မဟောသဓဇာတ်တော်ကြီး/အခန်း-၁၅
ပတ္တမြားပြဿနာဟူသည်ကား ထိုဝိဒေဟရာဇ်မင်းကြီး၌ ဘုရားလောင်းကုသမင်း ဖြစ်တော်မူသောအခါ သိကြားမင်းပေးအပ်သော ပတ္တမြားသည် ထီးနန်းလဲဖောက်သော်လည်း မပျောက်မပျက် အဆက်ဆက်မင်းတို့ သုံးဆောင်ရာဖြစ်၍ ဝိဒေဟရာဇ်မင်းကြီးလက်ထက်တိုင် ရှိ၏။ ထိုပတ္တမြားသည် ကြိုးထားရာအပေါက် အကောက်၈-ပါးရှိသည်ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီးလက်ထက် အထက်က ကြိုးဟောင်းပြတ်သဖြင့် ကြိုးတပ်၍ မသုံးဆောင်ရဖြစ်၏။
ဝိဒေဟရာဇ်မင်းကြီးသည် ထိုပတ္တမြားကို ပြဿနာပြု၍ မဟောသဓသုခမိန်ကို စုံစမ်းလိုသောကြောင့် “အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော် မူရသည်နှင့်အညီ ဤပတ္တမြား၌ ကြိုးဟောင်းစကို နုတ်ပစ်၍ ကြိုးသစ်တပ်ရမည်။ ကြိုးသစ်မတပ်နိုင်ကြလျှင် ရာဇဒဏ် ၁၀၀၀ သင့်စေ”ဟု ရာဇသံနှင့် ပတ္တမြားကို ပါစိနယဝ မဇ္ဈဂုံးရွာသို့ ပို့စေ၏။
ရွာသူရွာသားအပေါင်းတို့သည် ထိုပတ္တမြား၌ ကြိုးဟောင်းကို မည်သို့နုတ်ရမည်၊ ကြိုးသစ်ကိုကား မည်သို့တပ်ရမည်ဟု မသိနိုင်ကြသဖြင့် ရှေးနည်းအတူ မဟောသဓသုခမိန်ကို မေးကြကုန်၏။
မဟောသဓသုခမိန်သည် ထိုပတ္တမြားကိုမြင်လျှင် “သင်တို့ မစိုးရိမ်ကြလင့်။ ပျားရည်သာ ဆောင်ယူကြချေ” ဟုဆို၍၊ ပျားရည်ကိုဆောင်ယူစေပြီးသော် ပတ္တမြား၌ အပေါက်ဝ ၂-ဘက်ကို လိမ်းသုတ်ပြီးမှ နူးညံ့သိမ်မွေ့လှစွာသော ကမ္ဗလာချည်ကြိုးကို ကျစ်ပြီးလျှင် ထိုကမ္ဗလာကြိုးစ၌ ပျားရည်ဖြင့်သုတ်၍ ကမ္မလာကြိုးစကို ပတ္တမြားပေါက်ဝ ကြိုးဟောင်းစတစ်ဘက်နှင့်တေ့ပြီး စဉ်းငယ်သွင်း၍ထားပြီးသော် ပတ္တမြားတစ်ဘက်က ပုရွက်, ပိုးရွ, ကျဉ်နီများကို စားသောက်စေခြင်းငှာ ပုရွက်,ကျဉ်နီ,ပိုးရွများတို့ နေရာလမ်းစ၌တေ့လျက် ပတ္တမြားကိုထား၏။ ထိုအခါ ပုရွက်,ကျဉ်နီ, ပိုးရွတို့သည် ပျားရည်အနံ့ဖြင့်ထွက်လာလျက် တစ်ဘက်သောပတ္တမြားဝ၌ ကြိုးဟောင်းစ ဆွေးဆွေးကို ထွေးရောသုတ်ထားသော ပျားရည်ရမ္မက်ဆော်နှိုးသဖြင့် ကြိုးနှင့်ပျားတို့ ခြားနားမထင်။ သူ့အလျင် ငါဦးအောင်သာ ကိုက်ခဲသောက်စားကာ ပတ္တမြားတွင်းသို့ဝင်လျက် တစ်ဘက်ကမ္ဗလာကြိုးသစ်ကို ကိုက်ငင်၍ ဝင်ခဲ့သောအပေါက်ကို နောက်ဆုတ်ဆောင်ယူ ထွက်ကုန်၏။
ဤသို့ အကောက် ၈-ပါးနှင့် ပတ္တမြားမျက်မြတ်ကို ကြိုးတပ်၍ပြီးပြီးသော် မဟောသဓသုခမိန်သည် ရွာသားအပေါင်းတို့အား “ဤပတ္တမြား၌ ကြိုးဟောင်းကိုနုတ်ပစ်၍ ကြိုးသစ်တပ်ခြင်းသည် သူဌေးသား မဟောသဓပညာ ဖြစ်သည်ဟု လျှောက်ထား၍ မင်းကြီးအား ဆက်လေတော့”ဟုဆို၏။
ရွာသူရွာသား အပေါင်းတို့လည်း ဘုရားလောင်းဆိုတိုင်းပင်လျှင် မင်းကြီးအားလျှောက်ထား၍ ပတ္တမြားကို ပို့ဆက်ကုန်၏။
ဝိဒေဟရာဇ်မင်းကြီးသည် ပတ္တမြား၌ ကြိုးနုတ်ကြိုးသွင်း အခြင်းအရာ ပညာဂုဏ်သတ္တိကို ကြားသိရလျှင်၊ အလွန်နှစ်သက်သဖြင့် သေနကအမတ်ကြီးကိုခေါ်ကာ တိုင်ပင်မြဲတိုင်ပင်ပြန်၏။
သေနကအမတ် သုခမိန်လည်း “အရှင်မင်းကြီး။ ဤမျှဖြင့် မဆောင်ယူသင့်သေး။ ပညာစမ်းရန် ရှိပါသေးသည်။ ငံ့တော်မူပါဦးလော့”ဟုလျှောက်သဖြင့်၊ မင်းကြီး ငံ့နေပြန်၍ တစ်ဖန် ပြဿနာတစ်နည်း စီရင်ပြန်၏။
ဤလည်း ဘုရားကောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။