မာတိကာသို့ ခုန်သွားရန်

မဲဇာတောင်ခြေ

ဝီကီရင်းမြစ် မှ
မဲဇာတောင်ခြေ
by လက်ဝဲသုန္ဒရ
2856မဲဇာတောင်ခြေလက်ဝဲသုန္ဒရ

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊ မြိုင်တောစည်က
ရွှေပြည်ကိုသာ၊ တရှာတော့မိ
မိုးရှိရှိလျှင်၊ သီရိကျက်သရေ
တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု
တည်ထားပြုသည်၊ ဇမ္ဗူ့ ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ
စ၍ရေသော်၊ ရွှေစေတီကြီး
အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ
အလုံးစုံကို၊ အာရုံမျက်မြင်
ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့
သည်သို့စေတီ၊ သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်
ရွှေပြည်ဌာန ဝေးသောကြောင့်။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်
တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံ အတိနှင့်
တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံသြ၊ ကြုံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဥ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊ မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ ဝန်းကာဝေ့သည်
တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်
လေလည်းရောရာ၊ မိုးမပါဘဲ
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက
ရထားယဥ်သာ၊ နေစကြာလည်း
ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊ တလျက်မြည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.