မာတင်္ဂဇာတ်
ဝီသတိနိပါတ်
၁။ မာတင်္ဂဇာတ်
ရဟန်းများကို ညှဉ်းဆဲခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝံသတိုင်းအရှင်ဖြစ်သော ဥတေနမင်းကို အကြောင်းပြု၍ ကုတော နု အာဂစ္ဆသိ ဒုမ္မဝါသီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမာတင်္ဂဇာတ်ကို ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ တနည်းကား ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါဝယ် ဘာရဒွါဇအနွယ်ဖြစ်သော ပိဏ္ဍောလ မထေရ်သည် ဇေတဝန် ကျောင်းတော်မှ ကောင်းကင်ဖြင့်သွား၍ များသောအားဖြင့် ကောသမ္ဗီပြည်၌ ဥတေနမင်းစော၏ ဥယျာဉ်သို့ နေ့သန့်ခြင်းငှာ သွား၏။ ပိဏ္ဍောလမထေရ်သည် ရှေးဘဝ၌ မင်းအဖြစ်ကို ပြုသည်ရှိသော် ရှည်မြင့်စွာသော ကာလအဓွန့်ပတ်လုံး ထိုဥတေနမင်းစော၏ ဥယျာဉ်၌ များစွာသော။ အခြံအရံရှိသော မင်းစည်းစိမ်ကို ခံစားဘူးသတတ်၊ ထိုပိဏ္ဍောလ မထေရ်သည် ထိုသို့ ရှေး၌ လေ့ကျက်ဘူးသောကြောင့် များသောအားဖြင့် ထိုဥတေနမင်းစော ဥယျာဉ်၌သာလျှင် နေ့သန့်ခြင်းကိုပြု၍ ဖလသမာပတ် ချမ်းသာဖြင့်နေ၍ နေ့အဘို့ကို လွန်စေ၏။
ထိုပိဏ္ဍောလမထေရ်သည် တနေ့သ၌ ထိုဥယျာဉ်သို့ သွား၍ ကောင်းစွာပွင့်သော အင်ကြင်းပင်ရင်း၌ နေသည်ရှိသော် ဥတေနမင်းစောသည် ခုနစ်ရက်ပတ်လုံး များစွာသော အရက်ကိုသောက်၍ ဥယျာဉ်ကစားခြင်းကို ငါပြုအံ့ဟု များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာ၌ တယောက်သော မိန်းမ၏ရင်ခွင်၌ လျောင်းသည်ရှိသော် သုရာယစ်သည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ကချေသည်ဖြစ်ကုန်သော မိန်းမတို့သည် တီးမှုတ်မျိုးဖြစ်သော တူရိယာ ငါးပါးတို့ကို စွန့်ကုန်၍ ဥယျာဉ်သို့ ဝင်ကုန်၍ ပန်းသစ်သီး အစရှိသည်တို့ကို ဆွတ်သီကုန်လျက် ပိဏ္ဍောလ မထေရ်ကို မြင်ကုန်သောကြောင့် သွားကုန်၍ ခြံရံကုန်လျက် နေကုန်၏။ မထေရ်သည် ထိုမိန်းမတို့အား တရားစကားကို ပြောဟောကုန်လျက် နေ၏။ ထိုမင်းကြီးသည် မှီ၍အိပ်သော မိန်းမသည်လည်း ကိုယ်အင်္ဂါကိုလှုပ်၍ မင်းကိုနှိုး၍ တီးမှုတ်ကသီ၍ နေကုန်သော ထိုမိန်းမတို့သည် အဘယ်အရပ်သို့ သွားကုန်သနည်းဟု ဆိုလတ်သော် ရဟန်းတယောက်ကို ခြံရံ၍ နေကုန်၏ဟု ဆို၏။ ဥတေနမင်းစောသည် အမျက်ထွက်သည်ဖြစ်၍ ပိဏ္ဍောလမထေရ်ကို ဆဲရေးရေရွတ်၍ ယခုအခါ၌ ဤရဟန်းအား ခါချဉ်နီတို့ကို တုပ်စေအံ့ဟု ကြံ၍ အမျက်၏အစွမ်းအားဖြင့် ကြံ၍ အမျက်၏အစွမ်းအားဖြင့် ပိဏ္ဍောလမထေရ်၏ ကိုယ်ပေါ်၌ ခါချဉ်ထုပ်ကို ပစ်စေ၏။ မထေရ်သည် ကောင်းကင်၌ရပ်တည်၍ ထိုဥတေနမင်းစောအား အဆုံးအမကိုပေး၍ ကောင်းကင်ဖြင့်သွား၍ ဇေတဝန်ကျောင်းတော်၌ ဂန္ဓကုဋိ တိုက်ခန်းတံခါးဝယ် သက်၏။ ဘုရားသခင်သည် အဘယ်အရပ်မှ လာသနည်းဟု မေးသည်ရှိသော် မထေရ်သည် ထိုအကြောင်းကို ရွှေနားတော် လျှောက်ကြား၏။ ဘုရားသခင်သည် ဘာရဒွါဇ အမျိုးဖြစ်သော ချစ်သားပိဏ္ဍောလ ဥတေနမင်းစောသည် ယခုအခါ၌သာလျှင် ရဟန်းတို့ကို ညှဉ်းဆဲသည်မဟုတ်၊ ရှေး၌လည်း ညှဉ်းဆဲဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ တောင်းပန်လတ်သော် လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြို့အပဝယ် ဒွန်းစဏ္ဍားအမျိုး၌ ဖြစ်တော်မူ၏။ ထိုဘုရားလောင်း၏ အမည်ကို မာတင်္ဂဟု မှည့်ကုန်၏။ နောက်အဘို့၌ သိကြားလိမ်မာခြင်းသို့ ရောက်သည်ရှိသော် မာတင်္ဂသုခမိန် ပညာရှိဟု ကျော်စော ထင်ရှား၏။ ထိုအခါ ဗာရာဏသီပြည်၌ သူဌေးသမီးသည် ဒိဋ္ဌမင်္ဂလိကာ အမည်ရှိ၏။ တလတကြိမ် နှစ်လတကြိမ် များစွာသော အခြံအရံရှိသည်ဖြစ်၍ ဥယျာဉ်သို့ ကစားခြင်းငှါ သွား၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် တစုံတခုသော အမှုကြောင့်မြို့တွင်းသို့ ဝင်လတ်သော် တံခါးတွင်း၌ ဒိဋ္ဌမင်္ဂလိကာကို မြင်၍ တင့်အပ်သော အရပ်သို့ ဆုတ်ခွါဖဲကြဉ်၍ ပုန်းကွယ်လျက် ရပ်နေ၏။ ဒိဋ္ဌမင်္ဂလိကာသည် တင်းတိမ်ပေါက်ဖြင့် ကြည့်လတ်သော် ထိုမာတင်္ဂဘုရားလောင်းကို မြင်၍ ဤသူကား အဘယ်သူနည်းဟု မေး၍ ရှင်မ ဒွန်းစဏ္ဍာတည်းဟု ဆိုလတ်သော် မမြင်အပ် မမြင်သင့် မမြင်ထိုက် မမြင်ကောင်းသော သူယုတ်မာကို မြင်မိလေစွတကားဟု နံ့သာရည်ဖြင့် မျက်စိကို ဆေးကြော၍ ထိုမြင်ရာအရပ်မှ ပြန်လေ၏။ ထိုဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးနှင့်တကွ ထွက်သော ပရိသတ်သည် ဟယ်- မကောင်း ယုတ်မာသော ဒွန်းစဏ္ဏားယုတ်- ယနေ့ သင့်ကို မှီ၍ ငါတို့အား အဘိုးအခမရှိသော အရက် ထမင်းသည် ပျက်ခဲ့လေပြီဟု အမျက်ဒေါသဖြင့် နှိပ်စက်သည်ဖြစ်၍ မာတင်္ဂသုခမိန် ဘုရားလောင်းကို လက်တို့ဖြင့်၎င်း, ခြေတို့ဖြင့်၎င်း ပုတ်ခတ်ကျောက်ကန်သည်ကို ပြုသဖြင့် မိန်းမောစေ၍ ဖဲလေ၏။
ထိုမာတင်္ဂ ဘုရားလောင်းသည် အတန်ငယ်ကြာမှ ရအပ်သော အမှတ်ရှိသည်ဖြစ်၍ ကြံ၏။ ဒိဋ္ဌမင်္ဂလိကာ၏ အခြံအရံ ပရိသတ်သည် အပြစ်မရှိသောငါ့ကို အကြောင်းမရှိဘဲလျက် ပုတ်ခတ်ဘိ၏။ ဒိဋ္ဌမင်္ဂလိကာကို ရသည်ရှိသော် ထအံ့၊ မရသည်ရှိသော် ငါ မထဟု အဓိဋ္ဌာန်၍ သွားပြီးသော် ဒိဋ္ဌမင်္ဂလိကာ၏ အဖအိမ်တံခါး၌ အိပ်၏။ ထိုဒိဋ္ဌမင်္ဂလိကာ၏ အဖသည် အဘယ်အကြောင်းကြောင့် အိပ်သနည်းဟု ဆိုလတ်သော် တပါးအကြောင်းမရှိ၊ ဒိဋ္ဌမင်္ဂလိကာကို အလိုရှိ၏ဟု ဆို၏။ တရက်သည် လွန်၏။ ထို့အတူ နှစ်ရက် သုံးရက် လေးရက် ငါးရက် ခြောက်ရက်သည် လွန်၏။ ဘုရားလောင်းတို့၏ အဓိဋ္ဌာန်တော်မူခြင်းသည်ကား ပြီးပြည့်စုံမြဲသာတည်း၊ ထို့ကြောင့် ခုနစ်ရက်မြောက်သောနေ့၌ ဒိဋ္ဌမင်္ဂလိကာကို အိမ်မှထုတ်၍ ထိုမာတင်္ဂသုခမိန်အား ပေးရလေ၏။
ထိုအခါ မာတင်္ဂသုခမိန်ကို ဒိဋ္ဌမင်္ဂလိကာသည် အရှင့်သား ထတော်မူပါလော့၊ အရှင့်သား၏အိမ်သို့ သွားကြကုန်အံ့ဟု ဆို၏။ နှမ-သေအရက်ကို သောက်သော သင်၏ အခြွေအရံသည် ငါ့ကို ပုတ်ခတ်သည်ဖြစ်၍ ငါသည် အားနည်းလှ၏။ ငါ့ကို ပွေ့ချီပိုက်ဖက်၍ ကျောက်ကုန်းထက်သို့ တင်ယူ၍ သွားလော့ဟု ဆို၏။ ထိုဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးသည် ထိုမာတင်္ဂသုခမိန်ဆိုတိုင်း ပြု၍ ပြည်သူတို့သည် မြင်ကုန်စဉ်လျှင် မြို့မှထွက်၍ ဇွန်းစဏ္ဍားရွာသို့ သွားလေ၏။ ထိုအခါ၌ ဒိဋ္ဌမင်္ဂလိကာကို ဘုရားလောင်းသည် အမျိုးကို ဖျက်တတ်သော လွန်ကျူးခြင်းကို မပြုမူ၍ နှစ်ရက် သုံးရက် နေစေ၍ ကြံ၏။
ငါသည် ဒိဋ္ဌမင်္ဂလိကာကို များမြတ်သော အခြံအရံသို့ ရောက်သည်ကို ပြုလိုသည်ရှိသော် ရဟန်းပြုမှသာလျှင် ပြုခြင်းငှါ တတ်နိုင်လတ္တံ့၊ ရဟန်းပြုသည်မှ တပါးသောအကြောင်းဖြင့် မတတ်နိုင်လတ္တံ့ဟု ကြံ၏။ ထိုအခါ ထိုဒိဋ္ဌမင်္ဂလိကာကို ခေါ်၍ နှမ-ငါသည် တောမှ တစုံတခုတို့ကို မဆောင်ချေသည်ရှိသော် ငါတို့အား အသက်မတည်ကုန်လတ္တံ့၊ ငါမလာသမျှ ကာလပတ်လုံး မဆန့်ကျင်ရစ်လင့်၊ ငါသည် တောသို့သွားအံ့ဟုဆို၍ အိမ်၌နေသောသူတို့ကိုလည်း ဤဒိဋ္ဌမင်္ဂလိကာကို မမေ့ရစ်ကြပါကုန်လင့်ဟု ဆုံးမ၍ တောသို့သွား၍ သာသနာတော်တွင်း၌ ရဟန်းနှင့်တူစွာသော ပရိဗိုဇ်ရဟန်းပြု၍ ခုနစ်ရက်မရောက်မီ ရှစ်ပါးသော သမာပတ်တို့ကို၎င်း, အဘိညာဉ် ငါးပါးတို့ကို၎င်း ဖြစ်စေ၍ ယခုအခါ၌ ဒိဋ္ဌမင်္ဂလိကာ၏ မှီခိုကိုးကွယ်ရာသည် ဖြစ်ခြင်းငှါ တတ်နိုင်လတ္တံ့ဟု ကြံတော်မူ၍ တန်ခိုးဖြင့်လာ၍ ဒွန်းစဏ္ဍာရွာအပါး၌ သက်ဆင်း၍ ဒိဋ္ဌမင်္ဂလိကာ၏ အိမ်တံခါးသို့ သွား၏။
ထိုဒိဋ္ဌမင်္ဂလိကာသည် ဘုရားလောင်း၏ လာကြောင်းကိုသိ၍ အိမ်မှထွက်၍ အရှင့်သား- အဘယ့်ကြောင့် အကျွန်ုပ်ကို ကိုးကွယ်ရာမဲ့ပြု၍ ရဟန်းပြုသနည်းဟု မြည်တမ်းငိုကြွေး၏။ ထိုအခါ၌ ဒိဋ္ဌမင်္ဂလိကာကို နှမ- မစိုးရိမ်လင့်၊ သင့်အား ရှေးစည်းစိမ် အခြံအရံထက် အလွန် ကြီးမြတ်သော စည်းစိမ်အခြံအရံ ရှိသည်ကို ငါပြုအံ့ဟု ဆို၍ ငါ၏လင်သည် မာတင်္ဂသုခမိန်မဟုတ်၊ ငါ၏လင်ကား မဟာဗြဟ္မာတည်းဟု ဤမျှသောစကားဖြင့် ပရိသတ်အလယ်၌ ပြောဆိုခြင်းငှါညတတ်နိုင်မည်လောဟု မေးသည်ရှိသော် အရှင့်သား- တတ်နိုင်ပါလတ္တံ့ဟု ဆို၏။ ထိုသို့ တတ်နိုင်သော် ယခုအခါ၌ သင်၏လင်သည် အဘယ်အရပ်၌ ရှိသနည်းဟု မေးအပ်သည်ရှိသော် ဗြဟ္မာ့ပြည်သို့ သွား၏ဟုဆို၍ အဘယ်အခါ သင်၏လင် လာလိမ့်မည်နည်းဟု မေးသော် ဤနေ့မှ ခုနစ်ရက်မြောက်သော လပြည့်နေ့ဝယ် လဝန်းကိုခွဲဖောက်၍ လာလတ္တံ့ဟု ပြောဆိုရမည်ဟု မှာခဲ့၍ ဘုရားလောင်းသည် ဟိမဝန္တာသို့သာလျှင် ကြွတော်မူ၏။
ဒိဋ္ဌမင်္ဂလိကာသည် ဗာရာဏသီပြည်၌ လူများအလယ်ဝယ် ထိုထိုသို့သောအရပ်တို့၌ ဘုရားလောင်း မှာခဲ့တိုင်း ပြောဆို၏။ လူများသည် ငါတို့၏ မဟာဗြဟ္မာသည် ဖြစ်ပါလျက် ဒိဋ္ဌမင်္ဂလိကာကို အဘယ့်ကြောင့် ရလေသနည်း၊ ဤစကားသည် ဤဒိဋ္ဌမင်္ဂလိကာဆိုတိုင်း ဖြစ်လတ္တံ့ဟု ယုံကြည်၏။ ဘုရားလောင်းသည်လည်း လပြည့်နေ့၌ လ၏ ကောင်းကင်လယ်ဝယ် တည်သောအခါ၌ ဗြဟ္မာ၏ကိုယ်ကို ဖန်ဆင်း၍ အလုံးစုံသော ကာသိတိုင်း တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်ကို တပြိုင်နက် ထွန်းလင်းသည်ကိုပြု၍ လဝန်းကိုဖောက်လျက် သက်၍ ဗာရာဏသီပြည်၏ အလယ်၌ သုံးပတ်လှည့်လည်၍ လူအများသည် နံ့သာပန်း အစရှိသည်ဖြင့် ပူဇော်စဉ် ဒွန်းစဏ္ဍားရွာသို့ ရှေးရှုဖြစ်၏။ မင်းရိက္ခာစားဖြစ်သော ပုဏ္ဏားတို့သည် စုဝေးကုန်၍ ဒွန်းစဏ္ဍားရွာသို့ သွားကုန်၍ ဒိဋ္ဌမင်္ဂလိကာ၏ အိမ်ကို စင်ကြယ်သော အဝတ်ပုဆိုးတို့ဖြင့် မိုးကုန်၍ မြေကို နံ့သာမျိုးလေးပါးတို့ဖြင့် လိမ်းကျံကုန်၍ ပန်းတို့ကိုကြဲ၍ အခိုးအထုံကိုပေးလျက် ပုဆိုးဗိတာန်ကို ဖြန့်ကြက်၍ မြတ်သောအခင်းကို ခင်းပြီးလျှင် ဆီမွှေးဆီမီးကိုညှိ၍ အိမ်တံခါး၌ ငွေအဆင်းနှင့်တူသော အဆင်းရှိသော သဲကိုကြဲ၍ ပန်းတို့ကိုကြဲ၍ တံခွန်တို့ကို ဖွဲ့ကုန်၏။
ဤသို့ အိမ်ကို တန်ဆာဆင်ပြီးသည်ရှိသော် ဘုရားလောင်းသည် ကောင်းကင်မှသက်၍ အိမ်တွင်းသို့ဝင်၍ အတန်ငယ် အိပ်ရာပြင်၌ နေ၏။ ထိုအခါ၌ ဒိဋ္ဌမင်္ဂလိကာသည် ဥတုလာ၏။ ထိုဥတုလာသောအခါ၌ ဒိဋ္ဌမင်္ဂလိကာ၏ ချက်ကို လက်မဖြင့် သုံးသပ်၏။ ဝမ်း၌ ကိုယ်ဝန်သည် တည်၏။ ထိုအခါ ဘုရားလောင်းသည် ဒိဋ္ဌမင်္ဂလိကာကို ခေါ်၍ နှမ- သင်အား ကိုယ်ဝန်တည်ပြီ၊ သင်သည် သားယောက်ျားကို ဖွားမြင်လတ္တံ့၊ သင်သည်၎င်း, သားသည်၎င်း ထိုသင်တို့သားအမိ နှစ်ယောက်တို့သည် လာဘ်များခြင်း အခြံအရံများမြတ်ခြင်းသို့ ရောက်ကုန်သည် ဖြစ်လတ္တံ့၊ သင်၏ခြေဆေးရေသည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းတို့၏ အဘိသိက်ရေ ဖြစ်လတ္တံ့၊ သင်၏ ချိုးရေသည် အမြိုက်ဆေးရေ ဖြစ်လတ္တံ့၊ အကြင်သူတို့သည် သင်၏ချိုးရေကို ဦးခေါင်း၌ သွန်းလောင်းကုန်အံ့၊ ထိုသူတို့သည် အလုံးစုံသော အနာတို့မှ ကင်းလွတ်ကုန်လတ္တံ့၊ ယုတ်သောအဖြစ်မှ ကြဉ်ကုန်လတ္တံ့၊ သင်၏ ခြေဖမိုး၌ ဦးခေါင်းကိုထား၍ ရှိခိုးရသော သူတို့သည် အသပြာတထောင်ကို ပေးကုန်လတ္တံ့၊ (ရှိခိုးသူ များလှသောကြောင့် ငွေအသပြာတထောင် ပေးနိုင်မှ သင်၏ခြေကို ဦးခေါင်းတိုက်၍ ရှိခိုးရလိမ့်ဟူလိုသည်) စကားသံကိုကြားရာ၌ ရပ်၍ ရှိခိုးရသောသူတို့သည် အသပြာတရာကို ပေးကုန်လတ္တံ့၊ မျက်စိဖြင့် မြင်ရာအရပ်၌ တည်၍ ရှိခိုးရသော သူတို့သည် တကျပ်ပေး၍ ရှိခိုးရကုန်လတ္တံ့၊ မမေ့မလျော့ ဖြစ်လော့ဟု ထိုဒိဋ္ဌမင်္ဂလိကာကိုမှာဆိုဆုံးမခဲ့၍ အိပ်ရာမှထွက်၍ လူအပေါင်းတို့ မြင်စဉ်ပင်လျှင် ပျံတက်၍ လဝန်းသို့ ဝင်တော်မူ၏။
ပုဏ္ဏားအပေါင်းတို့ စုဝေး၍ ရပ်ကုန်လျက်လျှင် ညဉ့်ကို လွန်စေ၍ နံနက်ကလျှင် ဒိဋ္ဌမင်္ဂလိကာကို ရွှေထမ်းစင်ထက်သို့ တင်၍ ဦးခေါင်းဖြင့် ရွက်ကုန်၍ မြို့တွင်းသို့ ဝင်ကုန်၍ မဟာဗြဟ္မာမယား ဟူ၍လည်း ထိုဒိဋ္ဌမင်္ဂလိကာသို့ ကပ်၍ လူများသည် နံ့သာ, ပန်း အစရှိသည်တို့ဖြင့် ပူဇော်၏။ ခြေဖမိုး၌ ဦးခေါင်းကိုထား၍ ရှိခိုးခြင်းငှာ ရသောသူတို့သည် အသပြာတထောင်ထုပ်ကို ပေးရကုန်၏။ အသံကြားရာအရပ်၌ တည်၍ ရှိခိုးရသောသူတို့သည် အသပြာတရာကို ပေးရကုန်၏။ မျက်စိမြင်ရာအရပ်၌ တည်၍ ရှိခိုးခြင်းကို ရကုန်သောသူတို့သည် တသပြာကို ပေးရကုန်၏။ ဤသို့ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်ကို သိမ်းယူ၍ ချင့်သည်ရှိသော် တဆယ်ရှစ်ကုဋေသော ဥစ္စာကို ရကုန်၏။
ထိုအခါ ထိုဒိဋ္ဌမင်္ဂလိကာကို ပြည်သူတို့သည် ခြံရံလျက်ဆောင်၍ ပြည်လယ်၌ ကြီးစွာသော မဏ္ဍပ်ကို ဆောက်၍ တင်းတိမ်ရံ၍ မြတ်သောနေရာကို ခင်း၍ များစွာသော တင့်တယ်စံပယ်ခြင်းဖြင့် နေစေကုန်၏။ မဏ္ဍပ်၏ အလယ်၌သာလျှင် တံခါးမုတ် ခုနစ်တန်, ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် ပြုခြင်းငှါ အားထုတ်ကုန်၏။ ကြီးစွာသော အမှုသစ်ကိစ္စသည် ဖြစ်၏။ ဒိဋ္ဌမင်္ဂလိကာသည် ထိုမဏ္ဍပ်၌သာလျှင် သားကို ဖွားမြင်၏။ ထိုအခါ၌ သတို့သား၏ အမည်ကို မှည့်အံ့သောနေ့၌ ပုဏ္ဏားတို့သည် စည်းဝေးကုန်၍ မဏ္ဍပ်၌ ဖွားမြင်သောကြောင့် မဏ္ဍဗျသတို့သားဟူ၍ ထိုသတို့သားအမည်ကို မှည့်သမုတ်ကြကုန်၏။ ပြာသာဒ်သည်လည်း ဆယ်လတို့ဖြင့် ပြီး၏။ ထိုမှစ၍ ထိုဒိဋ္ဌမင်္ဂလိကာသည် များသော အခြံအရံဖြင့် ထိုပြာသာဒ်၌ နေ၏။ မဏ္ဍဗျ သတို့သားသည်လည်း များစွာသော အခြံအရံဖြင့်ကြီး၏။
ထို မဏ္ဍဗျသတို့သား၏ ခုနစ်နှစ် ရှစ်နှစ်ရှိသောအခါ၌ ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် မြတ်သောဆရာတို့သည် စုဝေးကုန်၍ ထိုဆရာမြတ်တို့သည် ထိုမဏ္ဍဗျလုလင်ကို ဗေဒင်သုံးပုံကို သင်ကုန်၏။ ထိုမဏ္ဍဗျလုလင်သည် တဆယ့်ခြောက်နှစ် ရှိသောအခါမှစ၍ ပုဏ္ဏားတို့အား ဆွမ်းကျွေးဝတ်ကို ဖြစ်စေ၏။ မပြတ် တသောင်း ခြောက်ထောင်သော ပုဏ္ဏားတို့သည် စားကုန်၏။ လေးခုမြောက်သော တံခါးမုတ်၌ ပုဏ္ဏားတို့အား အလှူကို လှုကုန်၏။ ထိုအခါဝယ် တခုသော များစွာသော ပုဏ္ဏားတို့ စုဝေးသောနေ့၌ အိမ်ဝယ် များစွာသော နို့ဃနာကို စီရင်ကုန်၏။ တသောင်း ခြောက်ထောင်သော ပုဏ္ဏားတို့သည် လေးခုမြောက်သော တံခါးမုတ်၌ နေကုန်၍ ရွှေခွက်၌ ထောပတ်သစ်ဖြင့်၎င်း, ရင့်သော ပျားလဘို့ အစရှိသည်တို့ဖြင့်၎င်း စီရင်အပ်သော နို့ဃနာကို စားသောက်ကုန်၏။
သတို့သားသည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ ရွှေခြေနင်းတို့ကို စီးနင်း၍ လက်ဖြင့် ရွှေလှံကိုကိုင်၍ ဤခွက်၌ ထောပတ်ကို လှူကြကုန်၊ ဤခွက်၌ကား ပျားကိုလှူကြကုန်ဟု စီရင်လျက် သွား၏။ ထိုခဏ၌ မာတင်္ဂ သုခမိန်သည် ဟိမဝန္တာဝယ် အဿမပိုဒ် ကျောင်းသင်္ခမ်း၌ နေလျက် ဒိဋ္ဌမင်္ဂလိကာ၏ သားအကြောင်းကား အသို့နည်းဟု ကြည့်လတ်သော် ထိုသား၏ အရာမဟုတ်သည်၌ ပြေးဝင်သောအဖြစ်ကို မြင်၍ ယနေ့ပင်လျှင် သွား၍ လုလင်ကိုဆုံးမ၍ အကြင်ပုဂ္ဂိုလ်အား လှူသည်ရှိသော် အကျိုးကြီး၏။ ထိုပုဂ္ဂိုလ်အား အလှူကို ပေးလှူစေ၍ ငါလာအံ့ဟု ကြံ၍ ကောင်းကင်ဖြင့် အနဝတတ်အိုင်သို့ သွား၍ မျက်နှာသစ်ခြင်း အစရှိသည်တို့ကို ပြု၍ ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ ရပ်တည်လျက် နှစ်ထပ်သင်းပိုင်ကို ပြင်ဝတ်တော်မူ၍ ခါးပန်းကို ဖွဲ့စည်း၍ ပံသုကူဒုကုဋ်ကို ရုံ၍ မြေသပိတ်ကို ယူ၍ ကောင်းကင်ဖြင့် လာ၍ လေးခုမြောက်သော တံခါးမုတ် အလှူဇရပ်၌သာလျှင် သက်၍ တင့်အပ်သောအရပ်၌ ရပ်၏။
မဏ္ဍဗျလုလင်သည် ထိုမှဤမှ ကြည့်လတ်သော် ထိုဘုရားလောင်းကို မြင်၍ ဤသို့ သဘောရှိသော မြေဘုတ်ဘီလူးနှင့် တူသော ဤရဟန်းသည် ဤအရပ်သို့ လာခြင်းသည်ကား အဘယ်အရပ်မှ လာသနည်းဟု ကြံ၍ ထိုဘုရားလောင်းနှင့်တကွ စကားပြောဟောလိုသော မဏ္ဍဗျသတို့သားသည်-
ဩတလ္လကော ပံသုပိသာစကောဝ။
သင်္ကာရစောဠံ ပဋိမုဉ္စ ကဏ္ဌေ၊
ကော ရေ တုဝံ ဟောသိ အဒက္ခိဏေယျော။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁။ ဘော ပဗ္ဗဇိတ၊ အို-ရဟန်း။ တွံ၊ သင်သည်။ ဒုမ္မဝါသီ၊ ညနွမ်းသော အဝတ်သင်္ကန်းကို ဝတ်သည်ဖြစ်၍။ ဩတလ္လကော၊ တွဲရယားချည်မျှင်ကျသော သင်္ကန်းကို ဝတ်သည်ဖြစ်၍။ ပံသုပိသာစကော ဣဝ၊ မြေဘုတ်ဘီလူးကဲ့သို့။ ကုတော၊ အဘယ်အရပ်မှ။ အာဂစ္ဆသိ နု၊ လာသနည်း။ သင်္ကာရစောဠံ၊ အမှိုက်တံမြက်ချေး စွန့်ရာအရပ်၌ ရအပ်သော ပုဆိုးနွမ်းကို။ ကဏ္ဌေ၊ လည်၌။ ပဋိမုဉ္စ၊ စွပ်၍။ အာဂတော၊ လာ၏။ ကော၊ အသူနည်း။ ရေ၊ အချင်း။ တုဝံ၊ သင်သည်။ အဒက္ခိဏေယျော၊ မြတ်သော အလှူခံမဟုတ် ယုတ်သောအလှူခံသည်။ အဟောသိ၊ ဖြစ်၏။
ထိုမဏ္ဍဗျသတို့သား၏ စကားကို ကြား၍ ဘုရားလောင်းသည် နူးညံ့သော စိတ်ဖြင့်သာလျှင် ထိုမဏ္ဍဗျလုလင်နှင့် စကားပြောလိုရကား-
တံ ခဇ္ဇရေ ဘုဉ္ဇရေ ပိယျရေ စ။
ဇာနာသိ မံ တွံ ပရဒတ္တူပဇီဝိံ၊
ဉတ္တိဋ္ဌပိဏ္ဍံ လဘတံ သပါကော။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၂။ ယသဿိ၊ များသော အခြံအရံရှိသော မဏ္ဍဗျ။ တဝ၊ သင်သည်။ ဣဒံ အန္နံ၊ ဤဆွမ်းကို။ ပကတံ၊ စီရင်အပ်၏။ တံ၊ ထို သင်စီရင်သော ဆွမ်းကို။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ခဇ္ဇရေ စ၊ ခဲလည်းခဲကုန်၏။ ဘုဉ္ဇရေ စ၊ စားလည်း စားကုန်၏။ ပိယျရေ စ၊ သောက်လည်း သောက်ကုန်၏။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ပရဒတ္တူပဇီဝိံ၊ သူတပါးအလှူကိုခံ၍ အသက်မွေးသော အဖြစ်ကို။ ဇာနာသိ၊ သိပါ၏တကား။ သ ပါကောပိ၊ ခွေးသားစားမျိုး ဒွန်းစဏ္ဏားသည်လည်း။ ဉတ္တိဋ္ဌပိဏ္ဍံ၊ အနီး၌ရပ်၍ ရအပ်သော ဆွမ်းကို။ ဝါ-၊ အထက်၌ရပ်၍ လှူသည်ကို အောက်၌ရပ်၍ ရအပ်သော ဆွမ်းကို။ လဘတံ - လဘတု၊ ရချင်ပါ၏။
ထို့နောင်မှ မဏ္ဍဗျလုလင်သည် ဘုရားလောင်းကို မောင်းမဲလိုရကား-
အတ္တတ္ထာယ သဒ္ဒဟတော မမေဒံ။
အပေဟိ ဧတ္တော ကိမိဓ ဌိတောသိ၊
န မာဒိသာ တုယှံ ဒဒန္တိ ဇမ္မ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၃။ မမ၊ ငါသည်။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့အား။ ဣဒံ အန္နံ၊ ဤဆွမ်းကို။ ပကတံ၊ စီရင်အပ်၏။ သဒ္ဒဟတော၊ အကျိုးကိုယုံကြည်သော။ အတ္တတ္ထာယ၊ ကိုယ်အကျိုးစီးပွားအလို့ငှာ။ ဣဒံ၊ ဤဆွမ်းကို။ ပကတံ၊ စီရင်အပ်၏။ ဧတ္တော၊ ဤအရပ်မှ။ အပေဟိ၊ ဖဲလော့။ ကိံ၊ အဘယ့်ကြောင့်။ ဣဓ၊ ဤအရပ်၌။ ဌိတော၊ ရပ်သည်။ အသိ၊ ဖြစ်သနည်း။ ဇမ္မ၊ ဒွန်းစဏ္ဍာယုတ်။ မာဒိသာ၊ ငါကဲ့သို့သောသူတို့သည်။ တုယှံ၊ သင် ဒွန်းစဏ္ဍားအား။ န ဒဒန္တိ၊ မလှူကုန်။
ထို့နောင်မှ ဘုရားလောင်းသည် မဏ္ဍဗျသတို့သားအား ဖြားယောင်းလိုရကား-
အနူပခေတ္တေ ဖလ မာသိသမာနာ။
ဧတာယ သဒ္ဓါယ ဒဒါဟိ ဒါနံ၊
အပွေဝ အာရာဓယေ ဒက္ခိဏေယျေ။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၄။ ကုမာရ၊ မဏ္ဍဗျသတို့သား။ ဖလံ၊ ကောက်စပါးသီးကို။ အာသီသမာနာ၊ အလိုရှိသောသူတို့သည်။ ထလေ စ၊ ကုန်း၌၎င်း။ နိန္နေ စ၊ အဝှမ်း၌၎င်း။ အနူပခေတ္တေ စ၊ တဘက်ဆည်ကန် ချောင်းကိုမှီသော လယ်၌၎င်း။ ဣတိ၊ ဤသို့။ တီသု၊ သုံးပါးသောလယ်တို့၌။ ဗီဇံ၊ စပါးမျိုးကို။ ဝပန္တိ၊ စိုက်ပျိုးကုန်၏။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ ဧတာယ သဒ္ဓါယ၊ ထိုသဒ္ဓါဖွင့်။ တိဏ္ဏံ၊ အယုတ် အလတ် အမြတ်ဟု ဆိုအပ်သော အလှူခံပုဂ္ဂိုလ် သုံးပါးတို့အား။ ဒါနံ၊ အလှူကို။ ဒဒါဟိ၊ လှူလော့။ ဧဝံ၊ ဤသို့လှူသည်ရှိသော်။ ဒက္ခိဏေယျေ၊ အလှူခံတို့ကို။ အပ္ပေဝ အာရာဓယေ၊ နှစ်သက်စေငြားအံ့လည်း မသိ။
ထို့နောင်မှ မဏ္ဍဗျလုလင်သည် အလှူခံပုဂ္ဂိုလ်တို့၏ မြတ်သည်၏အဖြစ်ကို ဆိုလိုရကား -
ယေသာ ဟံ ဗီဇာနိ ပတိဋ္ဌာပေမိ။
ယေ ဗြာဟ္မဏာ ဇာတိမန္တူပပန္နာ၊
တာနီဓ ခေတ္တာနိ သုပေသလာနိ။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၅။ သမဏ၊ ရှင်ရဟန်း။ အဟံ၊ ငါသည်။ ယေသု၊ အကြင် ပုဂ္ဂိုလ်တို့၌။ ဗီဇာနိ၊ မျိုးစေ့တို့ကို။ ပတိဋ္ဌာပေမိ၊ မြှုပ်ထား၏။ လောကေ၊ လောက၌။ ခေတ်တာနိ၊ လယ်ယာမြေကောင်းသဘွယ် ဖြစ်ကုန်သော။ တာနိ၊ ထိုပုဂ္ဂိုလ်တို့ကို။ မယှံ၊ ငါသည်။ ဝိဒိတာနိ၊ သိအပ်ကုန်ပြီ။ ဣဓ၊ ဤလောက၌။ ယေ ဗြာဟ္မဏာ၊ အကြင် ပုဏ္ဏားတို့သည်။ ဇာတိမန္တူပပန္နာ၊ အမျိုး ဗေဒင်နှင့် ပြည့်စုံကုန်၏။ တာနိ၊ ထိုပုဏ္ဏားတို့သည်။ ခေတ္တာနိ၊ လယ်ယာမြေကောင်းနှင့် တူကုန်၏။ သုပေသလာနိ၊ သီလကို အလွန်ချစ်ကုန်၏။
ထို့နောင်မှ ဘုရားလောင်းသည် အလှူခံပုဂ္ဂိုလ်တို့၏ အယုတ်အမြတ်ကို ပြလိုရကား-
လောဘော စ ဒေါသောစ မဒေါ စ မောဟော။
ဧတေ အဂုဏာ ယေသု စ သန္တိ သဗ္ဗေ။
တာနီဓ ခေတ္တာနိ အပေသလာနိ။
လောဘော စ ဒေါသော စ မဒေါ စ မောဟော။
ဧတေ အဂုဏာ ယေသု န သန္တိ သဗ္ဗေ။
တာနီဓ ခေတ္တာနိ သုပေသလာနိ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၆။ ကုမာရ၊ မဏ္ဍဗျသတို့သား။ ဇာတိမဒေါ စ၊ ဇာတိမာန်ယစ်ခြင်း၎င်း။ အတိမာနိတာ စ၊ အလွန်မာန်မူခြင်း၎င်း။ လောဘော စ၊ တပ်မက်မောခြင်း၎င်း။ ဒေါသော စ၊ ပြစ်မှားခြင်း၎င်း။ မဒေါ စ၊ မာန်ယစ်ခြင်း၎င်း။ မောဟော စ၊ တွေဝေခြင်း၎င်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အဂုဏာ၊ ကျေးဇူးမဲ့ကို ပြုတတ်ကုန်သော။ ဧတေ၊ ထိုတရာတို့သည်။ ယေသု စ၊ အကြင်ပုဂ္ဂိုလ်တို့၌ကား။ သန္တိ၊ ရှိကုန်၏။ ဣဓ၊ ဤလောက၌။ တာနိ၊ ထိုလောဘအစရှိသော မကောင်းသော တရားရှိသော သူတို့သည်။ အခေတ္တာနိ၊ လယ်ယာမြေကောင်းနှင့် မတူကုန်။ အပေသလာနိ၊ သီလကို မချစ်ကုန်။
၇။ ဣဓ၊ ဤလောက၌။ ဇာတိမဒေါ စ၊ ဇာတိမာန် ယစ်ခြင်း၎င်း။ အတိမာနိတာ စ၊ ငါသာလျှင်မြတ်၏ဟု အလွန် မာန်မူခြင်း၎င်း။ လောဘော စ၊ တပ်မက်မောခြင်း၎င်း။ ဒေါသော စ၊ အမျက်ထွက်ခြင်း၎င်း။ မဒေါ စ၊ မာန်ယစ်ခြင်း၎င်း။ မောဟော စ၊ တွေဝေခြင်း၎င်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အဂုဏာ၊ ကျေးဇူး မရှိကုန်သော။ ဧတေ၊ ထိုတရားတို့သည်။ ယေသု၊ အကြင်ပုဂ္ဂိုလ်တို့၌။ န သန္တိ၊ မရှိကုန်။ သုပေသလာနိ၊ သီလကိုချစ်ကုန်သော။ တာနိ၊ ထိုပုဂ္ဂိုလ်တို့သည်။ ခေတ္တာနိ၊ လယ်ယာမြေကောင်းနှင့် တူကုန်၏။
ထိုမဏ္ဍဗျ သတို့သားသည် ဘုရားလောင်းသည် အဖန်တလဲလဲ တရားဟောသည်ရှိသော် အမျက်ထွက်၍ ဤရဟန်းသည် အလွန်စကားများစွာ အလွန်မြည်တမ်း၏။ ဤတံခါးစောင့်တို့သည် အဘယ်အရပ်သို့ သွားကုန်သနည်း၊ ဤဒွန်းစဏ္ဍားကို နှင်ထုတ်ကြကုန်ဟု ဆိုလိုရကား-
ဥပဇ္ဈာယော အထဝါ ဂဏ္ဍကုစ္ဆိ။
ဣမဿ ဒဏ္ဍဉ္စ ဝဓဉ္စ ဒတွာ၊
ဂလေ ဂဟေတွည ဂလယာထ ဇမ္မံ။
ဟူသော ဤဂါထာကို ဆို၏။
၈။ ဧတ္ထ၊ ဤသုံးတံခါးတို့၌။ ဌပိတာ၊ အစောင့်ထားကုန်သော။ ဥပဇောတိယော စ၊ ဥပဇောတိယမည်သော တံခါးစောင့်၎င်း။ ဥပဇ္ဈာယော စ၊ ဥပဇ္ဈာယမည်သော တံခါးစောင့်၎င်း။ အထဝါ၊ ထိုမှတပါး။ ဂဏ္ဍကုစ္ဆိ စ၊ ဏ္ဍကုစ္ဆိ အမည်ရှိသော တံခါးစောင့်၎င်း။ ကွ၊ အဘယ်အရပ်သို့။ ဂတာ၊ သွားကြကုန်သနည်း။ ဣမဿ၊ ဤ သူယုတ်မာအား။ ဒဏ္ဍဉ္စ၊ ဒဏ်ကို၎င်း။ ဝဓဉ္စ၊ ပုတ်ခတ်ခြင်းကို၎င်း။ ဒတွာ၊ ပေး၍။ ဇမ္မံ၊ သူယုတ်ကို။ ဂလေ၊ လည်၌။ ဂဟေတွာ၊ ကိုင်၍။ ဂလယာထ၊ နှင်ထုတ်ကြကုန်။
ထိုတံခါးစောင့် သုံးယောက်တို့သည်လည်း ထိုမဏ္ဍဗျ သတို့သား၏ စကားကိုကြား၍ လျင်စွာလာကုန်၍ အရှင့်သား- အသို့ပြုရကုန်အံ့နည်းဟု ဆိုကုန်၏။ သင်တို့သည် ဒွန်းစဏ္ဍားဖြစ်သော ဤသူယုတ်မာကို မြင်၏လောဟု မေးသည်ရှိသော် အရှင့်သား- မမြင်ပါကုန်ဟု ဆိုကုန်၍ အရှင့်သား- အဘယ်မှလာသော အဖြစ်ကို မသိကုန်ပါ၊ ဤသူသည် အဘယ်သူနည်း၊ လှည့်ပတ်တတ်သော မာယာသည်မူလည်း ဖြစ်လတ္တံ့၊ ဝိဇ္ဇာဓိုရ်သည်မူလည်း ဖြစ်လတ္တံ့ ဟုဆိုကုန်၍ ယခုအခါ၌ အဘယ်ကို အလိုရှိသနည်း, အဘယ်သို့ ပြုရကုန်အံ့နည်း။ ဤသို့ မေးသည်ရှိသော် ဤသူယုတ်မာ၏ မျက်နှာကိုသာလျှင် ပုတ်ခတ်၍ ကွဲပေါက်စေကုန်လျက် လှံတံ ဝါးခြမ်းစိတ်တို့ဖြင့် ကျောက်ရေစုတ်အောင် ရိုက်ပုတ်၍ လည်၌ကိုင်၍ ဤသူယုတ်မာကို ဤအရပ်မှ နှင်ထုတ်လေကုန်ဟုဆိုလျှင် ဘုရားလောင်းလည်း ထိုသူတို့သည် အနီးသို့ မရောက်မီလျှင် ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်၌တည်လျက် ဆဲရေးခြင်း၌ အပြစ်ကို ထင်ရှားစွာ ပြလိုရကား-
အယော ဒန္တေဟိ ခါဒသိ။
ဇာတဝေဒံ ပဒဟသီ၊
ယော ဣသိံ ပရိဘသသိ။
ဟူသော ဤဂါထာကို ဆို၏။
၉။ မဏ္ဍဗျ၊ မဏ္ဍဗျလုလင်။ ယော တွံ၊ အကြင်သင်သည်။ ဣသိံ၊ ရသေ့ရဟန်းကို။ ပရိဘာသသိ၊ ဆဲရေး၏။ သော တွံ၊ ထိုသင်သည်။ ဂိရိံ၊ တောင်ကို။ နခေန၊ လက်သည်းဖြင့်။ ခဏသိ၊ တူးသည်နှင့် တူ၏။ အယော၊ သံကို။ ဒန္တေဟိ၊ သွားတို့ဖြင့်။ ခါဒသိ၊ ကိုက်ဝါးသည်နှင့်တူ၏။ ဇာတဝေဒံ၊ မီးကို။ ဂိလိတုံ၊ မျိုခြင်းငှါ။ ပဒဟသိ၊ အားထုတ်သည်နှင့် တူ၏။
ဤဂါထာကို မိန့်တော်မူ၍ ဘုရားလောင်းသည်လည်း ထိုလုလင်၏ မြင်စဉ်၎င်း, ပုဏ္ဏားတို့သည် မြင်ကုန်စဉ်၎င်း ကောင်းကင်၌ ပျံ၏။ ထိုအကြောင်းကို ထင်ရှားစွာ ပြလိုရကား-
အန္တလိက္ခသ္မိံ ပက္ကာမိ၊ ဗြာဟ္မဏာနံ ဥဒိက္ခတံ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၀။ ဘိက္ခဝေ၊ ရဟန်းတို့။ သစ္စပရက္ကမော၊ သဘောမှန်သော လုံ့လရှိသော။ မာတင်္ဂေါ၊ မာတင်္ဂအမည်ရှိသော။ ဣသိ၊ ရသေ့သည်။ ဣဒံ၊ ဤစကားကို။ ဝတွာန၊ မိန့်တော်မူ၍။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့သည်။ ဥဒိက္ခတံ၊ မြင်ကုန်စဉ်။
အန္တလိက္ခသ္မိံ၊ ကောင်းကင်၌။ ပက္ကာမိ၊ သွားလေ၏။
ထိုဘုရားလောင်းသည် အရှေ့အရပ်သို့ ရှေးရှုသွား၍ ခရီးတကြောင်း၌ သက်ဆင်း၍ ခြေရာထင်စေသတည်းဟု ဓိဋ္ဌာန်တော်မူ၍ အရှေ့တံခါးအနီး၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ရောသောဆွမ်းကို ရုံးစုတော်မူ၍ ဇရပ်တဆောင်၌ နေ၍ ရောသောဆွမ်းကို ဘုဉ်းပေးတော်မူ၏။ မြို့စောင့်နတ်တို့သည် ဤမဏ္ဍဗျသည် ငါတို့သခင် ရသေ့ကို ညှဉ်းဆဲနှိပ်စက်၍ ဆိုဘိ၏ဟု သည်းမခံနိုင်သည်ဖြစ်၍ လာကုန်၏။ ထိုအခါ၌ နတ်အကြီးသည် ထိုမဏ္ဍဗျ၏လည်ကို ကိုင်၍လှည့်၏။ ကြွင်းသော နတ်တို့သည် ကြွင်းသော ပုဏ္ဏားတို့၏ လည်ကိုကိုင်၍ တွန်းလှည့်ကုန်၏။ ဘုရားလောင်း၌ နူးညံ့သော စိတ်ရှိသည်၏ အဖြစ်ကြောင့်ကား ထိုသခင်ရသေ့၏ သားတော်တည်းဟု ထိုမဏ္ဍဗျကို မသတ်ကုန်၊ ပင်ပန်းစေရုံသာတည်း၊ မဏ္ဍဗျ၏ဦးခေါင်းသည် ပြန်၍ ကျောသို့ မျက်နှာရှေးရှုဖြစ်၏။ လက်ခြေတို့သည် ဖြောင့်တန်း ခိုင်မာကုန်သည်ဖြစ်၍ တည်၏။ မဏ္ဍဗျ၏ မျက်စိတို့သည် သူသေ၏မျက်စိကဲ့သို့ ဖြူကုန်၏။ မဏ္ဍဗျသည် ကိုယ်ခက်တရော်ရှိသည်ဖြစ်၍ အိပ်၏။ ကြွင်းသော ပုဏ္ဏားတို့သည် ခံတွင်းဖြင့် တံတွေးကို အန်ကုန်လျက် ထိုမှဤမှ တပြောင်းပြန်ပြန် လူးလဲကုန်၏။ လုလင်တို့သည် အရှင်မသားအား အသို့ဖြစ်လေသနည်းဟု ဒိဋ္ဌမင်္ဂလိကာအား ကြားကုန်၏။ ထိုဒိဋ္ဌမင်္ဂလိကာသည် လျင်စွာလာ၍ သားကို မြင်၍ ဤငါ့သား၏ ဖြစ်ခြင်းသည် အသို့နည်းဟု မေးလိုရကား-
ဗာဟုံ ပသာရေတိ အကမ္ပနေယျံ။
သေတာနိ အက္ခီနိ ယထာ မတဿ၊
ကော မေ ဣမံ ပုတ္တမကာသိ ဧဝံ။
ဟူသောဤဂါထာကို ဆို၏။
၁၁။ ဥတ္တမင်္ဂံ၊ ဦးခေါင်းသည်။ ပိဋ္ဌိတော၊ နောက်သို့။ အာဝေဠိတံ၊ ပြန်ခဲ့ပြီ။ ဗာဟုံ၊ လက်ရုံးကို။ အကမ္ပနေယျံ၊ မလှုပ်မရှားဘဲ။ ပသာရေတိ၊ ဆန့်၏။ အက္ခီနိ၊ မျက်စိတို့သည်။ မတဿ၊ သူသေ၏။ အက္ခီနိ ယထာ၊ မျက်စိကိုကဲ့သို့။ သေတာနိ၊ ဖြူကုန်၏။ ဝါ-၊ မျက်ဖြူဆိုက်ကုန်၏။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ဣမံ ပုတ္တံ၊ ဤသားကို။ ဧဝံ၊ ဤသို့။ အကာသိ၊ ပြုဘိသနည်း။
ထိုအခါ၌ ထိုဒိဋ္ဌမင်္ဂလိကာအား ထိုအရပ်၌တည်သော လူအပေါင်းသည် ကြားလိုရကား-
ဩတလ္လကော ပံသုပိသာစကောဝ။
သင်္ကာရစောဠံ ပဋိမုဉ္စ ကဏ္ဌေ၊
သော တေ ဣမံ ပုတ္တမကာသိ ဧဝံ။
ဟူသော ဤဂါထာကို ဆို၏။
၁၂။ အယျ၊ အရှင်မ။ ဒုမ္မဝါသီ၊ ယုတ်နွမ်းသော အဝတ်သင်္ကန်းကိုဝတ်သော။ ဩတလ္လကော၊ ယုတ်သောသင်္ကန်းကို ဝတ်သော။ ပံသုပိသာစကော ဣဝ၊ မြေဘုတ်ဘီလူးနှင့်တူသော။ သမဏော၊ ရဟန်းသည်။ သင်္ကာရစောဠံ၊ အမှိုက်တံမြက်ချေးစွန့်ရာ၌ ရအပ်သော ပုဆိုးနွမ်းကို။ ကဏ္ဌေ၊ လည်၌။ ပဋိမုဉ္စ၊ စွပ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂမာ၊ လာ၏။ သော၊ ထိုရဟန်းသည်။ တေ၊ သင်ရှင်မ၏။ ဣမံ ပုတ္တံ၊ ဤသားကို။ ဧဝံ၊ ဤသို့သဘောရှိသော အဖြစ်ကို။ အကာသိ၊ ပြု၏။
ထိုဒိဋ္ဌမင်္ဂလိကာသည် ထိုစကားကို ကြား၍ ကြံ၏။ ကြံဟန်ကား ဤမာတင်္ဂသုခမိန်မှ တပါးသောသူအား ဤသို့သော အစွမ်းသတို့သည်မရှိ၊ မချွတ်လျှင် မာတင်္ဂသုခမိန်၏ အတတ်သည် ဖြစ်လတ္တံ့၊ စင်စစ်မူကား ပြည့်စုံသော မေတ္တာ ဘာဝနာရှိသော ပညာရှိသည် ဤမျှလောက်သောလူကို ပင်ပန်းစေ၍ မကြွပေလတ္တံ့၊ အဘယ်မည်သော အရပ်သို့ သွားသည် ဖြစ်သနည်းဟု ကြံ၏။ ထို့နောင်မှ မေးလိုရကား-
အက္ခာထ မေ မာဏဝါ ဧတမတ္ထံ။
ဂန္တွာန တံ ပဋိကရေမု အစ္စယံ၊
အပွေဝ နံ ပုတ္တံ လဘေမု ဇီဝိတံ။
ဟူသော ဤဂါထာကို ဆို၏။
၁၃။ မာဏဝါ၊ လုလင်တို့။ ဘူရိပညော၊ မြေကြီးအထုနှင့်တူသော ပညာရှိသော ရဟန်းသည်။ ကတမံ ဒိသံ၊ အဘယ်အရပ်သို့။ အဂမာ၊ ကြွတော်မူသနည်း။ ဧတမတ္ထံ၊ ဤအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာထ၊ ကြားကုန်လော့။ ဂန္တွာန၊ သွား၍။ တံ အစ္စယံ၊ ထိုအပြစ်ကို။ ပဋိကရေမု၊ ကုစားပါကုန်အံ့။ ဝါ၊ ကန်တော့ပါကုန်အံ့။ ပုတ္တံ - ပုတ္တဿ၊ ငါ့သား၏။ နံ ဇီဝိတံ၊ ထိုအသက်ကို။ အပ္ပေဝ လဘေမု၊ ရကုန်ငြားအံ့လည်း မသိ။
ထိုအခါ၌ ဒိဋ္ဌမင်္ဂလိကာအား ထိုအရပ်၌လျှင် တည်ကုန်သော လုလင်တို့သည် ပြောကြားလိုကုန်ရကား-
ပထဒ္ဓုနော ပန္နရသေဝ စန္ဒော။
အပိ စ သော ပုရတ္ထိမဒိသံ အဂဉ္စိ၊
သစ္စပ္ပဋိညော ဣသိ သာဓုရူပေါ။
ဟူသော ဤဂါထာကို ဆို၏။
၁၄။ အယျေ၊ အရှင်မ။ ပထဒ္ဓုနော၊ ကောင်းကင်ခရီး အဓွန့်၏။ မဇ္ဈေ၊ အလယ်၌။ ပန္နရသေ၊ တဆယ့်ငါးရက်၌ တက်၍ထွန်းသော။ စန္ဒော ဣဝ၊ လကဲ့သို့။ ဘူရိပညော၊ မြေကြီးအထုနှင့်တူသော ပညာရှိသော ရှင်ရသေ့သည်။ ဝေဟာယသံ၊ ကောင်းကင်၌။ အဂမာ၊ ကြွလေ၏။ အပိ စ၊ စင်စစ်သော်ကား။ သစ္စပ္ပဋိညော၊ မှန်သော ပဋိညာဉ်ဝန်ခံခြင်းရှိသော။ သာဓုရူပေါ၊ ကောင်းသော သဘောရှိသော။ သော ဣသိ၊ ထိုရှင်ရသေ့သည်။ ပုရတ္ထိမဒိသံ၊ အရှေ့အရပ်သို့။ အဂဉ္စိ၊ ကြွတော်မူ၏။
ထိုဒိဋ္ဌမင်္ဂလိကာသည် ထိုသူတို့၏ စကားကိုကြား၍ ငါ၏လင်ကို ငါစူးစမ်းအံ့ဟု ရွှေခွက်ကြီး ရွှေခွက်ငယ်တို့ကို ယူစေ၍ ကျွန်မအပေါင်း ခြံရံလျက် ထိုမာတင်္ဂ ရှင်ရသေ့သည် ခြေရာဓိဋ္ဌာန်ရာ အရပ်သို့ရောက်၍ ထိုခြေရာကို အစဉ်မှီးသဖြင့် သွားသည်ရှိသော် ထိုမာတင်္ဂရှင်ရသေ့သည် အင်းပျဉ်၌နေ၍ ဆွမ်းဘုဉ်းပေးစဉ် ထိုမာတင်္ဂရှင်ရသေ့၏ အထံသို့သွား၍ ရှိခိုး၍ ရပ်တည်၏။ ထိုမာတင်္ဂ ရှင်ရသေ့သည် ဒိဋ္ဌမင်္ဂလိကာကို မြင်၍ အတန်ငယ်ဆွမ်းကို သပိတ်၌ထား၏။ ဒိဋ္ဌမင်္ဂလိကာသည် ရွှေခွက်ဖြင့် ထိုမာတင်္ဂရှင်ရ သေ့အား ရေကိုပေး၏။ ထိုမာတင်္ဂ ရှင်ရသေ့သည် ထိုရွှေခွက်၌သာလျှင် လက်ကိုဆေး၍ ခံတွင်းကို ဆေး၏။ ထိုအခါ မာတင်္ဂရှင်ရသေ့ကို ထိုဒိဋ္ဌမင်္ဂလိကာသည် အဘယ်သူသည် ငါ့သားအား ဖောက်ပြန်ခြင်းကို ပြုလေသနည်းဟု မေးလိုကား-
ဗာဟုံ ပသာရေတိ အကမ္ပနေယျံ။
သေတာနိ အက္ခီနိ ယထာ မတဿ၊
ကော မေ ဣမံ ပုတ္တမကာသိ ဧဝံ။
ဟူသော ဤဂါထာကို ဆို၏။
၁၅။ သာမိ၊ သခင်။ မေ၊ ငါ၏။ ပုတ္တဿ၊ သား၏။ ဥတ္တမင်္ဂံ၊ ဦးခေါင်းသည်။ ပိဋ္ဌိတော၊ ကျောက်သို့။ အာဝေဠိတံ၊ လည်ခဲ့ပြီ။ ဗာဟုံ၊ လက်ရုံးကို။ ကမ္ပနေယျံ၊ မလှုပ်ရှားသည် ဖြစ်၍။ ပသာရေတိ၊ ဆန့်တန်း၏။ အက္ခီနိ၊ မျက်စိတို့သည်။ မတဿ၊ သူသ၏။ အက္ခီနိ ယထာ၊ မျက်စိတို့ကဲ့သို့။ သေတာနိ၊ ဖြူကုန်၏။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ဣမံ ပုတ္တံ၊ ဤသားကို။ ဧဝံ၊ ဤသို့ရှိအောင်။ အကာသိ၊ ပြုလေဘိသနည်း။
ထို့နောင်မှ ထိုသူနှစ်ယောက်တို့သည် စကားတုံ့လှယ် ပြောဆိုလိုကုန်ရကား-
အနွာဂတာ ဣသယော သာဓုရူပါ။
တေ ဒုဋ္ဌစိတ္တံ ကုပိတံ ဝိဒိတွာ၊
ယက္ခာ ဟိ တေ ပုတ္တ မကံသု ဧဝံ။
တွညေဝ မေ မာ ကုဒ္ဓေါ ဗြဟ္မစာရီ။
တုမှေဝ ပါဒေ သရဏံ ဂတာသ္မိ၊
အနွာဂတာ ပုတ္တသောကေန ဘိက္ခု။
မနောပဒေါသော န မမတ္ထိ ကောစိ။
ပုတ္တော စ တေ ဗေဒမဒေန မတ္တော၊
အတ္ထံ န ဇာနာတိ အဓိစ္စ ဗေဒေ။
သမ္မုယှတေဝ ပုရိသဿ သညာ။
ဧတံ ပရာဓံ ခမ ဘူရိပည။
န ပဏ္ဍိတာ ကောဓဗလာ ဘဝန္တိ။
ဟူသော ဤဂါထာတို့ကို ဆိုကုန်၏။
၁၆။ ဒိဋ္ဌမင်္ဂလိကေ၊ ဒိဋ္ဌမင်္ဂလိကာ။ မဟာနုဘာဝါ၊ တန်ခိုးကြီးကုန်သော။ ယက္ခာ၊ မြို့စောင့်နတ်တို့သည်။ ဟဝေ၊ စင်စစ်သဖြင့်။ သန္တိ၊ ရှိကုန်၏။ အနွာဂတာ၊ ငါနှင့်တကွ လာကုန်သော။ တေ၊ ထိုမြို့စောင့်နတ်တို့သည်။ ဣသယော၊ ရသေ့တို့သည်။ သာဓုရူပါ၊ ကောင်းသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံကုန်၏။ ဣတိ၊ ဤသို့။ ဇာနမာနာ၊ သိကုန်သည်ဖြစ်၍။ ဒုဋ္ဌစိတ္တံ၊ ပြစ်မှားသော စိတ်ရှိသော။ ကုပိတံ၊ အမျက်ထွက်သော။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ ဝိဒိတွာ၊ သိ၍။ ယက္ခာဟိ၊ မြို့စောင့်နတ်တို့သာလျှင်။ တေ၊ သင်၏။ ပုတ္တံ၊ သားကို။ ဧဝံ၊ ဤသို့။ အကံသု၊ ပြုကုန်၏။
၁၇။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်တော်မူသော သခင်ရသေ့။ ယက္ခာ စ၊ မြို့စောင့်နတ်တို့သည်သာလျှင်။ မေ၊ အကျွန်ုပ်၏။ ပုတ္တံ၊ သားကို။ ဧဝံ၊ ဤသို့။ အကံသု၊ ပြုစေကုန်။ တွညေဝ၊ သခင် ရသေ့သည်သာလျှင်။ မေ၊ အကျွန်ုပ်၏။ ပုတ္တဿ၊ သားအား။ မာ ကုဒ္ဓေါ၊ အမျက်မထွက်ပါလင့်။ တုမှံဧဝ၊ ရှင်ရသေ့၏ သာလျှင်။ ပါဒေ၊ ခြေတော်တို့ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတာ၊ ဆည်းကပ်သည်။ အသ္မိ၊ ဖြစ်၏။ ဘိက္ခု၊ ရှင်ရဟန်း။ ပုတ္တသောကေန၊ သား၌ စိုးရိမ်သောကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ အနွာဂတာ၊ လာပါသည်။ အသ္မိ၊ ဖြစ်၏။
၁၈။ ဒိဋ္ဌမင်္ဂလိကေ၊ ဒိဋ္ဌမင်္ဂလိကာ။ ဟိ-သစ္စံ၊ မှန်၏။ တဒေဝ၊ ထိုသင့်သား ပြစ်မှားသောအခါ၌၎င်း။ ဧတရဟိ စ၊ ယခု သင်တောင်းပန်သောအခါ၌၎င်း။ ကောစိ၊ အနည်းငယ်သော။ မယှံ၊ ငါသည်။ မနောပဒေါသော၊ စိတ်နှလုံး၏ ပြစ်မှားခြင်းသည်။ မမ၊ ငါ့အား။ နတ္ထိ ဧဝ၊ မရှိသည်သာတည်း။ တေ၊ သင်၏။ ပုတ္တော စ၊ သားသည်ကား။ ဗေဒမဒေန၊ ဗေဒင်အတတ်တည်းဟူသော မာန်ယစ်ခြင်းဖြင့်။ မတ္တော၊ ယစ်သည်ဖြစ်၍။ ဗေဒေ၊ ဗေဒင်အတတ်၌။ အဓိစ္စ၊ စွဲ၍။ အတ္ထံ၊ အကျိုးရှိသည် မရှိသည်ကို။ န ဇာနာတိ၊ မသိ။
၁၉။ ဘိက္ခု၊ ရှင်ရဟန်း။ ယံ ကိဉ္စိ၊ အမှတ်မရှိသောအတတ်ကို။ ဥဂ္ဂဟေတွာ၊ သင်၍။ မုဟုတ္တကေန၊ တမုဟုတ်မျှဖြင့်လျှင်။ အဒ္ဓါ ဟဝေ၊ မချွတ်လျှင်။ ပုရိသဿ၊ အမှတ်မမြဲသော ယောက်ျား၏။ သညာ၊ သညာသည်။ သမ္မုယှတေဝ၊ တွေဝေသည်သာတည်း။ ဘူရိပည၊ မြေကြီးအထုနှင့် တူပေသော ပညာရှိသော ရှင်ရသေ့။ ဧတံ အပရာဓံ၊ ထိုသို့ မိုက်မဲတွေဝေသဖြင့် ပြုမိသော အပြစ်ကို။ ခမ၊ သည်းခံတော်မူပါ။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကောဓဗလာ၊ အမျက်ဒေါသ အားကြီးကုန်သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။
ဤသို့ ဒိဋ္ဌမင်္ဂလိကာသည် ကန်တော့ တောင်းပန်သည်ရှိသော် ဘုရားလောင်းသည် ထိုသို့တပြီးကား ထိုနတ်တို့ကို ပြေးစိမ့်သောငှာ အမြိုက်ကန့်လန့်ကာ ဆေးကို ငါပေးအံ့ဟု ဆိုလိုရကား-
တဝ မဏ္ဍဗျော ဘုဉ္ဇတု အပ္ပပညော။
ယက္ခာ စ တေ နံ န ဝိဟေဌယေယျုံ၊
ပုတ္တော စ တေ ဟေဿတိ သော အရောဂေါ။
ဟူသော ဤဂါထာကို ဆို၏။
၂၀။ ဒိဋ္ဌမင်္ဂလိကေ၊ ဒိဋ္ဌမင်္ဂလိကာ။ မယှံ၊ ငါ၏။ ဣဒဉ္စ ဉတ္တိဋ္ဌပိဏ္ဍံ၊ ဤစားကြွင်းဆွမ်းကို။ အပ္ပပညော၊ ပညာနည်းသော။ တဝ၊ သင်၏။ ပုတ္တော၊ သားဖြစ်သော။ မဏ္ဍဗျော၊ မဏ္ဍဗျကို။ ဘုဉ္ဇတု၊ စားစေလော့။ တေ ယက္ခာ စ၊ ထိုနတ်တို့သည်လည်း။ နံ၊ ထိုသင့်သား မဏ္ဍဗျကို။ န ဝိဟေဌယေယျုံ၊ မညှဉ်းဆဲနိုင်ကုန်ရာ။ တေ၊ သင်၏။ သော ပုတ္တော စ၊ ထိုသားသည်လည်း။ အရောဂေါ၊ အနာကင်းသည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။
ထို ဒိဋ္ဌမင်္ဂလိကာသည် ဘုရားလောင်း၏ စကားကို ကြား၍ သခင် အမြိုက်ကန့်လန့်ကာဆေးကို သနားတော်မူပါဟု ဆို၍ ရွှေခွက်ငယ်ကို ကပ်၏။ ဘုရားလောင်းသည် စားကြွင်းဆွမ်းကို ထိုရွှေခွက်၌ သွန်းလောင်း၍ ရှေးဦးစွာ ဤစားကြွင်းဆွမ်းမှ ထက်ဝက်ကို သင့်သားခံတွင်း၌ သွန်းလောင်း၍ အကြွင်းကို အိုစံရည်းကြီး၌ ရေဖြင့်ရောနှော၍ ကြွင်းကုန်သော ပုဏ္ဏားတို့၏ ခံတွင်း၌ သွန်းလောင်းစေလော့၊ အလုံးစုံသော သူတို့သည်လည်း အနာကင်းကုန်လတ္တံ့ဟု မိန့်တော်မူ၍ ကောင်းကင်သို့ ပျံတက်၍ ဟိမဝန္တာသို့သာလျှင် ကြွတော်မူ၏။
ထိုဒိဋ္ဌမင်္ဂလိကာသည် ထိုရွှေခွက်ကို ဦးခေါင်းဖြင့် ယူဆောင်၍ အမြိုက်ကန့်လန့်ကာဆေးကို ရအပ်ပြီဟု ဆိုလျက် အိမ်သို့သွား၍ ရှေးဦးစွာ သား၏ခံတွင်း၌ ဆွမ်းကြွင်းကို သွန်းလောင်း၏။ နတ်သည် ပြေး၏။ မဏ္ဍဗျသည် မြေမှုန့်ကို သုတ်ခါလျက် ထ၍ မိခင် - ဤသည်ကား အဘယ်နည်းဟု ဆို၏။ သင်ပြုအပ်သော အမှုကို သင်သည်လျှင် သိလတ္တံ့၊ ချစ်သား- လာလှည့်၊ သင်၏ အလှူခံတို့၏ ထိုသို့ ဖောက်ပြန်သော အခြင်းအရာကို သင်ရှုလော့ဟု ဆိုလတ်သော် ထိုမဏ္ဍဗျသည် ထိုဆရာ ပုဏ္ဏားတို့ကိုမြင်၍ နှလုံးမသာသည် ဖြစ်၏။ ထိုအခါ၌ သားကို ချစ်သား မဏ္ဍဗျ- မကြောက်လင့်၊ သင်သည် မိုက်၏။ အလှူ၏ အကျိုးကြီးအံ့သော အရာကိုမသိ၊ မြတ်သောအလှူခံ ပုဂ္ဂိုလ်တို့မည်သည်ကား ဤပုဏ္ဏားတို့နှင့်မတူကုန်၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့မည်သည်ကား မာတင်္ဂသုခမိန်နှင့် တူသည်သာတည်း၊ မာတင်္ဂသုခမိန်နှင့် တူကုန်သော သူတို့သည် မြတ်သောအလှူခံ မည်ကုန်၏။ ဤနေ့မှစ၍ ထိုဒုဿီလ ပုဂ္ဂိုလ်တို့အား သင်မလှူလင့်၊ သီလရှိကုန်သော ပုဂ္ဂိုလ်တို့အားသာ လှူဟု ဆိုလိုရကား-
ယော ပုညက္ခေတ္တာနံ အကောဝိဒေါသိ။
မဟက္ကသာဝေသု ဒဒါသိ ဒါနံ၊
ကိလိဋ္ဌကမ္မေသု အသညတေသု။
ဧရူဒပါနံဝ မုခံ ပရူဠှံ။
ပဇံ ဣမံ ပဿထ ဒုမ္မရူပံ၊
န ဇဋာဇိနံ တာယတိ အပ္ပပညံ။
ခီဏာသဝါ အရဟန္တော၊ တေသု ဒိန္နံ မဟပ္ဖလံ။
ဟူသော ဤဂါထာတို့ကို ဆို၏။
၂၁။ မဏ္ဍဗျ၊ မဏ္ဍဗျ။ တွံ၊ သင်သည်။ ဗာလော၊ မိုက်သည်။ ပရိတ္တပညော၊ နည်းသော ပညာရှိသည်။ အသိ၊ ဖြစ်၏။ ယော တွံ၊ အကြင် သင်သည်။ ပုညက္ခေတ္တာနံ၊ အလှူခံတို့အား။ အကောဝိဒေါ၊ မလိမ္မာသည်။ အသိ၊ ဖြစ်၏။ မဟက္ကသာဝေသု၊ များစွာသော ကိလေသာဟူသော ဖန်ရည်စွန်းခြင်းရှိကုန်သော။ ကိလိဋ္ဌကမ္မေသု၊ ညစ်ညူးသော အမူအကျင့် ရှိကုန်သော။ အသညတေသု၊ ကိုယ် နှုတ် နှလုံးကို မစောင့်ကုန်သော သူတို့အား။ ဒါနံ၊ အလှူကို။ ဒဒါသိ၊ လှူဘိ၏။
၂၂။ ဇဋာ စ၊ ဆံကျစ်တို့သည်၎င်း။ ကေသာ စ၊ ဆံထုံးတို့သည်၎င်း။ အဇိနာနိဝတ္ထာ၊ ခွါနှင့်တကွ သစ်နက်ရေတို့ကို ဝတ်ခြင်းတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဇရူဒပါနံ ဣဝ၊ မြက်ဖြင့်ဖုံးလွှမ်းသော ရေတွင်းအိုကဲ့သို့။ မုခံ၊ ခံတွင်းသည်။ ပရူဠှံ၊ ဖွားရယားတက်သော မုတ်ဆိတ်ဖြင့် ဖုံးလွှမ်း၏။ ဒုမ္မရူပံ၊ ရုန့်ကြမ်းသော အသွင်အပြင်ရှိသော။ ဣမံ၊ ဤပုဏ္ဏားများကို။ ပဿထ၊ ရှုပါကုန်လော့။ ဇဋာဇိနံ၊ ဆံကျစ်သစ်နက်ရေသည်။ အပ္ပပညံ၊ ပညာနည်းသောသူကို။ န တာယတိ၊ မစောင့်ရှောက်နိုင်။
၂၃။ ယေသံ၊ အကြင်ရဟန်းတို့အား။ ရာဂေါ စ၊ ရာဂသည်၎င်း။ ဒေါသော စ၊ ဒေါသသည်၎င်း။ အဝိဇ္ဇာ စ၊ မောဟသည်၎င်း။ ဝိရာဇိတာ၊ ကင်းကုန်၏။ ခီဏာသဝါ၊ ကုန်ပြီးသော အာသဝေါရှိကုန်၏။ အရဟန္တော၊ ရဟန္တာဖြစ်ကုန်၏။ တေသု၊ ထိုရဟန္တာတို့၌။ ဒိန္နံ၊ လှူခြင်းသည်။ မဟပ္ဖလံ၊ အကျိုးကြီး၏။
ရဟန္တာပုဂ္ဂိုလ်တို့၌ လှူခြင်းသည် အကျိုးကြီး၏။ ချစ်သား- ထို့ကြောင့် သင်သည် ဤနေ့မှစ၍ ဤသို့သဘောရှိသော ဒုဿီလပုဂ္ဂိုလ်တို့အား မလှူမူ၍ လောက၌ သမာပတ်ရှစ်ပါးကို ရကုန်သော အဘိညာဉ်ငါးပါးနှင့် ပြည့်စုံကုန်သော တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့သည်၎င်း, ပစ္စေကဗုဒ္ဓါတို့သည်၎င်း ရှိကုန်၏။ ထိုသူတို့အား အလှူကို ပေးလော့ဟု ဆို၍ ချစ်သား- သင့်ဆရာတို့ကို အမြိုက်ဆေးတိုက်၍ အနာကင်းသည်ကို ပြုအံ့ဟူသော စကားကိုဆို၍ စားကြွင်းထမင်းကို ယူ၍ ရေအိုးစရည်းကြီး၌ ထည့်စေ၍ တသောင်းခြောက်ထောင်သော ပုဏ္ဏားတို့၏ ခံတွင်း၌ သွန်းစေ၏။ တယောက် တယောက်သော ပုဏ္ဏားသည် မြေမှုန့်ကိုသုတ်လျက် လျင်စွာထ၏။ ထိုအခါ၌ လဲသော ပုဏ္ဏားတို့ကို တပါးသော ပုဏ္ဏားတို့သည် ဤသူတို့သည် ဒွန်းစဏ္ဍာ စားကြွင်းကို စားကုန်၏ဟု ပုဏ္ဏားမဟုတ်သည်တို့ကို ပြုကုန်၏။ ထိုပုဏ္ဏားယောင်တို့သည် ရှက်ကုန်သည်ဖြစ်၍ ဗာရာဏသီပြည်မှ ထွက်ကုန်၍ မဇ္ဈတိုင်းသို့ သွားကုန်၍ မဇ္ဈမင်း၏ အထံ၌ နေကုန်၏။ မဏ္ဍဗျသည်ကား ထိုဗာရာဏသီပြည်၌သာလျှင် နေ၏။
ထိုအခါ၌ ဝေတ္တဝတီမြို့ကိုမှီ၍ ဝေတ္တမြစ်နား၌ ဇာတိမန္တအမည်ရှိသော ပုဏ္ဏားတယောက်သည် ရဟန်းပြု၏။ အမျိုးကိုမှီ၍ ကြီးစွာသော မာနကို ပြု၏။ ဘုရားလောင်းသည် ထိုရသေ့၏ မာနကို ချိုးဖျက်အံ့ဟု ကြံ၍ ထိုအရပ်သို့ ကြွတော်မူ၍ မြစ်၌နေ၏။ ထိုဘုရားလောင်းသည် တနေ့ သ၌ ဒန်ပူကိုခဲပြီး၍ ဒန်ပူသည် ဇာတိမန္တရသေ့၏ ဆံကျစ်၌ ငြိစေသတည်းဟု အဓိဋ္ဌာန်၍ မြစ်ညာ၌ချ၏။ ထိုဒန်ပူသည် ရေချိုးသော ဇာတိမန္တရသေ့၏ ဆံကျစ်၌ ငြိ၏။ ထိုရသေ့သည် ဒန်ပူယုတ်-နင်ပျက်လေဟု ဆို၍ အဘယ်အရပ်မှ ဤဒန်ပူယုတ်သည် လာသနည်းဟု မြစ်ညာ၌ ထိုအကြောင်းကို စူးစမ်းအံ့ဟု အညာသို့ သွားသည်ရှိသော် ဘုရားလောင်းကို မြင်၍ အဘယ်အမျိုးအမည် ရှိသနည်းဟု မေး၍ ဒွန်းစဏ္ဍားဖြစ်၏ဟု မိန့်တော်မူသည်ရှိသော် သင်သည် မြစ်၌ ဒန်ပူချသလောဟု မေး၍ ဪ-ငါချ၏ဟု မိန့်တော်မူလျှင် အလွန်ယုတ်မာသော ဒွန်းစဏ္ဍား- ဤအရပ်၌ သင် မနေလင့်၊ အကြေ၌ နေလော့ဟု ဆိုသည်ရှိသော် အကြေ၌နေသော်လည်း ထိုဘုရားလောင်းသည် ချအပ်သော ဒန်ပူတို့သည် မြစ်ညာသို့ဆန်တက်၍ ထိုရသေ့၏ ဆံကျစ်၌ ငြိသည်ရှိသော် ထိုဇာတိမန္တ ရသေ့သည် သူယုတ် ပျက်လေ၊ အကယ်၍ ဤအရပ်၌ သင်နေအံ့၊ ခုနစ်ရက်မြောက်သောနေ့၌ သင့်ဦးခေါင်းသည် ခုနစ်စိတ် ကွဲလတ္တံ့ဟု ဆို၏။
ဘုရားလောင်းသည် အကယ်၍ ငါသည် ဤရသေ့အား အမျက်ထွက်ချေအံ့၊ ငါသည် သီလကို မစောင့်ရှောက်သည် ဖြစ်လတ္တံ့၊ အကြောင်းဥပါယ် တမျဉ်ဖြင့်သာလျှင် ထိုရသေ့၏ မာနကို ဖျက်အံ့ဟု ကြံတော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ နေထွက်ခြင်းကို မြစ်တော်မူ၏။ လူတို့သည် ဇာတိမန္တရသေ့သို့ကပ်၍ အရှင်ဘုရား- အရှင်ဘုရားတို့သည် နေထွက်ခြင်းကို မပေးကုန်၊ တားမြစ်ကုန်သလောဟု မေးကုန်၏။ ဇာတိမန္တရသေ့သည် ဆို၏။ ဤနေကို တားမြစ်ခြင်းသည် ငါ၏အမှုမဟုတ်၊ စင်စစ်သော်ကား မြစ်နား၌ ဒွန်းစဏ္ဍားတယောက်သည် နေ၏။ ထိုဒွန်းစဏ္ဍာ၏ အမှုဖြစ်လတ္တံ့ဟု ဆို၏။ လူတို့သည် ဘုရားလောင်းသို့ ကပ်ကုန်၍ အရှင်ဘုရား- အရှင်ဘုရားတို့သည် နေထွက်ခြင်းကို မပေး၊ တားမြစ်ကုန်သလောဟု မေးကုန်၏။ တကာတို့- ဪ ဟုတ်၏ဟု မိန့်တော်မူသည်ရှိသော် အဘယ့်ကြောင့် တားမြစ်တော်မူသနည်းဟု မေးလျှောက်ကုန်လျှင် တကာတို့၏ ဆရာရသေ့သည် အပြစ်မရှိသောငါ့ကို ကျိန်ဆဲ၏။ ထိုရသေ့သည်လာ၍ ကန်တော့အံ့သောငှါ ငါ၏ခြေတို့၌ ဝပ်သည်ရှိသော် နေကို ငါလွှတ်အံ့ဟု မိန့်တော်မူလျှင် ထိုလူတို့သည်သွား၍ ရသေ့ကို ဆွဲငင်ကုန်လျက် ဘုရားလောင်း၏ ခြေရင်း၌ဝပ်၍ ကန်တော့စေပြီးလျှင် လျှောက်ကုန်၏။
အရှင်ဘုရား- နေကို လွှတ်တော်မူကုန်လော့ဟု ဆိုကုန်သည်ရှိသော် လွှတ်ခြင်းငှါ မတတ်ကောင်းသေး၊ အကယ်၍ ငါသည် နေကိုလွှတ်အံ့၊ ဤဇာတိမန္တရသေ့၏ ဦးခေါင်းသည် ခုနစ်စိတ်ကွဲလတ္တံ့ဟု မိန့်တော်မူလျှင် အရှင်ဘုရား- ဤသို့ဖြစ်သည်ရှိသော် အဘယ်သို့ ပြုရအံ့နည်းဟု မေးအပ်သော် ဘုရားလောင်းသည် မြေစိုင်ခဲကို ဆောင်စေ၍ ဤမြေစိုင်ခဲကို သင်တို့ရသေ့၏ ဦးခေါင်း၌ထား၍ ရသေ့ကို ရေသို့သက်စေ၍ ရေ၌ထားလေကုန်ဟု ထားစေ၍ နေကို လွှတ်တော်မူ၏။ နေရောင်တို့ဖြင့် ခတ်မိ ထိမိကာမျှ၌ မြေစိုင်ခဲသည် ခုနစ်စိတ် ကွဲ၏။ ရသေ့သည် ရေ၌ငုပ်၏။ ဘုရားလောင်းသည် ထိုဇာတိမန္တရသေ့ကို ဆုံးမ၍ အဘယ်အရပ်၌ ယခုအခါဝယ် တသောင်းခြောက်ထောင်သော ပုဏ္ဏားတို့သည် နေလေသနည်းဟု စူးစမ်းဆင်ခြင်တော် မူလတ်သော် မဇ္ဈမင်း၏ အထံ၌ နေကြကုန်သည်၏အဖြစ်ကို သိ၍ ထိုပုဏ္ဏားတို့ကို ငါဆုံးမအံ့ဟု တန်ခိုးဖြင့်သွား၍ မြို့၏အနီး၌ သက်ဆင်း၍ သပိတ်ကိုယူ၍ မြို့တွင်း၌ ဆွမ်းခံတော်မူ၏။
ပုဏ္ဏားတို့သည် ထိုဘုရားလောင်းကို မြင်၍ ဤရသေ့သည် ဤပြည်၌ တရက် နှစ်ရက်မျှလည်း နေလတ်သော် ငါတို့ကို တည်ရာမရသည်ကို ပြုလတ္တံ့ဟု မင်းကြီးထံ လျင်မြန်စွာသွား၍ အရှင်မင်းကြီး- မာယာအတတ်ဖြင့် လှည့်ပတ် ဖြားယောင်းတတ်သော ဝိဇ္ဇာဓိုရ် ခိုးသူတယောက်သည် လာ၏။ ထိုဝိဇ္ဇာဓိုရ် ခိုးသူကို ဖမ်းစေကုန်လော့ဟု မင်းအား ချောပစ်ဂုံးတိုက်သော စကားကို ကြားကြကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံ၏။ ဘုရားလောင်းသည်လည်း ပြောင်း, ပဲ, လူး, ဆပ် ရောသော ဆွမ်းကိုယူ၍ နံရံတခုကိုမှီ၍ အင်းပျဉ်ငယ်၌နေလျက် ဘုဉ်းပေး၏။ ထိုအခါ၌ တပါးကိုကြံ၍ အောက်မေ့၍စားသော ဘုရားလောင်းကို မင်းသည် စေခိုင်းအပ်သော မင်းချင်းတို့သည် သန်လျက်ဖြင့် ခုတ်ဖြတ်၍ အသက်၏ကုန်ခြင်းသို့ ရောက်စေကုန်၏။ ထိုဘုရားလောင်းသည် သေလွန်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။
ဤမာတင်္ဂဇာတ်၌ ဘုရားလောင်းသည် ဆုံးမဩဝါဒ ပျက်သည် ကျိုးပေါက်သည် ဖြစ်သတတ်၊ ထိုဘုရားလောင်းသည် ထိုသို့ ဆုံးမဩဝါဒ ပျက်သဖြင့်သာလျှင် သေ၏။
ဤသို့ မသင့်သောအားဖြင့် အသက်ကုန်ခြင်းသို့ရောက်၍ နတ်တို့သည် အမျက်ထွက်၍ အလုံးစုံသော မဇ္ဈတိုင်းကို ပြာပူမိုဃ်းကိုရွာစေ၍ တိုင်းပြည်ကို ဖျက်ဆီးကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဥတေနမင်းစောသည် ယခုမှသာလျှင် ရဟန်းတို့ကို ညှဉ်းဆဲသည် မဟုတ်သေး၊ ရှေး၌လည်း ရဟန်းတို့ကို နှိပ်စက် ညှဉ်းဆဲဘူးသည်သာတည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ မဏ္ဍဗျလုလင်သည် ယခုအခါ ဥတေနမင်းစော ဖြစ်လာ၏။ မာတင်္ဂ သုခမိန်သည်ကား ငါဘုရား ဖြစ်တော်မူ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
ကျင့်မြတ်ရှိသူ၊ သတ်ဖြတ်ငြူ၊ ပြည်မူတိုင်းကားပျက်
ရှေးဦးစွာသော မာတင်္ဂဇာတ်သည် ပြီး၏။
*****