့လျက် ဤရထားကို လွှတ်သောသူလောက်မျှ ပန်းဟန်မထင်။ ကိုယ်တွင်လည်း ချွေးတစ်ပေါက်မျှ မထွက်။ ထွက်သက်ဝင်သက်လည်း မလှိုက်မဖို၊ မည်သည်ကိုမျှလည်း ကြောက်လန့်ခြင်းမရှိ။ မျက်စိကြောင်ကြောင် မျက်တောင်လည်း မခတ်။ ဤအတ္ထုပ္ပတ်ကို ထောက်ထားသော် သိကြား, နတ်စင်စစ် ဖြစ်သည်။ လူမဟုတ်”ဟု ဆိုပြီးလျှင်၊ သိကြားကို “သင် သိကြား မဟုတ်လော”ဟုမေး၏။
သိကြားမင်းသည် “သုခမိန်။ ငါသည် သုခမိန်ဆိုတိုင်းပင် သိကြားမင်း မှန်ပေ၏”ဟု ဆိုလတ်သော်၊ “သင် သိကြားနတ်မင်းဖြစ်လျက် အဘယ့်ကြောင့် ဤသို့သောအမှုကို ပြုလာဘိသနည်း”ဟု မေး၏။ သိကြားနတ်မင်းလည်း “သုခမိန်။ သင်၏ပညာကျေးဇူး ထင်ရှားစေလို၍ ငါလာသည်”ဟုဆိုလျှင်၊ “သိကြားနတ်မင်း။ သင်သည် နောင်ကို ဤသို့မပြုလာနှင့်”ဟု ဆုံးမပေ၏။
သိကြားမင်းသည် မိမိတန်ခိုးကိုပြလျက် ကောင်းကင်၌နေ၍ “မဟောသဓသုခမိန်သည် တရားကို ကောင်းစွာဆုံးဖြတ်ပေ၏”ဟု ကောင်းချီးပေးပြီးလျှင် နတ်ပြည်သို့သွားလေ၏။
ထိုအခါ ဘုရားလောင်း၏ပညာကျေးဇူးကို ဆင်ခြင်စုံစမ်းလျက် စောင့်နေရသောအမတ်သည် အထက်တရားအဆုံးအဖြတ်များမှာကဲ့သို့ အခြားသူကို မစေမူ၍ မိမိကိုယ်တိုင်ပင်လျှင် ဝိဒေသဟရာဇ်မင်းကြီးထံ သွားပြီးသော် ရထားတရား၌ စီရင်ဆုံးဖြတ်ကြောင်း အတ္ထုပ္ပတ္တိရှိတိုင်းကို လျှောက်ထားပြီးလျှင် “အရှင်မင်းကြီး။ အမှုဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ မိမိတန်ခိုးဖြင့် သူတစ်ပါးတို့စိတ်နှလုံးကို ထင်ယောင်ထင်မှားရှိအောင် ဖန်ဆင်းတတ်သော သိကြားနတ်များမှသော်လည်း တရားမဟုတ်လျှင် မနိုင်၊ မဆိုင်လျှင် ရှုံးစေခြင်းငှာ စွမ်းနိုင်သော လောကတွင် ၂-ယောက်မှထင် ပညာရှင်ယောက်ျားထူး ယောက်ျားမြတ် နတ်မျက်စိသဖွယ်ဖြစ်သော သုခမိန်ကို ဆောင်ယူချိန် အခါရွေးလျက် ဆေးလေးနွှဲဖင့်၍ နေသင့်တော့မည်မထင်။ ယခုပင် ဆောင်ယူတော်မူပါ”ဟု လျှောက်ထား၏။
ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “အချင်းအမတ်။ သင်ဆိုတိုင်းပင် အလျင်တဆော ငါကိုယ်တိုင်သွား၍ သတို့သားကို ဆောင်ယူချင်သောစေတနာသည် ကောင်းကင်မှသားတစ်ကို ဟစ်လိုက်သောအသံနှက်၍ စွန်လက်မှလွတ်ရသည်ဟု ကြားဦးစကပင် အခါခါအခေါက်ခေါက် ရောက်၏။ သို့ပင် ဝမ်းမြောက်စိတ် ဖိတ်ယိုခြင်းရှိသော်လည်း အမတ်ကြီးသုခမိန် ၄-ယောက်တို့သည် ရှေ့နောက်ကိုရှုတွေးလျက် မင်းရေးမင်းခွင့်၌ မြင်မြော်ကျွမ်းကျင်လိမ္မာစွာ အရာရာသော သုတပညာဖြင့် ငါ၏အိပ်မက်တော်ကို အထက်ကဖတ်ကြားသည်လည်း နတ်မျက်စိဖြင့်ကြည့်ရှု၍ မြင်သကဲ့သို့ ထင်ရှားစွာသောပညာရှိဖြစ်ကြပေသည်နှင့်အညီ ပညာရှိသုခမိန်တို့ကို မတိုင်မပင် အလျင်တဆော မပြုသာသေးသည်တစ်ကြောင်း၊ ထိုသတို့သားလည်း အရွယ်အားဖြင့် နုနယ်ငယ်ရွယ်သေးသည်တစ်ကြောင်း၊ ကျေးဇူးပညာလည်း အရာအချက် နည်းသေးသည်တစ်ကြောင်းဖြစ်၍ သူခပ်သိမ်းတို့ အပြစ်တင်လွတ်လောက်အောင် အမတ်ကြီးသုခမိန်တို့နှင့် တိုင်ပင်ခွင့်ရှိပေသေးသည်”ဟု ဆိုပြီးလျှင်၊ သေနကသုခမိန် အမတ်ကြီးကိုခေါ်၍ ရထားတရား၌ သိကြားကိုအရှုံးပေးကြောင်း အလုံးစုံကို ချီးမွမ်းပြောဆိုပြီးသော် “အမတ်ကြီး၊ မဟောသဓသုခမိန်ကို ဆောင်ယူရသော် တော်သင့်ပြီ မဟုတ်လော”ဟု တိုင်ပင်မေးမြန်း၏။
မင်းကြီးစကားကို ကြားလျှင် သေနကအမတ်ကြီးလည်း “အရှင်မင်းကြီး။ ဤမျှလောက်သောတရားကို ဆုံးဖြတ်နိုင်ကာမျှနှင့် သုခမိန် မခန့်လောက်သေး။ ပညာရှိသောသူတို့ ခဲခက်အောင်လျှို့ဝှက်၍ မေးအပ်သော အမေးပြဿနာတို့ကို ဖြေဆိုနိုင်မှ ပညာရှိသုခမိန်ခန့်ခြင်းငှာ ထိုက်ပါသည်။ ပညာရှိ,မရှိကို သိသာအောင် ယခု ငံ့ဆိုင်းနေတော်မူ၍ ပညာစမ်း မေးတော်မူဦးလော့”ဟု လျှောက်ဆို၏။
ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်ခြင်းတည်း။
ဤသို့ဆိုအပ်ခဲ့ပြီးသော မံသ, ဂေါဏ, ဂန္ထိ, သုတ္တ, ပုတ္တ, ဂေါတ, ရထ ဤ၇-ပါးတို့ကို သတို့သားလက်ထက် အသက် ၇-နှစ်အရွယ်က သူငယ်များနှင့်ကစားရင်း စီရင်၍၊ ထင်ရှားစွာ ၇-ခါ ၇-ကြိမ် အရှိန်အစော် ကျော်စောစွာဖြစ်သတည်း။ ဤတွင်သတ္တဒါရကပဉှာခန်းပြီး၏။