မဟောသဓဇာတ်တော်ကြီး/အခန်း-၃၀
အမတ်သုခမိန် ၄-ယောက်တို့တွင်လည်း ၃-ယောက်သောသုခမိန်တို့သည် သေနကသုခမိန်အိမ်သို့ နည်းနာခံလို၍လည်းကောင်း၊ မင်းရေးမင်းခွင့်ကို တိုင်ပင်လို၍လည်းကောင်း နေ့တိုင်းမပြတ်လျှင် ရောက်ကြကုန်၏။ ထိုသို့ မဟောသဓသုခမိန်သည် လက်ထပ်မင်္ဂလာပြုပြီးသောအခါ တစ်နေ့သ၌ သေနကအမတ်သည် မိမိအိမ်သို့ရောက်လာသော သုခမိန် ၃-ယောက်တို့ကို ဤသို့ တိုင်ပင်ပြောဆို၏။
“အမတ်သုခမိန်တို့။ ငါတို့သည် သူဌေးသား မဟောသဓကဲ့သို့ပင် အရာရာမှာပင် မစွမ်းနိုင်ကြဖြစ်ချေသည်။ သူဌေးသားမဟောသဓ၏ပညာကို ပြိုင်နှုန်းလျှင် အရှုံးဘက်ကသာ ကြိမ်ကြရသည်ကို မတန်သေး။ ယခုတစ်ဖန် မဟောသဓမှာ နှစ်ကိုယ့်တစ်စိတ်တည်း ရှေ့ပိတ်နောက်ပါ ဘုန်းပညာရှိမယားကောင်းနှင့် ပေါင်းမိပြန်သဖြင့် မဟောသဓ ၂-ယောက်ဖြစ်သကဲ့သို့ ရှိချေသော် ငါတို့နေရာ ရနိုင်တော့မည်မဟုတ်။ ထိုသို့ဖြစ်၍ သူဌေးသား မဟောသဓ၏ ပျက်စီးကြောင်း မကောင်းသောဥပါယ်ဖြင့် ကုန်းတိုက်ချောစား၍ မင်းကြီးအား လျှောက်ထားရသော် မကောင်းလော”ဟု တိုင်ပင်၏။
သုခမိန် ၃-ယောက်တို့သည် သေနကသုခမိန်စကားကိုကြားလျှင် “ဆရာသုခမိန်။ ဆရာဆိုတိုင်းပင်လျှင် အကျွန်ုပ်တို့ ဖြစ်မည်မှန်၏။ ထိုသို့ဖြစ်သော်လည်း အကျွန်ုပ်တို့ မကြံနိုင်”ဟု ဆိုကြ၏။ သုခမိန် ၃-ယောက်တို့စကားကို သေနကသုခမိန်ကြားလျှင် “သုခမိန် ၃-ယောက်တို့။ သင်တို့ မကြံနိုင်လျှင် ငါ၏အလိုသို့သာ လိုက်ကြကုန်။ မဟောသဓပျက်စီးမှု တစ်ခုသောဥပါယ်တံမျဉ်ကို ငါ ကြံမိပြီ။ သင်တို့ မစိုးရိမ်ကြလင့်။ ငါသည် မင်းကြီး၏ပတ္တမြားဆံကျင်ကို ခိုးယူအံ့။ ပက္ကုသအမတ်မှာ မင်းကြီး၏ ရွှေပန်းကုံးကို၊ ကာမိန္ဒအမတ်မှာ မင်းကြီး၏ကမ္ဗလာကို၊ ဒေဝိန္ဒအမတ်မှာ မင်းကြီး၏ရွှေခြေနင်းကို ခိုးယူကြလော့။ ဤသို့ ငါတို့ခိုးယူပြီးလျှင် ငါတို့အိမ်၌မထားဘဲ မဟောသဓအိမ်သို့ တစ်ပါးသောစားဖွယ်သောက်ဖွယ်တို့ကို ရောင်းဟန်ပြု၍ ပို့အံ့။ ထိုမင်းကြီးအသုံးအဆောင်တော် တန်ဆာ၄-ခု မဟောသဓအိမ်သို့ရောက်သောအခါ ထင်ရှားစွာ အမှုဖြစ်လတ္တံ့။ ငါ ယခုဆိုတိုင်းသာလျှင် သင်တို့ပြုကြကုန်လော့”ဟု တိုင်ပင်ပြောဆိုကြပြီးသော် သေနကအမတ်သည် မင်းကြီးနန်းတော်မှ ပတ္တမြားဆံကျင်ကိုခိုးယူပြီးလျှင် ရက်တက်အိုး၌ထည့်၍ မိမိကျွန်မ တစ်ယောက်ကိုခေါ်ပြီးသော် “သင်သည် ရက်တက်အိုးကိုရွက်လျက် ရက်တက်ရောင်းဟန်ပြု၍ သူတစ်ပါးက ဝယ်လိုသော်လည်း မရောင်းမပေးနှင့်၊ မဟောသဓအိမ်ကခေါ်မေးလျှင် ဤရက်တက်အိုးကို အဖိုးမဆိုဘဲ ပေးအပ်၍လာခဲ့”ဟု စေလွှတ်လိုက်၏။
ထိုကျွန်မသည်လည်း သေနကအမတ်ဆိုတိုင်း “ကောင်းပြီ”ဟုဝန်ခံ၍ ရက်တက်အိုးကိုရွက်လျက် ရက်တက်ရောင်းဟန်အမူအရာဖြင့် “ရက်တက်အလိုရှိပါလျှင် ဝယ်လိုက်ကြ”ဟု ဆိုကာဆိုကာ မဟောသဓအိမ် အနီးအပါး၌သာ လူးလာခေါက်ပြန်သွား၏။ အမရာဒေဝီလည်း အိမ်တံခါးဝ၌ရပ်လျက် ရက်တက်သည်မ၏ အမူအရာကိုမြင်လေသော် ဤမိန်းမသည် တစ်ပါးသောအရပ်သို့လည်း မသွား။ ငါ့အိမ်အနီးအပါး၌သာ လူးလာခေါက်ပြန်သွား၏။ ဤမိန်းမ၌ အကြောင်းတစ်စုံတစ်ခု ရှိသည်ဖြစ်ရာ၏”ဟု ကြံပြီးလျှင် မိမိအစေအပါးအိမ်ကျွန်မများကို “သင်တို့ တစ်ပါးလွတ်ရာမှာနေချေ။ နောင် “ငါခေါ်သော်လည်း မလာကြနှင့်”ဟုဆို၍ တစ်ပါးအရပ်သို့ ဖယ်နေစေပြီးမှ “ရက်တက်ရောင်းသည့် မိခင်။ ရက်တက်ကို ကျွန်မ ဝယ်လိုက်အံ့။ ဤသို့ လာလှည့်”ဟု ရက်တက်သည်မကို ခေါ်၏။ အမရာဒေဝီအိမ်သို့ ရက်တက်သည်မ ရောက်လာသောအခါ မိမိအစေအပါး ကျွန်မများကို ခေါ်ဟန်ပြု၏။ ကျွန်မများလည်း အမှာအထားနှင့်ဖြစ်၍ မလာဘဲနေကြလတ်သော် ရက်တက်သည်မကို “အမယ်။ သင်တို့ကျွန်မများ မကြားသည်ထင်၏။ ခေါ်၍မလာလိုပါ။ ရက်တက်အိုးကို ဤတွင်ချခဲ့၍ ကျွန်မများကို အမယ်ပင် သူငယ်အမှု ပြုလုပ်တည့်ပါချေ”ဟု အိမ်ကျွန်မများကို အခေါ်သွားခိုက်တွင် အမရာဒေဝီသည် ရက်တက်အိုးကို လက်ဖြင့်နှိုက်၍စမ်းလေသော် ပတ္တမြားဦးသျှောင်ကျင်ကို တွေ့မြင်လျှင် လက်ကိုနုတ်၍ ပြကတေ့အတိုင်း အိုးကိုထား၏။ ရက်တက်သည်မလည်း အိမ်ကျွန်မကိုခေါ်ခဲ့ပြီးမှ အမရာဒေဝီထံလာလတ်၏။ အမရာဒေဝီသည် အသာအယာဖျောင်းဖျပြောဆို၍ ရက်တက်သည်မကို “အမယ်။ သင်သည် အသူ့အိမ်ကပေနည်း” ဟု မေး၏။ ရက်တက်သည်မသည် “သခင်မ။ အကျွန်ုပ်ကား သေနကသုခမိန်၏ ကျွန်မပေတည်း”ဟုဆိုလျှင်၊ “သင့်အမည်ကို အသူဆိုပေသနည်း”ဟု မေးပြန်၏။ ရက်တက်သည်မသည်လည်း “သခင်မ။ အကျွန်ုပ်အမည်ကား ဤအမည် ရှိ၏”ဟု ဆိုပြန်လတ်သော် “သင့်အမိကား အဘယ်အမည် ရှိသနည်း”ဟု မေးပြန်လေ၏။ ရက်တက်သည်မ သည်လည်း “သခင်မ၊ အကျွန်ုပ်အမိ အမည်ကား ဤအမည်ရှိ၏”ဟု ဆိုပြန်လျှင် အမရာဒေဝီလည်း “သင်၏ရက်တက်အိုးကား အဖိုးမည်မျှ ထိုက်မည်နည်း”ဟု မေးပြန်၏။ ရက်တက်သည်မလည်း “သခင်မ။ အကျွန်ုပ် ရက်တက်အိုးကား အဖိုး၄-သပြာ ထိုက်၏”ဟု ဆိုလတ်သော် “အမယ်။ ထိုသို့တပြီးကား ဤရက်တက်အိုးကို အကျွန်ုပ်ဝယ်လိုက်အံ့”ဟု ဆို၏။ ဤရက်တက်သည်မလည်း အမရာဒေဝီစကားကိုကြားလျှင် “သခင်မ။ အကယ် သခင်မ ဝယ်မည်မှန်မူ အကျွန်ုပ် အဖိုးကိုမလိုပြီ။ ဤရက်တက်ကို အိုးနှင့်တကွပင် ယူတော်မူရစ်လော့”ဟုဆို၍၊ အမရာဒေဝီအား ပေးအပ်ခဲ့ပြီးလျှင် မိမိအိမ်သို့ ပြန်သွားလေ၏။
အမရာဒေဝီလည်း ထိုကျွန်မ သွားပြီးသော် သေနကဆရာအမတ်ကြီးသည် မင်းကြီး၏ပတ္တမြားဆံကျင်ကို ရက်တက်အိုး၌ထည့်၍။ “မိမိအိမ်ပေါက်, ဤအမည်ရှိသောကျွန်မ၏သမီး, ဤအမည်ရှိသောကျွန်မကို ရက်တက်ရောင်းဟန်နှင့် ပို့ချေစေလွှတ်လိုက်သဖြင့် မည်သည့် နှစ်,လ, ရက် အချိန်တွင် ပို့ရောက်လာသောကြောင့် စကားအလုံးစုံကို စစ်မေး၍လည်းကောင်း ကျွန်မနှုတ်ထွက်ချက်အတိုင်း သိမ်းယူလိုက်သည့် ရက်တက်အိုးတည်း”ဟု ကမ္ပည်းအက္ခရာ ထိုအိုး၌ တံဆိပ်လိပ်ထိုးမှတ်၍ သိမ်းယူထား၏။
ပက္ကုသအမတ်လည်း မင်းကြီး၏ ရွှေပန်းကုံးကို ခိုးပြီးလျှင် ပန်းတောင်း၌ထည့်၍ အပေါ်၌ မြတ်လေးပန်းဖြင့် ဖုံးလွှမ်းပြီးသော် မိမိကျွန်မတစ်ယောက်ကို ရှေးနည်းအတူ အမရာဒေဝီအိမ်သို့ ပို့စေ၏။
ကာမိန္ဒအမတ်သည်လည်း မင်းကြီးကမ္ဗလာကို ခိုးယူပြီးလျှင် ဟင်းရွက်တောင်း၌ထည့်၍ အပေါ်၌ ဟင်းရွက်ဖြင့် ဖုံးလွှမ်းပြီးသော် မိမိကျွန်မတစ်ယောက်ကို ရှေးနည်းအတူ အမရာဒေဝီအိမ်သို့ပို့စေ၏။
ဒေဝိန္ဒအမတ်သည်လည်း မင်းကြီး၏ ရွှေခြေနင်းကို ခိုးယူပြီးလျှင် မုယောစပါးတို့ဖြင့် ဖုံးလွှမ်းဖွဲ့စည်း၍ မိမိကျွန်မတစ်ယောက်ကို ရှေးနည်းအတူ အမရာဒေဝီအိမ်သို့ ပို့စေ၏။
အမရာဒေဝီသည်လည်း ဤရွှေပန်းကုံး, ကမ္ဗလာ, ရွှေခြေနင်းတို့ကို ရှေးနည်းအတူ သုခမိန်တို့အမည်။ ပို့လာသည့် နှစ်, လ, ရက်, အချိန်၊ ကျွန်မ၏အမည်၊ အမိ၏အမည်၊ အရှင်နှင့်တကွ အလုံးစုံကို ကျွန်မတို့နှုတ်ထွက်အတိုင်း ကမ္ပည်းလိပ်ထိုးမှတ်၍ သိမ်းယူထားလေ၏။
ဤ၄-ခုသော မင်းတန်ဆာတို့ကိုရပြီးသော် အမရာဒေဝီသည် ထိုမင်းတန်ဆာ၄-ခုကို ကမ္ပည်းလိပ်နှင့်တကွ ဆောင်ယူ၍ မဟောသဓသုခမိန်အား လျှောက်ကြားပေ၏။ သုခမိန် ၄-ယောက်တို့သည်လည်း တန်ဆာ ၄-ခုကို အမရာအိမ်သို့ ပို့စေပြီးလျှင် နန်းတော်သို့ ဝင်ကြလေ၏။ ဝိဒေဟရာဇ်မင်းကြီးအား ဤသို့ လျှောက်ထားကြကုန်၏။
အရှင်မင်းကြီး၊ ကိုယ်တော်အရှင်၌ ဆင်တော်မူမြဲဖြစ်သော ပတ္တမြားဆံကျင်ကို ယခုအကျွန်ုပ်တို့ မမြင်ရပါ။ အဘယ့်ကြောင့် ဆင်တော်မမူပါသနည်း”ဟု လျှောက်ကြ၏။ မင်းကြီးလည်း “ဆရာအမတ်ကြီးတို့။ ကောင်းပြီး ယခု ငါ ဆင်တော်မူအံ့”ဟု ဆို၍ ဆံကျင်ကိုယူချေစေသော်၊ ထားရာအရပ်၌ ပတ္တမြားဆံကျင်ကို မမြင်မတွေ့သောကြောင့် မင်း၏တန်ဆာမှုတို့က ပတ္တမြားဆံကျင် ပျောက်ကြောင်းကိုလျှောက်လျှင် သုခမိန်၄-ယောက်တို့က “အရှင်မင်းကြီး။ ပတ္တမြားဆံကျင်တော်သာ မဟုတ်။ ရွှေပန်းကုံး, ကမ္ဗလာ, ရွှေခြေနင်း တန်ဆာတော်များလည်း ထားရာတွင် ယခု ရှိမည်မထင်ပါ”ဟု တင်လျှောက်၍၊ ကြည့်စေပြန်သော် မတွေ့မမြင်သဖြင့် တန်ဆာ၄-ခု ပျောက်ကြောင်းကို မင်းကြီးသိလျှင် ဤတန်ဆာ၄-ခုကား အဘယ့်ကြောင့် ပျောက်ရအံ့နည်း”ဟု မင်းကြီးဆို၏။
ထိုအခါ သုခမိန်အမတ် ၄-ယောက်တို့က “အရှင်မင်းကြီး။ ဤတန်ဆာ ၄-ခုတို့သည် တစ်ပါးအခြား လွင့်ပါးပျောက်ရှမည် မဟုတ်။ မထင်မရှားခိုးသူ ယူ၍သုံးဆောင်ဝံ့မည်လည်း မဟုတ်။ အရှေ့ယဝမဇ္ဈဂုံးလယ်တောရွာ သူကြွယ်သားကို မြှောက်စား၍ သူကောင်းပြုတော်မူရာတွင် ပြည်ကြီးသခင်ကိုစင်လျက် အရှင်မမှတ် မညွတ်မကိုင်း ရိုင်းပျဆိုးသွမ်း သောင်းကျန်းထောင်ထားလိုဟန်အကြံနှင့် ရန်သူတော်ထိုသူခိုး ယူသုံးစားသည်ကို သိကြားသောကြောင့် လျှောက်ပါသည်”ဟုဆို၍၊ မင်းကြီးအား ကုန်းတိုက်ချောစားကြကုန်၏။
ဤသို့ မင်းကြီးအား သုခမိန်၄-ယောက်တို့ လျှောက်ထားသည့်စကားကို အတွင်းတော်သား မင်းခစားတို့ ကြားသိလေသော် မဟောသဓသုခမိန်၏ အကျိုးကိုလိုကုန်သော အတွင်းတော်သားတို့သည် ထိုအကြောင်းကို မဟောသဓသုခမိန်ထံသွား၍ ပြောဆိုကြကုန်၏။ မဟောသဓသုခမိန်သည်လည်း ထိုစကားကိုကြားလျှင် “ဤသူတို့ ပြောဆိုလာတိုင်း မှန်မမှန်ကို မင်းကြီးနှင့်တွေ့မြင်ရမှ အတပ်သိနိုင်အံ့”ဟု ကြံပြီးလျှင် မင်းကြီးအား ခစားအံ့သောငှာ နန်းတော်သို့ဝင်လေ၏။
ဝိဒေဟရာဇ်မင်းကြီးသည်လည်း အမတ်ကြီး ၄-ဦးတို့စကားကို နားဝင်၍ ရှိနှင့်ပြီးဖြစ်သောကြောင့် ပြင်းစွာအမျက်ထွက်သဖြင့် မဟောသဓသုခမိန်လာသည်ကို မြင်လျှင် “အဘယ်သူနည်း။ ငါတို့မသိ”ဟု မိန့်တော်မူလျက် မျက်နှာကိုမျှ အမြင်မခံ ပြန်မကြည့်ဘဲ နန်းထဲသို့ ဝင်သွားလေ၏။
သုခမိန် ၄-ယောက်တို့သည်လည်း မဟောသဓအား မင်းကြီး အမျက်ထွက်မှန်းကိုသိပြီးသော် နန်းတော်မှထွက်ခဲ့၍ မိမိတို့အိမ်သို့ သွားကြလေ၏။ မဟောသဓသုခမိန်လည်း မင်းကြီးအတွေ့မခံသဖြင့် မိမိအိမ်သို့ ပြန်သွားလေ၏။
ဝိဒေဟရာဇ်မင်းကြီးသည်လည်း အကြောင်းအခွင့်ကိုမျှ မစစ်ဆေးမူ၍လာလျှင် တစ်ဘက်သားတို့၏စကားနှင့် ယုံမှားသဖြင့် “ငါ၏ရန်သူ မဟောသဓကို ကွပ်မျက်ရိုး ရာဇဝတ်ထုံးရှိသည့်အတိုင်း ယခုပင် လုပ်ကြံပြီးစေ”ဟု သူသတ်အမှူးအကြီးတို့ကို စေခန့်လိုက်၏။ မဟောသဓ၏ အကျိုးကိုလိုကုန်သော နန်းတွင်းသားတို့သည်လည်း “အရှင့်သား။ ယခု မင်းကြီး အမျက်ထွက်ဆဲဖြစ်သည်။ ခေတ္တခဏရှောင်လွှဲ၍ နေတော်မူမှ။သင့်ပါမည်” ဆိုကြသဖြင့်၊ မဟောသဓသုခမိန်သည် “ထိုသူတို့ပြောသောစကားကား အကျိုးလိုသောစကား ဖြစ်ပေသည်”ဟု ယူ၍၊ အမရာဒေဝီအား “အဘယ် အမရာ။ ငါ သည်တွင် ယခုနေ၍ မသင့်သေး။ မင်းကြီး အမျက်တော်မပြေသမျှ ကာလပတ်လုံး တောင်မဇ္ဈဂုံးရွာသို့ လွှဲဖယ်နေချေဦးမည်။ သင်သာလျှင် မင်းရေးမင်းခွင့် သာ, မသာကို ပညာဖြင့်သိအောင်ပြုလျက် နေ့ညဉ့်မပြတ် သတိဝီရိယ ရှိပါစေ”ဟု မှာထားခဲ့ပြီးသော် မထင်မရှား ဆင်းရဲသား၏အသွင်ဖြင့် မြို့တော်တံခါးမှထွက်၍ ဒက္ခိဏယဝ မဇ္ဈဂုံးရွာသို့သွားပြီးလျှင် အိုးထိန်းအိမ်၌မှီခိုလျက် အိုးထိန်းအမှုကို လုပ်ဆောင်၍ နေလေ၏။
မိထိလာပြည် မြို့တွင်းမြို့ပြင်နေသော လူအပေါင်းတို့လည်း “မဟောသဓသုခမိန်သည် မင်းရှိန်မင်းမျက်နှင့် ထွက်ပြေးရခဲ့ပြီ”ဟု တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။ သုခမိန် ၄-ယောက်တို့သည်လည်း မဟောသဓသုခမိန် ပြေးကြောင်းကိုသိကြလျှင် ရွှင်ရွှင်လန်းလန်း ဝမ်းမြောက်ခြင်းပြင်းစွာနှင့် “ဆရာတို့။ အသို့နည်း။ မည်သည်ကိုမျှ မစိုးရိမ်ကြနှင့်။ ငါတို့ကား ပညာရှိ မဟုတ်ပါသလော။ ငါတို့အကြံကို ဘယ်သူ ခံနိုင်အံ့နည်း”ဟု အချင်းချင်း ပြောဆိုပလွှားပြီး၍ မိမိတို့အိမ်၌ အသီးအသီး တစ်ယောက်ကိုတစ်ယောက် မသိရစေဘဲ “အမရာဒေဝီကို သိမ်းယူမည်”ဟု ကိုယ်စီကြံစည်ကြပြီးသော် အမရာဒေဝီထံ အမှာအထား စကားအနီးအစပ်နှင့် ကောင်းမြတ်သော လက်ဆောင်ပဏ္ဏာကို အသီးအသီး ပို့သစေ၏။
ထိုအခါ အမရာဒေဝီသည်လည်း သုခမိန် ၄-ယောက်တို့ လက်ဆောင် ၄-ဦးကို သိမ်းယူလိုက်၏။ လက်ဆောင်ပို့လာသူတို့တွင် “မည်သည့်အချိန်ရောက်လျှင် ကြွတော်မူခဲ့ပါတော့”ဟု အသီးအသီး ၄-ယောက်လုံးကိုပင် မှာလိုက်ပြီးမှ မိမိအိမ်တွင်း၌ အစောက်တစ်သူကျော်လောက်, အကျယ် ၄-ယောက် ၅-ယောက်နေသာရုံ တွင်းတူးစေပြီးလျှင် ထိုတွင်း၌ မစင်ခြောက်, မစင်စို ရသမျှကို ရေနှင့်ဖျော်၍ ထိုမစင်ရည်ဖြင့် ပြည့်စေပြီးသော် တွင်းပေါ်၌ အိမ်ထဲကနေ၍ နင်းသာအောင် ယန္တရားစက်ပျဉ်ဖုံးထိုးပြီးမှ တွင်း ၄-မျက်နှာ၌ ကဲလားကာရံ၍ထား၏။
အမရာဒေဝီမှာလိုက်သည့် အချိန်သို့ရောက်လျှင် သေနကသုခမိန်သည် ရေချိုးခြင်း, အမွှေးအထုံအမှုန့်တို့ဖြင့် ကိုယ်ကိုလိမ်းသပ်ခြင်း, အဝတ်တန်ဆာဆင်ခြင်း, အထူးထူးသော အရသာဘောဇဉ်ကောင်းကို စားသောက်ခြင်း ကိစ္စပြီးပြီးသော် အမရာဒေဝီအိမ်သို့သွား၍ တံခါးဝသို့ရောက်လျှင် ရပ်နေလျက် လာကြောင်းကို အမရာဒေဝီအား ကြားသိစေ၏။
အမရာဒေဝီလည်း “ဆရာ။ ဤသို့ကြွတော်မူပါ”ဟုဆိုလျှင် သေနကအမတ်သည် အမရာဒေဝီအနီး၌ ရပ်နေ၏။ အမရာဒေဝီလည်း စကားမာယာ လိမ္မာလှသောမိန်းမဖြစ်၍ စိတ်ထဲကမကြင်သော်လည်း အပေါ်စကားဖြင့် “အရှင်။ အကျွန်ုပ်ကား အရှင်၏အလိုသို့ လိုက်ရမည်ဧကန် မှန်ပါတော့သည်။ ထိုသို့တစ်မူကား ရေမချိုးဘဲအိပ်ခြင်းငှာ မလျောက်ပတ်ဖြစ်၍ ရေချိုးတော်မူပါဦး”ဟု ဆို၏။
သေနကအမတ်သည်လည်း တပ်မက်သောစိတ်နှင့် “အဘယ်။ သင်က ရေချိုးစေလိုလျှင် ချိုးရဦးတော့မည်” ဟုဆိုလတ်သော်၊ အမရာဒေဝီသည် ပြင်သို့ထွက်၍ ရေအိုးကိုချီပြီးလျှင် သွန်းအံ့သကဲ့သို့ပြုလျက် “အရှင်။ ဤသို့ ထွက်တော်မူလှည့်။ ရေချိုးပျဉ်ပေါ်သို့ တက်တော်မူပါလော့”ဟု ဆို၏။ သေနကအမတ်လည်း ထွက်ပြီးလျှင် ပျဉ်ပေါ်သို့တက်၍ရပ်သောအခါ ကိစ္စတစ်ပါးနှင့်သွားဟန် အိမ်ထဲသို့ဝင်၍ ယန္တရားပျဉ်ဖုံးအစွန်းကို နင်း၏။ ထိုအခါ သေနကအမတ်သည် ပျဉ်ပေါ်မှလျှော၍ မစင်တွင်းသို့ကျလေ၏။ အမရာဒေဝီလည်း ယန္တရားပျဉ်ဖုံးကို တွင်းပေါ်၌ဖုံးအုပ်မြဲ ဖုံးအုပ်၍ထားလေ၏။
ပက္ကုသ အမတ်သုခမိန်သည်လည်း အမရာဒေဝီ မှာလိုက်သည့်အချိန်ရောက်လျှင် ရေချိုးခြင်း, အဝတ်တန်ဆာ ဆင်ခြင်း, ကောင်းမြတ်သော ဘောဇဉ်ခဲဖွယ်စားခြင်း ကိစ္စပြီးပြီးသော် အမရာဒေဝီအိမ်သို့သွား၍ အိမ်တံခါးဝသို့ရောက်လျှင် လာကြောင်းကို သိစေ၏။ အမရာဒေဝီ၏လက်ပါးစေ ကျွန်မတစ်ယောက်သည် ပက္ကုသအမတ်လာကြောင်းကို အမရာဒေဝီအားကြားလေလျှင် အမရာဒေဝီထလတ်၍ “အရှင်။ ကိုယ်လက်မသန့်သက်ဘဲ အသို့လျှင် အိပ်၍ ကောင်းပါအံ့နည်း။ ရေချိုးတော်မူဦးလော့”ဟု ဆို၏။ ပက္ကုသအမတ်လည်း “အဘယ် အမရာ။ သင် ရေချိုးစေလိုမူ ချိုးရဦးတော့မည်”ဟု ဝန်ခံလတ်သော် အမရာဒေဝီသည် ပြင်သို့ထွက်၍ ရေဖျဉ်းအိုးကိုချီသဖြင့် သွန်းအံ့သကဲ့သို့ပြု၍ “အရှင်။ ဤသို့ကြွတော်မူ။ ရေချိုးပျဉ်ပေါ်သို့ တက်ပါလေ”ဟုဆို၏။
ပက္ကုသအမတ်သည် အမရာဒေဝီဆိုတိုင်း ပျဉ်ပေါ်သို့တက်၍ရပ်နေလျှင် အမရာဒေဝီသည် ကိစ္စတစ်ပါးရှိဟန် အိမ်ထဲသို့ဝင်၍ ယန္တရားပျဉ်စွန်းကို ဆွဲလိုက်သောအခါ ပက္ကုသအမတ်သည်လည်း ပျဉ်ပေါ်မှလျှော၍ မစင်တွင်းသို့ ကျလေသော်၊ သေနကအမတ်က “သင် အသူနည်း”ဟု ဆီး၍မေး၏။ “ငါကား ပက္ကုသအမတ်တည်း”ဟု ဆိုလျှင်၊ “သင်ကား အသူနည်း”ဟု မေးပြန်၏။ သေနကအမတ်ကလည်း “ငါကား သေနကအမတ်တည်း”ဟုဆို၍ အချင်းချင်းမေးမြန်းလျက် မစင်တွင်း၌ ရပ်ကြရကုန်၏။ အမရာလည်း ပျဉ်ဖုံးကို ဖုံးမြဲဖုံး၍ ထားပြန်လေ၏။
ကာမိန္ဒအမတ်သည်လည်း အမရာမှာလိုက်သော အချိန်သို့ရောက်လျှင် ရှေးနည်းအတူ အမရာဒေဝီအိမ်သို့သွား၍ တံခါးဝသို့ရောက်လျှင် ပက္ကုသအမတ်မှာကဲ့သို့ လာကြောင်းကိုကြားသိသဖြင့် ရှေးနည်းအတူဆို၍ ပျဉ်ပေါ်သို့တက်စေပြီးသော် အိမ်ထဲသို့ဝင်သဖြင့် ပျဉ်စွန်းကိုဆွဲငင်လိုက်ရာ ကာမိန္ဒအမတ်သည်လည်း ပျဉ်ပေါ်မှလျှော၍ မစင်တွင်းသို့ ကျလေ၏။ မစင်ရည် ချိုးစိမ်နှင့်ရသော အမတ်၂-ယောက်တို့က ကာမိန္ဒအမတ်ကို “သင်ကား အသူနည်း”ဟု ဆီး၍မေးသည်ကို “ငါကား ကာမိန္ဒအမတ်တည်း”ဟု ပြောပြီးလျှင်၊ “သင်တို့ကား အသူနည်း”ဟု မေး၏။ ထိုအမတ်၂-ယောက်တို့ကလည်း “ငါကား သေနက” “ငါကား ပက္ကုသအမတ်တည်း”ဟု ပြောကြကုန်၏။ အမရာဒေဝီသည်လည်း ပျဉ်ကိုဖုံးမြဲဖုံး၍ ထားပြန်၏။
ဒေဝိန္ဒအမတ်သည်လည်း အမရာဒေဝီမှာလိုက်သောအချိန်ရောက်လျှင် ရှေးနည်းအတူ လာပြန်သဖြင့် အမရာဒေဝီသည် ဒေဝိန္ဒအမတ်ကို မာယာဖြင့် ပျဉ်ပေါ်သို့တက်စေပြီးလျှင် ပျဉ်စွန်းကိုဆွဲ၍ တွင်းထဲသို့ တစ်ဖန်ကျပြန်စေ၏။ အမတ် ၃-ယောက်တို့ကလည်း “အသူနည်း”ဟု ဆီး၍မေးကြသဖြင့် အချင်းချင်းအမည်ကို ပြောဆိုကြပြီးလျှင် မစင်တွင်း၌ မစင်ရည်တို့ဖြင့် နစ်မွန်းသောကိုယ် ရှိကုန်လျက် မတ်တတ်ရပ်ကာသာလျှင် ထိုညဉ့်ပတ်လုံး မိမိတို့အိမ်ပြု၍ နေကြရသတည်း။
ထိုညဉ့် မိုးသောက်ရောက်လတ်သော် အမတ် ၄-ယောက်တို့ကို မစင်တွင်းမှ ထုတ်ယူစေ၍ ဆံမုတ်ဆိတ်တို့ကို ရိတ်နုတ်စင်စေပြီးလျှင် ဟိရိကောပိနအင်္ဂါများကို ဖုံးလွှမ်းမိရုံသာ ပုဆိုးနံငယ်ဝတ်စေလျက် မုန့်မှုန့်ကို ကော်ရည်ပျစ်ပျစ်ရှိအောင်ကျိုစေပြီးမှ အေးအောင်ထား၍ ထိုကော်ရည်ဖြင့် ထိုအမတ်၄-ယောက်တို့ကို ဦးခေါင်းမှစ၍ တစ်ကိုယ်လုံးအနှံ့လိမ်းသုတ်ပြီးသော် လဲဝါဂွမ်းဖြင့် ဖွေးဖွေးဖြူအောင် ကြဲလွှင့်ကပ်ငြိစေ၍ အရှက်အကြောက်ကို မအောက်မေ့နိုင်အောင်သော ဆင်းရဲပင်ပန်းခြင်းသို့ ရောက်စေပြီးသော် ဖျာလိပ်ခေါင်း၌ တစ်ယောက်စီ သွင်းထားအိပ်စေ၏။ ဤသို့ အလုံးစုံကို စီရင်ပြီးသော အမရာဒေဝီသည် မင်းကြီးအား လျှောက်ထားပို့ဆက်အံ့သောငှာ ပတ္တမြားဆံကျင်စသော မင်းတန်ဆာ ရတနာ၄-ခုကိုလည်း ကမ္ပည်းလိပ် စာရင်းနှင့်တကွ အမတ်၄-ယောက်တို့ကိုလည်း ဖျာလိပ်ကိုယ်စီနှင့်တကွ ထမ်းယူဆောင်ရွက်စေပြီးသော နန်းတော်သို့သွားလေ၍ တံခါးဝသို့ရောက်လေလျှင် “အရှင်မင်းကြီးနှင့်သာ ထိုက်တန်သော ရတနာ၄-ပါးနှင့်တကွ မျောက်ဖြူ၄-စီး အမရာဒေဝီက ဆက်သလို၍ နန်းတော်တံခါးဝသို့ ရောက်ကြောင်း”ကို မင်းကြီးအား လျှောက်ထားစေပြီးလျှင်၊ ဝိဒေဟရာဇ်မင်းကြီးက “ဆက်သရန် ပဏ္ဏာလက်ဆောင်နှင့် အမရာဒေဝီကို ဝင်စေ”ဟု အမိန့်တော်ပြန်မှ ထိုအလုံးစုံကို နန်းတော်တွင်းသို့သွင်း၍၊ မင်းကြီးရှေ့တော်၌ ထားပြီးလျှင် “အရှင်မင်းကြီး။ ဤရတနာ၄-ခုနှင့် မျောက်ဖြူကြီး ၄-စီးကို အကျွန်ုပ် ဆက်သပါအံ့။ ခံတော်မူပါ”ဟု လျှောက်ထား၍ မင်းကြီးအား ဆက်သ၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဖျာလိပ်၄-ခုကို ဖွင့်ခွာစေသော် မျောက်ဖြူနှင့်တူသော သုခမိန်၄-ယောက်တို့ကို မင်းကြီးမှစ၍ မှူးမတ်အခြွေအရံ နန်းတွင်းသားအပေါင်းတို့ မြင်ကြလေကုန်သဖြင့် ခပ်သိမ်းကုန်သော နန်းတွန်းသား, နန်းတွင်းသူ အပေါင်းတို့သည် “အမရာဒေဝီက ဆက်သသော ဤမျောက်ဖြူ၄-စီးတို့ကား အလွန်အံ့ဩဖွယ်ရှိပေစွ”ဟု အကြိမ်ကြိမ်ဆိုလျက် လက်ခုပ်တီး၍ ရယ်ကြီးမက ရယ်ကြကုန်၏။ ထိုသုခမိန် ၄-ယောက်တို့သည်လည်း ရှက်ခြင်းမက အရှက်ရကြကုန်၏။
ဤသို့ရှက်စေပြီးမှ အမရာဒေဝီသည် မိမိခင်ပွန်း မဟောသဓသုခမိန်၌ အပြစ်မရှိသောအဖြစ်ကို လျှောက်တင်လို၍ “အရှင်မင်းကြီး။ အကျွန်ုပ်လင် မဟောသဓသုခမိန်သည် ခိုးသူ မဟုတ်ပါ။ ဤ၄-ယောက်တို့သာ ရတနာ၄-ပါးကို ခိုးယူသူ ဖြစ်ပါသည်။ ဤ၄-ယောက်တို့တွင် သေနကအမတ်ကား ပတ္တမြားဆံကျင်ကို ခိုးယူသူ ဖြစ်ပါသည်။ ပက္ကုသအမတ်ကား ရွှေပန်းကုံးကိုခိုးယူသူ ဖြစ်ပါသည်။ ကာမိန္ဒအမတ်ကား ကမ္ဗလာကို ခိုးယူသူ ဖြစ်ပါသည်။ ဒေဝိန္ဒအမတ်ကား ရွှေခြေနင်းကို ခိုးယူသူ ဖြစ်ပါသည်။ ထိုသူ၄-ယောက်တို့သည် အကျွန်ုပ်လင် မဟောသဓသုခမိန်အား ပျက်စီးစေကြောင်း မကောင်းကြံသောအမူအရာ အစီအရင်ကို ဤဘဏ္ဍာတော် ၄-ခုတွင် မိမိတို့ ကျွန်မသမီး ၄-ယောက်တို့ အသီးသီးနှုတ်ထွက်ကို မှတ်ချက်စာရင်း ရှိပါသည်။ စာရင်းကို ဖတ်ကြည့်လျှင် သိတော်မူရပါလိမ့်မည်” ဟု လျှောက်ထား၏။
ဝိဒေဟရာဇ်မင်းကြီးသည် အလုံးစုံသောစာရင်းကို ဖတ်စေသဖြင့် အမတ်၄-ယောက်တို့သာလျှင် မဟောသဓသုခမိန်ကို ပျက်စီးစေလို၍ ပြုကျင့်သည့် အမှုဖြစ်သည်ဟု သိတော်မူသော်လည်း မဟောသဓ ထွက်ပြေးကြောင်းကိုကြားသိသဖြင့် ဆင်ခြင်တိုင်းဆတော်မူသည်မှာ “မဟောသဓာသည် အတုမရှိသော ပညာရှင်တည်း။ ငါ့ကို နှလုံးအခံအနေနှင့် ယခု ထွက်ပြေးရလေသည်။ မည်သို့ ကြံဆောင်လိမ့်မည်ကို မသိ။ အကယ်၍ မဟောသဓသည် တစ်ရွာတစ်မြို့ကို လက်နက်ပြု၍ထောင်ထားချေသော် ငါ၌ သုခမိန် ၄-ယောက်မှတစ်ပါး တိုင်ပင်ရမည့်သူ မရှိ”ဟု အောက်မေ့၏။ သုခမိန်၄-ယောက်တို့အား မည်သို့မျှ အပြစ်ကိုမပြု။ တစ်ခုသောအပြစ်တင် စကားကိုမျှမဆိုဘဲ “ဆရာသုခမိန်တို့။ ဤနန်းတွင်း၌ ရေချိုးပြီးလျှင် ဤပုဆိုးကိုဝတ်၍ သင်တို့အိမ်သို့ သွားကြလေ”ဟုဆို၍ လွှတ်လိုက်၏။
ထိုအခါ အမတ်သုခမိန် ၄-ယောက်တို့သည်လည်း ပြင်းစွာသော ရှက်ကြောက်ခြင်းဖြင့် မိမိတို့အိမ်သို့ သွားကြလေကုန်၏။ အမရာဒေဝီလည်း မိမိလင်၌ အပြစ်မရှိကြောင်းကို လျှောက်ပြီးလျှင် မိမိအိမ်သို့ ပြန်သွားလေ၏။
ဤကား အမရာဒေဝီ၏ အကျင့်သီလဂုဏ် ပညာကျေးဇူး အထူးသဖြင့် တင့်တယ်မြင့်မြတ်ကြောင်းကို ပြခြင်းတည်း။