မဟောသဓဇာတ်တော်ကြီး/အခန်း-၁၂
ဦးခေါင်းခွံပြဿနာ ဟူသည်ကား ထိုရှားလှံတံကို မေးပြီးသည်၏နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် မိန်းမဦးခေါင်းခွံ၊ ယောက်ျားဦးခေါင်းခွံတို့ကို ရအောင်ရှာဆောင်စေပြီးလျှင် “အရှေ့ယဝမဇ္ဈဂုံးရွာသားတို့။ ဦးခေါင်းခွံ ၂-လုံးကို “ဤကား မိန်းမဦးခေါင်းခွံ, ဤကား ယောက်ျားဦးခေါင်းခွံ”ဟု အတပ်အမှန် သိသာအောင် လျှောက်ရမည်။ မသိလျှင် ရာဇဒဏ် ၁၀၀၀ သင့်စေမည်”ဟု ရာဇသံနှင့်တကွ ဦးခေါင်းခွံ ၂-လုံးကို အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့စေ၏။ အရှေ့ယဝ မဇ္ဈဂုံးရွာသားအပေါင်းတို့သည် မသိနိုင်ကြကုန်သည်ဖြစ်၍ ရှေးနည်းဖြင့် မဟောသဓသုခမိန်ထံ မေးမြန်းကြကုန်၏။
မဟောသဓသုခမိန်လည်း ဦးခေါင်းခွံ ၂-လုံးကိုမြင်လျှင် သိမ်မွေ့သောအရာကို ထင်စွာသိတတ်သော ဉာဏ်အစွမ်းဖြင့် “ယောက်ျားတို့၏ဦးခေါင်းခွံ၌ ဦးခြားရေးသည် ဖြောင့်၏။ မိန်းမတို့၏ဦးခေါင်းခွံ၌ ဦးခြားရေးသည် ယှက်တင်ကွေ့ကောက် နောက်သို့ပြန်လိမ်၍သွား၏”ဟု သိပြီးသော်၊ “ဤဦးခေါင်းခွံကား မိန်းမဦးခေါင်းခွံ၊ ဤဦးခေါင်းခွံကား ယောက်ျား၏ဦးခေါင်းခွံတည်းဟု သင်တို့မှတ်သား၍ မင်းကြီးအား ဆက်ပို့လေလော့” ဆို၏။
ရွာသားအပေါင်းတို့လည်း ဘုရားလောင်းဆိုတိုင်းပင်လျှင် မင်းကြီးအား ပို့ဆက်ကုန်၏။
ဝိဒေဟရာဇ်မင်းကြီးလည်း “ဤအရာကို သိသည်ကား အဘယ်သူ့ ပညာနည်း”ဟုမေး၏။ ရွာသားတို့လည်း “မဟောသဓ၏ ပညာဖြစ်ပါသည်”ဟု လျှောက်ကြကုန်လတ်သော်၊ သေနကအမတ်ကြီးကို ရှေးနည်းဖြင့် တိုင်ပင်ပြန်၏။
သေနက အမတ်ကြီးလည်း “အရှင်မင်းကြီး။ ဤမျှသောအရာဖြင့် ပညာရှိသုခမိန် မခန့်လောက်သေး။ အသစ်စီမံ၍ စုံစမ်းရန် ပြဿနာရှိပါသေးသည်။ ငံ့တော်မူဦးလော့”ဟု လျှောက်ပြီးလျှင် ပြဿနာတစ်နည်းကို စီရင်ပြန်၏။
ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။