မြတ်လေးပွင့်၍-ချီ ရတု
မြတ်လေးပွင့်၍ ရှုတင့်စေအောင် ခဲ့ပြီးနောင်မှ ရွှေရောင်စက်စက် အလျှံထွက်သည် ပုံးညက်ပြန့်ကြိုင် ဧဧလှိုင်လျက် သာနိုင်သမျှ ဆန်းသစ်လကား ပြောင်းပြပူပန် ရွှေညာဆန်၍ သူ့ဌာန်ရပ်ဝေး ကွာသည့်ရေးမူ နွေလေးလကျန် မိုးဝသန်နှင့် ဟေမာန်ရောရု နတ်ရတုလည်း ဝင်လုပြန်ခဲ့ ပြန်ဘက်မဲ့သည် ငှက်ငဲ့အသွင် ထို့တွင်ရွှေပြည် ဝေးလှသည်ကို နေခြည်မကျောက် ဘယ်ချိန်ရောက်၍ လမ်းထောက်မျှော်လင့် နေ့နှင့်ညဉ့်မှာ မသိသာခဲ့ စက်ရာနေခန်း ခွေကာမြန်းသည် ရွှေနန်းတောင်နှယ် ထင်မိသည် ။
နတ်ရေးသင့်၍ နတ်မင့်းဩဘာ နိမိတ်လာသား ကမ္ဘာစဉ်သင့် ထိုပန်းပွင့်ကို နန်းမြင့်စံတည် တို့ရွှေပြည်ဝယ် ပတ်လည်ခိုင်ညီ ပွင့်တန်ပြီတည့် တလီရုံးပေါင်း သိန်းသောင်းမက ဌာနဝေးမြေ ရှိရချေက ရေလည်းဖြဖြ သာဂရဟု ပေါင်းကျဟောဟော တုံပလောနှင့် တို့ကြောမြစ်စပ် အထပ်ထပ်တည့် ကျောက်ချပ်လွှာလွှာ အကာဆစ်ဆစ် ထု၍ပြစ်သို့ ကျောက်နှစ်ကွန့်ကွန့် ကျောက်ညွန့်ထော်လော် ကျော်မော်ကျောက်ပုံ တောမြိုင်ခြုံဝယ် ဝါးရုံကန့်လန့် ထောင်ကျော်ခန့်၍ ခြေဆန့်လက်ခါ မသွားသာ၍ ဘယ်ညာရပ်ဝန်း ဘီလာတန်းသည် ခွေသန်းလျှော့နှယ် မြင်မိသည် ။
မှတ်တွေးချင့်၍ ရှေ့နှင့်အနောက် မြောက်နှင့်တောင်မှာ ကြည့်စရာလည်း မဲဇာထက်အောက် လမ်းပေါက်ရေဆီး ကွင်းကြီးရစ်ခွေ ကျက်သရေရုံးပေါင်း မြစ်နှင့်ချောင်းလည်း ထောင်းထောင်းမှုံငွေ့ ထွက်၍တင်းကြမ်း နက်တိမ်စမ်းက သွားလမ်းမသာ ရေလယ်မှာ၌ ရောက်လာခြုံပုတ် တခြုံပြုတ်၍ ထိုးလှုတ်မနိုင် အဆိုင်ဆိုင်လျှင် တောမြိုင်လည်လှည့် ကမ်းလုံးပြည့်မျှ ရှုကြည့်လေရာ ကြောက်ဘွယ်သာတည့် ပြာပြာလွလွ မှိုင်းပြမှောင်မှောင် တောရှိတောင်လည်း တိမ်တောင်မိုးရှိ ထွေးယှက်ငြိမျှ လှမ်းမိစဘွယ် ကောင်းကင်ကယ်လျှက် တောင်လယ်တောင်ထိပ် မိုးညိုရိပ်၍ တိမ်လိပ်ဆောင်ညွန်း စ၍ထွန်းသည် နေဝန်းပေါ်လွယ် ချင်ဘိသည် ။