မွေ့နန်းရကန်/အခန်း-၁၃
နန္ဒာသခင် ယမံဝင်နှင့် ယထင်ကတော် လေးဆယ်ကျော်သည့် လှော်လောင်းနှစ်စင်း ပြိုင်၍ဆင်းသည့်နှယ် နန်းတွင်းရောက်စ ကတည်းကပင် မြမွေ့ရာဆန်း နန်းသုံးနန်းဆောင် ကြက်ပေါင်ရွှေအစ် အနားရစ်နှင့် ပုဆစ်တုပ်ပျပ် အသာဝပ်၍ ခညွတ်ခွေညောင်း နေရာကောင်းက ယခင်ဆင့်လောင်း တကြိမ်ပေါင်းသည် အပျောင်းဟူသမျှအသင်္ချာ မယ်နွန်းတွင်နု ဂွမ်းစိုင်စုလည်း ဘာပြုလို့သည့်နှယ် တို့အမယ်မှာ ဧည့်သည်လိုလို ဘယ်သူနှင့်ဆိုကြသည် ကိုယ်တော်ကမြန်းရာတွင် အဆန်းကြီးကိရိယာနှင့် အိုထိပ်ချာငယ် ဆိတ်စာငယ်ကြွလို့ ခဏရောက်တဲ့ပ လျှောက်တော်မူချင်လှပါပြီ မယ်ယထင်က အရင်စလျှင် အူရွညံ့သက် အသာမြွက်၍ စုံမက်စရာ မင်းနန္ဒာနှင့် မျက်နှာနှစ်ဦး ဖူးလှာရသည် မြတန်သည့်ဒါလီ ယထင်ကိုမှီလိုက်လို့ နှင်းဆီပင်အယိမ်းကို မတိမ်းရအောင် ခဏတည်းလို့ခို ညဉ့်သန်းခန်းဥပမာ ။
ဘဲ့နှယ်လဲအမယ် မျက်နှာသာကွယ်လို့ ရှက်တယ်ကျမ ကြောက်လှအပုံ ရင်ဝမှာခုန်ပြီ သက်လုံမှာနုံးခါနှစ်လီ လောင်းနန္ဒာကလည်း မေတ္တာသက်ကို ရွှေမျက်နှာတော်ပူပါမည် ဒဂုံကပင် မင်းပေစင်ကို မြင်ရတွေ့ရ မွေ့လျော်ရအောင် ကြွလာချက်ကို နှုတ်ဆက်ရွှေကွမ်း နေဖြစ်လွန်းလျှင် စီးခွန်းငြိ၍ ရှိရပေလေသည်မှာ တပြည်နှင့်တပြည်ကို ရိပ်ခြည်ဝေဖန် နေတန်ရာဘူး မေတ္တာချင်းကူးကြလို့ ဂုဏ်နှစ်ဦးကားအတူတူ ။
နန္ဒာဘုရား မြွက်စကားကို ရှက်အားမွှန်၍ မယ်နွန်းမပြန် ယထင်ကံက ဂုန္တန်ထိုးနု ရွှေကြည်ဥကဲ့သို့ နုလှသည့်နှလုံးနှင့် စိတ်ပူပင်အောင်လို့ ယထင်ကဆိုရာမှာလည်း ကိုယ်တော်မေးလှပြီ အရေးတော်ပြန်သင့်ပါ သို့စကားစ အရိပ်ပြသော် ကျမကိုယ်စား ထိပ်ချာထားကို သနားတော်သံ သင့်အောင်သာပြန်ပါတော့ နီဖလံစီ မြဒါလီကို ပြီပြီတလိုက် သွားနှင့်ကိုက်၍ ငုံလိုက်သည့်မူရာတွင် အလိမ္မာကျော် အထိန်းတော်က ကျွန်တော်မကိုမေးစကား ခြားနား၍လည်းမဟုတ်ပေ သခင်ကသာ မိန့်ရှိရာကို တခါဘုရားကျွန်တော်မက အစပြူလျှင် ဇမ္ဗူရစ်နှစ်ပြား သည်စပ်ကြားတွင် လားလားကင်းဝေး ခပ်ပြာတေးနှင့် ထွေး၍နေအောင် ဂဟေဆော်ရမည်လည်း မတော်တတ်ပင် ကတ်လတ်ရှိရာလေလိမ့် ထွေထွေပြားပြား ထိပ်ချာထားငယ် စားတော်ကွမ်းကို အလွမ်းသင့်အောင်ဆက်ထိုက်သည် ဤသို့လောက်စင် မယ်ယထင်က သွန်သင်သည်လို ပြသည်လိုနှင့် နဂိုယဉ်နု အခင်းစုအောင် အမှုကိုပုံလိုက်သည် အာရုံချင်းပွားစည်အံ့ နှောမည်နုတ်မည် ကုတ်မည်မမည် ဘုန်းပွင့်စည်ကို လျှောက်သည်နှင့်သာရှိရာတွင် မယ်နွန်းနှယ်တခါ ကွမ်းတယာနှင့် ကြာကြာကြံတွေး ဆက်ရမည့်ရေးကို ထွေးလုံးထွေးလုံးနှင့်နေတုန်းတွင် နှလုံးဖြူစင် မယ်ယထင်လည်း နန်းပြင်လူးလာ ထကြွရှာ၍ သင့်ရာတိမ်းသည်ပင်တည့် သခင်နှစ်ဦး မွေ့ရာထူးမှာ စိတ်မြူးသနှင့် ချစ်စချင့်ဖွယ် အရွယ်ကတည်းတူတူ မျက်နှာငုံ့လျက် ကွမ်းယာဆက်ရာတွင် ရွှေလက်တော်ဖျား ဖော့အူသားကို သနားသည့်နိမိတ် ဆွဲလျက်ကယ်ဆိတ်ရာတွင် လက်ထပ်ဖွေးဖွေးဖြူမှာ ဖော့အူစင်စင်ကို မမြင်ဝံ့အောင် ကွန့်လိုက်သည့်သွေးခြည်လည်း ပန်းရည်စွန်းသို့ရဲရဲနီ မျက်နှာအောက်ထား ကြည့်လျက်သားနှင့် စကားလည်းမပြန် ရွှေနန်းရန်ကို ဖန်တရာသား စိတ်ကစားလို့ တံ့စားလျက်နှင့် အသက်ပုံသည် ဒဂုံလုံးနှင်းဆီက ဆယ်လီဆယ်ဖန် ကြံတော်မူရာမှာလည်း လူဆိတ်ကွယ်သည့်နန်းဦးတွင် ခင်မယ်နွန်းက နွမ်းနယ်ခွေပျောင်း အမွှေးစုံပေါင်းသည့်နှယ် ထပ်လောင်း၍မဟ သည်တညမှာ ကြမ္မာ့အကတ် ဘယ်ဥပဒ်ကယ်ကြောင့် ဖျတ်ဖျတ်လောအောင် ဇောချွေးအကုန်ရွှင်၏ မယ်ယထင်ကလည်း နေချင်တိုင်းသာ လူးလာရိပ်ခြည် ဂုဏ်နှစ်တည်ကို နာလိုသင့်လို အခွင့်သိသည့် ပညာရှိကြီးအလိမ္မာ နန္ဒာနှင့်မယ်နွန်း စိတ်ရောပြွမ်း၍ တခွန်းမိန့်နှစ်ခွန့်မိန့် ခြင်ဆီကိုစိမ့်၍ မနိမ့်မမြင့် မွေ့ရာဆင့်က တခွင့်တက်ပြန်ရာမှာ သန္တာလောက်နီနီ လက်ဖျားဆီကို ကျီစားသလို တကယ်လိုနှင့် ကိုယ်တော်ကဆွဲရာတွင် အသဲခိုက်ခိုက်တုန် ကြောက်မူရာသံ ခွင့်တောင်းပန်၍ သံတော်ဦးကျမ တင်စမ်းပါ့မည် ခဏထွတ်ဆုံး လွှတ်ပါအုံးတော့ သုံးလေးငါးကြိမ်ခုန်အောင် ဒဂုံကသခင်ကို ဆွဲငင်ရင်းတွင် အခင်းထူးအောင် နှစ်ဦးဖြစ်၍ အချစ်ကိုမသတ်ပြီ လက်ဖျားဆီက ယာယီပိုင်ပိုင် မချုပ်နိုင်လျှင် ကြိုင်လှသည့်အသွေး မွှေးလှသည့်နှင်းရည် ရွှေလည်ဖက်နွှဲ အသာတွဲ၍ လဲပုံလောက်နု မယ်နွန်းကိုခုတွင် ခုသာမှီမှ ဆယ်လီနစ်၍ အသက်ပြီပြီ ဒါလီအောက်တွင် ပန်းနီလွင်ကို ပြင်ကအလွတ်ထား ခုနှယ်များ အသားလွတ်မိလတ်ရောင် လက်တော်နှင့်ကာ ရင်တော်သားကို တပါးသူလည်း အဖော်နည်း၍ အသည်းမှာခုခု ဂွမ်းသို့စုနှယ် အမှုတွေ့ရသည် ဣန္ဒြေမပျက်အောင် ဒဂုံလုံးသည်းခေါင်က တထောင်လုံးအကြောမှာ သဘောနှင့်စိမ့်လိုက်သည် မိန့်တော်ခန့်အဆန့်တသန္တာန် ဇမ္ဗူဒီပ နယ်တဝမှာ အလှအလွန် အမွန်အကြူး အထူးအခြား ရွှေကိုယ်တော်တွားသည့်နှယ် လက်ဖျားတော်နှစ်ဦး စိတ်ထင်မြူးကြသည် ကျေးဇူးပုံတသိန်းမှန်အောင် ရွှေကြိုးကြာသဏ္ဌာန်နှင့် စိတ်ညံသည့်ရတနာကို ထွတ်ထွတ်ပြာအောင် နန္ဒာဘုရား လက်တော်ယားသည့်နှယ် ကျီစားလျက်နှင့်အကြိမ်ကြိမ် ပွေ့ပိုက်ဖက်နွှဲ ဆောင်ရိပ်ထဲမှာ တွဲလို့အဖန် မငြင်းဆန်အောင် ကံတော်နှစ်ပါး အတူညား၍ အခြားမဖောက် အခွင့်ရောက်မှ မြညှောက်ကယ်စိတ် တင်းတော်တိမ်သည် သိမ်လည်းသိမ်မွေ့ တွေ့လည်းတွေ့သစ် ချစ်လည်းချစ်စ သည်ကာလကို သောကလည်းမရှိ ပီတိလည်းမခန်း တပင်နန်းမှာ အဆန်းအပြား ထူးခြားရိပ်ငြိမ် နန်းစည်းစိမ်ကို တကြိမ်လားလား မဆိုထားဘိ ရဲစားနှစ်ဦး အထူးတွေ့စ သည်ကာလတွင် မိန်းမဖျင်းဖျင်း တောတွင်းလားလား ယောက်ျားရိုင်းရိုင်း အင်တိုင်းတော်သားပင်ဖြစ်လည်း ရည်းစားချစ်ခင် ကြင်စအမှန် သဘောသန်လျှင် ဝေးလံမသွား တပါးရပ်ရွာ မခွာပစ်နိုင် ပင်တိုင်မျက်သိပ် ညဉ့်အိပ်နေ့နေ မသွေမလှန် မိန်းမထံသို့ ပြန်လို့ပြေးလှာ ကြမ္မာညှဉ်းဆဲ ဆင်းရဲတူတူ အမူပြင်းပြင်း လုပ်ခင်းလယ်ယာ မနေသာ၍ တရွာတခြား မသွားတို့ဖြစ် အချစ်ကြူးလွန် မရွံမရှာ ဆရာသမား မိဘကိုထားလို့ သိကြားပင်သိသိ တွယ်မိမှလျှော့မဟဲ့ ဘာပြုသလဲလို့ စိတ်ရဲနှင့်ရဲတတ် သတ်လို့ပင်သေသေ ကာမေသုကာမဂုဏ် ရဲငံစကြုံကြလျှင် ဒဂုံနှင့်သန်လျင် မင်းပါစင်ကို ပင်လယ်စိုးငမိုးရိပ်ကျော် ငယ်ကျွန်တော်ကလည်း အဖော်ညီညာ ပုံစံမကြွင်း သည်အခင်းမှာ သင်းလည်းပျို၍ မဆိုသာဘူး ဃရာဝါသံ လောကမှန်လျှင် အကြံလျှော့မြဲမဟုတ်ဘဲ ဆင်းရဲသည့်လူတေ လူခေခေများပက် အတူနေကာလကို လောဘကြောင့်စိတ်မငြိမ် ကာမမာန်ကလက်လို့ ဘဝဂ်ကိုနှိမ်သည် ဒဂုံကနန္ဒာ ဘုန်းအာဏာနှင့် ရတနာသန်လျင်မှာ နုချင်တိုင်းနှနယ်တွင် သွယ်သွယ်သပ်သပ်ကယ် ကံစပ်သည့်အမှုနှင့် တခုချင်းကြိမ်သည် သည်စည်းစိမ်အာရုံကို မကြုံဘူးသည် အရူးပင်မှန်မှန် တခါတခါ စိတ်ကစားလို့ အမှားမှားကြံသည် သဇင်တံနှင်းခိုင် အတူတူပြိုင်သည် တပင်တိုင်နန်းဘုံမှာ ကာမဂုဏ်ဆိုင်ကြလို့ တတ်နိုင်ပြီဘူး အယဉ်အရွ အလှအဆန်း နန်းရိပ်ကျယ်ကျယ် ဒဝယ်ဆောင်ပွဲတက်ဆောင် ငွေအရောင်ရွှေအရောင် မှန်အရောင်မြအရောင် ညီးတဲ့၍လောင်ကဲ့သို့ တဆောင်နှင့်တဆောင်လည်း ကြက်ပေါင်နီနီ ပွင့်လုံးစီဇဝါ ကတ္တီပါလည်း ပြာပြာနီရဲချိမ့်ချိမ့် မိုးတိမ်လိပ်ကဲ့သို့ ပိဿာနှင့်အကောဋိ အသေင်္ချေယျ အဖိုးတန်ရသည် ဖန်စီစီမှန်စီစီ ရဲနီနန်းတိုင်မှာ ဆိုင်ရာဆိုင်ရာ ဗိသုကာတို့ နံ့သာနီနန်းသစ် ရှစ်ဆုပ်ကျော်သာသာ အတွင်းဆောင်မှာ ပြောင်ပြောင်ဝင်းသည့် ပြတင်းပါနှင့် ရတနာညောင်စောင်း ရွှေတသောင်းတန်တန် မြအလျှံမှာ နန္ဒာနှင့်မယ်နွန်း ရောပြွမ်းသည့်အခင်းကို ရွှေလင်းဆရာ ဟုတ်တိုင်းချ၍ မပြသာဘူး ပညာနှင့်အင်တန်ကို စီမံကြရော့ လောကဓံကိလေသာ အာရုံချင်းကြိမ် မင်းစည်းစိမ်နှင့် အချိန်တန်၍ ကြံတိုင်းပါသည် နဖူးစာဝါသနာ ပစ္စုပ္ပန်သံသရာ ကုသိုလ်ထူးကြပါလို့ ရတနာတပင် နန်းသန်လျင်မှာ မျိုချင်အောင်ကြည်ညို၍ ရွှေလိုဥလေ ။