ရေလို ခန်းခြောက်ပါစေသား
ပုံပန်းသွင်ပြင်
ချစ်တဲ့သူငယ်လေ။
သူငယ်ချင်းကောင်း ယောက်မတို့လေ။ ။
ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊
ချစ်တဲ့သူကို၊ အယူတခြား၊
မိထွေးများက၊ ဆီးထားဆို၊
ရစ်ကိုထောင်ကာ ထားရတယ်။
နွမ်းနယ်တစေ့၊ ရှေးကပါ-ကြမ္မာငွေ့ကြောင့်။
မတွေ့ရတာ၊ ကြာတောင်းကြာမှ၊
မျက်နှာတူရူ၊ သူလည်းအလာ၊
မယ်သာအမျှော်၊ နေဝင်ကျော်၊
ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊
ယာသွားပို့ပြန်၊ စောင်လျားခြံနှင့်၊
လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့ တွေ့သောခါ၊
ပုဝါရက်သစ်၊ မယ်ကပေးတဲ့၊
ပိုးသေးမည်းပါ၊ ခေါင်းပေါင်းပြာ၊
လည်မှာရစ်လို့၊ ဖွင့်လှစ်ကယ် မဆို၊
ပခုံးဘယ်တင်၊ မယ့်ကျောပြင်၊
လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို၊
မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား၊
တို့ချစ်ခြင်း ကွင်းအောင်တစေ၊
နေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တို၊
မြင်တိုင်း မုန်းစရာ့၊ ကုန်းမအို၊
ရေလို ခန်းခြောက်ပါစေသား။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |