မာတိကာသို့ ခုန်သွားရန်

မိတစိန္တိဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၁၄။ မိတစိန္တိဇာတ်
2772ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၁၁၄။ မိတစိန္တိဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ဟံစိဝဂ်

၄။ မိတစိန္တီဇာတ်

ပျင်းရိသော ငါးတို့၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗဟုစိန္တီ အပ္ပစိန္တီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတစိန္တီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နှစ်ယောက်ကုန်သော အသက်ကြီးကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုနှစ်ယောက်ကုန်သော ရဟန်းကြီးတို့သည် ဇနပုဒ်၌ တခုသောတောကျောင်း၌ ဝါဆိုကုန်ပြီး၍ မြတ်စွာဘုရားအား ဖူးမြင်အံ့သောငှါသွားအံ့ဟု ရိက္ခာကိုစီရင်ကုန်၍ ယနေ့သွားကုန်အံ့၊ နက်ဖြန်သွားကုန်အံ့ဟု တလကိုလွန်စေ၍ တဖန် ရိက္ခာကိုစီရင်ကုန်၍ ထို့အတူလျှင် တလကို လွန်စေကုန်၏။ ဤသို့လျှင် မိမိတို့၏ ပျင်းရိသည်၏အဖြစ်ကြောင့်၎င်း, နေရာအရပ်၌ တပ် စွန်းသည်၏အဖြစ်ကြောင့်၎င်း သုံးလတို့ကိုလွန်၍ ထိုဇနပုဒ်မှထွက်၍ ဇေတဝန်ကျောင်းတော်သို့သွား၍ အကျွမ်းဝင်ရာ၌ သပိတ်သင်္ကန်းကိုသိုမှီး၍ မြတ်စွာဘုရားကို ဖူးမြင်ကုန်၏။

ထိုအခါ ထိုရဟန်းတို့ကို ရဟန်းတို့သည် ငါ့သျှင်ကို မြတ်စွာဘုရားကို ခစားခြင်းကိုမပြုကုန်သော သင်တို့သည် ကြာမြင့်စွာ၏။ အဘယ့်ကြောင့် ဤသို့ကြာမြင့်ကြကုန်သနည်းဟု မေးကြကုန်၏။ ထိုရဟန်းတို့သည် ထိုအကြောင်းကို ကြားကုန်၏။ ထိုအခါ ထိုရဟန်းတို့၏ ပျင်းရိသည်၏အဖြစ်သည် ရဟန်းသံဃာ၌ ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌လည်း ထိုရဟန်းကြီးတို့၏ ပျင်းရိသည်၏အဖြစ်ကိုလျှင်မှီ၍ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် ပျင်းရိကုန်သတတ်ဟူသည် မှန်ကုန်သာဟု မေးတော်မူလတ်၍ အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ထိုရဟန်းတို့သည် ပျင်းရိသည် မဟုတ်သေး၊ ရှေး၌လည်း ပျင်းရိကုန်၏။ နေရာ၌လည်း တပ်စွန်းကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဗာရာဏသီမြစ်နား၌ ငါးသုံးခုတို့သည်ရှိကုန်၏။ ထိုငါးသုံးခုတို့တွင် တခုကား မိတစိန္တီမည်၏။ တခုကား ဗဟုစိန္တီမည်၏။ တခုကား အပ္ပစိန္တီမည်၏။ ထိုငါးသုံးခုတို့သည် တောမှလူ့ပြည်သို့လာကုန်၏။ ထိုငါးသုံးခုတို့တွင် မိတစိန္တီငါးသည် တပါးကုန်သော နှစ်ခုကုန်သော ဗဟုစိန္တီ, အပ္ပစိန္တီငါးတို့ကို ဤလူ့ပြည်မည်သည်ကား ရွံရှာဘွယ်ရှိ၏။ ဘေးဘျမ်းရှိ၏။ တံငါတို့သည် ကွန် မြှုံး အစရှိသည်တို့ကိုပစ်၍ ငါးတို့ကို ဖမ်းကုန်၏။ ငါတို့သည် တော၌သာလျှင် နေကုန်အံ့ဟု ဆိုပေ၏။ ဤမှတပါးကုန်သော ငါးနှစ်ခုတို့သည် ပျင်းရိသည်၏အဖြစ်ကြောင့်၎င်း၊ အာမိသ၌ တပ်စွန်းခြင်းကြောင့်၎င်း ယနေ့ သွားကုန်အံ့၊ နက်ဖြန် သွားကုန်အံ့ဟု ဆို၍ သုံးလတို့ကို လွန်စေကုန်၏။

ထိုအခါ တံငါတို့သည် မြစ်၌ ကွန်တို့ကိုပစ်ကုန်၏။ ဗဟုစန္တီ အပ္ပစိန္တီ ငါးတို့သည် အစာကိုယူကုန်လျက် ရှေ့မှသွားကုန်၏။ ထိုငါးတို့သည် မိမိတို့၏ အလွန်မိုက်သည်၏အဖြစ်ကြောင့် ကွန်နံ့ကို မမှတ်ကုန်မူ၍ ကွန်ဝမ်းသို့ဝင်ကုန်၏။ မိတစိန္တီငါးသည် နောက်မှ သွားသည်ရှိသော် ကွန်နံ့ကိုသိ၍ ထိုငါးတို့၏ ကွန်ဝမ်းသို့ ဝင်သည်၏အဖြစ်ကိုသိ၍ ပျင်းရိကုန်သောငါးတို့အား အသက်ကို ပေးအံ့ဟုကြံ၍ ကွန်၏အပဖြစ်သော နံပါးအနီးဖြင့် ကွန်ဝမ်းတည်ရာအရပ်သို့သွား၍ ကွန်ဝမ်းကိုခွဲ၍ထွက်သည်နှင့်တူစွာ ရေကိုနှောက်နယ်၍ ကွန်၏ရှေ့မှကျ၍ တဖန် ကွန်ဝမ်းသို့ဝင်၍ နောက်အဘို့ဖြင့် ခွဲ၍ထွက်သည်နှင့်တူစွာ ရေကိုနှောက်နယ်၍ နောက်အဘို့၌ ကျ၏။ တံငါတို့သည် ငါးတို့သည် ကွန်ကိုခွဲ၍သွား ကုန်ပြီဟု ထင်မှတ်၍ ကွန်စွန်း၌ကိုင်၍ချီကုန်၏။ ထိုဗဟုစိန္တီ အပ္ပစိန္တီ ငါးနှစ်ခုတို့သည်လည်း ကွန်မှလွတ်ကုန်၍ ရေ၌ကျကုန်၏။ ထိုငါးနှစ်ခုရှိသည် မိတစိန္တီငါးကိုမှီ၍ အသက်ကိုရကုန်၏။ မြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူသောအခါ-

၁၁၄။ ဗဟုစိန္တီ အပ္ပစိန္တီ၊ ဥဘော ဇာလေ အဗျဇ္ဈရေ။
မိတစိန္တီ ပမောစေသိ၊ ဥဘော တတ္ထ သမာဂတာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၁၄။ ဘိက္ခဝေ၊ ရဟန်းတို။ ဗဟုစန္တီ၊ ဗဟုစိန္တီ ငါးသည်၎င်း။ အပ္ပစိန္တီ၊ အပ္ပစိန္တီငါးသည်၎င်း။ ဥဘော၊ နှစ်ခုကုန်သော ငါးတို့သည်။ ဇာလေ၊ ကွန်၌။ အဗျဇ္စျရေ၊ မိကုန်၏။ မိတစိန္တီ၊ မိတစိန္တီငါးသည်။ ပမောစေသိ၊ လွတ်စေ၏။ ဥဘော၊ နှစ်ခုကုန်သောငါးတို့သည်။ တတ္ထ၊ ထိုရေ၌။ သမာဂတာ၊ မိတစိန္တီငါးနှင့် ပေါင်းမိပြန်ကုန်၏။

ဇာတ်ပေါင်း... ဤသို့မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကိုပြသည်၏အဆုံး၌ အသက်ကြီးကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ရဟန်းကြီးနှစ်ယောက်တို့သည် ထိုအခါ ဗဟုစိန္တီ အပ္ပစိန္တီငါးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မိတစိန္တီပြီး ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

အပျင်းမွေးငြား၊ လူအများ၊ မှတ်သားကြစေရာ

လေးခုတို့ပြည့်ကြောင်းဖြစ်သော မိတစိန္တီဇာတ်သည် ပြီး၏။

*****