ရဝေရှင်ထွေးဆို အန်ချင်း ၈၄ ပုဒ်
စောလေ။ ။အဆန်းတကြယ်၊ တင့်မျိုးကြွယ်သား၊ ဆင်စွဲဝန်းရှက်၊ ခြူးတဘက်ကို၊ သက်မင်းတို့က၊ ဆက်လှာရသည်၊ ဖြူလွရိုးရိုး၊ ယက်ပျောက်မျိုးထိ၊ ကတိုးဘုံဘုံ၊ ကိုလုံးထုံ၍၊ ခြုံပါလေဦး၊ ဝါလကြူးမှ၊ ဖူးလော့ရွှေရင်၊ မချမ်းခင်ကို၊ လျင်တော်မူစေ၊ ဆက်ခြေလျှင်လျား၊ မယ့်ကိုစားဟု၊ သနားစဘွယ်၊ ဖူးရလွယ်အောင်၊ ရွှေသွယ်ကွန်ချာ၊ ပရဝါပွင့်၊ မှော်နှင့်ကျက်ရုံး၊ ပန်းသုံးပန်းသွန်း၊ ပန်းရွှန်းရွဲလုံး၊ ပန်းကုံးခြူးပျံ၊ လှစံခြရားပွင့်၊ လှတင့်ခြရားခြေ၊ ကြောင့်ကြပြေနှင့်၊ ရွှေနားပေညောင်း၊ လက်သည်းစောင်းက၊ ပြောက်ကောင်းဇာတာအိမ်၊ မွှေ့သိမ်တုမရ၊ ဆောင်းလမိုးကျယ်၊ စမ္ပယ်သွယ်နှင့်၊ ဘို့မယ်ဆင်ဘရက်၊ ခြူးရွက်ကောက်ခွေ၊ ရွှေပေတူမပြား၊ သကြားစံအုပ်ဆောင်း၊ ပြောက်ကောင်းအံ့ချင်ဘွယ်၊ တို့မယ်မျက်နှာတောင်၊ လဲအောင်ညွန်အံ့ရှင်း၊ ဆင်မျက်ကွင်းနှင့်၊ တင့်ချင်းဇမ္ဗူချယ်၊ မွေးမဲရွှေလက်ယာ၊ အိမ်တော်သာက၊ နှိုင်းရာဘက်မထင်၊ မာန်အောင်စင်နှင့်၊ ရွှေပင်ပန်းကိုးမည်၊ လှသည်ပန်းကိုးတန်၊ သုံးဘန်လှည့်လက်ျာ၊ သိင်္ခါနန်းတံခါး၊ နှိုင်းရှားရုပ်ထွေဆန်း၊ ထုဘက်ကျွန်းသား၊ ခိုနန်းခိုဝင်က၊ ဘူမရနှင့်၊ အစမွေမမြင်၊ ကျော်ထင်လိပ်ပြာအိမ်၊ ကွေလိမ်သက္ကဒါန်၊ လွန်းပြန်ပင့်ကူကောင်၊ မင်းခေါင်ဆင်စလွယ်၊ အံ့ဘွယ်နှိုင်းကြဆို၊ မောက်တိုရွှေထိပ်ဆုံ၊ ဦးရစ်ငုံနှင့်၊ ပြောက်စုံဆန်းမွေ့သိမ်၊ နန်းအိမ်ဘန်ပြသသတတ်၊ ကြွင်းမဲ့တတ်သား၊ ညောင်ပတ်သွယ်ကြိုးငင်၊ တန်ခူးစင်နှင့်၊ ညွှန့်ရှင်လှတင့်ဆုံး၊ ရှိရှားကုံးက၊ အိမ်လုံးချမ်းသာ၊ လူတို့ရွာဝယ်၊ ဖွေရှာကျစ်လစ်၊ ပေါံပေါံသစ်ကို၊ တဖြစ်မကြွင်း၊ စီရင်လျင်း၍၊ ကြောင်းချင်းသြဇာ၊ လျှောက်လှာရသ၊ ဝါလလွန်ကြူး၊ ဆောင်းချမ်းဦးဝယ်၊ ရှည်ဘူးတူပင်၊ မယ့်ရင်ခွင်သို့၊ ပြန်လျင်စေသား၊ မှာကြားတမန်၊ စေဘန်ဘန်ကြောင့်၊ မယ်ရန်မင်းဇော၊ သဘောစိတ်ပိုက်၊ မယ်၌တချောင်း၊ မှတ်စေသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁)
စောလေ။ ။ဂေါဓမ္မဟု၊ ဇေယမာန်အောင်၊ ရပ်ရှစ်တောင်သည်၊ နှံ့အောင်ဣဒ္ဓိပတ်၊ တံခိုးလွှတ်၍၊ ချွတ်သည်များစွာ၊ ထိုသကျာကား၊ အာကာဘဝဂ်၊ လျှံထက်ပြောင်ပြောင်၊ ခြောက်ရောင်သွယ်သည်၊ မိုးခေါင်ထိလော၊ မထိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂)
စောလေ။ ။ရိမတည်းဟု၊ ကမ္ပည်းစာစောင်၊ မှော်ကွန်းထောင်၍၊ လံဘောင်ရှစ်ဆယ်၊ ရူပကယ်သည်၊ မိုးလယ်ထိလော၊ မထိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃)
စောလေ။ ။လောကထွတ်ထား၊ တို့ဘုရားလျှင်၊ သားတော်မြတ်စွာ၊ ရာဟုလာကို၊ အရာခံထိုက်၊ နောက်တော်လိုက်ဟု၊ ချမ်းမြတ် ငြိမ်စွာ၊ နိဂြောဓာသို့၊ မြတ်စွာဘုန်းခေါင်၊ ထွတ်တန်ဆောင်သည်၊ ရောက်အောင်သွေစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄)
စောလေ။ ။အဇာတသတ်၊ ဒေဝဒတ်နှင့်၊ ညီညွတ်လိုတူ၊ သေစိမ့်ဟူ၍၊ ဘုန်းတူမြတ်စွာ၊ ဆွမ်းခံရာဝယ်၊ နာဠာဂီရိ၊ ဆင်ဟတ္တိကို၊ ပြင်းဘိမုန်အိုက်၊ လွှတ်တည့်လိုက်သော်၊ မျိုး၌ရင်းချာ၊ အာန္တာဟု၊ သစ္စာမုံရင့်၊ ညီဘုန်းပွင့်သည်၊ လက်ဖြင့်တားစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅)
စောလေ။ ။မြို့တောင်မှာလည်း၊ မသာစတောင်း၊ ထွက်တံဆောင်းနှင့်၊ ရောင်မောင်းဝင်းဝါ၊ အိမ်တော်သာဝယ်၊ ဂါတာသံချို၊ ရွတ်ကြဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ ပေါင်းစီးလာ၍၊ သင်္ဃာဒိဘိတ်၊ ရွင်းတိတ်မချွတ်၊ ရှင်းရှင်းလွတ်သည်၊ အာပတ်ပြေစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆)
စောလေ။ ။သမုဒ္ဒရာဇ်၊ ဖြစ်သည်ကျယ်ဘိ၊ ရေဝယ်ရှိသား၊ ဇောတိရဿ၊ ဆွရရွကို၊ ဆက်ရသသူ၊ သည်လျှင်လူဟု၊ ဆံမြူမြွက်ဟ၊ ဆိုကြမချွတ်၊ စကားတတ်သား၊ မုက္ခပတ်သံချို၊ တောင်းပန်ဆိုလျက်၊ ပုဂ္ဂိုအရိယာ၊ မြတ်သင်္ဃာဝယ်၊ မယ်သာမေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇)
စောလေ။ ။ကောင်းမြတ်မူထား၊ မြတ်ထွတ်ဖျားမူ၊ မှတ်သားနားဝင်၊ ကျမ်းဗေဒင်ကို၊ ညွှန့်ရှင်ခက်ဖြာ၊ ပန်းနေဇာနှင့်၊ လက်ျာခရု၊ ဇေယတုဟု၊ အောင်ဆုမည်သာ၊ အန်ချင်းစာကို၊ ချိုသာနှုတ်ထွက်၊ ရွှေပေရွက်ဝယ်၊ တင်လျက်ရေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈)
စောလေ။ ။စံမြဲစတေ၊ ပတ်စာရွှေနှင့်၊ ဝေးမြေရပ်ဖြစ်၊ ပိတ်သစ်စုလျား၊ စကားရွှေဖျင်၊ ပေါ်ရုံတင်၍၊ ရောင်ထင်မိုးဖျား၊ စွန်နားစိမ်းဝါ၊ နီထွာထွတ်ထွတ်၊ စမ္ပိကတ်နှင့်၊ ကြာနတ်အသွင်၊ မျိုးနှောင်းမြင်လျင်၊ ပျံ့ရွှင်တုမဲ့၊ ထင်ပြဲ့ပြဲ့သည်၊ အိုဘယ့်ဆံထုံး၊ ပေါက်ရွှေကုံးနှင့်၊ ဦးလုံးထိပ်ပြင်၊ အပြည့်ဆင်မှ၊ သံရွှင်ပျံ့ညှင်း၊ မပျော်လျင်းသည်၊ အန်ချင်းဆိုစ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၉)
စောလေ။ ။မြင်းမိုရ်သခင်၊ သူဇာကြင်သည်၊ နတ်ရှင်သို့လော၊ ထင်လှမောစ၊ ရှင်ဇောတူသည်၊ အမည်နာပျော်၊ မှည့်ကြခေါ်သား၊ နှောင်းမြော်နေရာ၊ ထူးအံ့လာသည်၊ တောင်ညာနန်းနေ၊ ခေါင်ဗွေထွတ်တင်၊ ထိုသခင်ဝယ်၊ ထိပ်ပြင်လက်အုပ်၊ ကိုယ်လုပ်တော်ရင်း၊ မိုးနတ်ဆင်းထီး၊ မင်းသမီးများ၊ အပါးပါးကို၊ စကားတည်းချုပ်၊ သစ္စာရုပ်၍၊ သိအုပ်လွှဲစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၀)
စောလေ။ ။ဘဏ္ဍိုင်သာလွန်၊ ကြာပြန်ချူးလိမ်၊ တင်းတိမ်ရံတော်၊ မာန်အောက်ဖြောက်ကြီး၊ ဆီမီးဝင်းဝါ၊ အုံးမွေ့ရာထက်၊ နံ့သာပျံ့သင်း၊ ထုံမွှေးလိမ်းပြီး၊ အုံးပန်းမှီလျက်၊ ထမီကောင်းစစ်၊ ယွန်းဖြစ်ခြူနီ၊ မဝတ်ဤသည့်၊ မူရီလဲစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၁)
စောလေ။ ။ဆင်ရတနာ၊ များလှစွာသည်၊ စကြာသခင်၊ မြုတေရှင်ကို၊ သားလျင်မြင်မြော်၊ ခမည်းတော်မင်း၊ လူ့မှန်ကင်းလျင်၊ သင်းပင်းမြို့ကိုင်၊ ခရိုင်တခြား၊ ကျေးသီးစားသည်၊ သောကားမှန်ပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမွေ၊ ငြိမ်ဆေးလေသား၊ ရှင်ထွေးအလှ၊ ချောမြမြလျှင်၊ နရသခင်၊ အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား၊ ရှစ်သောင်းဖျားဝယ်၊ ခစားမြဲစ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၂)
စောလေ။ ။ယနေ့အပ၊ ယမန်ညလည်း၊ ချောလှညက်ပြာ၊ ဘော်တကာဝယ်၊ အညာရှေ့ဆီ၊ နေရာနီထက်၊ ထမီရွှေနှိုင်း၊ ခြူဆိုးကွက်ကတ်၊ ကြိုက်ရာဝတ်၍၊ မြိတ်လွှတ်မြိတ်ချပ်၊ မှန်နားကပ်နှင့်၊ လက်စွတ်လက်ကောက်၊ ရောင်တောက်ဝန်းရွှေ၊ ဆင်၍နေသည်၊ တင့်ပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၃)
စောလေ။ ။လောကထွတ်ထား၊ တရားညွန့်ရှင်၊ ဘုရင်ခေါင်ထွတ်၊ ရှစ်သောင်းနတ်လျှင်၊ စက်လွှတ်ရောင်လျှံ၊ ဘိဿိခံသည်၊ ဘော်ရံတသိန်းနှင့်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၄)
စောလေ။ ။ဘုရင့်မင်းဖြား၊ တရားရန်အောင်၊ လူထွတ်ခေါင်ဝယ်၊ ရွှေတောင်ဗိမာန်၊ စိုးအုပ်ရံသည်၊ ဆဒ္ဓန်ဆင်နှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၅)
စောလေ။ ။နတ်ရှင်သမီး၊ ဘုန်းကြီးစံခန်း၊ တောင်ညာနန်းမှာ၊ နေမှန်းသည်ခါ၊ မသိသာခဲ့၊ အဝါကိုရောင်၊ နေဘူပြောင်သည်၊ တံဆောင်ညှိလော၊ မညှိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၆)
စောလေ။ ။မပန်ရလဲ မပန်ချင်၊ မဏိမလ္လာ၊ ဂန္ဓာနတ်ဖြစ်၊ ပွင့်ဝတ်သစ်ကို၊ မင်းစစ်သမီး၊ ဘုန်းကြီးနတ်ဖန်၊ ငါနှင်းရန်ဟု၊ ပန်ပေစလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၇)
စောလေ။ ။မကြင်ရလဲ မကြင်ချင်၊ သမင်နှင့်ကျား၊ မြွေနှင့်ဘားသို့၊ ကျောက်သားကြက်ဥ၊ စံတုနိုင်းအင်၊ အရှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ မှန်ပေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၈)
စောလေ။ ။မစားရလဲ မစားချင်၊ ရွှေတင်စတေ၊ သီးမှည့်ကျွေသည့်၊ သပြေသီးကို၊ ဘုန်းကြီးနတ်တူ၊ ငါ့ဘို့ဟူ၍၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၁၉)
စောလေ။ ။မချစ်ရလဲ မချစ်ချင်၊ နတ်ရှင်မင်းဖြား၊ တရားကျော်စွာ၊ ဥပရာကို၊ ရှိကြာထိပ်စွန်၊ ပန်းနှယ်ပန်လျက်၊ ကျွန်နှင့်အရှင်၊ ဆိတ်နှင့်ဆင်သို့၊ ခဲအင်ထွေယူ၊ ဘုန်းမတူသည်၊ ယူလေ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၀)
စောလေ။ ။မလွမ်းရလဲ မလွမ်းချင်၊ အသျှင်နှင့်ကျွန်၊ ဘုန်းမတန်သည်၊ ပူဘန်သမ်မြန်း၊ ညှိုးလှည့်ဆန်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၁)
စောလေ။ ။အနဂ္ဃတိ၊ တိုင်းမသိသည်၊ မဏိဇောတ၊ ပျံလွှာကျ၍၊ အလှစံတည်၊ မဲကောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၂)
စောလေ။ ။အကျွန်ုပ်ကို၊ မဆိုနှင့်ဦး၊ ကျေးဇူးများမြောင်၊ ပြည်ထောင်ရာစင်း၊ မင်းတို့သမီး၊ ရံတင်ပြီးမှ၊ ပတ်ဆီးကျိုးနွံ၊ ဦးဆံကစ၊ စိုးမိုးရ၍၊ နန်းမရာထား၊ ရှစ်သောင်းဖျားလျင်၊ ဘန်များမေးမြူ၊ ရိပ်တော်မူ၍၊ မဲကြောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၃)
စောလေ။ ။ရှစ်သောင်းအဖျား၊ တောင်ညာထားကို၊ သနားစိမ့်မည်၊ မယ်ဆက်သည့်တုံ၊ ရွှေစည်ထွန်းပြောင်၊ မန်အောင်ပြောက်ကွက်၊ ကျွန်ုပ်ရက်သည်၊ ကြေးငှက်စုံစီ၊ ဇာမရီနှင့်၊ ဇာနည်ခြင်သေ့၊ ရန်စွေ့သားပေါင်း၊ ဥဒေါင်းကြိုးကြာ၊ ဟင်းသာငှက်တူ၊ ခြူးသူရုတ်ဖူး၊ လွန်ဆန်းထူး၍၊ ကြည်မူးဘွယ်ပေ၊ ပြစ်မျိုးထွေသည်၊ တင့်ပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၄)
စောလေ။ ။မယ့်ကိုလည်းယူ၊ အိမ်ဖြူသာမြင့်၊ ဝင်းနှင့်အိပ်ဘန်၊ ထားစဟန်ကား၊ ကြူးလွန်မအား၊ လူကိုထားဘိ၊ သကြားသော်မျှ၊ ကြားကထပ်လှောက်၊ ကြောက်ပင်ကြောက်လိမ့်၊ မီးပေါက်လေးမြား၊ တံခါးတိုင်းပင်၊ မြင်းဆင်ပိတ်မျှ၊ အိပ်ဖန်ချ၍၊ ထိန်းရရွှေအုပ်၊ ရံကိုယ်လုပ်နှင့်၊ ကျွန်ုပ်စံစားရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၅)
စောလေ။ ။ယနေ့တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့ လာသည်၊ မင်းလျာ မြရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ ထိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်းကျီတော်လည်း၊ ရွှေလှော်ဆင်းဝါ၊ ခတီပါတိ၊ နှိုင်းရာမများ၊ မြဘက်ခါးကို၊ များများမဖေါ်၊ တချမ်း ပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန်းထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ ရွှေပေါင်းနံချည်၊ ပန်းမည်မဉ္ဇူ၊ ပန်တော်မူ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက်တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မွက်ရေစ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၆)
စောလေ။ ။ယနေ့အပ၊ ယမန်ညလည်း၊ ဇောတမဏိ၊ ရွှေတိဆင်ယင်၊ ရိပ်ရိပ်မြင်က၊ မရွှင်ညွတ်ပျောင်း၊ ကြည့်မိညောင်းစွ၊ နန်းလောင်းရာထား၊ သကြားနှိုင်းရှဲ့၊ ပြိုင်တုမဲ့သည်၊ အိုဘဲ့မင်းသား၊ မြဘက်ခါးနှင့်၊ ရှောင်ကြားတော်တွင်၊ ဆံကျင်ပြည်ထိ၊ ဘက်မရှိတည့်၊ ကာသိခေါမ၊ ဂေါထုမ္ပမှ၊ ကျသည့်ပုဆိုး၊ မင်းဝတ်ရိုးလည်း၊ ကဲမိုးထုလွတ်၊ ဘိုးသိန်းခတ်နှင့်၊ ဘယ်နတ်ပေဟု၊ ညက်ခြေပျိုနု၊ ရွယ်တစုလျှင်၊ ချောမှုသိလို၊ မေးမြန်းဆို၍၊ သံချိုပြောကြရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၇)
စောလေ။ ။အစေ့မစိုက်၊ ရေမတိုက်သား၊ မြေ၌ညွှန့်ရှင်၊ ထိုသစ်ပင်ဝယ်၊ မြူးရွှင်သာကြည်၊ နားလှာသည်လည်း၊ တောင်ရျည်မြီးလှ၊ ငှက်ညိုမြကို၊ ရလိုမူကား၊ အယူသင့်လှ၊ လုံ့လပြင်းနှင့်၊ မှန်ခြင်းဥပဒေ၊ ထောင်ပါလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၈)
စောလေ။ ။သမုဒ္ဒရာ၊ ဂင်္ဂါမြစ်တွင်း၊ ငါးမင်းကြီးစွာ၊ အာနန္ဒာကို ၊ အသာလွယ်ကူ၊ ရလိုမူကား၊ ရေးယူပြင်နား၊ မြို့သမားနှင့်၊ တားပါလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၂၉)
စောလေ။ ။သပြေမြရိပ်၊ ဇမ္ဗူထိပ်ဝယ်၊ တကျိပ်ရင့်စင်၊ ဆတ္တရှင်ဟု၊ မင်းတွင်မင်းမြတ်၊ ကျွန်းလုံးပတ်သည်၊ မန္ဓာတ် သည်းချာ၊ ဥပရာနှင့်၊ သည်းလျာစိတ်တူ၊ စံလိုမူကား၊ ထိန့်ဆူကျေညာ၊ ရင်မျက်နှာဝယ်၊ စကြာမင်းဘ၊ နရထိပ်တင်၊ တောင်ငူရှင်၏၊ ကျွန်တွင်တယောက်၊ စံတင်လောက်သည်၊ ပြိုင်ထောက်မပြီး၊ အမတ်ကြီး၏၊ သမီးနှောင်းမြော်၊ ကျင်ပျော်စလှ၊ ရှင်ထွေးမြကို၊ ပြပါလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၀)
စောလေ။ ။ဇာနည်မာတင်၊ စီးတော်ဆင်ထက်၊ ရွှေစင်လှော်သစ်၊ ဇမ္ဗူရဇ်တိ၊ မျက်နှစ်ရတနာ၊ မင်းတန်ဆာနှင့်၊ ခါးမှာလျလျ၊ ရင်ဝကားကား၊ ကျောသားလုံးလုံး၊ လက်ရုံးထွန်းပေါ်၊ ကိုယ်တော်ကျိုင်းကျိုင်း၊ တပိုင်းမြမြ၊ ဆင်းရူပမူ၊ သူဇာ့ငယ်ကြင်၊ မြင့်မိုရ်ရှင်လည်း၊ သို့စင်မတင့်၊ ကြီးမြင့်သပ်သပ်၊ လုံးရပ်ဖြိုးဖြိုး၊ တင့်မျိုးမက၊ မြော်ပါရဟု၊ ချင်းတဝန်းချုပ် ၊ ရံကိုယ်လုပ်ကို၊ ကျွန်ပ်ပြန်သည်၊ အဘန်တလဲလဲတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၁)
စောလေ။ ။ရှုမြော်ကာမျှ၊ အဆတန်ရည်၊ စံတည်ရွှေရေး၊ သန္ဒေးရောင်တင်၊ ရွှေစင်စလောင်း၊ ငွေလောင်းပုံသွန်း၊ ကြာလင်ပန်းနှိုက်၊ ကြိုင်မွှန်းနံ့မွှေး၊ ရသေးထမင်း၊ ဆိမ့်ချိုဟင်းလည်း၊ စုံသင်းပျံ့ လှောင်း၊ မပေါင်းကျစ်ကျော်၊ ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်၊ နှစ်ထပ်မလှုံ့၊ မသိုးမုန့်က၊ စသည့်တထွေ၊ သရေကရာ၊ သကာအုန်းသီး၊ လုပ်မှပြီးသာ၊ မကြီးအတန်၊ ကျွေပကန်ငယ်၊ ဆိမ့်ဘန်စပ်ရှား၊ ချိုပျားအရသာ၊ ကောင်းရာရာကို၊ ရွှေဝါညံ့သက်၊ သန္တာလက်နှင့်၊ စားဘက်မခေါ်၊ မျိုးနှောင်မြော်သည်၊ စားတော်စားစ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၂)
စောလေ။ ။စားတော်နှစ်ခြိုက်၊ စားစဉ်ကြိုက်ဝယ်၊ ယောင်မြိုက်ငြိမ့်လေး၊ စားတော်ကြွေးသည်၊ ကြိုင်မွှေးနံ့ကျော်၊ မြတ်အာဘော်နှင့်၊ သောက်တော်ရေစစ်၊ အိုးသစ်မြူတာ၊ ပဝါပြောက်ထိုး၊ မိုးကြိုးဘလား၊ ရွှေမပြားကို၊ တည်ထားနှင့်ပေ၊ ဘော်ရွများလယ်၊ ပျိုဘုန်းကြွယ်ကို၊ ပြုံးရယ်သံချို၊ ပြ၍ဆိုလျက်၊ နောင်ညိုမြဝါ၊ နန်းလောင်းလျာဟု၊ နေရာထားစ၊ ရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၃)
စောလေ။ ။မယ့်ကိုသနား၊ ဘူးချင်ညား၍၊ တရားကျော်ထင်၊ မယ့်သခင်သည်၊ သဘင်ညပွဲ၊ ဗြဲတိုက်ဗြဲက၊ နက်နှဲခြင်းရာ၊ မိန့်တော်စာကို၊ ပေးလှာသတတ်၊ လေ့ကျက်ဘတ်မှ၊ စံလွတ်မည်သာ၊ သရယဇာဟု၊ နိုင်းရာဘက်ကင်း၊ မြင်းများမင်းနှင့်၊ လျင်ပြင်းကိုင်ချုပ်၊ ကစားရုပ်ကို၊ ကျွန်ပ်တို့က၊ မြော်သာစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၄)
စောလေ။ ။ခရိုင်သခင်၊ ရပ်ထင်သာလှ၊ မြို့ပြဆင်ခြင်း၊ လုံးရင်းလောက်တင့်၊ နန်းနှင့်ရိပ်ဖြူ၊ ဇမ္ဗူ ကျွန်းစည်၊ အပြည်ပြည်ကို၊ စိုးမည်မင်းဖျား၊ ကျွန်တော်များနှင့်၊ ပျံလွှားနင်းဆွန့်၊ မြူးကွန့်လျင်စွာ၊ သရာဇာထက်၊ ဆည်းစာမှိုင်းပြီ၊ ညချမ်းရီတွင်၊ ဂူလီသဘင်၊ နန်းရှေ့တွင်နှိုက် ၊ ကစားကြိုက်တည့်၊ ပြိုင်ထိုက်မထင်၊ ရိပ်ကာမြင်က၊ သခင်ကြီးအောက်၊ စံမြောက်ရုပ်သွင်၊ သခင်လတ်နှောင်း၊ ယောင်ကောင်းဆင်းဝါ၊ မျိုးတော်မြာကို၊ မြော်သာစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၅)
စောလေ။ ။မြို့တောင်ညာဝယ်၊ အိမ်သာတော်ပါး၊ ရစ်ဝဲနား၍၊ တရားပွင့်ရန်၊ နန်းလောင်းကျွန်ဟု၊ နှုတ်မြန်သံချို၊ ကြိမ်းပဆိုလျက်၊ ညိုညိုဖန်ရွှမ်း၊ တုကျွန်းစံတည်၊ တမည်မပြား၊ ကျေးမြလားကို၊ သနားချစ်အောင်၊ ပျားလက်ဆောင်နှင့်၊ စာစောင်ရွှေပေ၊ မယ်သို့စေသည်၊ ညီပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၆)
စောလေ။ ။ဆွဆံစည်းနှင့်၊ စုလည်းထုံးစ၊ ငယ်ကပင်လျင်၊ မြမြချောမွတ်၊ ပြာထွတ်ထွတ်ကာ၊ မြိတ်လွတ်ထုံးအောင်၊ အိမ်ထောင်မင်းနေ၊ ရာဆွေမမြူ၊ မျိုးရည်တူလည်း၊ လူမခန်လျင်း၊ တင်းမျှမနာ၊ စေပါမရ၊ ကိုဆုံးမ၍၊ ချောလှရွယ်ပျို၊ တင့်မောညိုသည်၊ စွမ်းကိုမြဆင်း၊ အိမ်ရှေ့မင်းကြောင့်၊ နန်းခင်းမြို့ချာ၊ မယ်နေရာနှင့်၊ ဟံသာပူရ၊ ဌာနအောင်မြေ၊ နန်းဘုံရွှေသည်၊ နီးပေစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၇)
စောလေ။ ။အခံမိုးကြိုး၊ ဆင်စွယ်ရိုးနှင့်၊ အဘိုးကြီးဘိ၊ ရောင်ညီးပွတ်စင်၊ ယွန်းကြေးမြင်ဝယ်၊ ကေရှင်သွယ်နွဲ့၊ အိုဘဲ့ဆံထုံး၊ မြရစ်လုံးဝယ်၊ ရွှေကုံးဆောင်လေ၊ သေလျက်ကိုလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၈)
စောလေ။ ။တောင်ငူသခင်၊ နတ်ရှင်ရန်ကဲ၊ မင်းရဲလဲဟူ၊ သီဟသူဟု၊ ရိပ်ဖြူကာမိုး၊ ရှင်ပင်တိုးဝယ်၊ ကောင်းရိုးမှတ်အပ်၊ ပြည်ရွာကွပ်၍၊ မွမ်းထပ်မြို့ခိုင်၊ ကျေးသီးပိုင်သည်၊ ဆွယ်ပြိုင်မဲ့လျင်း၊ ကျွန်တော်ရင်း၏၊ ရင်တွင်းနှောင်းမွှေး၊ သမီးထွေးက၊ တင်မေးချင်းရာ၊ လျှောံရလှာဟု၊ လိမ္ပာတတ်ဖြား၊ ကျေးမြလားသည်၊ စကားညောင်လေ၊ သေလျက်ကိုလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၃၉)
စောလေ။ ။သဘင်မထွက်၊ ဘယက်မဝတ်၊ မျိုးမြတ်နတ်ရည်၊ စံလှည့်သည်ကား၊ ဘုန်းရည်မြတ်မျိုး၊ မင်းစိုးမြတ်လွန်၊ တောင်စွန်ညာသား၊ ရှစ်သောင်းဖျားကို၊ ခံ့ညားစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၀)
စောလေ။ ။ပျော်ဘွယ်တိသား၊ ညိုညာပြိုးပြက်၊ မျက်နှာကြက်ထုံ၊ ကောင်ရက်တတ်လှ၊ ဆောင်းလမိုးကြယ်၊ စမ္ပယ်သွယ်နှင့်၊ ဆင်စွယ်ဝန်းရှက်၊ ပြောက်ကွက်မွှေ့သိမ်၊ တင်းတိမ်ရံဆီး၊ သိဝင်ဝင်းဝါ၊ ဘှုံမွေ့ယာထက်၊ မင်းလျာရယ်ညောင်း၊ နန်းပွင့်လောင်းသည်၊ ရှင်နှောင်းစံရာ၊ ဘူးအံ့လာသော်၊ ရာဇာများရှင်၊ မရောက်ခင်၊ မယ့်ရင်တော်မှာ၊ ခါသာပိတ်တွန့်၊ ရွန့်ရွန့် ဖြူဆွတ်၊ ပေါ်ရုံကျွတ်၍၊ ရယ်ဘတ်မောစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၁)
စောလေ။ ။ရယ်ဘတ်မောသည်၊ ဘွဲ့ချောနတ်ရုပ်၊ ရံကိုလုပ်တို့၊ ကျွန်ုပ်တို့နား၊ ညည့်ဝယ်ကြားသည်၊ ပျော်ပါးသာရွှင်၊ ပြည့်စွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၂)
စောလေ။ ။ဗြဲတိုက်ဗြဲဝယ်၊ အန်ပွဲကြီးလှ၊ ကျော်ပေါက်ပြ၍၊ တရာ့တဆူ၊ ဆောင်းဘက်မူသည်၊ ထီးဖြူရာစင်း၊ အမင်းမင်းတို့၊ ခြေရင်းတော်ပါး၊ ဘရားကျော်စွာ၊ မည်သာပည်းလှိုင်၊ လုံလမှိုင်ဟု၊ လေးဆိုင်ကျွန်းစည်၊ အပြည်ပြည်ကို၊ စိုးသည်မင်းဖျား၊ နားတော်ကြားတည့်၊ သနားစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၃)
စောလေ။ ။သီဟိုကျွန်းမှာ၊ စွဲလက်ျာကို၊ သူရာနတ်ရုပ်၊ ရံကိုလုပ်နှင့်၊ ကျုနုပ်ရောက်အောင်၊ တန်ဆောင်မျက်ပါး၊ ချမည်သွားသော်၊ ရွှေသားရွှေရည်၊ လမ္ဘူလည်တက်၊ နေခြည်မကြောက်၊ ရိပ်ပြောက်မတိုး၊ ကာမိုးချမ်းငြိမ်၊ တင်းတိမ်စဝှက်၊ ကြိုးနှစ်ဘက်နှင့်၊ ကျေးငှက်အသွင်၊ ကသာဆင်ထက်၊ သာရွှင်ဖျော်ပြည်၊ ယုယနေလျက်၊ ရပ်မြေတကျွန်း၊ ဝေးလှလွန်း၍၊ ပန်းရှာစွလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၄)
စောလေ။ ။အရှေ့ဘက်မှာ၊ ထွန်းတက်ရောင်ခြည်၊ သရသည်ဟု၊ နှစ်မည်ထွတ်ခေါင်၊ မြတ်ညီနောင်သို့၊ ရည်ဆောင်ပျော်ပါး၊ ရှိခိုးသွားသော်၊ ဖူးရားမွှေးထုံ၊ နဝဂုဏ်တိ၊ မျက်စုံရတနာ၊ မဲ့ဝယ်ပါသည်၊ ရောင်ဝါလှတင့်၊ ပန်းကိုးဆင့်ကို၊ ဘုန်းရင့်မြတ်လောင်း၊ လိုက်လှာတောင်း၍၊ ရှင်နှောင်းမြမြ၊ ရှင်ထွေးလှသည်၊ ဝေငှပေးစရှာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၅)
စောလေ။ ။ယွန်းချွန်စက်သွား၊ မိုးကြိုးဓါးကို၊ နံပါးမျှောင်ကာ၊ မယ်သို့လာသည်၊ မင်းလျာကျွန့်၊ သခင် တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၆)
စောလေ။ ။အဆင်းသူဇာ၊ ကြည့်မည်လာသည်၊ နေရာချပေ၊ ဒီကနေဟု၊ အုပ်ထွေပုံရင်၊ နန်းးရင်ပြင်ဝယ်၊ နှောင်းမြင်မယ့်ကို၊ နှုတ်သံချိုနှင့်၊ ဆိုပါလည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၇)
စောလေ။ ။တို့ဘိုးတို့ဘွား၊ များသည်သခင်၊ ဘုရင်ကြီးသွေး၊ နယ်ရှင်မြေးလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၈)
စောလေ။ ။သန်လျက်ရပြီး၊ မြင်းယဉ်စီး၍၊ စောထီးမင်းလျာ၊ ကျွန်ုပ်မှာသို့၊ ဆိုက်လှာသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၄၉)
စောလေ။ ။ဝေးရပ်ကျွန်းစည်၊ သင်းကွဲပြည်မှာ၊ ရွှေရည်တိုင်ပေါက်၊ ရုပ်မျိုးကောက်သည်၊ အပြောက်စုံလင်၊ ဇာပရင်တိ၊ နီစင်ထွတ်ထွတ်၊ သက္ကလတ်ကို၊ ကံပတ်ဘိအုပ်၊ တရုပ်ချည်စုံ၊ ချုပ်တုံထပ်သည်၊ သတောင်းလည်မှ၊ မွှေးကြည်လှိုင်မြတ်၊ သီးပွင့်လွတ်သား၊ ပန်းဝတ်မွေ့ယာ၊ ကြီးမြင့်စွာထက်၊ မယ်သာလည်းဟ၊ မိတည်းနှောင်သော၊ နောင်တော်နောင်သော်၊ ပွင့်လျာလျင်လေ၊ ခေတလာ၍၊ ပို့လှာသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၀)
စောလေ။ ။လေသာဖြည်းညင်း၊ ခန်းသာတွင်းဝယ်၊ အန်ချင်းဆိုစ၊ ဆယ်နှစ်ကလျှင်၊ မြမြတင့်နေ၊ စုလည်းခွေဝယ်၊ စရွှေရောလျှံ၊ နီဖလံကို၊ တတ်ကြံမွေ့သိမ်၊ ပန်းတိမ်လုပ်သည်၊ ပရိတ်ချည်နှင့်၊ လိမ်လည်ကွေးမျှ၊ ငြိမ့်လေးပင်ကောင်း၊ သခင်နှောင်းသည်၊ သွယ်ပျောင်းနွဲ့စရာ၏လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၁)
စောလေ။ ။ဝေးရပ်ကျွန်းမှာ၊ ချစ်မေတ္တာကြောင့်၊ သူဇာနှိုင်းဆို၊ တင့်ရွယ်ပျိုလျှင်၊ နောင်ကိုစုံမက်၊ သေသောတက်ကား၊ အသက်ရှင်ကြောင်း၊ ယူကောင်းပဓူ၊ မှတ်သောထွေဖြင့်၊ သဒ္ဓေဝရ၊ ရှင်ထွေးလှကို၊ ပေါက်ပြကျော်စော၊ မင်းစီးဝေါနှင့်၊ လျှင်ဆောမကြာ၊ ဆောင်ယူလှာသည်၊ ခြင်းရာသူထက်ထူးစွလေ။ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၂)
စောလေ။ ။အန်ချင်းတော်ကို၊ ပြောချေဆိုမူ၊ မြင်းမိုရ်လတ်မှာ၊ အသူရာနှင့်၊ ဒေဝအိန္ဒ၊ ထိုးသတ်ကြသော်၊ နာဂရာဇာ၊ သုမိတ္တာနှင့်၊ ဧရာဝဏ္ဏ၊ ဆတ်ဒန္တလျှင်၊ ကြီးလှတန်ခိုး၊ စွယ်ဖျားကျိုး၍၊ နေမျိုးရှင်သား၊ သကြားပေးသ၊ မယ်မှာရသည်၊ သိင်္ခရွှေမှန်၊ တသိန်းတန်ကို၊ နှောင်းစွန်စာကျမ်း၊ တတ်သည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၃)
စောလေ။ ။ဆယ်နှစ်အဝင်၊ လူကိုပြင်နှင့်၊ ရုပ်သွင်နတ်ချော၊ မြေ့ချောအသရေ၊ ရဝေရှင်ထွေး၊ ကြေညာမွှေးသည်၊ ငြိမ့်လေးဘွဲ့သည်၊ အန်ချင်းတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၄)
စောလေ။ ။ပလ္လင်ပေါက်မြောက်၊ မာန်စစ်ရောက်သည်၊ ပျောက်လေရှင်းရှင်း၊ နိုင်လိုက်လျင်းမှ၊ အကြွင်းမဲ့အောင်၊ ဘုံဖြင့်ဆောင်သည်၊ ခြောက်ရောင်ဖြာနှင့်၊ စကြာနှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၅)
စောလေ။ ။လေးကျွန်းတန်ဆောင်၊ ဘုရားခေါင်လျင်၊ ရွှေတောင်သိင်္ခါ၊ ရတနာဗိမှာန်၊ စိုးအံ့ရံသည်၊ ဆတ်ဒန်ဆင်နှင့်၊ ယည်သည်နှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၆)
စောလေ။ ။ဘုရင်ခေါင်နှင့်၊ တန်ဆောင်ဆက်မှတ်၊ ရှစ်သောင်းထွတ်ကား၊ စက်လွှတ်ရောင်လျှံ၊ ဘိဿိခံသည်၊ ရံတသန်းနှင့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၇)
စောလေ။ ။တို့ရည်းစားလျှင်၊ ယောက်ျားပီသ၊ စကြာရသို့၊ တင့်လှအခေါင်၊ ကြူးလှည့်သောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၈)
စောလေ။ ။နှစ်တရာမှ၊ တခါပွင့်သည့်၊ မုံရစ်ပန်းကို၊ မပန်ရလည်း၊ မပန်ချင်၊ ခဲအင်စောင်ထား၊ ပန်းထွတ်ပြားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၅၉)
စောလေ။ ။ဆင်ပျံဆဒ္ဓါန်၊ ရထိုက်ရန်ကို၊ မချန်ရလည်း၊ မချန်ချင်၊ ထိပ်ပြင်လက်ထား၊ အရှင်သားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၀)
စောလေ။ ။ရေမြေသခင်၊ နတ်ရှင်နှစ်ပါး၊ လူထွတ်ဖျားလျှင်၊ ငသားနှင့်ကျွန်၊ မထိုက်တန်ဟု၊ ရံဘန်မေးမြူ၊ ရိပ်တော်မူမည်၊ မဲကျောံသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၁)
စောလေ။ ။သခင်ရင်းဟု၊ ကျွန်းတွင်းမြန်ပြည်၊ ဇမ္ဗူလည်၍၊ စက်ချည်ဝါ၊ ပြောဆရာ၊ သည်လျာရှိလော မရှိလောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၂)
စောလေ။ ။သခင်မင်းမှာ၊ ကျွန်ခံပါသည်၊ ကြီးစွာမည့်ရည်၊ ထီးစီမြို့ကျေး၊ လျင်စွာပေး၏၊ မလေးပန်းထု၊ ရှင်ပုမွှေးချော၊ မြတ်လှမောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၃)
စောလေ။ ။ဇမ္ဗူရစ်တေ၊ ရွှေဘိတဆန်း၊ လင်ပန်းမနော၊ သင်္ချောမြစွန်း၊ ပျံ့ဖွန်းရည်လေး၊ သန္ဓေထူးခြား၊ ပတ္တမြားဘိ၊ ကိုးပါးမျက်စီ၊ သင်္ခီရည်ပျောင်း၊ စလောင်းဘက်လွှတ်၊ နဝရတ်နှင့်၊ ရဲထွတ်စံတင်၊ ဆဒ္ဒန်ရှင်ကို၊ နှောင်းမြင်ငြိမ့်လေး၊ စားတော်ကျွေးသည်၊ ချစ်ရေးအရ၊ ယူသည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၄)
စောလေ။ ။တောသုံးထောင်ကို၊ ကုန်အောင်စောင့်တတ်၊ ချင်သေ့နတ်ကို၊ ငငိသတ်သွေးခဲ၊ မင်းရဲသီဟ၊ ချင်ချက်ရသို့၊ တေဇပြင်းထန်၊ တင့်မောဟန်ကို၊ ယုံကျွန်မယ်သို့၊ လျှောက်လှာသော့လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၅)
စောလေ။ ။သေနတ်မီးပေါံ၊ တထောင်လောက်နှင့်၊ တယောံမကျန်၊ နန်းလောင်ကျွန်းတိ၊ ဖြစ်ဘိသည်လည်း၊ ဆံရှိတစ၊မရှနတည့်၊ ဓမ္မဘုန်းဝှန်၊ ရွယ်တိုင်းမှန်က၊ ငြင်းသန်ကြလျက်၊ နတ်လက်နက်ဆို၊ တဘက်ထုတ်ချင်း၊ ပေါံသောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၆)
စောလေ။ ။ငါးရာခြောက်ဆက်၊ ဘုံနန်းထက်ဝယ်၊ စုံမက်မြတ်လေး၊ မေတ္တာပြေးလျက်၊ ဥဒေးဒယ၊ ပေးဒယကို၊ နေ့ညမချန်၊ စီးဖြန်လျက်က၊ ဘေးရန်ကင်းပျောံ၊ မဖောံမြလှ၊ ဧကန္တလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၇)
စောလေ။ ။ဓမ္မစကြာ၊ တရားသာလို၊ မဟာဇိန္န၊ နှုတ်တော်ဟ၍၊ အဂ္ဂနိဌ၊ ဗြဟ္မာ့ပြည်လုံး၊ သတင်းသုံးသား၊ ပတ်ကုံးခညွတ်၊ အဘယ်နတ်သည်၊ ပြိုပြက်ထွေငေါ်၊ တရားတော်ကို၊ နုမော်ဒန၊ တတ်လှသည့်နည်း၊ မိတည်းညီတော်၊ နောင်တော်ဖွင့်ရန်၊ မြဲမှန်မရှုပ်၊ အထွတ်ချုပ်သား၊ ကျွန်ုပ်မေးသည်၊ ချစ်ရေးထပ်ပြန်၊ လောင်းသည်တည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၈)
စောလေ။ ။နဂါးပတ်လှေ၊ ပေါ်လေရာဝယ်၊ မင်းခြေရဲကျော်၊ စိတိုင်းပေါ်ဟု၊ နားတော်လျှောက်သည်၊ ဝမ်းမြောက်မတ်တို့၊ မြူးသည်တည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၆၉)
စောလေ။ ။လှေကိုဆယ်တင်၊ ဘုန်းဖြင့်ငင်၍၊ နတ်ရှင်ပဝရ၊ လောကမှန်ကူ၊ စီးတော်မူသည်၊ ဘယ်သူမမြင်၊ ကြင်အံ့တည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၀)
စောလေ။ ။ဝေဘူလမှ၊ ဇောတရတနာ၊ ပျံကျလှာ၍၊ တောံပါတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၁)
စောလေ။ ။လောကမှန်ကူ၊ စီးတော်မူသည်၊ ဘယ်သူမမြင်၊ ကြင်အံ့တည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၂)
စောလေ။ ။ဝေဘူလမှ၊ ဇောတရတနာ၊ ပျံကျလှာ၍၊ တောံပါတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၃)
စောလေ။ ။ကိုနှင့်မတန်၊ ငါနှင့်ရန်ဟု၊ ဝေယန်နန်းမှာ၊ သူဇိတာက၊ ယူလှာလေမည်၊ မယ်စိုးသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၄)
စောလေ။ ။လက်ထပ်အိုနှင်း၊ တံဘိုးအဖြည်၊ ပေးပါလည်ဟု၊ နှိုင်းရည်မတင်၊ မြထွေးရှင်ကို၊ ဆောလျှင်မနေ၊ လျှောံစာခွေနှင့်၊ စေပါမည်လည်း၊ ရှစ်သောင်းထွတ်ဖျား၊ နတ်သိကြားက၊ ဖန်များမေးမြူ၊ ရိပ်တော်မူမှာ၊ မယ်စိုးသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၅)
စောလေ။ ။နန်းပွင့်လျာမှာ၊ မကွာမကွင်း၊ ယခုရင်းမှ၊ ရာစင်းစကြာ၊ စံသောခါဝယ်၊ ရှိကြာလက်အုပ်၊ ဆယ်ချောင်းရုပ်၍၊ ကျွန်ုပ်လျှောံသည်၊ ယင်းအမည်နှင်၊ ရွှေရည်ဇဝါ၊ ဝေါပလာဝယ်၊ လျင်ဆောလျှောက်ကြား၊ ချစ်စကားလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၆)
စောလေ။ ။အမတ်ကြီး၏၊ တမိသက်တင်၊ မြတ်နှောင်းမြင်လျှင်၊ ပန်းသွင်ထိပ်ဝယ်၊ ရစ်ဆင်ချယ်သား၊ ဘုန်းကြွယ်သီဟ၊ တပိုင်းမြကို၊ ဘုဿယာဉ်စံ၊ ရထားခံ၍၊ လှံပျံရောက်အံ့၊ များမငံ့လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၇)
စောလေ။ ။ဥဒိန်မင်း၏၊ အံ့ချင်းရောင်မောင်း၊ စောင်းကိုတောင်း၍ ၊ ပျော်ကြောင်းတီးတော် မူတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၈)
စောလေ။ ။စောင်းကိုလည်းယူ၊ တီးတော်မူသည်၊ ဘယ်သူမနာ၊ ချင်အံ့နည်းလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၇၉)
စောလေ။ ။စောင်းကိုလှမ်းယူ၊ တီးတော်မူက၊ ဆင်ဖြူအများ၊ တို့ဘုရားသို့၊ ဝတ်တွားညွတ်ခ၊ ရောက်လှာကြသော်၊ သွယ်ကျစီးယို၊ မုန်စိုခပ်သောက်၊ ပေါက်ရောက်လှခိုင်း၊ သမိုင်းကျမ်းဝင်၊ ထောင်ကျော်ဆင်ကို၊ ရင်ပြင်ရှေ့ဝယ်၊ ထွတ်ဘုန်းကြွယ်သည်၊ ရွေးချယ်စီးတော်မူတည့်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈၀)
စောလေ။ ။ဆဒ္ဓါန်မာတင်၊ မြေတွင်ပရပ်၊ မုန်ဘတ်ဘတ်နှင့်၊ ဆွဲလျှင်အောင်သား၊ တင့်ဆန်းပြားတိ၊ သကြားယိုးဆို၊ စိမ်းစိမ်းညိုမျ၊ စွမ်းကိုသန်ကြိင်း၊ တပိုင်းမြမြ၊ စကြာရလျင်၊ ချုပ်ညဆည်းစာ၊ ရစ်ဝဲလှာသည်၊ သူဇာသို့လော၊ မယ်သို့လောာလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈၁)
စောလေ။ ။ဆင်ကသက်ပြန်၊ လျင်ထန်ငှက်မျှ၊ အောင်းညိုမြကို၊ ရွှေကရွှေကြိုး၊ လျှံဖြိုးစီရစ်၊ ကျစ်လစ်ထူးခြား၊ အောင်းသားမြေရှည့်၊ လမ်းခွင်ပြည့်မျှ၊ ငဲ့လှည့်စိုးနွံ၊ ရွှေလှံကိုင်မှ၊ ရေစုံချသည်၊ သူဇာ့မောင်လော၊ မယ့်မောင်လောလေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈၂)
စောလေ။ ။အရှေ့ပြုပ္ပါ၊ တောင်ထွတ်ချာက၊ ရတနာဇောတ၊ ပျံလှာကျသည်၊ ကောက်ရမည်လည်း၊ ရွှေပြည်သခင်၊ ဘုရင်မျာ့းမင်း၊ မှန်ကင်းထားပြီး၊ ထွတ်ဘုန်းကြီးက၊ ဘမ်းဆီးလာမည်၊ မယ်ကြောက်သည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈၃)
စောလေ။ ။မပျော်မွေ့၍၊ ယနေ့ဆင်စည်၊ စကားရှည်ကြောင်း၊ စီလျည်သင့်စွာ၊ အန်ချင်းစာကို၊ ထောက်ပါသည်လေ၊ ၊ဘော်ချင်းတို့လေ၊ ဘော်ချင်းတို့။ (၈၄)
မှတ်ချက်
- လန်ဒန်မြို့ ဗြိတိသျှပြတိုက်ရှိ ပေမူမှ မြန်မာ ပညာရှင် ဦးတက်ထွဋ် က သက္ကရာဇ် ၁၂၄ဝ ပြာသိုလဆန်း ၁ ရက်တွင် အပြီးသတ် ကူးယူပြီး Journal of Burma Research Society သို့ပေးပို့ခဲ့သည့်မူ ဖြစ်သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |