မာတိကာသို့ ခုန်သွားရန်

မဟောသဓဇာတ်တော်ကြီး/အခန်း-၄၆

ဝီကီရင်းမြစ် မှ
2752မဟောသဓဇာတ်တော်ကြီး — ၄၆။ ရေစောင့်ဘီလူး ပဉှာခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလစန္ဒီ ဒေဝီမိဖုရားအား အလွန်ချစ်ခင် ကြင်နာမြတ်နိုးသည်ဖြစ်၍ ဥဒုမ္ဗရဒေဝီ မိဖုရားကြီးနှင့်ထပ်တူပင်လျှင် မိဖုရားကြီးအရာ၌ထားလျက် ချီးမြှောက်၏။ ပဉ္စာလစန္ဒီဒေဝီမိဖုရားကြီးသည် ဝိဒေဟရာဇ်မင်းကြီးနှင့်အတူတကွ ထီးနန်းစံမြန်း၍ ၁-နှစ်မြောက်လတ်သော် ကိုယ်ဝန်ဆောင်ခြင်းဖြင့် ၁၀-လ လွန်သောအခါ သတို့သားကို ဖွားမြင်လေ၏။ ထို သတို့သားအား အမည်မှည့်အံ့သောနေ့၌ “ဒီဃာဝု” သတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ ဒီဃာဝုမင်းသားသည် ၁၀-နှစ်အရွယ်ရောက်လတ်သော် ဝိဒေဟရာဇ်မင်းကြီးသည် ဘဝတစ်ပါး ပြောင်းလဲလေ၏။

ထိုအခါ ဘုရားလောင်း မဟောသဓသုခမိန်သည် ဒီဃာဝုမင်းသားအား ကြီးစွာသော ရာဇာဘိသေက မင်္ဂလာကိုဆောင်၍ ခမည်းတော်၏ အရိပ်အရာဖြစ်သော ထီးနန်းကိုအပ်နှင်းပြီးလျှင် “မင်းမြတ်။ အကျွန်ုပ်သည် အရှင့်ဘိုးတော် စူဠနီဗြဟ္မဒတ်မင်းကြီး၏အထံသို့ ပြောင်းသွားရပါတော့မည်”ဟု လျှောက်ဆိုပန်ကြားလေ၏။

ဘုရားလောင်းစကားကို ကြားလျှင် ဒီဃာဝုမင်းသားသည် “သုခမိန်။ အကျွန်ုပ်ကား အလွန် ငယ်လှသေး၏။ သုခမိန် စောင်မမှသာ ဤထီးနန်းကို စိုးအုပ်နိုင်ပါမည်။ ငယ်စွာသောအကျွန်ုပ်ကို စွန့်ပစ်၍ မသွားပါနှင့်။ အကျွန်ုပ်သည် သုခမိန်ကို ခမည်းတော်အရာ၌ထား၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပါမည်”ဟု ပြောဆိုတောင်းပန်၏။

ပဉ္စာလစန္ဒီဒေဝီ မိဖုရားကြီးကလည်း “သုခမိန်။ အကျွန်ုပ်သားကာ အလွန်ငယ်လှသေး၏။ သုခမိန်သည်သာလျှင် အကျွန်ုပ်တို့ကိုးကွယ်ရာ ဖြစ်ပါသည်။ သုခမိန်သွားခဲ့သော် အကျွန်ုပ်တို့အား ကိုးကွယ်ရာ မရှိပြီ။ မသွားပါလေနှင့်” ဟု တောင်းပန်၏။ မဟောသဓသုခမိန်သည်လည်း “အကျွန်ုပ်သည်။ စူဠနီဗြဟ္မဒတ်မင်းကြီးအား ဝန်ခံခြင်းပဋိညာဉ်ကို ပေး၍ရှိခဲ့ချေသည်ဖြစ်သောကြောင့် မသွားဘဲမနေသာ။ ထိုပြည်မှာပင် အကျွန်ုပ်နေသော်လည်း ၂-တိုင်း ၂-ပြည်ကို စည်ပင်သာယာကြောင်း ကောင်းစွာလုံ့လပြု၍ ကြည့်ရှုစောင်မပါမည်”ဟု ပန်ကြားပြောဆိုပြီးလျှင် မိမိအိမ်ထောင် သားမယား, အလုပ်အကျွေး၊ အခြွေအရံနှင့်တကွ ပဉ္စာလရာဇ်ပြည်သို့ သွားလေ၏။ ပြည်သားပြည်သူလူအပေါင်းတို့သည်လည်း သနားဖွယ်သော ငိုကြွေးခြင်းတို့ဖြင့် ငိုကြွေးမြည်တမ်းကြလျက် ခရီးလမ်းတိုင်အောင် လိုက်၍ပို့ကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် မဟောသဓသုခမိန် လာကြောင်းကိုကြားလျှင် မိမိပြည်မှထွက်၍ များစွာသောအခြံအရံတို့နှင့်တကွ ခရီးဦးကြိုဆိုလာလျက် ကြီးစွာသော ပွဲသဘင်အချီးအမြှောက်ဖြင့် ချီးမြှောက်၍ မြို့တွင်းသို့ ဝင်စေပြီးသော် နေရာအလို့ငှာ ကြီးစွာသောအိမ်ကို ပေး၏။ အထက်က ချီးမြှောက်လိုက်သော မြို့ ရွာ,ခရိုင် ၈၀-မှ တစ်ပါးလည်း များစွာသောမြို့ရွာတို့ကို နောက်ထပ်၍ ပေးပြန်၏။ ထိုရောက်သည့်နေ့မှစ၍ မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်းကြီးအား တစ်နေ့မပြတ် ခစားစေ၏။

ထိုပဉ္စာလရာဇ်ပြည်၌ “ဘေရီ” အမည်ရှိသော ပရိဗိုဇ်ရဟန်းမသည်လည်း အလွန် ပညာရှိ၏။ ခပ်သိမ်းကုန်သော အရာအခွင့်တို့၌လည်း လိမ္မာကျွမ်းကျင်၏။ ထိုဘေရီပရိဗိုဇ်မသည် စူဠနီဗြဟ္မဒတ်မင်းကြီး နန်းတော်၌ နေ့တိုင်းမပြတ်လာ၍ ဆွမ်းစား၏။ မိထိလာပြည်မှ မဟောသဓသုခမိန် ရောက်လာကြောင်းကိုလည်းကောင်း, နန်းတော်သို့ဝင်၍ နေ့တိုင်းမပြတ် မင်းကြီးထံ ခစားကြောင်းကိုလည်းကောင်း ထိုပရိဗိုဇ်မသည် ကြား၏။

မဟောသဓသုခမိန်သည်လည်း ဘေရီပရိဗိုဇ်မကို မမြင်စဘူးသေး။ နေ့တိုင်းမပြတ်ပင် မင်းကြီးနန်းတော်၌ ဆွမ်းစားလာကြောင်းကိုမူကား ကြား၏။

နန္ဒာဒေဝီမိဖုရားကြီးသည်ကား “ဤမဟောသဓာသုခမိန်သည် ငါ့တို့အား ချစ်သောသူနှင့်ကွေကွင်းစေသဖြင့် ကိုယ်စိတ်မချမ်းသာအောင် ပြုဘိ၏”ဟု ဘုရားလောင်းအား နှလုံးအခုအခံ မိန်းမတို့မာန် မပြေနိုင်သည်ဖြစ်၍ ထိုစိတ်ထဲ အခုအခံ အမျက်မာန်ရှိသဖြင့် နန္ဒာဒေဝီ မိဖုရားကြီးသည် တစ်နေ့သ၌ စူဠနီဗြဟ္မဒတ်မင်း၏ ကိုယ်လုပ်မောင်းမ ၅၀၀-တို့ကို “သင်တို့သည် မဟောသဓသုခမိန်၏ တစ်စုံတစ်ခုသောအပြစ်ကိုရှာ၍ မင်းကြီးအား ကုန်းချောစားကြလေကုန်”ဟုဆို၏။ ထိုမောင်းမ ၅၀၀-တို့သည်လည်း မိဖုရားကြီးဆိုတိုင်း မဟောသဓသုခမိန်၏အပြစ် အမြွက်အရိပ်ကိုသာလျှင် နေ့တိုင်းမပြတ် ရှာကြည့်လျက် နေကြကုန်၏။

ထိုအခါ တစ်နေ့သ၌ ဘေရီပရိဗိုဇ်မသည် ဆွမ်းစားပြီး၍ နန်းတော်မှထွတ်လတ်သော် မင်းခစားအံ့သောငှာလာသော မဟောသဓသုခမိန်ကို မင်းရင်ပြင် နန်းတော်တံခါးဝ၌ တွေ့မြင်လေ၏။ မဟောသဓသည်လည်း ပရိဗိုဇ်မကိုမြင်လျှင် ရှိခိုးလျက် ရပ်နေလေ၏။ ဘေရီပရိဗိုဇ်မသည် “ဤမဟောသဓသုခမိန်ကား ပညာရှိကြောင်း ကျော်စောထင်ရှား၏။ ယခု ပညာရှိမရှိကို ရှေးဦးစွာ မဟောသဓအား ငါစမ်းအံ့”ဟု ကြံပြီးလျှင် ဘုရားလောင်းအား လက်ဝါးကို ဖြန့်၍ပြ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ဘေရီပရိဗိုဇ်မက လက်ဝါးဖြန့်၍ ပြသည်ကိုမြင်လျှင် “ဤပရိဗိုဇ်မသည် ငါ့ကို “သုခမိန်။ မင်းကြီးသည် တစ်ပြည်တစ်နိုင်ငံ ဝေးလံစွာသောအရပ်မှ သင့်ကိုခေါ်ဆောင်၍ ဤအရပ်သို့ရောက်လာသော သင့်အား ယခု မင်း၏အချီးအမြှောက်ကို ခံရပါ၏လော”ဟု နှလုံးဖြင့်သာ ပြဿနာပြု၍ ဤလက်ဝါးကို ပြသည်ဖြစ်မည်”ဟု လျင်သောဉာဏ်ဖြင့် မြန်စွာသိပြီးသော် ပြဿနာတုံ့ဖြေလို၍ လက်ဆုပ်ကို ပြ၏။

ပရိဗိုဇ်မသည်လည်း ဘုရားလောင်း လက်ဆုပ်ပြသည်ကိုမြင်လျှင် “အရှင်မ။ မင်းကြီး၏ အချီးအမြှောက်တော် အရာအထူးကို အကျွန်ုပ် မခံရသေးပါ”ဟု နှလုံးဖြင့်သာ ပြဿနာတုံ့ ဖြေလို၍ လက်ဆုပ်ပြသည် ဖြစ်မည်”ဟု သိပြီးသော်၊ တစ်ဖန် စမ်းလိုပြန်၍ မိမိလက်ဖြင့် ဦးခေါင်းကိုသုံးသပ်၍ ပြ၏။ ထိုသို့ လက်ဖြင့် ဦးခေါင်း၌သုံးသပ်သည်ကို ဘုရားလောင်းမြင်လျှင် “ဤပရိဗိုဇ်မကား ငါ့ကို “သုခမိန်။ ထိုသို့မင်း အချီးအမြှောက်ကို မခံရသဖြင့် ကိုယ်, စိတ်ပင်ပန်းခြင်းဖြစ်လျှင် အဘယ့်ကြောင့် ငါတို့ကဲ့သို့ ဦးပြည်းရိတ်၍ ရဟန်းမပြုပါသနည်း”ဟု နှလုံးဖြင့်မေးလိုချေသည် ဖြစ်မည်”ဟုသိပြီးသော်၊ ဘုရားလောင်းသည် ပြဿနာတို့ဖြေလို၍ လက်ဖြင့် မိမိဝမ်းကို သုံးသပ်၏။

ပရိဗိုဇ်မသည်လည်း ထိုသုံးသပ်သည်ကိုမြင်လျှင် “ဤမဟောသဓသုခမိန်ကား “အရှင်မ။ အကျွန်ုပ်မှာ တစ်ကိုယ်တည်း မဟုတ်။ အကျွန်ုပ်ကျွေးမွေးရသော သားမယားတို့ များစွာဖြစ်ခဲ့၏။ ထိုများစွာသော သားမယားတို့ကို ကျွေးမွေးရသောကြောင့် အရှင်မတို့ကဲ့သို့ ရဟန်းမပြုသာ ဖြစ်ပါသည်”ဟု ပြဿာနာတုံ့ဖြေသည် ဖြစ်မည်”ဟုသိလေ၏။

ထို့သို့ ဘုရားလောင်းအားစုံစမ်းပြီးသော် ဘေရီပရိဗိုဇ်မသည် မိမိနေရာကျောင်းသို့ သွားလေ၏။ မဟောသဓ သုခမိန်သည်လည်း ပရိဗိုဇ်မအား ရှိခိုးလတ်ပြီးသော် နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားလေ၏။

ဘုရားလောင်းနှင့် ဘေရီပရိဗိုဇ်မတို့ ပြဿနာမေးကြဖြေကြသောအခြင်းအရာကို နန္ဒာဒေဝီက အကြည့်အရှုထားသော မင်းကြီးကိုယ်လုပ်မောင်းမတို့သည် နန်းတော်လေသာပြတင်းဝက ရပ်နေလျက် ကြည့်ရှုသဖြင့် မြင်ကြလေသော်၊ ဘုရားလောင်း နန်းတော်မှဆင်းသောအခါ၌ မင်းကြီးထံသွား၍ ဤသို့ ကုန်းချောစားလျက် လျှောက်ထားကြကုန်၏။ “အရှင်မင်းကြီး။ မဟောသဓသုခမိန်ကို အယုံသွင်း၍ အတွင်းထားတော်မမူပါနှင့်။ မဟောသဓသုခမိန်သည် ဘေရီပရိဗိုဇ်မနှင့် တစ်ကိုယ်တစ်စိတ်တည်းပြုလျက် ယခု မကြာမြင့်မီပင် အရှင်မင်းကြီး၏ စည်းစိမ်တော်ကို ဖျက်ဆီးလုယူမည် အကြံရှိပါသည်။ သတိထားတော်မူပါ”ဟု လျှောက်ထားကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် ကိုယ်လုပ်မောင်းမတို့စကားကို ကြားလျှင် “သင်တို့နှင့် ဤစကား တန်သလော။ အဘယ်ကို ကြားသနည်း။ အဘယ်ကို မြင်သနည်း။ ကြားမြင်၍တည်း လျှောက်သလော”ဟုဆို၏။

“အရှင်မင်းကြီး။ ကြားကာမျှဖြင့် အကျွန်ုပ်တို့ လျှောက်ထားခြင်းမဟုတ်ပါ။ မျက်စိဖြင့် အတပ်မြင်၍သာ လျှောက်ထားဝံ့ပါသည်။ အကျွန်ုပ်တို့မြင်သည်မှာ နံနက်က ဘေရီပရိဗိုဇ်မသည် ဆွမ်းစားပြီးသဖြင့် နန်းမှဆင်းလတ်သော် နန်းတော်သို့ဝင်လာသော မဟောသဓသုခမိန်ကို မြင်လျှင် စူဠနီဗြဟ္မဒတ်မင်းကား လက်ဝါးပြင်မျှလောက်သာ, ကောက်နယ် တလင်းလောက်မျှသာ ဖြစ်၍၊ သင်၏ပညာအစွမ်းဖြင့် မချေမနယ်လောက်တကား။ အဘယ့်ကြောင့် ဤပြည်ကို သင်၏လက်သို့ရောက်အောင် မပြုသနည်း”ဟု ကြံလျက် သူတစ်ပါးသိအံ့စိုးသောကြောင့် နှုတ်မမြွက်ဘဲ လက်ဝါးကိုသာ ဖြန့်၍ပြ၏။

“မဟောသဓသုခမိန်ကလည်း “မစိုးရိမ်နှင့် ယခု နေစေဦး။ ၂-ရက် ၃-ရက်လွန်မှ စူဠနီဗြဟ္မဒတ်မင်းကို သန်လျက်ဖြင့် ပယ်ဖျောက်၍ ဤပြည်ကို သိမ်းယူမည်”ဟု သန်လျက်ရိုးကို ကိုင်ဆုပ်သောသဏ္ဌာန်ဖြင့် လက်ကိုဆုပ်ပြ၏။ ဘေရီပရိဗိုဇ်မကလည်း တစ်ဖန် သင်သည် သန်လျက်ဖြင့် ပယ်မည်ဟူသော် စူဠနီဗြဟ္မဒတ်မင်း၏ဦးခေါင်းကိုတည်း ပယ်ဖြတ်မည်လော”ဟု မိမိလက်ဖြင့် ဦးခေါင်းကို သုံးသပ်ပြန်၏။ မဟောသဓသုခမိန်ကလည်း တစ်ဖန် “ဦးခေါင်းကို မဟုတ်။ စူဠနီဗြဟ္မဒတ်မင်း၏ခါးကို သန်လျက်ဖြင့်ကွပ်မျက်၍ ၂-ပိုင်းဖြစ်စေအံ့”ဟု မိမိလက်ဖြင့် ဝမ်းကို သုံးသပ်၏။ ဤသို့သောအကြံအစည်ကို အကျွန်ုပ်တို့ အတပ်မြင်သောကြောင့် လျှောက်ထားဝံ့ပါသည်။ မမေ့မလျော့ လုံ့လသတိ ရှိတော်မူပါ။ ဤမဟောသဓသုခမိန်ကို အရှည်အကြာထားချေက ကိုယ်တော်၏စိတ်နှလုံး ပင်ပန်းခြင်းသာ ရှိတော့မည်။ ယခုပင် မဟောသဓသုခမိန်ကို ဖျောက်ဖျက်စေချင်ပါသည်”ဟု ကုန်းချောစား၍ လျှောက်ထားကြကုန်၏။

ထိုမောင်းမ ကိုယ်လုပ်တော်တို့၏စကားကို ကြားလျှင် “စူဠနီဗြဟ္မဒတ်မင်းသည်။ မဟောသဓသုခမိန်ကား ပစ္စုပ္ပန်သံသရာတို့၌ အကျိုးအပြစ်ကိုမြင်မြော်သော ပညာရှိလည်း မှန်၏။ ငါ၌လည်း ရိုသေမြတ်နိုးခြင်းရှိ၏။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို ပြစ်မှားမည့်သူ မဟုတ်။ နက်ဖြန်ခါမှသာ ပရိဗိုဇ်မကို မေးရတော့မည်”ဟုကြံလျက် ထိုမောင်းမကိုယ်လုပ်တော်တို့ လျှောက်သည့်စကားကို မည်သို့မျှအထူးမဆိုဘဲ ဆိတ်ဆိတ်နေလိုက်၏။

နက်ဖြန် မိုးသောက်အချိန်ရောက်သဖြင့် ဘေရီပရိဗိုဇ်မသည် နန်းတော်သို့ ဆွမ်းစားလာရောက်သောအခါ “စူဠနီဗြဟ္မဒတ်မင်းသည် ပရိဗိုဇ်မထံသို့ချဉ်းကပ်၍ “မဟောသဓသုခမိန်ကို အရှင်မ တွေ့မြင်ဖူးပါ၏လော”ဟု မေး၏။

ပရိဗိုဇ်မလည်း “မင်းကြီး။ ယမန်နေ့ နံနက်က ဆွမ်းစားပြီး၍ နန်းတော်မှ ထွက်သောအခါ မဟောသဓသုခမိန်ကို တံခါးဝတွင် တွေ့မြင်လိုက်ဖူး၏”ဟု ဆိုလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “အရှင်မ။ ထိုသို့တွေ့မြင်ရသောအခါ မဟောသဓသုခမိန်နှင့် စကားပြောဟောတော်မူလိုက်ရပါ၏လော”ဟု မေး၏။ ဘေရီပရိဗိုဇ်မလည်း “မင်းကြီး။ မဟောသဓသုခမိန်နှင့် စကားမူကား မပြောလိုက်။ ဤမဟောသဓသုခမိန်ကို ပညာရှိသည်ဟူ၍ ကျော်စောခြင်း ဖြစ်သည်နှင့်အညီ “ကျော်စောတိုင်း ပညာရှိ၊ မရှိကို စုံစမ်းအံ့။ ပညာရှိမှန်လျှင် သိလတ္တံ့”ဟု နှုတ်မမြွက်ဘဲ လက်ဝါးပြ၍ ပြဿနာမေး၏။

“ထိုငါမေးသော ပြဿနာ၏အနက်မူကား “သုခမိန်။ သင့်အား မင်းကြီးသည် ဖြန့်သောလက် ရှိပါ၏လော။ မတွန့်မလိပ်သောလက် ရှိပါ၏လော။ ယုံကြည်လေးမြတ်စွာ အရာအထူးဖြင့် သင်္ဂြိုဟ်ချီးမြှောက်ပါ၏လော”ဟု မေးလိုသည်။ လက်ဝါးပြသည်ကိုမြင်လျှင် မဟောသဓသုခမိန်ကလည်း ငါမေးလိုသောအကြောင်းကို သိ၍ “အရှင်မ။ မင်းကြီးသည် အကျွန်ုပ်ကို ဤပြည်မှာ နေ့လှည့်ပါဟု အကြိမ်ကြိမ်အမိန့်ရှိသောကြောင့် အကျွန်ုပ် ဝန်ခံခဲ့ရသည်နှင့်အညီ ယခု နေရပ်,ဆွေမျိုးတို့ကိုပစ်၍ ဤပြည်သို့ ရောက်ပါသည်။ ဤသို့ ရောက်ပါသည်ကိုလျက် အရှင်မင်းကြီးသည် အကျွန်ုပ်အား ထိုက်တန်သောအရာအထူးဖြင့် ချီးမြှောက်တော်မမူပါသေး။ ဆုပ်သော လက်ကို မဖြန့်ပါ”ဟု ဖြေလိုသဖြင့် လက်ကိုဆုပ်၍ ပြ၏။

“ထိုမဟောသဓသုခမိန်၏ ပြဿနာအနက်ကိုသိ၍ ငါကတစ်ဖန် “သုခမိန်း မင်းကြီး၏အချီးအမြှောက်ကို မခံရသဖြင့် အကယ်၍ ကိုယ်စိတ်ပင်ပန်းမူ ငါကဲ့သို့ ဦးပြည်းရိတ်၍ အဘယ့်ကြောင့် ရဟန်းမပြုသနည်း”ဟု မေးလိုသောကြောင့် ဦးခေါင်းကို လက်ဖြင့်သုံးသပ်၏။ မဟောသဓသုခမိန်သည်လည်း ငါမေးလိုသောအကြောင်းကို သိပြန်၍ “အကျွန်ုပ်မှာ တစ်ကိုယ်တည်း မဟုတ်။ ကျွေးမွေးရသော သားမယား အများရှိခြင်းကြောင့် ရဟန်းမပြုသာပါ”ဟု ဖြေလိုသဖြင့် မိမိဝမ်းကို လက်ဖြင့်သုံးသပ်၏။ ဤမျှသော ပြသာနာဖြင့် စုံစမ်း၍သာ ငါ၏ နေရာကျောင်းသို့ သွားလေတော့သည်။ တစ်ခွန်းသောစကားကိုမျှ မဟောသဓသုခမိန်နှင့် မပြောဟောလိုက်ရ”ဟု ဆို၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း “အရှင်မ မဟောသဓသည် ပညာရှိပါ၏လော”ဟုမေး၏။ ဘေရီပရိဗိုဇ်မလည်း “မင်းကြီး။ မဟောသဓသုခမိန်ကား ဆိုဖွယ်မရှိ အလွန် ပညာရှိပေ၏။ ဤမြေအပြင်၌ မဟောသဓသုခမိန်နှင့်တူသောသူမည်သည် မရှိနိုင်ချေ”ဟုဆို၏။ ဤသို့ ပရိဗိုဇ်မအား မေးမြန်းပြောဆိုပြီးလျှင် ဆွမ်းလုပ်ကျွေး၍ လွှတ်လိုက်၏။

ဘေရီပရိဗိုဇ်မ နန်းတော်မှ ဆင်းသွားလေပြီးသောအခါ ဘုရားလောင်းသည် နန်းတော်သို့ဝင်၍ မင်းကြီးအား ခစား၏။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်၊ ငါ၏ဆရာပရိဗိုဇ်မကို တွေ့မြင်ဖူး၏လော”ဟု မေး၏။ မဟောသဓသုခမိန်လည်း “အရှင်မင်းကြီး။ ယမန်နေ့ ဆွမ်းစားပြီး၍ နန်းတော်မှထွက်လာသောအခါ အကျွန်ုပ် နန်းတော်သို့အဝင်တွင် တွေ့မြင်လိုက်ရပါသည်”ဟု လျှောက်၏။

မင်းကြီးလည်း “သုခမိန်။ ပရိဗိုဇ်မနှင့် စကားပြောဆိုလိုက်ရပါ၏လော”ဟု မေး၏။ မဟောသဓသုခမိန်လည်း “အရှင်မင်းကြီး စကားမူကား မပြောလိုက်ရပါ။ ပရိဗိုဇ်မသည် အကျွန်ုပ်အား ဤသို့သောအနက်ကိုမေးလိုသဖြင့် လက်ဝါးပြလျှင် အကျွန်ုပ်လည်း ထိုအနက်ကိုသိ၍ ဤသို့သောအလိုဖြင့် လက်ဆုပ်ပြလျက် ဖြေ၏။ တစ်ဖန် ဤသို့သောအနက်ကို မေးလို၍ ဦးခေါင်းကို မိမိလက်ဖြင့်သုံးသပ်ပြန်လျှင် အကျွန်ုပ်လည်း ထိုပြဿနာ အနက်ကိုသိ၍ ဤသို့သောအလိုဖြင့် ဝမ်းကိုသုံးသပ်လျက် ဖြေ၏။ ဤသို့ ပြဿနာကို နှုတ်မမြွက်ဘဲ ဖြေပြီးလျှင် အကျွန်ုပ် နန်းတော်သို့ဝင်ခဲ့ပါသည်။ စကား မပြောလိုက်ရပါ”ဟု ဘေရီပရိဗိုဇ်မ ထွက်ဆိုသည့်အတိုင်း စကားအလုံးစုံကို မင်းကြီးအား လျှောက်ကြား၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် အလွန် ယုံကြည်လေးမြတ်ခြင်းရှိသည်ဖြစ်၍ ထိုနေ့၌ပင်လျှင် ဘုရားလောင်းအား စစ်သူကြီးအရာကိုပေး၍၊ အလုံးစုံသော ပြည်ထဲရေးကိစ္စ အမှုဟူသမျှကို အပ်နှင်းလေ၏။

ထိုနေ့မှစ၍ မဟောသဓသုခမိန်အား များစွာသော စည်းစိမ်ချမ်းသာ အခြံအရံ တိုးတက်ပြန့်ပွားခြင်းသို့ ရောက်သဖြင့် မင်းကြီးစည်းစိမ်ဟူ၍ အခြားမရှိ ဖြစ်လေ၏။ မဟောသဓသုခမိန်သည်လည်း မိမိအား အချီးအမြှောက် ကြီးလွန်းသောကြောင့် ဤသို့ကြံ၏။

“ဤမင်းကြီးသည် မိမိထီးနန်းစည်းစိမ်ကိုသာချန်၍ အလုံးစုံသော ပြည်ထဲရေးကိစ္စဟူသမျှတို့ကို တစ်နေ့ချင်းဖြင့်ပင်လျှင် ငါ့အား အပ်နှင်းတော်မူ၏။ ထိုသို့ အပ်နှင်းခြင်းသည် ငါ့အား သဘောအားဖြင့် ချီးမြှောက်လို၍ပင် ဖြစ်မည်၊ သတ်လို၍ပင် ဖြစ်မည်ကို မသိနိုင်။ မင်းတို့မည်သည်လည်း လျှို့ဝှက်အပ်သော အကြံအစည်သာ များခြင်းကြောင့် သတ်လိုသည်ဖြစ်၍လည်း များစွာသောစည်းစိမ်ဖြင့် ချီးမြှောက်တတ်၏။ ထို့ကြောင့် မင်းကြီး၏နှလုံးသွင်းကို သိရအောင် ငါစုံစမ်းအံ့။

“မင်းကြီးနှလုံးသွင်းကို သိရအောင် ပြုခြင်း၌လည်း တစ်ပါးသောသူတို့သည် မစွမ်းနိုင်ရာ။ ဘေရီပရိဗိုဇ်မသည်ကား အဆင်အခြင် သတိပညာနှင့် ပြည့်စုံ၏။ ဥပါယ်တံမျဉ်၌လည်း လိမ္မာ၏။ မင်းနှင့်လည်း အကျွမ်းဝင်၏။ ယင်းသို့ဖြစ်သောကြောင့် ဘေရီပရိဗိုဇ်မသည်သာ တစ်စုံတစ်ခုသော ဥပါယ်တံမျဉ်ဖြင့် မင်းကြီး နှလုံးသွင်းကိုသိအောင် ပြုနိုင်ရာ၏”ဟု ကြံပြီးလျှင်၊ နံ့သာ, ပန်း အစရှိသော များစွာကုန်သော လှူဖွယ်ဝတ္ထုတို့ကို ယူလျက် ဘေရီပရိဗိုဇ်မကျောင်းသို့ သွား၍၊ ပရိဗိုဇ်မအား လှူဖွယ်ဝတ္ထုတို့ဖြင့် လှူဒါန်းပူဇော်ပြီးသော် ရှိခိုးလျက် “အရှင်မ။ အကျွန်ုပ်အား မင်းကြီးသည် အကျွန်ုပ်ဂုဏ်ကို ချီးမွမ်း၍ အရှင်မ ပြောဆိုသည့်နေ့မှစ၍ အလုံးစုံသော ပြည်ထဲရေးကိစ္စဟူသမျှကို အပ်နှင်းလျက် များစွာသော စည်းစိမ်းခြံအရံဖြင့် ချီးမြှောက်တော်မူ၏။ ထိုသို့ ချီးမြှောက်တော်မူခြင်းသည် သဘောအားဖြင့်ပင် ချီးမြှောက်သည်ဖြစ်မည်။ နှလုံးအထူးရှိ၍ မင်းတို့၏ဝတ်ကျေရုံမျှသာ ချီးမြှောက်ခြင်းဖြစ်မည်ကို အကျွန်ုပ် မသိနိုင်ပါ။ အရှင်မသည်သာလျှင် မင်းကြီး၏နှလုံးသွင်းကို သိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်အား သနားသဖြင့် မင်းကြီး၏စိတ်ကိုသိရအောင် စုံစမ်းတော်မူပါ”ဟု တောင်းပန်လျှောက်ဆို၏။ ပရိဗိုဇ်မလည်း “သုခမိန်။ ကောင်းပြီ။ နက်ဖြန် သိအောင် စုံစမ်းအံ့”ဟု ဝန်ခံလိုက်၏။ မဟောသဓသုခမိန်သည်လည်း ပရိဗိုဇ်မဝန်ခံပြီးလျှင် ပရိဗိုဇ်မအားရှိခိုး၍ မိမိအိမ်သို့ ပြန်သွားလေ၏။

နက်ဖြန်မိုးသောက်လတ်သော် ဘေရီပရိဗိုဇ်မသည် ဤသို့ကြံ၏။ “မဟောသဓာသုခမိန်အား မင်းကြီးသည် ကောင်းသော နှလုံးသွင်းခြင်းဖြစ်မည်။ မကောင်းသော နှလုံးသွင်းခြင်း ဖြစ်မည်ကို မင်းကြီးအား တိုက်ရိုက်မေး၍ မလျောက်ပတ်။ ဥပါယ်တံမျဉ်ဖြင့်ကြံ၍ ဒကရက္ခသပြဿနာကို ငါမေးအံ့။ ထိုပြဿနာကိုလည်း ပရိသတ်အလယ်၌မေးချေသော် မင်းကြီးသည် မဟောသဓသုခမိန်အား ကောင်းသောနှလုံးသွင်းခြင်းရှိမူကား အလွန်လျောက်ပတ်၏။ မကောင်းသောနှလုံးသွင်းခြင်း ရှိခဲ့လျှင်လည်း ပရိသတ်အလယ်၌ ထိုအကြောင်းကိုဆိုသဖြင့် မလျောက်ပတ်ဘဲ ရှိပြန်တော့မည်။ ထို့ကြောင့် သင့်တင့်ရာအရပ်၌ မင်းကြီးကိုခေါ်၍ ထိုပြဿနာကို မေးအံ့”ဟု ကြံပြီးသော် နန်းတော်သို့သွား၍ ဆွမ်းစားခြင်းကိစ္စပြီးလျှင် မင်းကြီးကိုခေါ်၍၊ “မင်းကြီး။ ယခု တစ်ခုသောစကားကို ငါ ပြောဆိုချင်သည်ဖြစ်၍ မင်းကြီးမှတစ်ပါး လူမရှိဘဲ ဆိတ်ညံခြင်းကို လိုပါသည်”ဟုဆို၏။

ပရိဗိုဇ်မစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ခပ်သိမ်းကုန်သော အခြံအရံမှူးမတ်, ကိုယ်လုပ်မောင်းမတို့ကို ဖယ်ခွာ၍ လွတ်ရာနေစေ၏။ ထိုအခါ ပရိဗိုဇ်မသည် “မင်းကြီး။ သင့်အား တစ်ခုသော ပြဿနာကို ငါ မေးအံ့”ဟု ဆို၏။ မင်းကြီးသည်လည်း “အရှင်မ။ မေးတော်မူလော့။ အကျွန်ုပ်သိလျှင်လည်း ဖြေလျှောက်ရတော့မည်”ဟု ဆို၏။ ပရိဗိုဇ်မသည် ရေစောင့်ဘီလူးပြဿနာကို မေးလို၍ ရှေးဦးစွာ-

“သစေ ဝေါ ဝုယှမာနာနံ၊ သတ္တန္နံ ဥဒကဏ္ဏဝေ။

မနုဿဗလိမေသာနော၊ နာဝံ ဂဏှေယျ ရက္ခသော။

အနုပုဗ္ဗံ ကထံ ဒတွာ၊ မုဉ္စေသိ ဒကရက္ခသာ။”

ဟူသော ၁-ဂါထာခွဲဖြင့် ဆို၏။

အနက်ကား။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဥဒကဏ္ဏဝေ၊ အပြောကျယ်စွာသော မဟာသမုဒ္ဒရာ၌။ ဝုယှမာနာနံ၊ မျောလေကုန်ထသော။ သတ္တန္နံ၊ ၇-ယောက်ကုန်သော။ ဝေါ-တုမှာကံ၊ သင်တို့အား။ မနုဿဗလိမေသာနော၊ လူသားကို ရှာသော။ ရက္ခသော၊ ရက္ခိုသ်ဘီလူးသည်။ နာဝံ၊ သင်တို့စီးသော လှေကို။ ဂဏှေယျ၊ ကိုင်ရာ၏။ အနုပုဗ္ဗံ၊ အစဉ်အတိုင်း။ ကထံ၊ အဘယ်သူကို။ ဒတွာ၊ ပေး၍။ ဒကရက္ခသာ၊ ရေစောင့်ဘီလူးမှ။ တွံ၊ သင်သည်။ မုဉ္စေသိ၊ လွတ်စေရာမည်နည်း။

အဓိပ္ပာယ်ကား-

“မင်းကြီး။ မယ်တော် စလာကဒေဝီ, မိဖုရားကြီးနန္ဒာဒေဝီ, ညီတော် တိခိဏမန္တိမင်းသား, မင်းကြီးနှင့် ရောင့်ရဲဖက်သူငယ်ဖော်ဖြစ်သော စားတော်ကဲသား ဓနုသေခ, ကေဝဋ် ပုရောဟိတ်, မဟောသဓ၊ ဤ၆-ယောက်သားတို့နှင့် မင်းကြီးသည် အပြောကျယ်စွာသော မဟာသမုဒ္ဒရာ၌ လှေသင်္ဘောဖြင့် မျောပါလေသည်ရှိသော် မဟာသမုဒ္ဒရာထဲ၌ ရေစောင့်ဘီလူးသည် လူသားကို ရှာလျက်နေသဖြင့် မင်းကြီးတို့၇-ယောက်ကို တွေ့မြင်လျှင် ရေထဲမှ လျင်စွာထွက်၍ မင်းကြီးတို့လှေကို မြဲစွာဖမ်းကိုင်ပြီးသော် “မင်းကြီး။ သင့်တွင်ပါသော ဤသူ၆-ယောက်တို့ကို အစဉ်အတိုင်း ငါ့အားပေးလော့။ ထိုသို့ပေးလျှင် သင့်ကို လွှတ်မည်”ဟု ဆိုငြားအံ့။ ထို၆-ယောက်တို့တွင် အဘယ်သူကို ရှေးဦးစွာပေး၍ ရေစောင့်ဘီလူးဘေးမှ လွတ်စေမည်နည်း။ ဤပြဿနာ၏အနက်ကို မင်းကြီးသဘောသက်တိုင်း ဆိုလော့”ဟုမေး၏။

ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် မိမိသဘောအတိုင်းဆိုလိုသောကြောင့်-

“မာတရံ ပဌမံ ဒဇ္ဇံ၊ ဘရိယံ ဒတွာန ဘာတရံ။

တတော သဟာယံ ဒတွာန၊ ပဉ္စမံ ဒဇ္ဇံ ဗြာဟ္မဏံ။

ဆဋ္ဌာဟံ ဒဇ္ဇမတ္တာနံ၊ နေဝ ဒဇ္ဇံ မဟောသဓံ။”

ဟူသော ၁-ဂါထာခွဲဖြင့်ဆို၏။

အယျေ၊ အရှင်မ။ ပဌမံ၊ ရှေးဦးစွာ။ မာတရံ၊ မယ်တော်ကို။ ဒဇ္ဇံ၊ ပေးအံ့။ တတော၊ ထိုနောက်မှ။ ဘရိယံ၊ မိဖုရားကြီးကို။ ဒတွာန၊ ပေးပြီး၍။ တတော၊ ထိုနောက်မှ။ ဘာတရံ၊ ညီတော်ကို။ ဒဇ္ဇံ၊ ပေးအံ့။ တတော၊ ထိုနောက်မှ။ သဟာယံ၊ သူငယ်ချင်းကို။ ဒတွာန၊ ပေးပြီး၍ ။ ပဉ္စမံ၊ ၅-ကြိမ်မြောက်၌။ ဗြာဟ္မဏံ၊ ကေဝဋ်ပုဏ္ဏားကို။ ဒဇ္ဇံ၊ ပေးအံ့။ တတော၊ ထိုနောက်မှ။ အဟံ၊ အကျွန်ုပ်သည်။ ဆဋ္ဌံ၊ ၆-ကြိမ်မြောက်၌။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒဇ္ဇံ၊ ပေးအံ့။ မဟောသဓံ၊ မဟောသဓကို။ နေဝ ဒဇ္ဇံ၊ မပေး။

အဓိပ္ပာယ်ကား-

“အရှင်မ။ ယင်းသို့ ဒကရက္ခိုသ်ဘီလူး တောင်းငြားအံ့။ ရှေးဦးစွာ မယ်တော်ကို ပေးမည်။ ထို့နောက် မိဖုရားကြီး နန္ဒာဒေဝီကို ပေးပါမည်။ ထို့နောက် - ကြိမ်မြောက်၌ ညီတော် တိခိဏမန္တိကို ပေးပါမည်။ ထို့နောက် ၄-ကြိမ်မြောက်၌ သူငယ်တော် ဓနုသေခကို ပေးပါမည်။ ထို့နောက် ၅-ကြိမ်မြောက်၌ ပုရောဟိတ် အမတ်ကြီးဖြစ်သော ကေဝဋ်ကို ပေးပါမည်။ ထို့နောက် ၆-ကြိမ်မြောက်၌ကား အကျွန်ုပ်သည် ပုဆိုးကို မြဲမြံစွာ ခါးတောင်းကျိုက်ပြီးလျှင် ဤပြည်စည်းစိမ်ကို မရေတွက်ဘဲ “ရေစောင့်ဘီလူး။ သင့်ခံတွင်း ဖွင့်လော့။ ယခုပင် ငါ ဆင်းအံ့”ဟုဆိုလျက် ဘီလူးခံတွင်းသို့ဆင်းဝင်၍ အကျွန်ုပ်ကိုပင် စားစေအံ့။ အကျွန်ုပ် အသက်ရှင်စဉ် ရေစောင့်ဘီလူးအား မဟောသဓသုခမိန်ကို မပေးလိုပါ” ဟုဆို၏။

ဤသို့ စူဠနီဗြဟ္မဒတ်မင်းသည် ရေစောင့်ဘီလူးပြဿနာကို ဖြေဆိုလျှင် ဘေရီပရိဗိုဇ်မသည် “ဤမင်းကြီးအား မဟောသဓသုခမိန်၌ ကောင်းသော နှလုံးသွင်းခြင်းရှိသည်ကို သိရပါပြီ။ ယင်းသို့ သိရသော်လည်း ဤမျှလောက်ဖြင့် မဟောသဓသုခမိန်၏ဂုဏ်သည် မထင်ရှားသေး။ ထင်ရှားအောင်ငါပြုအံ့။ အဘယ်သို့ပြုရသော် ကောင်းအံ့နည်းဟူမူ ငါသည် ပရိသတ်အလယ်၌ ထိုပြဿနာကိုပင် မေးဦး၍ ထို ၅-ယောက်သောသူတို့၏ဂုဏ်ကို ဖော်ပြအံ့။ မင်းသည်လည်း မိမိမယ်တော် အစရှိသော ၅-ယောက်သားတို့၏ ကျေးဇူးမဲ့ကို ပရိသတ်အလယ်၌ဆို၍ မဟောသဓသုခမိန်၏ဂုဏ်ကို ချီးမွမ်းလတ္တံ့။ ထိုသို့ ပရိသတ်အလယ်၌ ချီးမွမ်းသည်ရှိသော် ကောင်းကင်၌ အပြစ်ကင်းသော လပြည့်ဝန်းကဲ့သို့ မဟောသဓသုခမိန်သည် ဤလူ့ပြည်၌ ထင်ရှားစွာ ဖြစ်လတ္တံ့”ဟု ကြံပြီးလျှင် “မင်းကြီး။ နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့ကို ယခု စည်းဝေးစေလော့”ဟု ဆို၏။

မင်းကြီးသည်လည်း ပရိဗိုဇ်မဆိုတိုင်း အလုံးစုံသော နန်းတွင်းသူ နန်းတွင်းသားအပေါင်းတို့ကို စည်းဝေးစေ၏။ ထိုအခါ ပရိဗိုဇ်မသည် ပရိသတ်တို့၏အလယ်၌ ထိုပြဿနာကိုပင်လျှင် မင်းကြီးအား မေးပြန်၏။ မင်းကြီးသည်လည်း ရှေးနည်းအတူပင် ဖြေပြန်၏။

ထိုအခါ ပရိဗိုဇ်မသည် ဤသို့ ဆို၏။ “မင်းကြီး ရေစောင့်ဘီလူးအား ရှေးဦးစွာ မယ်တော်ကိုပေးမည်ဟူ၍ မင်းကြီးဆိုသည်မှာ ခပ်သိမ်းသောသူတို့၌ အမိ၏ကျေးဇူးကို ဆပ်၍ မပြေနိုင်ရာ။ အမိတို့၏ကျေးဇူးသည်ကား သားသမီးတို့အား အလွန်ကြီး၏။ သင်၏အမိမူကား သူတစ်ပါးတို့၏အမိကဲ့သို့မျှ မဟုတ်သေး။ သူတစ်ပါးတို့၏ အမိထက်သာ၍ သင့်အား ကျေးဇူးကြီးပေသေးသည်”ဟု ပြလို၍ “ပေါသိတာ တေ ဇနေတ္တိ စ” အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ သင်၏အမိသည် သင့်ကို အငယ်ကပင်လျှင် တစ်နေ့တည်း၌ ၂-ကြိမ်, ၃-ကြိမ် ရေချိုးခြင်း၊ နံ့သာလိမ်းခြင်း၊ နို့တိုက်ခြင်း၊ ထမင်းကျွေးမွေးခြင်းတို့ဖြင့် နေ့ညဉ့်ရှည်စွာ ပြုစုကျွေးမွေးပေ၏။ ဤမျှသော ကျေးဇူးသာလည်း မဟုတ်သေး။ ဆမ္ဘိပုဏ္ဏားသည် သင့်ကိုပယ်ဖျက်မည် ကြံသောအခါလည်း သင်၏မယ်တော်သည် အကျိုးအပြစ်ကိုမြင်တတ်သော ပညာရှိမိန်းမ ဖြစ်သည်နှင့်အညီ သင်နှင့်တူစွာ အရုပ်ပြု၍ ဖျောက်ပယ်ယောင်ပြုလျက် သင့်ကို ဘေးအန္တရာယ်မှ လွတ်စေ၏။ ထိုသို့ ကျေးဇူးအထူးတင်ပေသဖြင့် သင့်ကို၁၀-လပတ်လုံး ဝမ်း၌လွယ်ပိုက်၍ ရင်၌သာလျှင်ကြီးရသော ကျေးဇူးရှင်ဖြစ်ပေလျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ရှေးဦးစွာပေးမည် ဆိုဘိသနည်း”ဟု မေး၏။

ဤစကား၌ ဆမ္ဘိပုဏ္ဏားသည် အဘယ်သို့ စူဠနီဗြဟ္မဒတ်မင်းကို ပြစ်မှားမည်ကြံသနည်းဟူမူကား ဤစူဠနီဗြဟ္မဒတ်မင်း၏ ခမည်းတော်သည်ကား မဟာစူဠနီအမည်ရှိ၏။ စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော် စလာကဒေဝီသည် စူဠနီဗြဟ္မဒတ်မင်း ငယ်စဉ်အခါကပင် ဆမ္ဘိပုဏ္ဏားနှင့်မှားယွင်း၍ မဟာစူဠနီမင်းကြီးကို စားတော်ထမင်း၌ အဆိပ်ခတ်သဖြင့်သတ်ပြီးသော်၊ ထိုဆမ္ဘိပုဏ္ဏားကို ထီးနန်းနှင်းလျက် မိမိလည်း မိဖုရားကြီးအရာဖြင့်ပင် စိုးစံကြ၏။ တစ်နေ့သ၌ စူဠနီဗြဟ္မဒတ်မင်းသားသည် “မိခင်။ အကျွန်ုပ်သည် အလွန်ဆာမွတ်၏။ တစ်စုံတစ်ခု ခဲဖွယ်စားဖွယ်ကို ပေးပါလော့”ဟု တောင်းလျှင် မယ်တော် စလာကဒေဝီသည် သကာ, ထန်းလျက်ဖြင့်လုပ်အပ်သော ခဲဖွယ်ကို စူဠနီဗြဟ္မဒတ်မင်းသားအား ပေး၏။

မင်းသားသည်လည်း ထိုခဲဖွယ်ကို စားလျက်နေလတ်သော် ချိုသောအရသာ, အနံ့ဖြင့် ယင်တို့သည် လာလတ်၍ မိမိကိုယ်ကို အုံကြကုန်၏။ မင်းသားသည် ယင်မအုံစိမ့်သောငှာ လက်၌ရှိသောခဲဖွယ်ကို အတန်ငယ်ဖဲ့ခြွေ၍ ကြမ်း၌ အစုစုအပေါက်ပေါက်ချပုံပြီးလျှင် လက်၌အုံသောယင်တို့ကို လက်ဖြင့်ပုတ်ခတ်၍ ပျံစေ၏။ ယင်အပေါင်းတို့သည်လည်း မင်းသားလက်၌ မအုံဘဲ ထိုကြမ်း၌ပုံသော ခဲဖွယ်ပေါက်တို့၌သာလျှင် အုံကြကုန်၏။ မင်းသားလည်း ထိုမင်းရင်ပြင်၌ ခဲဖွယ်ကိုစားပြီးလျှင် လက်, ခံတွင်းတို့ကိုဆေး၍ မိမိလိုရာသို့ သွားလေ၏ ။

ဆမ္ဘိပုဏ္ဏားသည် ဤသို့သော မင်းသား၏အမူအရာကိုမြင်လျှင် “ဤမင်းသားကား ယခုအရွယ်ကပင် မိမိလက်၌ ယင်ကိုမျှမနားစေရဘဲ ခဲဖွယ်ကို စား၏။ နောင် အရွယ်ရောက်လတ်သော်ကား ဤထီးနန်းစည်းစိမ်ကို ငါ့အား မပေးလတ္တံ့။ ထို့ကြောင့် ဤသတို့သားကို ယခုကဖျောက်ဖျက်မှ ရန်ငြိမ်းအံ့သည်”ဟု ကြံပြီးလျှင် ထိုအကြောင်းကို စလာကဒေဝီမိဖုရားအား တိုင်ပင်ပြောဆို၏။

စလာကဒေဝီသည်လည်း ဆမ္ဘိပုဏ္ဏားစကားကိုကြားလျှင် “အရှင်မင်းကြီး။ ထိုသို့တပြီးကား သားပင်ဖြစ်သော်လည်း ချစ်စွာသောလင်၏ ရန်သူကိုထား၍ အကျိုးမရှိ။ သူတစ်ပါးမသိရအောင် ထိုစူဠနီဗြဟ္မဒတ်မင်းသားကို ကျွန်ုပ် ဖျောက်ဖျက်ပါအံ့”ဟု ပုဏ္ဏားအားလှည့်စားပြီးသော်၊ ပုဏ္ဏားလည်း “ကောင်းပြီ။ ဖျောက်ဖျက်လေ”ဟု ဆိုပြီးလျှင် စလာကဒေဝီသည် ဥပါယ်တံမျဉ်၌လိမ္မာသော ပညာရှိသည်ဖြစ်၍ တစ်ခုသော ဥပါယ်တံမျဉ်ကိုကြံ ပြီးမှ စားတော်ကဲကို ခေါ်၍-

“အမောင်စားတော်ကဲ၊ ငါ့သား စူဠနီဗြဟ္မဒတ်မင်းသားသည် သင့်သားဓနုသေခနှင့် တစ်နေ့တည်းဖွားဖက်လည်း ဖြစ်၏။ အလွန်ချစ်ခင်ကြသော သူငယ်ချင်းကစားဖက်လည်း ဖြစ်၏။ ယခု ငါ့သားကို ဆမ္ဘိပုဏ္ဏားသည် သတ်မည်အကြံရှိ၍ ငါ့အား အာဏာထားဘိ၏။ ထို့ကြောင့် “ငါ၏ အလိုသို့လိုက်သဖြင့် ငါ့သား၏အသက်ကို သင် ပေးပါလော့”ဟုဆို၏။

စားတော်ကဲလည်း “အရှင်မိဖုရား။ ကောင်းပြီ။ အလိုတော်သို့ အကျွန်ုပ် လိုက်ပါအံ့”ဟု ဆိုလျှင် စလာကဒေဝီသည် “အမောင်စားတော်ကဲ။ ထိုသို့တပြီးကား ငါ့သား စူဠနီဗြဟ္မဒတ်မင်းသားကို သင်၏အိမ်သို့ခေါ်၍ သင့်သားဓနုခနှင့် အတူနေစေလျက် သူတစ်ပါးကို ယုံမှားမရှိစေခြင်းငှာ ၂-ရက်မှ ၃-ရက်ခန့် စဖိုထဲမှာအိပ်စေ၍၊ ဤစဖိုအိမ်၌ ဓနုသေခနှင့်အတူ မင်းသားအိပ်သည်ဟု အများအပြားသိကြသောအခါမှ သင်သည် ထိုစဖိုအိမ်၌ ဆိတ်ရိုးတို့ကိုစုထားပြီးလျှင် သူခပ်သိမ်းတို့အိပ်ပျော်စဉ် ညဉ့်အခါမှ စဖိုအိမ်ကိုမီးတိုက်၍ တစ်စုံတစ်ယောက်မျှမသိစေဘဲ သင့်သားနှင့် ငါ့သား စူဠနီဗြဟ္မဒတ်မင်းသားကိုခေါ်လျက် မင်္ဂလာရှိသော တံခါးဖြင့်ထွက်၍ တစ်တိုင်းတစ်နိုင်ငံသို့ သွားလေလော့။”

ထိုတစ်ပါးတိုင်းနိုင်ငံသို့ ရောက်သောအခါ၌လည်း ငါ့သား စူဠနီဗြဟ္မဒတ်မင်းသားကို မင်းသားဖြစ်သည်ဟူ၍ မပြောမဆိုလေနှင့်။ သင်၏သားဟူ၍သာ ဆိုလျက် ငါ့သား၏အသက်ကို သင် စောင့်ရှောက်ပါလေ”ဟုဆို၏။ စားတော်ကဲသည်လည်း “အရှင်မိဖုရား။ ကောင်းပါပြီ”ဟု ဝန်ခံ၏။

ထိုအခါ စလာကဒေဝီသည် စားတော်ကဲအား အသုံးအဆောင်အလို့ငှာ ရွှေငွေ ဥစ္စာနှစ်တို့ကို ပေးလိုက်၏။ စားတော်ကဲသည်လည်း မိဖုရားဆိုတိုင်း အလုံးစုံကိုပြုပြီးလျှင် မိမိသား ဓနုသေခနှင့် စူဠနီဗြဟ္မဒတ်မင်းသားကိုခေါ်၍ မဒ္ဒရာဇ်တိုင်း သာဂလပြည်သို့ ထွက်ပြေးသဖြင့် ထိုပြည်သို့ရောက်သောအခါ မင်းကြီးထံ ခစားလေ၏။ သာဂလမင်းကြီးသည်လည်း ယုံကြည်မြတ်နိုးခြင်းဖြစ်သဖြင့် စားတော်ကဲဟောင်းကိုချ၍ စူဠနီဗြဟ္မဒတ်မင်း၏အထိန်းတော်ကို စားတော်ကဲအရာ၌ထား၍ နေ့တိုင်းလျှင် မင်းကြီးထံ ခစားလေ၏။ သူငယ် ၂-ယောက်တို့လည်း စားတော်ကဲနှင့်အတူ နေ့တိုင်း နန်းတော်သို့ လိုက်ကြကုန်၏။

တစ်နေ့သ၌ “သာဂလမင်းကြီးသည် သူငယ်၂-ယောက်ကိုမြင်လျှင် စားတော်ကဲအား ဤသူငယ်၂-ယောက်ကား အသူ့သားနည်း”ဟု မေး၏။ စားတော်ကဲလည်း “အရှင်မင်းကြီး။ ဤသူငယ် ၂-ယောက်တို့ကား အကျွန်ုပ်သားချည်းပင် ဖြစ်ပါသည်”ဟု လျှောက်၏။ မင်းကြီးလည်း “သင့်သားချည်းပင်ဟူသော် ထိုသူငယ်၂-ယောက်တို့သည် အသွင် မတူကြတကား”ဟု ဆိုလျှင်၊ စားတော်ကဲလည်း “အရှင်မင်းကြီး။ အမိခြားသောကြောင့် မတူပါသည်”ဟု လျှောက်၏။ မင်းကြီးလည်း စားတော်ကဲစကားကို ယုံကြည်သဖြင့် “ထိုသို့တပြီးကား သင့်သား၂-ယောက်ကို ဤငါ၏နန်းတော်သို့ဝင်၍ နေ့တိုင်းမပြတ် ခစားစေ”ဟုဆို၏။

သူငယ်၂-ယောက်တို့သည်လည်း တစ်နေ့မပြတ် နန်းတော်သို့ဝင်၍ ကစားကြသဖြင့် အကျွမ်းဝင်လတ်သော် နန်းတော်၌ မင်းကြီးသမီးတော်နှင့် အတူပင်လျှင် ကစားရကုန်၏။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသားနှင့် မဒ္ဒရာဇ်မင်းသမီးတို့သည် မပြတ်တွေ့မြင်ရခြင်းကြောင့် အရွယ်လည်း ရောက်ဦးစဖြစ်ကြသည်နှင့် အချစ်ချင်းယှက်ကူး၍ ၂-ဦးလုံး စိတ်ထဲရောက်ကြလေ၏။

ထိုနန်းတော်တွင်း၌ စူဠနီဗြဟ္မဒတ်မင်းသားသည် ကျင်ကစားသည်ရှိသော် မဒ္ဒရာဇ်မင်းသမီးကိုသာလျှင် ကျင်ကို ကောက်စေ၏။ ကျည်းသားကစားသည်ရှိသော် ကျည်းသားကို ကောက်စေ၏။ “ကောက်ချေ” စေ၍ မကောက်နေလျှင် စူဠနီဗြဟ္မဒတ်မင်းသားသည် မင်းသမီး၏ထိပ်ကို လက်ဝါးဖြင့် ပုတ်၏။ မင်းသမီးသည်လည်း ငို၍သာလျှင် နေ၏။ တစ်ခွန်းမျှ ပြန်လှန်၍ မဆို။ မင်းသမီးငိုသံကိုကြား၍ မင်းသမီးအထိန်းတော်တို့ မေးလျှင်လည်း “ဤသူငယ် ငါ့ထိပ်ကို ပုတ်သည်”ဟုပြောချေလျှင်၊ “ငါ့ကြောင့် ထိုသူငယ် မင်းဒဏ် သင့်လေတော့မည်”ဟု မိမိနှင့်ထပ်တူ ချစ်ခြင်းရှိသည်ဖြစ်၍ “အဘယ်သူမျှ ငါ့ကို မပုတ်မခတ်ပေ။ ငါ၏အလိုအလျောက်သာ ဤမည်သော တုတ်, အုတ်, ခလုတ်, ဆူး, ငြောင့် ထိခိုက်၍ ငိုသည်”ဟု တစ်ပါးကိုသာလျှင် လွှဲဖယ်၍ ပြော၏။

ထိုအခါ တစ်နေ့သ၌ စူဠနီဗြဟ္မဒတ်မင်းသားသည် ကျင်ကစားလတ်သော် မင်းသမီးအား ကျင်ကောက်စေ၏။ မင်းသမီးလည်း အချစ်ယံု၍ မကောက်ဘဲနေလျှင် စူဠနီဗြဟ္မဒတ်မင်းသားသည် မင်းသမီးထိပ်ကို လက်ဝါးဖြင့် ပုတ်၏။ ထိုသို့ မင်းသားပုတ်သည်ကို မဒ္ဒရာဇ်မင်းမြင်လေသော် “ဤသူငယ်ကား စားတော်ကဲသားနှင့်မတူ။ ရှုချင်ဖွယ် တင့်တယ်သောအဆင်းလည်း ရှိ၏။ မကြောက်မရွံ့ အလွန်လည်း ရဲရင့်၏။ စားတော်ကဲသား မဟုတ်ရာ။ မျိုးကောင်းဆွေကောင်းသားပင် ဖြစ်ရာ၏”ဟု ကြံ၏။

ထိုနေ့မှစ၍လည်း မဒ္ဒရာဇ်မင်းသည် စူဠနီဗြဟ္မဒတ်မင်းသားကို အထူးသဖြင့် ကြည့်ရှုသိမ်းပိုက်၏။ တစ်နေ့သ၌ မင်းသမီး၏ အထိန်းတော်တို့သည် အချို အချဉ် မုန့်ခဲဖွယ်တို့ကို မင်းသမီးကစားရာ သွား၍ပေး၏။ မင်းသမီးသည် မိမိနှင့် ကစားဖော်ဖြစ်ကုန်သော သူငယ်တို့အား မုန့်ခဲဖွယ်ကိုဖဲ့၍ မိမိလက်ဖြင့်ငှဝေ၏။ သူငယ်အပေါင်းတို့သည် ပုဆစ်တုပ်လျက် မျက်နှာအောက်ချ၍ မုန့်ကို ခံကြရကုန်၏။ စူဠနီဗြဟ္မဒတ်မင်းသားမူကား မင်းသမီးနှင့်ယှဉ်ပြိုင်၍ ရပ်လျက်သာလျှင် မင်းသမီးလက်၌ မုန့်ကို လု၍စား၏။ ထိုသို့လု၍စားသည်ကို မဒ္ဒရာဇ်မင်းမြင်သော်လည်း မည်သို့မဆို မမြင်ယောင်သာ ပြု၍နေ၏။

တစ်နေ့သ၌ ကျင်ကစားလတ်သော် စူဠနီဗြဟ္မဒတ်မင်းသား၏ကျင်သည် မင်းကြီးအိပ်ရာအောက်သို့ ဝင်လေလျှင် စူဠနီဗြဟ္မဒတ်မင်းသားသည် “ဤပစ္စန္တရာဇ်မင်း၏အိပ်ရာအောက်ကို ငါ အဘယ့်ကြောင့် လျှိုဝင်အံ့နည်း”ဟု မင်းမာန်ဖြင့် ဝင်၍မကောက်ဘဲ ပြင်ကနေလျက် တုတ်နှင်တံဖြင့် ထုတ်ယူ၏။ ထိုသို့သော အမူအရာကို မဒ္ဒရာဇ်မင်းမြင်လေသော် “ဤသူငယ်ကား စင်စစ်လျှင် စားတော်ကဲသား မဟုတ်သည် မှန်၏”ဟု နှလုံးအမြဲ စွဲယူပြီးလျှင်၊ စားတော်ကဲကိုခေါ်၍ “အချင်း။ ဤသူငယ်ကား အသူ့သားနည်း”ဟုမေး၏။ စားတော်ကဲလည်း “အရှင်မင်းကြီး။ အကျွန်ုပ်သားပင်ဖြစ်ပါသည်”ဟုလျှောက်လျှင် မဒ္ဒရာဇ်မင်းသည် “အချင်းစားတော်ကဲ။ သင်၏သား ဟုတ်သည်, မဟုတ်သည်ကို ငါ အတပ်အမှန် သိရှိပြီ။ အဘယ့်ကြောင့် ငါ့ကို လှည့်စား လျှောက်ဆိုသနည်း။ ဟုတ်မှန်တိုင်း သင် လျှောက်လော့။ အကယ်၍ ဟုတ်မှန်တိုင်း ငါ့အား မလျှောက်လျှင် သင်၏အသက်ကို ဤသန်လျက်သွားတွင် ကုန်စေအံ့”ဟု ဆို၍ သန်လျက်ဖြင့် မိုး၏။

ထိုအခါ စားတော်ကဲသည် သေအံ့သည်မှ ကြောက်လန့်သည်ဖြစ်၍ “အရှင်မင်းကြီး။ အကျွန်ုပ် ဟုတ်မှန်တိုင်း လျှောက်ပါမည်။ ဆိတ်ကွယ်ရာကိုသာ ပေးတော်မူပါလော့”ဟု လျှောက်၏။ မင်းကြီးသည်လည်း စားတော်ကဲကို ဆိတ်ကွယ်ရာခေါ်ပြီးလျှင် ထိုအကြောင်းကို မေး၏။ စားတော်ကဲလည်း “အရှင်မင်းကြီး။ အကျွန်ုပ်အားလည်းကောင်း, ထိုသူငယ်အားလည်းကောင်း ဘေးမဲ့ ပေးတော်မူပါ”ဟု လျှောက်တောင်းပန်၏။ မင်းကြီးလည်း “အချင်း။ မစိုးရိမ်နှင့်။ ဟုတ်မှန်တိုင်းသာ လျှောက်လော့”ဟု ဆိုလျှင် စားတော်ကဲသည် ပဉ္စာလရာဇ်ပြည်၌ မဟာစူဠနီ ဗြဟ္မဒတ်မင်းကြီး၏ သားတော်ဖြစ်ကြောင်း, ဤပြည်သို့ ထွက်ပြေးခဲ့ရကြောင်း အလုံးစုံကို မင်းကြီးအား လျှောက်ကြား၏။

မဒ္ဒရာဇ်မင်းကြီးသည် ထိုသို့ မင်းသားဖြစ်ကြောင်းကို ဟုတ်မှန်တိုင်းသိပြီးသော် စူဠနီဗြဟ္မဒတ်မင်းသားအား ကောင်းစွာ ပြုစုသိမ်းပိုက်၍ ၁၆-နှစ်အရွယ်ရောက်သောအခါ၌ သမီးတော်နှင့် ထိမ်းမြားလေ၏။

ဉ္စာလရာဇ်ပြည်၌လည်း စဖိုအိမ်ကိုမီးတိုက်၍ စားတော်ကဲတို့ ထွက်ပြေးကြသောအခါ ဆမ္ဘိပုဏ္ဏားမှစ၍ ခပ်သိမ်းကုန်သော ပြည်သူပြည်သားအပေါင်းတို့သည် “ဤစားတော်ကဲအိမ်၌ စူဠနီဗြဟ္မဒတ်မင်းသားသည်လည်း အိပ်၏။ စားတော်ကဲသားအဖတို့သည်လည်း အိပ်ကုန်၏။ ထို၃-ယောက်တို့သည် မထွက်မပြေးနိုင်။ မီးလောင်ရာပါ၍ သေကြလေပြီ”ဟု တစ်မြို့လုံးအုတ်အုတ်ကျက်ကျက်ဖြစ်၏။ စလာကဒေဝီသည်လည်း ထိုစားတော်ကဲအိမ်ကို မီးလောင်စဉ်ပင်လျှင် ဆမ္ဘိပုဏ္ဏားထံသို့သွား၍ “အရှင်မင်းကြီး။ ယခု အကျွန်ုပ်တို့၏ နှလုံးအလို ပြည့်တော့သည်”ဟု လျှောက်ကြား၏။

ဆမ္ဘိပုဏ္ဏားလည်း “အဘယ်သို့ ပြည့်သနည်း”ဟု မေးလျှင်၊ “အရှင်မင်းကြီး။ ယခု အကျွန်ုပ်အိမ်ကိုမီးလောင်ရာ၌ စားတော်ကဲသားအဖနှင့် အကျွန်ုပ်သား စူဠနီဗြဟ္မဒတ်မင်းသားလည်း ထိုအိမ်မှာအိပ်သဖြင့် ထို၃-ယောက်စလုံး မီးတွင်ကျွမ်း၍ သေကြကုန်ပြီ”ဟုလျှောက်၏။ ဆမ္ဘိပုဏ္ဏားသည်လည်း အလွန်နှစ်သက် ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ စလာကဒေဝီသည်လည်း ထိုစားတော်ကဲအိမ်၌ မီးကိုငြိမ်းစေပြီးလျှင် ဆိတ်ရိုးတို့ကို ဆောင်ယူစေ၍ ဆမ္ဘိပုဏ္ဏားအား “အရှင်မင်းကြီး။ ဤအရိုးသည် စူဠနီဗြဟ္မဒတ်မင်းသား၏ အရိုးပင်တည်း”ဟုပြ၍ သုသာန်တစပြင်၌ စွန့်ပစ်လေ၏။

ဤအကြောင်းကိုရည်၍ ဘေရီပရိဗိုဇ်မသည် “မင်းကြီး၊ သူတစ်ပါးအမိကဲ့သို့မျှ မဟုတ်။ သင်၏အမိသည် ဆိတ်ရိုးကို သင်၏အရိုးပြု၍ပင်လည်း ဆမ္ဘိပုဏ္ဏား၏ ပြစ်မှားခြင်းတည်းဟူသောဘေးမှ သင့်ကို လွတ်စေပေသော ကျေးဇူးရှင်တကား။ အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ရှေးဦးစွာ ပေးမည်ဆိုဘိသနည်း”ဟု မင်းကြီးအား မေးလေသတည်း။

ဘေရီပရိဗိုဇ်မစကားကို ကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “အရှင်မ။ အကျွန်ုပ်မယ်တော်သည် အရှင်မဆိုတိုင်းပင်လျှင် အကျွန်ုပ်အား အလွန် ကျေးဇူးကြီးပေ၏။ ယင်းသို့ ကျေးဇူးကြီးသည်ပင် ဖြစ်သော်လည်း အကျွန်ုပ် ကျေးဇူးမဲ့ကို ပြုသောအရာကား အလွန်များစွာ ရှိခဲ့၏”ဟုဆို၍၊ စလာကဒေဝီ၏ အပြစ်ကို ပြအံ့သောငှာ “ဒဟရာ ဝိယ အလင်္ကာရံ” အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏

အဓိပ္ပာယ်ကား-

“အရှင်မ။ အကျွန်ုပ်မယ်တော်သည် အရွယ်လွန်ပြီးသည်တိုင်အောင်လည်း အပျိုအရွယ်ကဲ့သို့ မိမိနှင့် မတန်မတင့် စိန်ဖြင့်စီအပ်သော ရွှေခါးရန်းကြိုးဆင်လျက် ကိုယ်ကို အမွှေး, အထုံ, ပန်းနံ့သာတို့ဖြင့် ပြုပြင်ပြီးလျှင် အကျွန်ုပ်ခမည်းတော်၏ အမတ်ကြီးတို့သည် အကျွန်ုပ်ထံ ခစား၍နေသောအခါ ထိုအမတ်ကြီးတို့မြင်အောင် ဤနန်းတော်ဦး၌ လူးလာခတ် တောင်သွားမြောက်သွားပြု၍၊ မိမိခါးရန်ကြိုးသံဖြင့်လည်း တစ်နန်းတော်လုံး ညံညံတက်ဖြစ်၏။ မိမိစားနုပ်စားပေါက်ကိုမျှ စားခြင်းငှာမထိုက်သော ဤနန်းတော် တံခါးမှူး, ဆင်စီးသူရဲ, မြင်းစီးသူရဲတို့ကိုခေါ်၍လည်း ထိုသူတို့နှင့် အခါအချိန်ကိုမသိ အရှည်အကြာ သူငယ်စကားကိုပြောလျက် ဣန္ဒြေပျက်အောင် ရယ်ရွှင်ခြင်းကို ပြု၍နေ၏။

“တစ်ပါးသော ထီးဆောင်းမင်းတို့ထံသို့လည်း အကျွန်ုပ်အလိုတူ ဖြစ်ဟန်စကားဖြင့် “ဤမည်သောပြည်ကို အစိုးရသော ဤမည်သောမင်းကြီး အကျွန်ုပ်သားတော် စူဠနီဗြဟ္မဒတ်မင်းကြီးက မယ်တော်နှစ်သက်ရာမင်းကို အောင်တမန်စေ၍ ကာမဂုဏ်စည်းစိမ်ဖြင့် စံပျော်တော်မူလေတော့ဟု အခွင့်ပေးသည်နှင့်အညီ မင်းကြီးကိုသာ အကျွန်ုပ် မြတ်နိုးခြင်းရှိသည်ဖြစ်၍ ယခုစာနှင့် တမန်စေလိုက်ပါသည်။ အတူတကွ စံပျော်ရမည့်အကြောင်း ကောင်းမြတ်သောလက်ဆောင်နှင့်လာ၍ အကျွန်ုပ်ကိုဆောင်လှည့်ပါ”ဟု ရှက်ကြောက်ဖွယ်စကားနှင့် အကျွန်ုပ်မသိရအောင် တမန်စေလွှတ်ခြင်းကို ပြုဘိ၏။

“ထိုမင်းတို့လည်း ကျွန်ုပ်ကို ခံ့ညားခြင်းရှိသည်ဖြစ်၍ “အရှင်မိဖုရား၊ အကျွန်ုပ်တို့ကား စူဠနီဗြဟ္မဒတ်မင်းကြီး၏ အခွန်သွင်းရာ ကျွန်တော်မျိုးဖြစ်ပါသည်။ အကျွန်ုပ်တို့ကား အရှင့်မယ်တော်နှင့် မထိုက်မတန်ပေ။ နောက်နောင် ဤစကားကို တမန် မစေလွှတ်လိုက်ပါနှင့်။ အကျွန်ုပ်တို့ မဝံ့ပါ”ဟု စာနှင့် တမန်စေလွှတ်လိုက်ပြန်ကုန်၏။ ထိုတမန်တို့သည် မှူးမတ်ပရိသတ်အလယ်၌ ထိုစာကိုဖတ်သည်ရှိသော် အကျွန်ုပ်ဦးခေါင်းကို ၁၆-စိတ်ခွဲဘိသကဲ့သို့ အလွန်ဆင်းရဲခြင်း ဖြစ်ရ၏။ ထိုသို့သောအပြစ်ကြောင့် တင်ပေဖူးသောကျေးဇူးကို မရေမတွက်နိုင်၊ ရေစောင့်ဘီလူးအား မယ်တော်ကိုပင် ရှေးဦးစွာပေးရတော့မည်”ဟု ဆို၏။

မင်းကြီးစကားကိုကြားလျှင် ဘေရီပရိဗိုဇ်မသည် “မင်းကြီး။ ယင်းသို့သော အပြစ်ကြောင့် ရေစောင့်ဘီလူးအား မယ်တော်ကိုပေးမည်ဟူသော် ပေးတန်စေ။ မိဖုရားကြီး နန္ဒာဒေဝီကိုမူကား အဘယ့်ကြောင့် ပေးမည်ဆိုဘိသနည်း။ နန္ဒာဒေဝီ မိဖုရားကြီးသည် သင့်အား များစွာသောကျေးဇူး ရှိပေသည်မဟုတ်လော” ဟု ဆို၍ နန္ဒာဒေဝီ မိဖုရားကြီး၏ ဂုဏ်ကို ပြအံ့သောငှာ-“ဣတ္ထိ ဂုမ္ဗဿ ပဝရာ” အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး၊ နန္ဒာဒေဝီ မိဖုရားကြီးသည် ခပ်သိမ်းသောမိန်းမတကာတို့ထက် မြတ်သော မိဖုရားကြီးလည်းဖြစ်၏။ ချစ်ဖွယ်သော စကားကိုလည်း ဆိုတတ်၏။ အထက်မဒ္ဒရာဇ်ပြည်၌နေစဉ် ငယ်သော အခါကပင်လည်း မိဘဂုဏ်ကိုစွဲ၍ အမျက်မာန်မပြုဘဲ မင်းကြီးညှဉ်းဆဲသော်လည်း ချစ်သောအားဖြင့် မိဘတို့ကို မသိစေရဘဲ မင်းကြီး၏အပြစ်ကို ကာဆီးလျက် အရိပ်သဖွယ်ကဲ့သို့ မင်းကြီးအလိုရှိရာသို့သာ လိုက်၍ကျင့်၏။ အမျက်လည်း နည်း၏။ အကျင့်သီလလည်း ရှိ၏။ ဘုန်းပညာလက္ခဏာကောင်း ဟူသမျှနှင့်လည်း ပြည့်စုံ၍၊ ဤသို့စင်သော မိန်းမမြတ်ကို အလွန်ရခဲ၏။ ယင်းသို့ ရခဲသောမိန်းမမြတ်ဖြစ်လျက် အဘယ်အပြစ်ကြောင့် ရေစောင့်ဘီလူးအား နန္ဒာဒေဝီကို ပေးမည်ဆိုဘိသနည်း”ဟု မေး၏။

ပရိဗိုဇ်မစကားကို ကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် နန္ဒာဒေဝီ၏အပြစ်ကိုပြလို၍ “ခိဍ္ဍရတိ သမာပန္နံ”အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မ။ ဤနန္ဒာဒေဝီသည် အကျွန်ုပ်အား ကျေးဇူးများသည်လည်း ဖြစ်ပေ၏။ ယင်းသို့ဖြစ်သော်လည်း ကျေးဇူးမဲ့ကို ပြုသောအရာသည်လည်း များစွာရှိခဲ့၏။ အကျွန်ုပ်သည် စည်းစိမ်ရှင်ဖြစ်၍ ပုထုဇဉ်အလျောက် တစ်ပါးသောမိဖုရားတို့အား ကာမဂုဏ်ဖြင့်မြူးထူးလျက် နှစ်သက်ချစ်ခင် ကြင်နာခြင်းဖြင့် အဝတ်တန်ဆာ ဥစ္စာရွှေငွေတို့ဖြင့် ချီးမြှောက်ပေးကမ်းလျှင်လည်း ထိုနန္ဒာဒေဝီသည် နှစ်မြို့ခြင်း မဖြစ်၊ ဝန်တိုပိတ်ပင်တတ်၏။

ထိုမိဖုရားငယ်တို့သားသမီးများကို အကျွန်ုပ်သည် ချစ်ခင်ကြင်နာခြင်း အဝတ်တန်ဆာ ဆင်ပြင်ပါလျှင်လည်း နန္ဒာဒေဝီသည် မကြည်မဖြူသောစိတ်ဖြင့် ထိုသားငယ်,သမီးငယ်တို့၌ ကျွန်ုပ်ဆင်ပြင်သော အဝတ်တန်ဆာသည် ၂-ရက် ၃-ရက်မျှ မနေရ။ အကျွန်ုပ်မျက်နှာကွယ်လျှင် ထို အဝတ်တန်ဆာတို့ကို သိမ်းယူ၍ထား၏။ သားငယ်သမီးငယ်တို့သည်လည်း ငိုကြွေးလျက်သာလျှင် အကျွန်ုပ်ဆီသို့ လာကြကုန်၏။ ဤသို့ အကျွန်ုပ်စိတ်နှလုံး မချမ်းသာအောင်ပြုတတ်သော အပြစ်ကြောင့် ရေစောင့်ဘီလူးအား နန္ဒာဒေဝီကိုပေးမည် ဆိုပေသည်”ဟု ဆို၏။

မင်းကြီးစကားကို ကြားလျှင် ဘေရီပရိဗိုဇ်မသည် “ထိုသို့သောအပြစ်တို့ကြောင့် နန္ဒာဒေဝီကို ရေစောင့်ဘီလူးအားပေးသော်လည်း ပေးတန်စေ။ ညီတော် တိခိဏမန္တိမင်းသားကိုကား အဘယ်အပြစ်ကြောင့် ရေစောင့်ဘီလူးအား ပေးမည်ဆိုဘိသနည်း။ ထိုညီတော်သည် မင်းကြီးအား ကျေးဇူးများစွာရှိပေသည် မဟုတ်လော”ဟု ဆို၏၊ ခိခိဏမန္တိမင်းသား၏ ကျေးဇူးကိုပြခြင်းငှာ “ယေ နောစိတာ ဇနပဒါ”အစရှိသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ ထက်မြက်သော ပညာအကြံအစည်ရှိသောကြောင့် တိခိဏမန္တိ အမည်ရှိသော ညီတော်မင်းသားသည် မဒ္ဒရာဇ်ပြည်၌ မင်းကြီးနေရသောအခါ ဆမ္ဘိပုဏ္ဏားကို ပယ်ရှား၍ ပြည်ထဲရေး ၄-မျက်နှာ သာယာပွင့်လင်းကြောင်းကိုလည်း ပြု၏။ မိမိထီးနန်းကို မသိမ်းမြန်းဘဲ မဒ္ဒရာဇ်ပြည်၌နေသော သင်မင်းကြီးကို များစွာသော ဗိုလ်ပါအခြံအရံနှင့်သွား၍ ဆောင်ယူပြီးလျှင် ပဉ္စာလရာဇ်ပြည်၌ အဖအရိုက်အရာဖြစ်သော ထီးနန်းကို မင်းကြီးအား အပ်နှင်းပေ၏။ ထီးနန်းကိုမအပ်နှင်းမီလည်း မဒ္ဒရာဇ်ပြည်မှာ သင် နေသည်ဟုကြားလျှင် ညီတော်သည် မပြတ်ပင်လျှင် ရွှေ, ငွေ, အဝတ်တန်ဆာတို့ကို သင့်ထံ ပို့ဆက်စေ၏။ သားမြီးဖျားကို မှန်အောင်ပစ်နိုင်ကုန်သော လေးသည်ကျော် သူရဲအပေါင်းတို့ထက်လည်း လွန်ကဲလျက် ဆင်စီး၊ မြင်းစီး စစ်စီး, စစ်ဆင်တို့၌လည်း ကျွမ်းကျင်ရဲရင့်စွာ ဖြစ်၏။ ရန်ဆူးရန်ငြောင့်တို့နှင့် နှောင့်ယှက်ခြင်းငှာမဝံ့သော ပြည်စွယ် ပြည်သွား, ယောက်ျားကောင်းလည်း ဖြစ်ပေ၏။ ထိုသို့ ကျေးဇူးများပေသောသူဖြစ်လျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးမည်ဆိုဘိသနည်း”ဟု မေး၏။

ဤအရာ၌ တိခိဏမန္တမင်းသားသည် ဆမ္ဘိပုဏ္ဏားကို အဘယ်သို့ပယ်ရှားသနည်း ဟူမူကား မယ်တော်စလာကဒေဝီသည် ဆမ္ဘိပုဏ္ဏားနှင့် အကောက်ကြံ၍ မဟာစူဠနီဗြဟ္မဒတ်မင်းကြီးကို အဆိပ်ခတ်သောထမင်းဖြင့် ပြစ်မှားသောအခါ တိခိဏမန္တိမင်းသားသည် စလာကဒေဝီမိဖုရားဝမ်း၌ ပဋိသန္ဓေနှင့် ရှိ၏။ ဤဆမ္ဘိပုဏ္ဏား ထီးနန်းကိုသိမ်းမြန်းသောအခါမှ ဖွားမြင်သတည်း။ ဆမ္ဘိပုဏ္ဏားလည်း တိခိဏမန္တိမင်းသားကို မိမိသားအရင်းကဲ့သို့ ချစ်ခင်ခြင်းရှိ၏။ ဤတိခိဏမန္တိမင်းသား အရွယ်ရောက်လတ်သော် “ဤသန်လျက်ကိုစွဲမြဲလျက် ငါ့ထံခစားလော့”ဟု ဆို၍ သန်လျက်ကို ပေး၏။ ထိုတိခိဏမန္တမင်းသားလည်း ဆမ္ဘိပုဏ္ဏားကို “မိမိအဖအရင်း”ဟူသော အမှတ်ဖြင့်သာလျှင် မပြတ်ခစား၏။ ထိုအခါ အမတ်တစ်ယောက်သည် မင်းသားအား “အရှင့်သား။ ဤမင်းကား မင်းရိုးမင်းဆက် မဟုတ်။ ပုဏ္ဏားတည်း။ ဤပုဏ္ဏားသည် မယ်တော် စလာကဒေဝီဝမ်း၌ အရှင့်သားပဋိသန္ဓေနေစဉ် အရှင့်ခမည်းတော် မဟာစူဠနီဗြဟ္မဒတ်မင်းကြီးကို ပြစ်မှားပြီးလျှင် အရှင့်မယ်တော်နှင့် ထီးနန်းကို သိမ်းယူစိုးစံကြ၏။ အရှင့်သားမူကား မဟာစူဠနီဗြဟ္မဒတ်မင်းကြီး၏ သားတော်ဖြစ်သည်”ဟု ဆို၏။

ထိုအမတ်စကားကိုကြားလျှင် တိခိဏမန္တမင်းသားသည် ပုဏ္ဏားအား အမျက်ထွက်၍ တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် “ဤပုဏ္ဏားကို သုတ်သင့်အံ့”ဟုကြံပြီးသော်၊ မိမိအခြံအရံဖြစ်သော လုလင် ၂-ယောက်ကိုခေါ်စေ၍ တစ်ယောက်သောလုလင်အား မိမိလက်စွဲသန်လျက်ကို အပ်ပြီးလျှင် တစ်ယောက်သော လုလင်အား “နန်းတော်သို့ ဝင်သောအခါ သင်တို့၂-ယောက် တံခါးဝ၌နေလျက် ဤသူ့လက်၌ရှိသော သန်လျက်ကို ငါ့သန်လျက်ဖြစ်သည်”ဟု သင်လုလင်ပင် ယူလော့။ သန်လျက်စွဲသူကလည်း သန်လျက်ကိုမပေးဘဲ “ငါ့သန်လျက်ကို အဘယ့်ကြောင့် လုသနည်း”ဟု ခိုက်ရန်ငြင်းခုံခြင်းကို ပြုကြလော့” ဟုမှာထားပြီးသော် နန်းတော်သို့ ဝင်လေ၏။

ထိုသူ၂-ယောက်တို့လည်း မင်းသားမှာထားတိုင်း ခိုက်ရန်ငြင်းခုံခြင်းကို ပြုကြကုန်၏။ ဆမ္ဘိပုဏ္ဏားသည်လည်း ထိုအသံကိုကြား၍ “နန်းတော်တံခါးဝ၌ အဘယ်ကို ငြင်းခုံကြသနည်း”ဟု မင်းချင်း တစ်ယောက်ကို စေလွှတ်လိုက်၏။ ထိုမင်းချင်းလည်း အကြောင်းကိုသိပြီးသော် မင်းကြီးထံပြန်သွား၍ “အရှင်မင်းကြီး။ တစ်ခုသောသန်လျက်ကို သူ့သန်လျက်, ငါ့သန်လျက်ဟူ၍ လုယူကြလျက် ခိုက်ရန်ဖြစ်ကြပါသည်”ဟု လျှောက်ကြား၏။

ဆမ္ဘိပုဏ္ဏားသည်လည်း ထိုစကားကိုကြားလျှင် “ယခုလုယက်ကြသော သန်လျက်သည် အဘယ်မင်းခယောက်ျားစွဲသော သန်လျက်နည်း”ဟု မေး၏။ ထိုအခါ တိခိဏမန္တိမင်းသားသည် “အရှင်မင်းကြီး။ ဤသန်လျက်ကား အကျွန်ုပ်အား အရှင်မင်းကြီး သနားပေးအပ်တော်မူသော သန်လျက်ဖြစ်ပါသည်။ ဤသန်လျက်ကို အကျွန်ုပ် လုလင်တစ်ယောက်မှာ ပေးအပ်ခဲ့၍ အရှင်မင်းကြီးထံခစားလျက် ယခုနေခိုက်တွင် ထိုအကျွန်ုပ်၏လုလင်မှာ တစ်ပါးမင်းချင်းတို့က “ငါ့သန်လျက်ဖြစ်သည်”ဟု လုယက်ကြသဖြင့် ခိုက်ရန်ဖြစ်ကြသည်ဖြစ်ပါမည်”ဟု လျှောက်၏။

မင်းသားစကားကိုကြားလျှင် ဆမ္ဘိပုဏ္ဏားသည် “ချစ်သား။ ထိုသို့တပြီးကား ထိုသန်လျက်ကို ယခုပင် ယူချေ။ ငါ့ထံရောက်လျှင် ဟုတ်မဟုတ်ကို သိရလိမ့်မည်”ဟု ဆို၍ သန်လျက်ကို ယူစေ၏။ တိခိဏမန္တိ မင်းသားသည်လည်း ပုဏ္ဏားဆိုတိုင်းသွား၍ ထိုလုလင်လက်မှ သန်လျက်ကိုဆောင်ယူခဲ့ပြီးလျှင် သန်လျက်အိမ်မှထုတ်၍ “အရှင်မင်းကြီး။ ဟုတ်,မဟုတ်ကို ကြည့်တော်မူပါ”ဟုဆိုလျက် ပြယောင်ဆောင်၍ အနီးသို့ချဉ်းကပ်ပြီးသော် ဆမ္ဘိပုဏ္ဏား၏ပခုံးညွန့်ကို ထိုသန်လျက်ဖြင့် လွှဲကာပယ်ရှား၍ မိမိခြေရင်း၌ ကျစေ၏။ ထိုသို့ ဆမ္ဘိပုဏ္ဏားကိုသုတ်သင်ပြီးသော် နန်းတော်ကို ဆေးသန့်စင်ကြယ်စေ၍၊ မြို့ကို တန်ဆာဆင်စေပြီးလျှင် တိခိဏမန္တိမင်းသား ရာဇာဘိသိက်မင်္ဂလာကိုဆောင်လျက် ထီးနန်းကို သိမ်းမြန်းမည်ပြု၏။ ထိုအခါ မယ်တော် စလာကဒေဝီသည် စူဠနီဗြဟ္မဒတ်မင်း အမည်ရှိသော သင်၏နောင်တော်သည် ထိုသို့သော အကြောင်းဖြင့်ထွက်ပြေး၍ ယခု မဒ္ဒရာဇ်ပြည်မှာ ရှိသည်”ဟု နောင်တော်ရှိကြောင်းကို ပြောဆိုလေ၏။

ထို မယ်တော်စကားကိုကြားမှ နောင်တော်ရှိကြောင်းကို သိလေသော် တိခိဏမန္တမင်းသားသည် များစွာသော စစ်သည်ဗိုလ်ပါအပေါင်းခြံရံလျက် မဒ္ဒရာဇ်ပြည်သို့သွား၍ နောင်တော် စူဠနီဗြဟ္မဒတ်မင်းကို မိဖုရားကြီး နန္ဒာဒေဝီနှင့်တကွ ချီပင့်ခဲ့ပြီးလျှင် ခမည်းတော် မဟာစူဠနီဗြဟ္မဒတ်မင်း၏ အရိုက်အရာဖြစ်သော ထီးနန်းကို အပ်နှင်းလေ၏။ ထိုဆမ္ဘိပုဏ္ဏားကို ပယ်ရှားသောအခါမှ စ၍လည်း ထိုမင်းသားအား ထက်မျက်လျင်လျားသော ပညာအကြံအစည်ရှိခြင်းကြောင့် တိခိဏမန္တိမင်းသားဟူ၍ ထင်ရှားစွာဖြစ်လေ၏။ ထို့ကြောင့် ပရိဗိုဇ်မသည် မင်းကြီးအား “ဤသို့ သောကျေးဇူးရှိပေလျက် အဘယ့်ကြောင့် ညီတော်ကို ရေစောင့်ဘီလူးအား ပေးမည်” ဆိုဘိသနည်း”ဟု မေး၏။

စူဠနီဗြဟ္မဒတ်မင်းကြီးသည်လည်း ပရိဗိုဇ်မစကားကိုကြားလျှင် တိခိဏမန္ထမင်းသား၏အပြစ်ကို ပြလို၍- “ပယာဇိတာ ဇနပဒါ” အစရှိသော ၃-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မ။ အကျွန်ုပ်ညီတော် တိခိဏမန္တိမင်းသားသည် အရှင်မ ဆိုတိုင်းပင် ပြည်ထဲရေး ၄-မျက်နှာ သာယာငြိမ်ဝပ်ကြောင်း မကောင်းသောရန်ဆူးရန်ငြောင့်ကို နုတ်ထွင်လျက် အကျွန်ုပ်ကိုလည်း တိုင်းတစ်ပါးမှပင့်ချီ၍ ဤထီးနန်းစည်းစိမ်ကို အပ်နှင်းပေ၏။ လေးအတတ်, ဆင်စီး မြင်းစီး အစရှိသော စစ်အင်္ဂါအမှုတို့၌လည်း တစ်စုံတစ်ယောက်မျှ မတူသောလက်ရုံးရည်လည်း ရှိပေ၏။ ထိုညီတော်သည် မိမိဘုန်းလက်ရုံးရည်ဖြင့် တစ်ပါးသော ထီးဆောင်းမင်းတို့ကိုလည်း အကျွန်ုပ်အား ခံ့ညားစေသည်ဖြစ်၍ ထိုထိုသောတိုင်းနိုင်ငံတို့မှ များစွာသော အခွန်ပဏ္ဏာ လက်ဆောင်လက်နက်တို့ကိုလည်း ဆောင်ယူပေ၏။ ရဲရင့်ထက်မြက်စွာ ပညာအကြံအစည်နှင့်လည်း ပြည့်စုံပေ၏။ ထိုသို့သောကျေးဇူးဂုဏ်နှင့် ပြည့်စုံသောသူဟူ၍ အကျွန်ုပ်လည်း ညီတော်အား ကြီးစွာသော အရာအထူးဖြင့် ချီးမြှောက်ပါ၏။ ယင်းသို့ ချီးမြှောက်ပါလျက် ညီတော်သည် အကျွန်ုပ်ကို မင်းဟူသောအမှတ်မျှ မရှိ။ မိမိကျေးဇူးဂုဏ်ကိုသာပြ၍ မထီမဲ့မြင် မခံ့မညားပြုခဲ့၏။ ယခုလည်း ရှေးကကဲ့သို့မျှ အကျွန်ုပ်ထံလာ၍ မခစားဘဲနေဘိ၏။ ထိုသို့သောအပြစ်တို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကိုပေးမည် ဆိုပေသည်”ဟုဆို၏။

စူ          ဠနီဗြဟ္မဒတ်မင်းကြီးစကားကို ကြားလျှင် ဘေရီပရိဗိုဇ်မသည် “မင်းကြီး။ ယင်းသို့သော အပြစ်တို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကို ပေးမည်ဟူသော် ပေးတန်စေ။ ယခု သူငယ်ဖော် ဖွားဖက်ဖြစ်သော ဓနုသေခကိုကား အဘယ့်အပြစ်ကြောင့် ပေးအံ့နည်း။ သူငယ်ဖော် ဓနုသေခသည် မင်းကြီးအား များစွာ ကျေးဇူးရှိပေသည် မဟုတ်လော”ဟုဆို၍ ဓနုသေခ၏ကျေးဇူးကို ပြခြင်းငှာ “ဧကရတ္တေန ဥဘယော” အစရှိသော ၃-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ စားတော်ကဲသား ဓနုသေခသည် ဤပြည်၌ မင်းကြီးနှင့် ဖွားဖက်တော်ကိုရှာလျှင် ဤဓနုသေခသည်သာလျှင် မင်းကြီးနှင့် တစ်ညဉ့်တည်း ဖွားဖက်ဖြစ်၏။ မင်းကြီးနှင့် ငယ်စဉ်ကပင် အတူတကွ ကစားလျက်ကြီးသော သူငယ်ချင်းလည်း မှန်၏။ ငယ်စဉ်ကပင် မင်းကြီးသွားလေရာ အရိပ်သဖွယ်ပါသော ဆင်းရဲဖော်ချမ်းသာဖက် သမာနသုခဒုက္ခ အဆွေခင်ပွန်းစစ်လည်း မှန်၏။ ညဉ့်နေ့မဟူ အပူ, အချမ်းမရွေး ဘေးရန်မှန်းမသိ မင်းကြီးစီးပွားတော်ကိုလည်း အခါခပ်သိမ်း လုံ့လပြုလျက် အမြဲရွက်ဆောင်လေ့ရှိ၏။ ငယ်သောအခါမှသည် ယခုတိုင်အောင် မင်းကြီး၏အလိုသို့သာလည်း လိုက်၍ ကျင့်ဆောင်တတ်၏။ ဤသို့ အတူမကွဲ ဆင်းရဲချမ်းသာခံလျက် ရောင့်ရဲဖက်ဖြစ်သော အဆွေခင်ပွန်းစစ်ကိုလျက် အဘယ်အပြစ်ကြောင့် ရေစောင့်ဘီလူးအားပေးမည် ဆိုဘိသနည်း”ဟု မေး၏။

ပရိဗိုဇ်မစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ဓနုသေခ၏အပြစ်ကို ပြလို၍ “စရိယာ မံ အယံ အယျေ” အစရှိသော ၃-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မ။ အကျွန်ုပ်နှင့် ဆင်းရဲဖော် ချမ်းသာဖက်ဖြစ်သော ဓနုသေခသည် အရှင်မဆိုတိုင်းပင် အကျွန်ုပ်အား ကျေးဇူးကြီးသည် မှန်ပေ၏။ ယင်းသို့မှန်သော်လည်း ကျေးဇူးမဲ့ကို ပြုသောအရာလည်း အလွန်များခဲ့၏။ အထက်က အကျွန်ုပ်ဆင်းရဲသောအခါ ဤဓနုသေခနှင့် ထမင်းတစ်ခွက်တည်းစားခြင်း, အတူ တစ်နေရာတည်း နေခြင်းတို့ကိုပြုလျက် အကျွမ်းတဝင် အချင်းချင်း လက်ဖြင့်တို့ဆိတ် ကျီစယ် ရယ်ရွှင်မြူးထူးခြင်းကို ပြုကြ၏။ ထိုဆင်းရဲသောအခါက ပြုသည့်အတိုင်းသာလျှင် မင်းဖြစ်ပေသည်ဟူ၍မျှ ထောက်ထားဆင်ခြင်ခြင်း မရှိ။ မှူးမတ်များစွာ အခြံအရံနှင့်နေသော အကျွန်ုပ်အား ပြင်းစွာရယ်ရွှင်ခြင်း, ပြက်ရယ်ပြောဆိုခြင်းကို ပြုဘိ၏။ အကျွန်ုပ်သည် ကျက်သရေတိုက်၌ နန္ဒာဒေဝီမိဖုရားကြီးနှင့် ၂-ယောက်တည်း တံခါးပိတ်လျက်နေလျှင်လည်း ဓနုသေခသည် အကျွန်ုပ်မမြင်အောင် ကွယ်ရာက အမှတ်မထင်လာလျက် “ငါ တံခါးကို ရသောသူတကား” ဟူ၍သာလျှင် တံခါးကိုဖွင့်၍ အဆောတလျင်ဝင်လာဘိ၏။ အကျွန်ုပ်အား ရိုသေခံ့ညားခြင်း, ရှက်ကြောက်ခြင်း တစ်စုံတစ်ခုမျှ မရှိ၊ ထိုသို့သောအပြစ်ကြောင့် ရေစောင့်ဘီလူးအားပေးမည် ဆိုပေသည်”ဟုဆို၏။

စူဠနီဗြဟ္မဒတ်မင်းကြီးစကားကို ကြားလျှင် ဘေရီပရိဗိုဇ်မသည် “မင်းကြီး။ ယင်းသို့သောအပြစ်တို့ကြောင့် သူငယ်ဖော် ဓနုသေခကို ရေစောင့်ဘီလူးအား ပေးသော်လည်း ပေးတန်စေ။ ပုရောဟိတ်ဖြစ်သော ကေဝဋ်အမတ်ကြီးသည် သင့်အား များစွာသောကျေးဇူး ရှိပေသည်မဟုတ်လော။ အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးမည် ဆိုဘိသနည်း”ဟုဆို၍၊ ကေဝဋ်အမတ်ဂုဏ်ကို ပြခြင်းငှာ “ကုသလော သဗ္ဗနိမိတ္တာနံ” အစရှိသော ၂-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ ပုရောဟိတ်ဖြစ်သော ကေဝဋ်အမတ်ကြီးသည် ခပ်သိမ်းသောနိမိတ်တို့၌လည်း လိမ္မာ၏။ ၁၀၁-ပါးသောလူမျိုးတို့၏ ဘာသာကိုလည်း နားလည်၏။ လက္ခဏာကျမ်း, နိဃဏ္ဍုကျမ်း, ကေဋုဘကျမ်း, ဣတိဟာသကျမ်းတို့နှင့်တကွ ဗေဒင် ၃-ပုံကိုလည်း အာဂုံမြဲစွာ နှုတ်မှာဆောင်ရွက် လေ့ကျက် ကျွမ်းကျင်၏။ မြေလှုပ်ခြင်း, တော်လည်းခြင်း, ကြိတ်ထွက်ခြင်း, စံနည်း, တံပေါင်ပေါ်ထွက်ခြင်းစသော ဘူမိနိမိတ်၌လည်းကောင်း၊ နေကြတ်ခြင်း, ဥက္ကာကျခြင်း ကောင်းကင်၌ စို့ပြခြင်း, တိမ်တံခွန်ထွက်ခြင်း, တိမ်ခွပ်ခြင်း, တိမ်ကြိတ်ခြင်း, ကြယ်တံခွန်လွှားခြင်း, အခိုးထွက်ခြင်း ဂြိုဟ် ၈-လုံး အသွားပျက်ခြင်း, နက္ခတ်တာရာ အရောင်ညှိုးခြင်း, အရောင်ထွက်ခြင်းစသော အာကာသနိမိတ်၌လည်းကောင်း၊ နေ့,လ,ရက်အစုံနှင့်တကွ ဥပဒ်ဖြစ်ရာသည် ကောင်းကျိုးဖြစ်ရာသည်တို့ကိုလည်း သိတတ်၏။ နေ့ရက်အချိန်နှင့် အိပ်မက်ကိုလည်း မှန်စွာ ဖတ်တတ်၏။ နက္ခတ် ၂၇-လုံးတို့၌လည်း တြင်း, နဝင်းဖြင့်ဖွဲ့၍ ၁၂-ရာသီအခွဲအဝေ, နေ,လစသော ဂြိုဟ် ၈-လုံးတို့၏ နှစ်,လအကူးအပြောင်း, အချိန်အခါ စန်း,လဂ်,ရာသီကိုလည်း သိတတ်၏။ လနှင့် နက္ခတ်အယှဉ်၌ ဥပဒ်ဖြစ်ကြောင်း, သုဘဖြစ်ကြောင်းတို့ကို သိသည်နှင့်လျော်စွာ ဤနက္ခတ်ဖြင့် ဤမည်သောအရပ်သို့ ထွက်ခြင်းယတြာကို ပြုအပ်၏။ ဤနက္ခတ်ဖြင့်ကား ဝင်ခြင်းယတြာကို ပြုအပ်၏။ ဤနက္ခတ်ဖြင့်ကား ယတြာ မပြုကောင်း စသည်ဖြင့် ခပ်သိမ်းသော ဆောင်ရွက်ရာအမှုဟူသမျှတို့၌ ဆောင်ရာသည် မဆောင်ရာသည် နက္ခတ်တို့ကိုလည်း ပြညွှန်တတ်၏။ ထိုသို့ ပုရောဟိတ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံစွာသော သုခမိန်အမတ်ကြီးကို အဘယ့်ကြောင့် ရေစောင့်ဘီလူးအားပေးမည် ဆိုဘိသနည်း”ဟု မေး၏။

ဘေရီပရိဗိုဇ်မ စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်ပုရောဟိတ်၏အပြစ်ကို ပြလို၍ “ပရိသာယမ္ပိ မေ အယျေ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မ။ ပုရောဟိတ်ဖြစ်သော ကေဝဋ်အမတ်ကြီးသည် အရှင်မ ဆိုတိုင်းပင် ပုရောဟိတ်အင်္ဂါနှင့် ပြည့်စုံညီညွတ်စွာရှိပေ၏။ ယင်းသို့ဖြစ်သော်လည်း အကျွန်ုပ် မနှစ်မြို့သောအပြစ်သည်လည်း ရှိခဲ့၏။ ထိုကေဝဋ်ပုရောဟိတ်သည် အကျွန်ုပ်ထံခစားလျှင် မျက်စိမျက်တောင် မျက်မှောင်အောက်ကိုချ၍ မခစား။ ကြောက်မက်ဖွယ် မျက်မှောင်တံကိုချီ၍ မျက်လုံးပြောင်တောင်ပြုလျက် အမျက်ထွက်သကဲ့သို့ ကြည့်တတ်၏။ ထိုသို့သောအပြစ်ကြောင့် ရေစောင့်ဘီလူးအားပေးမည် ဆိုပေသည်”ဟုဆို၏။

စူဠနီဗြဟ္မဒတ်မင်းစကားကိုကြားလျှင် ဘေရီပရိဗိုဇ်မသည် “မင်းကြီး၊ ယင်းသို့ အသီးအသီး အပြစ်ရှိသောကြောင့် မယ်တော်, မိဖုရား, ညီတော်, သူငယ်ဖော်, ပုရောဟိတ်အားဖြင့် ၅-ယောက်သောသူတို့ကို ရေစောင့်ဘီလူးအားပေးသော်လည်း ပေးတန်စေ။ ဤသို့သော ထီးနန်းစည်းစိမ်ကို မရေတွက်ဘဲ အသက်ကိုစွန့်၍ မင်းကြီးကိုယ်ကို အဘယ့်ကြောင့် ရေစောင့်ဘီလူးအားပေးမည် ဆိုဘိသနည်း။ မဟောသဓသုခမိန်လည်း ရှိသေးသည် မဟုတ်လော။ မဟောသဓသုခမိန်၌ အဘယ်ကျေးဇူးကိုမြင်၍ မပေးဘဲနေဘိသနည်း”ဟု ဆိုလျက် မင်းကြီး၏စည်းစိမ်ကို ချီးမွမ်း၍ မဟောသဓ၏ဂုဏ်ကို မေးအံ့သောငှာ “သသမုဒ္ဒပရိယာယံ”အစရှိသော ၅-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မင်းကြီး။ ထက်ဝန်းကျင်သော သမုဒ္ဒရာရေတို့ဖြင့် ဝန်းရံအပ်သည်ဖြစ်၍ ဤဇမ္ဗူဒိပ်ကျွန်းသည် မဟာသမုဒ္ဒရာ၏ နားတောင်းသဖွယ်လည်း ဖြစ်၏။ ရတနာ ၃-ပါး, ၇-ပါး, ရတနာ ၁၀-ပါးတို့၏ တည်ရာလည်း ဖြစ်၏။ တိုင်းကြီး ၁၆-တိုင်း, တိုင်းငယ်အရာမက များလှစွာသော မြို့ရွာ,ခရိုင်တို့ဖြင့်လည်း တင့်တယ်၏။ ထိုသို့တင့်တယ်စွာ မဟာသမုဒ္ဒရာလျှင်အဆုံးရှိသော ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ အောင်အပ်ပြီးသော စစ်မြေပြင်ရှိသည်ဖြစ်၍ တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို သိမ်းရုံးစိုးအုပ်လျက် ဧကရာဇ်မင်းစည်းစိမ်ဖြင့် များစွာသော မင်းပရိသတ် ဗိုလ်ပါအပေါင်းခြံရံလျက် မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းသူ လူအပေါင်းတို့၏ အထွတ် ဖြစ်တော်မူသည် မဟုတ်လော။”

“ယင်းသို့ ဧကရာဇ်မင်း ဖြစ်သည်နှင့်အညီ အရာမကသော တိုင်းကြီးပြည်ကြီး မြို့ရွာဇနပုဒ်တို့မှစ၍ အရည်အဆင်းလှပကုန်သော သမီးကညာရတနာတို့ကို အသီးအသီး ပို့ဆက်ကြရသဖြင့် ဤနန်းတော်၌ ၁-သောင်း ၆-ထောင်ကုန်သော မောင်းမတို့သည်လည်း ပတ္တမြား,ပုလဲ,ကျောက်မျက်ရွဲစသော မျက်မြတ်ရတနာတို့ဖြင့်စီအပ်သော ရွှေနားတောင်း, ရွှေလက်ကောက် စသည်တို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ နတ်သမီးတမျှ တင့်တယ်ကြကုန်၏။”

“ထိုနတ်စည်းစိမ်နှင့်တူစွာသော ကာမဂုဏ်စည်းစိမ်ကို ဆင်းရဲပင်ပန်းခြင်းမရှိ စိုးရိမ်ကြောင့်ကြမဲ့ စိုးစံတော်မူရသော ဧကရာဇ်မင်းဖြစ်၍- “သုခိတာနံ ပိယံ ဒီဃံ ဇီဝိတံ”ဟူသော ရှေးပညာရှိ သူဟောင်းတို့စကားနှင့် အညီလျော်စွာ ကိုယ်စိတ်ချမ်းသာကုန်သောသူတို့သည် မိမိ၏အသက်ရှည်ခြင်းကို ချစ်အပ်သည်ဖြစ်လျက် မိမိ၏အသက်ကိုမချစ်ဘဲ ရေစောင့်ဘီလူးအားပေး၍၊ မဟောသဓသုခမိန်ကိုကား အဘယ့်ကြောင့် မပေးသနည်း။ မဟောသဓသုခမိန်၏ ဂုဏ်ကျေးဇူးအထူး မည်သို့ရှိသည်ဟု သိမြင်သောကြောင့်တည်း မင်းကြီး မပေးသလော”ဟု ဆို၏။

ဘေရီပရိဗိုဇ်မစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် မဟောသဓာသုခမိန်၏ဂုဏ်ကို ပြလို၍ “ယတောပိ အာဂတော အယျေ” အစရှိသော ၃-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မ။ မဟောသဓသုခမိန်သည် အကျွန်ုပ်နိုင်ငံသို့ ရောက်သည်နေ့မှ ယခုနေ့တိုင် အဏုမြူ၁-လုံးမျှ အကျွန်ုပ်အား ကိုယ်, နှုတ်ဖြင့် ပြစ်မှားခြင်းမည်သည်ကို မပြုစဖူးပေ။ ယင်းသို့ အပြစ်မရှိဘဲလျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးထိုက်အံ့နည်း။ အရှင်မ။ တစ်ကြောင်းမှာလည်း ဤမဟောသဓသုခမိန်သည် အတိတ်,အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော ကာလ၃-ပါးတို့၌ အကျိုးစီးပွား များမြတ်အံ့သော အကြောင်းကိုလည်း သိမြင်နိုင်၏။ သူတစ်ပါးတို့အား ကံ၃-ပါးတို့ဖြင့် ပြစ်မှားခြင်းကိုလည်း မပြုတတ်။ မဟောသဓသုခမိန်မသေမီ အကျွန်ုပ်သေရလျှင် သားတော်အစဉ် မြေးတော်အဆက်တိုင်အောင် မဟောသဓသုခမိန်သည် စောင့်ရှောက်ရစ်သဖြင့် အကျွန်ုပ်အားလည်း ကောင်းသောသေရခြင်း ဖြစ်ပါသည်။ သူခပ်သိမ်းတို့အားလည်း ပစ္စုပ္ပန်,သံသရာတို့၌ စီးပွားချမ်းသာ ရရာသောအကြောင်း ဖြစ်ပါသည်။ ယင်းသို့ ဂုဏ်ကျေးဇူးအထူး ရှိပေသောသူဖြစ်ပေသောကြောင့် ရေစောင့်ဘီလူးအား အသက်ကိုအသေခံ၍ အကျွန်ုပ်ကိုယ်ကိုသော်လည်း ပေးထိုက်လှ၏။ မဟောသဓသုခမိန်ကိုကား မပေးထိုက်”ဟု

စူဠနီဗြဟ္မဒတ်မင်းသည် လပြည့်ဝန်းကို ချီ၍ပြသကဲ့သို့ ဘုရားလောင်း၏ဂုဏ်ကို ချီးမြှောက်၍ ဘေရီပရိဗိုဇ်မအား ပြောဆို၏။

ထိုသို့ မင်းကြီးစကားဖြင့် ဘုရားလောင်းအား မင်းကြီး နှလုံးသွင်း အခြားမရှိသည်ကိုသိရပြီးသော် ဘေရီပရိဗိုဇ်မသည် ဤသို့ ကြံပြန်၏။ “ဤမျှသောစကားနှင့် မဟောသဓသုခမိန်ဂုဏ် မထင်ရှားသေး။ ပြည်သားပြည်သူ လူအပေါင်းတို့၏အလယ်၌ ဤပြဿနာကိုပင်မေး၍ မင်းကြီးကို ဤနည်းအတူဖြေစေရသော် မဟာသမုဒ္ဒရာအပြင်၌ များစွာသောဆီကို လောင်းသွန်းဘိသကဲ့သို့ အများအပြားပျံ့နှံ့ခြင်းဖြစ်၍ မဟောသဓ သုခမိန်၏ဂုဏ်ကျေးဇူးသည် အထူးသဖြင့် ထင်ရှားလတ္တံ့” ဟုကြံပြီးလျှင်၊ မင်းကြီးကိုခေါ်ခဲ့၍ နန်းတော်မှဆင်းသက်ပြီးသော် မင်းရင်ပြင်မြေတလင်း၌ နေရာခင်းကျင်းစေပြီးမှ မိမိတို့နေရာ၌နေကြ၍ မှူးတော် မတ်တော်, ပြည်သူပြည်သားအပေါင်းတို့ကို ထိုမြေတလင်း၌ စည်းဝေးစေပြီးလျှင် ဘေရီပရိဗိုဇ်မသည် စူဠနီဗြဟ္မဒတ်မင်းကြီးအား ရှေးနည်းအတူပင်လျှင် ရေစောင့်ဘီလူးပြဿနာကို မေးပြန်၏။ စူဠနီဗြဟ္မဒတ် မင်းကြီးသည် ပရိဗိုဇ်မမေးတိုင်း အစမှစ၍ အဆုံးတိုင်အောင် ရှေးနည်းအတူပင်လျှင် ဖြေလျှောက်ပေ၏။

ဤသို့ ပြည်သားပြည်သူ လူအပေါင်းတို့၏အလယ်၌ ဘုရားလောင်း၏ဂုဏ်ကို ထင်ရှားစေပြီးလျှင် ရတနာ ၇-ပါးတို့ဖြင့်ပြီးသော ရွှေနန်းရွှေအိမ်၌ ပတ္တမြားမျက်မြတ်ကို အထွတ်တပ်သကဲ့သို့ ဘေရီပရိဗိုဇ်မသည် မိမိတစ်ဖန် အထွတ်တပ်လိုပြန်၍-

“ဣဒံ သုဏာထ ပဉ္စာလာ၊ စူဠနေယျဿ ဘာသိတံ။

ပဏ္ဍိတံ အနုရက္ခန္တော၊ ပါဏံ စဇတိ ဒုစ္စဇံ။”

“မာတု ဘရိယာယ ဘာတု စ၊ သခိနော ဗြဟ္မဏဿ စ။

အတ္တနောစာပိ ပဉ္စာလော၊ ဆန္နံ စဇတိ ဇီဝိတံ။”

“ဧဝံ မဟိဒ္ဓိကာ ပညာ၊ နိပုဏာ သာဓု စိန္တိတာ။

ဒိဋ္ဌေ ဓမ္မေ ဟိတတ္ထာယ၊ သမ္ပရာယေ သုခါယ စ။”

ဟူသော ၃-ဂါထာတို့ဖြင့် ပြည်သူပြည်သားတို့အား ကြားသိစေပြန်၏။

အနက်ကား။ ။ဘောန္တော ပဉ္စာလာ၊ အို-ပဉ္စာလရာဇ် ပြည်သားပြည်သူတို့။ စူဠနေယျဿ၊ စူဠနီဗြဟ္မဒတ်မင်း၏။ ဘာသိတံ၊ ဆိုအပ်သော။ ဣဒံဝစနံ၊ ဤစကားကို။ သုဏာထ၊ နာကြကုန်လော့။ ပဏ္ဍိတံ၊ မဟောသဓသုခမိန်ကို။ အနုရက္ခန္တော၊ အစဉ်စောင့်ရှောက်လျက်။ ဒုစ္စဇံ၊ စွန့်ဝံ့ခဲသော။ ပါဏံ၊ မိမိအသက်ကို။ စဇတိ၊ စွန့်ဘိ၏။

ပဉ္စာလော၊ ပဉ္စာလရာဇ်မင်းသည်။ မာတုစ၊ မယ်တော်၏လည်းကောင်း။ ဘရိယာယ စ၊ မိဖုရားကြီး၏လည်းကောင်း။ ဘာတု စ၊ ညီတော်၏လည်းကောင်း။ သခိနော စ၊ သူငယ်ဖော်၏လည်းကောင်း။ ဗြာဟ္မဏဿ စ၊ ပုရောဟိတ်၏လည်းကောင်း။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ဣတိ၊ ဤသို့။ ဆန္နံ၊ ၆-ယောက်ကုန်သောသူတို့၏။ ဇီဝိတံ၊ အသက်ကို။ စဇတိ၊ စွန့်၏။

ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့်။ ပညာ၊ ပညာသည်။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးလည်းရှိ၏။ နိပုဏာ၊ သိမ်မွေ့စွာ၏။ သာဓုစိန္တိတာ၊ သူတော်ကောင်းတို့သည်သာ ကြံအပ်၏။ ဒိဋ္ဌေ ဓမ္မေ စ၊ ဤပစ္စုပ္ပန်မျက်မှောက်၌လည်း။ ဟိတတ္ထာယ၊ စီးပွားဖြစ်ခြင်းငှာ။ သမ္ပရာယေ စ၊ တမလွန်၌လည်း။ သုခါယ၊ ချမ်းသာခြင်းငှာ။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား-

“ပဉ္စာလရာဇ် ပြည်သူလူအပေါင်းတို့။ ယခု မင်းကြီးဆိုအပ်သောစကားကို ကြားကြပြီးလော။ အလွန် ချစ်ခင်လေးမြတ်အပ်သော မိမိမယ်တော်, မိဖုရားကြီး နန္ဒာဒေဝီ, ညီတော် တိခိဏမန္တိမင်းသား, သူငယ်ဖော် ဓနုသေခ, ပုရောဟိတ်ဖြစ်သော ကေဝဋ်အမတ်, မိမိကိုယ်နှင့်တကွ ထို၆-ယောက်သားတို့၏ အသက်ကိုကား မရေတွက်မူ၍ စွန့်နိုင်ခဲသောအရာဖြင့် ရေစောင့်ဘီလူးအား စွန့်မည်ဟု ဆို၏။ ယခုမှ ဤပြည်သို့ ရောက်လာစသာဖြစ်သော မဟောသဓသုခမိန်ကိုကား ပညာဂုဏ်တန်ခိုးကြောင့် မြတ်နိုးခြင်းဖြစ်၍ ရေစောင့်နတ်အားမပေးဘဲ ကောင်းစွာစောင့်ရှောက်ခြင်းကို ပြု၏။"

“ထို့ကြောင့် ပရိသတ်အပေါင်းတို့။ ပညာဟူသည်ကား အလိုရှိအပ်သော အရာခပ်သိမ်းကို ပြီးစေတတ်သော မဏိဇောတိရသ် ပတ္တမြားကဲ့သို့ သွားလေရာရာ ဥစ္စာပစ္စည်း ရှေ့သို့ချဉ်းရောက်စေသည်ဖြစ်၍ အလွန်တန်ခိုးကြီး၏။ ဒုစရိုက် ၁၀-ပါးကို မကျင့် , အသင့်အားဖြင့် နှလုံးသွင်းတတ်သော သူတော်ကောင်းတို့သည်သာလျှင် ကြံအပ်၏။ ပညာသည်သာလျှင် ပစ္စပ္ပန်၌ ကိုယ့်စီးပွား,သူတစ်ပါးတို့၏စီးပွား ၂-ပါးသောအကျိုးကိုဆောင်၍ နောင်တမလွန်၌လည်း မနုဿဂတိ, ဒေဝဂတိဟု ဆိုအပ်သော ချမ်းသာ, မြင့်မြတ်သော ဂတိတို့သို့ ပို့ဆောင်လျက် မဂ်, ဖိုလ်, နိဗ္ဗာန် ချမ်းသာကိုလည်း ရွက်ဆောင်နိုင်၏”ဟု

ဘေရီပရိဗိုဇ်မသည် ရတနာ၇-ပါးဖြင့်ပြီးသော ရွှေနန်းရွှေအိမ်၌ ပတ္တမြားတုံးကို တစ်လုံးတည်း အထွတ်တင်ဘိသကဲ့သို့ ဘုရားလောင်း၏ ပညာဂုဏ်ကိုချီးမွမ်း၍ ပရိသတ်တို့အား သောတဒွါရဝီထိ၌ အထွတ်တင်လေ၏။

ဤကား ဆင်ရတနာ, မြင်းရတနာ, ကျောက်မျက်ရွဲ ပုလဲ ပတ္တမြားစသော မျက်မြတ်ရတနာတို့၌ အဖိုးထိုက်မထိုက်ကိုသိတတ်သော ရာပြတ်ကဲ့သို့ စူဠနီဗြဟ္မဒတ်မင်းသည်လည်း ခပ်သိမ်းသောသူတို့၏ အထိုက်အလိုက်ကိုသိတတ်သော ပညာရှိဖြစ်သည်တစ်ကြောင်း။ ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်း၌ ဘုရားလောင်းကို ဗျာဒိတ်ပေးတော်မူသောအခါ လက်ယာရံ ပထမသာဝကအရာဖြင့် တံဆိပ်မှတ်ချက် တင်တော်မူလိုက်သော ပုဂ္ဂိုလ်ဖြစ်သည်နှင့်အညီ အနောမဒဿီ မြတ်စွာဘုရားခြေတော်ရင်းမှစ၍ ပထမသာဝကဆုကိုပန်တော်မူလျက် အဆက်ဆက်သော သံသရာတို့၌ မေတ္တာချင်းနှောကြိတ်၍ တစ်စိတ်တည်းကဲ့သို့ နှစ်လိုအပ်သော အကျိုးစီးပွားကို ၂-ပါးလုံးပင် ဆောင်ဖူးကြသဖြင့် သူ့ကျေးဇူးကိုသိတတ်သော သဘောအလေ့ ရှိတော်မူသည်တစ်ကြောင်းဖြစ်၍ ဘုရားလောင်းအား ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၂-ယောက် မရကောင်းသော ပညာရှိဖြစ်ပေသည်ဟု ဂုဏ်အထူးကို သိသည်နှင့်လျော်စွာ သူ့ပြည် သူ့နိုင်ငံသို့ ရောက်သည်ဟူ၍ မညှိုးမငယ်စေ။ ကိုယ့်ရပ်ကိုယ့်ပြည်မှာ စိုးစံရသော စည်းစိမ်ထက် ၂-ဆတက်၊ ၃-ဆတက် ချင့်တွက်၍မဆုံးနိုင်အောင် ဧကရာဇ်မင်း၏စည်းစိမ်နှင့် အခြားမရှိပြလျက် အသက်ရှည်သမျှကာလပတ်လုံး ဘုန်းကျက်သရေတို့ဖြင့် တင့်တယ်ပွင့်လင်းစေ၏။

စူဠနီဗြဟ္မဒတ်မင်းသည် ဘုရားလောင်းအား ဂုဏ်နှင့်ထိုက်လျောက်စွာ ချီးမြှောက်ကြောင်း။ ဘေရီပရိဗိုဇ်မသည်လည်း ဒုတိယသာဝိကာအဖြစ်ဖြင့် ဒီပင်္ကရာမြတ်စွာဘုရား၏ နှုတ်တော်တံဆိပ် ဗျာဒိတ်တော်ဝင် ဖြစ်သည်နှင့်အညီ ပဒုမုတ္တရဘုရားရှင်ခြေတော်ရင်း၌ လက်ဝဲရံရဟန္တာမိန်းမဆုကို ပန်ပြီးမှ ဘုရားလောင်းနှင့် တွေ့ကြိမ်သမျှ ဘဝအဆက်ဆက်တို့၌ သဗ္ဗညုတဉာဏ်၏ရင့်ခြင်းကို ထောက်ပံ့ဖော်ဖြစ်၍ အဘိုးအနဂ္ဃထိုက်သော ပတ္တမြားမျက်မြတ်ကို မထိုက်မလိုက်သောနေရာတို့၌ မထားမချစေဘဲ ရတနာကြုတ် ၇-ထပ်မှ လှပ်ကာလွှာကာ အသာအညှင်း ဖွင့်လှစ်ထုတ်ယူလျက် ဇမ္ဗူရာဇ်ရွှေကို ကလပ်ပေါ်၌တင်ထား၍ အများထင်ရှားအောင်ပြသကဲ့သို့ ဘုရားလောင်းအား ဂုဏ်နှင့်ထိုက်လျောက်စွာ ပဉ္စာလရာဇ်မင်းမှူးမတ် ပရိသတ်တို့၏အလယ်၌ ပညာရှိဂုဏ်ကျေးဇူးကို အထူးသဖြင့်ချီးမြှောက်၍ ထင်ရှားစေကြောင်းကို ပြခြင်းတည်း။