မာတိကာသို့ ခုန်သွားရန်

မွေ့နန်းရကန်/အခန်း-၈

ဝီကီရင်းမြစ် မှ
2926မွေ့နန်းရကန် — ကျေးသားအောင်သွယ်ပြီး မင်းနန္ဒာထံ ပြန်ခန်းရွှေတောင်နန္ဒသူ

ယထင်ကတော် ရွှေတိုက်ကျော်ကို မနော်နတ်တု မယ်နွန်းအုနှင့် ပြောမှုဆိုခွင့် အခန့်သင့်တွင် ချင့်၍ထားတည့်လေသော် ဒဂုံတမန် ပညာပျံသည် ဉာဏ်လွန်သည့်ကျေးကျော်က ဘုရားကျွန်တော်ငယ်က ဆယ်လီဆယ်ဖန် အသက်ပြန်၍ နန္ဒာမင်းမြတ် ကျေးဇူးလတ်ကို ဆပ်ငြားသော်လည်း မကုန်ရာ သို့ကိုစင်လျက် သန်လျင်တခေါက် ရွှေခဲရောက်လျှင် မင့်တွင်အထူး ရှိကျေးဇူးကို ကြည်နူးဖြေလျှော့ ပိုင်စေတော့ဟု ယဉ်ကြော့နတ်ဟန် မိန့်တော်သံကို ပန်၍လာရပါရှင့် ရတနာသလွန် ကိုးမျက်ပြွန်က ငါမထဘူး သူဝကိုမျှော်နှင့်မည် အခွင့်ကုံလျှင် တဟုန်တည်းနှင့် အခန့်သင့်ရောက်အောင်ပျံခဲ့ နန္ဒာမြွက်ဘော် မိန့်ခွန်းတော်ကို ခေါ်သလိုပင် ရေးရေးထင်ပါသည်။ ရွှေစင်နှိုင်းလျှော် ဗျာဒိတ်တော်ကို ထိပ်ပေါ်မှာတင်ခဲ့၍ ဘဲ့နှယ်ပင်ရန် ခံခဲ့သော်လည်း ကျွန်တော်မဖြုံ ရွှေဘုန်းကိုလှုံ၍ လေဟုန်ထွင်းဖောက် ရွှေစက်တော်အောက်သို့ အရောက်ပျံခဲ့ရပါမည် ပါရမီထူးမြတ် သို့စင်လတ်ကို အမှတ်ကယ်မထင် လင့်ချေလျှင်လည်း ကြာပင်အောက်နား ဝပ်သည့်ဖားလို နှစ်ပါးရှိမည် ကုသလကံ တသက်နှံကို ပန်ဆင်လာတော့သည်ဟု မရှည်မလံ အတန်သတ်သတ်ကယ် ကပ်မိအောင်လျှောက်လေသော် မယ်နွန်းသူငယ်နုနယ် ဘယ်သို့မမြွက် ဆိတ်စာလည်းရှက်သည်နှင့် သက်သက်ကယ်ပြုံးတော်ခေါ်၏ ရွှေတိုက်ကျော်က ဆော်ဖန်လိုက်သည့်စကားမှာ တဦးသားက ပန်ကြားသည်ကို ထူးမဆိုလျှင် အလိုတော်နှင့် သဘောသင့်ပြီ မဖွင့်သော်လည်း ကျွန်တော်ငယ်သိပါ၏ နန္ဒာမေးသောအခါ စိတ်တွေးနှင့်သာ မင်းပြန်လှာသည်ထင့် ငါ့အာဏာတော် မြေကြီးပေါ်သို့ ချော်၍မသွားသင့် မျိုးမည်တူတန် စေသည့်သံကို လက်ခံသူက ဖြူမည်းမည်းမည် ဆိုရာသည် အရှည်ထုံးစံနှင့်ဟု အခွင့်မကုံ ယုံသာယုံ၍ ယုံတော်မူကျိုးမခံရ ကိုယ်တော်လည်းကြင်နာမှ နန္ဒာလည်းစုံမက်မည် ကြက်တူရွေးမျှ သာမညကို နန်းမထိပ်ချာ ဘယ်အားနာမည် ခြင်းရာဖော်၍ မိန့်တော်မူပါဟု သူဝစမ်း၍ တခန်းတက်ပြန်ရာတွင် ယထင်ကတော် ရွှေတိုက်ကျော်ကို တော်ရာသင့်ရာ မှာလိုက်ပါဘိ ကျွန်မမှာသူငယ် နားမလယ် ဘယ်သို့ဘယ်ဝါ ဆိုတတ်ပါဘူး အသာကြွ၍ နန်းမသို့ဝင်၏ မယ်ယထင် မရှင်ဘယ့်နှယ်မှာမတုံး သိကြားပမာ ယဉ်နန္ဒာကို ပါရမီမဖန် မေတ္တာလန်လျှင် လင်ကံမရှိ မှန်းကိုသိပြီ နိဗ္ဗာန်လက်ဆောင် ရွန်းပြောင်ကြက်လျှာ ယောက်သွားခရု အလယ်ဖုနှင့် သုံးလူ့ထိပ်မြုံ ရွှေတိဂုံမှာ ကြည်ယုံသဒ္ဓါ စေတနာနှင့် ဖူးလှာပါလှည့်အုံးဟု နန်းသုံးမရှင် မယ်ယထင်ကို အကျွမ်းဝင်သံ ကြိုက်ရိုးမှန်ပြီမို့ နန္ဒာကျေးက အပြေးဆိုတည့်လေသော် မောင်မင်းသခင် ဒဂုံရှင်သည် ကောင်းကင်ကိုလဲ ပျံနိုင်ဘဲနှင့် ရွှေခဲမြင်ပြီး သန်လျင်ကားနန်းတော်ကား ခဲလှော်လှသည် မြို့ပြသစ်တပ် သေနတ်ဓားလှံ အတန်တန်နှင့် အိပ်ဖန်တော်များ အကြပ်သားကို သိကြားဖြစ်မှရောက်နိုင်မည် လူကိုထား၍ မြွေဖားကင်းသန်း ဝင်လှာစမ်းတော့ နန်းတော်ဌာန ဘယ်ကာလမှပင် ဝင်နိုင်ကြဘူးသည်ဟု ရိပ်ခြည်ပါပါ လာနိုင်လာတော့ဆိုသလို မယ်ယထင်က စကားကျကို သူဝတခါ နားလည်လာအောင် ခြင်းရာဆီး၍ကြို၏ ကိုယ်တော်မိန့်ဟန် စကားသံမှာ တန်တန်ဘေးရဲ ရန်သူ့ထဲကို ခဲလှော်လှစွာ လာနိုင်လာတော့ သဘော့အရ စကားကျကို နားလည်ရမည်ဖြစ်တော့သည် သို့အရာတွင် မရှင်အလျောက် ဉာဏ်ပေါက်၍သာ ပြောရာပြောမိ မိန့်ရှိသလား ထိပ်ထားယူတော် ရှိလေသော်ကြောင့် သံတော်ဆင့်တမ်း ပြန်မြဲလမ်းကို စိတ်ဝမ်းချချ မောင်သူဝသိပါရမည်ဟု တတည်လော၍စုံစမ်းလျှင် ထိပ်သီသမှာ ဝထိုးပန်းကန် ခန့်လောက်ဆံကို ဒဏ်ထိပါများ ဆီမွေးစား၍ အလွတ်သားလွင် အကွက်မြင်သည် မယ်ယထင်ကတော်က ရွှေတိုက်ကျော်နန်းတော်သားလို့ ပြောစားရာမှာ ဘယ်ဟာကမှ အစိုးရသူ ခွင့်မမူဘဲ နန်းသူထုံးစံ ပေါ်လျှံယွင်းချွတ် စကားလွတ်ကို ရာဇဝတ်ဒဏ် အမှုပြန်အောင် ကြံ၍ပြောရိုးလားဟု ခင်မယထင် မင်းဝင်နန်းသုံး စိတ်ကကျုံး၍ စကားလုံးကြီး သီးသီးရင့်ရင့် ဖွင့်၍ဆိုရာတွင်မှသာ ချစ်ခင်ဟောင်းရှိ မသာလိရို့ ယထင်တို့ကို နှစ်လို့စုံဖက် နှုတ်ခွန်းဆက်၍ ကရမက်စု မယ်နွန်းနုရှု၍နေခိုက် မိုးတိမ်တိုက်ကို လေလိုက်ပျံခဲ့လာသည် နန္ဒာသခင် ထိပ်ခေါင်တင်ကလည်း လုလင်တော်သွားစ ကတည်းကပင် မယ်နွန်းကချွဲချွဲ ရွှေခဲကဝင့်ဝင့်နှင့် လည်ပင်းတော်အောက်က တမိုက်လောက်ခန့် အသည်းညွန့်မှာ ကွန့်မြူးသည့်လိပ်ပြာ ထိတ်ခနဲဝမ်းသာ ကြိုက်စိတ်နောက်က ဝေနောက်သည့်ဗျာပါ သူ့ထက်ငါသို့ ရွှေဒဂုံက အာရုံကိုမွှေလိုက်သည် ကိလေသာကို မင်းမာတို့စိတ်တွင် ဘယ့်နှယ်ထင်သလဲ သခင်နှင့်ကျွန်တွေ ပြော၍နေခိုက်ကို စေလိုက်သည့်ကျွန်တော် သန်လျင်နန်းနုက အမှုတော်ကုံခဲ့လို့ ယုံသွေးလောက်တျာလှသည့် ကမ္ဗလာပေါ်ကို ရွှေတိုက်ကျော်ကျတည့်လျှင် ဒလပိုင်ကြုံ ဇရွဲအုံညောင်ပင်သာ မြောင်းတကာမော်ဖီ ကွေ့မစားတို့ အားရဝမ်းသာ ရွှင်လန်းစွာနှင့် စေတနာပွက်တည့်၍ လက်ဖျားကိုချီသည် ဒီရေလိုကမ်းလျှံ၍ ခံနိုင်ပြီဘူး ဒဂုံရတနာ ယဉ်နန္ဒာကလည်း သူဝမျက်နှာ ရွှေကြာပန်းလို လန်းလန်းရွှင်ရွှင် မူလကိုမြင်လျှင်ပင် သန်လျင်မှာပိတ်ကပြီ ရွှေစိတ်တော်မြတ် အပြီးသတ်၍ ရပ်ကြဦးတိတ်စေ ရွှေခဲကိုဝဝ ကြိုက်ရာများကို စားစေရဦးမည် ငါ့ငယ်ကျွန်တော်ကို ငါမျှော်၍နေတုံးတွင် နှလုံးထဲမှာ အေးခနဲရှိအောင် ကိုကြီးမျက်ဖြေ ရောက်လှာတည့်ပေသည် ကုလားတွေပြောဟန်ကြောင့် နန္ဒာစိုးရိမ်သည် အရှိန်ကြီးနန်းပြင်မှာ သန်လျင်ရတနာ ဗလာနေခိုက်များကို တိုက်ကျော်မြင်တည့်၍ မှင်တက်နာရောက်မည့်နှယ် မဆောက်တည်နိုင် ဗျာလှိုင်၍ပင့်ရှု ငါ့ကျွန်ကိုလဲ သိခင်ဘဲနှင့် အော်လဲမတတ် သူစိမ်းရပ်မှာ ဖျပ်ခနဲလန့်ခနဲ ငါ့ရွှေခဲ ဆင်းရဲရှာလိမ့်မည် ငါစိတ်ပူသည် အရေးတော်ယူလွယ်ပါစံ့ ဘယ့်နှယ်ပါလဲ သင်္ဘောသားတို့ များကဲ့သို့မှာ မရှိရာဘူး ဘာပြုလဲဆို ထိုသူတို့မှာ သာမညအား ဆင်းရဲသားတို့ ဝတ်စားတန်ဆာ မူရာဟန်ပန် အင်တန်တွင်၍ မြင်လေ့မြင်ထ ရှိကုန်ကြ၏ ငါ့ငယ်ကျွန်တော် ရွှေတိုက်ကျော်မှာ ရွှေနန်းတော်ထုံး မင်းသုံးစိုးဆောင် အရောင်အဝါ တန်ဆာဝတ်စား အသားညက်ညံ့ ရနံ့လှိုင်ကြူ အဖြူအဖွေး မွေးကတဲက မြင်နေကျမို့ ကုလာ့စိတ်စွဲနှင့် ရွှေခဲမျက်စိကို ကိရိယာပုံစံ မတူတန်ဘု အတန္တုကား ကြက်ဥနှင့်ကြက်ငွေ့ သဘောတွေ့လိမ့် ရသေ့သူတော် လောကီဈာန်နှင့် ပျံနိုင်သော်လည်း မနော်ဟရ မိန်းမချောချော မြင်သောကာလ ဈာန်လျှော၍ကျ၏ ငါ့ကျွန်မျက်စိနှင့် မိသန်လျင်သူ ဖြူဟန်အူဟန် မမူတန်မူတန် သည်ကနေ၍ စိတ်ဝေဖန်သည် လျှံကာမြင်သနှင့်မို့ မငင်ပေမရှိုက်ပေ ဣန္ဒြေခိုင်ခိုင် မင်းနေနိုင်ပါစံ့ စေ့ရေနဖာ သိသိအောင်ငါမြန်းမည် အပန်းပင်ဖြေတဲ့ပ ကျေးရွှေခဲလေး ။