ယုဓဉ္စယဇာတ်
ဧကာဒသကနိပါတ်
၆။ ယုဓဉ္စယဇာတ်
ကာမဂုဏ်တို့ကိုစွန့်၍ တောထွက်ခြင်းအကြောင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်ရှိသော် မိတ္တာမစ္စပရိဗျူဠှံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤယုဓဉ္စယဇာတ်ကို မြတ်သော တောထွက်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ တစ်နေ့သ၌ တရား သဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့ရှင်တို့ ဘုရားသခင်သည် လူ့ဘောင်လောက၌ နေတော်မူသည်ဖြစ်အံ့၊ အလုံးစုံသော စကြဝဠာတိုက်၌ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော တန်ခိုးလေးပါးနှင့်ပြည့်စုံသော တစ်ထောင်အလွန်ရှိသော သားအပေါင်းဖြင့် ခြံရံအပ်သော စကြာမင်းဖြစ်ရာ၏။ ဤသို့ဖြစ်လျက် ဤသို့သော ကျက်သရေ၏ ပြည့်စုံခြင်းကို စွန့်ပယ်၍ ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ သန်းခေါင်အခါဝယ် ဆန္နအမတ်လျှင်အဖော်ရှိသည်ဖြစ်၍ ကဏ္ဍိကမြင်းကို တက်စီးလျက် တောထွက်၍ အနော်မာမြစ်နား၌ ရဟန်းပြု၍ ခြောက်နှစ်ပတ်လုံး ပြုနိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူ၏ ဟု သဗ္ဗညုတ ဘုရားသခင်၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကုန်၏။
ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်းတို့ ငါဘုရားသည် ယခုမှသာလျှင် မြတ်သော တောထွက်ခြင်းကို ပြုသည်မဟုတ်၊ ရှေ့၌လည်း တစ်ဆယ့်ရှစ်ယူဇနာရှိသော ဗာရာဏ သီပြည်၌ မင်းအဖြစ်ကိုစွန့်၍ တောထွက်တော်မူသည်သာတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ရမ္မပြည်၌ သဗ္ဗဒတ္တ အမည်ရှိသော ရမ္မမင်းသည် မင်းပြု၏။
ဗာရာဏသီ ခုနစ်မည်
ထိုစကားကို ထင်စွာပြဦးအံ့။ ဗာရာဏသီပြည်သည် ဥဒယဘဒ္ဒဇာတ်၌ သုရုန္ဓနအမည်ရှိသော မြို့ဖြစ်၏။ စူဠသုတသောမဇာတ်၌ သုဒဿနမြို့မည်၏။ သောဏနန္ဒဇာတ်၌ ဗြဟ္မဝဍ္ဎနမြို့ မည်၏။ ခဏ္ဍဟာလဇာတ်၌ ပုပ္ဖဝတီမြို့မည်၏။ သင်္ခဗြဟ္မဇာတ်၌ မောဠိနီမြို့မည်၏။ ဤယုဓဉ္စယဇာတ်၌ ရမ္မမြို့မည်၏။ ဤသို့ ဗာရာ ဏသီပြည်၏ အမည်သည် ရံခါ ပြောင်းလဲ၏။
ထိုရမ္မနဂိုရ်၌ သဗ္ဗဒတ္တမင်းအား သားတစ်ထောင်ရှိ၏။ ယုဓဉ္စယ အမည်ရှိသော သားကြီးအား အိမ်ရှေ့မင်းအဖြစ်ကို ပေး၏။
ရဟန်းပြုခွင့်တောင်း
ထိုအိမ်ရှေ့မင်းသည် နေ့တိုင်းနေ့တိုင်း ကြီးစွာသော အလှုကို ဖြစ်စေ၏။ ဤသို့ ကာလမြင့်ရှည်လတ်သော် ဘုရားလောင်းသည် နံနက်စောစောကလျှင် မြတ်သောရထားကို တက်စီး၍ များစွာသော ကျက်သရေ၏ တင့်တယ်ခြင်းဖြင့် ဥယျာဉ်ကစားအံ့သောငှာ သွားလတ်သော် သစ်ပင်ဖျား မြက်ဖျား သစ်ခက်ဖျား ပင့်ကူမြှေး, ပင့်ကူချည် ကွန်ယက် အစရှိသည်တို့၌ ပုလဲကွန်ရက်၏ အသွင်ဖြင့် ကပ်ငြိသော ဆီးနှင်း ပေါက်တို့ကို မြင်၍ အချင်းရထားထိန်း ဤအပေါက်သည် အဘယ်နည်း ဟု မေး၍ အရှင်မင်းသား ဤအပေါက်ကား ဆီးနှင်းပေါက် မည်ကုန်၏ ဟု ကြား၍ နေ့အဖို့ပတ်လုံး ဥယျာဉ်ကစား၍ ညချမ်းသောအခါ၌ ပြန်ခဲ့သည်ရှိသော် ထိုဆီးနှင်းပေါက်တို့ကို မမြင်၍ အချင်းရထားထိန်း ထိုဆီးနှင်းပေါက်တို့သည် အဘယ်မှာနည်း၊ ယခုအခါ၌ ထိုဆီးနှင်းပေါက်တို့ကို မမြင်ရ ဟု မေး၏။ အရှင်မင်းသား နေတက်သည်ရှိသော် ထိုအလုံးစုံသော ဆီးနှင်းပေါက်တို့သည် ပျက်စီး၍ မြေ၌ကျ၏ ဟု ကြား၍ ထိတ်လန့်ခြင်းသို့ရောက်၍ ဤသတ္တဝါတို့၏ ဇီဝိတသင်္ခါရတို့သည်လည်း မြက်ဖျား၌ ဆီးနှင်း ပေါက်နှင့် တူကုန်သည်သာတည်း၊ ငါသည် အိုခြင်း နာခြင်း သေခြင်းတို့သည် မနှိပ်စက်မီလျှင် မယ်တော် ခမည်းတော်တို့ကိုပန်၍ ရဟန်းပြုခြင်းငှာ သင့်၏ ဟု ဆီးနှင်းပေါက်ကိုသာ အာရုံပြု၍ ဘဝသုံးပါးကို ရဲရဲပြောင်ပြောင် လောင်သကဲ့သို့ ရှာလျက် မိမိ၏အိမ်သို့ မသွားဘဲ တန်ဆာဆင်ခြင်းနှင့်စပ်သော တရားစီရင်ရာ လွှတ်ဦးသဘင်၌နေသော အဖ၏ထံသို့သွား၍ အဖကိုရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ရပ်လျက် ရဟန်းအဖြစ်ကို တောင်းပန်လိုသော ဘုရားလောင်းသည်-
ပဗ္ဗဇိဿာမဟံ ရာဇ၊ တံ ဒေဝေါ အနုမညတု။
ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။
၇၃။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇ၊ ခမည်းတော်မင်းကြီး။ မိတ္တာမစ္စပရိဗျူဠှံ၊ ချစ်သော အမတ်အပေါင်းခြံရံသော ခမည်းတော်မင်းကြီးကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒေ၊ ရှိခိုးပါ၏။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပါတော့အံ့။ ရာဇ၊ ခမည်းတော်မင်းကြီး။ ဒေဝေါ၊ အရှင်မင်းကြီးသည်။ တံ၊ အကျွန်ုပ်၏ ထိုရဟန်းပြုခြင်းကို။ အနုမညတု၊ ခွင့်ပြုတော်မူပါလော့။
ခွင့်မပေးနိုင်
ထိုအခါ၌ မင်းသားကို မြစ်တားလိုသော မင်းကြီးသည်-
ယော တံ ဟိံသတိ ဝါရေမိ၊ မာ ပဗ္ဗဇ ယုဓဉ္စယ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၇၄။ ပုတ္တ၊ ချစ်သား။ သစေ၊ အကယ်၍။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ တေ၊ သင်ချစ်သားအ။ ဦနံ၊ ယုတ်အံ့။ အဟံ၊ ငါသည်။ တေ၊ သင်ချစ်သားအား။ ပရိပူရယာမိ၊ ပြည့်စေအံ့။ ယော၊ အကြင်သူသည်။ တံ၊ သင်ချစ်သားကို။ ဟိံသတိ၊ ညှဉ်းဆဲအံ့။ တံ၊ ထိုညှဉ်းဆဲသောသူကို။ ဝါရေမိ၊ မြစ်အံ့။ ယုဓဉ္စယ၊ ငါ့သား ယုဓဉ္စယ။ မာ ပဗ္ဗဇ၊ ရဟန်းမပြုပါလင့်။
ရဟန်းပဲ ပြုလိုပါသည်
ထိုစကားကို ကြား၍ မင်းသားသည်-
ဒီပဉ္စ ကတုမိစ္ဆာမိ၊ ယံ ဇရာ နာဘီကီရတိ။
ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။
၇၅။ တာတ၊ ဖခင်။ မေ၊ အကျွန်ုပ်အား။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ ဦနံ၊ ယုတ်ခြင်းသည်။ န အတ္ထိ၊ မရှိပေ။ မေ၊ အကျွန်ုပ်အား။ ဟိံသိတာ၊ ညှဉ်းဆဲသောသူသည်လည်း။ န ဝိဇ္ဇတိ၊ မရှိပေ။ ယံ ဒီပံ၊ အကြင်တည်ရာကျွန်းကို။ ဇရာ၊ အိုခြင်းသည်။ နာဘီကီရတိ၊ မဖျက်ဆီးနိုင်။ တံ ဒီပဉ္စ၊ ထိုတည်ရာကျွန်းကိုသာလျှင်။ ကာတုံ၊ ပြုခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။
ထိုသို့ အဖန်တလဲလဲ မင်းသားသည် ရဟန်းအဖြစ်ကို တောင်းပန်၏။ မင်းသည် ရဟန်းမပြုလင့် ဟု မြစ်၏။ ထို အကြောင်းကို ထင်စွာ ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။
၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ပုတ္တော ဝါ၊ သားသည်လည်း။ ပိတရံ၊ အဖကို။ ယာစေ၊ တောင်းပန်၏။ ပိတာ ဝါ၊ အဖသည်လည်။ ဩသံ၊ ရင်၌ဖြစ်သော။ ပုတ္တံ၊ သားကို။ ယာစတိ၊ တောင်းပန်၏။
ထိုမှကြွင်းသော-
နေဂမော တံ ယာစေ တာတ၊ မာ ပဗ္ဗဇ ယုဓဉ္စယ။
ဟူသော ထက်ဝက်သော ဤဂါထာကို မင်းသည် ဆို၏။
တာတ၊ အမောင်။ တံ၊ ထိုငါ့သားကို။ နေဂမော၊ နိဂုံးသူအပေါင်းသည်။ ယာစေ၊ တေင်းပန်၏။ ယုဓဉ္စယ၊ ငါ့သား ယုဓဉ္စယ။ တွံ၊ သင်သည်။ မာ ပဗ္ဗဇ၊ ရဟန်းမပြုလင့်။
ရဟန်းပဲ ပြုပါရစေ
မင်းသသည် တစ်ဖန်လည်း-
မာဟံ ကာမေဟိ သမ္မတ္တော၊ ဇရာယ ဝသမနွဂူ။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၇၇။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော။ ဒေဝ၊ ခမည်းတော်မင်းကြီး။ မံ၊ အကျွန်ုပ်ကို။ တံ ပဗ္ဗဇံ၊ ထိုရဟန်းပြုခြင်းကို။ မာ နိဝါရေဟိ၊ မမြစ်ပါလင့်။ မံ၊ အကျွန်ုပ်ကို။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ မာ သမ္မတ္တော၊ မယစ်မူးပါးစလင့်။ ဇရာယ၊ အိုခြင်း၏။ ဝသံ၊ နိုင်ငံသို့။ အနွဂူ၊ အစဉ်တစိုက်လိုက်ရသည်။ မာ ဟောမိ၊ မဖြစ်ရပါစေလင့်။
မယ်တော်ပါ တားမြစ်
ဤသို့ မင်းသားဆိုသည်ရှိသော် မင်းကြီးသည် စကားဆိုရာမရဖြစ်၏။ ထိုမင်းသား၏ အမိဖြစ်သော မိဖုရားကြီးသည် သားတော်ကား ရဟန်းအဖြစ်ကို ခွင့်တောင်း၏ ဟုကြားသိ၍ သင်တို့သည် အသို့ဆိုကုန်သနည်း ဟု အသက်မရှူနိုင်သော မျက်နှာဖြင့် ရွှေထမ်းစင်၌နေ၍ လျင်စွာ တရားစီရင်ရာ လွှတ်ဦးသဘင်သို့သွား၍ တောင်းပန်လိုရကား-
စိရံ တံ ဒဋ္ဌုမိစ္ဆာမိ၊ မာ ပဗ္ဗဇ ယုဓဉ္စယ။
ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။
၇၈။ တာတ၊ အမောင် ငါ့သား။ တံ၊ သင်သားကို။ အဟံ၊ ငါသည်။ ယာစာမိ၊ တောင်းပန်ပါ၏။ ပုတ္တ၊ ချစ်သား။ အဟံ၊ ငါသည်။ နိဝါရယေ၊ တားမြစ်၏။ တံ၊ သငါ့ကို။ စိရံ၊ မြင့်ရှည်စွာ။ ဒဋ္ဌုံ၊ မြင်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိ၏။ ယုဓဉ္စယ၊ ချစ်သား ယုဓဉ္စယ။ မာ ပဗ္ဗဇ၊ ရဟန်းမပြုပါလင့်။
မတားပါနှင့် မယ်တော်
ထိုစကားကိုကြား၍ မင်းသားသည်-
ဧဝမာယု မနုဿာနံ၊ မာ မံ အမ္မ နိဝါရယ။
ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၇၉။ အမ္မ၊ မိခင်။ သူရိယုဂ္ဂမနံ၊ နေထွက်သည်ရှိသော်။ တိဏဂ္ဂမှိ၊ မြက်ဖျား၌။ ဥဿာဝေါ၊ ဆီးနှင်းပေါက်သည်။ ပတိ ဣဝ၊ ကျသကဲ့သို့။ ဧဝံ၊ ဤအတူ။ မနုဿာနံ၊ လူတို့၏။ အာယု၊ အသက်သည်။ အပ္ပံ၊ နည်း၏။ မံ၊ အကျွန်ုပ်ကို။ မာ နိဝါရယ၊ မမြစ်ပါလင့်။
ဤဂါထာ၏ အဓိပ္ပာယ်ကား- မိခင် မြက်ဖျား၌ ဆီးနှင်းပေါက်သည် နေထွက်သည်ရှိသော် တည်ခြင်းငှာ မတတ်နိုင်၊ မြေ၌ကျသကဲ့သို့ ဤအတူ ထိုသတ္တဝါတို့၏ အသက်သည်တို့၏။ အခိုက်အတန့် တစ်ခဏသာတည်း။ မြင့်ရှည် မတည်၊ ဤသို့သဘောရှိသော လူတို့၏နေရာ၌ အဘယ့်ကြောင့် မိခင်သည် မြင့်ရှည်စွာ အကျွန်ုပ်ကို မြင်ချင်ဘိသနည်း၊ အကျွန်ုပ်ကို မတားမြစ်ပါလင့် ဟုဆိုလိုသည်။
မယ်တော်ကို ခေါ်သွားပါ
ဤသို့ဆိုသော်လည်း ထိုမယ်တော်သည် အဖန်တလဲလဲ တောင်းပန်သည်သာတည်း၊ ထို့နောင်မှ ဘုရားလောင်းသည် ခမည်းတော်ကိုခေါ်စေလို၍-
မာ မေ မာတာ တရန္တဿ၊ အန္တရာယကရာ အဟု။
ဟူသော ရှစ်ခုမြောက် ဤဂါထာကိုဆို၏။
၈၀။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်သော ဖခင်။ ဣမံ၊ ဤမယ်တော်ကို။ တရမာနော၊ အဆောတလျင်။ ယာနံ၊ ယာဉ်သို့။ အာရောပေတု၊ တင်စေလော့။ မာတာ၊ မယ်တော်သည်။ တရန္တဿ၊ ခရီးခဲကို ကူးသော။ မေ၊ အကျွန်ုပ်၏။ အန္တရာယကရာ၊ အန္တရာယ်ကို ပြုတတ်သည်။ မာ အဟု၊ မဖြစ်စေလင့်။
ထိုဂါထာ၏ အဓိပ္ပာယ်ကား- ရထားစီးချင်း မင်းတကာတို့ထက် မြတ်သောဖခင် အကျွန်ုပ်၏ မယ်တော်ကို လျင်မြန်သော ယောက်ျားသည် ရွှေထမ်းစင်၌ တင်စေလော့။ ပဋိသန္ဓေနေခြင်း, အိုခြင်း, နာခြင်း သေခြင်းတည်းဟူသော ခရီးကိုကူးသော အကျွန်ုပ်၏ အန္တရာယ်ကို မယ်တော်သည် မပြုပါစေလင့် ဟု ဆိုလိုသည်။
မယ်တော် ငိုကြွေးရပြီ
မင်းကြီးသည် သားတော် စကားကိုကြား၍ မိဖုရားကြီးသွားတော့၊ သင်၏ ယာဉ်၌နေ၍ ရတိဝဍ္ဎန ပြာသာဒ်သို့ တက်လော့ ဟု ဆို၏။ ထိုမိဖုရားကြီးသည် မင်း၏ စကားကိုကြားလျှင် တည်တံ့ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ မောင်းမအပါင်း ခြံရံလျက် ပြသဒ်သို့တက်၍ သားတော်အကြောင်းကား အသို့နည်း ဟု လွှတ်တော်ကို ကြည့်လျက် ရပ်၏။ ဘုရားလောင်းသည် အမိ၏ သွားသောအခါ၌ ခမည်းတော်ကို တစ်ဖန် တောင်းပန်၏။ မင်းကြီးလည်း တားမြစ်ခြင်းငှာ မတတ်နိုင်၍ ချစ်သား သွားလိုသော် သင်၏ စိတ်ကို အပြီးသို့ရောက်စေ၍ ရဟန်းပြုလော့" ဟု ခွင့်ပြု၏။ မင်းခွင့်ပြုသောအခါ ဘုရားလောင်း၏ ညီတော်ဖြစ်သော ယုဓိဋ္ဌိလ မင်းသားသည် အဖကို ရှိခိုး၍ ဖခင် အကျွန်ုပ်အားလည်း ရဟန်းအဖြစ်သို့ အခွင့်ပြုတော်မူပါလော့ဟု တောင်းပန်၍ ခွင့်ပြုလျှင် ညီနောင်နှစ်ယောက်တို့သည် အဖကို ရှိခိုး၍ ကာမဂုဏ်တို့ကိုပယ်စွန့်၍ လူများအပေါင်းခြံရံလျက် ရွှေလွှတ်တော်မှ ထွက်ကုန်၏။ မယ်တော်မိဖုရားလည်း ဘုရားလောင်းကိုကြည့်၍ သားသည် ရဟန်း ပြုပြီးသော် ရမ္မမြို့သည် ဆိတ်ညံလတ္တံ့ ဟု ငိုကြွေးလိုရကား-
ယုဓဉ္စယော အနုညာတော၊ သဗ္ဗဒတ္တေန ရာဇိနာ။
သောယံ ကုမာရော ပဗ္ဗဇိတော၊ ကာသာယဝသနော ဗလီ။
ဟူသော နှစ်ခုကုန်သာ ဤဂါထာတို့ကို ဆို၏။
၈၁။ ဘောန္တော နာရိယော၊ အို မောင်းမတို့။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထ၊ လျင်စွာ ပြေးကြကုန်။ တေ၊ ရှင်မင်းကြီးအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ ဝဒထေ၊ ဆိုကြပါချေကုန်။ သဗ္ဗတ္တေန၊ သဗ္ဗဒတ္တ အမည်ရှိသော။ ရာဇိနာ၊ မင်းသည်။ ယုဓဉ္စယော၊ ငါ့သား ယုဓဉ္စယကို။ အနုညာတော၊ ခွင့်ပြုလိုက်ခဲ့ပြီ။ ရမ္မကံ၊ ရမ္မမြို့သည်။ သုညံ၊ ဆိတ်ညံသည်။ ဟေဿတိ၊ ဖြစ်လတ္တံ့တကား။
၈၂။ ယုဝါ၊ ပျိုနုစွာသော။ ကဉ္စနသန္နိဘော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော။ ယော ကုမာရော၊ အကြင်မင်းသားသည်။ သဟဿာနံ၊ သားတစ်ထောင်ထက်။ သေဋ္ဌော၊ အကြီးဆုံးသည်။ အဟု၊ ဖြစ်၏။ ဗလီ၊ ခွန်အားရှိသော။ သော အယံ ကုမာရော၊ ထိုအကြီးဆုံးမင်းသားသည်။ ကာသာယဝသနော၊ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်လျက်နေသော နေခြင်းဖြင့်။ ပဗ္ဗဇိတော၊ ရဟန်းပြုလေပြီတကား။
ထိုဘုရားလောင်းသည် မိဘတို့ကို ရှိခိုး၍ ညီတော်ဖြစ်သော ယုဓိဋ္ဌိလမင်းသားကိုယူ၍ မြို့မှထွက်၍ လူအများကိုပြန်စေ၍ ညီနောင်နှစ်ယောက်တို့သည် ဟိမဝန္တာသို့ဝင်၍ နှလုံး မွေ့လျော်ဖွယ်ရှိသော အရပ်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ ရသေ့ရဟန်းပြု၍ ဈာန် အဘိ ညာဉ်ကို ဖြစ်စေလျက် တောသစ်မြစ် တောသစ်သီး အစရှိသည်တို့ဖြင့် အသက်ထက်ဆုံး မျှကုန်၍ ဗြဟ္မာ့ပြည်သို့ လဲလျောင်းကုန်၏။
ထိုအကြောင်းကို ဘုရားဖြစ်ပြီး၍ အဆုံး၌ သဗ္ဗညူမြတ်ဘုရားသည်-
ပဟာယ မာတာပိတရော၊ သင်္ဂံ ဆေတွာန မစ္စုနော။
ဟူသော ဤဂါထာဖြင့် ပြတော်မူ၏။
၈၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ယုဓဉ္စယော စ၊ ယုဓဉ္စယမင်းသားသည်လည်းကောင်း။ ယုဓိဋ္ဌိလော စ၊ ယုဓိဋ္ဌလမင်းသားသည်လည်းကောင်း။ ဥဘော၊ နှစ်ပါးကုန်သော။ ကုမာရာ၊ မင်းသားတို့သည်။ မာတာပိတရော၊ မိဘတို့ကို။ ပဟာယ၊ စွန့်၍။ မစ္စုနော၊ မစ္စုမာရ်၏။ သင်္ဂံ၊ ရာဂ ဒေါသ မောဟဟူသော ကပ်ငြိခြင်းကို။ ဆေတွာန၊ ဖြတ်၍။ ပဗ္ဗဇိတာ၊ ရဟန်းပြုကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကိုဆောင်၍ သစ္စာတို့ကို ပြတော်မူ၍ ရဟန်းတို့ ယခုမှသာလျှင် တောထွက်မှုကို ပြုသည်မဟုတ်၊ ရှေး၌လည်း ငါဘုရားသည် မင်းအဖြစ်ကို စွန့်ပစ်ခွာရှောင်၍ ရဟန်းပြုဖူးသည်သာတည်း ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ၌ မယ်တော်ခမည်းတော်တို့သည် မြတ်သော သာကီဝင် မင်းမျိုးတို့သည် ဖြစ်လာကုန်၏။ ယုဓိဋ္ဌိလမင်းသားသည် အာနန္ဒာ ဖြစ်လာ၏။ ယုဓဉ္စယမင်းသားသည် ငါဘုရားဖြစ်တော်မူလာ၏။ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။
အို နာ သေးဘေး၊ လာမည့်ရေး၊ ကြံတွေးကြောက်သင့်စွာ
ခြောက်ခုမြောက်သော ယုဓဉ္စယဇာတ်သည်ပြီး၏။
*****