ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၄
နီလဝဏ္ဏော ပီတော ဒါတော၊ ပဘဿရောစ လောဟိတော။
မဉ္ဇိဋ္ဌာ နုဂ္ဂဟံ ကတွာ၊ ဣမာယာတု သိရိန္ဓရော။
နီလဝဏ္ဏော- မင်, ပိတုန်းရောင်, မျက်စဉ်းတောင်ကဲ့သို့ မှောင် တစ် ခိုခို မိုးလုံးစိုမျှ ညိုသော “နီလ” ရောင်ခြည်တော်လည်း ရှိတော်မူထသော။
ပီတောစ- ဇမ္ဗူရာဇ်သိင်္ဂီ နာဂဏီဝါ မဟာလှေကား ဝေဖားပွ ဆင်း ရွှေတောင်ကြီးလင်းသကဲ့သို့ ဝါဝင်းထိန်ပြောင် ယုန်ငွေသော်တာ ထွန်းသည့်နှယ် ရွှန်းရွှန်းဝေမျှ ရွှေသော “ပီတ” ရောင်ခြည်တော်လည်း ရှိတော်မူထသော။
ဩဒါတောစ- ပုလဲအနှစ် စိန်စစ်အတူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ငွေရည်တွေ ဆမ်းသကဲ့သို့ မြတ်လေးပန်း စပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံစနစ်ယူ ဖွေးဖွေးလူမျှ ဖြူသော “ဩဒါတ” ရောင်ခြည်တော်လည်း ရှိတော်မူထသော။
ပဘဿရောစ- နဘံအဇဋာ ဝဿန်ခါဝယ် သံဝါထစ်ချုန်း မိုးရွာတုန်းတွင် ရုန်းရင်းပြေးသန်း လျှပ်ပန်းလျှပ်နွယ် ကြယ်ဥက္ကာမြူး နတ်မီးရှူးကဲ့သို့ အထူးထူးသော အရပ်တို့မှ နှံ့စပ်လွှမ်းမိုးလျက် ပြိုးပြိုး ပြက်ပြက် ရိုးရိုးနက်မျှ တစ်ခဲနက်သော “ပဘဿရ ”ရောင်ခြည်တော်လည်း။
လောဟိတောစ- ကမ္ဗလာနီ ချိပ်ရည်သွင်ဆန်း ကသစ်ပန်းနှင့် ခေါင်ရမ်းမိုးစွေ အာကာဗွေမှာ တိမ်နီတွေ တောက်သကဲ့သို့ ကျောက်သန္တာသွေး ရှက်ထွေးကြည်ရွှင် နီလွင်သော “လောဟိတ” ရောင်ခြည်တော် လည်း ရှိတော်မူထသော။
မဉ္ဇိဋ္ဌောစ- ပြာလျှံ ခိုလျှံ ညိုလျှံတင်ခန်း မရမ်းသွေးအနေ သပြေသီးမှည့် နှိုင်းညှိစဖွယ် ဆန်းကြယ်စုပေါင်း ရှုမညောင်းအောင် မောင်းသော “မဉ္ဇိဋ္ဌ” ရောင်ခြည်တော်လည်း ရှိတော်မူထသော။
သီရိန္ဓရော- ကျက်သရေဘုန်း တက်နေနှုန်းသို့ သုံးဘုံအလယ် လွန်တင့်တယ်လျက် စမ္ပယ် တုလွှတ် တမွတ်ဦးသျှောင် ကျက်သရေဆောင် သခင်ဘုရားရှင်သည်။
(မေ- ဒုက္ခ အဏ္ဏဝါ သံသရာတွင် ဖန်ခါခါ နစ်မြုပ် ရသော အကျွန်ုပ်အား)
အနုဂ္ဂဟံ- ရင်ဖွားအသွင် ထား၍ သနား ကြည်ဖြူ ချီးမြှောက်တော်မူခြင်းကို။
ကတွာ- ပြုတော်မူ၍။
ဣမ- တပည့်တော်များ ဝံ့စားစောင့်မြော် သင့်တော်ကောင်းမြတ် ဤပရိတ်ရွတ်ရာ နေရာအရပ်သို့။
အာယောတု- မနှေးမကြာ စက်နှစ်ဖြာဖြင့် မြန်စွာ ဆန့်တန်း၍ ဖြန့်မြန်းကြွချီတော်မူပါ့ ရောင်ခြည်တော် လတနှုန်းကဲ့သို့ မြဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |